← Chapters

အခန်း (၃၃၆၅-၃၃၆၆)

Vol. 221 Ch. 3365-3366

အခန်း (၃၃၆၅-၃၃၆၆)

Vol. 221 Ch. 3365-3366

အခန်း ၃၃၆၅ - တစ္ဆေမိခင်ကိုသတ်ဖြတ်ခြင်း

ဆူဇီမိုသည် နှစ်တစ်သောင်းမှာ မဟာသူတော်စင်တစ်ပါးဖြစ်လာနိုင်သည့် အဓိကအကြောင်းအရင်းမှာ သူသည် ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာမှာ ကောင်းကင်ဘုံသူတော်စင်လက်နက်ကို သန့်စင်မွမ်းမံခဲ့သောကြောင့်ဖြစ်သည်။

ကစဉ့်ကလျားခေါင်းလောင်းသည် အရင်တုန်းက ကစဉ့်ကလျားအစိမ်းရောင်ကြာပန်း၏ ကောင်းကင်ဘုံတာအို သူတော်စင်လက်နက်ဖြစ်ခဲ့လေသည်။

ကစဉ့်ကလျားအစိမ်းရောင်ကြာပန်း၏ မျိုးဆက်မှတ်ဉာဏ်များအရ ဤကောင်းကင်ဘုံသူတော်စင်လက်နက်သည် ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာကို စောင့်ကြပ်ရန် တောင်ထွတ်တစ်ခုအဖြစ် အသွင်ပြောင်းလဲသွားခဲ့ကြောင်း သူသိရှိခဲ့ရလေသည်။ ကစဉ့်ကလျားအစိမ်းရောင်ကြာပန်း၏ မျိုးဆက်သွေးကသာ ၎င်းကို နောက်တစ်ဖန်သန့်စင်မွမ်းမံနိုင်မည်ဖြစ်သည်။

ယခု ကစဉ့်ကလျားခေါင်းလောင်းက ပြန်လည်ပေါ်ထွက်လာပြီး ၎င်းသည် မရေမတွက်နိုင်သောပညာရှင်များ၏ စိတ်အာရုံကို ဆွဲဆောင်မိသွား၏။ အရင်တုန်းက မဟာသူတော်စင်ကစဉ့်ကလျားစကြဝဠာသည် ကြီးမားသည့် ဝရုန်းသုန်းကားအခြေအနေမှာ ဝင်ပါခဲ့ခြင်းမရှိပေ။ တောင်အကြီးအကဲနှင့် ဆိုးယုတ်အမျိုးသမီးသည် ဤတောင်ထွတ်မှ မကြုံစဖူး ထူးခြားအံ့မခန်းတိုက်ပွဲကို ကိုယ်တိုင်မြင်တွေ့ခဲ့ရခြင်း မရှိပေ။

သူတို့ထဲမည်သူကမှ ကစဉ့်ကလျားခေါင်းလောင်း၏ အစစ်အမှန်ပုံစံကို မတွေ့မြင်ဖူးဘဲ ၎င်း၏ ရှေးကျ၍ သာယာနာပျော်ဖွယ်ကောင်းသော အသံကိုသာ ကြားဖူးထားကြသည်။

ယခု ခေါင်းလောင်းသံကပင် သူတို့၏ ဝေးကွာလွန်းနေပြီဖြစ်သော မှတ်ဉာဏ်များကို ပြန်လည်နှိုးဆွပေးလိုက်ခြင်းဖြစ်၏။

လူတိုင်းက လှည့်ကြည့်လိုက်ကြပြီး တောင်ထွတ်က လဲပြိုကျကာ ရှေးကျ၍ သိပ်သည်းလေးလံသော ခေါင်းလောင်းတစ်လုံးပေါ်ထွက်လာသည်ကို တွေ့မြင်လိုက်ရ၏။ ၎င်းက အနက်ရောင်နှင့်အဝါရောင်ဖြစ်ပြီး ကစဉ့်ကလျားချီဖြင့်ပြည့်နှက်ကာ ခံ့ညားထည်ဝါသော အော်ရာတစ်ခု ထုတ်ဖော်ထားလေသည်။

ခေါင်းလောင်းပေါ်မှာ နေ၊ လ၊ ကြယ်များ၊ တောင်များနှင့် ကမ္ဘာမြေအပြင် ထူးဆန်းသော စွမ်းအားအမှတ်အသားလေးခုကို ထွင်းထုထားကြောင်း တောင်အကြီးအကဲနှင့် အခြားမဟာသူတော်စင်နှစ်ပါးကသာ ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ကြသည်။

ခေါင်းလောင်းသံက ခံ့ညားထည်ဝါစွာ ထွက်ပေါ်လာပြီး လောကတစ်ခွင် ပဲ့တင်ထပ်နေ၏။ လေဟာနယ်က လှုပ်ခါပြီး လောကက တွန့်လိမ်သွားလေသည်။ ခေါင်းလောင်းသည် ဝင်းလက်တောက်ပနေပြီး လောကက ၎င်း၏ အရောင်အဝါကို ဆုံးရှုံးသွားရ၏။

သူတော်စင်အရှင်ငါးဦးသည် တံခါးပိတ်ကျင့်ကြံရာကနေ တစ်ယောက်ပြီးတစ်ယောက်ထွက်လာပြီး တုန်လှုပ်နေသောအမူအရာများနှင့်အတူ ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာရှိရာဘက်သို့ ကြည့်လိုက်ကြ၏။

“အဲဒါက ဟို ကောင်းကင်ဘုံတာအိုသူတော်စင်လက်နက်ဖြစ်နိုင်မလား”

“အထီးကျန်သိုင်းသခင်က နှစ်တစ်သောင်းလောက်နဲ့ မဟာသူတော်စင်တစ်ပါးဖြစ်လာနိုင်တာ အဲဒါကြောင့်ကိုး”

“အထီးကျန်သိုင်းသခင်က ဒီကောင်းကင်ဘုံသူတော်စင်လက်နက်ကို ဘာလို့ဆင့်ခေါ်လိုက်တာလဲ”

ပညာရှင်များစွာ၏ ရှေ့မှောက်မှာ ကစဉ့်ကလျားခေါင်းလောင်းသည် ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာ၏ အထက်မှာ ခဏမျှသာရစ်ဝဲပြီးနောက် လေဟာနယ်ကို ခြေမွှဖျက်ဆီးကာ တစ်စွန်းတစ်စမကျန် ပျောက်ကွယ်သွားလေသည်။

မဟာကမ္ဘာတစ်ထောင်လောက၊ ကောင်းကင်ဘုံသုံးဆယ့်သုံးခုမှာ။

ဆူဇီမိုသည် ကောင်းကင်ဘုံသုံးဆယ့်သုံးခုသို့ ဗြဟ္မာတစ္ဆေမိခင်ကို လာရောက်တိုက်ခိုက်ရဲသည်မှာ အဝီစိဓားနှင့် တမလွန်ဓားကြောင့် မဟုတ်ပေ။

ဓားနှစ်လက်ကို မည်သို့ပင်ဆိုစေ အနက်ရောင်ဝတ်အမျိုးသားက ပြုလုပ်ပေးထားခဲ့ခြင်းဖြစ်သည်။

ဒါ့အပြင် ပြီးခဲ့သည့်နှစ်များမှာ အဝီစိဓားနှင့် တမလွန်ဓားသည် သူ၏ ထိန်းချုပ်မှုကနေ တဖြည်းဖြည်းရုန်းထွက်ချင်သည့်လက္ခဏာများ ပြသလာခဲ့လေသည်။

သူသည် တစ်နေ့မှာ အဝီစိဓားနှင့် တမလွန်ဓားကို ထိန်းချုပ်နိုင်ချင်မှ ထိန်းချုပ်နိုင်တော့မည်ကို ဆူဇီမိုက အာရုံခံမိနေခဲ့ပြီဖြစ်၏။

ကောင်းကင်ဘုံတာအိုသူတော်စင်လက်နက် ကစဉ့်ကလျားခေါင်းလောင်းကသာ သူ၏ အကြီးမားဆုံး မှီခိုအားထားရာဖြစ်လေသည်။

ခေါင်းလောင်းသံသည် ကောင်းကင်ဘုံသုံးဆယ့်သုံးခုသို့ ဝင်ရောက်လာသောအခါ လျစ်လျူရှု၍ရသလောက်နီးပါးဖြစ်၏။

သို့သော်လည်း ဗြဟ္မာတစ္ဆေမိခင်က ထိုအသံကို ရှင်းရှင်းလင်းလင်းကြားလိုက်ရဆဲဖြစ်ပြီး သူမ၏ အမူအရာက ပြောင်းလဲသွား၏။

သူမက သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းကို အလိုလိုကြည့်ပြီး သူမ၏ စိတ်ကို အလျင်အမြန်ငြိမ်သက်စေလိုက်၏။

အရင်တုန်းက သူတော်စင်အရှင်ငါးဦးသည် ကောင်းကင်ဘုံတာအိုသူတော်စင်လက်နက်တစ်ခုစီကို ကိုင်ဆွဲခဲ့ကြသော်လည်း သူတို့သည် လက်ဗလာနှင့် ပြန်သွားခဲ့ကြ၏။ ကစဉ့်ကလျားခေါင်းလောင်းက သူမကို ခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ပေ။

ဝုန်း…

ကျယ်လောင်သောမြည်ဟည်းသံနှင့်အတူ မြေပြင်က လှုပ်ခါသွား၏။

ကောင်းကင်ဘုံသုံးဆယ့်သုံးခုသည် ပြင်းထန်ကြမ်းတမ်းသော ရိုက်ခတ်မှုကို ကြုံတွေ့လိုက်ရပြီး လောကက မှိန်ဖျော့သွား၏။ နေနှင့်လကပင် သူတို့၏ အရောင်အဝါကို ဆုံးရှုံးသွားပြီး အချိန်မရွေး လဲပြိုကျနိုင်သည့်အလားပင်။

ကစဉ့်ကလျားခေါင်းလောင်းက ကောင်းကင်ဘုံ ၃၃ခုပေါ် ဆင်းသက်လာ၏။

အစက ခေါင်းလောင်းပေါ်ရှိ နေ၊ လ၊ ကြယ်များ၊ တောင်တန်းများနှင့် ကမ္ဘာမြေတို့ကို ၎င်းပေါ်မှာ ထွင်းထုထားရုံမျှသာဖြစ်၏။

ထိုအခိုက်အတန့်မှာ သူတို့သည် ခေါင်းလောင်းပေါ်ကနေ ကွာကျပြီး ကစဉ့်ကလျားထဲမှာ လွင့်မျောလာ၏။

ကစဉ့်ကလျားခေါင်းလောင်းတစ်ခုလုံးက လောကတစ်ခုအဖြစ် ပြောင်းလဲသွားပြီဖြစ်၏။

ဒေါင်….

နောက်ခဏ၌ ဒုတိယမြောက်ခေါင်းလောင်းသံက ထွက်ပေါ်လာသည်။

ဤခေါင်းလောင်းသံက ကောင်းကင်ဘုံသုံးဆယ့်သုံးခုသို့ ဝင်ရောက်လာသည့်အချိန်မှာ ၎င်းသည် အတော်လေးကို ကြည်လင်ရှင်းလင်းနေပြီဖြစ်၏။

ဗြဟ္မာတစ္ဆေမိခင်က တုန်လှုပ်သွား၏။

ဤသည်မှာ ကစဉ့်ကလျားခေါင်းလောင်းသည် ကောင်းကင်ဘုံသုံးဆယ့်သုံးခု၏ အဟန့်အတားကို ချိုးဖျက်လိုက်ပြီဟု ဆိုလိုလေသည်။

တကယ်တမ်းမှာ ဆူဇီမို၏ တိုက်ခိုက်ရည်ခွန်အားသည် သူတော်စင်အရှင်ငါးဦးထက် ကျော်လွန်နေပြီဖြစ်၏။

သူနှင့် ကစဉ့်ကလျားခေါင်းလောင်းအကြား သဟဇာတဖြစ်မှုသည် သူတော်စင်အရှင်များနှင့် သူတို့၏ ကောင်းကင်ဘုံတာအိုသူတော်စင်လက်နက်များထက် များစွာသာလွန်လေသည်။ သူသည် ၎င်း၏ အမြင့်မားဆုံးစွမ်းအားကို ထုတ်ဖော်နိုင်လေသည်။

ကစဉ့်ကလျားခေါင်းလောင်းဆင်းသက်လာသောအခါ ကောင်းကင်ဘုံသုံးဆယ့်သုံးခုမှာ တည်ရှိသည့် မမြင်ရသောအဟန့်အတားကို ဆူဇီမိုက အမှန်တကယ်အာရုံခံမိလိုက်ပြီး သူ၏ ယခင်ခန့်မှန်းချက်ကို အတည်ပြုလိုက်လေသည်။

အဟန့်အတားကနေ ထုတ်ဖော်လိုက်သောစွမ်းအားက အလွန်တရာသန်မာလွန်းနေ၏။

တကယ်တမ်းမှာ ကစဉ့်ကလျားခေါင်းလောင်း၏ စွမ်းအားသည် ၎င်းကို မဖိနှိမ်နိုင်ပေ။

အလွန်ဆုံး ဆူဇီမိုသည် ကစဉ့်ကလျားခေါင်းလောင်းကို အသုံးချကာ အဟန့်အတားအလွှာကို ခေတ္တခဏထိုးဖောက်၍ ယာယီအားဖြင့် လွန်ဆွဲမှုတစ်ခု ပြုလုပ်လိုက်ရုံသာဖြစ်၏၊

သို့သော်လည်း ထိုမျှက လုံလောက်လေသည်။ တကယ်တမ်းမှာ သူသည် ဗြဟ္မာတစ္ဆေမိခင်ကို သတ်ဖြတ်ဖို့အတွက် ကစဉ့်ကလျားခေါင်းလောင်း၏ အကူအညီကို မလိုအပ်ပေ။

ကောင်းကင်ဘုံသုံးဆယ့်သုံခုမှ မမြင်ရသောအဟန့်အတား၏ ဥပဒေသများသည် သူ၏ တိုက်ခိုက်ရည်ခွန်အားကို အပြည့်အဝမထုတ်ဖော်စေနိုင်သောကြောင့်သာလျှင်ဖြစ်သည်။

ယခု ကစဉ့်ကလျားခေါင်းလောင်းက မမြင်ရသောအဟန့်အတားမှာ အကြားအလပ်တစ်ခုကို ထုတ်ဖော်လိုက်ပြီး ဆူဇီမို၏ တိုက်ခိုက်ရည်ခွန်အားက အချိန်တိုတစ်ခုအတွင်းမှာ ၎င်း၏ အကန့်အသတ်ထိ မြင့်တက်လာနိုင်၏။

ဒုတိယောက်မြောက်ခေါင်းလောင်းသံထွက်ပေါ်လာသည့်အချိန်မှာ ဆူဇီမို၏ အကြည့်က သိပ်သည်းစုဖွဲ့လာ၏။ သူက မာန်သွင်းအော်ဟစ်ပြီး ဗြဟ္မာတစ္ဆေမိခင်ကို နောက်တစ်ဖန်တိုက်ခိုက်လိုက်သည်။

မဟာသူတော်စင်တစ်ပါးထက် များစွာသာလွန်သော သူ၏ စိတ်ဝိညာဉ်အသိစိတ်က ဆင်းသက်ရောက်ရှိလာ၏။ ကစဉ့်ကလျားသူတော်စင်ခန္ဓာနှင့်အတူ ဆူဇီမိုသည် တိုက်ခိုက်မှုတစ်ရပ်ချင်းစီမှာ မဟာတာအိုများကို ဖျက်ဆီးပစ်နိုင်သည့်စွမ်းအားကို ထုတ်ဖော်လိုက်၏။

ဘုန်း… ဘုန်း… ဘုန်း…

ဗြဟ္မာတစ္ဆေမိခင်သည် ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ တစ်လှမ်းပြီးတစ်လှမ်း နောက်ဆုတ်ပေးနေရ၏။ တစ္ဆေပေါင်းထောင်ချီက လောင်ကျွမ်းပြာကျပြီး ဆာလောင်တစ္ဆေတာအိုက အက်ကွဲကြောင်းများဖြင့် ပြည့်နှက်ကာ အချိန်မရွေးလဲပြိုကျသွားနိုင်လေသည်။

“ဆရာ… ကျွန်မကို ကယ်ပါဦး”

ဗြဟ္မာတစ္ဆေမိခင်က ခပ်စူးစူးအော်ပြောလိုက်၏။

ငရဲအရှင်၊ မိစ္ဆာအရှင်နှင့် သရဖူဆောင်းအမျိုသားတို့က တစ်စုံတစ်ရာပြုလုပ်ခြင်းမရှိသော်လည်း သူတို့က သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းကို အလိုလိုလှည့်ကြည့်လိုက်ကြ၏။

သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းက ဤမြင်ကွင်းကို အမူအရာကင်းမဲ့စွာဖြင့်ကြည့်ပြီး ဂရုမစိုက်သလိုရှိနေ၏။

ဖောက်…

ဗြဟ္မာတစ္ဆေမိခင်၏ ဦးခေါင်းသည် ဆူဇီမို၏ လက်ဝါးရိုက်ချက်ဖြင့် ကြေမွပျက်စီးသွား၏။ ကစဉ့်ကလျားချီက တလိပ်လိပ်တိုးဝင်ပြီး သူမ၏ အမြုတေစိတ်ဝိညာဉ်ကို ချက်ချင်းပင် ကြေမွသွားစေ၏။ သို့သော်လည်း ဆာလောင်တစ္ဆေတာအိုကကျန်ရှိနေဆဲဖြစ်၏။ သူမ၏ အမြုတေစိတ်ဝိညာဉ်နှင့် အသွေးအသားသည် ဆာလောင်တစ္ဆေတာအိုနှင့်တွယ်ငြိနေဆဲဖြစ်လေသည်။ သူမက သိပ်မကြာခင် ပြန်လည်ရှင်သန်လာပေလိမ့်မည်။

“သေလိုက်တော့”

ဆူဇီမိုက အော်ဟစ်လိုက်ပြီး သူ၏ သွေးချီက ပေါက်ကွဲထွက်ပေါ်လာ၏။ ကစဉ့်ကလျားချီက လေထဲမှာပြည့်နှက်လာပြီး ဆာလောင်တစ္ဆေတာအိုကို ချက်ချင်းပင်ဝါးမျိုကာ ၎င်းကို လုံးလုံးလျားလျား ဖျက်ဆီးပစ်ချင်၏။ သို့သော်လည်း သူ၏ ခွန်အားက အနည်းငယ်လိုအပ်နေသေး၏။

ထိုစဉ်မှာပင် ဆူဇီမို၏ မျက်လုံးထဲကနေ အနက်နှင့်အဖြူ ဂမ္ဘီရအလင်းနှစ်ခုက အသီးသီးထွက်ပေါ်လာ၏။

မီးပဒေသာနှင့် တမလွန်မီးရောင် ဆင်းသက်လာလေသည်။

ဝုန်း… ဝုန်း…

ကျယ်လောင်သော မြည်ဟည်းသံနှစ်သံက မီးပဒေသာနှင့် တမလွန်မီးရောင်၏ ခန္ဓာကိုယ်များကနေ ထွက်ပေါ်လာပြီး သူတို့၏ အော်ရာများက ဆပွားမြင့်တက်လာ၏။

လွန်ခဲ့သည့်နှစ်တစ်သောင်းက ယင်မဟာတာအိုနှင့် ယန်မဟာတာအို လစ်လပ်သွားပြီးနောက် ဂမ္ဘီရကျောက်တုံးနှစ်တုံးသည် သူတော်စင်များ နောက်တစ်ဖန် ပြန်လည်ဖြစ်လာကြလေပြီ။

ဤနှစ်များမှာ ကစဉ့်ကလျားချီနှင့် ဆူဇီမို၏ သူတော်စင်ခန္ဓာမျိုးဆက်သွေးဖြင့် အားဖြည့်ထောက်ပံ့မှုမှာ ဂမ္ဘီရကျောက်တုံးနှစ်တုံးသည် မျိုးဆက်မှတ်ဉာဏ်များကို ဆက်ခံရရှိပြီး သူတို့က အဆင့်ချိုးဖျက်တက်လှမ်းတာ့မည့်ဆဲဆဲဖြစ်နေလေပြီ။

ယခု မဟာသူတော်စင်များကြား ပြင်းထန်ကြမ်းတမ်းသောတိုက်ပွဲမှာ သူတော်စင်စွမ်းပကား၏ လွှမ်းခြုံမှုနှင့် ကောင်းကင်ဘုံတာအိုသူတော်စင်လက်နက်၏ အော်ရာအောက်မှာ သူတို့သည် နောက်တစ်ဖန်အဆင့်ချိုးဖျက်တက်လှမ်းပြီး မဟာသူတော်စင်များဖြစ်လာကြသည်။

မီးပဒေသာနှင့် တမလွန်မီးရောင်ကလည်း ဂမ္ဘီရအလင်းနှစ်ခုကို ထုတ်လွှတ်ကာ ကစဉ့်ကလျားချီထဲသို့ ဝင်ရောက်သွား၏။

ယင်ယန်ငါးများသည် တစ်ကောင်နှင့်တစ်ကောင် အဆက်မပြတ်ပြေးလိုက်ပြီး ဧရာမယင်ယန်ကြိတ်ဆုံကျောက်တစ်ခုကို ဖြစ်ပေါ်လာစေ၏။ ကစဉ့်ကလျားချီက ဆာလောင်တစ္ဆေတာအိုကို အဆက်မပြတ် မွှေနှောက်ဖျက်ဆီးနေ၏။

ဤသည်မှာ မဟာသူတော်စင်သုံးပါး တစ်ချိန်တည်း တိုက်ခိုက်လာခြင်းနှင့်တူညီလေသည်။

“အား… အား…”

တစ္ဆေသရဲအော်ဟစ်သံများက ဆာလောင်တစ္ဆေတာအိုထဲကနေ ထွက်ပေါ်လာ၏။

ကစဉ့်ကလျားမဟာတာအို၊ ယင်မဟာတာအိုနှင့် ယန်မဟာတာအို၏ ထိတွေ့ရိုက်ခတ်မှုမှာ ဆာလောင်တစ္ဆေတာအိုက ဆက်လက်၍ မခုခံနိုင်တော့ဘဲ လုံးလုံးလျားလျားပြတ်တောက်ကာ ကြေမွပျက်စီးသွား၏။

ဗြဟ္မာတစ္ဆေမိခင်ကလည်း သေဆုံးသွားလေသည်။

ဖြစ်စဉ်တစ်လျှောက်လုံးမှာ သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းက လှုပ်ရှားမှုပြုလုပ်မလာခဲ့ပေ။

သို့သော်လည်း ဆူဇီမိုက ဗြဟ္မာတစ္ဆေမိခင်၏ ဝိညာဉ်ကို အကျဉ်းချတော့မည့်ဆဲဆဲမှာ သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းက ရုတ်တရက် ဝင်ရောက်စွက်ဖက်လိုက်၏။ သူ၏ ဝတ်ရုံစကို ပေါ့ပါးစွာဝေ့ယမ်းပြီး သူသည် ဆူဇီမို၏ ကစဉ့်ကလျားမဟာတာအို၊ ယင်မဟာတာအိုနှင့် ယန်မဟာတာအိုတို့ကို ပျက်ပြယ်စေလိုက်၏။

ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။

သူ၏ ရှေ့မှောက်မှာ အစကဖျက်ဆီးခံလိုက်ရသော ဆာလောင်တစ္ဆေတာအိုသည် မြင်နိုင်သောနှုန်းထားဖြင့် ပြန်လည်ပေါ်ထွက်လာနေ၏။

တကယ်တော့ ဆာလောင်တစ္ဆေတာအို ပြန်လည်ပေါ်ထွက်လာမည်ဆိုလျှင်တောင် ဗြဟ္မာတစ္ဆေမိခင်သည် ဆာလောင်တစ္ဆေတာအိုဖျက်ဆီးခံရစဉ်က သေဆုံးသွားခဲ့ပြီဖြစ်၏။

သို့သော်လည်း သူမ၏ ဝိညာဉ်ကို သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းက ကာကွယ်ပေးထား၏။

“တော်လောက်ပြီ”

သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်က မှင်သေသေဖြင့်ပြောလိုက်၏။

“အရင်တုန်းက… သူက မင်းရဲ့တာအိုလက်တွဲဖော်ကို သတ်ခဲ့တယ်.. ဒီနေ့… မင်းကလည်း လက်ရှိသူရဲ့ဘဝကို သတ်လိုက်တယ်… ဒါဆိုရင် ညီတူမျှတူပေါ့”

ဆူဇီမိုက ခဏမျှနှုတ်ဆိတ်ပြီးနောက် ဆက်လက်၍ ခေါင်းမာမနေတော့ပေ။ သူက ညင်သာစွာခေါင်းညိတ်ပြပြီး လှည့်ထွက်သွား၏။

သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းက ယခုအချိန်မှာသာ ဝင်ပါလာခြင်းသည် သူ့ကို လုံလောက်သည့်မျက်နှာသာပေးထားပြီဖြစ်၏။

သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းက ဝင်ရောက်စွက်ဖက်ချင်သည်ဆိုလျှင် သူသည် ဗြဟ္မာတစ္ဆေမိခင်ကို သတ်ဖြတ်နိုင်စရာအကြောင်းမရှိပေ။

ဒါ့အပြင် ဗြဟ္မာတစ္ဆေမိခင်၏ ဝိညာဉ်သည် သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်း၏ လက်ထဲမှာ ရောက်ရှိနေပြီဖြစ်၏။ သူက သူမကို အပြီးတိုင်းချေမှုန်းပစ်ချင်သည်ဆိုလျှင်တောင် လောလောဆယ်မှာ မလုပ်နိုင်သေးပေ။

အခန်း ၃၃၆၆ - ပူးပေါင်းလိုခြင်း

ကစဉ့်ကလျား ခေါင်းလောင်းက ပေါ်ထွက်လာပြီး လေထုကို ဆုတ်ဖြဲလိုက်သည့်အခါ ၎င်းသည် ပညာရှင်ပေါင်းများစွာ၏ အကြည့်များကို ဆွဲဆောင်မိသွား၏။

“ကစဉ့်ကလျား ခေါင်းလောင်းက ကောင်းကင်ဘုံ ၃၃ ခုကို ဦးတည်သွားတဲ့ပုံပဲ”

“အထီးကျန်သိုင်းသခင်က လမ်းလေးသွယ်က အရှင်တွေနဲ့ စစ်ခင်းတော့မှာလား”

“ငါသိရသလောက်ဆိုရင် ဗြဟ္မာတစ္ဆေမိခင်က အထီးကျန်သိုင်းသခင်ရဲ့ တာအိုလက်တွဲဖော်ကို အောက်ဘုံလောကမှာ သတ်ဖြတ်ခဲ့ဖူးတယ်… အထီးကျန်သိုင်းသခင်က ဒီတစ်ခေါက် သူ့ဇနီးအတွက် လက်စားချေဖို့ ဖြစ်နိုင်တယ်”

“ဒါဆိုရင် ငါတို့ သူ့ကို ငါတို့ဘက်ပါလာအောင် ကြိုးစားကြည့်နိုင်လောက်တယ်”

သူတော်စင်အရှင်ငါးဦးက သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များဖြင့် ဆက်သွယ်ပြောဆိုလိုက်ကြ၏။

ကစဉ့်ကလျား အထွတ်အမြတ်ခိုလှုံရာမှာ...

တောင်အကြီးအကဲ၊ ဆိုးယုတ်အမျိုးသမီးနှင့် မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာသည် ကစဉ့်ကလျား ခေါင်းလောင်း၏ တည်နေရာကို ထောက်လှမ်းမိသွားပြီး သူတို့က တျဲယွဲ့ကို အလိုလိုကြည့်လိုက်ကြ၏။

တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီးနောက် ဆူဇီမို ပထမဆုံးပြုလုပ်သည့်အရာမှာ ဗြဟ္မာတစ္ဆေမိခင်ကို လက်စားချေရန် ကောင်းကင်ဘုံ ၃၃ ခုသို့ သွားရောက်ခြင်း ဖြစ်လေသည်။ ထိုအချက်သည် တျဲယွဲ့က သူ့အတွက် ဘယ်လောက်အရေးပါသလဲ သိသာစေ၏။

တျဲယွဲ့သည် မဟာသူတော်စင်သုံးပါး၏ အကြည့်များကို တွေ့မြင်သောအခါ သူက မနေနိုင်ဘဲ မေးလိုက်၏။

“ညီအစ်ကိုဆူက ဗြဟ္မာတစ္ဆေမိခင်ကို ပြဿနာရှာဖို့အတွက် တကယ်ပဲ သွားတာလား”

တောင်အကြီးအကဲက ခေါင်းညိတ်ပြလိုက်၏။

တျဲယွဲ့၏ မျက်လုံးထဲတွင် စိုးရိမ်ပူပန်သော အကြည့်တစ်ခု ပေါ်ထွက်လာသည်။

တစ်ခါက သူတော်စင်အရှင်ငါးဦးသည် သူတို့၏ ကောင်းကင်ဘုံတာအို သူတော်စင်လက်နက်များနှင့်အတူ သွားရောက်တိုက်ခိုက်ခဲ့ကြသော်လည်း လက်ဗလာဖြင့် ပြန်လာခဲ့ရ၏။ ယခု ဆူဇီမိုသည် ထိုနေရာသို့ တစ်ယောက်တည်း သွားနေပြီး သေချာပေါက် ပို၍ပင် အန္တရာယ်များပေလိမ့်မည်။

မဟာသူတော်စင် ကစဉ့်ကလျား စကြဝဠာက ပြောလိုက်၏။

“ကောင်းကင်ဘုံ ၃၃ ခုမှာ အနည်းဆုံးတော့ မဟာသူတော်စင်သုံးပါး ရှိနေတယ်… သူတို့က မိစ္ဆာအရှင်၊ ငရဲအရှင်နဲ့ ဗြဟ္မာတစ္ဆေမိခင်တို့ပဲ… သုံးယောက်တစ်ယောက် ရင်ဆိုင်ရမယ်ဆိုရင် ငါထင်တာ အဲ့ဒီတိုက်ပွဲက လွယ်မှာမဟုတ်ဘူး”

ထိုသို့ သူပြောလိုက်သည့် ခဏမှာပင် ကစဉ့်ကလျား အထွတ်အမြတ်ခိုလှုံရာအထက်မှာ အစိမ်းရောင်လူရိပ်တစ်ခု ပေါ်ထွက်လာ၏။ ထိုသူက ဆူဇီမို ဖြစ်လေသည်။

“မင်း...”

“မင်းပြန်လာတာ မြန်လှချေလား”

လူတိုင်းက မှင်တက်သွားကြ၏။

ကစဉ့်ကလျား ခေါင်းလောင်း ပေါ်ထွက်လာသည်မှာ ဘယ်လောက်မှပင် မကြာသေးပေ။

ဆူဇီမိုက ပြန်လည်ရောက်ရှိလာပြီဖြစ်၏။

မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာသည် အရင်ဆုံးတုံ့ပြန်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်၏။

“ဘာမှမဖြစ်ဘူး… ငါတို့တွေ လောလောဆယ်မှာ အဲ့ဒီစုန်းအိုမကြီးကို ချမ်းသာပေးထားလိုက်ရတာပေါ့… နောက်ပိုင်း အခွင့်အရေးရရင် ငါပါ မင်းနဲ့အတူလိုက်ပြီး စာရင်းရှင်းပေးမယ်”

မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာ၏ ထင်မြင်ချက်အရ ဆူဇီမိုသည် လက်ဗလာနှင့် ပြန်လာသည်ဆိုမှတော့ သူ၏ လှုပ်ရှားမှုက မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် သူက ဆူဇီမိုကို နှစ်သိမ့်ပေးလိုက်ခြင်းဖြစ်၏။

ဆိုးယုတ်အမျိုးသမီးက ပြောလိုက်၏။

“ကောင်းကင်ဘုံ ၃၃ ခုမှာ နင့်ရဲ့တိုက်ခိုက်ရည်ခွန်အားက ဖိနှိမ်ခံထားရလိမ့်မယ်… နင်က တစ္ဆေမိခင်ကို သတ်ဖြတ်ချင်တယ်ဆိုရင် သူ့ကို နောက်ပိုင်းမှာ မျှားခေါ်ထုတ်မှ ရမယ်”

ဆူဇီမိုက ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရှုပြီး ညင်သာစွာ ပြုံးပြလိုက်၏။

“အားလုံးပဲ စောင့်နေရတဲ့အတွက် တောင်းပန်ပါတယ်… တစ္ဆေမိခင်ကတော့ သေသွားပြီ”

“အား…”

လူအုပ်ကြားထဲမှာ အံ့အားတသင့် ရေရွတ်သံများ ဆက်တိုက်ထွက်ပေါ်လာ၏။

တောင်အကြီးအကဲ၊ ဆိုးယုတ်အမျိုးသမီးနှင့် မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာတို့ကလည်း တုန်လှုပ်သွားကြ၏။

ဆူဇီမိုအနေဖြင့် ကောင်းကင်ဘုံ ၃၃ခုမှာ ဗြဟ္မာတစ္ဆေမိခင်ကို သတ်ဖြတ်ဖို့က မဖြစ်နိုင်သလောက်နီးပါးဆိုသည်ကို ဆိုးယုတ်အမျိုးသမီးက ကောင်းကောင်းသိထား၏။

ကောင်းကင်ဘုံ ၃၃ ခုမှာ မိစ္ဆာအရှင်၊ ငရဲအရှင်နှင့် ဗြဟ္မာတစ္ဆေမိခင်တို့သာ ရှိနေသည်မဟုတ်ပေ။

ထိုနေရာမှာ သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်းလည်း ရှိနေ၏။

မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာက အံ့အားတသင့် မှင်တက်သွား၏။

“မင်းက ဒီလောက်အချိန်တိုအတွင်းမှာ ဗြဟ္မာတစ္ဆေမိခင်ကို သတ်ဖြတ်ခဲ့တာလား”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူက တျဲယွဲ့ကိုကြည့်ပြီး ပြုံးပြလိုက်၏။

“ငါ မင်းကို လက်ဆောင်တစ်ခုပေးဖို့ အကြွေးတင်နေတုန်းပဲ… အစကတော့ ငါက တစ္ဆေမိခင်ရဲ့ ဝိညာဉ်ကို အကျဉ်းချပြီး မင်းအတွက် ကျောက်စိမ်းအဆောင်အယောင်တစ်ခု ပြုလုပ်ပေးမလို့… ဒါပေမဲ့ ငါ သူ့ကို သတ်လိုက်တဲ့အချိန်မှာပဲ သူ့ရဲ့ဝိညာဉ်က ကယ်တင်ခံလိုက်ရတယ်”

“သူ့ရဲ့ခေါင်းကို ပြန်ယူလာဖို့က သွေးသံရဲရဲနဲ့ မြင်မကောင်းလို့ ငါ မလုပ်ခဲ့ဘူး”

ထိုအကြောင်းကို ပြောဆိုချိန်မှာ ဆူဇီမိုနှင့် တျဲယွဲ့သည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သူတို့ ပြန်လည်ဆုံစည်းခဲ့ပုံကို အမှတ်ရသွားပြီး ပြုံးလိုက်ကြလေသည်။

တောင်အကြီးအကဲက ပြောလိုက်၏။

“အသက်တစ်သက်အတွက် အသက်တစ်သက်ပဲ… မျှတပါတယ်လေ”

ဆူဇီမိုက ပြန်လည်ရောက်ရှိလာပြီး လူတိုင်းက စုစည်းမိသွားသောအခါ ခန်းမသည် စည်ကားသက်ဝင်မှုကို ပြန်လည်ရရှိသွား၏။ တီးမှုတ်သံများ ထွက်ပေါ်လာပြီး လူတိုင်းက အားရပါးရသောက်စားလိုက်ကြ၏။

သိပ်မကြာခင် ဆူဇီမို၏ အမူအရာက ပြောင်းလဲသွား၏။

တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား သူ၏ မျက်လုံးများက ဝင်းလက်တောက်ပလာပြီး ခန်းမ၏ ဝင်ပေါက်ဝကို ကြည့်လိုက်လေ၏။

နောက်ခဏ၌...

မဖိတ်ခေါ်ထားသော ဧည့်သည်ငါးဦးသည် ခန်းမ၏ ဝင်ပေါက်ဝမှာ ပေါ်ထွက်လာကြ၏။ သူတို့က သူတော်စင်အရှင်ငါးဦး ဖြစ်လေသည်။

သူတော်စင်အရှင်ငါးဦးသည် အတူတကွ ရောက်ရှိလာပြီး မနှိုင်းယှဉ်သာအောင် အင်အားကြီးမားသော စွမ်းပကားတစ်ခုကို ထုတ်ဖော်ထားကြ၏။ ခန်းမထဲရှိ ဆူညံသံများက ချက်ချင်းပင် ပျောက်ကွယ်သွားပြီး အရာရာတိုင်းက တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

လူတိုင်းက တိတ်တဆိတ် ထိတ်လန့်သွားကြ၏။

ယခုအချိန်မှာ သူတော်စင်အရှင်ငါးဦးအပါအဝင် ကစဉ့်ကလျားခန်းမထဲမှာ မဟာသူတော်စင်ကိုးဦး ရှိနေကြပြီဖြစ်၏။

မဟာသူတော်စင်ကိုးဦးက သူတို့ကိုယ်သူတို့ တမင်သက်သက် ချုပ်ထိန်းထားလျှင်တောင် ဤကဲ့သို့သော အထွတ်အထိပ်ပညာရှင်များ၏ မမြင်ရသော အရှိန်အဝါက လူတိုင်းအပေါ် ကြီးမားသည့် စိတ်ပိုင်းဆိုင်ရာဖိအား ကျရောက်စေဆဲဖြစ်၏။

သို့သော်လည်း လူတိုင်းကို စိတ်သက်သာရာရစေသည်မှာ ဤနေရာကို ထိန်းသိမ်းစောင့်ရှောက်ပေးနေသည့် ဆူဇီမို၊ တောင်အကြီးအကဲ၊ ဆိုးယုတ်မိခင်နှင့် မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာတို့ ရှိနေ၏။

ဒါ့အပြင် ဆူဇီမိုသည် ယခုတင် ဗြဟ္မာတစ္ဆေမိခင်ကို သတ်ဖြတ်ထားပြီး မြင့်မားသော စိတ်ဝိညာဉ်မှာ ရှိနေ၏။ သူတော်စင်အရှင်ငါးဦးက ပူးပေါင်းလာမည်ဆိုလျှင်တောင် သူတို့သည် အသာစီးရရှိချင်မှ ရရှိပေလိမ့်မည်။

“ဒီနေ့ ဒီကိုရောက်လာတဲ့ လူတိုင်းက ငါ့ရဲ့မိတ်ဆွေဟောင်းတွေပဲ… မင်းတို့ငါးယောက် မဖိတ်ခေါ်ဘဲ ဘာလို့ရောက်လာတာလဲ”

ဆူဇီမို၏ လေသံက တည်ငြိမ်နေသော်လည်း သူ၏ စကားလုံးများက ယဉ်ကျေးမှုမရှိပေ။

သူတော်စင်အရှင်ငါးဦးက ထိုစကားကို ကြားသောအခါ ဒေါသထွက်မသွားကြပေ။

သူတော်စင်အရှင် နတ်ဘုရားအပြစ်ဒဏ်က သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ထုတ်ဖော်လိုက်၏။

“တာအိုရောင်းရင်း… ငါတို့ဒီတစ်ခေါက် ဒီကိုရောက်လာတာ အကြောင်းရင်း သုံးခုရှိတယ်… ပထမတစ်ခုက မဟာတာအိုနဲ့ ပေါင်းစည်းပြီး မဟာသူတော်စင်တစ်ပါး ဖြစ်လာတဲ့အတွက် မင်းကို ဂုဏ်ပြုစကားပြောဖို့ပဲ”

“ဒုတိယအကြောင်းရင်းကတော့ မင်းက ဗြဟ္မာတစ္ဆေမိခင်ကို အောင်အောင်မြင်မြင် သတ်ဖြတ်ပြီး ပြန်လာခဲ့တဲ့အတွက် ဂုဏ်ပြုစကားပြောဖို့ပဲ”

“တတိယအကြောင်းရင်းကတော့ ရန်သူတွေကနေ မိတ်ဆွေတွေအဖြစ် ငါတို့ရဲ့ဆက်ဆံရေးကို ပြောင်းလဲချင်လို့ပဲ…. တာအိုရောင်းရင်းဆူ… အကြွင်းအကျန်အပြစ်သားတွေကို သတ်ဖြတ်ပြီး ဆိုးယုတ်မိစ္ဆာတွေကို ဖိနှိမ်ဖို့ ငါတို့ အတူပူးပေါင်းကြရအောင်”

“ဟဲဟဲ..”

မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာက ထူးဆန်းစွာ ရယ်မောလိုက်၏။

“လွန်ခဲ့တဲ့ နှစ်တစ်သောင်းတုန်းက မင်းတို့တွေက ငါတို့ကို မရမက သတ်ဖြတ်ချင်နေခဲ့တာမလား… အခု မင်းတို့က ပူးပေါင်းမဟာမိတ်ဖွဲ့ဖို့ ဒီကိုရောက်လာကြပြီပေါ့… မင်းတို့မှာ ဘာအထာမှ မရှိကြဘူးလား”

“တာအိုရောင်းရင်း ကစဉ့်ကလျားစကြဝဠာ… မင်းပြောတာ မှားနေတယ်။”

သူတော်စင်အရှင် နတ်ဘုရားအပြစ်ဒဏ်က ပြုံး၍ ပြောလိုက်၏။

“အဲ့ဒီမတိုင်ခင်တုန်းက တာအိုရောင်းရင်းဆူက သူတော်စင်နယ်ပယ်ကို မတက်လှမ်းရသေးဘူး… သူက ငါတို့နဲ့ လုံးလုံးလျားလျား ကွဲပြားတဲ့အဆင့်မှာ ရှိနေခဲ့တယ်… အဲ့ဒီတုန်းက ပူးပေါင်းဆောင်ရွက်ဖို့ ပြောမယ်ဆိုရင် အဲ့ဒါက အရမ်းကို ရယ်စရာကောင်းနေလိမ့်မယ်”

“ဒါပေမဲ့ အခု တာအိုရောင်းရင်းဆူက မဟာသူတော်စင်တစ်ပါး ဖြစ်လာပြီ… ငါတို့နဲ့ တန်းတူရည်တူဖြစ်သွားပြီ… ငါတို့က ကမ္ဘာတစ်ထောင်သုံးဆင့်လောကရဲ့ ထိပ်သီးပညာရှင်တွေဆိုမှတော့ ငါတို့အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်နေစရာမှ မလိုတာ”

“တာအိုရောင်းရင်း မဟူရာလိပ်၊ ကျားဖြူနဲ့ ချီလင်တို့က အရင်တုန်းက တာအိုရောင်းရင်းဆူနဲ့ ရန်သူတွေ ဖြစ်ခဲ့ကြတယ်ဆိုတာ အမှန်ပဲ… ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက အခြေအနေအရ သူတို့တွေက အဲ့ဒါကို မဖြစ်မနေ လုပ်ခဲ့ကြရတာပဲ”

သူတော်စင်အရှင် လေဟာနယ်အချိန်က သူ၏ လက်နှစ်ဖက်ကို အနည်းငယ်ယှက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏။

“အရင်က နားလည်မှုလွဲစရာတချို့ ရှိခဲ့တယ်… တာအိုရောင်းရင်းဆူ… ကျေးဇူးပြုပြီး အဲ့ဒါကို စိတ်ထဲမှာ ထည့်မထားပါနဲ့”

သူတော်စင်အရှင် ယင်ယန်က ပြောလိုက်၏။

“တာအိုရောင်းရင်းဆူ… ဗြဟ္မာတစ္ဆေမိခင်ကို သတ်ဖြတ်ပြီးတဲ့နောက် မင်းက ပြန်ဝင်စားခြင်း အထွတ်အမြတ်ခိုလှုံရာက အကြွင်းအကျန်အပြစ်သားတွေနဲ့ အတိုက်အခံဖြစ်သွားပြီ… မင်း ငါတို့နဲ့ ဘာလို့မပူးပေါင်းရမှာလဲ… ငါတို့ရဲ့ ရန်လိုစိတ်ကို မိတ်ဆွေဆက်ဆံရေးအဖြစ် ပြောင်းလဲလိုက်ကြရအောင်”

“ပြောရမယ်ဆိုရင် မင်းက ငါ့ရဲ့ ယင်ယန်အထွတ်အမြတ်ခိုလှုံရာနဲ့ ရေစက်ပါလာခဲ့ပြီးသားပဲ… တာအိုရောင်းရင်းဆူ… မင်းမှာရှိတဲ့ မီးပဒေသာနဲ့ တမလွန်မီးရောင်က တစ်ခါတုန်းက ယင်ယန်အထွတ်အမြတ်ခိုလှုံရာရဲ့ အထွတ်အမြတ်စိတ်ဝိညာဉ်တွေ ဖြစ်ခဲ့ကြတယ်”

သူတော်စင်အရှင် ဘိုးဘေးမီးက ထပ်ပြောလိုက်၏။

“တာအိုရောင်းရင်းဆူ… ငါ့ရဲ့သမီးနှစ်ယောက်က မင်းနဲ့ မိတ်ဆွေဟောင်းတွေ ဖြစ်ခဲ့ကြတယ်… မင်းတို့မှာ နက်ရှိုင်းတဲ့ ဆက်ဆံရေးတစ်ခုတောင် ရှိခဲ့ကြတယ်… ငါတို့ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ယောင်ကျိနဲ့ ယန်ကျိက မင်းရဲ့တာအိုလက်တွဲဖော်တွေ ဖြစ်လာနိုင်တယ်… အဲ့ဒါက သေချာပေါက် စောင့်ကြည့်ရမယ့် အမွေအနှစ်တစ်ခု ဖြစ်လာလိမ့်မယ်”

နတ်ဆိုးမကျိက ထိုစကားကို ကြားသောအခါ ဝင်ပြောလိုက်၏။

“ဆူဇီမိုနဲ့ ကျွန်မအစ်မနဲ့ ကျွန်မရဲ့ဆက်ဆံရေးက ရှင်နဲ့ ဘာမှမဆိုင်ဘူး”

ဆူဇီမိုက တစ်ချိန်လုံး စကားပြောဆိုခြင်းမရှိဘဲ သူတော်စင်အရှင်ငါးဦးကို မှင်သေသေဖြင့်သာ ကြည့်နေ၏။

သူတော်စင်အရှင်ငါးဦးက ဤမျှ စကားများစွာပြောဆိုပြီးနောက် မည်သည့်တုံ့ပြန်မှုကိုမှ မရရှိသည့်အခါ သူတို့က အိုးတိုးအမ်းတမ်း ဖြစ်လာကြ၏။

“မင်းတို့ပြောလို့ ပြီးပြီလား”

ထိုအခါမှသာ ဆူဇီမိုက မေးလိုက်၏။

“တာအိုရောင်းရင်းဆူ… မင်းဘယ်လိုထင်လဲ”

သူတော်စင်အရှင် နတ်ဘုရားအပြစ်ဒဏ်က ပြုံး၍ မေးလိုက်၏။

“ငါစိတ်မဝင်စားဘူး… အားလုံးပဲ ကျေးဇူးပြုပြီး ပြန်ကြတော့”

ဆူဇီမိုက မှင်သေသေဖြင့် ပြောလိုက်၏။

သူတော်စင်အရှင် နတ်ဘုရားအပြစ်ဒဏ်၏ မျက်နှာပေါ်ရှိ အပြုံးက လျော့ကျမသွားပေ။ သို့သော်လည်း သူ့မျက်လုံးအနက်ပိုင်းထဲတွင် ညိုမှောင်နေသော အလင်းတစ်ခု ဖျတ်ခနဲ ပေါ်ထွက်လာ၏။

အခြားသော သူတော်စင်အရှင်လေးဦး၏ အပြုံးများကလည်း တဖြည်းဖြည်း ဖျော့တော့သွားလေသည်။

သူတော်စင်အရှင် နတ်ဘုရားအပြစ်ဒဏ်က ပြုံး၍ ပြောလိုက်၏။

“တာအိုရောင်းရင်းဆူ… မင်း ပြန်ပြီးတော့ စဉ်းစားကြည့်ပါဦး… အလျင်စလို ငြင်းပယ်စရာ မလိုပါဘူး”

ရုတ်တရက် ဆူဇီမိုက မေးလိုက်၏။

“ငါ မင်းတို့တွေနဲ့ အတည်ပြုချင်တဲ့အရာတစ်ခုတော့ ရှိတယ်… မင်းတို့တွေ သက်ရှိတွေအားလုံးအတွက် မတိုင်းတာနိုင်တဲ့ကပ်ဘေးကို ဘယ်လိုဖြေရှင်းဖို့ စဉ်းစားထားလဲ”

“အဲ့ဒါက လွယ်ပါတယ်”

သူတော်စင်အရှင် နတ်ဘုရားအပြစ်ဒဏ်က ပြုံး၍ ပြောလိုက်၏။

“ငါတို့က ကမ္မကို ဖယ်ရှားရှင်းလင်းဖို့အတွက် သက်ရှိများအားလုံးကို သတ်ဖြတ်လိုက်ရုံပေါ့”

သူတော်စင်အရှင် လေဟာနယ်အချိန်က ပြောလိုက်၏။

“တာအိုရောင်းရင်း… လက်စသတ်တော့ မင်းက အဲ့ဒါကို စိုးရိမ်နေတာပဲ… ငါတို့က အဲ့ဒီကပ်ဘေးကို အကြိမ်ရေတော်တော်များများ ဖြေရှင်းခဲ့ပြီးပြီ… ငါတို့ အဲ့ဒါနဲ့ ရင်းနှီးကျွမ်းဝင်နေပြီးသားပဲ… တာအိုရောင်းရင်း ဘာမှမစိုးရိမ်မနေနဲ့”

သိုင်းတာအိုပင်မခန္ဓာသည် ဤအကြောင်းကို သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်းထံမှ တစ်ခါကြားခဲ့ဖူးလေသည်။ ထိုအချိန်တုန်းက သူက ကြက်သီးမွေးညင်းထခဲ့၏။

ယခု သူသည် သူတော်စင်အရှင်များက ထိုအကြောင်းကို လုံးဝဂရုမစိုက်သောပုံစံဖြင့် သူတို့ကိုယ်တိုင် အတည်ပြုပြောဆိုနေသည်ကို ကြားလိုက်ရလေသည်။ သူက တကယ်ကို တပ်အပ်သေချာသိရှိသွား၏။

ကမ္မကို ဖယ်ရှားရှင်းလင်းဖို့အတွက် သက်ရှိများအားလုံးကို သတ်ဖြတ်ခြင်း…

ထိုစကားလုံးများသည် သွေးများစွာဖြင့် ပြည့်နှက်နေလေသည်။

သူတော်စင်နယ်ပယ်အောက်မှာရှိသော လူတိုင်းက ပုရွက်ဆိတ်များသာ ဖြစ်၏။

သူတို့၏ မျက်လုံးထဲမှာ မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအားလုံး၏ အသက်များက တန်ဖိုးမဲ့လေသည်။

All Chapters