← Chapters

ဟူယင်ကျွင်း ၊ ကောင်းမွန်တဲ့ ဖခင်တစ်ဦး

Vol. 16 Ch. 160

ဟူယင်ကျွင်း ၊ ကောင်းမွန်တဲ့ ဖခင်တစ်ဦး

Vol. 16 Ch. 160

“ ဒေါက်တာချန် ၊ ဒေါက်တာချန် …”

ဟွမ်ထင် စိတ်ကျန်းမာရေးဆေးခန်းထဲသို့ အလောတကြီး ဝင်လာခဲ့သည်။ ချန်ယွီ့အပြင် နောက်ထပ် လူတစ်ဦးလည်း ဆေးခန်းထဲရှိနေတာကို မြင်တွေ့လိုက်ရ၏။

“ မိန်းကလေးဟွမ် … ဘယ်လိုလဲ … မြစ်လမ်းမှာ ရောင်းတဲ့ ဖိနပ်အရည်အသွေးက မဆိုးဘူးမလား … ခြေထောက်မှာ စီးလိုက်ရင် သိပ်ကို သက်တောင့်သက်သာ ရှိတာ …”

ချန်ယွီ့က ကျောက်ချန်းခွန်ကို ခေတ္တစောင့်ဆိုင်းပေးဖို့ လက်ဟန်ပြပြီးနောက် တံခါးဝတွင် မတ်တပ်ရပ်နေသည့် ဟွမ်ထင်ထံသို့ ချဉ်းကပ်သွားသည်။

“ သက်တောင့်သက်သာ ရှိတယ် … သက်တောင့်သက်သာ ရှိတယ် …”

“ ဒေါက်တာချန် … ရှင်သိလား … အဲ့တာက တကယ့်ကို လက်မတင်လေးပဲ …” ဟွမ်ထင်က ဗလုံးဗထွေး ပြောဆိုလိုက်ပြီး “ ကျေးဇူးတင်ပါတယ်ရှင် … ကျွန်မရဲ့ အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် …”

“ ခင်များ ဘေးကင်းတယ်ဆို ကျွန်တော်လည်း ဝမ်းသာပါတယ် …” ချန်ယွီ့က ညင်သာစွာ ပြုံး၍ ပြောလိုက်ပြီး “ ခင်များရဲ့ ဒုက္ခတွေက အခုပြီးသွားပြီ …. အချိန်တစ်ခုလောက်အထိတော့ ဆိုးရွားတဲ့ အရာတွေနဲ့ ကြုံတွေ့မှာကို စိတ်ပူစရာ မလိုတော့ဘူး …”

“ တကယ်လို့ တခြား မရှိဘူးဆိုရင် ကျွန်တော် ခင်များကို ခေါ်မထားတော့ဘူး …”

“ ခင်များလည်း မြင်တဲ့အတိုင်းပဲ … အခု ဒီမှာ တခြား ဧည့်သည်တွေလည်း ရှိနေတယ် …”

ထိုသို့ ပြောပြီးနောက် ချန်ယွီ့က ဆေးခန်းထဲရှိ ကတ်စတန်မာ … အဲလေ … လူနာကို ကြည့်လိုက်သည်။

“ ဒေါက်တာချန် … ဒါက ဥက္ကဌယင် ရှင့်ကို ပေးတဲ့ စာချုပ်ပါ …”

“ ကျေးဇူးပြုပြီး တစ်ချက် ကြည့်ပေးပါဦး … တကယ်လို့ တခြား ပြဿနာ မရှိဘူးဆိုရင် ကျေးဇူးပြုပြီး အောက်ခြေမှာ လက်မှတ်ထိုးပေးပါဦးနော်…”

စာချုပ်ကို ဟွမ်ထင် အစောပိုင်းတုန်းက မထုတ်လာခဲ့တာက ချန်ယွီ့မှာ ယုံကြည်ထိုက်သည်ဟု မခံစားရသောကြောင့်ပင်။

အကယ်၍ ဤစာချုပ်ကသာ အပြင်သို့ ပျံ့နှံ့သွားခဲ့မည်ဆိုပါက ကျိန်းသေပေါက် ဆူဆူညံညံ ဖြစ်သွားနိုင်သည်။

စာချုပ်ပါ အကြောင်းအရာတို့က ချန်ယွီ့ကို ဟူယွီပလတ်ဖောင်းက ရယ်ရွှင်ဖွယ်ကောင်းလောက်အောင် ကောင်းမွန်လှသည့် အကျိုးကျေးဇူးများဖြင့် စထွင်မာအဖြစ် ငှားရမ်းခန့်အပ်လိုခြင်းပင်။

ချန်ယွီ့က တစ်လလျှင် တစ်ကြိမ်မျှသာ စထွင်းလွှင့်ပေးဖို့ လိုအပ်ပြီး သူ လိုက်စထွင်းလွှင့်ရန် လိုအပ်သည့် အခြေခံ ကြာချိန်လည်း မရှိပေ။

ပလတ်ဖောင်းက ချန်ယွီ့ကို လစဉ် လစာအဖြစ် ယွမ်တစ်သိန်း ပေးနိုင်သည်။

၎င်းတို့အပြင် ပလတ်ဖောင်းက သူ့ လိုက်စထွင်းထဲတွင် ကြည့်ရှုသူများ မုန့်ဖိုးပေးသည့် လက်ဆောင်များကိုလည်း တစ်ပြားတစ်ချပ်မျှ ဖြတ်တောက်ယူငင်မှာ မဟုတ်ချေ။

ချန်ယွီ့က မဟုတ်မမှန်သည့် ကောလဟာလများနှင့် ငြိမ်သက်နေသည့် လူ့အဖွဲ့အစည်းကို လှုပ်လှုပ်ရှားရှားဖြစ်စေမည့် ဝါဒများ မဖြန့်ချီသရွေ့ စူပါ အက်မင်သည်ပင် ချန်ယွီ့ လိုက်စထွင်းကို ဘန်းပိုင်ခွင့် မရှိပေ။

အကယ်၍ ချန်ယွီ့က အခြားသော ကွန်ပလိန်းတက်မှုများ၊ ဒါမှမဟုတ် ယုတ်မာသည့် anti-fans များနှင့် ဆုံတွေ့ခဲ့ပါက အက်မင်များသည် ချန်ယွီ့ကိုယ်စား ချက်ချင်း ဖြေရှင်းပေးလိမ့်မည်။

ချန်ယွီ့က မတော်တဆ မှားယွင်းသည့် အပြုအမူတို့ ပြုလုပ်ခဲ့မိလျှင်ပင် သူတို့က တိုက်ရိုက်မက်ဆေ့ချ် ပေးပို့ပြီး သတိပေးရုံမျှသာ ပြုလုပ်မှာ ဖြစ်၏။

အချုပ်အားဖြင့် ဆိုရသော် …

စာချုပ်ပါ ကိုးဆယ့်ကိုး ရာခိုင်နှုန်းခန့်သော အကြောင်းအရာတို့က ချန်ယွီ့အကျိုးကျေးဇူးအတွက်သာ ဖြစ်၏။

စာချုပ်ထဲတွင် ကလိုင်းယန့်ဖြစ်သည့် ဟူယွီက အတော်လေးကို နှိမ့်ချထားသည်။

စူပါ အက်မင်များက အခြားသော စထွင်မာများ၏ လိုက်စထွင်းကို အကြောင်းပြချက် မရှိ ပိတ်ချနိုင်သော်လည်းပဲ သူတို့မှာ ချန်ယွီ့ လိုက်စထွင်းကိုတော့ ထိုသို့ ပြုလုပ်ပိုင်ခွင့် မရှိကြပေ။

ချန်ယွီ့ လိုက်စထွင်းကို မပိတ်ပင်နိုင်ရုံတင်သာမက၊ မလိုလားအပ်သည့် အချို့သော အခြေအနေများတွင်လည်း သူတို့က ပါဝင်ကူညီပေးဖို့ လိုအပ်လေသည်။

အပြစ်ပေးသည့် စာပိုဒ်နှင့် ပတ်သက်၍ကတော့ … စာတစ်လုံးပင် မြင်တွေ့ရခြင်း မရှိပေ။

အကယ်၍ အခြားစထွင်မာများသာ ဤစာချုပ်ကို မြင်တွေ့သွားခဲ့မည်ဆိုပါက သူတို့တွေ မနာလိုဖြစ်လွန်း၍ သွေးကြောကြီးများ ပေါက်ကွဲထွက်သွားနိုင်သည်။

တစ်လလျှင် တစ်ကြိမ်မျှသာ လိုက်စထွင်းလွှင့်ဖို့ လိုအပ်ပြီး အနည်းဆုံး အချိန်မည်မျှကြာအောင် ထုတ်လွှင့်ပေးရမည်ဆိုသည့် ကန့်သတ်မှုလည်း မရှိ။

ဤသည်က ချန်ယွီ့ကို အလကား ထိုင်ခိုင်းပြီး ပိုက်ဆံယူခိုင်းသည်နှင့် တူညီသည်။

သူက တစ်လလျှင် တစ်ကြိမ်မျှသာ လိုက်စထွင်းလွှင့်ပြီး ချက်ချင်း လိုင်းဆင်းသွား၍လည်း ရသည်။ ထိုသို့ ပြုလုပ်လည်း စာချုပ်က အကျုံးဝင်သည်။ ပလတ်ဖောင်းက သူ့ကို လစာ ပေးနေဦးမှာ ဖြစ်၏။

သူ့ လိုက်စထွင်းက ရရှိသည့် လက်ဆောင်များအပေါ် ကော်မရှင်ခ မယူခြင်းနှင့် စပ်လျဉ်း၍ကတော့ …..

ပလတ်ဖောင်းက ချန်ယွီ့ကို သူတို့၏ ဘိုးဘေးသဖွယ် ဆက်ဆံနေခြင်းပင်။

“ ကျွန်တော် ဖတ်ပြီးသွားပြီ … ပြီးတော့ ခင်များတို့ရဲ့ ရိုးသားတဲ့ စိတ်ရင်းအမှန်ကိုလည်း ခံစားမိတယ် … ကျွန်တော် အခုပဲ လက်မှတ်ထိုးလိုက်မယ် …”

တစ်ဖက်သို့လှည့်ပြီး ချန်ယွီ့ ဖောင်တိန်ရှာ၍ သူ့နာမည်ကို လက်မှတ်ထိုးလိုက်သည်။

“ ဒေါက်တာချန် … ကျွန်မ ပြန်သွားပြီး ဒီကိစ္စ ပြန်တင်ပြရဦးမယ် …”

“ ကျွန်မ နောက်တစ်ခေါက် စုထားတဲ့ ခွင့်ရက်တွေ သုံးတဲ့ အခါကျရင် ကျွန်မရဲ့ ခင်ပွန်းနဲ့ ကလေးတွေကိုပါခေါ်ပြီး ကျေးဇူးတင်ဖို့အတွက် တစ်မိသားစုလုံး လာခဲ့ပါဦးမယ် …”

ချန်ယွီ့ လက်မှတ်ထိုးထားသည့် စာချုပ်ကို ရရှိပြီးနောက် ဟွမ်ထင်က ကျေးဇူးတင်မှု အပြည့်ဖြင့် ဦးညွှတ်အရိုအသေပေးလိုက်သည်။

ဟွမ်ထင်ကို လိုက်ပို့ပေးပြီးနောက် ချန်ယွီ့ ပြုံးလျက် ဆိုလိုက်၏။ “ ဥက္ကဌကျောက် … ခင်များ ကလေးတစ်ယောက်ကို ရိုက်နှက်ဆဲဆိုပြီး သင်ပေးလို့တော့ ဘယ်ရမှာ … စပလိန်လိုပဲ … ခင်များသူ့ကို ဖိအားပေးလေလေ ၊ ပိုပြီးတော့ ပြန်ကန်လာလေလေပဲ …”

“ မိဘတွေအနေနဲ့ ကိုယ့်သားသမီးကို ဖြစ်ထွန်းစေချင်တာ ကျုပ်လည်း နားလည်တယ် …”

“ ဒါပေမယ့် သူတို့ကို ရိုက်နှက် ဆဲဆိုနေရုံသပ်သပ်တော့ ကလေးကို ဖွံ့ဖြိုးဝေဆာလာအောင် လုပ်လို့ရမှာ မဟုတ်ဘူး …”

“ ဟင်း …”

ဤစကားလုံးများကို ကြားတော့ ကျောက်ချန်းခွန်မှာ သက်ပြင်းအရှည်ကြီး ချလိုက်သည်။

“ ငါလည်း ငါ့သားကို တည်တည်ငြိမ်ငြိမ်နဲ့ စကားလေး ဘာလေး ပြောပြီး သူ့ကို ကောင်းကောင်း ဆုံးမချင်တာပဲ …”

“ ဒါပေမယ့် သူ့ရဲ့ ပြောင်ချော်ချော် အားကိုးမရတဲ့ ပုံစံကြီးကို မြင်တော့ ငါ့ရင်ထဲ ဒေါသတွေ တလှိမ့်ပြီးတလှိမ့် ထွက်လာတော့တာပဲ …”

ကျောက်ချန်းခွန် ဤတစ်ကြိမ် ချန်ယွီ့ကို လာရှာရခြင်း အကြောင်းအရင်းက ကူညီ၍ မရသည့် ကိစ္စနှင့်တော့ မဟုတ်ပေ။

ပြန်ပေးဆွဲမှု ဖြစ်စဉ်ပြီးဆုံးကတည်းက ကံဆိုးသည့် သူ့သားမှာ အနည်းငယ် ရင့်ကျက်လာပြီး မိဘများ၏ ကောင်းစေလိုစိတ်ကို သဘောပေါက်စ ပြုလာသည်။

သို့ပါသော်လည်း သူ့သားက ယခင်ပုံစံအတိုင်း ဖြစ်နေလိမ့်မည်လို့တော့ ကျောက်ချန်းခွန် မမျှော်လင့်ထားခဲ့ချေ။

သူ့ အမှတ်များက ဆိုးရွားပြီးရင်း ဆိုးရွားလာနေသည်။

တက္ကသိုလ်တက်ရဖို့ မပြောနှင့်။ သူ အထက်တန်းပင် ပြီးမြောက်အောင် တက်နိုင်ပါ့မလား ဆိုတာက တကယ့်ကို စိုးရိမ်စရာ ဖြစ်နေခဲ့ပြီ ဖြစ်သည်။

“ ငါ့မိသားစု အခြေအနေက တကယ့်ကို ရှုပ်ထွေးလွန်းတယ် ဒေါက်တာချန်ရာ …”

“ တော်ပြီ ဒီအကြောင်း မပြောကြစို့ကွာ … ငါ ကပ္ပတိန်လီဆီက ကြားတာ မင်းမှာ အစွမ်းအမျိုးမျိုးရှိတဲ့ ပစ္စည်းတွေ ရှိတယ်ဆို …”

“ ငါ့သားရဲ့ ကန်းနေတဲ့ စောက်လုံးတွေ ပွင့်သွားအောင် ဆေးလေး တစ်လုံး ၊ နှစ်လုံးလောက် ရောင်းပေးစမ်းပါ …”

“ သူ့ကို ကြီးပွားအောင်မြင်ရမယ်လို့ ငါ မမျှော်မှန်းဘူး … ဒီတိုင်း သူ့ကို တက္ကသိုလ် တက်ခိုင်းပြီး အရည်အချင်း တစ်ခု ၊ နှစ်ခုလောက် ရှိလာစေချင်ရုံပဲ … ပြီးရင် သူ့ဝမ်းသူ ကျောင်းနိုင်တယ်ဆို ရပြီ …”

အကယ်၍ သူသာ သူ့သား ဤသို့ အလေလိုက်၊ ပျင်းရိနေသည့် အခြေအနေအား လွှတ်ထားပေးမည်ဆိုပါက ကျောက်ချန်းခွန်နှင့် သူ့ဇနီးတို့ မရှိတော့သည့် အချိန်၌ သူတို့ ပင်ပင်ပန်းပန်း ထုဆစ် တည်ဆောက်ထားရသည့် ကုမ္ပဏီနှင့် မိသားစု စီးပွားရေးလုပ်ငန်းမှာ လုံးဝ ပျက်စီးသွားမှာ ဖြစ်သည်။

“ ဥက္ကဌကျောက် … ဒါက စိတ်ကျန်းမာရေး ဆေးခန်းပါ …” ချန်ယွီ့ ခေါင်းခါယမ်းလျက် ပြောလိုက်ပြီး “ ကျုပ်ဆီမှာ အဲ့လို မှော်ဆန်တဲ့ ဆေးဝါးတွေ မရှိဘူး …”

“ ခင်များသားရဲ့ စာလေ့လာမှုကို တိုးတက်အောင် လုပ်ဖို့က မဖြစ်နိုင်တဲ့ အရာတော့ မဟုတ်ဘူး …”

“ ဒါပေမယ့် သူ့ စာလေ့လာတဲ့ နေရာမှာ တိုးတက်အောင် ကြိုးစားတာက လက္ခဏာကိုပဲ ကုသနိုင်မယ် … ပြဿနာရဲ့ အရင်းအမြစ်ကိုတော့ ကုနိုင်မှာ မဟုတ်ဘူး ..”

“ ခင်များရဲ့ သားက မသင်ယူလိုဘူး …” ချန်ယွီ့ လေးနက်စွာ ဆိုလိုက်ပြီး “ ပြီးတော့ … သူက ခင်များနဲ့ ဆိုးရွားတဲ့ ဆက်ဆံရေးလည်း ရှိတယ် … ပြဿနာရဲ့ အရင်းအမြစ်က စိုးရိမ်စိတ် လွန်ကဲလွန်းတဲ့ ခင်များရဲ့ စိတ်ရောဂါပဲ ….”

“ နောက်ပြီး … ကလေးကို ဆုံးမသွန်သင်တဲ့ ခင်များရဲ့ နည်းလမ်းက ရိုးရှင်းပြီး ကြမ်းတမ်းလွန်းတယ် …”

“ ခင်များရဲ့ ပြဿနာကို မဖြေရှင်းဘူးဆိုရင် ခင်များသားအတွက် ခင်များ ဘာပဲလုပ်လုပ် သူက ခင်များရဲ့ ကောင်းမွန်တဲ့စေတနာကို နားလည်နိုင်မှာ မဟုတ်ဘူး …”

“ ဆန့်ကျင်ဘက် ခင်များတို့ရဲ့ ဆက်ဆံရေးက ဆိုးရွားသထက် ဆိုးရွားလာပြီး နောက်ဆုံးမှာ ဘယ်လိုမှ ရင်ကြားစေ့မရတော့တဲ့ အခြေအနေထိကို ရောက်လာမယ် …”

ဤသည်ကို ကြားသိပြီးနောက် ကျောက်ချန်းခွန် စိတ်ခံစားချက်တို့ ရောပြွမ်းသွားခဲ့သည်။ လေးလံသည့် ရင်ဘက်နှင့် သူ့မျက်နှာကို ခပ်ကြမ်းကြမ်း ပွတ်သပ်လိုက်၏။

ဤနှစ်များတစ်လျှောက်လုံးတွင် ကုမ္ပဏီ ကိစ္စရပ်များဖြင့်သာ အလုပ်များနေခဲ့ပြီး သားကို ပညာပေး၊ ပြုစုပျိုးထောင်ပေးရမည့် ဝတ္တရားကို မကျေပွန်နိုင်ခဲ့ပေ။

“ ဥက္ကဌကျောက် … ခင်များ စိုးရိမ်နေဖို့ မလိုဘူး … ကျုပ်မှာ ခင်များနဲ့ သိပ်ကို လိုက်ဖက်ညီတဲ့ ပစ္စည်းတစ်ခု ရှိတယ် …”

“ ခင်များ အဲ့တာကို ခင်များရဲ့ စားပွဲပေါ်မှာ တင်ထားပြီး နေ့တိုင်း ခဏလောက်လေး ကြည့်ပေးရုံပဲ …. ပြီးရင် ခင်များရဲ့ ရိုးရှင်းပြီး ကြမ်းတမ်းတဲ့ ပညာပေးနည်းလမ်းကို ဖြည်းဖြည်းချင်း ပြောင်းလဲလာနိုင်မယ် …”

“ ခင်များသားကို ဆုံးမပဲ့ပြင်ပေးတဲ့ နည်းလမ်းကို ပြောင်းလဲနိုင်ရုံတင် မကဘူး ၊ ခင်များရဲ့ စိတ်ရောဂါကိုပါ ကုသပေးနိုင်တယ် … ခင်များ အရင်ကထက် ပိုပြီး ရွှင်ရွှင်ပြပြ ရှိလာနိုင်မယ် …. ”

“ ပစ္စည်းလေးတစ်ခုက ပြဿနာ နှစ်ခုကို ဖြေရှင်းပေးတယ် … ဒါ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်တာပဲ မဟုတ်လား …” ချန်ယွီ့ အပြုံးတစ်ပွင့်ဖြင့် ဆိုလိုက်သည်။

“ အို ….”

ကျောက်ချန်ခွန် ချက်ချင်းပဲ စိတ်ဝင်စားသွားခဲ့သည်။ သူ အလျင်အမြန် မေးမြန်းလိုက်၏။ “ ဘာကများ အဲ့လောက်ထိတောင် မှော်ဆန်နိုင်ရတာလဲ ဒေါက်တာချန် … မြန်မြန်လေး ငါ့ကို ပြစမ်းပါဟ …”

ဤစကား ကြားတော့ ချန်ယွီ့က ကျောက်ချန်းခွန်ကို ညာဘက်ခြမ်းရှိ စင်သို့‌ ခေါ်ဆောင်သွားသည်။

“ ဒါ ကျောက်စိမ်းပန်းပုမလား …”

“ မဟုတ်ဘူး … ဒါ စိတ်ကျန်းမာရေးကို ကုသပေးတဲ့ ကုသရေးပစ္စည်းပဲ …”

“ ဘာကို ပန်းပုထုထားလဲ ခင်များ သိလား …” ချန်ယွီ့ လေးနက်သည့် လေသံဖြင့် မေးလိုက်သည်။

“ ငါ မသိဘူး …” ကျောက်ချန်းခွန် ခေါင်းယမ်းလိုက်သည်။

ဤအရာက ဈေးမပေါဘူးဆိုတာကိုပဲ သူ သိသည်။

ကပ်ထားသည့် ဈေးတံဆိပ်က ယွမ် ရှစ်သိန်းရှစ်သောင်း ဖြစ်၏။

“ သူ့ နာမည်က ဟူယင်ကျွင်းလို့ ခေါ်တယ် … ကလေးတွေကို ပြုစုပျိုးထောင်တဲ့ နေရာမှာ လူတိုင်း လေးစားအားကျ စံနမူနာထားရလောက်တဲ့ ကာရိုက်တာ တစ်ခုပဲ …”

“ သူက သူ့ကလေးကို စိတ်ရှည်တတ်အောင် သင်ပေးတယ် .. မိသားစုအပေါ် တာဝန်ယူမှု ရှိအောင် သင်ပေးတယ် …”

“ တကယ်လို့ ခင်များ ကျုပ်ကို မယုံဘူးဆိုရင် ….” ချန်ယွီ့ ညင်သာစွာ ပြုံးလျက် ပြောလိုက်ပြီး “ သူ့ နာမည်ကို အင်တာနက်ပေါ်မှာ ရှာကြည့်လို့ရတယ် …”

“ ကျုပ်ပြောခဲ့တဲ့အတိုင်း သူ့ရဲ့ ကိုယ်ကျင့်စရိုက်ကိုလည်း ခင်များ စစ်ဆေးကြည့်လို့ရတယ် …”

ကျောက်ချန်းခွန်က ဖုန်းထုတ်ပြီး ‘ ဟူယင်ကျွင်း’ဟု ရိုက်ရှာလိုက်သည်။

များမကြာမီ ကျောက်ချန်းခွန်၏ မျက်နှာကြွက်သားတို့ တွန့်လိမ်သွားခဲ့၏။

အကယ်၍ သူသာ လီချန်ကျွင်းထံမှ ချန်ယွီ့က မည်သို့သော လူစားမျိုး ဖြစ်ကြောင်းနှင့် ၊ သူကိုယ်တိုင်လည်း ချန်ယွီ့၏ စွမ်းပကားကို မျက်မြင်ကြုံတွေ့ခဲ့ဖူးခြင်း မရှိဘူးဆိုပါက ကျောက်ချန်းခွန် ဒေါသတကြီးနှင့် ဆေးခန်းထဲက ချက်ချင်း ထွက်ခွာသွားနိုင်သည်။

ဒီလောက် ရယ်ချင်စရာကောင်းတဲ့ ပစ္စည်းကို ကုသရေး ပစ္စည်းဆိုပြီး ဈေးကြီးကြီးတံဆိပ်ကပ် ရောင်းနေတဲ့သူက တစ်ကမ္ဘာလုံးမှာ ချန်ယွီ့အပြင် နောက်တစ်ယောက် မရှိနိုင်ဘူးဆိုတာ သူ ကျိန်းသေတယ်။

စာစဉ် (၁၆) ပြီး၏။

All Chapters