မိုးလောက်မြင့်တဲ့ ဈေးနှုန်းဖြင့် ဖိနပ်ရောင်းနေခြင်း
Vol. 16 Ch. 159
သူ ထိုစကားလုံးများ ပြောကြားနေချိန်တွင် ချန်ယွီ့ မနေနိုင်ဘဲ မုန့်သဟိုင် ပြောသည့် စကားများကို စိတ်ထဲ မြင်ယောင်နေမိ၏။
မုန့်သဟိုင်က ဆန်းကြယ်ဂိုဏ်းသားများ၏ အခြေအနေကို လှောင်ပြောင် ရယ်မောခဲ့သည်။
တစ်ချို့က မိုးခေါင်ခြင်းကြောင့် သေဆုံးသွားခဲ့ရသလို ၊ တစ်ချို့ကလည်း ရေကြီးမှုကြောင့် သေဆုံးသွားခဲ့ကြသည်။
ကံကြမ္မာဟောပြောသည့် အတတ်ကို တတ်ကျွမ်းသူများကတော့ ကြွယ်ဝသည့် မိသားစုများက မတူကွဲပြားသည့် ဧည့်သည်များအဖြစ် ဆက်ဆံကြလေသည်။
မုန့်သဟိုင်ကဲ့သို့ အခြားသော အမွေဆက်ခံသူများအဖို့ကတော့ …
သူတို့၏ ဘဝအခြေအနေက ခဲယဉ်းသည်ထက် ခဲယဉ်း လာခဲ့တော့သည်။
ယခု ကြည့်ရသလောက် တကယ်လည်း ထိုသို့ ဖြစ်နေသည့်ဟန်ပင်။
ယခုတလောတွင် ချန်ယွီ့သည် လူချမ်းသာ တစ်ချို့နှင့် ထိတွေ့ဆက်ဆံမိပြီး ၎င်းတို့ အားလုံးနီးပါးက ဖုန်းရွှေကို ယုံကြည်သက်ဝင်ကြသည်။ သူတို့၏ ကံကြမ္မာကို ပြောင်းလဲပစ်နိုင်ရန်နှင့် ကြွယ်ဝချမ်းသာမှုကို ထိန်းသိမ်းနိုင်ရန် ကူညီပေးနိုင်မည့် ကျွမ်းကျင်သူများကို ရှာဖွေလိုကြသည်။
“ ဆိုတော့ အကြောင်းအရင်း အဲ့ဟာပေါ့…”
ဥက္ကဌယင် ဤမျှ ကံဆိုးနေရသည့် အကြောင်းအရင်းက အခြားမိသားစု၏ ဘိုးဘေးကို သူ့ဘိုးဘေးအဖြစ် မှားယွင်း မှတ်ယူမိသောကြောင့် ဖြစ်လိမ့်မည်ဟု ဟွမ်ထင် တစ်ကြိမ်တစ်ခါလေးမျှပင် မတွေးတောခဲ့မိချေ။
သူက သူတို့၏ မွေးရပ်မြေနှင့် မိုင်ထောင်ပေါင်းများစွာ ဝေးကွာသည့် နေရာသို့ပင် ရွှေ့ပြောင်းခဲ့လိုက်သေးသည်။
သူ ကံကောင်းနေမှပဲ ထူးဆန်းနေမှာ ဖြစ်၏။
“ ဒေါက်တာချန် … ရှင်က ဇာတ်လမ်းတစ်ခုလုံးကို သိထားတဲ့လူ ဆိုတော့ ဖြေရှင်းနိုင်မယ့် နည်းလမ်းကိုလည်း ကျိန်းသေပေါက် သိမှာပဲ မလား …”
ဟွမ်ထင်က အရေးကြီးသည့် မစ်ရှင်ကို ပခုံးထမ်းထားရသည်။ ထို့ကြောင့် ချန်ယွီ့ စကားလုံးများ၏ စစ်မှန်မှုအပေါ် အလွန်အကျွံ စိုးရိမ်ပူပန်နေမိခြင်း ဖြစ်၏။
သူမက ဥက္ကဌယင်၏ ကံဆိုးမှုနှင့် ကူကယ်ရာမဲ့နေသည့် အခြေအနေကို မည်သို့ ပြောင်းလဲ နိုင်မလဲဆိုသည့်အပေါ်တွင် အာရုံစိုက်ထားသည်။
“ ရိုးရိုးလေးပါပဲ … သူနဲ့ မဆိုင်တဲ့ ဘိုးဘေးတွေကို သူ့နေရာသူ ပြန်ပို့လိုက် … ပြီးတော့ သူ့ရဲ့ တကယ့် စစ်မှန်တဲ့ ဘိုးဘေးတွေကို ပြန်ဖိတ်ခေါ်လိုက် …” ချန်ယွီ့က ညင်သာစွာ ပြုံးလျက် ဆိုလိုက်သည်။
“ ရှင်က ဒါကို ရိုးရှင်းတယ်လို့ ခေါ်တယ်ပေါ့ …”
ချန်ယွီ့စကားကို ကြားတော့ ဟွမ်ထင်မှာ ဒေါသထွက်လွန်း၍ အော်ရယ်ချင်မိသွားခဲ့သည်။
ငလျင်ကြောင့် အုတ်ဂူအများအပြားမှာ မြေကြော ရောထွေးကုန်သည်။
အရိုးများမှာလည်း မည်သူက မည်သူ့အရိုးဖြစ်ကြောင်း ပြောဖို့ မဖြစ်နိုင်တော့ချေ။
“ မင်းတို့ ဥက္ကဌက အယူသည်းလွန်းတယ် … “ ချန်ယွီ့ ပြောလိုက်ပြီး “ အဲ့တာက သိပ်တော့ မကောင်းဘူး …”
“ သိပ္ပံနည်းလမ်းတွေကို မသုံးဘဲ သူက မာစတာတွေ ငှားပြီး ပြဿနာကို ကိုယ့်ဘာကိုယ် မီးထွန်းရှာတယ် … ဘာလို့ အဲ့လောက်ထိ ဒုက္ခခံချင်နေတာ …”
“ မင်းတို့တွေ DNA စစ်ဆေးမှုကို သုံးပြီး ဘယ်သူ့အရိုးက ဘယ်သူနဲ့ ဆွေမျိုး တော်စပ်လဲ စစ်ဆေးလို့ရတာ မသိဘူးလား …”
“ အာ ….”
ဟွမ်လင်းမှာ ပြောစရာ စကား ကင်းမဲ့သွားခဲ့ရသည်။
သူများ ပြောကြသည်က ချန်ယွီ့သည် သိပ္ပံကို ယုံကြည်သည့် စိတ်ကျန်းမာရေးဆရာဝန်ဆိုဟု ဆိုကြသည်။
သို့ပါသော်လည်း သူ လိုက်စထွင်း စတင်ထုတ်လွှင့်ကတည်းက အကြောင်းအရာများသည် သိပ္ပံနှင့် လားလားမျှ သက်ဆိုင်နေခြင်း မရှိပါချေ။
မျက်လုံးတစ်စုံဖြင့် သာမန်မေးခွန်း အနည်းငယ် မေးမြန်းရင်း သူက လူတစ်ဦး ပြုခဲ့ဖူးသည့် လုပ်ရပ်များအားလုံးကို ဖော်ထုတ်နိုင်သည်။
သူက ထိုလူ အနာဂတ်တွင် ပြုလုပ်မည့် အရာများကိုပင် မှန်းဆနိုင်သေးသည်။
ယခု …. သူမကိုလည်း DNA စမ်းသပ်စစ်ဆေးမှုကို အသုံးပြုပြီး ဥက္ကဌယင်၏ ဘိုးဘွား အရိုးများကို ရှာဖွေခိုင်းနေသည်။
ယင်းက တကယ်လည်း သိပ္ပံနည်းလမ်း ဖြစ်၏။
ဒါပေမယ့် အစ်ကိုကြီး … ဒါက ရှင့်ရဲ့ ပုံမှန် နည်းလမ်းတွေနဲ့ ကွဲပြားနေတယ်လေ ..
ယင်းက သူ့ကိုယ်သူ သူတော်စင်ကြီးလို အမူအရာနဲ့ ကျင့်ကြံခြင်း ဆိုတဲ့ အရာမျိုး မရှိဘူး … လူတွေက သိပ္ပံဆိုတဲ့ အရာကိုပဲ ယုံကြည်သင့်တယ်လို့ပြောပြီး လေပေါ်ပျံတက်၊ တိမ်စိုင်များကြားထဲ ရွှီးခနဲ ပျောက်ကွယ်သွားသကဲ့သို့ပင်။
“ ခင်များတို့ ဥက္ကဌရဲ့ ပြဿနာ အတွက် ကုသနည်းလမ်းကို ကျွန်တော် ပေးပြီးသွားပြီ …”
“ အခုက … ခင်များရဲ့ ပြဿနာအကြောင်း ပြောရမယ့် အချိန်ပဲ …"
လက်မောင်းပိုက်လျက် ချန်ယွီ့က ဟွမ်လင်းကို ကြည့်ပြီး ပြောလိုက်သည်။ “ တကယ်လို့ ခင်များ ကုသဖို့ လိုအပ်တယ်ဆိုရင် ကျွန်တော်တို့ အခုပဲ စလိုက်လို့ ရတယ်နော်…”
“ ကျေးဇူးတင်ပါတယ် ဒေါက်တာချန် …”
ပိုပြီး စူးစမ်းလိုသည့် အကြောင်းပြချက်ဖြင့် ဟွမ်ထင်က ကျူအာကုတ်ကို ထပ်မံ၍ စကန်ဖတ်ပြီး နောက်ထပ် ယွမ်တစ်သောင်း လွှဲပေးလိုက်သည်။
“ ဒေါက်တာချန် … ကျွန်မ ငွေလွှဲပြီးသွားပြီ … အခု ကျွန်မ ဘယ်လို ဒုက္ခမျိုး ရောက်နေလဲ ပြောပြလို့ ရပြီလား …”
“ ခင်များ ရင်ဆိုင်ရမယ့် ပြဿနာက ခင်များရဲ့ မိသားစုနဲ့ အလုပ်အကိုင် လမ်းကြောင်းအပေါ်မှာပါ တိုက်ရိုက် သက်ရောက်မှု ရှိလိမ့်မယ် …” ချန်ယွီ့ ရှင်းပြလိုက်သည်။
“ ဒီပြဿနာတွေကို ရှောင်ဖို့က မခက်ပါဘူး … ဒီက ထွက်သွားပြီးရင် ဘယ်ဘက် မီတာ ၁၅၀ ကို သွားလိုက် …”
“ အဲ့ဒီမှာ လမ်းဘေးရောင်းတဲ့ အထည်ဖိနပ်ဆိုင် တစ်ဆိုင် ရှိတယ် …”
“ ခင်များရဲ့ ပြဿနာတွေ ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ် …”
ဟွမ်ထင် အံ့အားသင့်သွားခဲ့သည်။
ဒါလေးပဲလား …
သူမက ယွမ်တစ်သောင်းသုံးပြီး ချန်ယွီ့ဆီကနေ ထောက်ပြလမ်းညွှန်ပေးမှုကို ခံယူချင်နေတာလေ … ပြီးတော့ သူ ပြောသွားခဲ့တာလေးက ဖိနပ်တစ်ရံ ဝယ်သင့်တယ်တဲ့လား …
သူမကို ငွေလိမ်ချင်တယ်ဆိုရင်တောင် ဒီလိုနည်းနဲ့တော့ မလုပ်သင့်ပါဘူး …
ချန်ယွီ့က ထို ဖိနပ်ဆိုင်တွင် ရှယ်ယာများ ရှိနေလိမ့်မည်ဟု ဟွမ်ထင် တိတ်တဆိတ် သံသယ ဝင်နေမိသည်။
“ ဒေါက်တာချန် … ရှင် ကျွန်မကို နောက်နေတာတော့ မဟုတ်ဘူးမလား … ဖိနပ်တစ်ရံ ဝယ်တာက ကျွန်မရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ တကယ်ကြီး ပြောနေတာလား … ဒါကြီးက ယုတ္တိ မတန်တဲ့အရာကြီးနော်…”
ဟွမ်ထင်မှာ ယွမ်တစ်သောင်းအပေါ် မကျေမချမ်း ဖြစ်နေမိခြင်း မဟုတ်။ ချန်ယွီ့က သူမကို အရူးလုပ်ရ လွယ်ကူသည်ဟု ယူဆနေကြောင်း ခံစားမိသောကြောင့်ပင်။
အကယ်၍ ချန်ယွီ့က သူမထံကနေ ပွင့်ပွင့်လင်းလင်း ပြောပြီး ယွမ်တစ်သောင်း တောင်းသည်က ပို၍ နေသာသေး၏။
အခုတော့ရော …
ယွမ်တစ်သောင်း ပေးလိုက်တာ ဖိနပ်တစ်ရံဝယ်ခိုင်းတယ် …
ဖိနပ်ကို မိုးလောက်မြင့်တဲ့ ဈေးနဲ့ ရောင်းချင်နေတာလား … ဒါမှမဟုတ် သူမကို အရူးလုပ်လို့ လွယ်တဲ့လူလို့ ထင်နေတာလား …
ဘယ်သူကမှတော့ ကိုယ့်ကို အရူးလုပ်ရ လွယ်တယ်လို့ ထင်ခံရတာကိုတော့ နှစ်သက်မှာ မဟုတ်ဘူး …
“ တစ်ရက် အတွင်း အကျိုးသက်ရောက်မှု မရှိဘူးဆိုရင် ခင်များရဲ့ ပိုက်ဆံ ပြန်အမ်းပေးမယ် …”
တစ်ချို့သော အရာများကို ချန်ယွီ့ တိုက်ရိုက်ရှင်းပြ၍ရသည်။ သို့ပေမယ့်လည်း တစ်ချို့သော အရာများကိုတော့ သွယ်ဝိုက်လမ်းညွှန်၍သာ ရှင်းပြပေးနိုင်သည်။
ဟွမ်ထင်၏ ကေ့စ်က သွေးထွက်သံယို ဖြစ်မည့် ကေ့စ်ပင်။
“ ဟင်း … ရှင့်ရဲ့အကြံအတွက် ကျေးဇူးပါပဲ ဒေါက်တာချန် … ကျွန်မ တခြား လုပ်စရာရှိလို့ သွားလိုက်ပါဦးမယ် …”
ထိုသို့ပြောဆိုပြီးနောက် ဟွမ်ထင်က စိတ်ကျန်းမာရေးဆေးခန်းထဲကနေ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။
တံခါးအပြင်ဘက်သို့ ထွက်လာခဲ့ပြီးနောက် ဟွမ်ထင်က ဆေးခန်းကို နောက်ပြန်ကြည့်လိုက်၏။
သူမ ရူးနှမ်းနေ၍သာ ယွမ်တစ်သောင်း ပေးခဲ့မိတာ ဖြစ်လိမ့်မည်။
ယွမ်တစ်သောင်းက မများပြားသော်လည်းပဲ ပိုက်ဆံက ပိုက်ဆံ ဖြစ်၏။ ယွမ်တစ်သောင်းနှင့် ဝယ်လို့ရသည့် အရာတို့က အများကြီးပင်။
ဤအကြောင်း တွေးတောမိတော့ ဟွမ်ထင်က သူမ၏ အိတ်ကို ဖွင့်ပြီး အထဲရှိ စာချုပ်ကို တစ်ချက် ကြည့်လိုက်သည်။
သူမ စာချုပ်ကို ပြန်ယူသွားပြီး ဥက္ကဌဘက်ခြမ်းက ပြဿနာကို ဖြေရှင်းပြီးတာ စောင့်ဆိုင်းပြီးမှ ချန်ယွီ့နှင့် စာချုပ် ချုပ်ဆိုသင့် ၊ မချုပ်ဆိုသင့် ပြန်လည်စဉ်းစား ဆုံးဖြတ်ရမည့်ပုံပင်။
“ အာ …. ငါ ဘယ်လိုလုပ်ပြီး ဒီဘက်ကို ရောက်လာတာလဲ …”
ဟွမ်ထင်မှာ အတွေးထဲ နစ်မြောနေရင်း လမ်းလျှောက်လာလိုက်ရာ အလှမ်းသိပ်မဝေးသည့် နေရာတွင် ရှေးဆန်သည့် အထည်ဖိနပ်များ ရောင်းချသည့် ဆိုင်တစ်ဆိုင်ကို မြင်တွေ့လိုက်ရသည်။
ခေတ္တမျှ တုံ့ဆိုင်းပြီးနောက် ဟွမ်ထင်မှာ အထဲသို့ ဝင်သွားလိုက်သည်။
ပြန်ထွက်လာသည့်အချိန်၌ သူမ လက်ထဲတွင် ရှောပင်းအိတ်တစ်လုံး ပြန်ပါလာသည်။
သူမက ချန်ယွီ့ စကားလုံးများကို ယုံကြည်သောကြောင့်တော့ မဟုတ်ဘဲ ထိုအစား ရောက်လက်စနှင့် အမှတ်တရ တစ်ခုခု ဝယ်ယူဖို့ စဉ်းစားမိသောကြောင့်ပင်။
အနာဂတ်အကြောင်း မစူးစမ်းချင်မိဖို့လည်း ကိုယ့်ကိုယ်ကို သတိပေးလိုက်သည်။
တက္ကစီဖြင့် လေဆိပ်သို့ ရောက်လာခဲ့ပြီးနောက် ဟွမ်ထင်က ဖုန်းထုတ်၍ ငွေချေလိုက်သည်။
ထို့နောက် လမ်းလျှောက်ရင်း သူမ လက်ရှိ အခြေအနေကို ဥက္ကဌယင်ထံ တင်ပြရကောင်းနိုးနိုး အတွေးနက်နေသည်။
“ အား ….”
ဟွမ်ထင်မှာ လူယိုင်သွားပြီး လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။
သူမ အောက်ငုံ့ကြည့်လိုက်တော့ အကြောင်းအရင်းကို ရှာတွေ့သွားခဲ့၏။
သူမ၏ ဒေါက်မြင့်ဖိနပ်အချွန်များက ကြမ်းပြင်အက်ကြောင်းများတွင် ညှပ်မိနေခြင်းပင်။
ဟွမ်ထင် သုံးလေးကြိမ်ခန့် ကြိုးစားကြည့်ပါသော်လည်း ဒေါက်ကို ပြန်မထုတ်နိုင်။
ဟွမ်ထင် အားကုန်စိုက်ထုတ်၍ ဒေါက်ကို ဆွဲထုတ်တော့မည့် အချိန်မှာပဲ ချန်ယွီ့၏ စကားလုံးများကို ရုတ်ချည်း ပြန် အမှတ်ရမိလိုက်သည်။
အကယ်၍ သူမသာ ပြဿနာကို ရှောင်ရှားလိုပါက အရင်ဦးဆုံး ဖိနပ်တစ်ရံကို အရင်ဝယ်လိုသည်။
ဟွမ်ထင်မှာ မသိစိတ်အလျောက် သူမလက်ထဲရှိ ရှောပင်းအိတ်ကို ကြည့်လိုက်မိသည်။
၎င်းနောက် ချက်ချင်းပဲ ကိုယ်ကို ကိုင်းပြီး ဒေါက်ဖိနပ်နှင့် ချည်ထားသည့် သိုင်းကြိုးများကို ချွတ်ကာ သူမ ဝယ်လာသည့် အထည်ဖိနပ်ကို ပြောင်းလဲဝတ်ဆင်လိုက်သည်။
“ ဒီလောက်ဆို လုံလောက်ပြီမလား …”
ဟွမ်ထင်က သူမကိုယ်သူမ ဇဝဇဝါ ဖြစ်နေသည့် အမူအရာဖြင့် ရေရွတ်ရင်း ပတ်ဝန်းကျင်ကို ကျီးကန်းတောင်မှောက် ကြည့်နေမိသည်။
ရုတ်ချည်းဆိုသလို ကားတစ်စင်း မောင်းနှင်လာသည်ကို ဟွမ်ထင် မြင်တွေ့လိုက်ရ၏။
ကားကြည့်ရသည်မှာ တစ်ခုခု မှားယွင်းနေဟန်ပင်။ ၎င်းက ဘယ်နှင့်ညာကို ယိမ်းချည်နွှဲ့ချည် မောင်းနှင်နေလျက် ရှိပြီး ကြည့်ရသည်မှာတော့ ထိန်းချုပ်မှုအောက်မှ လွတ်ကင်းနေဟန် ရသည်။
နောက်တစ်က္ကန့်၌ ဟွမ်ထင်၏ နှလုံးမှာ ဒိန်းခနဲ တုန်ခါသွားခဲ့၏။
“ အရက်မူးပြီး မောင်းတာ …”
ဟွမ်ထင် ကားကိုကြည့်လေ ၊ ဒရိုင်ဘာက အရက်မူးပြီး ကားမောင်းနေဟန်နှင့် တူလေလေပင်။ သူမ လမ်းဘေးဘက်ခြမ်းသို့ အလျင်အမြန် တိမ်းရှောင်လိုက်သည်။
ဝုန်း …
စက္ကန့်အနည်းငယ် ကြာပြီးသည့်နောက် ကားက ရုတ်တရက်ဆိုသလို မူလက ဟွမ်ထင် ရှိနေသည့် နေရာ၌ ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားခဲ့သည်။
ကားက အရှိန် မသေသေးဘဲ ဆန့်ကျင်ဘက် လူမရှိသည့် နေရာဘက်ခြမ်းသို့ လွင့်ထွက်သွားလေသည်။
အကယ်၍ သူမသာ ဒေါက်မြင့်ဖိနပ်ကို အာရုံစိုက်နေရင်း ပတ်ဝန်းကျင်ကို သတိမမူမိဘဲ အချိန်မီ မရှောင်တိမ်းနိုင်ဘူးဆိုပါက အကျိုးဆက်များမှာ တွေးဆ၍ မဝံ့ရဲလောက်အောင်ကိုပင်။
သူမ၏ ဒေါက်မြင့်ဖိနပ်က ကြယ်သီးများ ၊ သိုင်းကြိုးများနှင့် ဖြစ်၏။
ဖိနပ်၏ ဒေါက်ကလည်း ကြမ်းပြင်အက်ကြောင်းထဲတွင် ညှပ်မိနေကာ ဟွမ်ထင် ဒေါက်ဖိနပ်ကို ချွတ်ဖို့ဆိုပါက အချိန်ခဏလောက်တော့ ပေးရမှာ ဖြစ်၏။
နောက်ဆုံး စက္ကန့်၌ တစ်စုံတစ်ရာ မှားယွင်းနေသည်ကို သတိပြုမိခဲ့လျှင်ပင် သူမ ဘာမျှပြုလုပ်နိုင်မှာ မဟုတ်ချေ။
“ ငါ မှားသွားပြီ … ငါ သူ့ကို သံသယ မဝင်ခဲ့သင့်ဘူး ….”
“ ဝယ်လိုက်တဲ့ ဒီဖိနပ်တွေကြောင့်သာ မဟုတ်ဘူးဆိုရင် ပွဲချင်းပြီး မသေသွားခဲ့ရင်တောင် ဒဏ်ရာအပြင်းအထန်တော့ ရသွားနိုင်တယ် …”
ယခုလေးတင် ဧရာမ ဘေးကပ်ဆိုးကြီးမှ လွတ်မြောက်လာခဲ့သည့် ဟွမ်ထင်သည် တစ်ကိုယ်လုံး ချွေးအေးတို့ ရွှဲနစ်သွားခဲ့သည်။
သူမ အိတ်ထဲက စာချုပ်တစ်ခုကို ထုတ်ပြီး တက္ကစီတစ်စင်းကို အလျင်အမြန် ငှားယမ်းလိုက်၏။