← Chapters

အခန်း (၃၃၇၃-၃၃၇၄)

Vol. 221 Ch. 3373-3374

အခန်း (၃၃၇၃-၃၃၇၄)

Vol. 221 Ch. 3373-3374

အခန်း ၃၃၇၃ - မူလ

ကမ္ဘာမြေစာအုပ်ကို တွေ့မြင်သည့်အချိန်မှာပင် ဆူဇီမိုသည် ဖုန့်တူနှင့်ပတ်သက်သည့် မေးခွန်းများစွာအတွက် နောက်ဆုံးမှာ အဖြေတစ်ခုရရှိလာ၏။

သူ၏ လက်ရှိအတွေ့အကြုံအရ ဖုန့်တူက အစစ်အမှန်သက်ရှိတစ်ဦးမဟုတ်သည်ကို ပြောနိုင်နေပြီဖြစ်၏။

အတိအကျဆိုရလျှင် ဖုန့်တူသည် ကမ္ဘာမြေစာအုပ်၏ လက်နက်စိတ်ဝိညာဉ်တစ်ခုဖြစ်လေသည်။

တမလွန်ဘုံသည် ၎င်း၏ လက်နက်စိတ်ဝိညာဉ်အဖြစ် သူတော်စင်အရှင်ပြန်ဝင်စားခြင်၏ အကြွင်းအကျန်ဝိညာဉ်ကို အသုံးချပြီးမှသာ ၎င်းသည် ကမ္ဘာမြေစာအုပ်ဟူသောဘွဲ့နှင့် ထိုက်တန်လာမည်ဖြစ်လေသည်။

ထို့ကြောင့်ပင် ဖုန့်တူမှာ သူ့ကိုယ်ပိုင်ခန္ဓာမရှိခြင်း ဖြစ်လေသည်။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတွင် မရေမတွက်နိုင်သောနှစ်များတစ်လျှောက်မှာ ဖုန့်တူသည် မဟာဧကရာဇ်တစ်ပါး၏ ခန္ဓာကိုယ်ကို ပုံသွင်းဖို့အတွက်နှင့် သူသည် ဦးနှောက်ခြောက်မတတ်စဉ်းစားပြီး ခေတ်အဆက်ဆက်ကျင့်ကြံခဲ့ရ၏။

သူသည် မသေနိုင်၊ ဖျက်ဆီး၍မရနိုင်ဟု ဖုန့်တူက တစ်ခါပြောခဲ့သည်မှာ သူကသူတော်စင်တစ်ပါးဖြစ်သောကြောင့် မဟုတ်ပေ။

သူသည် ကမ္ဘာမြေစာအုပ်၏ လက်နက်စိတ်ဝိညာဉ်ဖြစ်နေသောကြောင့်ပင်။

ကမ္ဘာမြေစာအုပ်က ဖျက်ဆီးမခံရသရွေ့ သူက အကြိမ်ဘယ်လောက်များများ သေဆုံးသည်ဖြစ်စေ ပြန်လည်မွေးဖွားဖို့အတွက် ၎င်းကို အသုံးချနိုင်လေသည်။

ကမ္ဘာမြေစာအုပ်၏ အကူအညီနှင့်အတူ ဖုန့်တူသည် တစ်နည်းတစ်ဖုံအားဖြင့် ထာဝရအသက်ကို ရရှိနေ၏။

ဆူဇီမိုသည် မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းမလာခင်က သူသည် နှစ်ပေါင်းသောင်းချီကြာအောင် တမလွန်ဘုံကို စောင့်ကြည့်နေခဲ့၏။ သူသည် ဖုန့်တူ၏ အငွေ့အသက်များကိုရှာဖွေချင်သော်လည်း အချည်းနှီးသာဖြစ်ခဲ့ရ၏။

အကြောင်းမှာ ဖုန့်တူသည် တမလွန်ဘုံ၏ လက်နက်စိတ်ဝိညာဉ်ဖြစ်ပြီး သူ၏ အာရုံခံအသိစိတ်ကနေ ကောင်းမွန်စွာပုန်းကွယ်နိုင်သောကြောင့်ဖြစ်သည်။

နောက်ထပ် အရေးပါသော တစ်စုံတစ်ရာရှိနေ၏။

အစကတော့ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ဖုန့်တူ ပြုလုပ်ခဲ့၊ ကျူးလွန်ခဲ့သည့် အရာရာတိုင်းသည် သူက မဟာဧကရာဇ်တစ်ပါးဖြစ်လာချင်သောကြောင့်သာဟု ဆူဇီမိုက တွေးခဲ့၏။ သို့သော်လည်း ထိုအခိုက်အတန့်မှာ ဆူဇီမိုက နောက်ထပ်အကြောင်းအရင်းတစ်ခုကို တွေ့မိလာသည်။

တမလွန်ဘုံသည် ကမ္ဘာမြေစာအုပ်ဖြစ်ပြီး ၎င်း၏ စွမ်းအားအရင်းအမြစ်သည် မျိုးနွယ်စုတစ်သောင်းသက်ရှိများ သေဆုံးပြီးနောက် သူတို့၏ ဝိညာဉ်များကနေ လာလေသည်။

တစ်နည်းအားဖြင့်ဆိုသော် ကစဉ့်ကလျားများနှင့် သတ်ဖြတ်ခြင်းများက ထိုနေရာမှာ ပိုမိုဖြစ်ပွားလေ သက်ရှိများက ပိုမိုသေဆုံးလေဖြစ်ပြီး ကမ္ဘာမြေစာအုပ်က ပိုမိုသန်မာလာပေလိမ့်မည်။

ကမ္ဘာမြေစာအုပ်သည် သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်း၏ လုံးလုံးလျားလျာ ထိန်းချုပ်ခြင်းကို ခံထားရ၏။

ထိုသို့ဆိုလျှင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ဖုန့်တူပြုလုပ်ခဲ့သည် အဆုံးမဲ့သွေးလွှမ်းမှုများသည် သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်၏ တိတ်တဆိတ်သဘောတူခွင့်ပြုချက်ဖြင့် ဖြစ်ပေါ်လာခြင်းပင်။

တကယ်ဆို ထိုလုပ်ရပ်များကို သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းက သွေးထိုးလှုံ့ဆော်ခဲ့ခြင်းပင် ဖြစ်နိုင်လေသည်။

ထို့ကြောင့် ဧကရီဆိုးယုတ်သည်မကောင်းမှုကို ရွံရှာစက်ဆုပ်ပြီး ဆိုးသွမ်းသူများစွာကို တောကောင်တာအိုထဲသို့ ဆွဲခေါ်သွင်းခဲ့သော်လည်း သူမသည် ဖုန့်တူကို ဘယ်တုန်းကမှ မတိုက်ခိုက်ခဲ့ပေ။

သူမသည် ဖုန့်တူကို အရိုးထိတိုင်မုန်းတီးသော်လည်း စိုးရိမ်ပူပန်နေရဆဲဖြစ်၏။

အဓိကအကြောင်းအရင်းမှာ သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းက ဖုန့်တူကို နောက်ခံပေးထားသောကြောင့်ဖြစ်ပေမည်။

တကယ်တော့ ထိုသည်က ဆူဇီမို၏ ခန့်မှန်းချက်မျှသာဖြစ်၏။

ထိုအတွေးများက သူ၏ စိတ်ထဲမှာ တဖျပ်ဖျပ်ပေါ်ထွက်လာ၏။

အခြားတစ်ဘက်မှာတော့ သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းသည် ကောင်းကင်ဘုံစာအုပ်၊ ကမ္ဘာမြေစာအုပ်နှင့် လူသားစာအုပ်တို့ကို ဆင့်ခေါ်ပြီး မူလအမြုတေစိတ်ဝိညာဉ်ငါးဦးနှင့် သူတို့၏ ကောင်းကင်ဘုံတာအိုသူတော်စင်လက်နက်ငါးခုကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နေ၏။

သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းသည် ဤတစ်ခေါ်တစ်ကျော့ပြန်လာဖို့အတွက် တကယ်ပင် အပြည့်အဝပြင်ဆင်လာခဲ့လေသည်။

သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းအနေဖြင့် မူလအမြုတေစိတ်ဝိညာဉ်ငါးဦးကို တစ်ယောက်တည်းဖိနှိမ်ဖို့က ခက်ခဲနေ၏။

သို့သော်လည်း မူလအမြုတေစိတ်ဝိညာဉ်ငါးဦးအနေဖြင့် အချိန်တိုအတွင်းမှာ သူ့ကိုအနိုင်ယူဖို့ကလည်း မဖြစ်နိုင်ပေ။

ထိုအခြေအနေက ဆူဇီမိုအတွက် အချိန်များစွာရရှိလာစေ၏။

သိုင်းတာအိုပင်မခန္ဓာသည် ကစဉ့်ကလျားစကြဝဠာကို နောက်တစ်ဖန်ဖောက်ခွဲပစ်ပြီး စကြဝဠာ၏ အသင်္ချေစွမ်းအားများ၏ မူလဇာစ်မြစ်ကိုစတင်၍ ခြေရာကောက်နေ၏။ သူသည် သိုင်းတာအိုကို ဆက်လက်၍ ပြောင်းပြန်လှန်ကောက်ချက်ချပြီး မူလဇာစ်မြစ်၏ အငွေ့အသက်များကို ရှာဖွေနေ၏။

ဆူဇီမိုကတော့ သူသည် အခွင့်အလမ်းကိုအသုံးချကာ လောကနှင့်စကြဝဠာ၏ လျှို့ဝှက်ဆန်းကြယ်မှုများကို နားလည်ဆင်ခြင်နေ၏။

ကစဉ့်ကလျားစကြဝဠာက ပေါက်ကွဲထွက်သွားပြီးနောက် ကြောက်စရာကောင်းသောစွမ်းအားတစ်ခုက အဘက်ဘက်ကိုတိုက်ခတ်သွား၏။ အချိန်ကြာလာသည်နှင့်အမျှ ကစဉ့်ကလျားစကြဝဠာက ပျောက်ကွယ်သွားသည်။

အတိအကျဆိုရလျှင် ကစဉ့်ကလျားကိုယ်တိုင်က ပျောက်ကွယ်သွားလေသည်။

ထိုစကြဝဠာကတော့ ကျန်ရှိနေဆဲဖြစ်၏။

သို့သော်လည်း ထိုစကြဝဠာသည် လူတစ်ယောက်၏ အာရုံခံအသိစိတ်ဖြင့် ထောက်လှမ်းသိရှိနိုင်သောတစ်စုံတစ်ရာ ဆက်လက်၍ မဟုတ်တော့ပေ။

ထိုသည်မှာ သိုင်းတာအိုပင်မခန္ဓာသည် ယခု စကြဝဠာဖြစ်သွားသောကြောင့်ပင်။

သို့သော်လည်း အစစ်အမှန်ခန္ဓာနှစ်ခုက စိတ်ချင်းဆက်နေကြ၏။

သိုင်းတာအိုပင်မခန္ဓာ၏ တည်ရှိမှုကို ဆူဇီမိုက အာရုံခံနိုင်လေသည်။ ထို့ကြောင့်ပင် သူသည် ကျယ်ပြောသော ထိုစကြဝဠာ၏ တည်ရှိမှုကို ခပ်ရေးရေးအာရုံခံမိနိုင်ခြင်းဖြစ်၏။

ကျယ်ပြောသော ဤစကြဝဠာထဲမှာ အသက်ဓာတ် သို့မဟုတ် မဟာတာအိုတို့က အရေးကိစ္စ မဟုတ်တော့ပေ။

ထိုနေရာမှာ အလင်း သို့မဟုတ် အမှောင်မရှိပေ။ အစ သို့မဟုတ် အဆုံးမရှိပေ။ ထိုနေရာမှာ ကစဉ့်ကလျားချီပင် မရှိပေ။ သို့သော်လည်း ဤစကြဝဠာကနေ မသဲမကွဲသန္ဓေသားပုံစံတစ်ခုကို အာရုံခံမိနိုင်လေသည်။

ထိုသည်မှာ ဆူဇီမိုအာရုံခံမိနိုင်သည့် တစ်ခုတည်းသောအရာဖြစ်သည်။

ဤသည်မှာ ပုံစံရှိသော်လည်း ဖော်ပြ၍မရသည့် ပို၍ပင် ရှေးကျသော ခေတ်ဦးစကြဝဠာတစ်ခုဖြစ်လေသည်။

တဖြည်းဖြည်း ဗလာကျင်းနေသောစကြဝဠာထဲမှာ အလင်းလုံးလေးလုံးကို အရင်ဆုံး စတင်၍ ပြုစုပျိုးထောင်ပေးလာ၏။ သူတို့သည် လွင့်မျော၍ စကြဝဠာ၏ အလယ်ဗဟိုရှိရာသို့ ချဉ်းကပ်လာနေ၏။

“ဒါက…”

ဆူဇီမိုက အလင်းလုံးလေးလုံးကို တွေ့မြင်သောအခါ သူက သိနေသလိုလိုခံစားချက်တစ်ခုကို ရရှိလိုက်၏။ သူသည် သူတို့ကို တစ်နေရာရာမှာ အရင်က တွေ့မြင်ဖူးပုံရလေသည်။

သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းနှင့် မူလအမြုတေစိတ်ဝိညာဉ်ငါးဦးကြား တိုက်ပွဲက ဆက်လက်၍ဖြစ်ပွားနေဆဲပင်။

နှစ်ဦးနှစ်ဖက် ထုတ်ဖော်လိုက်သောစွမ်းအားများ၏ တုန်ခါလှိုင်းသည် အဘက်ဘက်ကိုဖြန့်ကြက်ပြီး ဆူဇီမိုကို တိုက်ခတ်လာ၏။ ကစဉ့်ကလျားခေါင်းလောင်းက အဆက်မပြတ်တုန်ခါ၍ မြည်ဟည်းလာလေသည်။

ဆူဇီမိုက ခေါင်းလောင်းသံကိုကြားသောအခါ သူက ရုတ်တရက် နားလည်သဘောပေါက်သွား၏။

ကစဉ့်ကလျားခေါင်းလောင်းမှာ တောင်တန်းများ၊ မြစ်များ၊ ကမ္ဘာမြေ၊ နေ၊ လနှင့် ကြယ်တို့ကို ခံ့ညားထည်ဝါသောပုံစံဖြင့် ထွင်းထုထားလေသည်။

ထို့အပြင် ခေါင်းလောင်းပေါ်မှာ ထူးဆန်းသောစွမ်းအားအငွေ့အသက်လေးမျိုးလည်းရှိနေ၏။ ထိုသည်မှာ မည်သည့်မဟာတာအိုမှမဟုတ်သော်လည်း ၎င်းကို ဖျက်ဆီး၍မရနိုင်ပေ။

စွမ်းအားလေးမျိုး၏ အော်ရာများသည် သိုင်းတာအိုပင်မခန္ဓာကနေ ဖြစ်ပေါ်လာသော စကြဝဠာထဲရှိ အလင်းလုံးလေးလုံးနှင့် ထပ်တူထပ်မျှတူညီသလောက်နီးပါးဖြစ်၏။

မသိလိုက်မသိဘာသာအချိန်တစ်ခုကြာသွားပြီးနောက်။

အလင်းလုံးလေးလုံးက စကြဝဠာ၏ အလယ်ဗဟိုမှာ စုစည်းလာ၏။

ဤတစ်ခေါက်မှာ ဆူဇီမိုသည် ၎င်းကိုပို၍ပင် ရှင်းရှင်းလင်းလင်း အာရုံခံမိနိုင်လေသည်။

အလင်းလုံးလေးလုံးမှာ မည်သည့်အသက်ဓာတ်အားနှင့် မည်သည့်သက်ရှိမှ မရှိပေ။

သူတို့သည် ရိုးရှင်းသော ရှေးအကျဆုံးစွမ်းအားလေးမျိုးသာဖြစ်၏။

သူတို့ထဲမှတစ်ခုသည် ကမ္ဘာမြေမဟာတာအိုနှင့်ဆင်တူသော်လည်း ၎င်းသည် ပို၍ပင် ကျယ်ပြန့်စွာခြုံငုံမိနေ၏။

သူတို့ထဲမှတစ်ခုသည် မီးမဟာတာအိုနှင့် ဆင်တူသော်လည်း ပို၍ပင်ရှေးကျလွန်းနေ၏။

သူတို့ထဲမှတစ်ခုသည် ရေမဟာတာအိုနှင့်ဆင်တူပြီး နောက်တစ်ခုက လေမဟာတာအိုနှင့် ဆင်တူလေသည်။

အလင်းလုံးနှစ်လုံးသည် အမှတ်တမဲ့ပွတ်တိုက်ပြီး ပေါင်းစည်းသွားကြ၏။

ထူးဆန်းသောမြင်ကွင်းတစ်ခု ပေါ်ထွက်လာလေသည်။

စွမ်းအားနှစ်ခု၏ ပွတ်တိုက်ပေါင်းစည်းမှုသည် အသက်ဓာတ်အော်ရာကို နောက်ဆုံးမှာ ထွက်ပေါ်လာစေ၏။

ဤစကြဝဠာမှာ ပထမဆုံးသက်ရှိက မွေးဖွားပေါ်ထွက်လာသည်။

သက်ရှိပုံစံက အနည်းငယ်နုနယ်၍ တစ်လက်မသာရှည်လျားသည့် ပျိုးပင်တစ်ပင်သာဖြစ်နေ၏။ ၎င်းသည် အလွန်တရာအားနည်းသည့်ပုံပေါ်ပြီး စကြဝဠာထဲမှာ အမြစ်တွယ်ကာ ညင်သာစွာယိမ်းနွဲ့နေ၏။

ထိုသည်က ကစဉ့်ကလျားအစိမ်းရောင်ကြာပန်းဖြစ်သည်။

သိုင်းတာအိုပင်မခန္ဓာ၏ လမ်းညွှန်မှုအောက်မှာ စွမ်းအားလေးခုက တစ်တွဲစီ ထိတွေ့ရိုက်ခတ်ပြီး နောက်ထပ်သက်ရှိငါးဦးကို တစ်ဦးပြီးတစ်ဦး မွေးဖွားပေါ်ထွက်လာစေ၏။

ယင်ယန်၊ နတ်ဘုရားအပြစ်ဒဏ်၊ ထွက်ရပ်လမ်း၊ လေဟာနယ်အချိန်နှင့်၊ မီးစွမ်းအားများက သက်ရှိငါးဦးထံမှ အသီးသီးပေါ်ထွက်လာကြ၏။

သက်ရှိခြောက်ဦးစလုံး မွေးဖွားပေါ်ထွက်လာသောအခါ အလင်းလုံးလေးလုံး၏ စွမ်းအားက လုံးလုံးလျားလျား ကုန်ဆုံးသွားလေသည်။

လက်စသတ်တော့… ဒါက ဒီလိုကိုး။

ဆူဇီမိုက ထိုသည်ကို တွေ့မြင်သောအခါ နားလည်သဘောပေါက်သွား၏။

ထိုသည်မှာ မူလအမြုတေစိတ်ဝိညာဉ်ခြောက်ဦး၏ မူလဇာစ်မြစ်ဖြစ်လေသည်။

ဆူဇီမိုသည် မူလစွမ်းအားလေးမျိုးကို မြေ၊ ရေ၊ လေနှင့် မီးဟူ၍ ရည်ညွှန်းခေါ်ဆိုလေသည်။

မြေ၊ ရေ၊ လေနှင့် မီးတို့၏ ပေါင်းစည်းမှုကြောင့် မူလအမြုတေစိတ်ဝိညာဉ်ခြောက်ဦးက မွေးဖွားပေါ်ထွက်လာပြီး သူတို့သည် ဤစကြဝဠာ၏ ပထမဆုံးသက်ရှိခြောက်ဦးလည်းဖြစ်လေသည်။

စကြဝဠာ၏ ကောင်းကင်ဘုံတာအိုခြောက်ခုက ဆင်းသက်လာ၏။

ဆူဇီမိုသည် ပုံစံရှိသော်လည်း ဖော်ပြ၍မရဘဲ မူလအမြုတေစိတ်ဝိညာဉ်ခြောက်ဦးကို မွေးထုတ်ပေးလိုက်သည့် စကြဝဠာကို မူလစကြဝဠာဟု ခေါ်ဆိုလိုက်လေသည်။

မဟာကမ္ဘာတစ်ထောင်လောကမှာ မူလအမြုတေစိတ်ဝိညာဉ်ငါးဦး တိုက်ခိုက်လာပြီးနောက် သိုင်းတာအိုပင်မခန္ဓာသည် သူတို့ထံမှ မူလစွမ်းအားလေးမျိုး၏ အော်ရာများနှင့် အငွေ့အသက်များကိုရှာဖွေကာ မူလစကြဝဠာ၏ တည်ရှိမှုကို ကောက်ချက်ချနိုင်ခဲ့၏။

သို့သော်လည်း မူလစကြဝဠာက လုံးလုံးလျားလျားမတည်ငြိမ်သေးဘဲ ဆက်လက်၍ ဆင့်ကဲပြောင်းလဲနေ၏။

အခြားတစ်ဘက်မှာတော့ ဆူဇီမို၏ စိတ်အာရုံသည် ကစဉ့်ကလျားသူတော်စင်ခန္ဓာထံ ပြန်လည်ရောက်ရှိလာပြီဖြစ်၏။

မူလစကြဝဠာ၏ ဖွဲ့စည်းပုံကိုစောင့်ကြည့်ပြီး မူလအမြုတေစိတ်ဝိညာဉ်ခြောက်ဦး၏ မွေးဖွားပေါ်ထွက်လာမှုကို အာရုံခံရင်း မူလစွမ်းအားလေးမျိုးကိုပင် တွေ့ကြုံခံစားပြီးနောက် ၎င်းသည် သူ့အတွက် များစွာအထောက်အကူဖြစ်လာစေ၏။

ဤဖြစ်စဉ်အတွက် နားလည်ဆင်ခြင်ဖို့ သို့မဟုတ် ကျင့်ကြံဖို့ မလိုအပ်တော့ပေ။

စကြဝဠာ၏ အနက်ရှိုင်းဆုံးလျှို့ဝှက်ချက်၏ ဖြစ်စဉ်တစ်ခုလုံးသည် သူ၏ မျက်စိရှေ့မှာ လုံးလုံးလျားလျား ထင်ဟပ်ပေါ်ထွက်လာခဲ့၏။

ထို့ထက် တိုက်ရိုက်ကျစရာ မရှိနိုင်တော့ပေ။

တိုက်ရိုက်အကျဆုံးသင်ကြားပြသမှုကပင် ထိုထက်ပို၍ တိုက်ရိုက်မကျနိုင်တော့ပေ။

သူသည် ခြေတစ်လှမ်းထဲဖြင့် ကောင်းကင်ဘုံကို ရောက်ရှိသွားသည်ဟု ဆိုင်နိုင်သည်။

ဆူဇီမို၏ မဟာတာအိုကို ပိတ်ဆို့တားဆီးထားသည့် အဟန့်အတားများနှင့် ကန့်သတ်မှုများအားလုံးက ပျောက်ကွယ်သွားလေသည်။

ဝုန်း…

ဆူဇီမိုသည် ရှေ့သို့ခြေတစ်လှမ်းယူပြီး သူ၏ ခန္ဓာကိုယ်ထဲကနေ ကျယ်လောင်သောပေါက်ကွဲသံ ထွက်ပေါ်လာ၏။

ဒေါင်…

တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား ကစဉ့်ကလျားခေါင်းလောင်းက ထည်ဝါသောခေါင်းလောင်းထိုးသံကို ထုတ်ဖော်လိုက်လေသည်။

လောကက တုန်ခါ၍ မဟာတာအိုက ပဲ့တင်ထပ်လာ၏။

ဆူဇီမို၏ အော်ရာက တလိပ်လိပ်ထိုးတက်ပြီး သူက အဟန့်အတားများကို ချက်ချင်းပင်ချိုးဖျက်လိုက်လေသည်။ သူသည် တောင်တစ်လုံး၏ တောင်ထွတ်သို့ ရောက်ရှိလာပြီး လောကကို ငုံ့ကြည့်နေသည့်အလားပင်။

ကောင်းကင်ဘုံတာအိုသူတော်စင်ဧကရာဇ်။

ယခုအချိန်မှာ သူသည် ကမ္ဘာတစ်ထောင်သုံးဆင့်လောက၏ အထွတ်အထိပ်မှာ ရပ်တည်နိုင်ပြီဖြစ်သည်။

အခန်း ၃၃၇၄ - နတ်ဘုရားအပြစ်ဒဏ်ကို ဖိနှိမ်ခြင်း

ထိုသည်ကို အာရုံခံမိသောအခါ မူလအမြုတေစိတ်ဝိညာဉ်ငါးဦးက တုန်လှုပ်သွားကြ၏။

သူတို့ငါးဦးသည် သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းကို ရင်ဆိုင်ဖို့အတွက် ပူးပေါင်းထားကြ၏။ ယခုအချိန်မှာ ဘယ်ဘက်က ပိုမိုသန်မာသလဲ ဆုံးဖြတ်ဖို့ ခက်ခဲနေပြီး သူတို့က မျှခြေတစ်ခုကို အနိုင်နိုင်ထိန်းထားရ၏။

နောက်ထပ် ကောင်းကင်ဘုံတာအိုသူတော်စင်ဧကရာဇ်တစ်ပါး တိုက်ပွဲနယ်မြေသို့ ဝင်ရောက်လာပြီဆိုလျှင် မျှခြေက သေချာပေါက် ကျိုးပျက်သွားပေလိမ့်မည်။

သူတော်စင်ဧကရာဇ်များကြား ဤတိုက်ပွဲမှာ ဆူဇီမို ရပ်တည်ပေးမည့်ဘက်က အနိုင်ရဖို့ အခွင့်များသွားမည်ဟု ဆိုလိုလေသည်။

ဤတိုက်ပွဲသည် ကမ္ဘာတစ်ထောင်သုံးဆင့်လောက၏ အနာဂတ်ကိုလည်း ဆုံးဖြတ်ပေးပေလိမ့်မည်။

“အထီးကျန်သိုင်းသခင်”

ရုတ်တရက် မူလအမြုတေစိတ်ဝိညာဉ် ယင်ယန်က ပြောလိုက်၏။

“ပြန်ဝင်စားခြင်းက အရမ်းကို ရည်မှန်းချက်ကြီးတယ်... မင်းက သူ့ကို အနိုင်ရဖို့ ကူညီပေးမယ်ဆိုရင် ကမ္ဘာတစ်ထောင်သုံးဆင့်လောကက အဖတ်ဆယ်မရတဲ့ ကပ်ဘေးတစ်ခုအဖြစ် သေချာပေါက် ကျဆင်းသွားလိမ့်မယ်”

သူသည် ကောင်းကင်ဘုံတာအိုသူတော်စင်တစ်ဦး ဖြစ်လာသည့်အချိန်မှာပင် ဆူဇီမိုက သူ၏စိတ်ကို ငြိမ်သက်စေလိုက်ပြီဖြစ်၏။ သူသည် တိုက်ပွဲနယ်မြေမှ သူတော်စင်ဧကရာဇ်များကို ကြည့်ရုံသာ ကြည့်နေပြီး တိုက်ခိုက်ဖို့ အလောတကြီး ရှိမနေပေ။

ထိုအခိုက်အတန့်မှာ အခွင့်အရေးက သူ့လက်ထဲမှာ ရှိနေ၏။

သူ့မှာ မေးမြန်းလိုသည့် ကိစ္စတချို့ ရှိနေဆဲဖြစ်သည်။

ဆူဇီမိုက ပြောလိုက်၏။

“ပြန်ဝင်စားခြင်းက လောကမှာရှိတဲ့ သူတော်စင်တွေကို သတ်ဖြတ်ပြီး ပြန်ဝင်စားခြင်း လမ်းခြောက်သွယ်ကို တည်ဆောက်လိုတယ်... သူက ကောင်းမှုအတွက် ဆုလာဘ်ပေးပြီး ဆိုးယုတ်မှုအတွက် အပြစ်ဒဏ် ပေးလိုတယ်... အဲဒါက သူ့ရဲ့ရည်မှန်းချက်ဆိုရင် မဆိုးပါဘူး”

မူလအမြုတေစိတ်ဝိညာဉ် နတ်ဘုရားအပြစ်ဒဏ်က လေးနက်သော အသံဖြင့် ပြောလိုက်၏။

“သူက သူတော်စင်တွေရဲ့ အသက်ကိုတင် လိုချင်နေတာ မဟုတ်ဘူး... သူက မဟာသူတော်စင်တွေနဲ့ ငါတို့အပါ မူလအမြုတေစိတ်ဝိညာဉ်တွေကိုပါ ဖျက်ဆီးပစ်ချင်နေတာပဲ”

မူလအမြုတေစိတ်ဝိညာဉ် ဘိုးဘေးမီးက ထပ်ပြောလိုက်၏။

“ငါတို့ခြောက်ယောက် ကမ္ဘာတစ်ထောင်သုံးဆင့်လောကကို အုပ်စိုးခဲ့တုန်းက ငါတို့ကြားမှာ စစ်ဆေးကြည့်ရှုမှုတွေနဲ့ မျှခြေတွေ ရှိခဲ့တယ်... ငါတို့ ဖျက်ဆီးခံရတာနဲ့ ပြန်ဝင်စားခြင်းက တစ်ဦးတည်းကြီးစိုးလာပြီး ကမ္ဘာတစ်ထောင်သုံးဆင့်လောကအတွက် ကပ်ဘေးတစ်ခု သေချာပေါက် ဖြစ်လာလိမ့်မယ်”

မူလအမြုတေစိတ်ဝိညာဉ် လေဟာနယ်အချိန်က ပြောလိုက်၏။

“သက်ရှိတွေအားလုံးအတွက် မတိုင်းတာနိုင်တဲ့ကပ်ဘေးက ငါတို့ကို လုံးဝမခြိမ်းခြောက်နိုင်ဘူး... ပြန်ဝင်စားခြင်းက သူတော်စင်တွေကိုပဲ ဖျက်ဆီးပစ်ချင်တာဆိုရင် ငါတို့က သေချာပေါက် ကြားဝင်စွက်ဖက်မှာ မဟုတ်ဘူး”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

အရင်တုန်းက သူတော်စင်ဧကရာဇ်များကြား တိုက်ပွဲက ထို့ကြောင့် ဖြစ်ပွားခဲ့ခြင်းပင်။

ယခင်က သက်ရှိများအားလုံးအတွက် မတိုင်းတာနိုင်သော ကပ်ဘေးသည် မူလအမြုတေစိတ်ဝိညာဉ်များကို မခြိမ်းခြောက်နိုင်ဘူးဆိုမှတော့ သူတို့ကြားတိုက်ပွဲက ဘာကြောင့်ဖြစ်ပွားခဲ့သလဲ ဆူဇီမိုက စဉ်းစားနေခဲ့၏။

သူတို့ကို ခြိမ်းခြောက်ခဲ့သည့်အရာမှာ သက်ရှိများအားလုံးအတွက် မတိုင်းတာနိုင်သော ကပ်ဘေးမဟုတ်ဘဲ သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်း ဖြစ်နေသောကြောင့်ပင်။

“ကစဉ့်ကလျား အစိမ်းရောင်ကြာပန်းနဲ့ သူတော်စင်ဧကရာဇ်ဘဝက ဘယ်လိုသေသွားရတာလဲ”

ဆူဇီမိုက ထပ်မံ၍ မေးလိုက်၏။

အရင်တုန်းက သူတော်စင်ဧကရာဇ်များကြားတိုက်ပွဲမှာ မူလအမြုတေစိတ်ဝိညာဉ်ငါးဦးသည် အသာစီးရရှိခဲ့ပြီး နောက်ဆုံးမှာ သူတို့က အနိုင်ရရှိခဲ့ပေလိမ့်မည်။

သို့သော်လည်း မူလအမြုတေစိတ်ဝိညာဉ်ငါးဦးအနေဖြင့် ကစဉ့်ကလျား အစိမ်းရောင်ကြာပန်းနှင့် သူတော်စင်ဧကရာဇ်ဘဝကို လုံးလုံးလျားလျား သတ်ဖြတ်ဖို့က မဖြစ်နိုင်လောက်ပေ။

ကောင်းကင်ဘုံတာအိုသူတော်စင်ဧကရာဇ်များကဲ့သို့ တည်ရှိမှုများသည် မူလအမြုတေစိတ်ဝိညာဉ်များနှင့် ယှဉ်နိုင်လေသည်။ သူတို့အနေဖြင့် ပိုမိုသန်မာသော စွမ်းအားတစ်ခု ပါဝင်ပတ်သက်လာမှသာ လုံးလုံးလျားလျား သတ်ဖြတ်ခံရပေလိမ့်မည်။

ဤကဲ့သို့သော ပညာရှင်မျိုး ကမ္ဘာတစ်ထောင်သုံးဆင့်လောကမှာ မရှိပေ။

မဟုတ်မှလွဲ...

မူလအမြုတေစိတ်ဝိညာဉ် ထွက်ရပ်လမ်းက ပြောလိုက်၏။

“အရင်တုန်းက တိုက်ပွဲမှာ ကစဉ့်ကလျားရယ် ဘဝရယ် ပြန်ဝင်စားခြင်းရယ်က အတူပူးပေါင်းထားရင်တောင် ငါတို့ကို မနိုင်ခဲ့ဘူး... ကစဉ့်ကလျားနဲ့ ဘဝက အခြေအနေက မျှော်လင့်ချက်မရှိတော့တာကို တွေ့မြင်တဲ့အချိန်မှာ…”

ထိုနေရာအရောက်တွင် မူလအမြုတေစိတ်ဝိညာဉ် ထွက်ရပ်လမ်းက အရင်တုန်းက မြင်ကွင်းကို ပြန်လည်အမှတ်ရသွားသည့်အလား ခဏမျှ ရပ်တန့်သွားလေသည်။ သူ၏ မျက်နှာပေါ်တွင် အလွန်တရာ တွေဝေရှုပ်ထွေးသော အမူအရာတစ်ခု ပေါ်ထွက်လာ၏။ ထိုအမူအရာမှာ မုန်းတီးခြင်း၊ အမျက်ဒေါသ၊ မချင့်မရဲနှင့် ကြောက်ရွံ့မှု…. တို့ ပါဝင်နေ၏။

မူလအမြုတေစိတ်ဝိညာဉ် ထွက်ရပ်လမ်းက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“နောက်ဆုံးအခိုက်အတန့်မှာ ကစဉ့်ကလျားနဲ့ ဘဝက အတူပူးပေါင်းပြီး ကမ္ဘာတစ်ထောင်သုံးဆင့်လောကကို တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့ကြတယ်... သူတို့က တကယ့်တဇောက်ကန်းတွေပဲ”

ဆူဇီမိုက အနည်းငယ် မှင်တက်သွားပြီးမှ တဖြည်းဖြည်း နားလည်သဘောပေါက်လာ၏။

သူသည် ကောင်းကင်ဘုံတာအိုသူတော်စင်ဧကရာဇ်တစ်ပါး ဖြစ်လာသည့်အချိန်မှာပင် ကမ္ဘာတစ်ထောင်သုံးဆင့်လောကမှာ အက်ကွဲကြောင်းများ ရှိနေသည်ကို အာရုံခံမိနိုင်ပြီဖြစ်၏။

ထိုအက်ကွဲကြောင်းများသည် ကစဉ့်ကလျား အစိမ်းရောင်ကြာပန်းနှင့် သူတော်စင်ဧကရာဇ်ဘဝတို့ အတူပူးပေါင်းပြီး ကမ္ဘာတစ်ထောင်သုံးဆင့်လောကကို တိုက်ခိုက်ခဲ့သောကြောင့် ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။

ကစဉ့်ကလျား အစိမ်းရောင်ကြာပန်းနှင့် သူတော်စင်ဧကရာဇ်ဘဝ၏ စွမ်းအားအရ သူတို့အနေဖြင့် ကမ္ဘာတစ်ထောင်သုံးဆင့်လောကကို ဖျက်ဆီးဖို့က မဖြစ်နိုင်ပေ။

သူတို့၏ ရည်ရွယ်ချက်သည် ကမ္ဘာတစ်ထောင်သုံးဆင့်လောကမှာ အက်ကွဲကြောင်းများ ကျန်ရစ်ခဲ့စေဖို့သာ ဖြစ်ပေမည်။

မူလအမြုတေစိတ်ဝိညာဉ်ငါးဦးသည် ဤစကြာဝဠာကနေ မွေးဖွားပေါ်ထွက်လာ၏။ ဤစကြာဝဠာမှာ အဖတ်မဆယ်နိုင်သည့် အက်ကွဲကြောင်းများ ပေါ်ထွက်လာသည့်အခါ မူလအမြုတေစိတ်ဝိညာဉ်ငါးဦး၏ ထိခိုက်ဒဏ်ရာများကို ပြန်လည်ကုသနိုင်တော့မည် မဟုတ်ပေ။

သို့သော်လည်း သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်းသည် သူ့ကိုယ်ပိုင်ကြိုးစားအားထုတ်မှုများကနေသာ ကောင်းကင်ဘုံတာအိုသူတော်စင်ဧကရာဇ်တစ်ပါး ဖြစ်လာခြင်းပင်။ ထိုသို့ဖြင့် သူသည် ထိုရိုက်ခတ်သက်ရောက်မှုကနေ လွတ်မြောက်နိုင်လေသည်။

ကစဉ့်ကလျား အစိမ်းရောင်ကြာပန်းနှင့် သူတော်စင်ဧကရာဇ်ဘဝသည် အခြေအနေက မျှော်လင့်ချက်မရှိတော့ဘူးဆိုတာကို သိရှိခဲ့ကြ၏။ ထို့ကြောင့်ပင် သူတို့က ဤရွေးချယ်မှုကို ပြုလုပ်ခဲ့ခြင်းပင်။ သူတို့သည် သူတို့ကိုယ်သူတို့ စွန့်လွှတ်စတေးအနစ်နာခံပြီး သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်းအတွက် လမ်းဖောက်ပေးခဲ့လေသည်။ ထိုသို့ဖြင့် ဒီဘက်မျိုးဆက်မှာ သူတော်စင်ဧကရာဇ်များကြားတိုက်ပွဲ ပြန်လည်ဖြစ်ပွားလာခြင်းပင်။

နှစ်ပေါင်းမရေမတွက်နိုင်အောင် ဆင့်ကဲပြောင်းလဲလာခဲ့သည့် ကမ္ဘာတစ်ထောင်သုံးဆင့်လောကမှာသာ ကစဉ့်ကလျား အစိမ်းရောင်ကြာပန်းနှင့် သူတော်စင်ဧကရာဇ်ဘဝကို ဖျက်ဆီးနိုင်သည့်စွမ်းအား ရှိလေသည်။

သူတို့ အပြန်အလှန်စကားပြောဆိုနေစဉ် မူလအမြုတေစိတ်ဝိညာဉ်ငါးဦးနှင့် သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်းအကြား တိုက်ပွဲက ဆက်လက်၍ ဖြစ်ပွားနေ၏။

ဆူဇီမိုက သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်းကို လှမ်းကြည့်လိုက်၏။

မူလအမြုတေစိတ်ဝိညာဉ်ငါးဦးနှင့် မတူဘဲ သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်းက တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိသလို ဆူဇီမို၏ အကူအညီကို တောင်းဆိုခြင်းလည်း မရှိပေ။

အစကနေ ယခုအချိန်ထိ သူက သူ့အပေါ် စွပ်စွဲပြောဆိုမှုများကိုပင် ခုခံကာကွယ်ပြောဆိုခဲ့ခြင်း မရှိပေ။

ဆူဇီမို၏ ထင်မြင်ချက်အရ အရင်တုန်းက သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်း၏ ရွေးချယ်မှုက မှားချင်မှ မှားခဲ့ပေလိမ့်မည်။

သူသည် မျှတသော လောကတစ်ခုကို တည်ဆောက်ပြီး ထာဝရသက်ရှိများအားလုံးကို သတ်ဖြတ်လိုသည်ဆိုလျှင် မူလအမြုတေစိတ်ဝိညာဉ်ငါးဦးကိုပါ ထည့်တွက်ရပေလိမ့်မည်။

သူသည် သူတော်စင်များကိုသာ သတ်ဖြတ်ပြီး မူလအမြုတေစိတ်ဝိညာဉ်ငါးဦးကို ချန်ထားမည်ဆိုလျှင် သူသည် သက်ရှိများအားလုံးကို သတ်ဖြတ်ခဲ့သော ထိုသူတော်စင်များနှင့် ကွာခြားလိမ့်မည် မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် သူကိုယ်တိုင်ကလည်း ထာဝရသက်ရှိတစ်ဦး ဖြစ်နေ၏။

မူလအမြုတေစိတ်ဝိညာဉ်ငါးဦးကို ဖိနှိမ်ပြီးနောက် သူက ဘာဆက်လုပ်မှာလဲ...

ဆူဇီမို မသိပေ။

သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်းသည် ပို၍ပင် ကြီးမားသော ကပ်ဘေးတစ်ခုကို ကျရောက်လာစေတာ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

သို့သော်လည်း ထိုဖြစ်နိုင်ခြေတစ်ခုကြောင့် သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်းကို သတ်ဖြတ်ရန် ဆူဇီမိုသည် မူလအမြုတေစိတ်ဝိညာဉ်ငါးဦးနှင့် ပူးပေါင်းလိမ့်မည် မဟုတ်ပေ။

ဒါ့အပြင် စောစောက သူ့ကိုသတ်ဖြတ်ချင်ခဲ့သည်က မူလအမြုတေစိတ်ဝိညာဉ်ငါးဦးဖြစ်ပြီး သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်းကတော့ သူ့ကိုကယ်တင်ပေးခဲ့လေသည်။

သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်းသည် အနာဂတ်မှာ ဘာလုပ်မည်ကို သူ မသိပေ။

သို့သော်လည်း အနည်းဆုံးတော့ ဤအခိုက်အတန့်မှာ သူသည် သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်းနှင့် ရန်သူများဖြစ်လာဖို့ အကြောင်းပြချက် မရှိပေ။

“အထီးကျန်သိုင်းသခင်… မင်း ဘာကို တွေဝေတုံ့ဆိုင်းနေတာလဲ”

မူလအမြုတေစိတ်ဝိညာဉ် ထွက်ရပ်လမ်းက အော်ပြောလိုက်၏။

ဒေါင်…

ကစဉ့်ကလျားခေါင်းလောင်းက မူလအမြုတေစိတ်ဝိညာဉ် ထွက်ရပ်လမ်း၏ စကားကို တုံ့ပြန်သံပြုလိုက်လေသည်။

ထိုအသံကနေတစ်ဆင့် မူလအမြုတေစိတ်ဝိညာဉ်ငါးဦးသည် ဆူဇီမို၏ စိတ်ဆန္ဒကို တစ်ချိန်တည်းမှာ အာရုံခံမိသွားကြပြီး ရင်ထဲမှာ ဆို့နင့်သွားကြ၏။

ဝုန်း…

နောက်ခဏ၌ ကစဉ့်ကလျားခေါင်းလောင်းသည် ဆူဇီမို၏ ဦးခေါင်းထက်မှာ လွင့်မျော၍ တိုက်ပွဲနယ်မြေသို့ ဆင်းသက်ရောက်ရှိလာပြီး မူလအမြုတေစိတ်ဝိညာဉ်ယင်ယန်နှင့် မူလအမြုတေစိတ်ဝိညာဉ် လေဟာနယ်အချိန်ကို တားဆီးလိုက်၏။

သူတို့အားလုံးသည် ကောင်းကင်ဘုံတာအိုသူတော်စင်ဧကရာဇ်များ ဖြစ်ကြသော်လည်း မူလအမြုတေစိတ်ဝိညာဉ်ငါးဦးက မည်သို့ပင်ဆိုစေ ထိခိုက်ဒဏ်ရာရရှိထားကြ၏။

ယခုအချိန်မှာ ဆူဇီမိုသည် ကောင်းကင်ဘုံတာအိုသူတော်စင်ဧကရာဇ်တစ်ပါးအဖြစ် သူ၏အထွတ်အထိပ်အခြေအနေမှာ ရှိနေပြီး ကစဉ့်ကလျားကောင်းကင်ဘုံတာအိုကို ထိန်းချုပ်ထားလေသည်။ သူသည် နှစ်ယောက်တစ်ယောက် တိုက်ခိုက်နေသော်လည်း အရေးနိမ့်ခြင်းမရှိပေ။

အခြားတစ်ဖက်မှာ သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်းသည် အစက ငါးယောက်တစ်ယောက် တိုက်ခိုက်နေခဲ့ရ၏။ ယခု သူသည် မူလအမြုတေစိတ်ဝိညာဉ်သုံးဦးနှင့် ရင်ဆိုင်ရပြီး သူ့အပေါ် ဖိအားက လျော့ကျကာ သူ၏ အော်ရာက တစ်ရှိန်ထိုး မြင့်တက်လာ၏။

သူသည် ကောင်းကင်ဘုံစာအုပ်၊ ကမ္ဘာမြေစာအုပ်နှင့် လူသားစာအုပ်တို့ကို သူတို့၏ အကန့်အသတ်အထိ အသက်သွင်းပြီး ကောင်းကင်တစ်ခွင်အုပ်မိုးကာ စကြဝဠာကို မှောက်လှန်ပြီး ကောင်းကင်ဘုံတာအိုစက်ဝန်း၏ စွမ်းအားကို ၎င်း၏ အကန့်အသတ်အထိ ထုတ်ဖော်လိုက်၏။

ဝုန်း... ဝုန်း... ဝုန်း…

သူတော်စင်ဧကရာဇ်များကြားတိုက်ပွဲက ကမ္ဘာတုန်လောက်ဖွယ်ရာ ပြင်းထန်ကြမ်းတမ်းလာ၏။

ဝရုန်းသုန်းကားဖြစ်နေသည်က ကမ္ဘာတစ်ထောင်လောကသာလျှင် မဟုတ်ပေ။ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနှင့် ကမ္ဘာငယ်တစ်ထောင်လောကများကပင် သက်ရောက်ခြင်းခံရပြီး ကပ်ဘေးများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာ၏။

ကမ္ဘာတစ်ထောင်သုံးဆင့်လောကမှ သက်ရှိအများစုသည် ဖြစ်ပျင်နေသည့်အရာကို မသိရှိကြပေ။ သူတို့သည် ထိတ်လန့်တကြား အမူအရာများနှင့်အတူ နီရဲနေသော ကောင်းကင်နှင့် ကျဆင်းလာသော သွေးမိုးများကိုသာ ကြည့်နေကြ၏။

မဟာကမ္ဘာတစ်ထောင်လောကမှာ သူတော်စင်များနှင့် မဟာသူတော်စင်များအကြား တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေပြီး ပို၍ပင် ပြင်းထန်ကြမ်းတမ်းကာ ချောက်ချားစရာကောင်းလာ၏။

တိုက်ပွဲထဲမှာ သူတော်စင်များက တစ်ဦးပြီးတစ်ဦး သေဆုံးသွားကြ၏။

မဟာသူတော်စင်များပင်လျှင် ဒဏ်ရာများဖြင့် ပြည့်နှက်ပြီး သွေးများ စီးကျနေ၏။

သူတော်စင်အရှင်ငါးဦးအနေဖြင့် ယခုအချိန်ထိ တောင့်ခံထားသည်မှာ သူတို့၏ အကန့်အသတ် ဖြစ်နေလေပြီ။

သူတို့၏ ရင်ထဲမှာ မျှော်လင့်ချက်ပါးပါးကလေး ရှိနေဆဲဖြစ်၏။

သူတို့သည် အရင်တုန်းကလိုပင် သူတော်စင်ဧကရာဇ်များကြားတိုက်ပွဲမှာ မူလအမြုတေစိတ်ဝိညာဉ်ငါးဦး အနိုင်ရဖို့ကို မျှော်လင့်စောင့်စားနေကြ၏။

“အား…”

ထိုစဉ်မှာပင် ကမ္ဘာတစ်ထောင်လောကကနေ ချောက်ချားစရာကောင်းသော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာ၏။

ထိုသည်မှာ မူလအမြုတေစိတ်ဝိညာဉ် နတ်ဘုရားအပြစ်ဒဏ်၏ အသံဖြစ်သည်။

နောက်ဆုံးမှာတော့ မူလအမြုတေစိတ်ဝိညာဉ်သုံးဦးသည် သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်း၏ တိုက်ခိုက်မှုများကို ကိုင်တွယ်နိုင်ခြင်း မရှိတော့ဘဲ မူလအမြုတေစိတ်ဝိညာဉ် နတ်ဘုရားအပြစ်ဒဏ်သည် ကမ္ဘာမြေစာအုပ်ဖြင့် ဖိနှိမ်ခြင်းခံလိုက်ရ၏။

ထို့နောက် ချက်ချင်းပင် လူသားစာအုပ်သည် မူလအမြုတေစိတ်ဝိညာဉ် နတ်ဘုရားအပြစ်ဒဏ်ကို ဒဏ်ရာအပြင်းအထန် ရရှိစေပြီး ကောင်းကင်ဘုံစာအုပ်က ဆင်းသက်လာကာ ၎င်းကို ဝါးမျိုလိုက်၏။

မူလအမြုတေစိတ်ဝိညာဉ် နတ်ဘုရားအပြစ်ဒဏ်သည် ကောင်းကင်ဘုံစာအုပ်ထဲမှာ ရုန်းကန်နေ၏။ သို့သော်လည်း နောက်ဆုံးမှာ သူက မယှဉ်နိုင်ဘဲ ကောင်းကင်ဘုံစာအုပ်၏ လုံးလုံးလျားလျား ဖိနှိမ်ဖျက်ဆီးခြင်း ခံလိုက်ရ၏။

မူလအမြုတေစိတ်ဝိညာဉ် နတ်ဘုရားအပြစ်ဒဏ်ကို ဖိနှိမ်ပြီးနောက် ကောင်းကင်ဘုံစာအုပ်သည် ရုတ်တရက် ပြိုးပြိုးပြက်ပြက် အလင်းတစ်ခုကို ထုတ်လွှတ်ပြီး မိုးကြိုးလျှပ်စီးများ လွှမ်းခြုံလာ၏။ ၎င်း၏ အော်ရာက ဆပွားမြင့်တက်ပြီး ၎င်း၏ ခွန်အားက သိသိသာသာ တိုးလာလေသည်။

အစကတော့ ကောင်းကင်ဘုံစာအုပ်သည် မဟာတာအိုသုံးထောင်ကိုသာ မှတ်တမ်းတင်ထား၏။

သို့သော် ယခု ကောင်းကင်ဘုံစာအုပ်မှာ နောက်ထပ် ကောင်းကင်ဘုံတာအိုတစ်ခု၊ နတ်ဘုရားအပြစ်ဒဏ် တိုးလာလေသည်။

လူသားစာအုပ်မှာလည်း နောက်ထပ်စာရွက်တစ်ရွက် ထပ်တိုးလာ၏။

လူသားစာအုပ်၏ စာရွက်တိုင်းက မျိုးနွယ်စုတစ်စု၏ သက်ရှိများကို မှတ်တမ်းတင်ထားလေသည်။

ထိုစာမျက်နှာမှာတော့ သက်ရှိတစ်မျိုးကိုသာ မှတ်တမ်းတင်ထားလေသည်။

မူလအမြုတေစိတ်ဝိညာဉ် နတ်ဘုရားအပြစ်ဒဏ်...။

ဆင်တူစွာပင် ကမ္ဘာမြေစာအုပ်သည် မူလအမြုတေစိတ်ဝိညာဉ်၏ ဝိညာဉ်ကို ဝါးမျိုလိုက်၏။

မူလအမြုတေစိတ်ဝိညာဉ် နတ်ဘုရားအပြစ်ဒဏ်ကို ဖိနှိမ်ပြီးနောက် စာအုပ်သုံးအုပ်၏ စွမ်းအားက လျင်မြန်စွာ မြင့်တက်လာလေသည်။

ကောင်းကင်ဘုံတာအို သူတော်စင်လက်နက်သုံးခုဖြစ်သော ကောင်းကင်ဘုံစာအုပ်၊ ကမ္ဘာမြေစာအုပ်နှင့် လူသားစာအုပ်တို့က ဆက်လက်၍ သန်မာကြီးပြင်းလာကြသည်။

All Chapters