အခန်း (၃၈)
Vol. 4 Ch. 38
အချိန်များက တဖြေးဖြေးကုန်ဆုံးသွားကာ လဝက်ခန့်ကြာမြင့်သွားသည်။
ကျင်းစီရင်စုရှိ ကျန်းအိမ်တော်၏ စီးပွားရေးမှာလည်း တဟုန်ထိုးတိုးတက်လာကာ ကျင်းခရိုင်ထိပါ ကျန်းအိမ်တော်က ဂုဏ်သတင်းပေါက်ရောက်နေခဲ့သည်။
အဆိုပါရက်များအတွင်း ကျန်းဝမ်လီ ကျန်းရင်ရင်တို့ ရံဖန်ရံခါ ရောက်ရှိလာကာ ယန်ချန်နဲ့ စကားစမြည်းပြောဆိုကြပြီး အကြောင်းအရာများကတော့ ဂိုဏ်းပေါင်းစုံ ပြိုင်ပွဲနဲ့ မဟာကျင်း မဟာမင်နဲ့ အခြားနိုင်ငံများ အားလုံး၌ သတိပြုမိစရာ သားရဲလှုပ်ရှားမှုများကို တွေ့ရှိခြင်းတို့ ပါဝင်သည်။
သားရဲကပ်ဘေးကြီးက လူသားကျင့်ကြံရေးလောကကို သံချောင်းပြင်းပြင်းဖြင့် ခေါက်နေခဲ့ပြီး မည်သည့်အင်အားစုကမှ ပေါ့ဆမနေရဲပေ။
သို့သော် ထူးခြားသည်က ဓားတထောင်ဂိုဏ်း၏ တိတ်ဆိတ်မှုပင်။ ကျန်းအိမ်တော်အရေး၌ လီဖူယွဲ့နှင့် ထိပ်တိုက်ဆုံပြီးနောက် အံ့သြသင့်ရလောက်အောင် ငြိမ်သက်နေသည့် ဓားတထောင်ဂိုဏ်းက စတင်လှုပ်ရှားလာသည်။
ထိုအရာက ကျင့်ကြံရေးလောကရှိ အမွေအနှစ်နယ်မြေများအား ချုပ်ကိုင်နိုင်ရန် စတင်ကြိုးပမ်းလာခြင်းဖြစ်ပြီး ဂိုဏ်းများကြား ပွတ်တိုက်မှုများ ဖြစ်ပေါ်လာကာ အချို့သတင်းများအရဆိုလျင် ဓားတထောင်ဂိုဏ်းမှ ရွာငယ်များနဲ့ သေးငယ်သည့် မြို့အချို့အား စီးနင်းတိုက်ခိုက်နေသည်ဟု ကောလဟာလများ ထွက်ပေါ်နေသည်။
“သခင်လေးယန် ကျင့်ကြံရေးလောကက ရှုပ်ထွေးပါတယ် သခင်လေးရဲ့နေ့စဥ်ဘဝကို ဒီလူအိုကြီး အားမကျပဲ မနေနိုင်ဘူး”
ကျန်းဝမ်လီက လက်ဖက်ရည်တခွက်ကို အသာငှဲ့သောက်ရင်း ညီးညီးညူညူ ပြောလေသည်။ ယန်ချန်က ပြုံး၍
“အားကျရင် ရွာထဲပြောင်းခဲ့လေ အဖိုးလီ အခုချိန် ကျန်းအိမ်တော်လည်း အခြေကျနေပြီမဟုတ်လား ဘာပူစရာရှိလဲ”
“သခင်လေးယန် တကယ်ပြောနေတာလား”
ကျန်းဝမ်လီ၏ မေးခွန်းအား ယန်ချန်က ပြုံး၍သာဖြေလိုက်သည်။
“ရွာမှာခြံဝင်းအလွတ်တွေအများကြီးပဲ အဖိုးလီဆန္ဒရှိရင် နေရာသာရွေးလိုက် ဟုတ်ပြီလား”
ယန်ချန်ရဲ့စိတ်ကူးက ရွာငယ်လေးကို ပြန်လည်စည်ကားစေလိုသော်လည်း ထိုအရာက ကြုံသမျှလူအားလုံး နေစေလိုခြင်းတော့ မဟုတ်ပေ။ သူ့အနေဖြင့် ကျန်းအိမ်တော်အား လက်ခံနိုင်ပြီး ကျန်းရင်ရင်သည်လည်း ရှုယင်နဲ့အတူ တိုက်ခိုက်ရေးနည်းလမ်းများ ယန်ချန်ဆီမှ သင်ယူနေသည့်အတွက် တပည့်တပိုင်းပင် ဖြစ်လုနေလေပြီ။
“ဒါဆို လူအိုကြီးမငြင်းတော့ဘူး ဟားး”
နေ့ရက်များက တရွေ့ရွေ့ကုန်ဆုံးသွားပြီး ယန်ချန်ရဲ့ရိုးစင်းသည့် နေ့ရက်များကလည်း သာမန်ဆန်စွာလည်ပတ်နေသည်။ တရက် ယန်ချန်တယောက် ဘူးသီးအနည်းငယ်အား ခူးရင်း ဘူးသီးခြောက်အနည်းငယ်ပြုလုပ်ကာ ဝိုင်ထည့်သောက်ရန် စိတ်ကူးမိကာ ချက်ချင်းပင် အကောင်ထည်ဖော်တော့သည်။
ပထမဦးစွာ အချဥ်ဖောက်ထားသည့် အသီးများကို အိုးကြီးထဲထည့်၍ မြေအောက်ပေအနည်းငယ်၌ မြုပ်နှံလိုက်သည်။
-ဘူးသီးခြောက်နဲ့ဝိုင်ဖြူ ဟားး အထာကျသကွာ..
တေးသံသာဂိုဏ်း၏ ပင်မတောင်ထွဋ်၌ တေးသံသာဂိုဏ်း၏ အကြီးကဲများ အရေးပါသည့် ပုဂ္ဂိုလ်များစုစည်းကာ စုလဲ့တယောက် တံခါးပိတ်ကျင့်ကြံရာမှ ထွက်ပေါ်လာမည်ကို စောင့်ဆိုင်းနေကြလေသည်။
မကြာမီပင် ပြင်းထန်သည့် ချီစွမ်းအင်များ တောင်ထွဋ်တခုလုံး ဖြန့်ကြဲသွားကာ လေဟာနယ်ထဲမှ လှပသည့်ပုံရိပ်တခု ဖြေးညှင်းစွာ ထွက်ပေါ်လာသည်။
“ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်”
“ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်”
စုလဲ့က အားလုံးကိုဝေ့ကြည့်ကာ ခေါင်းညိတ်အသိမှတ်ပြုပြီးနောက် ဂိုဏ်းချုပ်ထိုင်ခုံ၌ ဝင်ရောက်ထိုင်လိုက်သည်။
“လတ်တလော သတင်းအချို့ပြောပါဦး”
လီဖူယွဲ့က စုလဲ့၏အမေးအား အရင်ဆုံးတုန့်ပြန်သည်။
“ဂိုဏ်းပေါင်းစုံပြိုင်ပွဲအတွက် စီစဥ်ပြီးပါပြီ ကျမတို့ဂိုဏ်းက ကုလင် ကျစ်ယွဲ့ ကျန်းရင်ရင်နဲ့ အခြားပင်မတပည့်အချို့ စာရင်းသွင်းထားပါတယ် ပြိုင်ပွဲကိုလည်း နောက်လကုန်ရင် စတင်နိုင်ပါတော့မယ်”
စုလဲ့က ခေါင်းညိတ်ပြသည်။ အကြီးကဲတဦးမှ
“ဓားတထောင်ဂိုဏ်းက သေးငယ်တဲ့အင်အားစုတွေကို အနိုင်ကျင့်ပြီး လွှမ်းမိုးဖို့ကြိုးစားနေပါတယ် အဲ့ကိစ္စကို ထိပ်တန်းဂိုဏ်းကြီးတွေစုပေါင်းပြီး ကိုင်တွယ်ဖို့စီစဥ်ထားတာရှိပါတယ်”
စုလဲ့တယောက် မျက်မှောက်ကြုတ်သွားသည်။ ရုတ်တရက်ကြီး ဓားတထောင်ဂိုဏ်းက ဘာထဖြစ်တာလဲ။ ထိုအရာက သံသယဝင်စရာ ကောင်းနေသည်။ သားရဲကပ်ဘေးနီးကပ်နေခါမှ လှုပ်ရှားလာသည်က မည်သည့်အတွက်နည်း။
“ဓားတထောင်ဂိုဏ်းရဲ့ လှုပ်ရှားမှုအားလုံးကို စောင့်ကြည့်ထားလိုက် လွန်လွန်ကျူးကျူး ဖြစ်မလာသရွေ့ ဘာမှမလုပ်နဲ့ လွန်ကျူးလာရင်တော့”
စုလဲ့ကဆက်မပြောသော်လည်း အကြီးကဲများက သဘောပေါက်ကြသည်။ တေးသံသာဂိုဏ်း၏ ဂိုဏ်းချုပ်အား ပျိုမြစ်နုနယ်သည့် မိန်းမလှလေးဟု အထင်မှားပါက ဒုက္ခများသွားမည်မှာ သေချာသည်။
“နောက်တယောက် ပြောပါဦး”
စုလဲ့အမေးကို ဇာမဏီတောင်ထွဋ်သခင်က အနည်းငယ်တုန့်ဆိုင်းနေသည့် အမူရာဖြင့် တုန့်ပြန်သည်။
“လွန်ခဲ့တဲ့လဝက်က တော်ဝင်အမတ်အချို့ ကျမတို့ဆီက ဆေးရည်ကို တောင်းဆိုလာပါတယ် သူတို့ကဖော်စပ်နည်းကို ခွဲခြမ်းစိတ်ဖြာလိုတယ် ဆိုပေမယ့် တောင်းဆိုပုံက ဖိအားပေးနေလို့ ကျမတို့ဘက်က သဘောမတူခဲ့ပါဘူး ဒီအတွက် တော်ဝင်အမတ်အချို့က တေးသံသာဂိုဏ်းနဲ့ အင်အားကြီးဂိုဏ်းတွေကြား ရန်တိုက်ပေးမှာကို ကြောက်မိပါတယ်”
စုလဲ့တယောက် ထိုသတင်းအား ကြားသည်နှင့် ဒေါသအကြီးကျယ်ထွက်သွားခဲ့ကာ ထိုင်ခုံလက်ရန်းအား ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။
“ဟမ့် ဒီအမတ်တွေ အနိုင်ကျင့်တဲ့နေရာမှာတော့ သုံးစားရသားပဲ ငါသူတို့ကို ဆေးရည်နဲ့ပက်သက်ပြီး မျှဝေဖို့ သဘောတူပြီးသား အခုအချိန်မတန်သေးတာပဲ ရှိတယ် ပြီးတော့ ဒီဆေးရည်ပမာဏ နည်းနည်းကိုထိရောက်အောင် စီစဥ်ရဦးမယ် ဒီမြေခွေးကြီးတွေကတော့…”
စုလဲ့က ယန်ချန့်ဆီမှ ဆေးရည်ရရချင်း သမာသမတ်ဂိုဏ်းအချို့မှ ဂိုဏ်းချုပ်များ မဟာအကြီးကဲများအားစုဝေးစေကာ ဆေးရည်အနည်းငယ်အချို့ စမ်းသပ်ခဲ့ပြီး ထိုအထဲမှ စမ်းသပ်မှုအနေဖြစ် စုလဲ့ကိုယ်တိုင်ပင် တံခါးပိတ်ကျင့်ကြံခဲ့ရာမှ ကျင့်ကြံဆင့် သိသိသာသာ တိုးတက်လာခဲ့သည် မဟုတ်လော။ ထိုအရာကြောင့် အခြားသူများလည်း တိုးတက်လာမှာအသေချာပင်။
“ကျမတို့ ဆေးရည်အတွက် သခင်လေးယန်ဆီ ထပ်သွားဖို့လိုမလား”
လီဖူယွဲ့က တီးတိုးမေးလေသည်။ သူမအနေဖြင့် ထိုထက်ပိုအရှက်မဲ့ရသည့် ကိစရပ်မရှိတော့ဟု တွေးမိသော်လည်း ဆေးရည်၏ အသုံးဝင်မှုက မက်လောက်စရာဖြစ်နေကာ လူသားကျင့်ကြံရေးလောက၏ အခြေနေကလည်း တည်ငြိမ်မှုရှိမနေတော့ချေ။
“မဖြစ်ဘူး အခုချိန်တော့ တောင်းဖို့မဖြစ်သေးဘူး ငါတို့ဂိုဏ်းပေါင်းစုံ ပြိုင်ပွဲပြီးမှ ထပ်စဥ်းစားမယ် လောလောဆယ်မှာ ရင်းနှီးမှုမပြတ်အောင် သခင်လေးယန်ဆီ နင်ခဏခဏသွားဖို့လိုမယ် ပြီးတော့ ဆေးရည်နဲ့ပက်သက်ပြီး ပြင်ပကို သတင်းလုံးဝ မထွက်စေနဲ့”
စုလဲ့က ဆေးရည်အကြောင်းကို တင်းကျပ်စွာပိတ်ဆို့ထားပြီး ဓားတထောင်ဂိုဏ်းသာမက အခြားမိစ္ဆာဆန်သည့် မည်သည့်အင်အားစုကိုမဆို အသိခံမည်မဟုတ်ပေ။ သို့သော် သူမ မသိသည်က ဓားတထောင်ဂိုဏ်းရဲ့ လှုပ်ရှားမှုက ပို၍ ကြမ်းတမ်းနေခြင်းဖြစ်သည်။
“အကြီးကဲလု ဒီသွေးအစီရင်က အလုပ်ဖြစ်ပါ့မလား”
ပင်မတပည့်တဦးက အကြီးကဲလုအားမေးသည်။ မြေကွက်လပ်ရှိ အခြားတပည့်များ အကြီးကဲများကလည်း ခြောက်ခြားဖွယ်ရာ သွေးအစီရင်ကြီးအားကြည့်ကာ ထိတ်လန့်နေသော်လည်း အကြီးကဲလု၏ စကားသာမှန်ပါက ၎င်းတို့ရဲ့ကျင့်ကြံဆင့်များက ဒုံးပျံတခုနှယ် ထိုးတက်သွားတော့မည် ဖြစ်သည်။
“ဘာမှသံသယမဝင်နဲ့ ဂိုဏ်းချုပ်ကိုယ်တိုင် စစ်ဆေးပြီးပြီ မင်းတို့အားလုံး ဒီထဲမှာ တလတိတိ ကျင့်ကြံရမယ် ပြီးရင်တော့ ဂိုဏ်းပေါင်းစုံပြိုင်ပွဲကို ဖျက်စီးကြတာပေါ့”
အကုန်လုံးက ခေါင်းညိတ်လိုက်ပြီးနောက် အကြီးကဲလု၏ စောင့်ကြည့်မှုအောက်၌ပင် အစီရင်ထဲဝင်ရောက်သွားကြကာ မိနစ်အနည်းငယ်အကြာမှာတော့ ကွင်းပြင်ကျယ်ကြီးတခုလုံး သွေးနီရောင်ဖုံးလွှမ်းသွားပြီး သွေးအိုင်ကြီးတခုကဲ့သို့ ဖြစ်သွားတော့သည်။
“ဟားးးဟားး ကောင်းတယ် အစီစဥ်တွေစလို့ရပြီ”
ကျယ်လောင်တဲ့ရယ်သံကြီးနဲ့အတူ မျက်နှာဖုံးစွပ်ထားသည့် ကျင့်ကြံသူတဦး အကြီးကဲလုအနား ရောက်ရှိလာသည်။ အစီရင်ကို ထိန်းချုပ်နေသည့် အကြီးကဲလုမှာ ထိုသူကိုမြင်သည့်နှင့် ဦးညွတ်ကာ နှုတ်ဆက်လေသည်။
“ သွေးမိစ္ဆာသခင်ငယ်ကို နှုတ်ဆက်ပါတယ်”
သွေးမိစ္ဆာသခင်ငယ်ဆိုသူက ခေါင်းညိတ်ပြလိုက်ပြီး အစီရင်အား ကြည့်၍ ပြောသည်။
“ဒီရက်ထဲ ဒီလိုအစီရင်တွေများများဖန်တီးပြီး ခဗျားတို့ဂိုဏ်းသားတွေအကုန် ဝင်ခိုင်းလိုက် ဂိုဏ်းရဲ့အောက်ခြေက ပုရွတ်ဆိတ်လေးတွေကိုတော့ ကျင်းနိုင်ငံတော်အနှံ့ မွှေနှောက်ကြပါစေ”
“နားလည်ပါပြီ သခင်ငယ်”
ရွာငယ်လေးမှာတော့ ယန်ချန်တယောက် အုံ့မှိုင်းနေသည့် ရာသီဥတုအားကြည့်ကာ စိတ်ပျက်နေသည်။ မိုးတွင်းမရောက်သေးသော်လည်း မိုးရွာမည်ကဲ့သို့ အုံ့မှိုင်းနေသည်က နေရသည်မှာ အဆင်မပြေဟု သူထင်သည်။ ထို့အပြင် တောထဲမှ သားရဲများကလည်း အပြင်းအထန် လှုပ်ရှားလာကြကာ ရက်အနည်းငယ်ကဆိုလျင် သားရဲတအုပ်နှင့် အမည်မသိကျင့်ကြံသူတချို့ အခြားခရိုင်မှ ရွာများကို ဖျက်စီးသွားကြသည်ဟု သူသိခဲ့ရသည်။
အပြင်လောကကြီးက ရှုပ်ထွေးစပြုနေလေပြီ။
……………………………………………….