အခန်း ၃၃၇၉-၃၃၈၀ (ဇာတ်သိမ်း)
Vol. 221 Ch. 3379-3380 Final
အခန်း ၃၃၇၉ - လောကအသစ်
ပင်ယန်းမြို့သည် အစွန်အဖျားမှာရှိသော သာမန်မြို့လေးတစ်မြို့သာဖြစ်၏။
ဤနေ့မှာ ထူးဆန်းသောလူတစ်အုပ်စုက မြို့ထဲကို ရောက်ရှိလာ၏။
ဤလူများ၏ ဝတ်စားဆင်ယင်ပုံက မြို့ထဲရှိ သာမန်လူများနှင့် အလွန်တရာကွဲပြားခြားနားနေ၏။
သူတို့ထဲမှတချို့သည် လူသားများပင် ဖြစ်သည့်ပုံမပေါ်ပေ။ သူတို့မှာ ပါးစပ်ချွန်ချွန်မျောက်မျက်နှာများရှိပြီး ကိုးရိုးကားယားနိုင်နေ၏။
လူတချို့မှာ ထူးခြားသော သွင်ပြင်ဟန်ပန်များနှင့် ခံ့ညားသောအမူအရာများရှိနေကြ၏။
လူတချို့က လွတ်လပ်ပေါ့ပါး၍ ချုပ်တည်းထားမှုမရှိပေ။
ဤလူအုပ်စုမှာ လျှို့ဝှက်ဆန်းကြယ်သောနောက်ခံများနှင့် ဘာမှန်းမသိရသော သရုပ်သကန်များ ရှိကြလေသည်။ သို့သော်လည်း သူတို့သည် ပင်ယန်းမြို့အပေါ် မကောင်းသောရည်ရွယ်ချက်မရှိဘဲ မြို့ထဲရှိလူများကို အနှောက်အယှက်မပေးကြပေ။
အချိန်ကြာလာသည်နှင့်အမျှ ပင်ယန်းမြို့ထဲရှိလူတိုင်းသည် ဤလူအုပ်စု၏ တည်ရှိမှုနှင့် တဖြည်းဖြည်းအသားကျလာပြီး ရံဖန်ရံခါမှာ သူတို့ကိုပင် နှုတ်ဆက်တတ်ကြလေသည်။
သူတို့ကြားမှာ ပုံပြောကောင်းသော တာအိုပညာရှင်ကျင့်ကြံသူတစ်ဦးရှိလေသည်။ သူသည် မြို့ထဲမှာ စားပွဲတစ်လုံးချခင်းပြီး ခေါက်ယပ်တောင်ကို ဖြန့်ကာ မပြီးဆုံးနိုင်သည့် ပုံပြင်ဇာတ်လမ်းများကို ပြောဆိုလေသည်။
တာအိုပညာရှင်ကျင့်ကြံသူသည် အာစလျှာစကောင်းပြီး ကြာပန်းတစ်ခုကဲ့သို့ လျှာစောင်းထက်လေသည်။ သူသည် ပင်ယန်းမြို့မှလူများ တစ်ခါမှမကြားဖူးသည့် ထူးဆန်းအံ့ဩဖွယ်ရာလောကတစ်ခုအကြောင်းကို ပြောဆိုနေပြီး အရာရာတိုင်း၏ ခမ်းနားထည်ဝါမှုသည် သူ၏ ဇာတ်လမ်းကို နားထောင်ရန် သိပ်မကြာခင် လူတစ်အုပ်စုကို ဆွဲဆောင်မိသွား၏။
ပုံပြောသူ၏ ပုံပြင်ဇာတ်လမ်းထဲမှာ သူတို့၏ ဓားများနှင့် ကောင်းကင်ထက်မှာပျံသန်းနိုင်သောလူများ၊ တိမ်စိုင်များကို စီးနင်းနိုင်သောလူများပါရှိလေသည်။ တကယ်ဆို ကောင်းကင်ဘုံကိုမီးရှို့ပြီး ပင်လယ်ကို ဆူပွက်စေကာ ခြေလှမ်းတိုင်းမှာ ကြာပန်းများဖူးပွင့်စေသည့် နတ်ဘုရားသက်ရှိများပင် ပါရှိလေသည်။
လူတိုင်းသည် ဤပုံပြောသူ၏ အမည် သို့မဟုတ် နောက်ခံကို မသိရှိကြပေ။ မေးလျှင်လည်းသူက ပြောပြလိမ့်မည် မဟုတ်ပေ။ ထိုသို့ဖြင့် သူတို့သည် သူ့ကို ပုံပြောသူဟုသာ ခေါ်ဆိုကြသည်။
ဤတာအိုပညာရှင်ကျင့်ကြံသူသည် မြို့လေးထဲမှာ နေ့စဉ်နေ့တိုင်း ပုံပြင်ဇာတ်လမ်းများကို ပြောပြနေ၏။
သူဇာတ်လမ်းလာပြောသည့်အချိန်တိုင်း မြို့ထဲရှိ အားလပ်နေသောလူများသည် အရွယ်ရောက်သူများဖြစ်စေ၊ ကလေးငယ်များဖြစ်စေ အပြေးအလွှားလာရောက်၍ နားထောင်တတ်ကြလေသည်။
နွေဦးက ဝင်လာပြီး ပြန်ထွက်သွား၏။ မသိလိုက်မသိဘာသာနှင့်ပင် တာအိုပညာရှင်သည် ပင်ယန်းမြို့တွင် ပုံပြင်ဇာတ်လမ်းများပြောပြနေသည်မှာ ငါးနှစ်ကျော်ကြာသွားခဲ့ပြီဖြစ်၏။
ဤနေ့မှာ ပင်ယန်းမြို့မှာ ကြီးမားသောလူတစ်အုပ်စုသည် အရပ်တစ်ဘက်သို့ ဦးတည်နေကြ၏။
မေးနေစရာမလိုပေ။ တာအိုပညာရှင်ကျင့်ကြံက သူ၏ ဇာတ်လမ်းများကို တစ်ဖန်စတင်၍ ပြောဆိုနေသည်မှာ သိသာလေသည်။
ဤနေ့မှာ သူ၏ ပုံပြင်ဇာတ်လမ်းများကို နားထောင်ဖို့ ရောက်ရှိလာသောသူများက ထူးထူးခြားခြားများပြားနေ၏။
တာအိုပညာရှင်ကျင့်ကြံသူပြောသည့် ဇာတ်ကြောင်းတစ်ခုလုံးက အဆုံးသတ်ကို ရောက်ရှိလာပြီဖြစ်သောကြောင့်ပင်။
ဖြောင်း…
လူတိုင်း၏ အလယ်မှာ တာအိုပညာရှင်ကျင့်ကြံသူက စားပွဲပေါ်သို့ လက်ကိုင်သစ်သားတုံးကို ပစ်ရိုက်ချပြီး သူ၏ ခေါက်ယပ်တောင်ကို ဖြန့်လိုက်၏။
“သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းက ကမ္ဘာတစ်ထောင်သုံးဆင့်လောကကို ဖျက်ဆီးလိုက်တယ်.. မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေအားလုံးအပါအဝင် လောကမှာရှိတဲ့အရာရာတိုင်းက ဘာမှမကျန်အောင် ပျက်စီးသွားတယ်”
“သူတော်စင်ဧကရာဖ်ပြန်ဝင်စားခြင်းက တော်တော်ဆိုးတာပဲ”
ကလေးငယ်တစ်ဦးက ဒေါသတကြီးပြောလိုက်၏။
နောက်ထပ်လူတစ်ဦးက ထပ်ပြောလိုက်၏။
“ကမ္ဘာတစ်ထောင်သုံးဆင့်လောကက ဒီလိုနဲ့ပဲ သူ့ကြောင့် ဖျက်ဆီးခံလိုက်ရတာလား”
“အဲဒါပြီးတော့ ဘာဖြစ်သွားလဲ… သူတော်စင်ဧကရာဇ်အထီးကျန်သိုင်းသခင်ကရော သေသွားတာလား… သူတော်စင်သွေးလိပ်ပြာကရော”
လူတချို့က မနေနိုင်ဘဲ ဝင်ရောက်ပြောဆိုလိုက်ကြ၏။
တာအိုပညာရှင်ကျင့်ကြံသူက လက်ဖက်ရည်ကို အေးအေးဆေးဆေးသောက်ပြီးမှ ပြောလိုက်၏။
“နောက်ပိုင်းမှာ သူတော်စင်ဧကရာဇ်အထီးကျန်သိုင်းသခင်က မူလစကြဝဠာကို ဖောက်ခွဲဖျက်ဆီးပြီး တိတ်ဆိတ်မှောင်မိုက်နေတဲ့ စကြဝဠာထဲမှာ တစ်ယောက်တည်း ဆက်ပြီး ကောက်ချက်ချနေခဲ့တယ်.. နောက်ဆုံးမှာတော့ သူက ပိုပြီးတော့ရှေးကျတဲ့ အာဒိကပ္ပစကြဝဠာတစ်ခုကို ဆင့်ကဲပြောင်းလဲနိုင်စေခဲ့တယ်”
“ဒီအာဒိကပ္ပစကြဝဠာက ပျက်စီးသွားပြီဖြစ်တဲ့ ကမ္ဘာတစ်ထောင်သုံးဆင့်လောကို ဝါးမျိုပြီး ထည့်သွင်းလိုက်တယ်… အဲဒါက ပိုပြိးတာ့ ကျယ်ပြောတဲ့ လောကတစ်ခုဖြစ်လာတယ်”
လူတစ်ယောက်က သက်ပြင်းချလိုက်၏။
“ဒါပေမဲ့ အဲဒါက ဘာများသုံးစားရမှာလဲ… ဒီအာဒိကပ္ပစကြဝဠာမှာ သူတော်စင်ဧကရာဇ်အထီးကျန်သိုင်းသခင်တစ်ဦးပဲ ကျန်ခဲ့တာမလား.. သူ့ရဲ့မိတ်ဆွေဟောင်းတွေအားလုံးက သေဆုံးသွားပြီပဲ… အဲဒါက သူ့အတွက် ဘယ်လောက်တောင် ရက်စက်ရာကျလိုက်လဲ”
လူတိုင်းက ခေါင်းညိတ်လိုက်ကြ၏။
တာအိုပညာရှင်ကျင့်ကြံသူက ခေါင်းခါပြလိုက်၏။
“တကယ်တော့ သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းက ကမ္ဘာတစ်ထောင်သုံးဆင့်လောကကို ဖျက်ဆီးပြီးတဲ့နောက် သူ့မှာ အသိစိတ်တစ်စ ကျန်ရှိနေသေးတာကြောင့် ဖြစ်ကောင်းဖြစ်လိမ့်မယ်… သူက ကမ္ဘာမြေစာအုပ်ကို ဖျက်ဆီးမပစ်လိုက်ဘူး.. အဲဒီအစား သူက ကမ္ဘာမြေစာအုပ်ထဲမှာစုဆောင်းထားတဲ့ ဝိညာဉ်တွေအားလုံးကို သူတော်စင်ဧကရာဇ်အထီးကျန်သိုင်းသခင်ဆီ လက်လွှဲပေးခဲ့တယ်”
“ဘယ်လို…”
လူတိုင်းက မှင်တက်၍ အံ့အားသင့်သွားကြ၏။
တာအိုပညာရှင်ကျင့်ကြံသူက ပြောလိုက်၏။
“အဲဒါကြောင့် ကမ္ဘာတစ်ထောင်သုံးဆင့်လောကက ဘီလီယံနဲ့ချီတဲ့ သက်ရှိတွေရဲ့ ဝိညာဉ်တွေနဲ့ သူတော်စင်ဧကရာဇ်အထီးကျန်သိုင်းသခင်က ကမ္ဘာတစ်ထောင်သုံးဆင့်လောကမှာရှိတဲ့ မူလသက်ရှိတွေအားလုံးကို ပြန်ပြီးတော့ အသက်သွင်းပေးခဲ့တယ်”
“အဲဒီထဲမှာ သူ့ရဲ့မိတ်ဆွေဟောင်းတွေလည်းပါတာပေါ့”
“ဒါပေမဲ့ သက်ရှိတွေအားလုံးအတွက် မတိုင်းတာနိုင်တဲ့ကပ်ဘေးကို သူဘယ်လိုဖြေရှင်းပေးလဲ”
ရုတ်တရက် လူတစ်ယောက်က မေးလိုက်၏။
တာအိုပညာရှင်ကျင့်ကြံသူက ပြုံး၍ ပြောလိုက်၏။
“အာဒိကပ္ပစကြဝဠာရဲ့ ဖန်တီးသူအနေနဲ့ သူတော်စင်ဧကရာဇ်အထီးကျန်သိုင်းသခင်က ဒီလောကအတွင်းမှာရှိတဲ့ ဥပဒေသတွေကို ပြန်ပြီးတော့ ရေးဆွဲနိုင်တာပေါ့… သက်ရှိတွေအားလုံးအတွက် မတိုင်းတာနိုင်တဲ့ကပ်ဘေးရဲ့ မူလဇာစ်မြစ်က ထာဝရသက်ရှိတွေရဲ့ အတ္တတွေနဲ့ စိတ်ဆန္ဒတွေပေါ်မှာ မူတည်နေတာပဲ”
“အဲဒါကြောင့် သူတော်စင်ဧကရာဇ်အထီးကျန်သိုင်းသခင် ပြန်ပြီးရေးဆွဲလိုက်တဲ့ အရေးအကြီးဆုံးဥပဒေသကတော့ သက်ရှိတွေက သူတော်စင်တွေဖြစ်လာတာနဲ့ သူတို့ရဲ့အတ္တတွေကို လွှတ်ချပြီး မဟာတာအိုအဖြစ် အသွင်းပြောင်းလဲသွားရမယ်ဆိုတာပဲ”
“တစ်ယောက်ယောက်က ထာဝရအသက်ကို လိုချင်တယ်ဆိုရင် သူတို့တွေက စိတ်ခံစားချက်တွေအားလုံးကို စွန့်ပယ်ရလိမ့်မယ်”
“အဲလိုနဲ့ သက်ရှိတွေအားလုံးအတွက် မတိုင်းတာနိုင်တဲ့ကပ်ဘေးက အမြစ်ကနေ ဖြတ်တောက်ခံလိုက်ရလိမ့်မယ်”
လူတစ်ယောက်က မေးလိုက်၏။
“သူတော်စင်ဧကရာဇ်အထီးကျန်သိုင်းသခင်ကရော… သူက အာဒိကပ္ပစကြဝဠာမှာ အသန်မာဆုံးတည်ရှိမှုဖြစ်လာခဲ့ပြီပဲ… သူက တစ်နေ့မှာ စိတ်ပြောင်းပြီး ဒုတိယမြောက်သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းဖြစ်လာမှာလား”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲကွ”
နောက်ထပ်လူတစ်ဦးက ချက်ချင်းပင် ခွန်းတုံ့ပြန်လိုက်၏။
“သူတော်စင်ဧကရာဇ်အထီးကျန်သိုင်းသခင်က ဒီလောက်ထိအများလူထုကို ဂရုစိုက်ပေးပြီး သိုင်းတာအိုကို တည်ဆောက်ခဲ့တာပဲ… ဒီလိုမျိုး ရဲဝံ့မှုနဲ့ စိတ်သဘောထား ကြီးမြတ်မှုနဲ့ဆိုရင် သူက ဘယ်လိုလုပ်ပြီး ဒုတိယမြောက် သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်း ဖြစ်လာနိုင်မှာလဲ”
“အဲဒါက တပ်အပ်သေချာပြောလို့တော့ မရဘူး”
ပထမလူက ပြောလိုက်၏။
“သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းကလည်း အစကတုန်းက မျှတတဲ့လောကတစ်ခုကို တည်ဆောက်ချင်ခဲ့တာမလား… သူက ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကိုတည်ဆောက်ပြီး ကောင်းမှုအတွက် ဆုလာဘ်နဲ့ မကောင်းမှုအတွက် အပြစ်ဒဏ်ကို ပေးချင်ခဲ့တာမလား”
ထိုအကြောင်းကိုပြောဆိုချိန်မှာ တာအိုပညာရှင်ကျင့်ကြံသူက နှုတ်ဆိတ်သွား၏။
ခဏနေပြီးနောက် တာအိုပညာရှင်ကျင့်ကြံသူက ဖြည်းဖြည်းချင်းပြောလိုက်၏။
“သူတော်စင်ဧကရာဇ်အထီးကျန်သိုင်းသခင်က အာဒိကပ္ပစကြဝဠာကို ဖန်တီးပြီး လောကကို ပြန်လည်တည်ဆောက်ခဲ့တယ်.. လမ်းခြောက်သွယ်ကိုဖန်တီးပြီး သက်ရှိတွေအားလုံးကို ဆင့်ကဲပြောင်းလဲစေခဲ့တယ်… အဲဒီနောက် သူက သူ့ရဲ့အတ္တ၊ စိတ်ခံစားချက်ခုနှစ်မျိုးနဲ့ စိတ်အာရုံခြောက်ပါးကို ဖြတ်တောက်ပြီး ဒီအသစ်စက်စက်လောကကို ကာကွယ်နိုင်ဖို့အတွက် သူကိုယ်တိုင်က ကောင်းကင်ဘုံတာအိုတစ်ခု ဖြစ်လာခဲ့တယ်”
“အာ…”
လူတိုင်းက တုန်လှုပ်၍ အံ့အားတသင့်ရေရွတ်လိုက်ကြ၏။
အတ္တနှင့် စိတ်ခံစားချက်များမရှိဘဲ သူတော်စင်ဧကရာဇ်အထီးကျန်သိုင်းသခင်သည် ဆက်လက်၍ သူတော်စင်ဧကရာဇ်အထီးကျန်သိုင်းသခင် မဟုတ်နိုင်တော့ပေ။ သို့သော်လည်း စောစောကလူ စိုးရိမ်ပူပန်နေသည့်အရာကလည်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။
အတ္တ သို့မဟုတ် တစ်ကိုယ်ကောင်းဆန်သောအတွေးများမရှိသည့် ကောင်းကင်ဘုံတာအိုအောက်မှာ မဟာတာအိုသုံးထောင်သည် သူတို့အလုပ်ကို သူတို့လုပ်ပြီး သက်ရှိများအားလုံးက သာတူညီမျှရှိနေကြပေလိမ့်မည်။
ပင်ယန်းမြို့ထဲရှိ ဂေဟာတစ်ခုထဲမှာ။
ဆူဇီမိုသည် ဖြည်းဖြည်းချင်းနိုးထလာပြီး ခုတင်ပေါ်မှာထိုင်လိုက်၏။ သူက အတန်ကြာသည့်အထိ ငေးငိုင်နေပြီး သူ၏ မျက်လုံးထဲရှိ တွေဝေရှုပ်ထွေးမှုက နောက်ဆုံးမှာ တဖြည်းဖြည်းပျက်ပြယ်ကာ ကြည်လင်ရှင်းလင်းမှုကို ပြန်လည်ရရှိလာ၏။
သို့သော်လည်း သူက ထမလာသေးပေ။ သူသည် တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး ငိုင်ကျသွားပြန်၏။
ခဏနေပြီးနောက် သူက မတ်တတ်ထရပ်ပြီး တံခါးကို တွန်းဖွင့်လိုက်၏။
ခြံဝန်းထဲမှာ မက်မွန်ပင်တစ်ပင်အောက်တွင် သွေးနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ချောမောလှပသော အမျိုးသမီးတစ်ဦးက မတ်တတ်ရပ်နေ၏။ သူမက သူ့ကိုလှည့်ကြည့်ပြီး ညင်သာစွာပြုံးပြလိုက်၏။
“ရှင်နိုးလာပြီလား”
“အင်း”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
“ကျွန်မတို့ထဲမှာ ရှင်အိပ်ရာထ အနောက်ကျဆုံးပဲ”
တျဲယွဲ့က ပြုံး၍ပြောလိုက်၏။
ဆူဇီမိုက မြို့ထဲမှ မသဲမကွဲအသံများကိုကြားရသောအခါ မေးလိုက်၏။
“အပြင်မှာ ဘာတွေဖြစ်နေတာလဲ”
တျဲယွဲ့က ပြုံးပြလိုက်၏။
“လင်းရွှမ်ကျီက အဲဒီနေရာမှာဇာတ်ကြောင်းပြောနေတာပဲ… အဲဒါက သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းက ကမ္ဘာတစ်ထောင်သုံးဆင့်လောကကို ဖျက်ဆီးလိုက်တဲ့ အထွတ်အထိပ်နေရာကို ရောက်နေပြီ… သူကခဏလောက်ထိ လူတချို့ ဆူပူအော်ငေါက်တာခံရလိမ့်မယ်”
“သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်း”
ဆူဇီမိုက သူ၏ ပါးစပ်ကိုအနည်းငယ်ဖွင့်ဟပြီး တွေဝေတုံ့ဆိုင်းနေ၏။
“ဘာများဖြစ်လို့လဲ”
ဆူဇီမိုက သူ့စိတ်ထဲမှာ အတွေးများစွာရှိနေသည့်အလား အခန်းထဲကနေ လျှောက်လှမ်းထွက်လာသည်ကို တွေ့မြင်သောအခါ တျဲယွဲ့က ညင်သာစွာမေးလိုက်၏။
ဆူဇီမိုက ပြောလိုက်၏။
“သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းက သူတော်စင်ဧကရီဘဝအတွက် လက်စားချေဖို့ ကမ္ဘာတစ်ထောင်သုံးဆင့်လောကကို ဖျက်ဆီးလိုက်တယ်ဆိုတဲ့ဖြစ်နိုင်ခြေတစ်ခုရှိတယ်… သူက အစကတည်းက သေဖို့ စိတ်ပိုင်းဖြတ်ထားတဲ့အချက်နဲ့ဆိုရင် သူတော်စင်ဧကရီဘဝသေဆုံးသွားပြီးတဲ့နောက် သူ့မှာ ကမ္ဘာတစ်ထောင်သုံးဆင့်လောကအပေါ် ဘာနှောင်ဖွဲ့တဲ့တွယ်တာမှုမှ မရှိလောက်တော့ဘူး”
“ဒါပေမဲ့ စောစောတုန်းက ငါက ကိစ္စတချို့ကို နားလည်သဘောပေါက်သွားတယ်… အဲဒီမှာ နောက်ထပ်ဖြစ်နိုင်ခြေတစ်ခု ရှိနေနိုင်တယ်”
“အဲဒါဘာလဲ”
တျဲယွဲ့က မေးလိုက်၏။
ဆူဇီမိုက ပြောလိုက်သည်။
“သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းက လုံးဝပြောင်းလဲမသွားခဲ့ဘူး”
“အစကနေ နောက်ဆုံးအချိန်ထိ သူက သူ့ရဲ့စိတ်ကူးနဲ့ သူတော်စင်ဧကရီဘဝရဲ့စိတ်ကူးကို အကောင်အထည်ဖော်ပြီး သက်ရှိတွေအားလုံး သာတူညီမျှရှိမယ့် လောကတစ်ခုကို တည်ဆောက်ချင်နေခဲ့တာပဲ”
“ဒါပေမဲ့ ကမ္ဘာတစ်ထောင်သုံးဆင့်လောကက အက်ကွဲကြောင်းတွေနဲ့ ပြည့်နှက်နေပြီကို သူသိထားတယ်.. သူက ကမ္ဘာတစ်ထောင်သုံးဆင့်လောကတစ်ခုလုံးကို ထိန်းချုပ်ထားမယ်ဆိုရင်တောင် သူက နှစ်ပေါင်းများစွာတည်ရှိလာခဲ့တဲ့ ဥပဒေသတွေကို ပြောင်းလဲပေးနိုင်မှာ မဟုတ်တော့ဘူး”
“အဟောင်းကို ဖျက်ဆီးပြီး ကမ္ဘာတစ်ထောင်သုံးဆင့်လောကအသစ်ကို ပြန်လည်တည်ဆောက်ခြင်းနဲ့ပဲ အသစ်စက်စက်ဖြစ်ပေါ်လာမယ့်လောကမှာ သက်ရှိတွေအားလုံးအတွက် သာတူညီမျှရှိမယ့်အခွင့်အရေးကို သူဖန်တီးပေးနိုင်လိမ့်မယ်။”
အခန်း ၃၃၈၀ - ထာဝရသူတော်စင်ဧကရာဇ်
ထိုစကားကိုကြားသောအခါ တျဲယွဲ့က ပြောလိုက်၏။
“အဲဒါကြောင့် သူက လောကအဟောင်းကို ကိုယ်တိုင်ဖျက်ဆီးပြီး ကမ္ဘာတစ်ထောင်သုံးဆင့်လောကက မျိုးနွယ်စုတစ်သောင်းသက်ရှိတွေရဲ့ ဝိညာဉ်တွေနဲ့အတူ လောကအသစ်တစ်ခု ဖန်တီးနိုင်မယ့်အခွင့်အရေးကို ရှင့်ဆီလွှဲပေးခဲ့တာပဲ”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
တျဲယွဲ့က ပြောလိုက်၏။
“အရင်တုန်းက ရှင့်ရဲ့သိုင်းတာအိုပင်မခန္ဓာက နှစ်ပေါင်းသောင်းချီကြာအောင် သူတော်စင်အပျက်အစီးနယ်မြေမှာ သူနဲ့အတူရှိနေခဲ့တယ်… သူ့ရဲ့ဉာဏ်ပညာနဲ့ဆို သိုင်းတာအိုပင်မခန္ဓာက သူ့ဆီကနေ ဘာကိုမှ ဖုံးကွယ်ထားနိုင်မှာ မဟုတ်လောက်ဘူး”
“သူက အဲဒီအခိုက်အတန့်အတွက် သိုင်းတာအိုပင်မခန္ဓာကို မတိုက်ခိုက်ခဲ့တာဖြစ်နိုင်တယ်”
ထိုအကြောင်းကိုပြောဆိုချိန်မှာ ဆူဇီမိုက ညင်သာစွာသက်ပြင်းချလိုက်၏။
“သူက သိုင်းတာအိုပင်မခန္ဓာကို မတိုက်ခိုက်ရတဲ့ နောက်ထပ်အကြောင်းအရင်းရှိနေတယ်”
“အဲဒါ… သိုင်းတာအိုပင်မခန္ဓာက အာဒိကပ္ပစကြဝဠာကို ဖန်တီးပြီး ပိုပြီးတော့သန်မာတဲ့စွမ်းအားတစ်ခုကို ရရှိပြီးမှပဲ မြင်တွေ့ခဲ့ရတဲ့မြင်ကွင်းတစ်ခုပဲ”
“သူတော်စင်အပျက်အစီးနယ်မြေမှာ သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းက သူတော်စင်ဧကရာဇ်ဘဝအကြောင်းပြောဆိုတဲ့အခါ သူက အရေးကြီးတဲ့သတင်းအချက်အလက်တစ်ခုကို တမင်သက်သက်ထိန်ချန်ထားခဲ့တယ်”
“သူတော်စင်ဧကရီဘဝရဲ့အသွေးအသားက ပြန့်ကျဲပြီး ကမ္ဘာတစ်ထောင်သုံးဆင့်လောကရဲ့ လူသားတွေအဖြစ် အသွင်ပြောင်းလဲသွားခဲ့တယ်… ဒါပေမယ့် သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းက သူတော်စင်ဧကရီဘဝရဲ့ဝိညာဉ် ဘယ်မှာရှိတယ်ဆိုတာကို မပြောခဲ့ဘူး”
“ကောင်းကင်ဘုံတာအိုသူတော်စင်ဧကရာဇ်တစ်ပါးဖြစ် ကျင့်ကြံပြီးတဲ့နောက် လူတစ်ယောက်ရဲ့ ဝိညာဉ်က တစ်စွန်းတစ်မကျန်ပျောက်ကွယ်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး”
“ကစဉ့်ကလျားအစိမ်းရောင်ကြာပန်းကတောင် ပြန်ဝင်စားခြင်းစက်ဝန်းတချို့ကို တွေ့ကြုံဖြတ်ကျော်ခဲ့ရတယ်”
တျဲယွဲ့က နားလည်သဘောပေါက်လိုက်၏။
“ရှင်ဆိုလိုတာက…”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
“သိုင်းတာအိုရဲ့ မွေးဖွားပေါ်ထွက်လာမှုက အမြဲတမ်းလျှို့ဝှက်ဆန်းကြယ်မှုတစ်ခု ဖြစ်နေခဲ့တယ်.. သိုင်းတာအိုကို တည်ထောင်ပြီး သိုင်းတာအိုသစ်သီးကို စုဖွဲ့ပြီးတဲ့နောက် ဝိညာဉ်နဲ့အတ္တတစ်ခု ဘာ့ကြောင့်မွေးဖွားပေါ်ထွက်လာသလဲဆိုတာကို ငါ တစ်ခါက စဉ်းစားတွေးတောနေခဲ့တာ”
“သိုင်းတာအိုပင်မခန္ဓာက အာဒိကပ္ပကို တည်ဆောက်လိုက်တဲ့အချိန်မှာပဲ သူတော်စင်ဧကရီဘဝရဲ့ဝိညာဉ်က သိုင်းတာအိုအတွက် ဘဝတစ်ခုကို ပေးအပ်ခဲ့တယ်ဆိုတာ ငါနားလည်သိရှိလိုက်တယ်”
သူတော်စင်ဧကရီဘဝ၏ ဝိညာဉ်က ပြန်ဝင်စားခြင်းသို့ မဝင်ရောက်နိုင်ခဲ့ပေ။
သူမသည် အရိုက်အရာဆက်ခံသူတစ်ယောက်ကို အမြဲတမ်းရှာဖွေနေခဲ့သည်။
ကြီးမားသော… ဇွဲလုံ့လဝီရိယ၊ ရဲဝံ့မှု၊ ဉာဏ်ပညာ၊ အကြောက်အလန့်ကင်းမဲ့မှုနှင့် စိတ်သဘောထားကြီးမားမှုတို့ရှိသည့် လူတစ်ယောက်…။
ထိုသည်မှာ ကမ္ဘာတစ်ထောင်သုံဆင့်လောကကို ပြောင်းလဲနိုင်မည့်အခွင့်အရေးကိုရရှိဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်လေသည်။
အထီးကျန်သိုင်းသခင်သည် လမ်းကြောင်းတစ်ခုကို ဖောက်လုပ်ပြီး သက်ရှိများအားလုံးအတွက် သိုင်းပညာကို သင်ကြားပေးခဲ့သည်။
သိုင်းတာအိုက မွေးဖွားပေါ်ထွက်လာသည်။
ထိုသို့ဖြင့် သူတော်စင်ဧကရီဘဝသည် သိုင်းတာအိုအား သူမ၏ ဘဝကို ပေးအပ်ခဲ့လေသည်။
သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းသည် သိုင်းတာအိုပင်မခန္ဓာထံမှ သူတော်စင်ဧကရီဘဝ၏ အငွေ့အသက်များကို ရှာတွေ့နိုင်ခဲ့၏။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာက မည်သို့ပင်ဆိုစေ သူတော်စင်ဧကရီဘဝ မဟုတ်တော့ပေ။
ထို့ကြောင့် တစ်ခါတစ်ရံမှာ သူ့ကို သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းကြည့်နေသည့်ပုံက အနည်းငယ်ထူးဆန်းနေတတ်၏။
တျဲယွဲ့က ပြောလိုက်၏။
“ဒါဆိုရင် အရင်တုန်းက ကမ္ဘာတစ်ထောင်သုံးဆင့်လောကကို ချိုးဖျက်ဖို့ ကစဉ့်ကလျားအစိမ်းရောင်ကြာပန်းနဲ့ သူတော်စင်ဧကရီဘဝသို့ ပူးပေါင်းခဲ့တဲ့ရည်ရွယ်ချက်က မူလအမြုတေစိတ်ဝိညာဉ်ငါးဦးကို ထိခိုက်ဒဏ်ရာရရှိစေဖို့အတွက်တင် မဟုတ်ဘူးပဲ”
“ပိုပြီးအရေးပါတာက အက်ကွဲသွားတဲ့ ကမ္ဘာတစ်ထောင်သုံးဆင့်လောကရဲ့ အကူအညီနဲ့ သူတော်စင်ဧကရီဘဝရဲ့ဝိညာဉ်ကို လွတ်မြောက်သွားစေဖို့ပဲ… အဲဒါကြောင့်ပဲ သုံးဘုံလောကနဲ့ ဒြပ်စင်ငါးမျိုးကနေ လွန်မြောက်နေတဲ့မူကွဲတစ်ခုကို ဖန်တီးနိုင်ခဲ့တာပဲ”
ဆူဇီမိုက ပြောလိုက်၏။
“ကမ္ဘာတစ်ထောင်သုံးဆင့်လောကကနေ ထွက်ခွာသွားတဲ့စွမ်းအားကို ရရှိခြင်းကနေပဲ လောကအသစ်ကို ဖန်တီးနိုင်မယ်”
တျဲယွဲ့က ပြောလိုက်၏။
“သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းက သူတော်စင်ဧကရီဘဝရဲ့ စိတ်ဆန္ဒနဲ့ ရည်ရွယ်ချက်တွေကို အစောကတည်းက သိရှိနေပြီးသားပဲ… အဲဒါကြောင့်လည်း သူက ရှင့်ကိုလောကအသစ်ဖန်တီးနိုင်မယ့် အခွင့်အရေးတစ်ခုပေးခဲ့တာ”
“သူက ရှင့်ကိုအဲလောက်ထိ ယုံကြည်နေခဲ့တယ်ဆိုတာ သူတော်စင်ဧကရီဘဝကြောင့်ပဲဖြစ်မယ်”
ဆူဇီမိုက ထိုစကားကိုကြားသောအခါ ခေါင်းခါပြလိုက်၏။
“ပြန်ဝင်စားခြင်းက သူတော်စင်ဧကရီဘဝကို ယုံကြည်ခဲ့လိမ့်မယ်… ဒါပေမယ့် သူက ငါ့ကိုလည်းယုံကြည်လိမ့်မယ်လို့ မဆိုလိုဘူး”
“ကမ္ဘာတစ်ထောင်သုံးဆင့်လောကကို မဖျက်ဆီးခင်က မိစ္ဆာအရှင်ကို သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းပြောခဲ့တဲ့ စကားတွေကို မှတ်မိသေးလား”
တျဲယွဲ့က ခေါင်းညိတ်ပြလိုက်၏။
ဆူဇီမိုကပြောလိုက်သည်။
“မိစ္ဆာအရှင်ရဲ့ ကျင့်ကြံမှုအရဆို သူက သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းကို လုံးဝခြိမ်းခြောက်နိုင်စရာအကြောင်းမရှိဘူး… သူက အဲဒီအချိန်တုန်းက မိစ္ဆာအရှင်ကို အဲဒီစကားတွေပြောနေခဲ့တာ သိပ်ပြီး မလိုအပ်ခဲ့သလိုပဲမလား”
“သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းက အဲဒီစကားတွေကို ငါ့အတွက် ပြောပေးနေခဲ့တာဖြစ်မယ်လို့ ငါထင်တယ်”
“လူသားနှလုံးသားက ပြောင်းလဲတတ်တယ်… ငါက လောကအသစ်တစ်ခုကိုတည်ဆောက်ပြီးတဲ့နောက် ငါက သုံးဘုံလောကရဲ့ အထွတ်အထိပ်မှာကြီးစိုးတဲ့ စွမ်းအားနဲ့ အဆင့်အတန်းမှာ ယစ်မူးပြီး ငါ့ရဲ့စိတ်က ပြောင်းလဲသွားမှာကို သူစိုးရိမ်နေခဲ့တဲ့ပုံပဲ… အဲဒါကြောင့် ငါ့ကို သတိပေးဖို့ သူက အဲဒီစကားတွေကို ပြောခဲ့တာပဲ”
တျဲယွဲ့က နှုတ်ဆိတ်သွား၏။
ကံကောင်းထောက်မစွာဖြင့် ဆူဇီမိုသည် နောက်ဆုံးမှာ သူ၏ ရွေးချယ်မှုကို ပြုလုပ်နိုင်ခဲ့၏။
ခဏနေပြီးနောက် တျဲယွဲ့က ပြုံးပြလိုက်၏။
“ဒါက ရှင့်ရဲ့ခန့်မှန်းချက်ပဲ… အရင်တုန်းက သူဘယ်လိုစဉ်းစားနေခဲ့တယ်ဆိုတာ သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းပဲ အတိအကျ သိလိမ့်မယ်လို့ ထင်တယ်”
“ဟုတ်တယ်”
ဆူဇီမိုက ပြုံးပြလိုက်၏။
“သွားကြရအောင်… ထွက်ခွာဖို့အချိန်ကျပြီ”
တျဲယွဲ့က လက်ယပ်ခေါ်လိုက်၏။
“အားလုံးက ရှင့်ကို စောင့်နေကြတာ”
ဆူဇီမိုက တျဲယွဲ့နှင့်အတူ လက်ချင်းတွဲက ဂေဟာထဲကနေ လျှောက်လှမ်းထွက်လာ၏။
ပင်ယန်းမြို့၏ လမ်းမပေါ် ရောက်ရှိလာပြီးနောက် ဆူဇီမိုသည် သူ၏ ဘေးပတ်ဝန်းကျင်ကို ငေးငိုင်စွာဖြင့် ကြည့်ရှုနေ၏။
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ မှတ်ဉာဏ်များပေါ်အခြေခံ၍ အသစ်စက်စက် ကမ္ဘာတစ်ထောင်သုံးဆင့်လောကမှာ အရာရာတိုင်းကို ပြန်လည်ဖန်တီးထားလေသည်။ သူတို့အများစုသည် ရင်းနှီးနေသည့်ပုံပေါ်သော်လည်း ကွဲပြားခြားနားမှုတချို့လည်းရှိနေ၏။
နောက်ဘက်ကနေ အလောတကြီးနိုင်သော ပြေးလွှားသံတစ်ခု ထွက်ပေါ်လာပြီး ပို၍ နီးကပ်လာ၏။
“မြန်မြန်လုပ်.. သွားကြရအောင် ပုံပြောသူက ပြောလို့ပြီးတော့မယ်”
“အာ… ငါလည်းအလုပ်များနေတာနဲ့ မေ့နေတာ… ငါတို့အဲဒီကို အချိန်မီရောက်နိုင်ပါ့မလားမသိဘူး”
ငယ်ရွယ်သော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးက ပြေးလာနေကြ၏။
သူတို့၏ အသံများက ရင်းနှီးနေသည့်ပုံရှိလေသည်။
ဆူဇီမိုက အလိုလိုတစ်ချက်လှမ်းကြည့်လိုက်၏။
ငယ်ရွယ်သောအမျိုးသမီးက သူတို့နှစ်ယောက်ဘေးကနေ ဖြတ်ပြေးသွားသောအခါ သူမက အမှတ်တမဲ့လှည့်ကြည့်ပြီး ဆူဇီမိုနှင့် အကြည့်ချင်းဆုံသွား၏။
ဆူဇီမိုနှင့် ငယ်ရွယ်သောအမျိုးသမီး နှစ်ဦးစလုံးက အနည်းငယ်မှင်တက်သွား၏။
ငယ်ရွယ်သောအမျိုးသမီးက သူမ၏ ခြေလှမ်းကို အလိုလိုရပ်တန့်ပြီး တွေဝေရှုပ်ထွေးသောအကြည့်ဖြင့် ဆူဇီမိုကိုကြည့်နေ၏။
“မုန့်ချီ… ဘာဖြစ်လို့လဲ နင်ဆက်ပြီးအချိန်ဆွဲနေရင် နောက်ကျသွားလိမ့်မယ်နော်”
(မုန့်ချီကို အရင်က ဇာတ်လမ်းအစမှာ မန်းကီဟု ရေးခဲ့ပါတယ်။ မုန့်ချီက အသံထွက်အမှန်ပါ။ ဆူဇီမိုငယ်ငယ်က သူနဲ့ လက်ထပ်ဖို့ စေ့စပ်ထားခဲ့တဲ့ ကောင်မလေးပါ။)
လူငယ်အမျိုးသားက သူမ၏ အင်္ကျီလက်စကိုဆွဲပြီး လှုံ့ဆော်လိုက်၏။
“အင်း..အင်းပါ”
ငယ်ရွယ်သောအမျိုးသမီးက သူမ၏ ငေးငိုင်ရာကနေ သတိပြန်ကပ်လာပြီး သူ့နောက်သို့ အလောတကြီးပြေးလိုက်သွား၏။
“နင် စောစောက ဘာဖြစ်သွားတာလဲ”
ပြေးရင်းလွှားရင်း ငယ်ရွယ်သောအမျိုးသားက မေးလိုက်၏။
ငယ်ရွယ်သောအမျိုးသမီးက ခေါင်းခါပြလိုက်၏။
“ဘာရယ်မဟုတ်ပါဘူး… ငါက အစိမ်းရောင်ဝတ်ရုံနဲ့ဟိုလူကို တစ်နေရာရာမှာ မြင်ဖူးသလိုလိုရှိလို့”
“ငါဘာလို့မမှတ်မိရတာပါလိမ့်”
ငယ်ရွယ်သောအမျိုးသားက နောက်ပြောင်ကျီစယ်လိုက်၏။
“နင် သူ့ကို နင့်ရဲ့အိပ်မက်တွေထဲမှာ မြင်ဖူးခဲ့တာလို့ မပြောနဲ့နော်”
“ဟွန့်”
ငယ်ရွယ်သောအမျိုးသမီးက ညင်သာစွာနှာမှုတ်လိုက်၏။
“ပွင့်ပွင့်လင်းလင်းပြောရရင် ငါအရင်က တကယ်ပဲ အိပ်မက်တစ်ခုမက်ခဲ့တယ်… အဲဒီထဲမှာ ငါက အင်မော်တယ်ဂိုဏ်းတစ်ဂိုဏ်းကို ဝင်ရောက်ဖို့ ရွေးချယ်ခံရတာတဲ့”
“ကျွတ်… ကျွတ်…”
လူငယ်အမျိုးသားက အထင်အမြင်သေးသောအမူအရာဖြင့် ပြောလိုက်၏။
“အဲဒါက ဘာတွေကြီးကျယ်ခမ်းနားနေလို့လဲ… ငါဆို အိပ်မက်ထဲမှာ ကြယ်တွေကို လက်တစ်ဖက်တည်းနဲ့ခူးဆွတ်ပြီး သမုဒ္ဒရာထဲမှာ ကျင်လည်ကျက်စားနေတာ”
ငယ်ရွယ်သော အမျိုးသမီးက အနည်းငယ်စိတ်ပျက်လက်ပျက်ဖြစ်သွားပြီး ချက်ချင်းပင်ပြောလိုက်၏။
“ဒါပေမဲ့ ငါ့ရဲ့အိပ်မက်က သိပ်ပြီးတော့ ခမ်းနားမနေခဲ့ဘူး”
ဆူဇီမိုသည် စိတ်သက်သာစွာပြုံးပြီး ငယ်ရွယ်သောအမျိုးသားနှင့် အမျိုးသမီးထွက်ခွာသွားသည်ကို စောင့်ကြည့်နေ၏။
သူသည် တျဲယွဲ့နှင့်အတူ ဘေးချင်းယှဉ်ကာ ခဏကြာလျှောက်လှမ်းပြီးနောက် မလှမ်းမကမ်းမှာ အတော်လေးကြီးမားသည့် ဂေဟာတစ်ခုကို မြင်တွေ့သွား၏။ အမျိုးသားတစ်ဦးနှင့် အမျိုးသားတစ်ဦးက ဝင်ပေါက်ဝရှေ့မှာ မတ်တတ်ရပ်ပြီး သူတို့ရှေ့မှာ လမ်းဘယ်လိုလျှောက်ရမလဲ သင်ယူနေသည့် ကလေးငယ်တစ်ဦးကို ချင်ခင်မြတ်နိုးသောအမူအရာများဖြင့် ကြည့်နေကြ၏။
“အစ်ကိုကြီး…”
အမျိုးသားကိုတွေ့မြင်သောအခါ ဆူဇီမိုက တီးတိုးရေရွတ်လိုက်ပြီး သူ၏ မျက်လုံးများက နီရဲလာ၏။
ဆူဟုန်၏ မျက်နှာပေါ်မှာ ကြောက်စရာကောင်းသော ထောင့်ဖြတ်အမာရွတ်က ဆက်လက်၍မရှိတော့ဘဲ သူက အိမ်ထောင်ပြုကာ ကလေးများရရှိနေပြီဖြစ်၏။
တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား ဆူဟုန်က ဆူဇီမိုရှိရာဘက်သို့ လှည့်ကြည့်လိုက်၏။
သူသည် ဆူဇီမိုနှင့်တျဲယွဲ့ကို တွေ့မြင်သောအခါ ဆူဟုန်သည် နှုတ်ဆက်သည့်အနေဖြင့် ညင်သာစွာခေါင်းညိတ်ပြပြီး သူ၏ အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်၏။ သူက ဆူဇီမိုကို မမှတ်မိမသိရှိသည်မှာ သိသာနေ၏။
သိုင်းတာအိုပင်မခန္ဓာသည် အာဒိကပ္ပလောကို တည်ဆောက်ပြီး သက်ရှိများအားလုံးကို ဆင့်ကဲပြောင်းလဲစေခဲ့သော်လည်း ဘီလီယံနှင့်ချီသောဝိညာဉ်များသည် ပြန်ဝင်စားခြင်းစက်ဝန်းတချို့ကို တွေ့ကြုံဖြတ်ကျော်ပြီးနောက် လူတိုင်း၏ မှတ်ဉာဏ်များကို အကုန်လုံးမပျောက်မပျက် ထိန်းမထားနိုင်တော့ပေ။
“အစ်ကိုကြီးက ဘဝသစ်တစ်ခုမှာ ဒီလိုမျိုးရှင်ထန်နေထိုင်တာ တကယ်ပဲကောင်းပါတယ်… သူတို့ကို အနှောက်အယှက်မပေးရအောင်”
နောက်ဘက်ကနေ ရှောင်းနင်၏ အသံက ထွက်ပေါ်လာ၏။
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
ဆူဟုန်သည် ထိုဘဝမှာတုန်းက များပြားလွန်းသောဖိအားများနှင့် နာကျင်မှုများကို တွေ့ကြုံခံစားခဲ့ရ၏။
ထိုမှတ်ဉာဏ်များ ပျောက်ပျက်သွားခြင်းသည် သူ့အတွက် ကောင်းမွန်သည့်အရာ ဖြစ်ပေလိမ့်မည်။
ဆူဇီမိုက လှည့်ကြည့်လိုက်၏။
ညဝိညာဉ်က ရှောင်းနင်၏ ဘေးမှာ မတ်တတ်ရပ်နေသည်။
လူတစ်အုပ်စုက လျှောက်လှမ်းလာနေကြ၏။ သူတို့အားလုံးသည် သူ၏မိတ်ဆွေဟောင်းများဖြစ်ကြသည်။ မျောက်၊ ကျား၊ လင်းကျန့်၊ နတ်မိမယ်လင်းလုံ၊ တာအိုအရှင်အဆုံးစွန်မီး၊ လုံရန်၊ မင်းကျန်၊ ထောင်ယောင်၊ နန်းကြည်နှင့် ပေမင်ရွှယ်… စသည်ဖြင့်။
ယန်ပေးချန်သည် အမျိုးသမီးတစ်ဦးနှင့် လက်ချင်းတွဲကာ လျှောက်လှမ်းလာ၏။ ထိုသူက ချင်ဖျန်ယန်ဖြစ်လေသည်။
လူတိုင်းသည် ဆူဇီမိုကိုကြည့်ပြီး သူတို့၏ မျက်လုံးများထဲမှာ ဝမ်းသာရွှင်ပျမှုရှိနေကြ၏။ နောက်ဆုံးမှာတော့ သူတို့သည် ဖြတ်သွားဖြတ်လာများ၏ အကြည့်များကို လျစ်လျူရှုကာ အားရပါးရ ရယ်မောလိုက်ကြ၏။
ဤမိတ်ဆွေဟောင်းများ ပြန်လည်ဆုံစည်းရခြင်းထက် ပို၍ဝမ်းသာပျော်ရွှင်စရာကောင်းသောအရာ မရှိတော့ပေ။
ထိုရယ်မောသံများကိုကြားလိုက်စဉ် ပုံပြောသူက သူ့လက်ထဲရှိ လက်ကိုင်သစ်သားတုံးကို ဘန်းခနဲပစ်ချလိုက်၏။
သူက ဘေးပတ်လည်ကိုကြည့်ရှုပြီး လက်နှစ်ဖက်ကိုယှက်ပြလိုက်၏။
“ကဲ… ဇာတ်လမ်းကတော့ ပြီးဆုံးသွားပြီ… အားလုံးပဲ ကျုပ်တို့ အခါအခွင့်သင့်ရင် ပြန်ဆုံကြသေးတာပေါ့ နှုတ်ဆက်ပါတယ်”
“ဒါပေမဲ့… နေပါဦး… ကျုပ်က အဲဒီဇာတ်လမ်းရဲ့ နေရာအတော်များများကို လွတ်သွားခဲ့တယ်”
လူတစ်ယောက်က စောဒကတက်လိုက်လေသည်။
တာအိုပညာရှင်ကျင့်ကြံသူက ထူထဲ၍ ရှေးကျသော စာအုပ်တစ်အုပ်ကို သာမန်ကာလျှံကာ ပစ်ထုတ်ပေးလိုက်၏။
“ငါပြောတဲ့အရာတွေအားလုံး… အဲဒီထဲမှာရှိတယ်… မင်းဘာသာမင်းသာ ကြည့်လိုက်တော့”
ထိုသို့ပြောရင်း တာအိုပညာရှင်ကျင့်ကြံသူက လူအုပ်ကြီးကို တွန်းဖယ်ကာ ဆူဇီမိုနှင့် အခြားသူများရှိရာသို့ ပြေးသွားလေသည်။
လူတိုင်းက ရှေ့ကိုတက်လှမ်းပြီး ရှေးဟောင်းစာအုပ်ကို ကောက်ယူလိုက်ကြ၏။ လူတစ်ယောက်က ပုံပြောသူ၏ နောက်ကျောကိုကြည့်ကာ လှမ်းအော်ပြောလိုက်သည်။
“ဟေး… ပုံပြောသူ… ဒီစာအုပ်မှာ နာမည်တစ်ခု ဘာလို့မရှိတာလဲ”
တာအိုပညာရှင်ကျင့်ကြံသူက သူ၏ နဖူးကို လက်ဖြင့်ရိုက်လိုက်၏။
ဤရှေးဟောင်းစာအုပ်သည် အစက ပဟေဠိနန်းတော်၏ ယခင်မျိုးဆက်ပုံပြောသူရေးသားခဲ့သည့် အတ္ထုပ္ပတ္တိစာအုပ်ဖြစ်လေသည်။ အထီးကျန်သိုင်းသခင်သည် သိုင်းတာအိုကိုဖန်တီးပြီး သက်ရှိများအားလုံးအတွက် သိုင်းပညာသင်ကြားပေးခဲ့သောကြောင့် ၎င်းကို သူ့အတွက် မှတ်တမ်းတစ်ခုအဖြစ် ဖန်တီးထားခြင်းဖြစ်လေသည်။
ယခင်မျိုးဆက်ပုံပြောသူသည် အထီးကျန်သိုင်းသခင်၏ အနာဂတ်အောင်မြင်ထွန်းပေါက်မှုများက ဘယ်လောက်ထိ ရောက်ရှိမည်ကို သူ မသိသောကြောင့် ထိုအတ္ထုပ္ပတ္တိအမည်ကို ရေးမထားဟု သူက တစ်ခါပြောခဲ့လေသည်။
သူသည် ဤအတ္ထုပ္ပတ္တိကို ပြီးမြောက်အောင်မရေးသားနိုင်လျှင် သူသည် ၎င်းကို နောက်မျိုးဆက်ပုံပြောသူထံ လွှဲပေးပေလိမ့်မည်။
အတ္ထုပ္ပတ္တိက လင်းရွှမ်ကျီ၏ လက်ထဲသို့ ရောက်ရှိလာသောအခါ သူသည် ဆက်လက်၍ မှတ်တမ်းတင်ရေးသားခဲ့၏။
သို့သော်လည်း အတ္ထုပ္ပတ္တိ၏ နာမည်က လစ်လပ်နေဆဲဖြစ်၏။
တာအိုပညာရှင်ကျင့်ကြံသူက လူတိုင်းနှင့်တွေ့ဆုံဖို့ အလောတကြီးနိုင်နေပြီး အဲဒါနှင့်ပတ်သက်၍ စဉ်းစားတွေးတောဖို့ အရေးလုပ်မနေနိုင်ပေ။ သူက ပြောလိုက်၏။
“အဲဒီနာမည်ကို ငါမစဉ်းစားရသေးဘူး… မင်းတို့ဘာသာမင်းတို့ ကြည့်ပေးလိုက်ကြတော့”
လူတိုင်းက အနည်းငယ်စိတ်ပျက်လက်ပျက်ဖြစ်သွားကြ၏။
သူတို့သည် ဤမျှအထိ ရှည်လျားစွာနားထောင်ခဲ့ကြသော်လည်း အရာရာတိုင်းက ထိုကဲ့သို့ပင် အဆုံးသတ်သွား၏။
လူတိုင်းသည် အနည်းငယ်မချင့်မရဲနှင့် စိတ်ပျက်လက်ပျက် ခံစားသွားရ၏။
ခြေလှမ်းအနည်းငယ်လျှောက်လှမ်းပြီးနောက် တာအိုပညာရှင်ကျင့်ကြံသူက သူ၏ ခြေလှမ်းကိုရပ်တန့်ပြီး လူအုပ်ကြီးကို လှည့်ကြည့်လိုက်၏။
“ဒါပေမဲ့ သူတော်စင်ဧကရာဇ်အထီးကျန်သိုင်းသခင်က ကောင်းကင်ဘုံတာအိုအဖြစ် အသွင်မပြောင်းလဲခင် သူက ဒီလောကမှာ စကားတစ်ခုချန်ထားခဲ့တယ်”
“ဒီလောကမှာ ဘယ်သူကမှ ထာဝရမရှင်သန်နိုင်ဘူး… ဘယ်သူကမှ ထာဝရ မပျက်မစီး ရှိမနေနိုင်ဘူး… အဲဒီသဘောတရားက ငါ့အတွက်လည်း အတူတူပဲ… ကောင်းကင်ဘုံတာအိုစက်ဝန်းက ဆက်လက်လည်ပတ်ပြီး အနိမ့်အမြင့်အတက်အကျတွေ အမြဲတမ်းရှိနေလိမ့်မယ်… လောကမှာ သိုင်းတာအိုက ထွန်းကားပြီး လူတိုင်းက အဆုံးမဲ့လူ့ယဉ်ကျေးမှုနဲ့ မှန်ကန်ဖြောင့်မတ်မှုတွေနဲ့ သူရဲကောင်းတွေဖြစ်လာဖို့ပဲ ငါမျှော်လင့်တယ်”
လူတချို့က ထိုစကားကိုကြားသောအခါ သူတို့က စိတ်လှုပ်ရှားတက်ကြွလာ၏။
လူတချို့က မျက်ရည်များ စီးကျလာပြီဖြစ်၏။
“သိုင်းတာအိုက ဘယ်တုန်းကမှ လူတစ်ယောက်တည်း မဟုတ်ခဲ့ဘူး… အဲဒါက လူတစ်အုပ်စုပဲ… အဲဒါက ရှေ့ကိုသာတက်လှမ်းမယ့် လူ့ယဉ်ကျေးမှုတစ်ခု၊ ယုံကြည်သက်ဝင်မှုတစ်ခုနဲ့ မယိမ်းမယိုင်တဲ့ စိတ်ဝိညာဉ်တစ်ခုပဲ… ထာဝရညအမှောင်ရောက်လာမယ်ဆိုရင်တောင် သိုင်းတာအိုရဲ့စိတ်ဝိညာဉ်က ဖျက်ဆီးမခံရသရွေ့ မျှော်လင့်ချက်မီးပွားတစ်ခုရှိလာလိမ့်မယ်… တစ်နေ့မှာ အဲဒါက တောင်တန်းတွေနဲ့ ပင်လယ်တွေကို အလင်းပေးလိမ့်မယ်”
“သူတော်စင်ဧကရာဇ်အထီးကျန်သိုင်းသခင်က သက်ရှိတွေအားလုံးထက်သာလွန်တဲ့ ကောင်းကင်ဘုံတာအိုကို ကျော်လွန်တဲ့ အန္တိမတည်ရှိမှုတစ်ခုဖြစ်လာခဲ့ပြီ… သူက သုံးဘုံလောကရဲ့အထွတ်အထိပ်မှာ ကြီးစိုးတယ်လို့ဆိုနိုင်ပြီ… ဒါပေမဲ့ သူက တွေဝေတုံ့ဆိုင်းပြီး ကြန့်ကြာမနေခဲ့ဘူး… အဲဒီအစား သူက ပြန်ဝင်စားခြင်းကို ပြန်လည်တည်ဆောက်၊ အာဒိကပ္ပလောကကို တည်ဆောက်ပြီး စည်းစနစ်ကျနတဲ့ ဥပဒေသတွေကို ပြန်ပြီးရေးဆွဲပေးခဲ့တယ်… သူက ကမ္ဘာတစ်ထောင်သုံးဆင့်လောကကို မျိုးနွယ်စုတစ်သောင်းသက်ရှိတွေဆီ ပြန်လွှဲပေးပြီး ဒီလောကမှာရှိတဲ့ သက်ရှိတွေအားလုံးကို သူရဲကောင်းတွေဖြစ်လာခွင့်ပေးခဲ့တယ်”
“အရင်တုန်းက ပုံပြောသူက ဂမ္ဘီရဉာဏ်တစ်ခုကို ထုတ်ဖော်ပြောဆိုခဲ့တယ်… လူတိုင်းက သူတို့ကိုယ်သူတို့ဦးဆောင်ဖို့ ဘယ်လိုသင်ယူသင့်တယ်ဆိုတဲ့အကြောင်းပဲ… အဲဒါမှာ တူညီတဲ့အဓိပ္ပါယ်ရှိနေမလား”
“အဲဒီကျင့်ကြံမှုနယ်ပယ်မှာ သူက သုံးဘုံလောကရဲ့ အန္တိမအုပ်စိုးသူဖြစ်နေပြီ… ဘယ်သူကမှ သူ့ရဲ့အဆင့်အတန်းကို မကိုင်လှုပ်နိုင်တော့ဘူး… အဖိုးတန်ဆုံးအရာကတော့ သူက သူ့ရဲ့ကိုယ်ပိုင်စိတ်ဆန္ဒတွေကို ထိန်းချုပ်ပြီး အရာရာတိုင်းကို စွန့်လွှတ်နိုင်ခဲ့တာပဲ”
“သူတော်စင်ဧကရာဇ်အထီးကျန်သိုင်းသခင်က ကောင်းကင်ဘုံတာအိုအဖြစ် အသွင်ပြောင်းလဲပြီး သူ့ရဲ့ဝိညာဉ်က ပျက်ပြယ်သွားတယ်.. ဒါပေမဲ့ သူက လောကမှာရှိတဲ့ နောက်ပိုင်းမျိုးဆက်တွေကို လှုံ့ဆော်ဖို့နဲ့ မျိုးဆက်အလိုက် လက်ဆင့်ကမ်းဖြန့်ဝေဖို့အတွက် အဖိုးအတန်ဆုံးအရာတစ်ခုကို ချန်ပေးထားခဲ့တယ်… အဲဒါက သိုင်းတာအိုရဲ့ထာဝရစိတ်ဝိညာဉ်ပဲ။”
“ပုံပြောသူရေ…”
ကလေးငယ်တစ်ဦးက တစ်စုံတစ်ရာကို တွေးမိသွားပြီး လူအုပ်ကြီးကို တွန်းဖယ်ကာ ထွက်လာ၏။ သူက ပုံပြောသူနောက်သို့ ခြေလှမ်းအနည်းငယ်ပြေးလိုက်သွားပြီးနောက် အနည်းငယ်မောဟိုက်နေ၏။ သူက ပုံပြောသူ၏ နောက်ကျောကို ကြည့်ကာ လှမ်းအော်ပြောလိုက်၏။
“ခင်ဗျားရဲ့ ဒီစာအုပ်လေ… အဲဒါကို… ထာဝရသူတော်စင်ဧကရာဇ်လို့ခေါ်မယ်ဆိုရင် ဘယ်လိုလဲ… အဆင်ပြေလား”
“ရတာပေါ့။”
ပုံပြောသူက အပြုံးနှင့်အတူ ပြန်ဖြေလိုက်၏။ သူသည် လူတိုင်းကို နောက်ကျောပေးပြီး လက်ပြနှုတ်ဆက်ကာ ရှေ့မှာရှိသောလူအုပ်ကြီးနှင့်အတူ ဘေးချင်းယှဉ်လျှောက်လှမ်းသွား၏။ သူတို့သည် မဟာတာအို၏ အစပ်မှာ တဖြည်းဖြည်းပျောက်ကွယ်သွားကြလေသည်။
………
Snow-filled Bow Saber ၏ Eternal Sacred King ကို မြန်မာဘာသာအဖြစ် ပြန်ဆိုခြင်း ဤနေရာတွင် အဆုံးသတ်သွားပါပြီ။
အထီးကျန်သိုင်းသခင်ရဲ့ ကျင့်ကြံရေးခရီးနဲ့ အဆုံးထိ အတူလိုက်ပါပေးခဲ့ကြသော စာဖတ်သူမိတ်ဆွေများအားလုံးကို ဘာသာပြန်သူ ကျွန်တော်သန်းတိုးအောင်က ဒီနေရာကနေ ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။