← Chapters

လေ့လာသင်ယူဖို့ ထောင်ထဲသွားခြင်း

Vol. 16 Ch. 152

လေ့လာသင်ယူဖို့ ထောင်ထဲသွားခြင်း

Vol. 16 Ch. 152

နွမ်းပါးသည့် ဘဝတွင် ဆယ်စုနှစ်တစ်ခုကျော် နေထိုင်လာခဲ့ရသဖြင့် ချို့တဲ့သည့် ဘဝနှင့် သူ့မှာ နေသားကျပြီး ဖြစ်သည်။

သူ့ ကလေးသုံးယောက်၏ အနာဂတ်အတွက် [ငါ ဂုဏ်ယူတယ် ၊ အဲ့တော့ ဘာဖြစ်လဲ]သည် အရှိကို အရှိအတိုင်း ထားစေပြီး နောက်ထပ် ဆယ်စုနှစ် အနည်းငယ်ကြာ ဆက်ပြီး ကြံ့ကြံ့ခံ ရင်ဆိုင်သွားဖို့ ရှိ၏။

ကွန်းမန့် စခရင်ပေါ်ရှိ များပြားလှသည့် မေးခွန်း သင်္ကေတများကို ကြည့်ရင်း [ငါ ဂုဏ်ယူတယ် ၊ အဲ့တော့ ဘာဖြစ်လဲ] သည် ခါးသက်စွာ ပြုံးလျက် ပြောလိုက်သည်။ “ ငါ့ရဲ့ လက်ရှိ ဘဝကလည်း အနေသာကြီးပဲလေ … ဒီတော့ အရှိကို အရှိအတိုင်းပဲ ထားလိုက်တော့မယ် …”

လူတိုင်းရှေ့တွင် ပြောဆိုပြီးနောက် [ငါ ဂုဏ်ယူတယ် ၊ အဲ့တော့ ဘာဖြစ်လဲ] သည် အများအပြား စိတ်သက်သာရသွားခဲ့သည်။

သူ့ရင်ဘက်ထဲ စိတ်ဖိစီးနေမှုများလည်း ချက်ချင်း ပျောက်ကွယ်သွားခဲ့လေသည်။

“ ဒေါက်တာချန် … မင်းရဲ့ အကြံပေးမှုအတွက် ကျေးဇူးပါပဲ … ငါ အခု လိုင်းဆင်းတော့မယ် …”

[ငါ ဂုဏ်ယူတယ် ၊ အဲ့တော့ ဘာဖြစ်လဲ]က သူ၏ ခေါ်ဆိုမှုကို အဆုံးသတ်ပြီးနောက် ချန်ယွီ့က ညင်သာစွာ ပြုံးလျက် “ ကဲ အားလုံးပဲ .. တိတ်ကြမယ် … အခု ငါတို့ရဲ့ တတိယလူနာကို တိုက်ရိုက်ဖိတ်ခေါ်လိုက်ကြစို့ … ဘာလို့ဆို ဒုတိယနဲ့ တတိယလူနာက တစ်ယောက်တည်းမို့ပဲ …”

တတိယလူနာ ဝင်ရောက်လာသည်နှင့် မေးခွန်းသင်္ကေတ အများအပြား ထွက်ပေါ်လာသည်။

ဘာလို့ ကျိုးခဲ့ရှင်းလဲ …

လူတော်တော်များများက ဤသည်မှာ ကျိုးခဲ့ရှင်း၏ အခြား အကောင့်ခွဲတစ်ခု ဖြစ်ရမည်ဟု ထင်ကြေးပေးနေကြသည်။

“ ဒေါက်တာချန် … ငါ သူများရဲ့ နေရာကို ဝင်ယူမိတဲ့အတွက် တကယ်ကို အားနာမိပါတယ် …”

“ ဒါပေမယ့် ငါ အခု ပြဿနာ အကြီးကြီးတက်နေလို့ … ရှင်ပဲ ကယ်နိုင်မှာမို့လို့ပါ …”

ကျိုးခဲ့ရှင်းက သူမ ထွက်ပေါ်လာသည်နှင့် ချန်ယွီ့ကို တောင်းပန်လာသည်။

ကျိုးခဲ့ရှင်း၏ မျက်နှာကို ကြည့်ရင်း ချန်ယွီ့ ပြုံးပြီး ပြောလိုက်သည်။ “ မင်း ပြဿနာတက်နေတာကို ငါ သိပြီးပြီ ..”

ကျိုးခဲ့ရှင်းမှာ စိတ်သက်သာ ရစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်၏။

ချန်ယွီ့ စထွင်းထဲတွင် သူမ၏ ကံကို စမ်းဖို့အတွက် အကောင့်ခွဲတွေ ရာနှင့်ချီပြီး ဖန်တီးရလည်း တန်သည်။

ထင်ထားသည့်အတိုင်းပဲ ချန်ယွီ့၏ တုံ့ပြန်မှုက သူမကို စိတ်မပျက်စေခဲ့ပေ။

“ မမလေးကျိုးရဲ့ ဖန် ဘယ်သူရှိလဲ … သူ ဘာပြဿနာတက်နေလဲ ဘယ်သူ ပြောပြပေးနိုင်လဲ …"

“ ဖြစ်နိုင်တာ သူ့ အချစ်ဆုံး သူငယ်ချင်း နောက်တစ်ယောက်က ထပ်ပြီး နောက်ကျော ဓားနဲ့ထိုးသွားတာများလား …”

“ သူ ဘာလို့ အဲ့လောက်တောင် ကံဆိုးရတာလဲ …”

“ ပြောခါမှ မမလေးကျိုးက ဘာလို့ တခြား အကောင့်ကို သုံးနေတာလဲ … သူ့ မိန်းအကောင့်မှာ ပြဿနာ တစ်ခုခု တက်နေလို့များလား …”

“ အကြောင်းအရင်းကို ငါသိတယ် … မမလေးကျိုးရဲ့ မိန်းအကောင့်က တစ်လ ဘန်းခံထားရတာ …”

“ မဖြစ်နိုင်တာ … သူက ဖော်လိုဝါ သန်းနဲ့ချီတဲ့ စထွင်မာလေ …”

“ စောက်ကျိုးနည်း … တကယ်ကြီး တစ်လ ဘန်းခံထားရတာဟ …”

အတွင်းသတင်း သိကြသည့် ကြည့်ရှုသူ တစ်ချို့ ထွက်လာခဲ့ပြီး ဧရာမ သတင်းကြီးကို ထုတ်ဖော်လာခဲ့ကြသည်။

လွန်ခဲ့သော ဆယ်ရက်ခန့်က ကျိုးခဲ့ရှင်းကို သူမ၏ ပရိသတ်များက နွမ်းပါးမှု လျှော့ချရေး စထွင်မာ တစ်ဦးနှင့် မိတ်ဆက်ပေးခဲ့သည်။

နွမ်းပါးမှု လျှော့ချရေး စထွင်မာ အားဝေ့က သူ့ရွာတွင် စိုက်ပျိုးဖြစ်ထွန်းသည့် သစ်သီးဝလံမျိုးစုံကို ရောင်းချသူ တစ်ဦး ဖြစ်၏။ သူ့၏ ကိုယ်ရေးအကျဉ်းနှင့် ပတ်သက်ပြီး အနည်းငယ် လူပြောစရာ ဖြစ်သော်လည်းပဲ သူကိုယ်တိုင်ကတော့ လူသစ်၊ စိတ်သစ်နှင့် ကြိုးစားနေသူ တစ်ဦးပင်။

လွန်ခဲ့သော သုံးနှစ်ခန့်က အားဝေ့သည် ဥပဒေကို ဖောက်ဖျာက်ကျူးလွန်ခဲ့သည့်အတွက် တစ်ကြိမ် အကျဉ်းကျခဲ့ဖူး၏။

သူ ထွက်လာပြီးနောက်တွင် ရွာသားများက သူ့အပေါ် စက်ဆုပ်ဖယ်ကြဉ်ခြင်း မပြုကြဘဲ ထိုအစား သူတို့ရွာ၏ တစ်စိတ် တစ်ပိုင်း အဖြစ် လက်ခံကြသည်။

ရွာသားများ၏ ကြင်နာမှုကို ပြန်လည် ပေးဆပ်ရန်အတွက် အားဝေ့က စထွင်မာ တစ်ဦး ဖြစ်လာခဲ့ပြီး သူ့ရွာရှိ သစ်သီးများကို ဈေးကွက်တင် ရောင်းချသည်။

ကျိုးခဲ့ရှင်းလည်း ထိုအကြောင်းကို သိရှိသွားခဲ့တော့ စိတ်ထဲ နစ်နစ်ကာကာ ခံစားမိသွားခဲ့ကာ သူမ နှစ်သက်သည့် စပျစ်သီး သုံးဖာကို အော်ဒါမှာလိုက်သည်။

နှစ်ရက်အတွင်းမှာပဲ ကျိုးခဲ့ရှင်း ဝယ်ထားသည့် အသီးများအားလုံးက သတ်မှတ်ထားသည့် ပိုးသတ်ဆေး လယ်ဗယ်ကို ကျော်လွန်နေကြောင်း စမ်းသပ်မှု ရလဒ်တို့ ပြသလာသည်။

သူမက အားဝေ့ကို သူတို့ စင်ပေါ်က အသီးများအားလုံးကို ဖယ်ရှာပြီး စုံစမ်းစစ်ဆေးမှုတို့ ပြုလုပ်ရန်အတွက် အပြင်တွင် ရောင်းချပြီးသည့် သစ်သီးများကိုလည်း ပြန်သိမ်းဖို့ ပြောသည်။

သို့သော် အားဝေ့က သူ့ရွာမှ ထုတ်သည့် အသီးများမှာ ပိုးသတ်ဆေးကိစ္စနှင့် ပတ်သက်၍ ပြဿနာ မရှိကြောင်း ကျိန်ဆိုလာသည်။

နှစ်ဖက်မှာ အချေအတင် ဖြစ်ပွားပြီး ပလတ်ဖောင်းလည်း ကြားဝင်စွက်ဖက်ရတော့သည်။

တစ်ဖက်က တစ်သန်းကျော်သည့် ဖော်လိုဝါများနှင့် စထွင်မာ တစ်ဦးဖြစ်ပြီး ကျန်တစ်ဦးက သိန်းနှင့်ချီသည့် ပရိသတ်များနှင့် စထွင်မာ တစ်ဦး ဖြစ်သည်။

နှစ်ယောက်လုံးတွင် ကိုယ်စီ လွှမ်းမိုးမှုတို့ ရှိနေသဖြင့် ပလတ်ဖောင်းကလည်း ဤကိစ္စကို ပေါ့သေးသေး မတွက်ဝံ့ပေ။

ပထမဆုံးအကြိမ် အဖြစ် ၊ ပလတ်ဖောင်းဘက်က သူတို့ ဝန်ထမ်းများကို အားဝေ့၏ ကျေးရွာသို့ လူစေလွှတ်ပြီး ကျပန်း အသီးတစ်ချို့ကို ယူကာ ပိုးသတ်ဆေးလယ်ဗယ်ကို စမ်းသပ်စစ်ဆေးမှုပြုသည်။

ရလဒ်က အဆင်ပြေသည်။ မည်သည့် ပိုးသတ်ဆေး လွန်ကဲမှုကိုမျှ မတွေ့ရချေ။

ပလတ်ဖောင်းက ကျိုးခဲ့ရှင်းကို မှားယွင်းသည့် သတင်းများ ဖြန့်ဖြူးသည့်အတွက် စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်သည်ဟုဆိုကာ သူမအကောင့်ကို တစ်လ ပိတ်ပင်သွားခဲ့သည်။

“ ဟုတ်တယ် ဒေါက်တာချန် … အကြမ်းဖျင်းကတော့ ကြည့်ရှုသူ‌တွေ ပြောတဲ့အတိုင်းပဲ … ဒါပေမယ့် ကျွန်မ သူ့ကို ယိုးစွပ်နေတာ လုံးဝ မဟုတ်ဘူး …”

“ ကျွန်မ ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုဝံ့တယ် … ကျွန်မ ဝယ်ခဲ့တဲ့ စပျစ်သီး သုံးဖာလုံးက ပိုးသတ်ဆေးတွေ လွန်ကြူးနေအောင်ကို ဖြန်းထားတဲ့ဟာတွေ …”

ကျိုးခဲ့ရှင်းက သူမ မှားယွင်း စွပ်စွဲခံရသည်ဟု ခံစားမိသည့်အတွက် ကြည့်ရှုသူများ မသိသည့် အတွင်း ဇာတ်လမ်းများအကြောင်း ပြောပြသည်။

သူမ စပျစ်သီးဖာများ လက်ခံရရှိသည့်နေ့တွင် ကျိုးခဲ့ရှင်းက အသီးများကို သေချာရေဆေးပြီး ကောင်းကောင်း မြည်းစမ်းကြည့်ဖို့ လုပ်သည်။

စစချင်းတုန်းကတော့ သူမလည်း အရသာက ကောင်းမွန်သဖြင့် အားဝေ့ကို ကူညီပြီး ကြော်ငြာပေးဖို့ စိတ်ကူးထားသည်။

သို့သော် နာရီအနည်းငယ်ကြာပြီးနောက် ကျိုးခဲ့ရှင်း ဗိုက်နာလာသည်။ ဆရာဝန် သွားပြသည့် အချိန်၌ အစာအဆိပ်သင့်မှုကြောင့် အထူးစိုးရိမ်ဖွယ်ရာ အစာအိမ်နာခြင်း ဖြစ်ကြောင်း သိရှိခဲ့ရသည်။

အန်းအန်းကလည်း သူမ၏ အစားအသောက်ထဲတွင် တစ်ကြိမ် ဆေးခတ်ပြီး နောက်ကျော ဓားနဲ့ ထိုးခဲ့ဖူးသောကြောင့် သူမ တစ်ခုခု မသက်မသာ ခံစားရသည်နှင့် အစားအသောက်များကို စစ်ဆေးရန်အတွက် ဓာတ်ခွဲခန်းသို့ ပို့လေ့ရှိသည်။

သူမမှာ ထိုဖြစ်ရပ်ကြောင့် အတော်လေး စိတ်ဒဏ်ရာ ရခဲ့ရလေသည်။

“ ဒေါက်တာချန် … ရှင် ကျွန်မကို ယုံကြည်ရမယ် … ကျွန်မ သူ့ကို မမှန်ကန်တာတွေနဲ့ ယိုးစွပ်နေတာ မဟုတ်ဘူး …”

“ ကျွန်မ ဝယ်ခဲ့တဲ့ စပျစ်သီး သုံးဖာလုံးက ပိုးသတ်ဆေးထဲ နစ်ပြီး စိုက်ထားတဲ့ဟာတွေ … ပလတ်ဖောင်းက စစ်ဆေးတဲ့အချိန် ဘာလို့ မထောက်လှမ်းမိတာလဲတော့ ကျွန်မလည်း မပြောတတ်တော့ဘူး …”

ဝန်ထမ်းများက ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့ပြီး အားဝေ့ရွာရှိ သစ်သီးများက ပိုးသတ်ဆေး ကင်းမဲ့နေကြောင်း သက်သေပြလာချိန်တွင် ကျိုးခဲ့ရှင်းမှာ ပြောစရာ စကား မရှိလောက်အောင်ကို ဆွံ့အသွားခဲ့မိသည်။

သူမမှာ တရားဝင်အကောင့် ဘန်းခံလိုက်ရရုံတင်မက ၊ နေ့စဥ်‌နေ့တိုင်းလည်း ဆဲဆို လှောင်ပြောင်သည့် မက်ဆေ့ချ်တို့ ပေးပို့ခံနေရသည်။

လူတစ်ချို့ တွေးထင်နေကြသည်မှာ ကျိုးခဲ့ရှင်းက သူများကို နင်းချပြီး ရေပန်းစားလိုသည်ဟု ထင်နေကြသည်။ မည်သို့ပင်ဆိုစေ လတ်တလော ဖြစ်ပျက်သွားသည့် အစားအသောက် ပြဿနာက သူမကို အတော်လေး နာမည်ကြီးသွားစေသည်။

သူမ လက်ခံရရှိသည့် မက်ဆေ့ချ်အများစုက ကျိန်ဆဲသည့် မက်ဆေ့ချ်များ ဖြစ်ပြီး ဖော်လိုဝါ အရေအတွက်သည်လည်း သိသိသာသာ ကျဆင်းသွားခဲ့သည်။

ပလတ်ဖောင်းကလည်း ဤအရေးနှင့် စပ်လျဉ်း၍ အနည်းနှင့် အများ စိုးရိမ်ပူပန်သည့်အတွက် ကျိုးခဲ့ရှင်းကို ကူညီပြီး အများ၏ ဖိအားကို ယာယီ ဖိနှိပ်ထားပေးသည်။

သို့ပေမယ့်လည်း ထိုသို့ ဖိနှိပ်ထားပေးခြင်းက ဤဖြစ်ရပ်၏ ဆိုးကျိုးသက်ရောက်မှုများကို ပျောက်ကွယ်သွားစေဖို့ကတော့ မဖြစ်နိုင်ပေ။

ပလတ်ဖောင်းက ကျိုးခဲ့ရှင်းကို အားဝေ့အား တောင်းပန်စကား ဆိုဖို့အတွက် ထပ်ခါတလဲလဲ အရိပ်အမြွက်ပေးသည်။

ဤစကားများ ပြောပြပြီးနောက်တွင် ကျိုးခဲ့ရှင်းက ဝမ်းနည်း စိတ်ပျက်နေသည့် အမူအရာဖြင့် “ တကယ်လို့ ကျွန်မက တကယ်ပဲ မှားယွင်းခဲ့တာဆိုရင် တောင်းပန်စာ ရေးဖို့ မပြောနဲ့ …. အားဝေ့နဲ့ ရွာသားတွေကိုတောင် ကိုယ်တိုင်ကိုယ်ကျ သွားတောင်းပန်လိုက်ဦးမယ် … “

“ ဒါပေမယ့် ကျွန်မမှ မမှားတာ …”

“ မတရားမှုရဲ့ ရှေ့မှောက်မှာ ခေါင်းငုံ့ရမှာထက် ကျွန်မရဲ့ သန်းချီတဲ့ ဖော်လိုဝါတွေ ပျောက်သွားတာကိုပဲ ခံလိုက်မယ် …”

“ ဒေါက်တာချန် … အဲ့ဒီ ရွာသားတွေ ပိုးသတ်ဆေး စမ်းသပ်မှုကို ရှောင်ရှားဖို့ ဘယ်လိုတွေ လုပ်ခဲ့လဲဆိုတာ ကျွန်မကို ပြောပြပေးနိုင်မလား …”

ကြည့်ရှုသူတော်တော်များများကလည်း ကျိုးခဲ့ရှင်းမှာ ဤတစ်ကြိမ်တွင်တော့ အမှန်တကယ် စိုးရိမ်ကြောင့်ကြနေတာကို မြင်တွေ့နေရသည်။ ချန်ယွီ့ထံတွင် အဖြေရှာသည်က သူမ၏ မကျေနပ်ချက်များအတွက် ပြန်ပြီး ဖြေရှင်းချက် ရယူနိုင်မည်။

သူမက အလျင်အမြန်ပဲ တိုင်ပင်ဆွေးနွေးခ ယွမ် တစ်သောင်းကို လွှဲပေးလာခဲ့သည်။

“ မင်းမှာ အဲ့စထွင်မာရဲ့ ဓာတ်ပုံ ၊ ဒါမှမဟုတ် စခရင်ရှော့ ရှိလား …”

ချန်ယွီ့ မေးလိုက်သည်။

“ ကျွန်မ သွားပြီး ယူပေးမယ် …”

အားဝေ့လည်း လိုက်စထွင်း လွှင့်နေသဖြင့် ကျိုးခဲ့ရှင်းက အခြားဖုန်းတစ်လုံးဖြင့် သူ့အကောင့်ထဲသို့ ဝင်ကာ ဓာတ်ပုံတစ်ချက် ရိုက်ပြီး ကင်မရာရှေ့တွင် ပြလိုက်သည်။

အကြမ်းဖျင်းတစ်ချက် ကြည့်ပြီးနောက် ချန်ယွီ့က တည်ငြိမ်စွာ ဆိုလိုက်၏။ “ သူ့ ရွာမှာ ရှိတဲ့ အသီးတွေကလည်း တကယ်လည်း ပိုးသတ်ဆေးကင်းတယ် …”

“ ဟင် …”

ကျိုးခဲ့ရှင်းမှာ မိုးကြိုးပစ်ခံလိုက်ရသည့်နှယ် တောင့်တင်းသွားခဲ့သည်။

“ တကယ်လို့ ပိုးသတ်ဆေး ကင်းတယ်ဆိုရင် ကျွန်မ ဝယ်ခဲ့တဲ့ စပျစ်သီး သုံးဖာက ဘယ်လို ဖြစ်ရတာလဲ …”

“ တစ်ယောက်ယောက်က ကျွန်မကို ထပ်ပြီး အဆိပ်ခတ်ချင်လို့ ကြားထဲမှာ ပစ္စည်းလဲလိုက်တာများလား …”

စစချင်းတုန်းကတော့ ကျိုးခဲ့ရှင်း တွေးထင်ထားခဲ့သည်မှာ ချန်ယွီ့က သူမ၏ နာမည်ကို ကူညီရှင်းလင်းပေးနိုင်လိမ့်မည် ဟူ၍ပင်။

သို့ပေမယ့်လည်း ချန်ယွီ့နှုတ်မှ ရွာသားများ၏ သစ်သီးထဲတွင် မည်သည့် ပြဿနာမျှ ရှိမနေကြောင်း ပြောလာလိမ့်မည်လို့ ထင်မထားခဲ့ပါချေ။

“ မင်း အတွေးလွန်နေပြီ …” ချန်ယွီ့ ခြောက်ကပ်စွာ ပြောလိုက်ပြီး “ အန်းအန်းကလွဲရင် မင်းဘေးနား ဘယ်သူကမှ မင်းကို ထိခိုက်နစ်နာစေလိုတဲ့ ရည်ရွယ်ချက်မျိုး မရှိဘူး ….”

“ မင်း ဝယ်လိုက်တဲ့ အသီးတွေထဲ ပိုးသတ်ဆေး လွန်ကဲနေတာက ဘာလို့ဆို မင်းဆီ ရောက်လာတဲ့ အသီးနဲ့ သူတို့ ရွာမှာ စိုက်ပျိုးတဲ့ အသီးက မတူညီတဲ့ ထုတ်ကုန်တွေ ဖြစ်နေလို့ပဲ …”

“ မင်း မြင်ခဲ့ရတဲ့ သစ်သီးခြံကြီးက ဘာမှ မဟုတ်ဘူး … ဒီတိုင်း ဗန်းပြသပ်သပ်ပဲ …”

“ ပြောရရင် အဲ့တာက အိမ်ခြံမြေရောင်းတဲ့ ပြခန်းတွေမှာ ပြထားတဲ့ အိမ်ပုံစံ မော်ဒယ်အသေးလေးတွေလိုမျိုးပဲ .. ဒီတော့ စုံစမ်းစစ်ဆေးတာကို ဖြတ်ကျော်နိုင်တာက မဆန်းပါဘူး …”

“ ကတ်စတန်မာတွေ လက်ခံရရှိတဲ့ ပစ္စည်းတွေကကျတော့ ရွာသားတွေ သူတို့ရဲ့ သစ်သီးဈေးမှာ လက်ကားဈေးနဲ့ ပေါပေါပဲပဲ ၀ယ်ထားတဲ့ ဈေးနိမ့် အသီးတွေ …”

“ ဒီလို အတုအယောင်တွေ ဖန်တီးဖို့အတွက် တစ်ရွာလုံးက အားဝေ့နဲ့ လက်ဝါးချင်း ရိုက်ထားကြတာ … အစိုးရကိုယ်တိုင် အဲ့ဒီ ရွာကို သွားပြီး စုံစမ်းစစ်ဆေးရင်တောင် သူတို့ ဘာမှ ရှာတွေ့နိုင်မှာ မဟုတ်ဘူး … ဟူယွီ ပလတ်ဖောင်းဆိုလို့က‌တော့ ဘယ်ပြောကောင်းမလဲ ….”

ကျိုးခဲ့ရှင်းမှာ ရွာသားများ၏ လိမ်လည်မှုကို သိလိုက်ရတော့ ရှော့ခ်ရသွားခဲ့သည်။

ရုတ်ချည်းဆိုသလို ထူးဆန်းသည့် အပြုံးတစ်ခုက ချန်ယွီ့ မျက်နှာထက်တွင် ထွက်ပေါ်လာသည်။

“ အဲ့ဒီ စထွင်မာကလည်း တကယ့်ကို ပါရမီရှင်ပဲ … သူ့မှာ မရှိထားသင့်တဲ့ အရာတွေ အကုန်လုံးကို သင်ယူတတ်မြောက်ထားတယ် …”

“ သူများတွေက သူတို့ရဲ့ မိုက်ပြစ်တွေကို ပေးဆပ်ဖို့အတွက် ထောင်ထဲ သွားကြတယ် … ဒါပေမယ့် သူကတော့ ရာဇဝတ်မှုတွေ ဘယ်လိုကျူးလွန်ရမလဲဆိုတာ သင်ယူဖို့အတွက် သွားခဲ့တာပဲ …”

All Chapters