အခန်း (၃၃၆၉-၃၃၇၀)
Vol. 221 Ch. 3369-3370
အခန်း ၃၃၆၉ - စိတ်ခံစားချက်ကင်းမဲ့သော ကောင်းကင်ဘုံတာအို
တျဲယွဲ့က ပြောလိုက်၏။
“ကောင်းကင်ဘုံသက်ရှိတာအိုက လမ်းခြောက်သွယ်ထဲကဆိုပေမယ့် ကောင်းကင်ဘုံတာအိုရဲ့အဲဒီအရှင်က အရင်တုန်းက ကြီးမားတဲ့ဝရုန်းသုန်းကားအခြေအနေမှာ ရှင်သန်နိုင်ခဲ့တယ်… သူက အရင်တုန်းက အထွတ်အမြတ်ခိုလှုံရာငါးခုဘက်ကနေ ရပ်တည်ခဲ့တာလား”
“ဖြစ်နိုင်တယ်”
ဆူဇီမိုက ပြောလိုက်၏။
“အဲဒါက မဟာကမ္ဘာတစ်ထောင်လောကမှာ ကောင်းကင်ဘုံသက်ရှိတာအိုရဲ့အရှင်ကို စစ်တုရင်အရုပ်တစ်ရုပ်အဖြစ်ထားဖို့ သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းရဲ့ မူလအစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းလည်း ဖြစ်နိုင်တယ်”
“အခု… သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းက မဟာကမ္ဘာတစ်ထောင်လောကကို ပြန်ရောက်လာပြီဆိုတော့ ကောင်းကင်ဘုံသက်ရှိတာအိုက သူ့ဘက်ကိုပြန်ရောက်သွားပြီ”
“စစ်တုရင်အရုပ်လား”
တျဲယွဲ့ကမေးလိုက်၏။
“သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းက ဘာအတွက် အဲဒါကို လုပ်ခဲ့တာလဲ”
“ငါသေချာမပြောတတ်ဘူး”
ဆူဇီမိုက လေးနက်သောအသံဖြင့်ပြောလိုက်၏။
“အဲဒါက ကောင်းကင်ဘုံသုံးဆယ့်သုံးခုရဲ့ ကောင်းကင်ဘုံတာအိုသူတော်စင်လက်နက်နဲ့ ပတ်သက်ဆက်စပ်နေမယ်လို့ ငါထင်တယ်”
“ကောင်းကင်ဘုံသုံးဆယ့်သုံးခုမှာ နောက်ထပ် ကောင်းကင်ဘုံတာအိုသူတော်စင်လက်နက် ရှိနေတာလား”
တျဲယွဲ့က ပြောလိုက်၏။
“သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းရဲ့ လက်နက်လား”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
“အဲဒါကြောင့်မဟုတ်ရင် သူတော်စင်အရှင်ငါးဦးက သူတို့ရဲ့ ကောင်းကင်ဘုံတာအိုသူတော်စင်လက်နက်တွေနဲ့ ကောင်းကင်ဘုံသုံးဆယ့်သုံးခုကိုသွားပြီးတဲ့နောက် လက်ဗလာနဲ့ပြန်လာခဲ့ကြရမှာ မဟုတ်ဘူး”
“ကောင်းကင်ဘုံသုံးဆယ့်သုံးခုကို ဝင်ရောက်ပြီးတဲ့နောက် သူတော်စင်လက်နက်တွေပဲဖြစ်ဖြစ်၊ တိုက်ခိုက်ရည်ခွန်အားပဲဖြစ်ဖြစ်… အဲဒါက တစ်နည်းတစ်ဖုံအားဖြင့် ဖိနှိမ်ခံထားရလိမ့်မယ်”
လင်းရွှမ်ကျီက အနားကိုတိုးကပ်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
“မဟာကမ္ဘာတစ်ထောင်လောကမှာ သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းလိုပညာရှင်တွေ ဘယ်နှစ်ယောက်ရှိတာလဲ”
“သူတို့က အစတုန်းက ရှစ်ယောက်ရှိခဲ့တယ်”
ဆူဇီမိုက ပြောလိုက်၏။
“သူတို့ထဲက ခြောက်ဦးက ကမ္ဘာတစ်ထောင်သုံးဆင့်လောကရဲ့အစမှာ မွေးဖွားပေါ်ထွက်လာတဲ့ မူလအမြုတေစိတ်ဝိညာဉ်တွေပဲ.. သူတို့က ကောင်းကင်ဘုံတာအိုခြောက်ခုဖြစ်တဲ့ ယင်ယန်၊ နတ်ဘုရားအပြစ်ဒဏ်၊ ထွက်ရပ်လမ်း၊ ဘိုးဘေးမီး၊ လေဟာနယ်အချိန်နဲ့ ကစဉ့်ကလျားတို့ကို ကိုယ်စားပြုတယ်… နောက်ပိုင်းမှာ သက်ရှိနှစ်ဦးက အဲဒီအဆင့်ထိ ကျင့်ကြံပြီး နောက်ထပ် ကောင်းကင်ဘုံတာအိုနှစ်ခုဖြစ်တဲ့ ဘဝနဲ့ ပြန်ဝင်စားခြင်းကို ဖွင့်လှစ်ခဲ့ကြတယ်”
ဆူဇီမိုသည် မူလအမြုတေစိတ်ဝိညာဉ်များအကြောင်း လူတိုင်းကို ပြန်ပြောပြလိုက်၏။
လူတိုင်းက နားလည်သဘောပေါက်လာကြသည်။
ထိုသည်မှာ အထွတ်အမြတ်ခိုလှုံရာရှစ်ခု၏ မူလဇာစ်မြစ်ဖြစ်လေသည်။
ဆူဇီမိုက ပြောလိုက်၏။
“ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းခြောက်ဘီလီယံကျော်က ဝရုန်းသုန်းကားအခြေအနေမှာ ကစဉ့်ကလျားအစိမ်းရောင်ကြာပန်းနဲ့ သူတော်စင်ဧကရာဇ်ဘဝက သေဆုံးသွားခဲ့တယ်… အခု သူတော်စင်ဧကရာဇ်ခြောက်ဦးပဲ ကျန်တော့တယ်”
လင်းရွှမ်ကျီက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“အထွတ်အမြတ်ခိုလှုံရာငါးခုကို နောက်ခံပေးထားတဲ့ သူတော်စင်ဧကရာဇ်တွေက သေချာပေါက် ပူးပေါင်းထားကြမှာပဲ.. သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းက ဒီဘက်မျိုးဆက်မှာ ပြန်ရောက်လာတယ်ဆိုရင်တောင် သူက သူတို့နဲ့ ဘယ်လိုလုပ် တိုက်ခိုက်နိုင်မှာလဲ”
“ဇီမိုကလည်း သူတော်စင်ဧကရာဇ်တစ်ပါးဖြစ်လာဖို့ အခွင့်အရေးရှိတယ်… သူက ပြန်ဝင်စားခြင်းနဲ့ ပူးပေါင်းမယ်ဆိုရင် သူတို့မှာ တိုက်ခိုက်ဖို့အတွက် အခွင့်အရေးတစ်ခု ရလာနိုင်တယ်”
နတ်ဆိုးမကျိက ပြောလိုက်၏။
လင်းရွှမ်ကျီက ပြောလိုက်သည်။
“အဲလိုဆိုရင်တောင် ငါတို့ဘက်မှာ သူတော်စင်ဧကရာဇ်နှစ်ပါးပဲရှိဦးမယ်”
“ရထားတဲ့သတင်းအချက်အလက်တွေအရဆိုရင် အရင်တုန်းက ဝရုန်းသုန်းကားအခြေအနေမှာ သူတော်စင်ဧကရာဇ်ကစဉ့်ကလျား၊ သူတော်စင်ဧကရာဇ်ဘဝနဲ့ သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းတို့က တစ်ဘက်တည်းမှာရှိခဲ့ကြတယ်.. အဲလိုဆိုရင်တောင် သူတို့တွေက ရှုံးနိမ့်ခဲ့ရတယ်… သူတော်စင်ဧကရာဇ်နှစ်ပါးက သေဆုံးပြီး အထွတ်အမြတ်ခိုလှုံရာသုံးခုကလည်း ဖျက်ဆီးခံခဲ့ရတယ်”
“ဒီဘက်မျိုးဆက်မှာ နှစ်ယောက်နဲ့ငါးယောက် တိုက်ခိုက်ရမယ်ဆိုရင် အနိုင်ရဖို့အခွင့်အရေးမရှိသေးဘူးမလား”
လူတိုင်းက ခေါင်းညိတ်လိုက်ကြ၏။ လင်းရွှမ်ကျီပြောသည်က အဓိပ္ပါယ်ရှိလေသည်။
ဆူဇီမိုက ပြောလိုက်၏။
“သူတော်စင်ဧကရာဇ်ငါးဦးက အရင်တုန်းက ဝရုန်းသုန်းကားအခြေအနေမှာ မသေဆုံးခဲ့ပေမယ့် သူတို့က ကုစားမရတဲ့ ဒဏ်ရာတချို့ရရှိခဲ့လိမ့်မယ်လို့ ငါထင်တယ်”
ကောင်းကင်ဘုံတာအိုသူတော်စင်ဧကရာဇ်များပင် ပြန်လည်မကုသနိုင်သောဒဏ်ရာများလား..။
ထိုသို့ဆိုလျှင် သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းကရော…။
လူတိုင်း၏ ရင်ထဲမှာ မေးခွန်းများစွာရှိနေဆဲဖြစ်၏။
တကယ်တော့ ထိုသည်မှာ ဆူဇီမို၏ ခန့်မှန်းချက်သာဖြစ်၏။ သူတော်စင်ဧကရာဇ်ငါးဦးကို သူအမှန်တကယ်တွေ့မြင်သည့်အခါမှသာ သူက တိကျသောအကဲဖြတ်မှုကို ပြုလုပ်နိုင်ပေလိမ့်မည်။
တျဲယွဲ့က ရုတ်တရက်မေးလိုက်၏။
“သက်ရှိတွေအားလုံးအတွက် မတိုင်းတာနိုင်တဲ့ကပ်ဘေးက ကောင်းကင်ဘုံတာအိုသူတော်စင်ဧကရာဇ်တွေကိုရော ခြိမ်းခြောက်နိုင်လား။”
“အဲဒါက သူတို့ကို မခြိမ်းခြောက်နိုင်ဘူး”
ဆူဇီမိုက ခေါင်းခါပြလိုက်၏။
သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းသည် တစ်ခါက ပြောခဲ့ဖူးလေသည်။ သက်ရှိများအားလုံးအတွက် မတိုင်းတာနိုင်တဲ့ကပ်ဘေးမှာ လူအနည်းအကျဉ်းကသာ ရှင်သန်နိုင်မည်ဖြစ်လေသည်။
သူပြောသည့်လူအနည်းအကျဉ်းသည် ကောင်းကင်ဘုံတာအိုသူတော်စင်ဧကရာဇ်များကို ရည်ညွှန်းပြောဆိုခြင်းဖြစ်နိုင်သည်။
တျဲယွဲ့က ပြောလိုက်၏။
“လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ဘီလီယံကျော်က ကြီးမားတဲ့ဝရုန်းသုန်းကားအခြေအနေက သက်ရှိတွေအားလုံးအတွက် မတိုင်းတာနိုင်တဲ့ကပ်ဘေးကနေ ဖြစ်လာခဲ့တာဆိုတော့ အဲဒါက ဘာလို့ သူတော်စင်ဧကရာဇ်တွေကြား တိုက်ပွဲတစ်ခုကို ဖြစ်စေခဲ့တာလဲ”
တျဲယွဲ့ဆိုလိုသည့်အရာကို လူတိုင်းက နားလည်သဘောပေါက်ကြသည်။
သက်ရှိများအားလုံးအတွက် မတိုင်းတာနိုင်သောကပ်ဘေးသည် ကောင်းကင်ဘုံတာအိုသူတော်စင်ဧကရာဇ်များကို မခြိမ်းခြောက်နိုင်ဘူးဆိုမှတော့ အရင်တုန်းက ကြီးမားသော ဝရုန်းသုန်းကားအခြေအနေမှာ ကောင်းကင်ဘုံတာအိုသူတော်စင်ဧကရာဇ်များအနေဖြင့် ပါဝင်ပတ်သက်စရာမလိုခဲ့ပေ။
တကယ်တမ်းမှာ ဆူဇီမိုသည်လည်း ထိုအချက်နှင့်ပတ်သက်၍ ဒွိဟဖြစ်နေ၏။
သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းပြောပုံအရ အရင်တုန်းကတိုက်ပွဲသည် သက်ရှိများအားလုံအတွက် မတိုင်းတာနိုင်သောကပ်ဘေးကနေ အရင်းခံလာခဲ့၏။ သက်ရှိများအားလုံး ဖျက်ဆီးခံရမည်ကို မကြည့်ရက်နိုင်သော လူသားသူတော်စင်သုံးထောင်က အထွတ်အမြတ်ခိုလှုံရာငါးခုနှင့် ဆန့်ကျင်တိုက်ခိုက်ခြင်းကနေ စတင်ခဲ့လေသည်။
သို့သော်လည်း သက်ရှိများအားလုံးအတွက် မတိုင်းတာနိုင်သောကပ်ဘေးသည် ကောင်းကင်ဘုံတာအိုသူတော်စင်ဧကရာဇ်များကို မခြိမ်းခြောက်နိုင်ဘူဆိုလျှင် သူတော်စင်များနှင့် မဟာသူတော်စင်များ သေဆုံးသွားမည်ဆိုလျှင်တောင် ကောင်းကင်ဘုံတာအိုသူတော်စင်ဧကရာဇ်တချို့အနေဖြင့် တိုက်ခိုက်စရာမလိုအပ်ခဲ့ပေ။
အဲဒီမှာ နောက်ထပ်အကြောင်းပြချက်ရှိနေရပေမည်။
လင်းရွှမ်ကျီက မေးလိုက်၏။
“သက်ရှိတွေအားလုံးအတွက် မတိုင်းတာနိုင်တဲ့ကပ်ဘေးကို အတိအကျဘယ်အရာက ဖြစ်စေတာလဲ”
ဆူဇီမိုက အတန်ကြာအောင် စဉ်းစားပြီးနောက် ဖြည်းဖြည်းချင်းပြောလိုက်၏။
“သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းပြောပုံအရဆို သက်ရှိတွေအားလုံးအတွက် မတိုင်းတာနိုင်တဲ့ကပ်ဘေးက ထာဝရအသက်ကြောင့်ဖြစ်လာတာပဲ”
“ဒါပေမဲ့ တကယ်တမ်းမှာ မဟာတာအိုသုံးထောင်က ထာဝရတည်တံ့ပြီး ဖျက်ဆီးလို့မရနိုင်ဘူးဆိုပေမယ့် မဟာတာအိုသုံးထောင်ရဲ့ တည်ရှိမှုသက်သက်က သက်ရှိတွေအားလုံးအတွက် မတိုင်းတာနိုင်တဲ့ကပ်ဘေးကို ဖြစ်လာစေမှာမဟုတ်ဘူး”
“မဟာတာအိုသုံးထောင်မှာ သူတို့ရဲ့ကိုယ်ပိုင်ဖွဲ့စည်းပုံတွေရှိတယ်… သူတို့က ကမ္ဘာတစ်ထောင်သုံးဆင့်လောကကို ပိုတည်ငြိမ်ပြီး ပိုပြီး စည်ပင်ဝပြောလာစေဖို့ပဲရှိလိမ့်မယ်”
“ဒါပေမယ့် မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေက သူတော်စင်တွေဖြစ်လာဖို့အတွက် တာအိုနဲ့ပေါင်းစည်းလိုက်တာနဲ့ မဟာတာအိုတွေက တစ်ကိုယ်ကောင်းဆန်မှုနဲ့ လောဘရမ္မက်ကို ပိုင်ဆိုင်လာလိမ့်မယ်… ဒီလိုမျိုး တစ်ကိုယ်ကောင်းဆန်မှုနဲ့ လောဘရမ္မက်တွေက မမျှတမှုတွေနဲ့ မညီမျှမှုပေါင်းစုံကို ပေါ်ထွက်လာစေလိမ့်မယ်”
“သူတော်စင်တွေရဲ့မျိုးဆက်သွေးက အကန့်အသတ်မဲ့တဲ့အတွက် သူတို့ရဲ့အဖွဲ့အစည်းတွေက ရောထွေးယှက်ဖြာပြီး သူတို့က အရင်းအမြစ်တွေကို ပိုပိုပြီးတော့ သိမ်းပိုက်လာလိမ့်မယ်… မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေကလည်း ရှင်သန်ဖို့အတွက် ပိုပိုပြီးတော့ ရုန်းကန်လာရမယ်… ကမ္မတွေက ထိတွေ့ရိုက်ခတ်ပြီး ကပ်ဘေးကြီးနဲ့ကပ်ဘေးငယ်တွေဖြစ်လာလိမ့်မယ်”
“သူတော်စင်တွေ သေသွားမယ်ဆိုရင် သူတို့ရဲ့စွမ်းအင်က လောကဆီကို ပြန်သွားရလိမ့်မယ်… သူတို့ရဲ့လက်အောက်မှာရှိတဲ့ အဖွဲ့အစည်းတွေကလည်း နောက်ဆုံးမှာကျဆင်းသွားလိမ့်မယ်… လောကက နောက်ဆုံးမှာမျှခြေကို ပြန်ရောက်သွားမယ်.. ဒါပေမယ့် ဒီလိုမျိုးကပ်ဘေးတွေက သူတော်စင်တွေကို လုံးဝမခြိမ်းခြောက်နိုင်ဘူး”
“သူတော်စင်တွေမသေဆုံးသရွေ့ ကပ်ဘေးတွေရဲ့အရေအတွက် ဆက်ပြီးတော့ တိုးလာလိမ့်မယ်… အဲဒါက အမှတ်တစ်ခုထိ ရောက်ရှိသွားတာနဲ့ ကမ္မတွေကို လဲပြိုကျစေပြီး စကြဝဠာက သူ့ရဲ့မျှခြေကို ဆုံးရှုံးသွားရလိမ့်မယ်… သက်ရှိတွေအားလုံးအတွက် မတိုင်းတာနိုင်တဲ့ကပ်ဘေးကလည်း ဆင်းသက်လာပြီး သူတော်စင်တွေအပါအဝင် အရာရာတိုင်းကို သတ်ဖြတ်ပစ်လိမ့်မယ်… လောကက ကစဉ့်ကလျားဆီ ပြန်လည်ရောက်ရှိသွားပြီး အစကနေ ပြန်ပြီး နောက်တစ်ဖန် ဆင့်ကဲပြောင်းလဲလာလိမ့်မယ်”
တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားသည့်အလား လင်းရွှမ်ကျီက ခေါင်းညိတ်ကာပြောလိုက်၏။
“သူတို့ရဲ့အထွတ်အထိပ်ကိုရောက်ရင် သက်ရှိတွေအားလုံးက ကျဆင်းပြီးတော့ ဒုံရင်းကို ပြန်စိုက်သွားမယ်.. ဒါက အခြေခံအကျဆုံးစည်းမျဉ်းစည်းကမ်းပဲ… အဲဒါက လောကရဲ့မျှခြေကို ထိန်းထားဖို့အတွက်လည်းဖြစ်တယ်… ဒါပေမဲ့ သူတော်စင်တွေက ထာဝရအသက်ကို ပိုင်ဆိုင်ထားတဲ့အတွက် သူတို့က အမြဲတမ်းထွန်းတောက်နေပြီး လောကရဲ့မျှခြေကို ဖျက်ဆီးပစ်လိမ့်မယ်။
တျဲယွဲ့က ပြောလိုက်၏။
“သက်ရှိတွေအားလုံးအတွက် မတိုင်းတာနိုင်တဲ့ကပ်ဘေးကိုဖြေရှင်းဖို့မျှော်လင့်ချက်က တာအိုရောင်းရင်းယောင်ရွှယ်နဲ့အတူ ရှိနေတယ်လို့ သူတော်စင်ဧကရီဘဝက ပြောခဲ့တာ အံ့ဩစရာမရှိတော့ဘူး”
“ဟုတ်တယ်”
ဆူဇီမိုက ပြောလိုက်၏။
“အခု ယောင်ရွှယ်က ချစ်ခြင်းမေတ္တာကွေကွင်းခြင်းအဆင့်ထိ ကျင့်ကြံပြီး သူက မဟာသူတော်စင်တစ်ပါးဖြစ်လာခဲ့ပြီ… သူက ရှေ့ကိုနောက်တစ်ဆင့်ထပ်ပြီး တက်လှမ်းနိုင်မယ်ဆိုရင် သူက စိတ်ခံစားချက်ကင်းမဲ့သွားပြီး အသစ်စက်စက် ကောင်းကင်ဘုံတာအိုတစ်ခုကို ဖန်တီးလိမ့်မယ်”
“ကောင်းကင်ဘုံက စိတ်ခံစားချက်ကင်းမဲ့ပြီး ကိုယ်ချင်းစာစိတ်မရှိဘူးလို့လူတွေက ပြောတဲ့အခါ အဲဒါက မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေအားလုံးကို ပုဂ္ဂိုလ်ရေးဆန်တဲ့အတ္တတွေနဲ့လောဘရမ္မက်တွေမရှိဘဲ ညီတူမျှတူရှုမြင်ထားလို့ပဲ… အဲဒါကြောင့်လည်း စစ်မှန်တဲ့ တရားမျှတမှုနဲ့ မေတ္တာဂရုဏာက စိတ်ခံစားချက်မရှိခြင်းကနေ လာတယ်လို့ သူတော်စင်ဧကရီဘဝက ပြောခဲ့တာဖြစ်မယ်”
လင်းရွှမ်ကျီက တီးတိုးရေရွတ်လိုက်၏။
“အဲဒါက ကောင်းကင်ဘုံတာအိုအောက်မှာ အားနည်းတဲ့ ပိုးပျံကောင်တွေနဲ့ ပုရွက်ဆိတ်တွေပဲဖြစ်ဖြစ် စွမ်းပကားကြီးမားတဲ့ နတ်ဘုရားတွေ… အင်မော်တယ်တွေနဲ့ မိစ္ဆာတွေပဲဖြစ်ဖြစ် သူတို့က ညီတူမျှတူရှိကြလိမ့်မယ်ဆိုတဲ့ အဓိပ္ပါယ်ပဲဖြစ်မယ်”
“ဒါပေမဲ့ အဲဒါကို ဘယ်လိုလုပ်ရရှိနိုင်မှာလဲ”
တျဲယွဲ့က ခေါင်းခါပြလိုက်၏။
“တာအိုရောင်းရင်းယောင်ရွှယ်က ရှေ့ကိုနောက်ထပ်တက်လှမ်းပြီး မဟာတာအိုသူတော်စင်ဧကရာဇ်တစ်ပါးဖြစ်လာမယ်ဆိုရင်တောင် သူက ကောင်းကင်ဘုံတာအိုသူတော်စင်ဧကရာဇ်တချို့နဲ့ ယှဉ်နိုင်ရုံပဲဖြစ်မယ်… သူက ကမ္ဘာတစ်ထောင်သုံးဆင့်လောကရဲ့ အခြေအနေကို ပြောင်းလဲနိုင်မှာမဟုတ်ဘူး”
လင်းရွှမ်ကျီက ထပ်ပြောလိုက်၏။
“သူတို့ရဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေနဲ့ လောဘရမ္မက်တွေကို စွန့်လွှတ်စေဖို့ဆိုရင် အဲဒါက သူတို့မှာရှိတဲ့အရာရာတိုင်းကို လွှတ်ချခိုင်းတာနဲ့အတူတူပဲ… အဲဒါက ကမ္ဘာတစ်ထောင်သုံးဆင့်လောကတစ်ခုလုံးကို ဆန့်ကျင်တိုက်ခိုက်တာနဲ့ တူညီသလောက်နီးပါးဖြစ်သွားလိမ့်မယ်”
လင်းရွှမ်ကျီက ပြောလိုက်၏။
“သူက ကောင်းကင်ဘုံတာအိုသူတော်စင်ဧကရာဇ်ငါးဦးကို ဖိနှိမ်ဖို့အတွက် ပြန်ဝင်စားခြင်းနဲ့ပူးပေါင်းမယ်ဆိုရင်တော့ သူတို့တွေမှာ အခွင့်အရေးတစ်ခု သေချာပေါက်ရှိလာနိုင်တယ်”
“ဟုတ်လောက်တယ်”
ဆူဇီမိုက ခဏမျှစဉ်းစားပြီး ပြောလိုက်၏။
“တကယ်တော့ ငါက ကစဉ့်ကလျားအစိမ်းရောင်ကြာပန်းရဲ့ မျိုးဆက်မှတ်ဉာဏ်တွေကနေ တချို့အရာတွေကို မြင်နိုင်ပြီ”
“အရင်တုန်းက ကစဉ့်ကလျားအစိမ်းရောင်ကြာပန်းနဲ့ သူတော်စင်ဧကရာဇ်ဘဝက သက်ရှိတွေအားလုံးအတွက် မတိုင်းတာနိုင်တဲ့ကပ်ဘေးကို ဖြေရှင်းဖို့အတွက် နည်းလမ်းတစ်ခုရှာဖွေခဲ့ကြတယ်… အဲဒါက မိုးမြေဖန်တီးခြင်းကားချပ်ကို ဖန်တီးခဲ့တဲ့ ကစဉ့်ကလျားအစိမ်းရောင်ကြာပန်းရဲ့ ရည်ရွယ်ချက်ပဲ”
“ကံဆိုးစွာနဲ့ပဲ မိုးမြေဖန်တီးခြင်းကားချပ်က ကမ္ဘာတစ်ထောင်သုံးဆင့်လောကထဲမှာ မွေးဖွားပေါ်ထွက်လာတဲ့အတွက် အဲဒါက ထပ်ပြီးဆင့်ကဲပြောင်းလဲဖို့မဖြစ်နိုင်တော့ဘူး။”
အခန်း ၃၃၇၀ - ရှင်သန်ဖို့အခွင့်အရေး
ထိုသို့အတွေးဖြင့် ဆူဇီမိုက အလေးအနက်စဉ်းစားတွေးတောလိုက်၏။
သူသည် အရင်တုန်းက ကစဉ့်ကလျားအစိမ်းရောင်ကြာပန်း၏ နယ်ပယ်ကို မရောက်ရှိသေးဘဲ မှတ်ဉာဏ်တချို့ကို ရှင်းရှင်းလင်းလင်းမတွေ့မြင်နိုင်ပေ။
သို့သော်လည်း အရင်တုန်းက သူတော်စင်ဧကရာဇ်များကြား တိုက်ပွဲမှာ ပိုမိုသောအကြောင်းအရာများ ရှိနေနိုင်သည်ကို သူက ခပ်ရေးရေးခံစားနေရ၏။
ဖုန့်စန်းထျန်က မေးလိုက်သည်။
“မင်းပြောပုံအရဆိုရင် မူလစိတ်ဝိညာဉ်ငါးဦးက နိုးထလာလောက်ပြီ… အခု သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းက တစ်ကျော့ပြန်လာပြီဆိုတော့ သူတို့ကြားမှာ တိုက်ပွဲတစ်ခု သေချာပေါက်ရှိလာလိမ့်မယ်… အဲဒီတိုက်ပွဲက ဘယ်အချိန်ဖြစ်ပွားလာမလဲမသိဘူး”
“မူလအမြုနေစိတ်ဝိညာဉ်ငါးဦးက ကျုပ်ကို အရင်လာရှာလောက်တယ်”
ဆူဇီမိုက ဖြည်းဖြည်းချင်းပြောလိုက်၏။
“ကျုပ်က သူတော်စင်ဧကရာဇ်တစ်ပါးဖြစ်လာတဲ့အထိ သူတို့စောင့်နေမှာမဟုတ်ဘူး… ဒီတစ်ခေါက် သူတော်စင်အရှင်ငါးဦးရဲ့ရောက်ရှိလာမှုက သူတို့ရဲ့နောက်ဆုံးသတိပေးချက်ဖြစ်မယ်”
လူတိုင်းက ရင်ထဲမှာ ဆို့နင့်သွား၏။
ဤသည်မှာ ဆူဇီမိုအတွက် အချိန်များစွာမရှိတော့ဟု ဆိုလိုလေသည်။
မူလအမြုတေစိတ်ဝိညာဉ်ငါးဦးသည် ဆူဇီမိုကိုအရင်ဆုံးသတ်ဖြတ်ဖို့အတွက် အချိန်မရွေးရောက်ရှိလာနိုင်သည်။
“မူလအမြုတေစိတ်ဝိညာဉ်ငါးဦးက ရှင့်ကိုလာရှာမယ်ဆိုရင် သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းက ဝင်ပါမှာလား”
ဗြဟ္မာတစ္ဆေမိခင်၏ သေဆုံးမှုကြောင့် သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းသည် ဆူဇီမိုအပေါ် အငြိုးအတေးတစ်ခုထားမည်ကို တျဲယွဲ့က စိုးရိမ်ပူပန်နေ၏။
ဆူဇီမိုက ခဏမျှငြိမ်သက်ပြီးနောက် ပြောလိုက်၏။
“ငါမသိဘူး”
တကယ်တမ်းမှာ ဗြဟ္မာတစ္ဆေမိခင်သည် သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းအတွက် ဘယ်လောက်အရေးပါသလဲ သူမသိပေ။
ပြောရမည်ဆိုလျှင် ဗြဟ္မာတစ္ဆေမိခင်သည် သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်း၏ တပည့်တစ်ဦးဖြစ်ရုံသာမက သူမသည် ပြန်ဝင်စားခြင်း၏ လမ်းခြောက်သွယ်ထဲမှ တစ်ခုကို ထိန်းချုပ်ထားသူလည်းဖြစ်ပြီး အလွန်တရာအရေးပါလေသည်။
သို့သော်လည်း စောစောက ထိုတိုက်ပွဲမှာ သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းသည် ဗြဟ္မာတစ္ဆေမိခင်ကို သူသတ်ဖြတ်နေသည်ကို စောင့်ကြည့်နေခဲ့၏။
ထိုသို့ဆိုလျှင်တောင် သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းသည် ဗြဟ္မာတစ္ဆေမိခင်ကို လုံးဝဂရုမစိုက်ဘူးဆိုလျှင် သူသည် နောက်ဆုံးအချိန်မှာ သူမ၏ ဝိညာဉ်ကို ကယ်တင်ဖို့အတွက် ဝင်ပါလာလိမ့်မည် မဟုတ်ပေ။
ဒါ့အပြင် ဗြဟ္မာတစ္ဆေမိခင်သည် သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းနှင့် ဆရာတပည့်ဆက်ဆံရေးသာ ရှိထားသည် ဟုတ်ပုံမရပေ။
ဆူဇီမိုက ပြောလိုက်၏။
“သူ ဝင်မပါလည်းရတယ်… အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသေသွားမယ်ဆိုရင်တောင် ငါတို့ ရှင်သန်ဖို့အတွက် အခွင့်အရေးတစ်ခုရှိနေတုန်းပဲ”
“မင်းရဲ့ သိုင်းတာအိုပင်မခန္ဓာက ရှိနေသေးတာလား”
ဖုန့်စန်းထျန်က ရင်တစ်ချက်ထိတ်သွားပြီး မေးလိုက်မိ၏။
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်သည်။
လူတိုင်းက ဝမ်းသာအားရနှင့် ရွှင်ပျလာကြ၏။
ဆူဇီမို၏ သိုင်းတာအိုပင်မခန္ဓာ၏ တည်ရှိမှုကို သူ၏ မိတ်ဆွေဟောင်းများအားလုံးက သိရှိထားကြ၏။
သို့သော်လည်း ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲအပြီး သိုင်းတာအိုပင်မခန္ဓာသည် ကောင်းကင်ဘုံကပ်ဘေးဖြင့် ဖျက်ဆီးခံရပြီးကတည်းက သူက ဘယ်တော့မှ ထပ်မံ၍ ပေါ်ထွက်မလာတော့ပေ။ ထိုသို့ဖြင့် သိုင်းတာအိုပင်မခန္ဓာက သေဆုံးသွားပြီဟု လူတိုင်းက မှတ်ယူလိုက်ကြ၏။
“အခု သိုင်းတာအိုပင်မခန္ဓာရဲ့ ကျင့်ကြံမှုနယ်ပယ်က ဘယ်အဆင့်မှာလဲ… သူက မူလအမြုတေစိတ်ဝိညာဉ်တွေနဲ့ယှဉ်နိုင်လား”
လင်းရွှမ်ကျီ၏ မျက်လုံးက ဝင်းလက်သွားပြီး အလောတကြီးမေးလိုက်၏။
“ကျင့်ကြံမှုနယ်ပယ်လား…”
ဆူဇီမိုက ခေါင်းခါပြလိုက်၏။
“ငါမသိဘူး”
သိုင်းတာအိုပင်မခန္ဓာ၏ ကျင့်ကြံမှုသည် မကြုံစဖူးထူးခြားအံ့မခန်းဖြစ်ပြီး မှီငြမ်းစရာဘာမှမရှိပေ။
၎င်းသည် ကမ္ဘာတစ်ထောင်သုံးဆင့်လောကမှာ ပေါ်ထွက်ခဲ့ဖူးသော ဓမ္မအစီအရင်များနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားနေ၏။
ခဏမျှစဉ်းစားပြီးနောက် ဆူဇီမိုက ပြောလိုက်၏။
“သူက မဟာသူတော်စင်တစ်ပါးထက်ပိုပြီးတော့ သန်မာတယ်… ဒါပေမဲ့ သူက မူလအမြုတေစိတ်ဝိညာဉ်တွေနဲ့ မယှဉ်နိုင်သေးဘူး”
မည်သို့ပင်ဆိုစေ ကစဉ့်ကလျားအထွတ်အမြတ်စိတ်ဝိညာဉ်တချို့သည် သိုင်းတာအိုပင်မခန္ဓာ၏ ကစဉ့်ကလျားစကြဝဠာထဲမှာ မွေးဖွားပေါ်ထွက်လာပြီဖြစ်၏။
သိုင်းတာအိုပင်မခန္ဓာ၏ တိုက်ခိုက်ရည်ခွန်အားသည် မဟာသူတော်စင်များကို ကျော်လွန်သွားပြီဖြစ်၏။
သို့သော်လည်း ၎င်းသည် မူလအမြုတေစိတ်ဝိညာဉ်များနှင့် မယှဉ်နိုင်သေးပေ။
မူလအမြုတေစိတ်ဝိညာဉ်များသည် ရှေးကျသောစကြဝဠာမှာ မွေးဖွားပေါ်ထွက်လာခဲ့ကြသည်။
လူတိုင်းက နောက်တစ်ဖန်တိတ်ဆိတ်ငြိမ်သက်သွားသည်။
သူသည် မူလအမြုတေစိတ်ဝိညာဉ်များနှင့် မယှဉ်နိုင်ဘူးဆိုလျှင် သူသည် ဤကပ်ဘေးကို ဖြေရှင်းနိုင်မည် မဟုတ်ပေ။ အဲဒါကို ရှင်သန်ဖို့အတွက် အခွင့်အရေးတစ်ခုဟုသာ တကယ်ပင်ဆိုနိုင်လေသည်။
ဆူဇီမိုက ရှင်းပြမနေပေ။
တကယ်တမ်းမှာ ဆူဇီမိုသည် မူလအမြုတေစိတ်ဝိညာဉ်ငါးဦးရောက်ရှိလာဖို့ကိုပင် မျှော်လင့်စောင့်ဆိုင်းနေမိ၏။
မူလအမြုတေစိတ်ဝိညာဉ်ငါးဦးနှင့်သာ သိုင်းတာအိုပင်မခန္ဓာ၏ ကစဉ့်ကလျားစကြဝဠာအနေဖြင့် ဆက်လက်၍ ဆင့်ကဲပြောင်းလဲပြီး စကြဝဠာ၏ မူလဇာစ်မြစ်ကို ခြေရာကောက်နိုင်မည့်အခွင့်အရေးကို ရရှိနိုင်မည်ဖြစ်သောကြောင့်ပင်။
ကစဉ့်ကလျားအစိမ်းရောင်ကြာပန်းသည် အရင်တုန်းက မူလအမြုတေစိတ်ဝိညာဉ်ခြောက်ဦးထဲမှတစ်ဦး ဖြစ်ခဲ့သော်လည်း မည်သို့ပင်ဆိုစေ ၎င်းက သေဆုံးသွားခဲ့ပြီဖြစ်သည်။
၎င်း၏ ဝိညာဉ်သည် အကြိမ်ရေတချို့ ပြန်ဝင်စားခဲ့ပြီး ၎င်း၏ ခန္ဓာကိုယ်က ဖျက်ဆီးခံရကာ ယခုမှ ပြန်လည်တည်ဆောက်ထားခြင်းဖြစ်လေသည်။
ဆူဇီမိုသည် ကစဉ့်ကလျားအစိမ်းရောင်ကြာပန်းကို မဟာသူတော်စင်နယ်ပယ်ထိကျင့်ကြံထားခဲ့သည်ဆိုလျှင်တောင် သူ့မှာ မူလအမြုတေစိတ်ဝိညာဉ်များ မွေးဖွားပေါ်ထွက်လာစဉ်က ပိုင်ဆိုင်ခဲ့သည့် ခေတ်ဦးစကြဝဠာ၏ အငွေ့အသက်များနှင့် အော်ရာများမရှိပေ။
သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းကတော့ သူသည် သူ့ကိုယ်ပိုင်ကြိုးစားအားထုတ်မှုကနေတစ်ဆင့် သူတော်စင်ဧကရာဇ်တစ်ပါးဖြစ်သည်အထိ ကျင့်ကြံလာခဲ့ပြီး သူ့မှာလည်း ထိုစကြဝဠာဦးခေတ်၏ အငွေ့အသက်များမရှိပေ။
ရှေးအကျဆုံးစကြဝဠာ၏ အငွေ့အသက်များကို မူလစိတ်ဝိညာဉ်အမြုတေငါးဦးထံမှာသာ တွေ့မြင်နိုင်လေသည်။ ထိုသို့ဖြင့်သာ ခေတ်ဦးစကြဝဠာ၏ သဲလွန်စများနှင့်အငွေ့အသက်များကို ရှာဖွေနိုင်မည်ဖြစ်သည်။
ထိုသည်မှာ သိုင်းတာအိုပင်မခန္ဓာစောင့်ဆိုင်းနေသည့် အခွင့်အလမ်းလည်းဖြစ်လေသည်။
ဆယ်ရက်ကြာပြီးနောက်…။
မဟာကမ္ဘာတစ်ထောင်လောက၏ အထက်ကောင်းကင်က ရုတ်ချည်းပြောင်းလဲသွား၏။ သက်ရောက်ခြင်းမခံရသည့် ကောင်းကင်ဘုံသုံးဆယ့်သုံးခုကလွဲလျှင် အခြားသော ပိုင်နက်နယ်မြေများသည် ကမ္ဘာဖျက်ကပ်ဘေးကျရောက်လာတော့မည့်အလား မွန်းကျပ်ဖွယ်ရာကြောက်စရာကောင်းသော စွမ်းပကားတစ်ခုဖြင့် လွှမ်းခြုံခံလိုက်ရ၏။
မျိုးနွယ်စုတစ်သောင်းသက်ရှိများက တုန်လှုပ်၍ ကြောက်ရွံ့မှုဖြင့် နှုတ်ဆိတ်နေကြ၏။
အဓိပတိသာလွန်သူနယ်ပယ်ထိ ကျင့်ကြံထားသူများပင်လျှင် ထိုအခိုက်အတန့်မှာ သူတို့၏ ဝိညာဉ်ကို လာရောက်ရိုက်ခတ်သည့် အကြောက်အရားကို ခံစားရလေသည်။
သူတော်စင်များသည် ရုတ်ရုတ်သဲသဲဖြစ်ပြီး မဆင်မခြင်းမပြုမူရဲဘဲ ခေါင်းနားပန်းကြီးနေကြ၏။
သူတော်စင်များပင်လျှင် ဖြစ်ပျက်လာသည့်အရာကို မသိရှိကြပေ။
ကမ္ဘာတစ်ထောင်သုံးဆင့်လောကမှာ မဟာသူတော်စင်အဆင့်မှာရှိသော တည်ရှိမှုများသာလျှင် ဤကြောက်စရာကောင်းသောဖိအားက ဘာကိုဆိုလိုသည်ကို သိရှိကြ၏။
သူတို့ပင်လျှင် ထိုစွမ်းအားကို မခုခံနိုင်ကြပေ။
ရှေးအကျဆုံး သက်ရှိငါးဦးက ပေါ်ထွက်လာကြလေပြီ။
ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာမှာ ဆူဇီမိုက တည်ငြိမ်သောအမူအရာနှင့် သူ၏ မျက်လုံးနှစ်ဖက်ကို ဖြည်းဖြည်းချင်းဖွင့်လိုက်၏။ သူက ကောင်းကင်ထက်ကိုမော့ကြည့်ပြီး မှင်သေသေဖြင့်ပြောလိုက်၏။
“သူတို့ရောက်လာကြပြီပဲ”
ခန်းမထဲရှိလူတိုင်းက ယခုအချိန်ထိ မထွက်ခွာကြသေးပေ။
သူတို့က ဒီလောက်မြန်မြန်ဆန်ဆန် ရောက်ရှိလာတာလား။
သူတို့ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားကြသည််ဆိုလျှင်တောင် လူတိုင်း၏ မျက်နှာများက ဖြူဖပ်ဖြူရော်ဖြစ်၍ သူတို့က တုန်လှုပ်သွားကြ၏။
တစ်ချိန်လုံးတည်ငြိမ်နေတတ်သည့် တျဲယွဲ့ပင်လျှင် ဆူဇီမို၏ လက်ကို တင်းကျပ်စွာအလိုလိုဆုပ်ကိုင်ထား၏။ သူက ပြန်မလာနိုင်တော့မည်ကို သူမက စိုးရိမ်နေသည့်အလားပင်။
“ကစဉ့်ကလျား… ငါတို့စကားပြောရအောင်”
ဆူဇီမို၏ နားထဲသို့ အသံတစ်သံ ဝင်ရောက်လာ၏။
ဆူဇီမိုက မတ်တတ်ထရပ်ပြီး တျဲယွဲ့၏ လက်ဖဝါးကို ညင်သာစွာဖျစ်ညှစ်လိုက်၏။ သူက ပေါ့ပါးစွာပြုံးပြပြီး သူမကို စိတ်ချလက်ချနေဖို့ အမူအရာပြလိုက်၏။
ထို့နောက် သူက တစ်ဘက်ကိုလှည့်ပြီး ခန်းမထဲမှ သူ၏ မိတ်ဆွေဟောင်းများကို ကြည့်ရှုနေ၏။ သူ၏ အကြည့်သည် တစ်ယောက်ချင်းစီ၏ မျက်နှာပေါ်တွင် ခဏမျှရပ်တန့်သွားတတ်လေသည်။ သူက သူတို့၏ ရုပ်ရည်သွင်ပြင်ကို မှတ်သားချင်နေသည့်အလားပင်။
ဤနှုတ်ဆက်မှုက သူတို့၏ နောက်ဆုံးနှုတ်ဆက်မှုဖြစ်နိုင်သည်ကို လူတိုင်းကလည်း သိရှိထားကြ၏။
ခဏနေပြီးနောက် ဆူဇီမိုက အသက်ပြင်းပြင်းတစ်ချက်ရှိုက်၍ ထွက်ခွာပျောက်ကွယ်သွားလေသည်။
မဟာကမ္ဘာတစ်ထောင်လောက၏ အထက်မှာ။
တိမ်စိုင်များက တလိပ်လိပ်ထိုးတက်ပြီး ကောင်းကင်ကို ဖုံးအုပ်ထားလေသည်။
ဆူဇီမိုသည် တိမ်စိုင်အလွှာများကိုဖြတ်ကျော်ပြီး မဟာကမ္ဘာတစ်ထောင်လောက၏ အထက်ကို ရောက်ရှိလာ၏။
တိမ်စိုင်များ၏ မလှမ်းမကမ်းမှာ ခပ်ဖျော့ဖျော့ရောင်လျှံစက်ဝန်းတစ်ခုနှင့်အတူ လူငါးဦးက မတ်တတ်ရပ်နေကြ၏။
ရုတ်တရက် ဆူဇီမို၏ မျက်လုံးထဲမှာ ခရမ်းရောင်မီးတောက်နှစ်ခု ပေါ်ထွက်လာလေသည်။
သိုင်းတာအိုပင်မခန္ဓာသည် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ မျက်လုံးများကို အသုံးချကာ မူလအမြုတေစိတ်ဝိညာဉ်ငါးဦးထံမှ ခေတ်ဦးစကြဝဠာ၏ အငွေ့အသက်များနှင့်အော်ရာများကို စတင်၍ ရှာဖွေနေပြီဖြစ်၏။
ဆူဇီမိုသည် မူလအမြုတေစိတ်ဝိညာဉ်ငါးဦးကို စိုက်ကြည့်နေစဉ် သူတို့ကလည်း သူ့ကိုအကဲခတ်ကြည့်နေကြ၏။
အဖျက်စွမ်းအားအော်ရာဖြင့် ပြည့်နှက်နေသည့် အလယ်မှာရှိသော မူလအမြုတေစိတ်ဝိညာဉ်က မှင်သေသေဖြင့်ပြောလိုက်၏။
“အစကတော့ မင်းက ကစဉ့်ကလျားပြန်ဝင်စားတာလို့ ငါထင်နေတာ… ကြည့်ရတာတော့ မင်းရဲ့ခန္ဓာကိုယ်က ကစဉ့်ကလျားအစိမ်းရောင်ကြာပန်းဖြစ်နေတာကလွဲရင် မင်းက ကစဉ့်ကလျားနဲ့ ဘာမှမသက်ဆိုင်ဘူးဘဲ”
ဘယ်ဘက်မှာရှိသော မူလအမြုတေစိတ်ဝိညာဉ်၏ မျက်လုံးထဲတွင် အနက်ရောင်ချီနှင့် အဖြူရောင်ချီက ပေါ်ထွက်လာပြီး သူက ဆူဇီမို၏ အတိတ်ဘဝကို ထွင်းဖောက်မြင်နိုင်သည့်အလားပင်။
“လက်စသတ်တော့ သူက သေမျိုးသက်ရှိတစ်ဦးပဲ.. သူက အကြောင်းအခွင့်တိုက်ဆိုင်ပြီး ဒီအဆင့်ထိ ကျင့်ကြံလာနိုင်ခဲ့တာပဲ”
“စိတ်မကောင်းစရာပဲ”
မိုးကြိုးလျှပ်စီးများလွှမ်းခြုံထားသည့် မူလအမြုတေစိတ်ဝိညာဉ်က ညင်သာစွာရေရွတ်လိုက်၏။
မူလအမြုတေစိတ်ဝိညာဉ်ငါးဦး၏ သူ့အပေါ် အကြည့်များက ပို၍အေးစက်လာသည်ကို ဆူဇီမိုက ရှင်းရှင်းလင်းလင်းအာရုံခံမိနိုင်သည်။
“ဘာကိုစိတ်မကောင်းတာလဲ”
ဆူဇီမိုက မေးလိုက်သည်။
သိုင်းတာအိုပင်မခန္ဓာက ကောက်ချက်ချနေပြီဖြစ်၏။ ယခုအချိန်မှာ သူသည် တတ်နိုင်သမျှအချိန်ဆွဲထားရပေမည်။
မူလအမြုတေစိတ်ဝိညာဉ်က ပြောလိုက်၏။
“မင်းက ကစဉ့်ကလျားပြန်ဝင်စားတာဆိုရင် မင်းကို ငါတို့ရဲ့မိတ်ဆွေဟောင်းတစ်ဦးလို့ ဆိုနိုင်တယ်… ငါတို့ရဲ့အတိတ်ကာလဆက်ဆံရေးကို ထောက်ထားပြီး ငါတို့က မင်းကိုနောက်ထပ်အခွင့်အရေးတစ်ခုပေးမလို့… အခုတော့ မင်းက သူမဟုတ်တာ စိတ်မကောင်းစရာပဲ”
ခဏမျှရပ်တန့်ပြီးနောက် မူလအမြုတေစိတ်ဝိညာဉ်က ပြောလိုက်၏။
“အဲလိုဆိုလည်း ကိစ္စက ပိုပြီးတော့ရိုးရှင်းသွားတာပေါ့… ငါတို့ မင်းကို သတ်ဖြတ်လိုက်ရုံပဲလေ”
ထိုသို့သူပြောလိုက်သည့်ခဏမှာပင် မူလအမြုတေစိတ်ဝိညာဉ်က သူ၏လက်ကို ညင်သာစွာမြှောက်လိုက်၏။ နတ်ဘုရားအပြစ်ဒဏ်က ကောင်းကင်ထက်ကနေ ဆင်းသက်ပြီး ချက်ချင်းပင် ရောက်ရှိလာလေသည်။
ဆူဇီမိုက တုန်လှုပ်သွား၏။
မူလအမြုတေစိတ်ဝိညာဉ်က သူ့ကို မည်သည့်အခွင့်အရေးမှမပေးဘဲ ချက်ချင်းပင် တိုက်ခိုက်လိုက်လေသည်။
ဆူဇီမို၏ တိုက်ခိုက်ရည်ခွန်အားသည် မဟာသူတော်စင်တစ်ပါးထက် ကျော်လွန်နေသည်ဆိုလျှင်တောင်…။
မူလအမြုတေစိတ်ဝိညာဉ်သည် လွန်ခဲ့သည့်အချိန်တစ်ခုက ဒဏ်ရာရရှိထားခဲ့နိုင်သည်ဆိုလျှင်တောင်…။
သို့သော်လည်း နတ်ဘုရားအပြစ်ဒဏ်နှင့်ရင်ဆိုင်ရချိန်မှာ ဆူဇီမိုသည် ကူကယ်ရာမဲ့သောခံစားချက်တစ်ခုကို ရရှိနေဆဲဖြစ်၏။ တကယ်ဆို သူက သေခြင်းအော်ရာကိုပင် အာရုံခံမိနေပြီဖြစ်၏။
ဤသည်မှာ မဟာတာအို၏ စွမ်းအားမဟုတ်ဘဲ ကောင်းကင်ဘုံတာအို၏ စွမ်းအားဖြစ်လေသည်။