← Chapters

ကလေးတွေကို ညဘက် အငိုတိတ်စေတဲ့ ဗီလိန်တစ်ယောက်

Vol. 16 Ch. 154

ကလေးတွေကို ညဘက် အငိုတိတ်စေတဲ့ ဗီလိန်တစ်ယောက်

Vol. 16 Ch. 154

ကျိုးခဲ့ရှင်းလည်း အမှုထင်မြင်ချက်ကို ဖတ်ရှုရင်း ချက်ချင်းပဲ မသက်မသာ ခံစားလိုက်ရသည်။

အမှုထင်မြင်ချက်၏ ပထမတစ်ဝက်ကို ဖတ်ရှုနေစဉ်တွင် ငိုရအခက် ၊ ရယ်ရ အခက် ဖြစ်နေမိ၏။

ဤသည်က ကာတွန်းကြောင် တစ်သိုက် ပြုလုပ်သည့် ရယ်စရာအကောင်းဆုံး အရာနှင့် ငယ်ရွယ်သည့် ဆယ်ကျော်သက်များတွင် ဖြစ်လေ့ဖြစ်ထ ရှိသည့် ရောဂါအခြေအနေက အတော်လေး ဆိုးရွားသောကြောင့်ဟု ယူဆမိသည်။

အစွမ်းအစရှိသည့် လက်အောက်ငယ်သားများ ရွေးချယ်ရန်အတွက် အားဝေ့က သူတို့ ဂိုဏ်းထဲ ဝင်ရောက်ဖို့ကို စည်းမျဉ်း တစ်ချို့ သတ်မှတ်ထားသည်။

ပထမ ဦးစွာ ကိုယ်က တိုက်ရဲ၊ ခိုက်ရဲသူ ဖြစ်ရမည်။

ဒုတိယ အနေဖြင့် အာထရာမန်းများ အားလုံး၏ အမည်နာမကို သိရမည်။

တတိယအနေဖြင့် အာထရာမန်း၏ နာမည်ကြီး လက်လှုပ်ရှားကွက်များအားလုံးကို ကျွမ်းကျင်စွာ ပြုလုပ်နိုင်ရမည်။

သူ့ညီကို နှစ်ယောက်၏ အကူအညီဖြင့် အားဝေ့သည် နှစ်လအတွင်းမှာပဲ လက်အောက်ငယ်သား ဒါဇင်ကျော်အထိ စုဆောင်းမိလာသည်။

ထို့နောက် စာပါ အကြောင်းအရာတို့မှာ ပိုပြီး ကြက်သီးမွေးညှင်းထဖွယ် ဖြစ်လာတော့သည်။

၎င်းတို့က အသက်မပြည့်သေးသည့် လူငယ်တစ်သိုက် ဖြစ်သည့်အတွက် ဤလူတစ်အုပ်စုက လူများကို လူကြီးများထက် ပို၍ ရက်စက်စွာ ရိုက်နှက်ခဲ့သည်။

ယခင်က အားဝေ့တို့ သုံးဦးကို သင်ခန်းစာပေးခဲ့ဖူးသည့် ဆိုင်ပိုင်ရှင် တစ်ချို့လည်း တစ်ယောက်ပြီးတစ်ယောက် ဆေးရုံကို တစ်လကျော်ခန့် တက်ရောက်လိုက်ရ၏။

အားဝေ့နှင့် အင်အားပူးပေါင်းလိုသည့်အတွက် များပြားလှသည့် ဒေသခံ လူမိုက်ငယ်များမှာ အာထရာမန်းများ၏ နာမည်နှင့် လှုပ်ရှားကွက်များအားလုံးကို အလွတ်ကျက် မှတ်သားခဲ့ကြသည်။

ပို၍ ပို၍ များပြားလှသည့် လူမိုက်များက အားဝေ့၏ အာထရာမန်းတပ်ဖွဲ့ထဲသို့ ပူးပေါင်းဝင်ရောက်လာခဲ့ရာ ကာကွယ်ခများ ကောက်ခံရုံမျှနှင့် ဤ ပါးစပ်ပေါက်များကို ကျွေးထားဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်တော့ပေ။

ထိုအချိန်မှာပဲ သူ့ အောက်ဆွဲတစ်ယောက်က အားဝေ့ကို အကြံဉာဏ် တစ်ခု ပေးလာသည်။

ဤနေရာက ဝေးလံသည့် ကျေးရွာတစ်ရွာ ဖြစ်သော်လည်းပဲ ဟိုင်းဝေးလမ်းနှင့်တော့ နီးသည်။

ထို့ကြောင့် သူတို့တွေ စတင်ပြီး ဖြတ်သွားဖြတ်လာ ဒရိုင်ဘာများကို ပစ်မှတ်ထားလာသည်။

သူတို့တွေ လမ်းပေါ်မှာ စစ်ဆေးရေးဂိတ်များ ထောင်ပြီး ထရပ်ကားဒရိုင်ဘာများကို ငွေတောင်းသည်။

စစချင်းတော့ ထရပ်ကား ဒရိုင်ဘာများလည်း လျစ်လျူရှုထားကြ၏။

ထို့နောက် အားဝေ့ကိုယ်တိုင် ရောက်လာပြီး သူတို့ကို သင်ခန်းစာပေး ၊ ခေါင်းပေါက်ပြဲအောင် ရိုက်နှက်တော့သည်။

သူ့ အာထရာမန်း တပ်ဖွဲ့ကလည်း ရက်စက်ကြမ်းကြုတ်မှုကို သာမန် ထမင်းစား ရေသောက်သည့် ကိစ္စသဖွယ် သဘောထားသဖြင့် မကြာမီ တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ထရပ်ကားမောင်းသည့် ဒရိုင်ဘာ တော်တော်များများမှာ ထိုနေရာတွင် အနိုင်ကျင့်သည့် လမ်းဘေး လူမိုက် တစ်အုပ်စု ရှိသည်ကို သိသွားခဲ့ကြသည်။

သူတို့မှာ ‘အာထရာမန်း’ ဆိုသည့် စကားကို ကြားရုံမျှနှင့် သရဲမြင်သလိုကို လန့်နေကြပြီ ဖြစ်၏။

ထို အာထရာမန်း တပ်ဖွဲ့ကို ရှောင်ရှားနိုင်ရန်အတွက် သူတို့တွေ ဝေ့ဝိုက်ပြီး ခရီးသွားရသည်။

၂ နှစ်အတွင်းမှာပဲ အာထရာမန်း တပ်ဖွဲ့က လူတစ်ရာကျော်အထိ ကျယ်ပြန့်လာခဲ့ပြီး အားဝေ့၏ ရက်စက်သည့် အမည်နာမကလည်း မြို့တစ်ခွင်နှင့် ရွာနားနီးစပ်များသို့ ဟိုးဟိုးကျော်ကြားလာသည်။

အခြားသူများက အာထရာမန်း ရောက်လာပြီဟု အော်ဟစ်သည်နှင့် သူတို့တွေ အားဝေ့၏ ဂိုဏ်း ရောက်လာပြီဟု ချက်ချင်း ပြေးတွေးမိကြသည်။

ဒေသခံ အစိုးရကလည်း အာထရာမန်း တပ်ဖွဲ့ကို တစ်ချီတည်းနှင့် အမြစ်ဖြတ်ဖို့ရာအတွက် အင်အားကြီးကြီးမားမား သုံးလာခဲ့၏။

အားဝေ့မှာလည်း လူဆိုးလူမိုက်အဖြစ် အသက်မွေးမှု၊ ရည်ရွယ်ချက် ရှိရှိ လူကို ရိုက်နှက်မှုနှင့် ၊ အစိုးရအဖွဲ့အစည်းမဟုတ်သည့် တရားမဝင် ဂိုဏ်းအဖွဲ့အစည်း တည်ထောင်မှုတို့အတွက် ဖမ်းဆီးခြင်းခံလိုက်ရသည်။

သို့ပါသော်လည်း အားဝေ့က အသက်မပြည့်သေးသူ ဖြစ်သည့်အတွက် ပေါ့ပါးသည့် ပြစ်ဒဏ်ပဲ စီရင်ခံခဲ့ရကာ ထောင်ဒဏ်သုံးနှစ်သာ ကျခံခဲ့ရသည်။

အမှုထင်မြင်ချက်၏ စာပါ အကြောင်းအရာတို့က ရယ်ချင်စဖွယ် ဖြစ်နေသော်လည်းပဲ ဖတ်ရှုသူများအဖို့တော့ ကျောရိုးတစ်လျှောက်လုံး ချမ်းစိမ့်နေမိသည်။

ဤလူများက ကလေးတွေ မဟုတ်ကြချေ။ လူဆိုးလူမိုက်များ ဖြစ်ကြ၏။

ချန်ယွီ့ အစောပိုင်းတုန်းက ပြောခဲ့သည့် အကြောင်းအရာကို စဉ်းစားမိတော့ ကျိုးခဲ့ရှင်းက မေးလိုက်သည်။ “ ဒေါက်တာချန် … သူ့ရွာကို ရောက်လာကြတဲ့ နစ်နာသူတွေက အားဝေ့ကြောင့် ဆေးရုံတင်လိုက်ရပြီး ဒဏ်ရာတွေကြောင့် သေဆုံးသွားတဲ့လူတွေရဲ့ မိသားစုဝင်တွေလား ….”

“ မှန်တယ် …” ချန်ယွီ့ ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ သူတို့ အဲ့နေ့က ရောက်သွားခဲ့ကြတာ အဲ့ဒီအတွက်ပဲ … သူ့အသက်နဲ့ ပြန်ပြီး ပေးဆပ်ခိုင်းချင်ကြတယ်လေ …”

“ မင်းတို့အကုန်လုံးလည်း အခုလေးတင် အမှုထင်မြင်ချက်ကို ဖတ်ပြီးကြပြီပဲဟာ … သူ့ရဲ့ အာထရာမန်း တပ်ဖွဲ့က ညမှာ ငိုတဲ့ ရွာက ကလေးတွေကို တိတ်သွားစေတဲ့အထိအောင် ကြောက်ဖို့ ကောင်းခဲ့တယ် …”

“ ငါတော့ ဘယ်လာဂလက်ဆီ တပ်ဖွဲ့က သူတို့နဲ့ ပိုပြီး သင့်လျော်သလားလို့ …”

“ ကျေးဇူးပြုပြီး … ဒီလိုကောင်တွေကို ဒီထက်ပိုပြီး မြှောက်မပေးပါနဲ့တော့ …”

“ ဟယ်လို ရဲလား … ဒီမှာ ကျုပ် အာထရာမန်း တီဂါ ၊ ဂျက်နဲ့ ဆဲဗင်း ရိုက်နှက်တာ ခံခဲ့ရလို့ပါ …”

“ ဒါ အာထရာမန်းကို စော်ကားတဲ့ အမှုတွေထဲမှာ အဆိုးရွားဆုံး ကေ့စ်ပဲ …”

“ အာထရာမန်းက လူသားမျိုးနွယ်ရဲ့ ဂုဏ်ကျက်သရေကို ကိုယ်စားပြုတယ် … ဒီ မျိုးမစစ်လေးတွေက ဇာတ်ကား ကြည့်ပြီး ဟုတ်တာတွေကျတော့ မသင်ယူကြဘူး …”

“ မင်း အလင်းကို ယုံကြည်လား ( ရော့ လက်သီး ) “

“ လိုက်စထွင်းထဲရှိနေကြတဲ့ မိဘတွေအားလုံး … ကျေးဇူးပြုပြီး ငဲ့ညာပေးကြပါ … အာထရာမန်းကို ရဲမတိုင်ကြပါနဲ့ …”

“ ဖြစ်နိုင်တာ အာထရာမန်း တပ်ဖွဲ့ဆိုတဲ့ နာမည်က ဒေသခံ အစိုးရကို ဒီတိုင်း ကလေးတွေ ပေါက်ကရ လျှောက်လုပ်တဲ့ အဖွဲ့လို့ အထင်မှားအောင် တမင်ပေးထားတာများလားနော်…”

ကွန်းမန့်များကို ဖတ်ရှုရင်း ချန်ယွီ့ ပြောလိုက်သည်။ “ သူတို့မှာ အဲ့လို ဉာဏ်ရည်မျိုး မရှိဘူး …”

“ အားဝေ့က ဒီတိုင်း အာထရာမန်းကို ကြိုက်တာ …”

ကျိုးခဲ့ရှင်းမှာ ရုတ်ချည်း တုန်ယင်သွား၏။

“ ဒေါက်တာချန် … ကျွန်မ အားဝေ့လိုက်စထွင်းမှာ အသီး အော်ဒါမှာတော့ အိမ်လိပ်စာနဲ့ ဖုန်းနံပါတ်ကို ချန်ထားခဲ့တယ် … အားဝေ့ ကျွန်မကို လက်စားလာချေမလား မသိဘူးနော်…"

ထိုအချိန်၌ ကျိုးခဲ့ရှင်းသည် ကြောက်ရွံ့လွန်းအားကြီး၍ မျက်နှာဖြူလျော်နေသည်။

အရင်ဦးဆုံး သူမက အားဝေ့၏ အသီးများတွင် ပြင်းထန်သည့် အရည်အသွေး ပြဿနာ ရှိနေကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ချန်ယွီ့ လိုက်စထွင်းထဲသို့ ပြေးလာပြီး အကူအညီလာတောင်းလေသည်။

ချန်ယွီ့၏ အကူအညီဖြင့် အားဝေ့၏ အရောင်ကာလာ အစစ်အမှန်တို့မှာ ကြက်သွန်နီ အခွံခွာသည့်နှယ် တစ်လွှာပြီးတစ်လွှာ နွှာခံနေရသည်။

အားဝေ့လည်း လိုက်စထွင်း လုပ်နေတယ်ဆိုတာကို သူမ မေ့လျော့နေခဲ့၏။

ဤလူ ပြုခဲ့ဖူးသည့် နတ်ဆိုးဆန်လှသည့် လုပ်ရပ်များအကြောင်း စဉ်းစားမိတော့ ကျိုးခဲ့ရှင်းမှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့သည်။ သူမက အိမ်လိမ်စာ အစစ်အမှန်နှင့် ဖုန်းနံပါတ်ကို လူမိုက်တစ်ဦးဆီ ပေးထားခဲ့မိလေသည်။

ကျိုးခဲ့ရှင်းမှာ ငိုချင်းချလုနီးပါး တုန်လှုပ်နေမိတော့၏။

“ ဘုရားရေ …”

ကျိုးခဲ့ရှင်း၏ ဆံပင် ထိပ်ဖျားလေးများ ထောင်ထသွားခဲ့သည်။

သူမ ကြောက်ရွံ့နေသည့်အရာမှာ အစစ်အမှန် ဖြစ်လို့လာခဲ့လေသည်။

အားဝေ့ သူမကို လက်စားလာချေလိမ့်မလားဟု စိုးရီမ်နေစဉ် သူက လိုက်စထွင်းစတိတ်စင်ပေါ် တက်လာဖို့ တောင်းဆိုလာခဲ့သည်။

“ ဒေါက်တာချန် … ကျွန်မ … ကျွန်မ အရင် ထွက်သွားလို့ရမလားဟင် …”

ခန့်မှန်းနေဖို့ မလိုပေ။ အားဝေ့က သူတို့ကို လူသိရှင်ကြား စွပ်စွဲရှုတ်ချဖို့ လာခဲ့တာ ဖြစ်၏။

“ မမလေးကျိုး … မင်းမြန်မြန်ပြေးတာ ကောင်းလိမ့်မယ် … သတိထားတာက မမှားဘူး …”

“ အိမ် ချက်ချင်းပြောင်းပြီး ဖုန်းနံပါတ်ပါ ပြောင်းလိုက် …”

“ မမလေးကျိုး … မင်းရဲ့ အိုင်ပီလိပ်စာကို ကြည့်ရသလောက် ငါတို့က တစ်မြို့တည်းသားချင်းတွေပဲ … မင်း သန်မာတဲ့ ဘော်ဒီဂတ် တစ်ယောက်လောက် ခန့်ထားချင်လား …”

“ သူက အာထရာမန်းတွေ အများကြီးရဲ့ ဘော့စ်နော်…. မင်းကို လက်သီးတစ်ချက်နဲ့ ကမ္ဘာမြေကနေ M78 နီဗျူလာအထိ ပို့ပေးနိုင်တယ် …”

“ မင်း မားမားမတ်မတ် ရပ်တည်ရမယ် ….”

ကြောက်လန့်နေသည့် ကြောင်လေးကဲ့သို့ တုန်ယင်နေသည့် ကျိုးခဲ့ရှင်းကို ကြည့်ရင်း ချန်ယွီ့ ညင်သာသည့် လေသံဖြင့် ပြောလိုက်သည်။ “ မင်း ကြောက်ဖို့ မလိုဘူး … မင်းကို လက်စားချေဖို့ သူ့မှာ အခွင့်အရေး မရှိတော့ဘူး …”

ထိုသို့ ပြောပြီးနောက် ချန်ယွီ့က သဘောတူသည်ကို ကလစ်နှိပ်လိုက်သည်။

နောက်တစ်စက္ကန့်မှာပဲ အသားညိုညို၊ လက်မောင်းကြွက်သားတစ်ကြီးများနှင့် ရုပ်ရည် အသင့်အတင့်ရှိသည့် လူငယ်တစ်ဦးက စခရင်ထက်တွင် ထွက်ပေါ်လာသည်။

ကျိုးခဲ့ရှင်းမှာ သူမ၏ လက်နှစ်ဖက်ဖြင့် မျက်နှာကို အလျင်အမြန် အုပ်ထားလိုက်၏။

နှုတ်ကလည်း တတွတ်တွတ် နေရွတ်နေသည်။

“ သူငါ့ကို မမြင်ဘူး … သူငါ့ကို မမြင်ဘူး …”

ထို့နောက် ကျိုးခဲ့ရှင်းက တစ်စုံတစ်ယောက် ငိုရှိုက်သံကို ကြားလိုက်ရသည်။

သူမ လက်ချောင်းများကြားက သေချာလေး စူးစမ်းကြည့်လိုက်တော့ ….

ဟယ် … ဘာကြီးလဲ …

သူမက ကြောက်လန့်လွန်းလို့ မငိုရသေးခင် အားဝေ့က သူမထက် အရင် ငိုပြနေတယ် ….

ထို့ပြင် ငိုရှိုက်နေသည့် အသံကလည်း အတော်လေးကို အားကောင်းလှသည်။

သိပ်သနားဖို့ ကောင်းလှ၏။

ကျိုးခဲ့ရှင်း သူမ ခေါင်းကို ကြမ်းတမ်းစွာ ခါယမ်းလိုက်ပြီး ခန္ဓာကိုယ်တစ်လျှောက်တွင် ကြက်သီးမွေးညှင်းတို့ ထလာခဲ့၏။

ချန်ယွီ့လည်း အံ့အားသင့်သွားခဲ့သည်။

အားဝေ့က စည်းမျဉ်းအတိုင်း ဘာလို့ လိုက်မကစားတာလဲ …

ချန်ယွီ့နဲ့ ကျိုးခဲ့ရှင်းတို့ရဲ့ ဖော်ထုတ်တာကို ခံရအပြီးမှာ အားဝေ့က သွေးရူးသွေးတမ်း မဖြစ်သွားဘူးဆိုရင်တောင် ...

ကြမ်းတမ်းတဲ့ စကားခွန်းတစ်ချို့တော့ ပြောသင့်တယ်လေ … ဟုတ်တယ်ဟုတ် …

လုပ်စမ်းပါ ညီကို … မင်းက အာထရာမန်း တပ်ဖွဲ့ရဲ့ ဘော့စ်ကြီးလေ …

အတိတ်မှာတုန်းက လက်ရဲဇက်ရဲနဲ့ သိပ်ကို ရက်စက်ခဲ့တဲ့လူ မဟုတ်ဘူးလား …

အခုကျမှ ဘာလို့ မိန်းမငယ်လေးလို လုပ်ပြီး လာငိုပြနေတာလဲ …

“ ဘာလို့လဲ … မင်းတို့ ဘာလို့ ငါ့အပေါ် ဒီလိုတွေ လုပ်ရက်ကြရတာလဲ …”

“ ထောင်ထဲ သုံးနှစ်ကြာပြီးတဲ့ နောက်မှာ ငါ့ အပြစ်တွေကို ငါ နောင်တရလို့ ပေးဆပ်ခဲ့ပြီးပြီ …”

“ အကျဉ်းထောင်ထဲကနေ လွတ်မြောက်လာခဲ့ပြီးတဲ့နောက်ပိုင်းမှာ သူတို့နဲ့ အဆက်အသွယ်တောင် မလုပ်ခဲ့ဘူး … ငါက ဒီတိုင်း အသီးလေးရောင်းချင်ရုံ သပ်သပ်ပါပဲ …”

“ သမာအာဇီဝနဲ့ အသက်မွေးပြီး ကိုယ့်ဝမ်းကိုယ် ဖြည့်ချင်တယ် …”

“ ဒီနေ့ခေတ်ကြီးမှာ ထောင်ထွက် တစ်ယောက် အပြင်လောကမှာ ရှင်သန်ဖို့ ဘာကြောင့် ဒီလောက်တောင် ခဲယဉ်းနေရတာလဲ …”

အားဝေ့က သူ့မျက်နှာကို အုပ်ပြီး တသိမ့်သိမ့်တုန်အောင် ငိုရှိုက်နေလျက် ရှိသည်။

“ မင်းတို့က ငါသေမှ ငါ့အပေါ် လက်ညှိုးထိုးနေတာတွေ တော်ကြမှာလား ဟုတ်လား …”

ကျိုးခဲ့ရှင်းက သူမ၏ လက်ချောင်းများကို ဖြည်းညင်းစွာဖြင့် အောက်သို့ ပြန်ချပြီး အနည်းငယ် အပြစ်ရှိစိတ်ကို ခံစားနေရသည်။

“ ရာဇဝတ်သားတွေ အကုန်လုံးက သေဖို့ တန်နေရင် နိုင်ငံကလည်း အကျဉ်းထောင်တွေကို ဘာလို့ ဆောက်ပြီး ငါတို့ရဲ့ အမှားကို ပြန်သုံးသပ်ခွင့် ပြုမှာလဲ …”

“ ငါတို့အကုန်လုံးကို သတ်ပစ်လိုက်ရင် ပြီးသွားပြီပဲ မဟုတ်လား …”

“ ငါ့အမှားကို ငါသိတယ် … ငါ အထဲက ထွက်လာကတည်းက ရိုးရိုးသားသားနဲ့ အသက်မွေးဖို့ ဆုံးဖြတ်ပြီးသား … အဲ့တာကို မင်းတို့က ဘာလို့ ငါ့ကို ခွင့်မပြုချင်ကြရတာလဲ …”

အားဝေ့က ထပ်ခါထပ်ခါ ငိုရှိုက်ပြီး ပြောသည်။

“ ငါ့မှာ အကျဉ်းထောင်ထဲက ထွက်လာတဲ့ လူတွေနဲ့ ပတ်သက်ပြီး မလိုမုန်းထား ဘက်လိုက်တာမျိုး မရှိဘူး ..” ချန်ယွီ့ ပြောပြီးနောက် နှာမှုတ်လိုက်သည်။ “ ပြီးတော့ မင်းလို ကောင်မျိုးကို လက်ခံမယ့်အစား သူတို့ကိုပဲ လူ့အဖွဲ့အစည်းထဲ ပိုပြီးတော့တောင် လက်ခံလိုက်ဦးမယ် …”

“ မင်းမှာ အဲ့လို အခွင့်အရေး မရှိဘူး …”

All Chapters