အင်တာနက်ကို ပုန်းကွယ်ရာ နေရပ်တစ်ခု အဖြစ် အသုံးပြုခြင်း
Vol. 16 Ch. 156
အားဝေ့၏ မျက်လုံးသူငယ်အိမ်တို့ ကျုံ့ဝင်သွားခဲ့သည်။
“ မင်း မြို့ပေါ်ကို ကျောင်းသွားတက်တဲ့ ဂျူနီယာ အထက်တန်း ပထမနှစ်မှာ အင်တာနက်ဆိုတဲ့ အရာနဲ့ ပထမဆုံး ထိတွေ့နိုင်ခဲ့တယ် …” ချန်ယွီ့ တည်ငြိမ်စွာ ဆိုလိုက်ပြီး “ မင်းက အင်တာနက်စွဲလမ်းတဲ့ တခြား ဆယ်ကျော်သက်တွေနဲ့ မတူဘူး…”
“ မင်းက ဂိမ်းဆော့ရတာကို မကြိုက်ဘူး … အာထရာမန်း တစ်ခုတည်း ကြည့်ချင်တယ် …”
“ အာထရာမန်းကြည့်ဖို့အတွက် ပိုက်ဆံပိုရအောင် မင်း အဘွားဖြစ်သူဆီကနေ အကြောင်းပြချက် အမျိုးမျိုးပေးပြီး ပိုက်ဆံတွေ တောင်းတယ် …”
“ တစ်နေ့မှာ မင်းရဲ့ အလိမ်အညာတွေကို မင်းအဘွားက မြင်တွေ့သွားခဲ့ပြီး သူ မင်းကို ရိုက်ချင်တဲ့အထိ ဒေါသထွက်သွားခဲ့တယ် ..”
“ မင်းကတော့ ကိုယ့်ကိုယ်ကို အမှားလုပ်မိတယ်လို့ မခံစားရတဲ့အပြင် မိသားစုရဲ့ တစ်ဦးတည်းသော သားဖြစ်တဲ့ မင်းက ပိုက်ဆံတွေ အကုန်လုံး မင်းပိုင်တဲ့ အရာပဲ ဖြစ်သင့်တယ်လို့ ထင်တယ် ….”
“ အခုလက်ရှိ မင်းကို ပေးနေတာနဲ့ အနာဂတ်က မင်းကို ပေးနေတာနဲ့က အတူတူပဲ …”
“ မင်းက အဘွားကို မြေပေါ် တွန်းလှဲလိုက်ရုံတင် မကဘူး … သူ နှလုံးရှော့ခ်ရလို့ အသက်ရှူကြပ်နေတာကို အေးစက်တဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေခဲ့တယ် ….”
“ မင်း အဘွားက သူ့ဆေးယူပေးဖို့ တောင်းပန်ပေမယ့် မင်း ဘာမှ မလုပ်ပေးခဲ့ဘူး …”
“ နောက်ဆုံးတော့ မင်း အဘွားက မင်းမျက်စိရှေ့မှာတင်ပဲ သေသွားခဲ့တယ် …”
“ သူ့ရဲ့ ဂရုစိုက် စောင့်ရှောက်ပေးမှုအောက်မှာ မင်း ကြီးပြင်းလာခဲ့တယ် …” ချန်ယွီ့ အေးစက်စွာ ဆိုလိုက်ပြီး “ မိသားစုရဲ့ အခြေအနေက ဘယ်လောက်ပဲ ဆိုးရွားနွမ်းပါးနေပါစေ၊ သူ မင်းကို အစားလျှော့ကျွေးတာမျိုး မရှိခဲ့သလို အဝတ်စားအသစ်တွေ မဝယ်ပေးခဲ့ဘူးဆိုတာ မရှိခဲ့ဘူး …”
“ အဲ့နောက်မှာ မင်းက လုံးဝကို အထိန်းအကွပ်မဲ့သွားပြီးတော့ မင်းအဘွားရဲ့ စုငွေတွေ အကုန်လုံးကို သုံးပြီး လူမှု အဖွဲ့အစည်းရဲ့ အမှောင်ဘက်ခြမ်းနဲ့ စပြီး ထိတွေ့ဆက်ဆံတယ် …”
“ မင်းက အင်တာနက် ကဖေးတွေကို သိပ်စွဲလန်းခဲ့တော့ အပြင်ကမ္ဘာကြီးက ဘယ်လိုမျိုးလဲဆိုတာ မင်းက ရွယ်တူတွေထက်ကို ပိုပြီး သိနေတယ် …”
“ အသက်မပြည့်သေးတာကြောင့် ရာဇဝတ်မှု ကျူးလွန်ရင်တောင် ကြီးလေးတဲ့ ပြစ်ဒဏ်ခံရမှာ မဟုတ်ဘူးဆိုတာကို မင်း သိတယ် …”
“ မင်းက အမြဲတမ်း အောက်ဆွဲတစ်သိုက်နဲ့ ဝိုင်းရံနေပြီး အာဏာပိုင်တွေကိုလည်း ရှိတယ်လို့တောင် မထင်ဘူး …”
“ ရဲတွေကို စော်ကားဖို့အတွက် မင်းက မင်းရဲ့ အဘွား မင်းရှေ့မှာ နှလုံးရှော့ခ်ရသွားတာကို စောင့်ကြည့်နေခဲ့တယ်လို့ သူတို့ကို အမှန်အတိုင်း ပြောခဲ့တယ် …”
“ ဆေးဘူးက မင်းလက်ထဲမှာပဲ … မင်းက ဒီတိုင်း မပေးချင်လို့ကို မပေးတာ …”
သူတို့ ချစ်ရသူများကို ပြောင်စေ၊ ပျက်စေ သဘောမျိုးဖြင့် ထိခိုက်နာကျင်စေသူများကို ချန်ယွီ့ မည်သို့မျှ သည်းမခံနိုင်ချေ။
အားဝေ့ကို ကိုင်တွယ်ဖို့က ရဲများ၏ အလုပ်အဖြစ်ပြီး ဒီ မျိုးမစစ်၏ အရောင်ကာလာ အစစ်အမှန်ကို ဖော်ထုတ်ဖို့က ချန်ယွီ့၏ အလုပ်ဖြစ်သည်။
ယင်းကလည်း သူ့ကို ရဲလက်ထဲ နောက်တစ်ကြိမ် ပြန်ပို့ဖို့ ဖြစ်၏။
သူ့ အဘွား ကွယ်လွန်သွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာညောင်းခဲ့ပြီ ဖြစ်ပြီး အလောင်းကလည်း ပြာအဖြစ်သို့ ကူးပြောင်းသွားခဲ့သည်မှာ ကြာပြီ ဖြစ်၏။
အကယ်၍ သူက ရဲအရာရှိများကို ပြောပြလျှင်ပင် သူတို့မှာ ဖမ်းဆီးဖို့အတွက် လက်ဆုပ်လက်ကိုင် သက်သေ အထောက်ထား မရှိချေ။
အားဝေ့က ပြန်ချေပလိုသည်ကို မြင်တော့ ချန်ယွီ့က နှာမှုတ်ပြီး သူ့ကို စကားဖြတ်ပြောလုက်သည်။ “ မင်း ဘာပြောချင်နေလဲ ငါသိတယ် … မင်းပြောချင်နေတာက မင်းက ထောင်ထွက်မို့လို့ ငါ မင်းကို အထင်သေးနေတာ ဟုတ်တယ်မလား … ပြီးတော့ ငါက မင်းကို ရည်ရွယ်ချက်ရှိရှိ အသရေဖျက်နေတာ … အဲ့လိုမလား …”
“ လောစရာ မလိုဘူး … ငါတို့ တစ်ခုပြီး တစ်ခု ပြောကြတာပေါ့ ….”
“ ဥပဒေအရဆိုရင် တရားခံက ဝန်ခံရင်တောင် ရဲတွေမှာ လက်ဆုပ်လက်ကိုင် သက်သေမရှိရင် ဖမ်းဆီးလို့မရဘူး …”
“ သူတို့က မင်းရဲ့ ရာဇဝတ်မှုကို သက်သေမပြနိုင်ဘူးဆိုပေမယ့် မင်းပြောခဲ့တဲ့ စကားတွေကို မင်းတို့ ဒေသတွင်း ရဲစခန်းရဲ့ ဒေတာဘေ့စ်ထဲမှာ သိမ်းထားတယ် …”
“ ရွာသားတွေက သဘောထားကြီးပြီး မင်းကို နွေးနွေးထွေးထွေး ကြိုဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ကတော့ … အဲ့တာတွေ အကုန်လုံး သောက် အဓိပ္ပာယ်မရှိတဲ့ အရာတွေချည်းပဲ ….”
ချန်ယွီ့က စားပွဲကို ခေါက်လျက် အားဝေ့ကို အေးစက်စွာ ပြုံးပြီး ကြည့်လိုက်သည်။
“ သူတို့က မင်း ရွာပြန်လာတာကို လက်ခံပေးတာက သဘောထားကြီးလို့ မဟုတ်ဘူး … ဒီတိုင်း မင်းကို လက်မခံဘဲ မနေဝံ့တာ …”
“ မင်းက ထောင်ထဲမှာ နှစ်တွေ အကြာကြီး နေခဲ့ရတယ်ဆိုပေမယ့် ရွာသားတွေအပေါ်မှာ မင်းကြီးစိုးခဲ့တဲ့ ကြောက်စရာ အရိပ်ကြီးက မပျောက်သွားသေးဘူး ….”
ကျိုးခဲ့ရှင်းမှာ တန်ကြေးမရှိသည့် စာနာသနားမှုကို ပေးခဲ့သည့် သူမကိုယ်သူမ ပါးဖြတ်ရိုက်ချင်မိသွားခဲ့သည်။
ဤလူ၏ အလိမ်ညာ စကားများအောက်တွင် သူမမြောပါသွားသည်ကိုပင် ကိုယ့်ကိုယ်ကို မယုံကြည်နိုင် ဖြစ်နေသည်။
“ အားဝေ့ … နင်က တကယ့်ကို အယုတ်တမာကောင်ပဲ … ငါတောင် နင့်ကြောင့်နဲ့ လှည့်စားခံလိုက်ရတယ် …”
ကျိုးခဲ့ရှင်းက ဒေါသတကြီးနှင့် ကျိန်ဆဲလိုက်၏။ အားဝေ့ကလည်း မသက်မသာ ခံစားနေရလေသည်။
သူ လိုက်စထွင်း စလွှင့်ကတည်းက ချန်ယွီ့ အကြောင်းနှင့် ပတ်သက်သည့် ကောလဟာဟတို့ ကြားခဲ့ဖူးသည်။
ပြောကြသည်မှာတော့ ဤလူက အရာရာတိုင်းကို သိမြင်ပြီး များစွာသော ရာဇဝတ်သားများကိုလည်း ရဲအရာရှိများအတွက် ဖမ်းပေးခဲ့သည်ဟု ဆိုကြသည်။
အားဝေ့က သူ့ကိုယ်ပိုင် မျက်လုံးနှင့် မြင်တွေ့ခဲ့ရခြင်း မရှိသဖြင့် ထိုစကားများကို မယုံကြည်သည်က သဘာဝပင်။
ထို့ကြောင့် ဤ တစ်ခေါက် ဖြစ်ရပ်တွင် သူ့ တာဝန်ခံမှုကို ရွာသားများအပေါ်သို့ ပုံချပြီး ဇာတ်လမ်းကိုလည်း သူနှင့် ချန်ယွီ့ကြားက မပြေလည်မှုအဖြစ် လမ်းကြောင်းပြောင်းလဲလိုက်သည်။
ထို့ကြောင့် စကားလမ်းကြောင်းကို တိတ်တိတ်လေး လမ်းလွှဲခဲ့တာ ဖြစ်ပြီး သူ့အပေါ် တင်ရှိသည့် အပြစ်များကို လျော့ပါးစေခဲ့တာ ဖြစ်၏။
သို့ပါသော်လည်း ချန်ယွီ့က အရာအားလုံးကို လျစ်လျူရှုပြီး သူ့ အတိတ်အကြောင်းများကို ဖော်ထုတ်ရင်း စားပွဲလှန်လိုက်လိမ့်မည်ဟု ထင်မထားခဲ့ချေ။
ထိုအချိန်၌ ဖန်တစ်ဦးက အထူးကွန့်မန့်တစ်ခု ပေးပို့လာခဲ့သည်။
“ အားဝေ့က သူ့နဂိုအတိုင်း မပြောင်းလဲဘဲ ရက်စက်ကြမ်းကြုတ်သေးတယ်ဆိုရင် ဘာလို့ အရင်အတိုင်းပဲ သူ့ ဂိုဏ်းနဲ့ ပေါင်းပြီး မိုက်ကြေးမခွဲလဲ … အဲ့ဒီအစား ဘာလို့ စထွင်မာလာလုပ်နေလဲ …”
“ ရိုးရှင်းပါတယ် … ဘာလို့ဆို သူ အကျဉ်းထောင်ထဲမှာ ရခဲ့တဲ့ အတွေ့အကြုံတွေကြောင့်ပဲ …”
ချန်ယွီ့က အားဝေ့ထံသို့ စူးရှသည့် အကြည့်တစ်ချက် ပစ်လွှတ်လိုက်သည်။ ချန်ယွီ့စကားကို ကြားတော့ အားဝေ့၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့လေသည်။
အားဝေ့က အကျဉ်းထောင်ထဲတွင် သုံးနှစ် နေထိုင်ခဲ့ရသော်လည်း သူ့အမှားသူ သတိမပြုမိပေ။
သူ့ကိုယ်သူ ကံဆိုးသည်ဟုသာ တွေးထင်နေခဲ့၏။
ထိုစဉ်အချိန်က သူ့တွင် အတွေ့အကြုံ များစွာ မရှိခဲ့သည့်အတွက် သူ့လက်ပါးစေများနှင့်အတူ လိုက်ပြီး သူ့မျက်နှာကို လူတကာ မြင်သာအောင် လိုက်ပြခဲ့သည်။ ထို့ကြောင့်လည်း လက်ပူးလက်ကြပ် ဖမ်းခံခဲ့ရတာ ဖြစ်၏။
ထောင်ထဲတွင် အားဝေ့နေရသည့် အခန်းထဲ၌ နှစ်ကြီးပိုင်းများနှင့်သာ ပြည့်နှက်နေလေသည်။
ပြောစကားတို့မှတစ်ဆင့် ၊ ဒေသခံ အာဏာပိုင်များက လွတ်မြောက်လာသည့် အကျဉ်းသားများအပေါ် နီးကပ်စွာ စောင့်ကြည့်နေလျက် ရှိကြောင်း သိရှိခဲ့ရသည်။
ထို့ကြောင့် အားဝေ့က သူ့သင်ခန်းစာများကို နည်းနာခဲ့ပြီး အခြားသော အကျဉ်းသားများထံမှ အတွေ့အကြုံများကို ဆည်းပူးခဲ့သည်။
အကယ်၍ သူသာ ယခင် ဂိုဏ်းသားများနှင့် တိုက်ရိုက် ဆက်သွယ် ပူးပေါင်းသွားခဲ့မည်ဆိုပါက ဦးဆုံးအခိုက်အတန့်မှာတင်ပဲ ဒေသခံ အာဏာပိုင်များ၏ တွေ့ရှိမှုကို ခံသွားရလိမ့်မည်။
အားဝေ့က အကျဉ်းထောင်ထဲတွင် သင်ယူတတ်မြောက်ခဲ့သည်များကို လက်တွေ့အသုံးချပြီး အာဏာပိုင်များကို ရှုပ်ထွေးအောင် ပြုလုပ်ခဲ့လေသည်။
သူ့ကိုယ်သူ နွမ်းပါးမှု လျှော့ချရေး စထွင်မာ အဖြစ် ဟန်ဆောင်ပြီး positive energy ထုတ်လွှတ်ရင်း သူ့ကိုယ်သူ စိတ်သစ် ၊ လူသစ် ဖြစ်သွားပြီဖြစ်ကြောင်း ပြသနေခဲ့သည်။
“ မင်းရဲ့ စစချင်း လိုက်စထွင်းတွေမှာ မင်းရဲ့ လူကောင်းသရုပ်ကို ပီပြင်အောင်လို့ အင်တာနက်ပေါ်မှာ ရေပန်းစားတဲ့ စာတိုတစ်ချို့ကို အသုံးချခဲ့တယ် …”
“ မင်းက ကြည့်ရှုသူတွေကို အလုပ်ကြိုးစားပါ ၊ မိဘအပေါ် သိတတ်ကြပါ ၊ ကိုယ့်အပေါ် ချစ်ပေးတဲ့သူတွေကို ကောင်းပေးကြပါ …”
“ ပြီးတော့ ဥပဒေကို လိုက်နာဖို့လည်း ပြောခဲ့သေးတယ် …”
“ လူတွေ ဘယ်နှယောက်က အာရုံစိုက်နေတယ် ၊ ဒါမှမဟုတ် အသီးတွေ ရောင်းထွက်ထွက် ၊ မရောင်းထွက်ထွက် ဂရုမစိုက်ဘူး …”
“ ဒါတွေ အကုန်လုံးက စောင့်ကြည့်နေတဲ့ အာဏာပိုင်တွေကို ရှုပ်ထွေးအောင် လုပ်ပြီး မင်း တကယ်ပဲ သင်ခန်းစာရသွားပြီလို့ သူတို့ တွေးထင်သွားအောင် လုပ်ဖို့ပဲ …”
“ မင်းအပေါ် အာရုံစူးစိုက်မှုတွေကို သူတို့ လျှော့ချသွားတဲ့နောက်မှာ မင်းက တဖြည်းဖြည်းချင်း မင်းရဲ့ ဂိုဏ်းသားတွေကို ပြန်ပြီး စုဆောင်းမယ် …”
“ ဒါပေမယ့် လွတ်မြောက်လာတဲ့ တခြား အကျဉ်းသားတွေ အများကြီးကလည်း မင်းလို နည်းလမ်းမျိုး သုံးပြီး သူတို့ရဲ့ အရင်နှစ်တွေက အမှားတွေကြောင့် စွန်းထင်းခဲ့တဲ့ နာမည်ကို ရှင်းလင်းခဲ့ကြတယ်ဆိုတာတော့ မင်း ထင်မထားဘူးမလား …”
“ ပြီးတော့ ကြည့်ရှုသူ တော်တော်များများကလည်း မင်းတို့ သရုပ်ဆောင်ပြတာတွေကို ယုံပေးကြတယ် …”
“ မင်းကို ဖော်လိုလုပ်တဲ့ ဖန်အရေအတွက်ကလည်း တစ်နေ့ထက် တစ်နေ့ များပြားလာပြီး မင်းတို့ရွာရဲ့ အသီးတွေကို အော်ဒါမှာတဲ့ အရေအတွက်ကလည်း နေ့စဉ်နဲ့အမျှ များပြားလာတယ် …”
“ မင်း စစချင်းတုန်းကတော့ အင်တာနက်ကို အပြစ်ကင်းတဲ့ သရုပ်သကန် ဖန်တီးဖို့ အတွက် အသုံးချချင်ရုံ သပ်သပ်ပဲ … ဒါပေမယ့် အဲ့ဒီကနေ မင်းမှာ သိန်းချီတဲ့ ပရိသတ်တွေ ရှိလာမယ်လို့တော့ ထင်မထားဘူး …”
“ မင်း ခဏလောက်လေး စမ်းသပ် လိုက်စထွင်းလွှင့်တဲ့ တိုတောင်းတဲ့ ကာလအတွင်းမှာ ရခဲ့တဲ့ ပိုက်ဆံတွေက ရေတွက်လို့ကို မနိုင်အောင်ကိုပဲ … ဟုတ်တယ်နော်…”
ချန်ယွီ့ ဖော်ထုတ်အပြီးတွင် ကြည့်ရှုသူများမှာ ပေါက်ကွဲထွက်သွားတော့သည်။
“ ဒီမျိုးမစစ် မလုပ်ရဲတာ ရှိရော ရှိသေးရဲ့လား …”
“ ခါးသီးမှုကို ဂုဏ်ဆာဖို့ မလိုသလို အကောင်းအဆိုးကိုလည်း ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်လို့မရဘူး … မင်း သူ့ကို ဖော်ထုတ်လိုက်တာ ကောင်းတယ် ဒေါက်တာချန် …”
“ သူ့ကို စိတ်သစ် ၊ လူသစ် ဖြစ်သွားပြီလို့ ချီးကျူးနေကြတဲ့ကောင်တွေ ထွက်ခဲ့ကြစမ်းပါ … ငါတို့ စကားကောင်းကောင်း ပြောကြည့်ချင်လို့ ….”
“ ဒေါက်တာချန်ကတော့ ထောင်ထဲက ထွက်လာတဲ့ အဲ့ဒီလူတွေရဲ့ နောက်ထပ် ငွေဝင်လမ်းကြောင်း တစ်ခုကို ဖြတ်တောက်လိုက်ပြန်ပြီ …ဟားဟား ….”
“ ဉာဏ်အလင်းပွင့်ဖို့ ရှာဖွေနေချိန် ငါ ရုတ်တရက်ကြီး အင်တာနက်ဆယ်လီ လုပ်ဖို့ အကြံရလာတယ် … တကယ့်တကယ်ကျတော့ ငါတောင် အစမပျိုးရသေးခင် ငါ့ စီနီယာကြီးတွေက ဒီလမ်းကို လျှောက်လှမ်းပြီးခဲ့ကြပြီတဲ့လား ….”
" ဟိုးဟိုး ... နောက်ထပ် ၀တ္ထုခေါင်းစဉ် တစ်ခု ရပြီ ...."
“ ငါလေး ဆွံ့အနေမိပြီ … ရာဇဝတ်မှု ကျူးလွန်တဲ့ ဆယ်လီတွေကျတော့ ဘွိုင်းကော့ခံရတယ် … ထောင်က လွတ်လာတဲ့ အကျဉ်းသားတွေကျတော့ အင်တာနက်ပေါ်မှာ ဆယ်လီ ဖြစ်နိုင်တယ် … ဘာတွေလဲဟယ် … နားကို မလည်နိုင်တော့ဘူး … ”
အားဝေ့၏ မျက်နှာမှာ ဖြူလျော်သွားခဲ့ပြီး သူ့ရင်ဘက်ထဲတွင်လည်း ကြောက်ရွံ့မှုတို့ ပြည့်နှက်နေခဲ့သည်။
သူ့ကိုယ်သူ အတင်းအကြပ် တည်ငြိမ်အောင် ပြုလုပ်ပြီး ပြောလိုက်၏။ “ ဒေါက်တာချန် … မင်းက သန်းနဲ့ချီတဲ့ ဖော်လိုဝါတွေရှိတဲ့ ဒိတ်ဒိတ်ကျဲ စထွင်မာကြီးပဲ …. ငါ့လို ပါမွှားယင်ကောင်လေးကို ဘာကြောင့် ဒီလောက်ထိ ခက်ခဲအောင် လုပ်နေရတာလဲကွာ ….”
“ ငါ မကောင်းတဲ့ လုပ်ရပ်တွေ လုပ်ခဲ့ဖူးပေမယ့် မင်း ပြောသလောက်လည်း မဆိုးပါဘူး …”
“ မင်း ငါ့ကို အထင်သေးတယ်ဆိုတာနဲ့ပဲ သက်သေ အထောက်အထား မရှိဘဲနဲ့ ငါ့ကို ယိုးစွပ်လို့ မရဘူးလေ …”
“ မင်း ဆက်ပြီး ပြောနေမယ်ဆိုရင်တော့ ငါမင်းကို တရားစွဲရမှာပဲ ….”
“ အဲ့လောက်ထိ အလုပ်ရှုပ် ခံနေစရာ မလိုဘူး ….” ချန်ယွီ့ ခပ်ဖျော့ဖျော့ ပြုံး၍ ပြောလိုက်ပြီး “ သူတို့တွေ မင်းအိမ်တံခါးဝကို ရောက်နေပြီ …”
“ ဘာ …”
အားဝေ့ မသိစိတ်အလျောက် တံခါးဝသို့ လှမ်းကြည့်လိုက်မိသည်။
“ သူတို့ ဘာကြောင့် လာခဲ့လဲ ဆိုတာကတော့ မင်းဆီ တရားမျှတမှု လာရှာတာတော့ မဟုတ်ပါဘူး …”
“ ဒီတိုင်း သူတို့က မင်းရဲ့ စီးပွားရေး အကြံပေး ကုမ္ပဏီအကြောင်း စကားပြောချင်ရုံတင်ပါပဲ …”
ထိုစကား ကြားပြီးနောက် အားဝေ့မှာ လုံးလုံးလျားလျား ရှော့ခ်ရသွားခဲ့တော့သည်။