အာထရာမန်းတပ်ဖွဲ့
Vol. 16 Ch. 153
“ ငါ သိတယ် … ထောင်ထဲမှာ အလင်းပွင့်တယ်ဆိုတာက ဘာမှမဟုတ်ဘူး … အာပလာ ဆောင်ပုဒ်သပ်သပ်ပဲ …”
“ ညီကို … မင်းလည်း အဲ့လို လူစားမျိုးလား …”
“ ငါလည်း အဲ့ထဲဝင်ပြီး ဉာဏ်အလင်းပွင့်ချင်ရင် ဘယ်လိုလုပ်ရမလဲဟင် …”
“ မင်းလုပ်နိုင်တဲ့ ဘောင်အတွင်းမှာရှိတဲ့ ကြိုက်တဲ့ ရာဇဝတ်မှုကို ရွေးပြီး လုပ်လိုက် … အဲ့လိုလုပ်ရင် ကိုယ် ဉာဏ်အလင်းပွင့်ချင်တဲ့ အချိန်အတိုင်းအတာကိုလည်း သေချာတွက်ချက်ပြီးမှလုပ် … အဲ့လိုဆို လိုတာပိုတာတွေ ရှိတော့မှာ မဟုတ်ဘူး …”
“ ထောင်ထဲက ဆရာကြီးတွေ လာစုနေတာပါလားဟ … လိုး ….”
“ အဲ့ဒီ ပါရမီရှင်တွေရဲ့ စကားက တကယ့်ကို ရတနာပဲ ….”
ကြည့်ရှုသူများမှာ ချန်ယွီ့စကားကို ထောက်ခံသည့် ကွန်းမန့်တို့ အများအပြား ပေးပို့လာပြီး သူတို့ကပင် ရှေ့ဆက် ရှင်းပြလာခဲ့ကြသေး၏။
ကွန်းမန့်များကို ဖတ်ရှုရင်း … ရက်ပေါင်းများစွာ စိတ်ဖိစီးနေသည့် ကျိုးခဲ့ရှင်းသည် မနေနိုင်ဘဲ ပြုံးရယ်မိသွားခဲ့သည်။
“ ကြည့်ရှုသူတစ်ချို့ ပြောတာ မှန်တယ် … “ ချန်ယွီ့က ညင်သာစွာပြုံး၍ ပြောလိုက်ပြီး “ စထွင်မာ အားဝေ့က တကယ်လည်း ဉာဏ်အလင်းပွင့်ဖို့ ထောင်ထဲ သွားခဲ့တာ …”
“ ကောင်းမွန် ဖြောင့်တန်းတဲ့ လမ်းကိုတော့ မဟုတ်ဘူး … ကွေ့ကောက်လိမ်ဖယ်တဲ့လမ်းကိုပဲ …”
“ သူက အထဲမှာ MLM ခေါင်းဆောင်ကြီးတွေနဲ့ ငွေကြေးနဲ့ ပတ်သက်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ လူလိမ်တွေနား ချဉ်းကပ်ခဲ့တယ် …”
“ ဒီလိုလူတွေနဲ့ နေ့ရောညပါ အချိန်တွေဖြုန်းရင်း တခြားလူတွေကို လိမ်လည်လှည့်ဖျားနိုင်မယ့် လှည့်ကွက်တွေ အများကြီးကို သင်ယူတတ်မြောက်ခဲ့တယ် …”
“ သူ ထောင်ထဲက ထွက်လာတော့ လိုင်းပေါ်မှာ စထွင်မာလုပ်ဖို့ စိတ်ကူးအကြံ စရတယ် …”
“ သူ့ရဲ့ ရာဇဝတ်မှတ်တမ်းကြောင့် တကယ်လို့ သူသာ တစ်နည်းနည်းနဲ့ တိုင်ခံလိုက်ရရင် သူ့ အကောင့်က ဘန်းခံရမှာ ကျိန်းသေတယ် …”
“ အချိန် တစ်ခုလောက် လေ့လာကြည့်ပြီးတဲ့နောက်မှာ ကြည့်ရှုသူတွေက နွမ်းပါးမှု လျှော့ချရေး စထွင်မာတွေအပေါ်မှာ ပိုပြီး သည်းခံစိတ်အား ကောင်းနေတာကို သူ သွားတွေ့တယ် …”
“ ထောင်ထဲက ထွက်လာတဲ့ သူ့အတွက် စိတ်သစ်လူသစ် ဖြစ်ပြီဆိုတဲ့ အပြင်ပန်း သရုပ်သကန်က သူ့အတွက် အဆင်ပြေတယ် …”
ထိုနေရာအထိ ပြောပြီးနောက် ချန်ယွီ့က စကားကို ခေတ္တရပ်နားထားလိုက်သည်။ ကျိုးခဲ့ရှင်းက ဒေါသတကြီးနှင့် နှာမှုတ်လိုက်၏။ “ သူသာ တကယ်ပဲ စိတ်သစ်လူသစ် ဖြစ်ချင်တယ်ဆိုရင် သေချာလုပ်သင့်တယ် …”
“ သူ့နားက ဝယ်တဲ့ အဲ့ဒီ စပျစ်သီးစုတ်တွေက ငါ့ကို ဆေးရုံပြန်ပို့လုနီးပါးပဲ …”
ဤအကြောင်းတွေးတောမိတော့ ကျိုးခဲ့ရှင်း ဒေါသထွက်သွားခဲ့သည်။
ကျိုးခဲ့ရှင်းကဲ့သို့သော ကြင်နာတတ်သည့် နှလုံးသားပိုင်ရှင် စထွင်မာ မိန်းကလေးများမှာ နွမ်းပါးမှု လျှော့ချရေး စထွင်မာများ၏ ချာနယ်ထဲသို့ သွားလည်ပြီး သူတို့အတွက် ပရိသတ်များ ရရှိစေရန် ပြုလုပ်ပေးလေ့ရှိသည်။
သူမက သူတို့ ရောင်းချနေသည့် ကုန်ပစ္စည်းများကို ကိုယ့်အိတ်ထောင်နှင့်ကိုယ် စိုက်ဝယ်ပြီး မိမိ၏ ကြည့်ရှုသူ ပရိသတ်များကိုလည်း ဝယ်ယူရန် ဖြောင်းဖြလေ့ရှိသည်။
နိုင်ငံ၏ ဝေးလံသော ဒေသများရှိ နွမ်းပါးသူများထံ သူမ၏ နွေးထွေးသည့် ချစ်ခြင်းမေတ္တာကို ခြုံလွှမ်းစေလိုသည်။
ဤတစ်ကြိမ်တွင်တော့ သူမမှာ ပေးလိုက်သည့် မေတ္တာကြောင့် ပြန်ရလိုက်သည်က ဆေးရုံရောက်သွားခြင်းပင်။
“ ဒါတွေ အကုန်လုံးက ငွေကြောင့်ပဲ ..”
ချန်ယွီ့ သာမန်လျှံကာ အမူအရာဖြင့် ခွန်းတုံ့ပြန်လိုက်ပြီး “ သူတို့ရွာမှာ သစ်သီးခြံတွေ ရှိတယ်ဆိုပေမယ့် အထွက်နှုန်းက မမြင့်မားဘူး … ဘာလို့ဆို အထွက်နှုန်းတိုးအောင် ဘယ်လိုစိုက်ရမယ်ဆိုတာ သူတို့တွေ မသိကြဘူး …”
“ ထောင်ထဲမှာ သူ တတ်မြောက်ကျွမ်းကျင်ခဲ့တဲ့ သရုပ်ဆောင်အရည်အချင်းတွေ ၊ လှည့်ကွက်တွေ အပေါ်မှီခိုပြီး အားဝေ့က လျင်လျင်မြန်မြန်ပဲ နွမ်းပါးမှု လျှော့ချရေး နယ်ပယ်က စထွင်မာတွေထဲက တစ်ယောက် ဖြစ်လာတယ် …”
“ သူ ပရိသတ်တွေ အများကြီး ရလာခဲ့တယ် …”
“ လိုက်စထွင်းတွေ အများကြီး လုပ်ပြီးတဲ့နောက်မှာ သူ့ရွာက သစ်သီးတွေအကုန် ရောင်းထွက်သွားတယ် …”
“ ဒါပေမယ့် မပို့ရသေးတဲ့ အော်ဒါတွေက အများကြီးပဲ … သူတို့မှာ ပစ္စည်းတွေက ပြတ်နေတယ် ..”
“ ဒီလိုနဲ့ အားဝေ့ အကြံတစ်ခု ရလာခဲ့တယ် …”
“ သူက မြို့ထဲသွားပြီး အသီးတွေ လက်ကားရောင်းတဲ့ ပိုင်ရှင်တစ်ချို့နဲ့ ညှိနှိုင်းပြီး ပိုးသတ်ဆေးလွန်ကဲအောင် သုံးထားတဲ့ ဈေးပေါတဲ့ သစ်သီးတွေကို ဝယ်ဖို့ ကမ်းလှမ်းတယ် …”
“ ဒီနှစ်ကျတော့ သူ့ရဲ့ လှည့်ကွက်က ထပ်ပြီး တစ်ဆင့်မြင့်သွားခဲ့ပြီ …”
“ သူက ရွာသားတွေကို သစ်သီးခြံထဲက သစ်သီးတွေကို မဆွတ်ဖို့ ပြောပြီး အဲ့ဒီအစား လက်ကားဈေးက ရတဲ့ အရည်အသွေး မမီတဲ့ သစ်သီးတွေကို သူတို့ကိုယ်တိုင် စိုက်ပျိုးရောင်းချတဲ့ သစ်သီးတွေလိုမျိုး အသွင်ဖမ်းဖို့ ပြောတယ် …”
ချန်ယွီ့၏ လှစ်ဟာဖော်ထုတ်မှုကို နားထောင်ပြီးနောက် ကျိုးခဲ့ရှင်းမှာ တစ်ဖန်ပြန်ပြီး နားရှုပ်သွားခဲ့သည်။
အကယ်၍ အားဝေ့ကသာ အမြဲတမ်း ပိုးသတ်ဆေး လွန်ကဲနေသည့် သစ်သီးများကို ရောင်းချနေသည် ဆိုပါက သူ့ပရိသတ်များမှာ ဤတစ်ချိန်လုံး မည်သို့ မသိရှိဘဲ နေလိမ့်မည်နည်း။
“ ဒါပေါ့ … အဲ့ကိစ္စကို မသိဘဲ ဘယ်လိုလုပ် ဖြစ်နိုင်မှာ …” ချန်ယွီ့ ရှင်းပြလိုက်သည်။ “ ဒီတိုင်း သူက ပါးပါးနပ်နပ်နဲ့ ကစားခဲ့ရုံပဲ …”
“ အသီးတွေကို ဒီလီမပို့ပေးခင် သူက အော်ဒါလိုက်ပို့ရမယ့် အကောင့်တွေကို တစ်ခုချင်းစီ လိုက်စစ်ဆေးတယ် …”
" တကယ်လို့ စထွင်မာ ဖြစ်မယ် … ဒါမှမဟုတ် နာမည်ကြီး ပရဟိတသမားတွေဆိုရင်တော့ သူက ပစ္စည်းအကောင်းတွေ ပို့ပေးတယ် …”
“ ဘာလို့ဆို သာမန်မြို့သားတွေ စားမိရင်တောင် သူတို့ တစ်ခုခု ဖြစ်လို့ ပြဿနာရှာချင်လည်း ရှာဖို့ မတတ်နိုင်တာကြောင့်လေ …”
“ ဆင်ခြေပေါင်းစုံပေးပြီး ရှောင်ထွက်နိုင်မယ့် နည်းလမ်းပေါင်း သောင်းခြောက်ထောင် သူ့မှာ ရှိတယ် …”
“ ပြီးတော့ နာမည်ကြီး စထွင်မာတွေက သူ့ဆီကို အသီး ခဏခဏ လာဝယ်ရင် အဲ့ဒီ စထွင်မာတွေကို သူ့ရဲ့ အရောင်းကိုယ်စားလှယ်အနေနဲ့ အသုံးချလို့လည်း အဆင်ပြေတယ်လေ …”
ချန်ယွီ့က အပြုံးမျက်နှာဖြင့် ထပ်ပြီး ဖြည့်စွက်ပြောလိုက်၏။
“ မင်း ဒီတစ်ခေါက် အစာအိမ်နာသွားတာက မတော်တဆ တစ်ခု ဖြစ်သွားလို့ပဲ …”
“ ဘာ မတော်တဆလဲ ….”
ကျိုးခဲ့ရှင်းက အလျင်အမြန် မေးသည်။
“ မင်းရဲ့ အော်ဒါကို သူ မစစ်ဆေးရသေးခင် နစ်နာသူတွေရဲ့ မိသားစုဝင်တွေက သူ့ရွာကို ရောက်လာပြီး သွေးကြေးပြန်ဆပ်ဖို့ လာရှာကြတယ်လေ …”
“ အဲ့တာကြောင့် သူ မင်းရဲ့ အော်ဒါကို ပစ္စည်းလဲဖို့ လွဲသွားခဲ့တာ …”
“ ဒါကြောင့်မို့လည်း တခြား ရွာသားတွေက သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း အရည်အသွေးပိုင်း ပြဿနာ ရှိနေတဲ့ အသီးတွေကို မင်းဆီ ပို့ပေးလိုက်မိတယ် …”
ဤစကားလုံးများ ပြောလိုက်သည်နှင့် ကြည့်ရှုသူများ၏ အာရုံမှာ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
စကားပြောခန်းထဲတွင် ကြည့်ရှုသူများက ချန်ယွီ့အား အားဝေ့သည် အကယ်၍ ထောင်သုံးနှစ်ပဲ ကျခံရသည်ဆိုလျှင် မည်သည့် ကြီးလေးသည့် ပြစ်မှုတို့မျှ ကျူးလွန်ခဲ့ခြင်း မဖြစ်နိုင်ရာ အဘယ်ကြောင့် နစ်နာသူ မိသားစုများက သူ့အား အသက်နှင့် ပြန်ပေးဆပ်ခိုင်းစေချင်နေကြတာလဲဟု ကွန်းမန့်များဖြင့် မေးနေကြ၏။
ကြည့်ရှုသူ အများအပြားမှာ နောက်ထပ် အတင်းအဖျင်း ပြောစရာ တစ်ခု ရှိနေမှာကို ကျိန်းသေပေါက် အာရုံရနေကြသည်။
ချန်ယွီ့စကားကြောင့် ကျိုးခဲ့ရှင်းလည်း သိချင်စိတ် ပြင်းပြသွားခဲ့၏။
“ ဒေါက်တာချန် … ကျွန်မရဲ့ ကြည့်ရှုသူတွေ ပြောတာတော့ အားဝေ့က သူများနဲ့ ရန်ဖြစ်ပြီး ထောင်ကျသွားခဲ့တာတဲ့ …”
“ သူများကို သတ်တာမျိုးလည်း မဟုတ်ဘူး …”
“ နှစ်တွေလည်း ကြာနေပြီကို ဘာလို့ နစ်နာသူ မိသားစုဝင်တွေက သူ့ကို သွေးကြွေး ပြန်ဆပ်ခိုင်းချင်နေကြတာလဲဟင် ….”
“ သူ လူရိုက်လို့ ထောင်ထဲဝင်သွားခဲ့ရတာ မှန်တယ် …” ချန်ယွီ့ ပြောပြီးနောက် နှာမှုတ်လိုက်သည်။ “ ဒါပေမယ့် လက်တွေ့ အမှန်တရားက အဲ့လောက်ထိ ရိုးရှင်းမနေဘူး …”
“ စိတ်ဝင်စားတဲ့လူတွေက တရားဥပဒေ စီရင်ထုံး ဝက်ဘ်ဆိုဒ်ကို သွားပြီး သူ့ရဲ့ နာမည်ရင်း ရန်ဝေ့ဆိုတဲ့ နာမည်ကို ရိုက်ပြီး ရှာကြည့်လိုက် …”
“ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ဖြစ်ပျက်ခဲ့တဲ့ ပြစ်မှုအပေါ် ဂျူရီရဲ့ အမှုထင်မြင်ချက်ကို မြင်ရလိမ့်မယ် …”
သူ့ စကားဆုံးသည်နှင့် ကြည့်ရှုသူ အများအပြားမှာ သူတို့၏ ဖုန်းနှင့် ကွန်ပျူတာများကိုသုံးပြီး တရားဥပဒေ စီရင်ထုံး ဝက်ဘ်ဆိုဒ်ထဲသို့ ဝင်ရောက်လိုက်ကြသည်။
ချန်ယွီ့ ညွှန်ကြားသည့်အတိုင်း သူတို့တွေ ရန်ဝေ့ ဆိုသည့် နာမည်ကို ရိုက်ထည့်လိုက်ကြ၏။
မကြာမီ လိုက်စထွင်းတစ်ခုလုံး ကျည်ဆံ ကွန်းမန့်များဖြင့် ပြည့်နှက်သွားခဲ့တော့သည်။
“ ဒါ ဘယ်လိုလူမိုက်ဂိုဏ်းလဲ အဲ့တာ … အာထရာမန်းတပ်ဖွဲ့ ဆိုပါလားဟ …”
“ ငါတော့ အရင်က အဇူရာဂိုဏ်းကို တစ်ယောက်ယောက်က တည်ထောင်ခဲ့တာ ကိုယ်တွေ့ ကြုံခဲ့ဖူးတယ် …”
“ ဂျူရီအဖွဲ့က ပြောထားတာတော့ တကယ်လို့ အားဝေ့က သူ သဘောမကျတဲ့ တစ်စုံတစ်ယောက်ရှိရင် သူက အဲ့လူကို သွားပြီး အလင်းကို ယုံကြည်လား မေးတယ် … အဲ့လူက ပြန်မဖြေဘူးဆိုရင် သူက အဲ့ကောင်ကို ရိုက်တယ် …”
“ စစ်ဆေးနေတဲ့အချိန် ရဲတွေ မရယ်မိအောင် ဘယ်လိုများ ထိန်းလဲ သိချင်လိုက်တာ …’
“ မင်းသာ နစ်နာသူ တစ်ဦး ဖြစ်မယ်ဆိုရင် အာထရာမန်း တပ်ဖွဲ့ကို ရယ်စရာကောင်းတယ်လို့ ထင်နိုင်ဦးမှာလား …”
“ သူတို့သာ ဒီအတိုင်း ဆက်ကြီးထွားပြီး ဥပဒေရဲ့ စီရင်ထုံးထဲက လွတ်အောင် ရှောင်ကြဉ်နိုင်မယ်ဆိုရင် နှစ်နည်းနည်းလေးနဲ့ တစ်ချို့ နယ်ပယ်ကို လက်ဝါးကြီးအုပ်ပြီး တကယ့် မကောင်းဆိုးဝါးတွေ ဖြစ်လာမှာ ကျိန်းသေတယ် ….”
“ အမှန်ပဲ … အဲ့ဒီ မကောင်းတဲ့ အင်အားစုတွေလည်း ဒီလိုမျိုးပဲ သွေးကြွေးတွေနဲ့ မြင့်တက်လာခဲ့ကြတာပဲ …”
“ ငါလည်း ဖလစ်(flirt)တဲ့ သိုးဂိုဏ်းတပ်ဖွဲ့ တစ်ခု တည်ထောင်မယ်ကွာ … လျှို့ဝှက်ကုတ်က Beautiful Goat san Arigato …” ( အုစုခူရှီ ရားဂိစန် အာရီဂါတို)
စကားပြောခန်းထဲရှိ လူတစ်ချို့က ဟာသများ လျှောက်လုပ်နေစဉ် တော်တော်များများကတော့ အားဝေ့၏ လုပ်ရပ်များအကြောင်း ဖတ်ရှုရင်း ကျောစိမ့်နေမိကြသည်။
ရေးသားထားသည်မှာ အားဝေ့၏ မိခင်က ငယ်စဉ်ကတည်းက ဆုံးပါးသွားခဲ့ပြီး သူ့ ဖခင်ကလည်း တစ်နှစ်ပတ်လုံး အပြင်မှာပဲ အလုပ်လုပ်နေသည်။
အိမ်တွင် သူ့အဘွားတစ်ဦးတည်းကသာ သူ့ကို စောင့်ရှောက်ပေးသည်။
သူ့ အဘွား ဆုံးပြီးသည့်နောက်ပိုင်း၌ အားဝေ့မှာ လုံးဝ အထိန်းအကွပ်မဲ့သွားခဲ့တော့၏။
ဂျူနီယာ အထက်တန်းပြီးမြောက်ပြီးနောက်တွင် အားဝေ့က အခြား ရွာတစ်ရွာတွင် လက်သမား အတတ်ပညာကို သင်သည်။
လအနည်းငယ်ကြာ သင်ယူပြီးနောက် လောကကြီးကို စူးစမ်းဖို့ရာအတွက် မြို့ပေါ် တက်သွားခဲ့သည်။
ထိုအချိန်တွင် သူနှင့် အသက်ရွယ်သူခန့် ရှိမည့် ဆယ်ကျော်သက် နှစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ သူတို့ သုံးဦးသား ပူးပေါင်းမိသွားခဲ့ကြပြီး မြို့ထဲတွင် ကာကွယ်ခများ လိုက်လံကောက်ယူတော့၏။
မှန်သည်။ သူတို့၏ စီးပွားရေးလုပ်ငန်းအစတွင် အခက်အခဲ အတားအဆီးမျိုးစုံနှင့် ကြုံတွေ့ခဲံရသည်။
သူတို့တွေ မကြာခဏ မောင်းထုတ်ခံရသလို ကြမ်းတမ်းသည့် ဆိုင်ပိုင်ရှင်များ၏ ရိုက်ပုတ်ခြင်းကိုလည်း ခံခဲ့ရသည်။
သူတို့ သုံးဦးမှာ ရက်စက်ကြမ်းကြုတ်မှုက နွမ်းပါးချို့တဲ့မှုက လာသည်ဟူသော လူပြောစကားတစ်ခွန်းကို ဉာဏ်အလင်းပွင့်သွားခဲ့ကြ၏။
ကံကောင်းစွာဖြင့် အားဝေ့၏ ညီကို တစ်ယောက်က လျှပ်စစ်ကားများ ခိုးယူသည့်နေရာ၌ ထူးချွန်သောကြောင့် သူတို့မှာ ငတ်တော့ မသေခဲ့ကြပေ။
ကျန်တစ်ယောက်က အားဝေ့ကို အကြံတစ်ချို့ပေး၏။ အဆိုပါ ဆိုင်ပိုင်ရှင်များက သူတို့၏ ကာကွယ်ခကို ပေးဖို့ ငြင်းဆန်ပြီး သူတို့ကိုပင် ပြန်လည်ရိုက်ပုတ်ခဲ့သည်က သူတို့တွင် လူအင်အား နည်းသောကြောင့်ဟု ဆိုသည်။
အကယ်၍ သူတို့တွင်သာ လက်အောက်ငယ်သား အများအပြား ရှိမည်ဆိုပါက ကာကွယ်ခများ ကောက်ယူနိုင်မည်မှာ ကျိန်းသေပေါက်ပင်။
အားဝေ့လည်း သူငယ်စဉ်တုန်းက အာထရာမန်း ဇာတ်ကားကို ကြည့်ရတာ မည်မျှ နှစ်သက်ခဲ့သည်ကို တွေးတောမိတော့ အာထရာမန်း၏ အမည်နာမအောက်တွင် ဂိုဏ်းတစ်ခု တည်ထောင်ဖို့ ဆုံးဖြတ်လိုက်သည်။
ထိုနေ့ ထိုအချိန်ခါမှ စတင်၍၊ အာထရာမန်း တပ်ဖွဲ့ကြီးသည် အနီးနား ကျေးရွာများတွင် လူပြောစမှတ်ပြုရလောက်သည့် အင်အားစုကြီး တစ်ခု ဖြစ်လာခဲ့တော့၏။