အခန်း (၃၃၆၁-၃၃၆၂)
Vol. 221 Ch. 3361-3362
အပိုင်း ၃၃၆၁ - မဟာသူတော်စင်
ဖန်တီးခြင်းမဟာတာအိုမှာ အစိမ်းရောင်အငွေ့အသက်တစ်ခု ပေါ်ထွက်လာပြီး အခြားသော သက်ရှိတစ်မျိုး မွေးဖွားပေါ်ထွက်လာ၏။
သိုင်းတာအိုပင်မခန္ဓာသည် သူ့ဘေးရှိ ကစဉ့်ကလျားမှာ မွေးဖွားလာသည့် သက်ရှိကိုးဦးကိုကြည့်ကာ အလေးအနက် စဉ်းစားတွေးတောနေ၏။
ဤသက်ရှိကိုးဦးသည် အမြုတေသိုင်းလောက၏ ကစဉ့်ကလျားအထွတ်အမြတ်စိတ်ဝိညာဉ်ကိုးခုနှင့် တူညီလေသည်။
အမြုတေသိုင်းလောကသည် သုံးဘုံလောကနှင့် ပြန်လည်ဝင်စားခြင်းစက်ဝန်းကို ကျော်လွန်နေသည့် မူကွဲလောကတစ်ခု ဖြစ်လေသည်။
ထို့ကြောင့်ပင် ကစဉ့်ကလျားအမြုတေစိတ်ဝိညာဉ်ကိုးခုက မွေးဖွားပေါ်ထွက်လာခြင်းဖြစ်၏။
သို့သော်လည်း ကမ္ဘာတစ်ထောင်သုံးဆင့်လောက၏ သူတော်စင်အရှင်များနှင့်ယှဉ်လျှင် အမြုတေသိုင်းလောကမှာ မွေးဖွားပေါ်ထွက်လာသည့် အမြုတေစိတ်ဝိညာဉ်ကိုးခုသည် အလွန်တရာ ငယ်ရွယ်နေဆဲဖြစ်ပြီး သူတို့၏ ခွန်အားသည် မဟာသူတော်စင်များ၏ အဆင့်နှင့် ဝေးကွာလွန်းလေသည်။
သူတို့က အရွယ်ရောက်ကြီးပြင်းပြီး ကမ္ဘာတစ်ထောင်သုံးဆင့်လောကမှ သူတော်စင်အရှင်များနှင့် ယှဉ်နိုင်ဖို့အတွက် သူက ဘယ်လောက်ကြာကြာ စောင့်ရမည်ကို မသိနိုင်ပေ။
တကယ်တော့ ဤအဆင့်ထိ သိုင်းတာအိုကို ပြောင်းပြန်လှန် ကောက်ချက်ချခြင်းဖြင့် သိုင်းတာအိုပင်မခန္ဓာ၏ လုပ်ရပ်က အောင်မြင်ခဲ့သည်ဟု ဆိုနိုင်လေသည်။
လက်ရှိ ကစဉ့်ကလျားစကြဝဠာသည် အမြုတေသိုင်းလောကကို ဒုတိယအဆင့်သို့ ဆင့်ကဲပြောင်းလဲထားခြင်းဖြစ်၏။
ဤကစဉ့်ကလျားစကြဝဠာသည် သိုင်းတာအိုပင်မခန္ဓာ၏ ပြယုဂ်တစ်ခုလည်း ဖြစ်လေသည်။
ကစဉ့်ကလျား အထွတ်အမြတ်စိတ်ဝိညာဉ်ကိုးခုက အားနည်း၍ နုနယ်နေသော်လည်း အတွေးတစ်ချက်နှင့်အတူ ကစဉ့်ကလျားထဲမှာ သူတို့ကို ဖန်တီးခဲ့သည့် သိုင်းတာအိုပင်မခန္ဓာ၏ ခွန်အားက မဟာသူတော်စင်တစ်ပါးနှင့် ယှဉ်နိုင်လာပြီဖြစ်၏။
သို့သော်လည်း မဟာသူတော်စင်တစ်ပါးနှင့် ယှဉ်နိုင်ရုံမျှက မလုံလောက်ပေ။
သူသည် ဝရုန်းသုန်းကားအခြေအနေများနှင့် ကပ်ဘေးများကို ဖြေရှင်းနိုင်ဖို့ဆိုလျှင် သူသည် မူလအမြုတေစိတ်ဝိညာဉ်ခြောက်ခုနှင့် ယှဉ်နိုင်မှ သို့မဟုတ် ကျော်တက်နိုင်မှသာ ဖြစ်လေသည်။
မူလအမြုတေစိတ်ဝိညာဉ်များသည် ကစဉ့်ကလျား အထွတ်အမြတ်စိတ်ဝိညာဉ်ကိုးခုနှင့်ယှဉ်လျှင် ပိုမိုရှေးကျသော သက်ရှိပုံစံများပင် ဖြစ်လေသည်။
သိုင်းတာအိုပင်မခန္ဓာသည် ကြိမ်ဖန်များစွာ ကြိုးစားကြည့်သော်လည်း သူသည် ဤကစဉ့်ကလျားစကြဝဠာမှာ မူလအမြုတေစိတ်ဝိညာဉ်ကဲ့သို့ သက်ရှိပုံစံတစ်ခုကို ပြုစုပျိုးထောင်ပေးနိုင်ခြင်း မရှိပေ။
အမြုတေသိုင်းလောက၏ အဆင့်က လုံလောက်အောင် မမြင့်မားပေ။
အမြုတေသိုင်းလောကကို ပထမအဆင့်ဟု သတ်မှတ်မည်ဆိုလျှင် လက်ရှိကစဉ့်ကလျားစကြဝဠာက ဒုတိယအဆင့် ဖြစ်ပေလိမ့်မည်။
သူသည် အမြုတေသိုင်းလောကမှာ မူလအမြုတေစိတ်ဝိညာဉ်များကို ပြုစုပျိုးထောင်ပေးလိုသည်ဆိုလျှင် သူသည် သိုင်းတာအိုကို ဆက်လက်၍ ပြောင်းပြန်လှန်ကောက်ချက်ချပြီး စကြဝဠာ၏ ဇာစ်မြစ်ကို ခြေရာကောက်ကာ ပို၍ပင် ရှေးကျသော စကြဝဠာ၏ အဆင့်တစ်ခုကို ရောက်ရှိသွားရမည်ဖြစ်၏။
ကစဉ့်ကလျားစကြဝဠာထက်ပင် ပိုမိုရှေးကျသော စကြဝဠာ၏ အဆင့်က ဘာဖြစ်မလဲ…။
သိုင်းတာအိုပင်မခန္ဓာက အလေးအနက် စဉ်းစားတွေးတောနေ၏။
သူသည် လက်ရှိကစဉ့်ကလျားစကြဝဠာကို အလျင်စလို ဖျက်ဆီးပစ်ဖို့ မကြိုးပမ်းပေ။
သိုင်းတာအိုပင်မကို ပြောင်းပြန်လှန်ကောက်ချက်ချခြင်းသည် ခြေလှမ်းတိုင်းမှာ သေဆုံးရနိုင်သည်ဟု ဆိုလိုလေသည်။ သူက ခြေတစ်လှမ်းမှားပြီး သေဆုံးသွားမည်ဆိုလျှင် သူ၏ ယခင်ကြိုးစားအားထုတ်မှုများ အားလုံးက အချည်းနှီးဖြစ်သွားရပေလိမ့်မည်။
ယခင်က မဟာတာအို ၃၀၀၀ကို ဖျက်ဆီးပြီးနောက် အမြုတေသိုင်းလောကသည် လက်ရှိကစဉ့်ကလျားစကြဝဠာအဖြစ် ဆင့်ကဲပြောင်းလဲနိုင်ခဲ့သည့် အဓိကအကြောင်းရင်းမှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ကစဉ့်ကလျားအစိမ်းရောင်ကြာပန်း၏ မှတ်ဉာဏ်များ၏ ကြီးမားသော အစိတ်အပိုင်းတစ်ခုကို ရရှိခဲ့သောကြောင့်ဖြစ်၏။
ဒါ့အပြင် သူသည် ကစဉ့်ကလျားအထွတ်အမြတ်စိတ်ဝိညာဉ်ကိုးခုနှင့် ထိတွေ့ဆက်ဆံခဲ့ဖူးပြီး သူတို့နှင့်ပင် တိုက်ခိုက်ခဲ့ဖူးလေသည်။ သူသည် ဤအဆင့်မှာ ရှိသော ပညာရှင်များနှင့် သူတို့၏ခွန်အားကို နားလည်သဘောပေါက်မှုတချို့ ရရှိထား၏။
သို့သော်လည်း သူသည် ပိုမိုနက်ရှိုင်းသော စွမ်းအားအဆင့်နှင့် ထိတွေ့ဖူးခြင်းမရှိပေ။
ကစဉ့်ကလျားစကြဝဠာကို ဖျက်ဆီးခြင်းသည် သိပ်သည်းပြင်းထန်သော စွမ်းအားကို ထွက်ပေါ်လာစေပေလိမ့်မည်။
တိကျသော ဦးတည်ချက်တစ်ခုမရှိဘဲ မနှိုင်းယှဉ်သာအောင် သိပ်သည်းပြင်းထန်ကြီးမားသည့် ဤစွမ်းအားကို ပို၍ပင် ရှေးကျသော စကြဝဠာတစ်ခုအဖြစ် ဆင့်ကဲပြောင်းလဲစေဖို့က မဖြစ်နိုင်ပေ။
သိုင်းတာအိုပင်မခန္ဓာက တဖြည်းဖြည်း ငြိမ်သက်သွား၏။
သူသည် နောက်ထပ်အခွင့်အလမ်းတစ်ခုကို စောင့်ဆိုင်းနေသည်။
ဤအခွင့်အလမ်းသည် သေချာပေါက် ပေါ်ထွက်လာလိမ့်မည်ဟု သူက ယုံကြည်ထား၏။
. . . . . .
လေဟာနယ်အချိန်တားမြစ်ကုန်းမြေမှ တိုက်ပွဲအပြီးတွင် ဆူဇီမိုသည် တျဲယွဲ့နှင့်အတူ ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာသို့ ပြန်လည်ရောက်ရှိလာ၏။
ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာမှာ သူပိုင်ဆိုင်ရမည့် အခွင့်အလမ်းတချို့လည်း ရှိနေ၏။
ဆူဇီမိုသည် တောင်ထွတ်လေးခု၏ နောက်ဆုံးကို ရောက်ရှိလာသောအခါ သူ၏ စိတ်ဝိညာဉ်အသိစိတ်က လှုပ်ရှားသွားပြီး သူသည် အနက်ရောင်ကြာတောင်ထွတ်၏ ကျန်ရှိနေသော မျိုးဆက်မှတ်ဉာဏ်များကို စုပ်ယူကာ ပေါင်းစည်းလိုက်၏။
ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာ၏ အလယ်မှာ တောင်ထွတ်လေးခုသည် ပို၍မြင့်မားသော တောင်ထွတ်တစ်ခုကို ဝန်းရံထားပြီး ၎င်းသည် တောင်ထွတ်လေးခုထက် ပို၍ပင် ခမ်းနားထည်ဝါနေ၏။
အစကတော့ ဆူဇီမိုသည် အလယ်မှာရှိသော ငွားငွားစွင့်စွင့်တောင်ထွတ်ရှိရာသို့ မချဉ်းကပ်နိုင်ခဲ့ပေ။
သို့သော်လည်း သူသည် ကမ္ဘာပျက်အနက်ရောင်ကြာပန်းကို ရရှိပြီးနောက် ကစဉ့်ကလျားအစိမ်းရောင်ကြာပန်းက ပြီးပြည့်စုံမှု ရှိလာ၏။ ကြာပန်းလေးခု၏ မှတ်ဉာဏ်များနှင့် ပေါင်းစည်းပြီးနောက် ခန့်ညားထည်ဝါသော တောင်ထွတ်က သူ့ကို ဆက်လက်၍ ခုခံဆန့်ကျင်ခြင်း မရှိတော့ပေ။
တကယ်ဆို သူ့မျိုးဆက်သွေးနှင့် တောင်ထွတ်ကြားမှ သွေးသားတော်စပ်မှု ခံစားချက်တစ်ခုကိုပင် သူရရှိနိုင်၏။
အတွေးတစ်ချက်နှင့်အတူ ဆူဇီမိုက နေရာကနေ ပျောက်ကွယ်သွားသည်။
နောက်ခဏအကြာ၌ သူ၏ ခန္ဓာကိုယ်သည် ငွားငွားစွင့်စွင့် မြင့်မားသော တောင်ထွတ်ပေါ်မှာ ပေါ်ထွက်လာသည်။
ဆူဇီမိုသည် တောင်ထွတ်ပေါ်မှာ ခြေချိတ်ထိုင်ပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို တောင်ထွတ်ထဲသို့ ပို့လွှတ်ပေါင်းစည်းလိုက်၏။
သူ၏ မျက်လုံးထဲမှာ ခရမ်းရောင်မီးတောက်နှစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာလေသည်။
“လက်စသတ်တော့ ဒီလိုကိုး…”
တောင်ထွတ်ထံကနေ ခပ်တိုးတိုးရေရွတ်သံများ ဆက်တိုက်ထွက်ပေါ်လာ၏။
တစ်ခဏချင်းမှာပင် နှစ်တစ်သောင်း ကုန်ဆုံးသွား၏။
လေဟာနယ်အချိန်တားမြစ်ကုန်းမြေမှာ တိုက်ပွဲပြီးကတည်းက မဟာကမ္ဘာတစ်ထောင်လောကသည် ရှားရှားပါးပါး တည်ငြိမ်အေးချမ်းသော ကာလတစ်ခုကို ရောက်ရှိလာ၏။
မဟာကမ္ဘာတစ်ထောင်သည် သတ်ဖြတ်ခြင်းနှင့် တိုက်ခိုက်ခြင်းတို့ဖြင့် ပြည့်နှက်နေဆဲဖြစ်သော်လည်း မျှခြေတစ်ခုကို ထိန်းသိမ်းရန် အထွတ်အမြတ်ခိုလှုံရာများကြားမှာ အလိုအလျောက် သဘောတူနားလည်မှု ရှိထားပြီး မည်သည့်ကြီးမားသော ပဋိပက္ခမှ ရှိမလာခဲ့ပေ။
တစ်ခါတုန်းက ဖျက်ဆီးခံခဲ့ရသည့် အထွတ်အမြတ်ခိုလှုံရာ သုံးခုကလည်း ဤနှစ်များမှာ အဆက်မပြတ် ပြန်လည်ဖွံ့ဖြိုးတိုးတက်လာ၏။
အထွတ်အမြတ်ခိုလှုံရာ ငါးခုသည် သူတို့ကို ဖိနှိမ်ဖို့ သို့မဟုတ် တားဆီးဖို့ မကြိုးစားကြပေ။
သို့သော်လည်း လူတချို့၏ မျက်လုံးထဲမှာ တည်ငြိမ်အေးချမ်းသော ဤကာလသည် မုန်တိုင်းမလာခင် နောက်ဆုံးငြိမ်သက်မှု ဖြစ်ပုံရလေသည်။
သာမန်သက်ရှိများ၊ အဓိပတိသာလွန်သူ ပညာရှင်များပင် အဲဒါကို အာရုံမခံမိနိုင်ကြပေ။
တာအိုနှင့် ပေါင်းစည်းပြီး သူတော်စင်အဆင့်ကို ရောက်ရှိထားသည့်သူများသာလျှင် ကျရောက်လာတော့မည့် မုန်တိုင်း၏ ဖိအားကို အာရုံခံမိနိုင်ကြ၏။
၎င်းသည် စိတ်တစ်ထင့်ထင့်နှင့် တင်းကျပ်လေးလံသော ခံစားချက်ဖြစ်၏။
သူတော်စင်များပင်လျှင် ရံဖန်ရံခါ ဖော်မပြတတ်သော ရင်တလှပ်လှပ်ခံစားချက်ကို ရရှိတတ်လေသည်။
ဤခံစားချက်သည် လွန်ခဲ့သည့် နှစ်ပေါင်းခြောက်ဘီလီယံကသာ ပေါ်ထွက်ခဲ့ဖူးလေသည်။
သို့သော်လည်း ဤတစ်ခေါက်မှာ ထိုခံစားချက်သည် ယခင်ဝရုန်းသုန်းကားအခြေအနေတုန်းကထက် ပို၍အန္တရာယ်များနေပုံရ၏။
ဤနေ့မှာ…
ကျယ်လောင်သော ပေါက်ကွဲသံက ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာကနေ ထွက်ပေါ်လာ၏။
နောက်ခဏ၌ ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာ၏ အထက်ကောင်းကင်က သိပ်သည်းကြီးမားသည့် ကစဉ့်ကလျားချီဖြင့် ပြည့်နှက်သွားလေသည်။ ကျောက်စိမ်းရောင်ကြာပန်းတစ်ခုက အလင်းရောင်နှင့်အတူ ယိမ်းနွဲ့ပြီး မနှိုင်းယှဉ်သာအောင် လွှမ်းမိုးခြယ်လှယ်နိုင်သော အော်ရာတစ်ခုကို ထုတ်ဖော်ထား၏။
လောကက လှုပ်ခါ၍ မဟာတာအိုက ပဲ့တင်ထပ်မြည်ဟည်းလာ၏။
ထိုအခိုက်အတန့်မှာ မဟာကမ္ဘာတစ်ထောင်လောကမှ သူတော်စင်များအားလုံးက တစ်စုံတစ်ရာကို အာရုံခံမိသွားကြသည်။
စွမ်းအားတစ်ခုသည် ကန့်သတ်ချုပ်နှောင်မှုတချို့ကို ချိုးဖျက်ပြီး မဟာတာအို ၃၀၀၀ ကို ရုတ်တရက် ကျော်လွန်သွားလေသည်။
သူတော်စင်များသည် တစ်ချိန်တည်းမှာ ဖိအားနှင့် ခြိမ်းခြောက်မှု အငွေ့အသက်တစ်ခုကို ခံစားလိုက်ရ၏။
“တစ်ယောက်ယောက်က မဟာသူတော်စင်တစ်ပါး ဖြစ်လာပြီ”
“အဲ့ဒါ ဘယ်သူလဲ…”
“အဲ့ဒါက ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာဘက်ကပဲ”
“သူက အထီးကျန်သိုင်းသခင် ဖြစ်နိုင်မလား”
“အဲဒါ မဖြစ်နိုင်ဘူးမလား… လွန်ခဲ့တဲ့ နှစ်တစ်သောင်းတုန်းက သူက သူတော်စင်နယ်ပယ်ကို ဝင်ရောက်ခါစပဲ ရှိသေးတယ်… အခု သူက နောက်တစ်ဆင့် တက်လှမ်းပြီး မဟာသူတော်စင်တစ်ပါး ဖြစ်လာမှာလား”
မျိုးနွယ်စုတစ်သောင်းမှ ပညာရှင်များသည် ဖြစ်ပျက်နေသည့်အရာကို မသိရှိကြပေ။
သူတော်စင်အများစုပင်လျှင် အဲဒါကို မယုံကြည်နိုင်ကြပေ။
တစ်ချိန်တည်းနီးပါးမှာပင် သူတော်စင်အရှင်ငါးဦးက သူတို့၏ တံခါးပိတ်ကျင့်ကြံရာကနေ နိုးထလာကြ၏။
“အထီးကျန်သိုင်းသခင်က မဟာသူတော်စင်တစ်ပါး ဖြစ်လာပြီလား”
“သူ့မှာ ကစဉ့်ကလျားသူတော်စင်ခန္ဓာ ရှိထားပြီး သူက ကစဉ့်ကလျားအစိမ်းရောင်ကြာပန်းရဲ့ မျိုးဆက်မှတ်ဉာဏ်တွေကို ရရှိထားမယ်ဆိုရင်တောင် သူ့အနေနဲ့ နှစ်တစ်သောင်းမှာ မဟာသူတော်စင်တစ်ပါး ဖြစ်လာဖို့က အရမ်းကို မြန်ဆန်လွန်းမနေဘူးလား”
“သူ့မှာ နောက်ထပ် အခွင့်အလမ်းတစ်ခု ရှိနေလောက်တယ်”
“သူက သူတော်စင်နယ်ပယ်ကို ဝင်ရောက်ပြီးတဲ့နောက် ကစဉ့်ကလျားအစိမ်းရောင်ကြာပန်းက ချို့ယွင်းချက် ကင်းမဲ့သွားပြီပဲ… သူ့မှာ နောက်ထပ်ဘာအခွင့်အလမ်း ထပ်ရှိနိုင်ဦးမှာလဲ… ဖြစ်နိုင်တာက…”
သူတော်စင်အရှင်ငါးဦး၏ စိတ်ဝိညာဉ်အသိစိတ်များက လျင်မြန်စွာ ဆက်သွယ်ပြောဆိုပြီးနောက် နောက်တစ်ဖန် တိတ်ဆိတ်ငြိမ်သက်သွား၏။
ဘဝအထွတ်အမြတ်ခိုလှုံရာမှာ…
“ဘိုးဘိုးတောင်အကြီးအကဲ… ဘာတွေဖြစ်နေတာလဲ”
ကလေးများစွာက တောင်အကြီးအကဲကို ဝိုင်းပတ်ပြီး မရပ်မနား မေးမြန်းလိုက်ကြ၏။
တောင်အကြီးအကဲက ရယ်မောကာ ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်က မဟာသူတော်စင်တစ်ပါး ဖြစ်လာပြီ”
“မဟာဧကရာဇ် အထီးကျန်သိုင်းသခင်လား”
ကလေးများစွာက အထီးကျန်သိုင်းသခင်၏ အမည်ကို ကြားရချိန်မှာ အလွန်တရာ စိတ်လှုပ်ရှားနေကြ၏။
လင်းရွှမ်ကျီသည် အထီးကျန်သိုင်းသခင်၊ တျဲယွဲ့နှင့် အခြားသူများအကြောင်း လှည့်လည်ကာ ပြောဆိုခဲ့ပြီး ထိုအကြောင်းအရာများသည် မဟာကမ္ဘာတစ်ထောင်လောကမှာ ပျံ့နှံ့သွားခဲ့ပြီဖြစ်၏။
အထူးသဖြင့် ထိုဇာတ်လမ်းများသည် လူသားမျိုးနွယ်အပေါ် ပို၍လွှမ်းမိုးနိုင်မှု ရှိလေသည်။
မည်သို့ပင်ဆိုစေ အထီးကျန်သိုင်းသခင်သည် လူသားမျိုးနွယ်၏ မဟာဧကရာဇ်တစ်ပါး ဖြစ်ခဲ့သည်။
ဒါ့အပြင် လေဟာနယ်အချိန်တားမြစ်ကုန်းမြေမှာ အထီးကျန်သိုင်းသခင်သည် ဒီရေလှိုင်းများကို ဆန်တက်ပြီး လူသားအဓိပတိသာလွန်သူများကို အန္တရာယ်ကနေ ကယ်တင်ပေးခဲ့သည်ကို လူတိုင်းက ကိုယ်တိုင်မြင်တွေ့ခဲ့ကြရ၏။
“ကျုပ်တို့က မဟာဧကရာဇ် အထီးကျန်သိုင်းသခင်နဲ့ အစ်မတျဲကို မတွေ့ရတာ အရမ်းကြာသွားပြီ…. ကျုပ်တို့ သူတို့ကို အရမ်းလွမ်းနေပြီ… ကျုပ်တို့ကို သူတို့ဆီ ခေါ်သွားပေးပါ”
ကလေးများစွာက တောင်အကြီးအကဲကို မရပ်မနား နားပူနားဆာ လုပ်လိုက်ကြ၏။
တောင်အကြီးအကဲက စဉ်းစားတွေးတောလိုက်၏။ အထီးကျန်သိုင်းသခင်က မဟာသူတော်စင်တစ်ပါး ဖြစ်လာသည့်အချက်သည် တကယ်ပင် ကြီးမားသည့် အရေးကိစ္စဖြစ်ပြီး သူတို့က သူ့ကို သွားရောက်ဂုဏ်ပြုစကား ပြောသင့်လေသည်။ ထိုသို့ဖြင့် သူက ပြောလိုက်၏။
“ဟုတ်ပြီလေ… ငါ မင်းတို့တွေကို ခေါ်သွားပေးမယ်”
“ယေး..”
ကလေးများက အော်ဟစ်လိုက်ကြ၏။
. . . . .
“သူလုပ်နိုင်ခဲ့ပြီပဲ”
ရေတံခွန်တစ်ခု၏ အထဲ၊ လိုဏ်ဂူခန်းဝါတစ်ခု၏ အပြင်ဘက်မှာ မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာက ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာရှိရာဘက်ကိုကြည့်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်၏။
“ငါ အဲ့ဒီကောင်စုတ်လေးနဲ့ မတွေ့ရတာ တော်တော်ကြာပြီပဲ…. သူ့ကို တစ်ချက်လောက် သွားကြည့်ရမယ်”
မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာ၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားလေသည်။
အခန်း ၃၃၆၂ - စားသောက်ပွဲ
ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာမှာ…။
ဤနေ့မှာ တီးမှုတ်သံများက အထွတ်အမြတ်ခိုလှုံရာခန်းမမှာ ထွက်ပေါ်လာပြီး အတော်လေး စည်ကားသက်ဝင်နေ၏။
ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာမှ ဆင်းသက်လာသော ကျင့်ကြံသူတချို့အပြင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကနေ တက်လှမ်းလာသူများစွာလည်း ရှိနေကြ၏။ သူတို့ထဲမှ အတော်များများသည် ဆူဇီမိုနှင့် တျဲယွဲ့၏ မိတ်ဆွေဟောင်းမျာဖြစ်ကြသည်။
ပြီးခဲ့သည့်နှစ်တစ်သောင်းအတွင်း ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက တက်လှမ်းလာသူများကို လမ်းညွှန်ခေါ်ဆောင်ခဲ့လေသည်။ ဤတက်လှမ်းလာသူများသည် တစ်ခါက အထီးကျန်သိုင်းသခင်၏ ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲနှင့် တမလွန်ဘုံအရှင်ကို ဖိနှိမ်ခဲ့ခြင်းကို သူတို့၏ မျက်လုံးနှင့် ကိုယ်တိုင်မြင်တွေ့ခဲ့ရ၏။
သူတော်စင်အရှင်ကစဉ့်ကလျားက အလယ်အလတ်ကမ္ဘာတစ်ထောင်လောက မဟာဧကရာဇ်အထီးကျန်သိုင်းသခင်ဖြစ်သည်ကို သူတို့သိရှိရသည့်အချိန်မှာ သူတို့က သူ့နောက်ကို လိုက်ပါကြပေလိမ့်မည်။
နောက်ပိုင်းမှ တက်လှမ်းလာသည့် ပေမင်ရွှယ်ကဲ့သို့ ပညာရှင်များက ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာမှာ ရောက်နှင့်နေကြပြီဖြစ်၏။
မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းလာပြီး နေရာတိုင်းမှာ ပြန့်ကျဲနေခဲ့သည့် မိတ်ဆွေဟောင်းများကလည်း လေဟာနယ်အချိန်တားမြစ်ကုန်းမြေမှ တိုက်ပွဲကို ကိုယ်တိုင်မြင်တွေ့ပြီးနောက် ဆူဇီမိုရှိနေသည့်နေရာကို သိရှိသွားကြပြီဖြစ်၏။ သို့သော်လည်း ဆူဇီမိုက ဤနှစ်များအားလုံးမှာ တံခါးပိတ်ကျင့်ကြံနေခဲ့၏။
မိတ်ဆွေဟောင်းများက ပြန်လည်ဆုံစည်းကြသော်လည်း သူတို့သည် ဆူဇီမိုနှင့် မတွေ့ရသေးပေ။
ဤတစ်ခေါက်မှာ ဆူဇီမိုသည် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီးနောက် သူသည် ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာကို ကြီးကျယ်ခမ်းနားသည့် စားသောက်ပွဲတစ်ခု ပြင်ဆင်ခိုင်းကာ သူ၏မိတ်ဆွေဟောင်းများကို သောက်စားဖို့အတွက် စုဝေးစေလိုက်၏။
လူတိုင်းသည် ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာခန်းမမှာ စုဝေးရောက်ရှိနေကြပြီဖြစ်၏။
သို့သော်လည်း ဆူဇီမိုက ပေါ်ထွက်မလာသေးပေ။
ကစဉ့်ကလျားသူတော်စင်အရှင်၏ တာအိုလက်တွဲဖော်နှင့် ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာ၏ အိမ်ရှင်အနေဖြင့် တျဲယွဲ့ကသာ အလည်အပတ်ရောက်ရှိလာသူများကို ကြိုဆိုလက်ခံပေးနေ၏။
“ညီကိုဆူနဲ့ မိန်းမပျိုတျဲက တာအိုလက်တွဲဖော်တွေဖြစ်လာတာ ကြာခဲ့ပြီ… ဒါပေမယ့် သူတို့တွေက ဘယ်ဓလေ့ထုံးတမ်းကိုမှ မကျင်းပခဲ့ကြဘူး… ဒါကို အဲဒါအတွက် ပြုလုပ်တယ်လို့လည်း ပြောနိုင်မယ်လို့ ငါထင်တယ်”
လင်းရွှမ်ကျီက ပြုံး၍ ပြောလိုက်၏။
“အဲဒီမင်းသားက ဘာလို့အခုချိန်ထိ ရောက်မလာသေးတာလဲ”
နတ်ဆိုးမိကျိကလည်း ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာကနေ အပြေးအလွှားရောက်ရှိလာပြီး သူမ၏ ရွှန်းလဲ့သောမျက်လုံးများကို ပုတ်ခတ်ကာမေးလိုက်၏။
“သူမ၏ ယခင်ဘဝမှာ သူမသည် သူတော်စင်အရှင်ဘိုးဘေးမီး၏သမီး ယန်ကျိဖြစ်ခဲ့သည်။
သို့သော်လည်း နတ်ဆိုးမကျိသည် ထိုအချက်ကြောင့် ပြောင်းလဲမသွားဘဲ သူမ၏ မိတ်ဆွေဟောင်းများနှင့် ဆက်ဆံရေးကိုလည်း မေ့ဖျောက်မထားခဲ့ပေ။
သူမသည် သူမ၏ မိတ်ဆွေဟောင်းများနှင့် ပြန်လည်ဆုံတွေ့သည့်အခါ အိုးတိုအမ်းတမ်းရှိမနေဘဲ ယခင်ကအတိုင်းပြုမူပြောဆိုလေသည်။
“သူက အခုမှအဆင့်ချိုးဖျက်တက်လှမ်းခါစဆိုတာ့ သူ့ရဲ့နယ်ပယ်ကို တည်ငြိမ်စေဖို့ အချိန်တစ်ခု လိုအပ်နေတာဖြစ်မယ်”
ဖုန့်စန်းထျန်က ထင်မြင်ယူဆလိုက်၏။
တျဲယွဲ့က ခေါင်းခါပြလိုက်၏။
“သူက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာခဲ့ပြီ… အဲဒါပြီးမှ ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာကနေ ပြန်ထွက်သွားတာ… သူက ဘယ်သွားမယ်ဆိုတာကို ပြောမသွားဘူး… ဒါပေမဲ့ သူပြန်လာမယ်လို့တော့ ပြောသွားတယ်”
လင်းရွှမ်ကျီက ထူးဆန်းစွာရယ်မော၍ မျက်လုံးမှိတ်ပြလိုက်၏။
“ညီကိုဆူက ခင်ဗျားအတွက် လက်ဆောင်တစ်ခု သွားရှာတာနေမယ်”
သူတို့သုံးယောက်သည် မဟာကမ္ဘာတစ်ထောင်လောကမှာ ပြန်လည်ဆုံစည်းစဉ်က ဤကိစ္စကို ပြောဆိုခဲ့ကြဖူးလေသည်။
အရင်တုန်းက သူမအတွက် ကြွေလောက်စရာလက်ဆောင်တစ်ခုပေးရမည်ဟု တျဲယွဲ့က ဆူဇီမိုကိုပင် စနောက်ပြောဆိုခဲ့လေသည်။
လင်းရွှမ်ကျီက မျက်လုံးစွေကြည့်ပြီး တစ်စုံတစ်ရာကို တွေးမိသွားပုံရ၏။ သူက နတ်ဆိုးမကျိ၏ အနားကိုတိုးကပ်ပြီး ခပ်တိုးတိုးမေးလိုက်၏။
“ကျိယောင်ရွှယ်က ဒီကိုမလာဘူးလား”
တစ်ခုခုကိုတွေးမိသွားသည့်အလား နတ်ဆိုးမကျိ၏ မျက်လုံးများက မှိန်ဖျော့သွားပြီး ခပ်တိုးတိုးပြောလိုက်၏။
“အစ်မ…အစ်မက… ငါထင်တာ သူလာလောက်တယ်”
“ကောင်စုတ်လေး…”
ထိုစဉ်မှာပင် ကစဉ့်ကလျားခန်းမ၏ အပြင်ဘက်ကနေ အော်ဟစ်သံတစ်သံထွက်ပေါ်လာ၏။
မဟာသူတော်စင်ကစဉ့်ကလျားစကြဝဠာသည် မဟာသူတော်စင်တစ်ပါး၏ သွင်ပြင်ဟန်ပန်လုံးဝမရှိဘဲ အသံကုန်ဟစ်ကာ လှမ်းအော်ပြောလိုက်၏။
“ပြီးခဲ့တဲ့နှစ်တစ်သောင်းကြာအောင် မင်းက ငါ့ဆီကို အလည်တစ်ခေါက်တောင်ရောက်မလာခဲ့ဘူး… မင်း ဘယ်လိုတောင် နှလုံးသားမဲ့နိုင်ရတာလဲ”
မဟာသူတော်စင်တစ်ပါး ဆင်းသက်ရောက်ရှိလာ၏။
ကစဉ့်ကလျားခန်းမထဲရှိ ဆူညံနေသောအသံများက ခဏမျှရပ်တန့်သွားလေသည်။
ပညာရှင်များက တုန်လှုပ်သွားလေသည်။
မဟာသူတော်စင်များကို မဟာကမ္ဘာတစ်ထောင်လောက၏ အထွတ်အထိပ်တည်ရှိမှုများဟု ဆိုနိုင်လေသည်။
သူတော်စင်များပင်လျှင် မဟာသူတော်စင်များ၏ ရှေ့မှာ မလေးမစားမပြုမူရဲကြပေ။
“မင်းတို့က ဘာလာကြည့်နေတာလဲ”
သူ၏ ဘေးပတ်လည်မှအကြည့်များကို အာရုံခံမိသွားပြီး မဟာသူတော်စင်ကစဉ့်ကလျားစကြဝဠာက ပြန်စိုက်ကြည့်ကာ အော်ငေါက်လိုက်၏။
“မင်းတို့တွေ အရင်က မျောက်တစ်ကောင်ကို တစ်ခါမှ မမြင်ဖူးဘူးလား”
အစက လူတိုင်းသည် မဟာသူတော်စင်တစ်ပါးအဖြစ် သူ၏ အဆင့်အတန်းအရ ဖိအားဝင်နေခဲ့ကြ၏။ ထိုစကားကိုကြာသောအခါ သူတို့က ပြုံးစိစိဖြင့် စိတ်လက်ပေါ့ပါးသွားကြ၏။
အထွတ်အမြတ်ခိုလှုံရာခန်းမက တဖြည်းဖြည်းပြန်လည်စည်ကားသက်ဝင်လာသည်။
ယခု… မဟာသူတော်စင်ကစဉ့်ကလျားစကြဝဠာက ဆင်းသက်ရောက်ရှိလာပြီး တျဲယွဲ့က မယဉ်မကျေးမပြုမူနိုင်ဘဲ သူ့ကိုကြိုဆိုနှုတ်ဆက်ဖို့အတွက် ရှေ့သို့တက်လှမ်းဖို့ပြင်လိုက်၏။
မဟာသူတော်စင်ကစဉ့်ကလျားစကြဝဠာက သာမန်ကာလျှံကာ လက်ကာပြလိုက်၏။
“ထုံးတမ်းအစဉ်အလာအရ နှုတ်ဆက်တာတွေ ဘာမှမလိုဘူး… ငါက ဒီကို အချောင်လာစားရုံပဲ… ငါ့မှာ ဘာလက်ဆောင်မှမပါဘူး… ငါ မင်းတို့ကို ဆုတော့တောင်းပေးမယ်… မင်းတို့နှစ်ယောက် ပျော်စရာကောင်းတဲ့ဘဝကိုရပြီး မျောက်ကလေးတွေမွေးပါစေ… အမ်… ငါပြောတာက ကလေး..ကလေးလေးတွေ… ဟဲဟဲ”
“အစ်မတျဲရေ… အစ်မတျဲ…”
ထိုစဉ်မှာပင် ခန်းမ၏ အပြင်ဘက်ကနေ ကြွပ်ဆတ်ဆတ်အော်ဟစ်သံတချို့ ထွက်ပေါ်လာ၏။
ကလေးတစ်အုပ်စုသည် ခန်းမထဲသို့ ဝင်ရောက်ပြီး အလွန်တရာစိတ်လှုပ်ရှားနေသောအမူအရာများဖြင့် တျဲယွဲ့ရှိရာသို့ ပြေးလာနေကြ၏။
ကလေးများ၏ နောက်မှာ ဟောင်းနွမ်းနေသော အဖြူရောင်ဝတ်ရုံနှင့် တောင်အကြီးအကဲက ပေါ်ထွက်လာပြီး တျဲယွဲ့ကို ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။
သူတော်စင်အရှင်ဘဝက ရောက်ရှိလာလေသည်။
မဟာသူတော်စင်နှစ်ပါး ဆက်တိုက်ရောက်ရှိလာ၏။
ရုတ်တရက်ဆိုသလို…။
ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာခန်းမ၏ ဝင်ပေါက်ဝမှာ နောက်ထပ်ပုဂ္ဂိုလ်တစ်ဦးပေါ်ထွက်လာ၏။
ထိုအမျိုးသမီးက ပိန်ပါးပြီး မှင်သေသေအမူအရာရှိကာ ဆိုးယုတ်အော်ရာတစ်ခုကို ထုတ်ဖော်ထား၏။
ကစဉ့်ကလျားခန်းမထဲမှလူတိုင်းက ရုတ်တရက် ကြက်သီးမွေးညင်းထလာကြ၏။
ဆိုးယုတ်အမျိုးသမီး။
နောက်ထပ် မဟာသူတော်စင်တစ်ဦး။
ဒါ့အပြင် ဤမဟာသူတော်စင်သည် လမ်းလေးသွယ်ထဲမှတစ်ခု တောကောင်တာအို၏ အရှင်ဖြစ်လေသည်။
ဆိုးယုတ်အမျိုးသမီးသည် သူတော်စင်တစ်ပါးပိုင်ဆိုင်ထားသည့် မည်သည့်စွမ်းပကားကိုမှ ထုတ်ဖော်မထားလျှင်တောင် လူတိုင်းက ကြီးမားသောဖိအားအောက် ရောက်သွားရဆဲဖြစ်၏။
ဆိုးယုတ်အမျိုးသမီးက သူမ၏ ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။
နောက်ဆုံးမှာတော့ သူမသည် တျဲယွဲ့ကိုကြည့်ပြီး မေးလိုက်သည်။
“သူ ဘယ်မှာလဲ”
တျဲယွဲ့က ခေါင်းခါ၍ အတိုချုံးရှင်းပြလိုက်၏။
ဆိုးယုတ်အမျိုးသမီးက တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ ထောင့်တစ်နေရာမှာ သာမန်ကာလျှံကာ ဝင်ထိုင်လိုက်၏။
သူမ၏ မျက်လုံးနှစ်ဖက်ကိုမှိတ်ကာ အနားယူနေပြီး တခြားမည်သူ့ကိုမှ စကားမပြောပေ။
သူမသည် မဟာသူတော်စင်ကစဉ့်ကလျားစကြဝဠာနှင့် တောင်အကြီးအကဲကို တွေ့မြင်လျှင်တောင် အလ္လာပသလ္လာပ ပြောဆိုနေခြင်းမရှိပေ။
တျဲယွဲ့နှင့် အခြားသူများက စဉ်းစားရခက်သွား၏။
ဆိုးယုတ်အမျိုးသမီးသည် မဟာသူတော်စင်ကစဉ့်ကလျားစကြဝဠာနှင့် တောင်အကြီးအကဲနှင့် မတူပေ။
သူမက တစ်ကိုယ်တည်းသမားဖြစ်သည်။ ဆူဇီမိုက အဆင့်ချိုးဖျက်တက်လှမ်းလာသည်ဆိုလျှင်တောင် သူမကိုယ်တိုင်လာရောက်ဂုဏ်ပြုဖို့ မထိုက်တန်ပေ။
အထွတ်အမြတ်ခိုလှုံရာခန်းမမှ ပညာရှင်များက တိတ်တဆိတ်မှင်တက်သွားကြ၏။
“မဟာဧကရာဇ်အထီးကျန်သိုင်းသခင်ဆိုတဲ့အတိုင်းပဲ… သူက အဆင့်ချိုးဖျက်တက်လှမ်းတဲ့အချိန်မှာပဲ သူ့ကိုဂုဏ်ပြုဖို့အတွက် မဟာသူတော်စင်သုံးပါးရောက်လာကြတယ်”
“မဟာကမ္ဘာတစ်ထောင်လောကကို တက်လှမ်းလာပြီးတာတောင် မဟာဧကရာဇ်အထီးကျန်သိုင်းသခင်က ထိပ်တန်းအဆင့် ပညာရှင်တစ်ဦးဖြစ်နေတုန်းပဲ”
တက်လှမ်းလာသူတချို့က ရေရွတ်ပြောဆိုလိုက်ကြ၏။
သို့သော်လည်း ဆူဇီမိုက ယခုအချိန်ထိ ပေါ်ထွက်မလာသေးပေ။
လူတိုင်းက ဒွိဟဖြစ်နေကြ၏။
မဟာသူတော်စင်သုံးပါးရောက်ရှိလာခြင်းနှင့်အတူ ဆူဇီမိုက မည်သို့ပင်ဆိုစေ ကိုယ်တိုင်ပေါ်ထွက်လာသင့်လေသည်။ သူက ဘယ်လိုလုပ် ဤမျှအထိ မယဉ်မကျေး ပြုမူနိုင်ရတာလဲ။
အနောက်မြောက်အရပ်၊ ကောင်းကင်ဘုံသုံးဆယ့်သုံးခုမှာ။
ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာမှ ရုတ်ရုတ်သဲသဲအခြေအနေသည် ဤနေရာမှာရှိသော ကြောက်စရာကောင်းသည့် တည်ရှိမှုများကို နိုးထသွားစေ၏။
မည်သည့်စာလုံးမှမပါရှိသည့် ဂူကမ္ပည်းကျောက်စာတိုင်းတစ်တိုင်က လေဟာနယ်ထဲမှာ တဖြည်းဖြည်းပေါ်ထွက်လာသည်။ ၎င်းပေါ်မှာထိုင်နေသည်မှာ အနက်ရောင်ဆံပင်နှင့် ချပ်ဝတ်တန်ဆာဝတ် အမျိုးသားတစ်ဦးဖြစ်လေသည်။ သူ၏ အကြည့်က ထက်ရှနေပြီး ဘေးပတ်ဝန်းကျင်က အသက်ဓာတ်ကင်းမဲ့နေ၏။
မကောင်းဆိုးဝါးဆန်သောလေတစ်ချက် တိုက်ခတ်သွားပြီး ပုံရိပ်ယောင်များက လူးလွန့်လှုပ်ရှားသွားလေသည်။ သူတို့ကို ဝိညာဉ်လှုပ်ခတ်တစ္ဆေအော်ဟစ်သံများ တွဲဖက်နေပြီး တစ်ခါတစ်ရံမှာ စူးစူးဝါးဝါးနှင့် တစ်ခါတစ်ရံမှာ နက်ရှိုင်းနေ၏။
ပုံရိပ်ယောင်တစ္ဆေများကြားမှာ လူတစ်ဦးက မလှုပ်မယှက်ရှိနေပြီး သူ့ကို ခပ်ရေးရေးတွေ့မြင်နိုင်လေသည်။
ထို့နောက်ချက်ချင်းပင် မကောင်းဆိုးဝါးဆန်သောအော်ရာတစ်ခု တိုက်ခတ်လာ၏။ အဆုံးမဲ့သွေးပင်လယ်တစ်စင်းထဲမှာ မရေမတွက်နိုင်သောခန္ဓာကိုယ်များနှင့် စုဖွဲ့ထားသည့် အလောင်းတောင်တစ်တောင်ဖြစ်ပေါ်လာလေသည်။
အလောင်းတောင်၏ ထိပ်မှာ အရိုးဖြူများဖြင့် ပြုလုပ်ထားသော ပလ္လင်တစ်လုံးရှိနေ၏။ သူသည် ငရဲအနက်ပိုင်းထဲကနေ ရောက်ရှိလာသည့်အလား ဖိနှိမ်ချုပ်ချယ်ထားသော အော်ရာတစ်ခုနှင့်အတူ လူတစ်ယောက်က ထိုပလ္လင်ပေါ်မှာ ထိုင်နေ၏။ သူ၏ အကြည့်က ညိုမှောင်နေပြီး အဝေးမှာရှိသော ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာကို လှမ်းကြည့်နေ၏။
“ဟဲဟဲ…”
ထိုစဉ်မှာပင် မလှမ်းမကမ်းကနေ ရယ်မောသံတစ်သံထွက်ပေါ်လာ၏။
နောက်ခဏ၌ ဝရဇိန်လက်နက်ကို ကိုင်ဆွဲထားသည့် ခံ့ညားထည်ဝါသောအမျိုးသားတစ်ဦးသည် ဧရာမအစွယ်ခြောက်ချောင်းဆင်ဖြူတစ်ကောင်ကို ဖြည်းဖြည်းချင်းစီးနင်းလာ၏။ သူ့မှာ ကျောက်စိမ်းလည်ဆွဲတစ်ခုရှိပြီး သူ၏ ဦးခေါင်းပေါ်မှာ သရဖူတစ်ခုဆောင်းထားလေသည်။ သရဖူဆောင်းအမျိုးသား ဖြတ်သွားရာနေရာတိုင်းမှာ အသက်ဓာတ်ကင်းမဲ့သောအော်ရာက သူ့ကိုရှောင်ကွင်းသွား၏။ အလင်းရောင်များက ဘေးကိုပြန့်ကျဲသွားပြီး အလောင်းတောင်နှင့် သွေးပင်လယ်ကြားမှာ ခမ်းနားထည်ဝါသောလမ်းကြောင်းတစ်ခုပင် ပေါ်ထွက်လာလေသည်။
“အထီးကျန်သိုင်းသခင်က မဟာသူတော်စင်တစ်ပါးဖြစ်လာပြီ… အဲဒီမှာ အတော်လေးစည်ကားနေကြတယ်… ဆိုးယုတ်အမျိုးသမီးက သူ့ကိုဂုဏ်ပြုဖို့အတွက် သွားနှင့်ပြီ… မင်းတို့သုံးယောက်ကော မသွားကြဘူးလား”
သရဖူဆောင်းအမျိုးသားက ပြုံး၍မေးလိုက်၏။
“မင်းတို့တွေ တစ်ခါတုန်းက ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ သူနဲ့ ရင်ဘောင်တန်းတိုက်ခိုက်ခဲ့ကြဖူးတယ်မလား”
ဂူကမ္ပည်းကျောက်စာတိုင်ပေါ်မှာ မိစ္ဆာအရှင်က အမူအရာကင်းမဲ့နေပြီး နှုတ်ဆိတ်နေ၏။
အရိုးဖြူပလ္လင်ပေါ်က ငရဲအရှင်က မှင်သေသေဖြင့်ပြောလိုက်၏။
“စိတ်မဝင်စားဘူး”
ခဏမျှရပ်တန့်ပြီးနောက် ငရဲအရှင်က ပုံရိပ်ယောင်တစ္ဆေအလွှာများကြားမှ မဟာတစ္ဆေမိခင်ကိုကြည့်ပြီး ဟန်လုပ်အပြုံးနှင့်အတူ ပြောလိုက်၏။
“တစ္ဆေမိခင်ကလည်း အဲဒီကို သေချာပေါက် သွားချင်မှာမဟုတ်ဘူးလို့ ငါယုံတယ်”
“ဘာလို့လဲ”
သရဖူဆောင်းအမျိုးသားသည် သူက တစ်ခုခုကို သွယ်ဝိုက်ပြောဆိုနေကြောင်းသိနေပြီး ပြုံး၍မေးလိုက်၏။
ငရဲအရှင်က ပြောလိုက်၏။
“တစ္ဆေမိခင် တက်လှမ်းမလာခင်က သူက အထီးကျန်သိုင်းသခင်ရဲ့ တာအိုလက်တွဲဖော်ကို သတ်ခဲ့တယ်… သူ အဲဒီကိုသွားမယ်ဆိုရင် အထီးကျန်သိုင်းသခင်က သူ့ကိုသေချာပေါ်လွှတ်ပေးမှာမဟုတ်ဘူး”
“သူမလုပ်ရဲပါဘူး”
ဗြဟ္မာတစ္ဆေမိခင်က ထိုစကားကိုကြားသောအခါ အေးစက်စွာနှာတစ်ချက်မှုတ်လိုက်၏။
“သူလက်စားချေချင်တယ်ဆိုရင် ကောင်းကင်ဘုံသုံးဆယ့်သုံးခုကို လာလို့ရတာပဲ… ငါသူ့ကို လက်ခံကြိုဆိုပေးမယ်”
“ဒါဆို ငါမင်းကို အဲဒီအခွင့်အရေးပေးလိုက်မယ်”
ရုတ်တရက်ဆိုသလို သူတို့၏ နားထဲမှာ နောက်ထပ်အသံတစ်သံက ဝင်ရောက်လာလေသည်။