ထောင်ထဲမှာ သင်ယူ တတ်မြောက်ခဲ့တဲ့ ကျွမ်းကျင်မှုများ
Vol. 16 Ch. 155
ချန်ယွီ့ စကားကို ကြားတော့ အားဝေ့မှာ ဆက်တိုက် ငိုရှိုက်နေလျက် ရှိနေသည်။
ကျိုးခဲ့ရှင်းနှင့် ကြည့်ရှုသူများမှာတော့ ကြက်သေသေသွားခဲ့ကြ၏။
သူတို့၏ အမြင်တွင် ချန်ယွီ့က လိုက်စထွင်း လွှင့်သည့် အချိန်တိုင်း မျက်နှာထက်တွင် ညင်သာသည့် အပြုံးကို ဆင်မြန်းထားတတ်သူ ဖြစ်သည်။
သူ့ အသံက အလျင်လိုခြင်းလည်း မရှိသကဲ့သို့ နှေးကွေးခြင်းလည်း မရှိပေ။
စကားပြောခန်းထဲရှိ ကွန်းမန့်များက မလိုလားအပ်သည့် ကိုယ်ရေးကိုယ်တာ တိုက်ခိုက်မှုတို့ မပြုလုပ်သရွေ့ ချန်ယွီ့က လေးနက်သည့် အမူအရာကို မပြသတတ်ပေ။
ပုံမှန်ဆိုပါက လိုက်စထွင်း လွှင့်နေစဉ်တွင် ချန်ယွီ့က လေးနက်သည့် လေသံအမူအရာဖြင့် စကားပြောခဲ၏။
ချန်ယွီ့လိုလူတစ်ယောက်က ဘာကြောင့် အားဝေ့နဲ့ တွေ့မှ မတူတဲ့ လူတစ်ယောက်လို ပြောင်းလဲသွားခဲ့ရတာလဲ …
သူက ချက်ချင်းပဲ အားဝေ့ကို ခွင့်လွှတ်ပေးလို့မရတဲ့လူလို့ ပြောဆိုလာတယ် …
“ သူ ထောင်ထဲက ထွက်လာခဲ့ပြီဆိုရင် ကိုယ့်ကိုယ်ကို ကောင်းကောင်းမွန်မွန် ပြုမူနေထိုင်သင့်တယ် …”
“ သူသာ လူတွေကို ဆက်ပြီး လိမ်လည်လှည့်ဖျားနေဦးမယ်ဆိုရင် ငါလည်း သဘောကျမှာ မဟုတ်ဘူး …”
“ ငါ့မှာ ထောင်ကျတာကို ဂုဏ်ဆာတဲ့ ဘော်ဒါတစ်ချို့ ရှိတယ် …”
“ ဒါပေမယ့် အားဝေ့က လူသစ်၊ စိတ်သစ် ဖြစ်နေပြီလေ …”
“ ချီး … လူသစ် စိတ်သစ်ဖြစ်တဲ့ကောင်က အရည်အသွေး ပြဿနာရှိနေတဲ့ အသီးတွေကို ရောင်းပါ့မလားဟ …”
“ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီကောင်က အရိုးထဲထိကို ပုပ်နေပြီ …”
လဲ့
“ ကိုယ်က ဘာကောင်ကြီးပဲ ဖြစ်နေပါစေ ၊ ဘဝကို မှန်မှန်ကန်ကန်နဲ့ နေထိုင်ဖို့ လိုတယ်…”
ကြည့်ရှုသူများက ကွန်းမန့်များ ရေးရင်း သူတို့၏ ထင်မြင်ချက် သဘောထားကို ဖော်ထုတ်နေကြသည်။
ချန်ယွီ့ အားဝေ့ကို မုန်းတီးနေခဲ့ရခြင်း အကြောင်းအရင်းက ယခင်တုန်းက သူ ရှာခဲ့သည့် ပြဿနာများကြောင့်ဟု ကြည့်ရှုသူတို့က ယုံကြည်နေကြသည်။
နောက်တစ်ချက်အနေနဲ့ကတော့ အားဝေ့က ထောင်ထဲတွင် ရရှိခဲ့သည့် သူ့အတွေ့အကြုံများကို အသုံးချပြီး သနားဖွယ်ကောင်းသည့် လူတစ်ယောက်၏ သရုပ်သကန်ကို ဖန်တီးကာ စားသုံးသူများကို ဘေးဥပါဒ်သင့်စေမည့် မကောင်းသည့် အသီးများကို ရောင်းချနေခြင်းကြောင့် ဖြစ်သည်။
အားဝေ့က သူ့ကို ပစ်မှတ်ထား တိုက်ခိုက်နေသည့် ကွန်းမန့်များကို ကြည့်ရင်း မျက်ရည်မျက်ခွက်နှင့် ပြော၏။ “ ကျေးဇူးပြုပြီး ငါရှင်းပြတာကို နားထောင်ပေးကြပါဦး … အသီးကိစ္စနဲ့ ပတ်သက်လို့ကတော့ လက်ကားရောင်းတဲ့ အသီးသည်ဆီကနေ အသီးတွေဝယ်ခဲ့တာကို ငါ ဝန်ခံတယ် …”
“ ဒါပေမယ့် အဲ့နောက်ကွယ်မှာ လူတွေ မသိတဲ့ တခြား အကြောင်းအရင်း တစ်ခုလည်း ရှိသေးတယ် …”
“ မင်းတို့တွေ ငါတို့နေရာကို မရောက်ဖူးတော့ ငါတို့ရွာကလေးက ဘယ်လောက်တောင် ဆင်းရဲနွမ်းပါးလဲဆိုတာကို သိကြမှာ မဟုတ်ဘူး ….”
“ ငါတို့ ရွာပတ်ပတ်လည်ကို တောင်တန်းကြီးတွေက ဝန်းရံထားတယ် … ပြီးတော့ စိုက်ပျိုးလို့ရတဲ့ မြေကလည်း အတော်လေးကို အကန့်အသတ်နဲ့ ….”
“ ရွာသား တော်တော်များများက သူတို့ရဲ့ ရွာကလေးကနေ စွန့်ခွာပြီး အပြင်ကို အလုပ်သွားလုပ်ကြတယ် … ရွာပြန်လာတယ်ဆိုတာလည်း တကယ် ရှားတယ် …”
အားဝေ့က မျက်ရည်များသုတ်ရင်း သူ့ မွေးရပ်မြေ ရွာကလေးက မည်မျှ သနားဖို့ကောင်းကြောင်းကို ကြည့်ရှုသူများအား ပြောပြနေခဲ့သည်။
ရွာသားတွေ တစ်နှစ်ပတ်လုံး လက်နှင့် အလုပ် မပြတ်သည်အထိ ကြိုးစားစေကာမူ အင်မတန် နည်းပါးလှသည့် ငွေပမာဏကိုသာ ရှာဖွေနိုင်ကြောင်းလည်း ပြောပြခဲ့သည်။
ရလဒ်အနေဖြင့် ရွာတွင် ဝဝလင်လင် မစားသောက်နိုင်သည့် ကလေးသူငယ်နှင့် အိမ်ထောင်စု အရေအတွက်တို့ ပေါများလာသည်။
အားဝေ့က သူ့အရင် မိုက်ခဲ့မိသည့် အမှားများကို ပြန်ပေးဆပ်ရန်အလို့ငှာ လိုက်စထွင်းများ ပြုလုပ်ရင်းဖြင့် ကြီးပွားရာ လမ်းကြောင်းကို လျှောက်လှမ်း ရှာဖွေပေးခဲ့သည်။
သို့ပါသော်လည်း ရွာသားများတွင် သီးနှံ ထွက်နှုန်းတိုးအောင် စိုက်ပျိုးနိုင်သည့် သိပ္ပံအသိပညာက မရှိ။ ရလဒ်အနေဖြင့် သူတို့ နှစ်စဉ် ရိတ်သိမ်းနိုင်သည့် သီးနှံအရေအတွက်က လောက်ငှနိုင်ဖို့ ဝေးစွ ဖြစ်၏။
များပြားလှသည့် အော်ဒါများက ၎င်းတို့၏ ပံ့ပိုးပေးနိုင်စွမ်းနှင့် ကင်းဝေးနေကြောင်းကို အားဝေ့က အမှန်အတိုင်း ပြောပြလိုသော်လည်း ရွာသားများက သဘောမတူကြချေ။
ထို့ကြောင့် သူလည်း အခြား ရွေးချယ်စရာမရှိပါဘဲ အပြင်လူများထံမှ သစ်သီးများကို ဝယ်ကာ သူတို့ ရွာက စိုက်ပျိုးသည့် သီးနှံများနှယ် အသွင်ဖမ်းရတော့သည်။
“ ငါလည်း သူတို့ကို ရပ်တန့်ဖို့ ကြိုးစားပါသေးတယ် … ဒါပေမယ့် အကုန်လုံးက ငွေကြောင့် အမြင်တွေ ကန်းကုန်ကြပြီ …”
“ သစ်သီးတွေရဲ့ အရည်အသွေးက ဆိုးရွားလွန်းမှန်း ငါလည်း ခံစားမိတာကြောင့် ငါလည်း … ငါလည်း ဒီကိစ္စကို လျှို့ဝှက်ချက် တစ်ခုအနေနဲ့ ထိန်းသိမ်းထားခဲ့မိတာပဲ …”
အားဝေ့က မတ်တပ်ရပ်ပြီး စခရင်သို့ ဦးညွှတ်လိုက်သည်။
သူက ငိုရှိုက်ရင်း ကြည့်ရှုသူများကို တောင်းပန်လိုက်၏။
“ မမလေးကျိုး … ငါတောင်းပန်ပါတယ် …. ငါ တကယ်ကို အနူးအညွှတ်တောင်းပန်ပါတယ် …”
“ မင်းက တောင်ပေါ် ဒေသတွေကို မရောက်ဖူးတော့ အဲ့ဒီက ဘဝက ဘယ်လောက်တောင် ခက်ခဲကြမ်းတမ်းလဲဆိုတာကို မင်း စိတ်ကူးယဉ်နိုင်မှာ မဟုတ်ဘူး…”
“ ငါ အမှန်အတိုင်း ပြောလိုက်တာနဲ့ ရွာသားတွေရဲ့ ဂုဏ်သတင်းပါ ပျက်စီးသွားရုံတင် မကဘူး … နွမ်းပါးတွင်းထဲကနေ ထွက်နိုင်မယ့် လမ်းစလည်း ပျက်စီးသွားတော့မှာ …”
“ တစ်ဖက်မှာက ငါ့ရဲ့ အသိစိတ်ဓာတ် ၊ တစ်ဖက်မှာကျတော့ ရာပေါင်းများစွာသော ရွာသားတွေရဲ့ ချမ်းသာလိုစိတ် …”
“ ငါ အားလုံးကို လိမ်ခဲ့မိတာက ဘာလို့ဆို ငါ့မှာ တခြား ရွေးချယ်စရာ မရှိလို့ပါ …”
ကျိုးခဲ့ရှင်းမှာ အားဝေ့၏ သူတို့ရွာကလေး မည်မျှ ဆင်းရဲနွမ်းပါးကြောင်းကို နားထောင်ရင်း သူမမှာ ဘယ်လိုမှ မခံစားနိုင်တော့ချေ။
“ ဟင်း … တကယ်လို့ ငါသာ အားဝေ့နေရာမှာ ဆိုရင် ငါ ဘာလုပ်သင့်လဲ …”
ကျိုးခဲ့ရှင်း သူမကိုယ်သူမ မေးခွန်းထုတ်လိုက်သည်။
အားဝေ့က သူမ၏ ဂုဏ်သတင်းကို ဖျက်စီးလုနီးပါး ဖြစ်ခဲ့သော်လည်း သူ့ရွာကလေး တစ်ခုလုံး၏ အသက်ရှင်နေထိုင်နိုင်ရေးအတွက် ဖြစ်၏။
အားဝေ့ ဝန်ခံလိုက်သည်နှင့် သူ့ လိုက်စထွင်းကို ပလတ်ဖောင်းက ဘန်းသွားရုံမျှမက ၊ မီဒီယာများကလည်း ပြစ်တင်ရှုတ်ချကြလိမ့်မည်။
သူတို့ရွာကလေးလည်း နဂို မူလအခြေအနေသို့ ပြန်လည် ရောက်ရှိသွားနိုင်သည်။
ဤအကြောင်း တွေးတောမိတော့ ကျိုးခဲ့ရှင်းသည် ပိုးသတ်ဆေးလွန်ကဲသည့် ကိစ္စရပ်များအကြောင်းကို မသိလိုက်စွာဖြင့် မေ့လျော့သွားခဲ့တော့၏။
လူတော်တော်များများကလည်း ကျိုးခဲ့ရှင်းနှင့် အတွေးတူနေသည်။
လူတို့က သူတော်စင်များ မဟုတ်ကြချေ။ အမှားကင်းသူ မရှိနိုင်ပေ။
“ ဒေါက်တာချန် … ငါ တောင်းပန်ပါတယ် … ငါ စောနလေးတင် ခံစားချက်တွေ ပေါက်ကွဲထွက်သွားလို့ မင်း ဒေါသထွက်လောက်မယ့် စကားတွေ ပြောခဲ့မိတယ် … ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပေးပါ ….”
အားဝေ့က ချန်ယွီ့ကို တစ်ဖန် တောင်းပန်လိုက်သည်။
တစ်ချိန်တည်းတွင် သူက ဖုန်းထုတ်ပြီး ဓာတ်ပုံများစွာကို ပြသလာသည်။
“ လူတိုင်းပဲ … တစ်ချက် ကြည့်ပေးကြပါ … ဒီဓာတ်ပုံတွေက ငါ ထောင်ထဲက ထွက်လာပြီးတော့ ရွာကို ပြန်ရောက်တဲ့အချိန်တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံတွေပါ …”
“ ဒီပုံတွေကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်တုန်းက ရိုက်ထားတာလို့ ပြောရင် ဘယ်သူ ယုံနိုင်မလဲ …”
ဓာတ်ပုံများကို မြင်တော့ ကြည့်ရှုသူများမှာ ရှော့ခ်ရသွားခဲ့ကြသည်။
အားဝေ့၏ ရွာကလေးက တကယ့်ကို သနားဖွယ်ရာ ဖြစ်၏။
အိမ်များအားလုံးက အိုမင်းယိုင်နဲ့နေကြပြီး လေပြင်းတစ်ချက် တိုက်ခတ်သည်တွင် အချိန်မရွေး ပြိုလဲတော့မည့်သယောင် ထင်ရသည်။
ပေါင်းပင်များကလည်း မြင်ရသည့် နေရာတိုင်းတွင် လူအရပ်တစ်ဝက်စာခန့် ကြီးထွားနေသည်။
ကလေးများ ဝတ်သည့် အဝတ်အစားများကလည်း အပေါက်အပြဲများနှင့် ဖြစ်ကာ လူကြီးများဝတ်ရသည့် အဝတ်အစားများမှာလည်း ထူးထူးခြားခြား သာ၍ ကောင်းမွန်မနေချေ။
နောက်ဆက်တွဲ ဓာတ်ပုံများက လယ်ကွက်ပင်။
စိုက်ပျိုးနိုင်သည့် လယ်ကွက် တစ်ချို့ကလွဲ၍ ကျန်နေရာများတွင် တောအုပ်ကြီးများ၊ တောင်တန်းကြီးများက နေရာယူထား၏။
ခေတ်မီသည်ဟု ယူဆနိုင်သည့် တစ်ခုတည်းအရာက ရွာအထွက်သို့ ဦးဆောင်နေသည့် ကွန်ကရစ် လမ်းကလေးပင်။
“ မမလေးကျိုး … နင် သူ့ကို ခွင့်လွှတ်လိုက်ပါလားဟင်… သူတို့ရဲ့ ဘဝက သိပ်သနားဖို့ ကောင်းလွန်းတယ် …”
“ ကျေးလက်ဘက်တွေက ဒီလောက်ထိကို အခြေအနေဆိုးရွားနေလိမ့်မယ်လို့ ငါလည်း ထင်မထားခဲ့ဘူး ….”
“ တစ်ရွာလုံးမှာ တီဗွီတစ်လုံးတောင် ရှိရဲ့လား မသိပါဘူး …”
“ မမလေးကျိုး သူ့ကို ခွင့်လွှတ်တာ ၊ ခွင့်မလွှတ်တာ အရေးမကြီးဘူး … ငါတော့ ဘာပဲဖြစ်ဖြစ် သူ့ကို ခွင့်လွှတ်တယ် … ဒီတစ်ခေါက်တော့ သူ တကယ် စိတ်သစ်၊လူသစ်ဖြစ်ဖို့ မျှော်လင့်တယ် …”
“ လိုက်စထွင်း ကြည့်တဲ့အချိန်ကျရင် အရမ်းကြီး အလေးအနက် မထားကြဖို့ လူတွေ ပြောကြတာ မဆန်းတော့ပါဘူး … အင်တာနက်က တကယ့်ကို ကြောင်သူတော်တွေနဲ့ ပြည့်နှက်နေတာပဲ …”
“ မင်းအဲ့လို ပြောကြေးဆိုရင် ရာဇဝတ်မှု ကျူးလွန်ခဲ့ဖူးတဲ့ လူက သေသင့်တဲ့ အမှိုက်သရိုက်လား … သူတို့ရဲ့ အပြစ်ကြွေးတွေကို ထောင်ထဲမှာ ပေးဆပ်ပြီးလို့ အပြင်ရောက်ရင် လမ်းပေါ်ထွက် တောင်းစားရမယ်လို့ ပြောနေတာလား ဟုတ်လား …”
“ သူက ဥပဒေရဲ့ အပြစ်ပေးမှုကို ခံယူပြီးပြီ … သူကိုယ်တိုင်ကလည်း အမှားကိုဝန်ခံပြီးပြီလေ … ဒီလို ပြုပြင်ချင်စိတ် ရှိတဲ့ လူတစ်ယောက်က ရွှေထက်တောင် အဖိုးတန်တယ်…”
“ တော်လောက်ပြီ … အခု ပြောနေတဲ့ ကောင်ကရော မင်းတို့တွေ အမှားတစ်ခါမှ မလုပ်ဖူးဘူးလား …”
အားဝေ့၏ မျက်ရည်မျက်ခွက်နှင့် ရှင်းပြချက်ကို နားထောင်ပြီး ၊ သူ့ရွာကလေး၏ သနားဖွယ်ရာ ကောင်းသည့် အခြေအနေကို မြင်တွေ့ပြီးနောက်တွင် ကြည့်ရှုသူ တော်တော်များများက သနားစိတ်တို့ ဖြစ်ပေါ်လာခဲ့ကြသည်။
“ အကျဉ်းထောင်က တကယ့်ကို ပုန်းကွယ်နေတဲ့ ပါရမီရှင်တွေ စုဝေးရာ အရပ်ဆိုတာ တကယ်မှန်ပါလား …”
စကားပြောခန်းထဲရှိ လူတိုင်းက မြိုင်မြိုင်ဆိုင်ဆိုင် ဆွေးနွေးနေကြစဉ် ချန်ယွီ့က လက်ကို မြှောက်ပြီး နှစ်ချက် အသာခေါက်လိုက်သည်။
“ မင်းလို … ပညာတောင် ကောင်းကောင်းမသင်ခဲ့ရတဲ့ လူတစ်ယောက်က လူ့အကြောင်းကို ဒီလောက်ထိ အထာနပ်နေမယ်လို့ ဘယ်သူက ထင်ထားမှာလဲ …”
“ မင်းက ဖြစ်နေတဲ့ ပြဿနာကို တိတ်တိတ်လေးပဲ လမ်းကြောင်းလွှဲလိုက်နိုင်တယ် …”
ချန်ယွီ့ စိတ်ထဲ ကြိတ်ပြီး နှာခေါင်းရှုံ့လိုက်သည်။
အချိန်တိုအတွင်းမှာပဲ အားဝေ့က စကားလမ်းကြောင်းကို တိတ်တိတ်လေး လွှဲကာ သူ့နာမည်ကိုပင် ရှင်းလင်းလိုက်နိုင်သည်။
အားဝေ့က တကယ့်ကို မခေသူတစ်ဦးပင်။
တစ်ရွာလုံး ဆင်းရဲနွမ်းပါးနေသည်ဟူသော အကြောင်းပြချက်ကို အသုံးချ၍ သူ၏ တရားမဝင် လုပ်ရပ်များအားလုံးအတွက် ပြီးပြည့်စုံသည့် ဆင်ခြေတစ်ခုကို ရှာတွေ့သွားခဲ့သည်။
အကယ်၍ အမှားတစ်ခုခု ရှိလျှင်ပင် တစ်ရွာလုံး၏ အမှားဖြစ်၏။
အားဝေ့နှင့် နည်းနည်းလေးမျှ မသက်ဆိုင်ပေ။
သူက ကြည့်ရှုသူများ၏ အာရုံစိုက်ရာကို တိတ်တိတ်လေး လမ်းကြောင်းလွှဲပြီး စကားပြောခန်းထဲရှိ စကားလမ်းကြောင်းကို သူ့ရွာကလေး၏ ဆင်းရဲနွမ်းပါးမှုအကြောင်းအရာဘက်သို့ ဦးတည်သွားစေခဲ့သည်။
တစ်ရွာလုံး၏ ဆုံးဖြတ်ချက်ကြောင့် သူ့မှာ ရွေးချယ်စရာ မရှိခဲ့ကြောင်း ပြောကြားရင်း ကြည့်ရှုသူများကို သူ့ အသီးများ၏ ပိုးသတ်ဆေးလွန်ကဲမှုကို မေ့လျော့သွားစေခဲ့သည်။
“ ဒေါက်တာချန် … ငါက စကားလမ်းကြောင်းလွှဲနေတာ မဟုတ်ပါဘူးကွာ … ငါက ဒီတိုင်းလေးပဲ အမှန်တရားတွေ ပြောနေတာပါ ….”
အားဝေ့ရှင်းပြသွားခဲ့သည်က ထိုအရာသည် ရွာသားများ၏ အမှားပင်။ ပြီးတော့ သူက အစားထိုး လျော်ကြေးပေးဖို့ ဆန္ဒရှိလေသည်။
သူ့ဘက်က အားလုံးကို တောင်းဆိုချင်သည်က သူနှင့် သူ့ရွာကလေးကို နောက်ထပ် အခွင့်အရေးလေး တစ်ခုလောက် ပေးသနားဖို့လောက်ပင်။
“ ငါ တစ်ဖန် ထပ်ပြောမယ် … မင်းက အဲ့ဒီ အခွင့်အရေးနဲ့ မတန်ဘူး …”
“ တရားရုံးရဲ့ အမှုထင်မြင်ချက်က မင်းကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု ဖြစ်စဉ်လောက်ကိုပဲ မှတ်တမ်းတင်ထားခဲ့တာ …”
“ အမှုနဲ့ ဆက်စပ်နေတဲ့ အရာတော်တော်များများကို အဲ့ထဲ မရေးထားဘူး …” ချန်ယွီ့က တင်းမာသည့် လေသံဖြင့် ဆိုလိုက်ပြီး “ ဥပမာတစ်ခု ပြောရရင် မင်း … ကိုယ့်အဘွားကိုယ် သတ်ခဲ့တာလို့ ရဲတွေကို ရည်ရွယ်ချက်ရှိရှိ ပြောခဲ့တာလိုမျိုးပေါ့ …”