အခန်း (၃၇)
Vol. 4 Ch. 37
ယန်ချန်တယောက် ရွာငယ်လေးအတွင်း အေးဆေးသက်သာစွာ လမ်းလျှောက်နေခဲ့သည်။
ယန်ချန်ရဲ့ နေ့စဥ်ဘဝက အလွန်ရိုးရှင်းပြီး ပျင်းစရာကောင်းသည်ဟု ထင်ရသော်လည်း ယန်ချန်ကတော့ ထိုကဲ့သို့အခြေနေကိုပင် နှစ်သက်နေမိသည်။
ဘယ်လောက်တောင် အေးချမ်းလိုက်လဲ… သတ်ဖြတ်တာတွေ…လုယက်ရမ်းကားတာတွေ…အရာအားလုံးမရှိတဲ့ ရွာငယ်လေးတခု… တခုတော့ရှိသည် တရွာလုံး၌ သူတို့သာရှိနေခြင်းက အနည်းငယ်တော့ ရယ်စရာကောင်းနေသည်။
-ဒီအတွက်တော့ ငါတတ်နိုင်တာ ဘာမှရှိမနေဘူး
ရွာအတွင်းရှိ အိမ်အများစုက မုဆိုးမိသားစုများ အခြေချခဲ့ကြသည်ဖြစ်၍ အလဲလဲအပြိုပြိုဖြစ်နေကြသော်လည်း လုံးဝကြီး ပြိုကျနေကြသည်တော့ မဟုတ်ပေ။ တချို့ခြံဝင်းများ၌ ပေါင်းပင်များထူထပ်နေပြီး အချို့ခြံဝင်းများဆိုလျင် သစ်ပင်ကြီးများ အုံ့မှိုင်းနေကာ တော်ရုံအသည်းငယ်သူအဖို့ ထိတ်လန့်သွားစေနိုင်သည်။
ရွာလမ်းလေးများကလည်း အပေါက်ပြဲများစွာ ဖြစ်နေသည်။ အကယ်၍ ဤရွာ၌သာ အပြင်လူများ အခြေချလိုပါက အတော်လေး ပြင်ဆင်ရန်လိုအပ်မည်ဟု ယန်ချန်ထင်သည်။ သို့သော်လည်း မည်သူက လာရောက်အခြေချမည်နည်း။
-ငါ့ကို ကျန်းအိမ်တော်ကလူတွေ ရူးနေတယ်လို့တော့ မထင်လောက်ဘူးမလား
အေးချမ်းတည်ငြိမ်နေသည့် ရွာမြင်ကွင်းကိုကြည့်ရှုခံစားရင်း ရွာအဝင်ပေါက်နေရာအား ရောက်လာသည်။ ရွာအဝင်၌ ရွာအမည်ဆိုင်းဘုဒ်တခုတောင် ရှိမနေ။
ယန်ချန်တယောက် မချိတင်ကဲဖြင့် ခေါင်းခါယမ်းရင်း အမှတ်မထင် ယန်ပိုင်အား သတိရမိသွားသည်။
-ဟိုကောင် ထွက်သွားတာကြာပြီ ဘာများဖြစ်နေလဲမသိ အန္တရာယ်များကြုံနေလို့လား
-မဖြစ်နိုင်ပါဘူး ဒါမှမဟုတ် တောထဲပဲ ပြန်သွားပြီလား အင်း.. သူ့သဘောပဲ ငါတားလို့မှမရတာ..
ယန်ချန်တယောက်တည်း အတွေးနက်နေစဥ်မှာ ရွာစပ်သို့ဥိးတည်လာသည့် သားရဲအုပ်အား တွေ့လိုက်ရကာ ရှေ့ဆုံးမှာတော့ ဖြူဖွေးကာ ဝတုတ်နေသည့်ယန်ပိုင်က ရွှင်မြူးစွာပြန်လာနေသည်ကို တွေ့လိုက်ရသည်။
-အကျိုးနည်း တောဝက်တွေနဲ့ မြေခွေးတွေပါလား ဒီကောင်ဘာတွေလုပ်လာပြန်တာလဲ
ထိုစဥ် ခပ်လှမ်းလှမ်းမှ ယန်ပိုင်ကလည်း ယန်ချန့်ကို မြင်ချိန်မှာတော့ ဝဖိုင့်နေသည့် ခန္ဓာကိုယ်ကြီးအားသယ်မကာ အပြေးလာတော့သည်။ ပြီးနောက် ယန်ချန့်ခြေထောက်အစုံကို ဖက်ကာ မွေးကင်းစ ဝက်ဝံလေးတကောင်ကဲ့သို့ ချွဲနေလေသည်။
တောဝက်အိုကြီးနဲ့မြေခွေးလေးများ “.......”
ယန်ချန်က ယန်ပိုင့်ကိုအသာဖယ်လိုက်ပြီး အနောက်၌ တိတ်တဆိတ် ရပ်နေကြသည့် သားရဲများအားကြည့်လိုက်သည်။
-ဟမ်.. ဒီတောဝက်အိုကြီး.. ငါတွေ့ဖူးသလိုပဲ
ယန်ချန်တယောက်ဆွံ့အနေစဥ် ယန်ပိုင်က လက်များကိုဝေ့ယမ်းကာ ယန်ချန်နားလည်နိုင်လောက်သည်အထိ အသည်းသန်ရှင်းပြတော့သည်။
“ငါတို့အတွက်ရိက္ခာလား”
“မဟုတ်ဘူး..ဟုတ်လား”
“ဒါဆိုဘာလဲ.. သြော်ငါသိပြီ မင်းရဲ့တပည့်တွေပေါ့”
“မဟုတ်သေးဘူးလား.ဟ ဒါဆိုဘာတွေလဲ”
အချိန်အတော်ကြာ လူနဲ့ဝက်ဝံကြားအဆက်စပ်က ကမောက်ကမာဖြစ်နေပြီးနောက် ယန်ပိုင့်အကြောင်းကို သိနေသည့်ယန်ချန်က ယန်ပိုင်တယောက် ခြံဝန်း၌မွေးမြူရန် ခေါ်ဆောင်လာခြင်းဖြစ်ကြောင့် ခန့်မှန်းနိုင်သွားခဲ့သည်။
“တောဝက်နဲ့မြေခွေးတွေကို မွေးရမှာလား မင်းဘယ်လိုတောင်တွေးလိုက်တာလဲကွ”
မည်ကဲ့သို့မွေးမြူရေးနည်း။ တောဝက်များကို အိမ်မွေးတိရစ္ဆာန်လုပ်ခြင်းအား နားလည်ပေးနိုင်သော်လည်း မြေခွေးလေးများ အုပ်စုလိုက်အား မွေးမြူရန်ကိစ္စကတော့…မတူပေ။ လုံးဝတူညီသည့်အရာ မဟုတ်ပေ။
ယန်ပိုင်က သူခေါ်လာသည့် တောကောင်များအား လက်ခံရန်အကြိမ်ကြိမ်ရှင်းပြနေပြီး တဆက်တည်း တောဝက်အိုကြီးကိုလည်း ယန်ချန်ရှေ့သို့ ဆွဲခေါ်လာသေးသည်။
ထိုအခါမှ ယန်ချန်လည်း တောဝက်အိုကြီးအား ကြည့်မိသွားကာ တောထဲဖြတ်သန်းတုန်းက သူအမှတ်မထင် ကယ်ခဲ့သည့် တောဝက်အိုကြီးဖြစ်နေမှန်း အမှတ်ရသွားတော့သည်။
“မှတ်မိပြီ မင်းကိုး..မင်းကလည်း ငါနဲ့နေချင်တာလား”
တောဝက်အိုကြီးက နားလည်စွာဖြင့် ခေါင်းညိတ်ပြသည်။
-ကောင်းတယ် အနည်းဆုံးငါ့စကားနားလည်တော့ ငါအရူးမဖြစ်တော့ဘူးပေါ့
ယန်ချန်တယောက် အချိန်အတော်ကြာ တွေးနေသည်။ တောဝက်များ မြေခွေးများ ခြံဝန်းသို့ပြန်ခေါ်လာပါက ယင်ယင်လေးများ ကြောက်လန့်သွားလေမလား နောက်ပြီး သူတို့ကတခုခု ထဖောက်ရင်ကော…။ ယန်ချန့်အတွေးကို ခန့်မှန်းမိသည့် ယန်ပိုင်က ကြီးမားသည့်လက်အစုံဖြင့် ရင်ဘတ်အားတဗုံးဗုံးထုကာ အာမခံနေလေသည်။
“အေးပါ အေးပါ မင်းဘာတွေပြောပြီး ခေါ်လာလဲတော့ငါမသိဘူး ဒါပေမယ့် ရွာမှာငါတို့ပဲရှိပြီး ခြံဝန်းကလည်း ပျင်းစရာကောင်းနေတော့ ဒီကောင်တွေကို ငါလက်ခံလိုက်မယ် ဒါပေမယ့် မင်းတာဝန်ယူရမယ် တခုခုဖြစ်လို့ကတော့.”
ယန်ချန်က မျက်ပေါက်များမှေးကျဥ်းသွားသည်အထိ မျက်လုံးအစုံကိုမှေးလိုက်ကာ ဆက်ပြောသည်။
“ငါကအသားဆိုအကုန်စားပြီး ဝက်ဝံလက်နဲ့ ဝက်ဝံသည်းခြေကို အကြိုက်ဆုံးဆိုတာ မင်းနားလည်သွားစေရမယ်”
ယန်ပိုင်အနည်းငယ် တုန်ယင်သွားသည်။ သို့သော်လည်း ချက်ချင်းပင် ပြုံးဖြီးဖြီးဖြစ်သွားကာ ယန်ချန်ရဲ့ဖိန့်လုံးများကို စိတ်ထဲမထားတော့ပဲ တောဝက်အိုကြီးနှင့်မြေခွေးမလေးများအား ခေါ်ဆောင်သွားတော့သည်။ တောဝက်များက ညီညာစွာဖြင့် ယန်ပိုင့်နောက်က လျှောက်နေကြပြီး မြေခွေးလေးများက မြူးထူးစွာခုန်ပေါက်လျက် လိုက်ပါနေလေသည်။
ယန်ချန် ဦးခေါင်းကို ဖြေးညင်းစွာ ခါယမ်းလိုက်သည်။
-ငါ့ခြံဝန်းကတော့ တိရိစ္ဆာန်ရုံဖြစ်သွားနိုင်တယ်။
မကြာခင်မှာပဲ အံ့သြဖွယ်ရာတခု ယန်ချန်ကြုံလိုက်ရသည်။ သူထင်ထားသည်နဲ့ဆန့်ကျင်စွာပင် ယင်ယင်လေးက တောကောင်များကို ကြောက်လန့်မနေပဲ တောဝက်များကို အတင်းခွစီးဖို့ကြိုးစားကာ ရံဖန်ရံခါ၌ မြေခွေးအမြီးများအား လိုက်ဆွဲလေသည်။
ခြံဝန်းတခုလုံး ဗြောင်းသတ်နေအောင် သောင်းကျန်းကြသော်လည်း ခြံဝန်းက ယန်ချန်ရဲ့ ချဲ့ထွင်ထားမှုကြောင့် အတော်ကြီးမားနေသည်မှာ ကံကောင်းပေသည်။ မဟုတ်ပါက ခြံဝန်းတခုလုံး စုတ်ပျက်သတ်သွားနိုင်ပေသည်။
ညနေခင်းချိန်မှာတော့ ယန်ချန်ကိုကူညီ၍ ရှုယင်က စားကြွင်းစားကျန်များ အသီးရွက်များဖြင့် တောဝက်များ မြေခွေးများအား ညစာကျွေးသည်။
“အိုးးကောင်းကင်ဘုံ ဘယ်လောက်တောင် ကောင်းလိုက်တဲ့ အစားအစာတွေလဲ”
“ကျမလေပေါ်ပျံနေပြီ”
“ဒီအထဲမှာ စွမ်းအားတွေက ငါထင်ထားတာထက် ပိုများနေတယ် သခင်လေးက ဘယ်လိုလူများလဲ အင်မော်တယ်လား”
တောဝက်အိုကြီးက အစာကိုဖြေးလေးစွာစားရင်း ယန်ချန်အားမသိမသာအကဲခတ် ကြည့်နေသည်။ တောကောင်များရဲ့ ညစာက ရိုးရှင်းစွာပြီးဆုံးသွားချိန်မှာတော့ ယန်ပိုင်က ၎င်းတို့အတွက် နေစရာနေရာများရှာဖွေကာ အနားယူစေသည်။ အနှီတောကောင်များကြား သူကဘုရင်ပင်။ အကုန်လုံးက သူ့စကားကိုလိုက်နာကြပြီး နောက်ရက်များတွင်တော့ ငါးဖမ်းခြင်း ရှုယင်နဲ့အတူ မြေသြဇာများ လောင်းထည့်ခြင်း မြေတူးဆွခြင်းများကိုပါ သိတတ်နားလည်စွာ ကူညီပေးကြသည့်အတွက် ခြံဝန်းလေးက သဟဇာတဖြစ်နေပြီး တခုသာပြောစရာရှိသည်။
ထိုအရာက ယင်ယင်ဖြစ်ပြီး ယင်ယင်လေးကိုမြင်တိုင်း တောကောင်များ ထိတ်လန့်သွားကြသည်မှာ နေ့စဥ်ရက်စက်ဖြစ်သော်လည်း သူတို့၌ ငြင်းပယ်စရာ အကြောင်းရှိမနေပေ။ ယင်ယင်ကလည်း သူမစားသမျှအကုန် ထိုးကျွေးတတ်ပြီး ထိုအစားအစာများမှာ အရသာကောင်းလွန်းနေသည့်အတွက် အပြစ်ဒဏ်နဲ့ဆုလာဘ် တူညီသည်ဟု ယူဆနိုင်သည်။
………………………………………………