အသက် ခုနစ်ဆယ်အရွယ်မှာ ချမ်းသာပြီး လွတ်လပ်တဲ့ဘဝ
Vol. 16 Ch. 151
“ အလယ်တန်ဖိုး ဂဏန်းတစ်ခုကို ယူကြစို့ … တကယ်လို့ သူ့မိသားစုပိုင် ကုမ္ပဏီရဲ့ တန်ဖိုးက လက်ရှိမှာ ယွမ် ငါးဘီလီယမ်ဆိုရင် ဒေဝါလီခံပြီးသွားရင် သူ့ လက်ရှိ ကြွယ်ဝမှုထက် ဆယ်ဆ မကဘူးဆိုတော့ ဘီလီယမ် ၅၀ ကျော်မှာပေါ့နော်…”
“ လာပြန်ပြီ နောက်ထပ် ကောင်းကင်ရဲ့ သားတော်တစ်ယောက် …”
“ ငါ ဒေါက်တာချန်ရဲ့ လိုက်စထွင်းကို စကြည့်ကတည်းက ဒီလိုကိန်းဂဏန်းတွေနဲ့ အတော်လေး လိုက်လျောညီထွေ ဖြစ်လာတာကို သတိထားမိလာတယ် … ယွမ် သန်း ရာဂဏန်းလောက်ကတော့ အခုဆိုရင် ငါ့အတွက် ဘယ်လောက်မှ မဟုတ်တဲ့ ပမာဏလိုတောင် ဖြစ်နေပြီ …”
“ စောင့်ကြည့်ကြဦး … ဒါလည်း မသေချာလောက်သေးဘူး … တော်နေကြာ ခဏကျရင် နောက်ထပ် အချိုးအကွေ့တစ်ခု ရောက်လာရင် ရောက်လာနေဦးမယ် … “
“ မဟုတ်မှလွဲ၍ ဒီကုမ္ပဏီက သူ့မိဘတွေ သူ့ကို လွှဲပေးထားတဲ့ ကုမ္ပဏီ အသေးလေးများလား… သူတို့မှာ နောက်ထပ် ယွမ် ဘီလီယမ် ၁၀၀ ကျော်တဲ့ ကုမ္ပဏီ တစ်ခု ရှိနေသေးတာများလား …”
“ ရော့ … ဒီမှာ စာရွက်နဲ့ ဖောင်တိန် … မင်း ငါ့ကို အဲ့လို ဇာတ်လမ်းမျိုး ရေးပေးစမ်းကွာ …”
အချိုးအကွေ့မျိုးစုံနှင့် ကြုံတွေ့ရပြီးနောက် ကြည့်ရှုသူများမှာ အနည်းနှင့်အများတော့ ထုံနေပြီ ဖြစ်၏။ သူတို့တွေက နောက်ထပ် အလှည့်အပြောင်းတစ်ခုပင် ကိုယ်တိုင် ဖန်တီးရင်း အရွှန်းဖောက်နေကြသည်။
[ငါ ဂုဏ်ယူတယ် ၊ အဲ့တော့ ဘာဖြစ်လဲ] မှာ သူက ကုမ္ပဏီ၏ အမွေဆက်ခံသူ ဖြစ်ကြောင်း သိလိုက်ရစဉ်ကတည်းက ကုမ္ပဏီတွင် အနိုင်ကျင့်ခံရမှုကြောင့် ခံစားနေရသည့် စိတ်ဓာတ်ကျမှုများလည်း အများအပြား သက်သာသွားခဲ့သည်။
သို့သော် ကုမ္ပဏီ သူ့လက်ထဲရောက်လာသည်နှင့် ဒေဝါလီ ခံရမည်ဟု ချန်ယွီ့ ပြောလာသည့် အချိန်၌ [ငါ ဂုဏ်ယူတယ် ၊ အဲ့တော့ ဘာဖြစ်လဲ]သည် နောက်တစ်ကြိမ် ထပ်ပြီးတော့ စိတ်ဓာတ်ကျချင်သလို ဖြစ်လာသည်။
“ ဒေါက်တာချန် … ငါ့နှလုံးက သိပ်ကောင်းတာ မဟုတ်ဘူးနော်…”
[ငါ ဂုဏ်ယူတယ် ၊ အဲ့တော့ ဘာဖြစ်လဲ]သည် ငိုလုငိုခင် မျက်နှာကြီးဖြင့် ပြောလိုက်၏။
ထို့နောက် သူ ချန်ယွီ့ကို ဒေဝါဒီခံရပြီးနောက်၌ ချမ်းသာသည့် ဘဝတွင် မည်သို့ မည်ပုံ နေထိုင်နိုင်မလဲ ဆိုတာကို မေးမြန်းသည်။
သူက အလုပ်ကြိုးစားပြီး နောက်ထပ် စီးပွားရေး အသစ်တစ်ခု စတင်လိုက်လို့လား …
ဒါမှမဟုတ် သူ့မိဘတွေက သူ မသိအောင် သူတို့ရဲ့ ကြွယ်ဝမှုတွေကို ဖုံးကွယ်ထားတာကြောင့်လား …
“ တစ်ခုမှ မဟုတ်ဘူး …”
“ မင်းမိဘတွေမှာ ကုမ္ပဏီတစ်ခုတည်းပဲ ရှိတယ် …” ချန်ယွီ့ တည်ငြိမ်စွာ ပြောဆိုလိုက်သည်။ “ သူတို့မှာ နောက် ကုမ္ပဏီတစ်ခု မရှိဘူး …”
“ နောက်ထပ် စီးပွားရေး လုပ်ငန်းအသစ်ကတော့ …. မင်း သုံးလေးကြိမ်လောက် ကြိုးစားကြည့်ဖူးတယ် … ဒါပေမယ့် နောက်ဆုံးတော့လည်း အကုန်လုံး အရှုံးပေါ်ကုန်တာပဲ …”
“ မင်း အသက် လေးဆယ်ရောက်တော့ နောက်ဆုံးမှာ မင်း ကိုယ့်ကံကြမ္မာကိုယ် လက်ခံလိုက်တယ် …”
“ မင်းက စီးပွားရေးသမား လုပ်ဖို့ မသင့်ဘူးဆိုတာ ကိုယ့်ကိုယ်ကို သိတယ် …”
“ မင်းမိဘတွေကို ဂရုစိုက်ဖို့နဲ့ မင်းရဲ့ကလေးတွေကို ပျိုးထောင်ဖို့ အတွက်ဆိုပြီး မင်း ကုန်စုံဆိုင်လေး တစ်ဆိုင် ဖွင့်တယ် …”
“ မင်း အသက် ခြောက်ဆယ်ရောက်တော့ မင်းရဲ့ သားအကြီးဆုံးက လက်ထပ်သွားတယ် … သူ့ ဇနီးက အများပြိုင် ကုမ္ပဏီအဖြစ် ကြေညာထားတဲ့ ကုမ္ပဏီကြီးတစ်ခုရဲ့ သမီး …”
ဤစကားကြားတော့ [ငါ ဂုဏ်ယူတယ် ၊ အဲ့တော့ ဘာဖြစ်လဲ]မှာ လုံးလုံးလျားလျား ကြက်သေသေသွားခဲ့သည်။
“ ဒေါက်တာချန် … ငါ ဒေဝါလီခံပြီးတဲ့နောက်မှာ ပိုလို့တောင် ချမ်းသာလာဦးမယ်ဆိုတာက ဒါကိုပြောချင်နေတာလား …”
ချန်ယွီ့က သူ့ အမေးကို တိုက်ရိုက် ဖြေဆိုခြင်း မရှိဘဲ ၊ ထိုအစား သူနှင့် သူ့ကလေးများ၏ ဆက်ဆံရေးအကြောင်း ပြောပြသည်။
“ မင်းက စီးပွားရေးသမား ဖြစ်ဖို့ အရည်အချင်း မမီဘူးဆိုပေမယ့် မင်းက ဖခင်ကောင်းတစ်ယောက်တော့ ဟုတ်တယ် …”
“ မင်း လက်ထပ်ပြီးတဲ့နောက်မှာ ကလေးသုံးယောက် ထွန်းကားတယ် … သားနှစ်ယောက်နဲ့ သမီးလေးတစ်ယောက် …”
“ ကလေးသုံးလောက်လုံးက အလိုက်သိပြီး လိမ္မာကြတဲ့သူတွေ … ကြီးပြင်းပုံခြင်း မတူညီတာကြောင့် သူတို့ရဲ့ ကိုယ်ကျင့်စရိုက်လေးတွေကလည်း မတူကြဘူး …”
“ မင်းရဲ့ သားအကြီးဆုံးက မင်းမိဘတွေရဲ့ စီးပွားရေး ပါရမီကို ဆက်ခံပြီး အသေးစား ဝန်ထမ်းလေးကနေ သူ့ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှု ရာထူးအထိ တက်ရောက်သွားနိုင်ခဲ့တယ် …”
“ အဲ့နောက်မှာ သူ့သူဌေးရဲ့ သမီးနဲ့ ချိတ်မိသွားခဲ့တယ် …”
“ အချစ်နဲ့ အသက်မွေးဝမ်းကျောင်းအတွက် … မင်းရဲ့သားက တစ်ဖက် မိသားစုထဲမှာ အိမ်ပါ သားမက်တစ်ယောက်အဖြစ်နဲ့ လိုလိုချင်ချင် ဝင်ရောက်ဖို့ ဆန္ဒရှိတယ် …”
ကြည့်ရှုသူများမှာ မည်သို့မျှ မထိန်းနိုင်ဘဲ စတင်ရယ်မောကြတော့သည်။
“ ဆင်းရဲတဲ့ လူငယ်လေးက သူဌေးသမီးနဲ့ ညားသွားတယ်ဆိုပါလားကွ … ဝါး အမေးဇင်း….”
“ ဒေါက်တာချန် …. မင်းမှားနေပြီ ထင်တယ်နော်… ပုံမှန်ဆို နွမ်းပါးပြီး သနားဖို့ကောင်းတဲ့ မိန်းမငယ်လေးက ချမ်းသာတဲ့ မိသားစုထဲ လက်ထပ်သွားရမှာလေ ….”
“ ဒေါက်တာချန်က သူ အသက်ကြီးလာတဲ့အချိန် ဆယ်ဆမက ကြွယ်ဝလာမယ်လို့ ပြောလာတာ မထူးဆန်းတော့ပါဘူး … လက်စသတ်တော့ သူ့ ချွေးမက ချမ်းသာတဲ့ မိသားစုက ဖြစ်နေတာကိုး ….”
“ လူတိုင်းလူတိုင်းက လှပတဲ့ မိန်းကလေးနဲ့ ဆုံပြီး ချမ်းသာထဲ မိသားစုထဲ ဝင်နိုင်တာ မဟုတ်ဘူးကွ …”
“ လောကကြီးက နတ်သမီးပုံပြင်တွေထဲကလို မဟုတ်ဘူး … ကိုယ်က တစ်ခုလိုချင်ရင် တခြားတစ်ခုကို ပေးဆပ်ရတယ် …”
ကြည့်ရှုသူများ ရယ်မောနေကြစဉ် [ငါ ဂုဏ်ယူတယ် ၊ အဲ့တော့ ဘာဖြစ်လဲ] မှာတော့ ရှက်လွန်း၍ သူ့မျက်နှာကို လက်ဖြင့် အုပ်ထားချင်နေသည်။
သူကတော့ ရင်ဘက်အနာခံပြီး သူ့သားကို ကျွေးမွေးပြုစုပေးခဲ့ရသော်လည်း သကောင့်သားက သူများမိသားစုထဲ ပြေးသွားပြီး ဆံထုံးနောက် သျှောင်ပါ လုပ်နေသည်။
ကြားကောင်းအောင် ပြောရမည်ဆိုပါက သူက ချမ်းသာသည့် မိသားစုက မိန်းကလေးကို လက်ထပ်ယူတာ မဟုတ်ဘဲ ချမ်းသာသည့် မိသားစုမှ မိန်းကလေးကမှ သူ့သားကို လက်ထပ်ယူတာ ဖြစ်သည်။
“ မင်း မကျေမနပ် ဖြစ်နေဖို့ မလိုဘူး …” ချန်ယွီ့က ဆက်ပြီးပြောသည်။ “ မင်းရဲ့သားက သူများအိမ်မှာ သားမက်သွားလုပ်တယ်ဆိုပေမယ့် သူ့ ဖြစ်စဉ်က ရှားရှားပါးပါးပဲ …”
“ သူ လက်ထပ်ပြီး နှစ်နည်းနည်းကြာတော့ သူ့ခမည်းခမက်က ဆုံးသွားတယ် …”
“ မင်းရဲ့သားက ကုမ္ပဏီထဲမှာ ဖြစ်နေတဲ့ ဆူညံပူညံ ကိစ္စတွေကို သူ့ရဲ့ မိုးခြိမ်းသလို လျှပ်တစ်ပြက် နည်းလမ်းနဲ့ ဖိနှိပ်လိုက်တယ် ..”
“ ပြီးတော့ သူ့ ဇနီးဖြစ်သူရဲ့ အပြည့်အဝ ပံ့ပိုးပေးမှုနဲ့ အလျင်အမြန်ပဲ အမြင့်ကို တက်လာပြီး စီအီးအို အသစ်ဖြစ်လာတယ် …”
“ သူက ကုမ္ပဏီရဲ့ ကိစ္စ အဝဝကို ဆုံးဖြတ်ချက်ပေးရတဲ့ လူတစ်ယောက် ဖြစ်လာခဲ့တယ် …”
[ငါ ဂုဏ်ယူတယ် ၊ အဲ့တော့ ဘာဖြစ်လဲ] ၏ နှုတ်ခမ်းကြွက်သားတို့ လိမ်တွန့်သွားခဲ့ကာ မျက်နှာမဲ့လိုက်မိသည်။
သူ့သားရဲ့ ကံကြမ္မာက ဘာလို့ အဲ့ဒီ အွန်လိုင်းနိုဗယ်တွေထဲက မင်းသားတွေနဲ့ တူသယောင် ထင်နေရပါလိမ့် …
သူက အိမ်ပါသားမက်အနေနဲ့ နေပြီး သိပ်မကြာခင်မှာပဲ သူ့ ဇနီးဖြစ်သူရဲ့ မိသားစု စီးပွားရေးလုပ်ငန်းကို လက်ထဲ ချုပ်ကိုင်သွားနိုင်တယ် …
ဒီ တစ်ချက်တည်းနဲ့တင် သူ့သားက သူ့ထက် အများကြီး ပိုသန်မာတယ်ဆိုတာ သက်သေပြပြီးနေပြီ။
“ မင်းရဲ့ ဒုတိယသားက သတိကြီးကြီးထားတတ်တဲ့ မင်းရဲ့ စိတ်ဓာတ်အမွေ ပါလာတယ် …”
“ ဒါ့အပြင်ကို သူက ထက်မြက်ပြီး သိပ္ပံသုတေသနတွေ လုပ်ရတာ ကြိုက်တယ် … ဘွဲ့ရပြီးတော့ နိုင်ငံထဲက ထိပ်တန်း သုတေသန စင်တာတစ်ခုထဲ ဝင်ပြီး အေအိုင်လို နည်းပညာမြင့် နယ်ပယ် ကဏ္ဍတွေကို သုတေသန ပြုတယ် …”
“ အဲ့မှာ အမျိုးသမီး လုပ်ဖော်ကိုင်ဖက် တစ်ဦးနဲ့ ချစ်ကျွမ်းဝင်ပြီး နောက်ဆုံးတော့ သူနဲ့ လက်ထပ်လိုက်တယ် …”
“ အဲ့ မိန်းကလေးက ဒိတ်ဒိတ်ကျဲ နည်းပညာ ကော်ပိုရေးရှင်းကြီး တစ်ခုရဲ့ မြေးမလေး …”
“ သူ့ရဲ့ ခမည်းခမက်ကတော့ ဖွင့်ပြီး တွေးတတ်တဲ့ အတွေးအခေါ်ရှိတော့ အိမ်ပါ သားမက်လို အရာတွေ မလုပ်ခိုင်းဘူး … ပြီးတော့ အဲ့လို အစွဲတွေကိုလည်း သူက မိသားစုထဲ ထားရတာ မကြိုက်ဘူး …”
ထို့နောက် ချန်ယွီ့က [ငါ ဂုဏ်ယူတယ် ၊ အဲ့တော့ ဘာဖြစ်လဲ] ၏ အနာဂတ်ကို ဆက်ပြီးပြောပြသည်။
သူ့ အငယ်ဆုံး သမီးလေးက ဘွဲ့ရပြီးချိန်တွင် သူ့ အစ်ကို နှစ်ယောက်က လူမှုအသိုင်းအဝိုင်းကြီးထဲတွင် ကိုယ်စီ နာမည်တစ်လုံးနှင့် ဖြစ်နေကြပြီ ဖြစ်၏။
သူ့အစ်ကိုနှစ်ဦးထံက အဆက်အသွယ်များနှင့် ရန်ပုံငွေ ရယူပြီး သူမ၏ ကိုယ်ပိုင် နည်းပညာ ကုမ္ပဏီကို တည်ထောင်သည်။
သူမ ဒုတိယ အစ်ကို၏ နည်းပညာ ပံ့ပိုးပေးမှုနှင့် သူ့ အစ်ကိုအကြီးဆုံး၏ တောက်လျှောက် ရန်ပုံငွေများ ဖြည့်တင်းပေးမှုအောက်တွင် သူမက များစွာသော အရာတို့ကို စွမ်းဆောင်နိုင်လာသည်။
ထိုသို့သော အင်အားမျိုးနှင့် သူမ မအောင်မြင်အောင် ကြိုးစားသည်ကပဲ ပို၍ ခက်ခဲနေလိမ့်မည်။
နှစ်အနည်းငယ်ကြာပြီးနောက် သူမ၏ ကုမ္ပဏီသည်လည်း အောင်အောင်မြင်မြင်နှင့် အများပိုင် ကုမ္ပဏီအဖြစ် စာရင်းဝင်နိုင်ခဲ့သည်။
“ မင်းရဲ့ ကလေးသုံးယောက်က သိတတ်ပြီး မင်း လိုချင်တာ မှန်သမျှကို သူတို့ ပေးတယ် …”
“ မင်းက သူတို့ ကုမ္ပဏီရဲ့ ဥက္ကဌဖြစ်ချင်ရင်တောင် သူတို့ ကန့်ကွက်နေမှာ မဟုတ်ဘူး …”
ချန်ယွီ့ ညင်သာစွာ ပြုံးပြီး ပြောလိုက်၏။
ထိုအချိန်၌ [ငါ ဂုဏ်ယူတယ် ၊ အဲ့တော့ ဘာဖြစ်လဲ]မှာ အကြီးအကျယ် ကိုးရို့ကားယားနိုင်နေမိပြီး မျက်နှာပင် မည်သို့ ထားရမှန်း မသိတော့ချေ။
အခြားသူများက သူတို့ မိဘအမွေကို ဆက်ခံပြီး ချမ်းသာလာကြသည်။ သို့သော် သူ့မှာတော့ ပြောင်းပြန်။ သူ့ သားသမီးများ၏ အကူအညီဖြင့် များပြားလှသည့် ကြွယ်ဝမှုများကို ပြန်လည်ရရှိခဲ့သည်။
ဆိုတော့ သူက ပထမမျိုးဆက် ချမ်းသာသူလား … ဒါမှမဟုတ် တတိယမျိုးဆက် ချမ်းသာသူလား ….
သို့ပေမယ့်လည်း သူက ချမ်းသာတဲ့ အမွေဆက်ခံသူ မဟုတ်တော့တာတော့ သေချာသည်။
[ငါ ဂုဏ်ယူတယ် ၊ အဲ့တော့ ဘာဖြစ်လဲ] ၏ ကိုးရို့ကားယားနိုင်သည့် မျက်နှာကြီးကို ကြည့်ရင်း ကြည့်ရှုသူများက ကျယ်လောင်စွာ အော်ရယ်မိနေကြ၏။
ထင်ထားတဲ့အတိုင်း … ကောင်းကင်က သူ့ကို ချမ်းချမ်းသာသာနဲ့ နေစေချင်တာပဲ …
ဒါပေမယ့် အခြေအနေတစ်ရပ်နဲ့ ....
ယင်းကတော့ သေခါနီးမှ ရွှေထီးဆောင်းရခြင်းပင်။
“ မင်း အသက် ၇၀ ရောက်တဲ့အချိန်မှာ မင်းရဲ့ ဘဝကြီးက အထိတ်အထိပ်ကို ရောက်နေပြီ …”
“ မင်းကြိုက်တဲ့ ကုမ္ပဏီ ထောင်လို့ရတယ် … မင်းလိုချင်တာ ဝယ်လို့ရတယ် … ပိုက်ဆံဆိုတာ မင်းအတွက် ကိန်းဂဏန်း တစ်ခုထက် မပိုတော့ဘူး …”
“ မင်း ဘယ်လောက်ပဲ ဖြုန်းတီးနေပါစေ ၊ မင်းရဲ့ သားသမီး သုံးယောက်က မင်းကို ငြူစူစကား တစ်ခွန်းမပြောဘူး …”
“ ဘာလို့ဆို မင်း ဖြုန်းတဲ့ နှုန်းထက် သူတို့ ငွေရှာတဲ့နှုန်းက ပိုမြန်နေလို့လေ …”
[ငါ ဂုဏ်ယူတယ် ၊ အဲ့တော့ ဘာဖြစ်လဲ] မှာ ပျော်ရွှင်ရမလို ၊ ဝမ်းနည်းရမလို ဖြစ်နေမိသည်။
သူက အသက် ၇၀ တွင် ငွေကြေး လွတ်လပ်မှုနှင့် ဘဝ၏ အထွတ်အထိပ် စည်းစိမ်ကို ခံစားနိုင်သည်။ သို့ပေမယ့်လည်း သူ့မှာ ငွေဖြုန်းချင်လျှင်ပင် ဖြုန်းနိုင်သည့် ခွန်အားတို့ မရှိတော့။
အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် [ငါ ဂုဏ်ယူတယ် ၊ အဲ့တော့ ဘာဖြစ်လဲ] က အားနည်းနေသည့် လေသံဖြင့် မေး၏။ “ ဒေါက်တာချန် … ငါ့ရဲ့ကံကြမ္မာကို တကယ်ပဲ ပြောင်းဖို့ မတတ်နိုင်တော့ဘူးလား … ငါက တကယ်ပဲ အသက်ကြီးမှ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်မယ့် ကံပါလာတာလား ….”
“ မပြောင်းလဲတာက အကောင်းဆုံးပဲ … အချိန်တန်လို့ ဖြစ်လာမယ့် အရာကို သူ့သဘာဝအတိုင်းလေးပဲ ဖြစ်ပါလေ့စေ …”
[ငါ ဂုဏ်ယူတယ် ၊ အဲ့တော့ ဘာဖြစ်လဲ]၏ ချမ်းသာပြီး အထက်တန်းကျသည့် ဘဝက သူ့သားသမီးများကြောင့် အစစ်အမှန် ဖြစ်လာသည်။
အကယ်၍ ချန်ယွီ့က သူ့ကံကြမ္မာကို ပြောင်းလဲလိုက်လျှင် …
သူ့ ကလေးသုံးဦး၏ အနာဂတ်ကို တိုက်ရိုက် သက်ရောက်စေလိမ့်မည်။
ထို့ပြင် … သူ့ ကုမ္ပဏီက ဒေဝါလီခံလိုက်ရသည်ဆိုသော်လည်း ကျန်ရစ်သည့် စုငွေ သေးသေးလေးက သူ့မိသားစုကို သာမန်လူများထက် ပို၍ သက်တောင့်သက်သာ ရှိသည့် ဘဝ၌ နေထိုင်နိုင်စေဖို့ လုံလောက်လေသည်။
ချန်ယွီ့က တိတိကျကျ မပြောပြခဲ့သဖြင့် [ငါ ဂုဏ်ယူတယ် ၊ အဲ့တော့ ဘာဖြစ်လဲ] သည်လည်း အတွင်းစိတ် လွန်ဆွဲပွဲ ဖြစ်နေမိတော့သည်။
ရိုလာကိုစတာစီးရသကဲ့သို့ အနိမ့်အမြင့် ၊ အတက်အကျ ၊ အချိုးအကွေ့ များစွာကို ကြုံတွေ့ရပြီးနောက်တွင် ထူးဆန်းလှသည့် သူ့ကံကြမ္မာအကြောင်း အနည်းနှင့်အများတော့ နားလည်စ ပြုလာသည်။
ကံကြမ္မာကို ပြောင်းလဲသည်က မြောက်များစွာသော အဆုံးသတ်တို့ ရှိနေသည့် ဂိမ်းတစ်ခုကို ကစားနေရသည်နှင့် တူညီသည်။
ရွေးချယ်မှုတိုင်းက နောက်ဆုံး ရလဒ်အပေါ် အကျိုးသက်ရောက်လာလိမ့်မည်။
ခေတ္တကြာပြီးနောက် [ငါ ဂုဏ်ယူတယ် ၊ အဲ့တော့ ဘာဖြစ်လဲ] က သက်ပြင်းချလိုက်၏။
ကုသစရိတ်ပေးဖို့ ရွေးချယ်လိုက်ပြီး သူ့ရှေ့တွင် ရှိနေသည့် အရာကို လက်ခံဖို့ ဆုံးဖြတ်လိုက်သည်။