အခန်း (၂၈၉-၂၉၁)
Vol. 20 Ch. 289-291
အပိုင်း ( 289 )
အပိုင်းပိုင်းအစစ ဆုတ်ဖြဲခြင်း
“ ဇွီ !! “
ကံကောင်းထောက်မစွာဖြင့် စွမ်းအင်တစ်ခု ပေါ်လာခဲ့ကာ ယန်တျန်ဒုံ၏ တိုက်ခိုက်မှုကို ချေဖျက်သွားခဲ့သည်။
ဝုချင်းရှန်မှ မာမာထန်ထန် ပြောလာခဲ့သည် “ ချန်းရှင် ရှုံးတယ် “
သူသည် ယန်တျန်ဒုံကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည် “ တစ်ဖက်က အရှုံးပေးလာခဲ့ရင် မင်းဆက်တိုက်နေလို့ မရဘူး။ ဒါက သေခြင်းရှင်ခြင်းတိုက်ပွဲ မဟုတ်ဘူး “
ယန်တျန်ဒုံသည် ပခုံးတွန့်ပြကာ စကားပြောလာခဲ့သည် “ တောင်းပန်ပါတယ်၊ ကျွန်တော်က တိုက်ပွဲထဲမှာပဲ အာရုံစိုက်နေမိလို့ မကြားမိလိုက်ဘူး “
မကြားလိုက်တာလား?
စင်အောက်ရှိ အစစ်အမှန် သိုင်းပညာဌာနမှ ကျောင်းသူကျောင်းသားတို့၏ အမူအရာများ မည်းမှောင်သွားတော့သည်။
ဒုတိယအဆင့်နယ်ပယ်သို့ ရောက်ရှိနေသော သိုင်းပညာရှင်များသည် သေချာသော အကွာအဝေးတစ်ခုအတွင်းရှိ အရာအားလုံးကို မြင်နိုင်ကြားနိုင်ပေသည်။ ဤမျှလောက် နီးကပ်နေသော အနေအထားဆိုပါက ပြောနေရန်ပင် မလိုတော့ချေ။
“ ဒီခွေးသူတောင်းစားကတော့ !!! “
အစစ်အမှန် သိုင်းပညာဌာနမှလူများသည် မျက်လုံးများနီရဲသွားကာ အံတကြိတ်ကြိတ် ဖြစ်သွားတော့သည်။
ရှုကျိုး၏ အကြည့်မှာလည်း အေးစက်စက် ဖြစ်နေခဲ့သည်။
ချန်းရှင်သည် စင်အောက်သို့ ရောက်နေခဲ့ပြီးမှ ယန်တျန်ဒုံ၏ ကန်ချက်ကို ခံလိုက်ရကာ စင်ပေါ်သို့ ပြန်ရောက်သွားခဲ့ခြင်းဖြစ်သည်။
ယန်တျန်ဒုံမှ ချန်းရှင်ကို ရည်ရွယ်ချက်ရှိရှိ ရက်ရက်စက်စက် ဒုက္ခပေးခဲ့သည်မှာ သိသာလှပေသည်။
သူဒေါသအထွက်ရဆုံးအရာမှာ အရှုံးပေးသည်ဟု သူအော်ပြောခဲ့သည့်တိုင်အောင် ထိုကောင်မှ ချန်းရှင်၏ အရေးအကြီး အစိတ်အပိုင်းများကို ချိန်ရွယ်၍ ဆက်လက်တိုက်ခိုက်ခဲ့ခြင်းပင် ဖြစ်သည်။
ဝုချင်းရှန်ကသာ အချိန်မှီ ဝင်မပါနိုင်ခဲ့ပါက ချန်းရှင်၏ အောက်ပိုင်း ခန္ဓာကိုယ်သည် လုံးဝချေမွခံလိုက်ရမည် ဖြစ်သည်။
စင်ပေါ်ရှိ ယန်တျန်ဒုံသည် ချန်းရှင်ကို ဒုက္ခိတဖြစ်သွားအောင် မလုပ်နိုင်ခဲ့သည့်အတွက် နောင်တရနေသည့်ပုံပင်။
“ ဒီတစ်ခါတော့ နင်ကံကောင်းသွားတယ် “
သူသည် ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသည့် ချန်းရှင်ကို ကြည့်ကာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်၊ ထို့နောက်တွင် သူသည် စင်အောက်ရှိ ရှုကျိုးကို ကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။
ယန်တျန်ဒုံ၏ နှုတ်ခမ်းထောင့်များသည် အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားကာ၊ တိတ်တဆိတ် ပြောလာခဲ့သည် “ နောက်တစ်ယောက်က မင်းပဲ “
ရှုကျိုးသည် အေးစက်စွာ ပြန်စိုက်ကြည့်လိုက်သည်၊ သူ၏အမူအရာသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် တည်ငြိမ်နေခဲ့သည်။
“ ဝှစ် !!! “
ရှန့်ဝမ်ချန်းသည် စင်ပေါ်သို့ တက်လာခဲ့ကာ သတိမေ့လျော့နေသည့် ချန်းရှင်ကို ဆေးဝန်ထမ်းဆီသို့ ချက်ချင်း သယ်ဆောင်သွားတော့သည်။
“ ဆရာ၊ ဘယ်လိုလဲဗျ? “
“ ပြင်းထန်တဲ့ အတွင်းအဂ်ါ ဒဏ်ရာတွေနဲ့အတူ ဝမ်းဗိုက် အဖောက်ခံထားရတယ်၊ နောင်အနာဂတ်မှာ စတုတ္ထအဆင့်ကို တက်တဲ့အချိန်ကျရင် သက်ရောက်မှုတစ်ချို့ရှိနိုင်တယ် “
ဆရာဝန်၏ အမူအရာသည် အလွန်တရာ အေးစက်နေခဲ့သည်။
၎င်းကို ကြားလိုက်ရသောအခါတွင် ရှန့်ဝမ်ချန်း၏ အမူအရာမှာလည်း မည်းမှောင်သွားခဲ့သည်။
ဒီကောင်ယန်တျန်ဒုံက တော်တော်ကြီးကို ရက်စက်တာပဲ !!
“ သူမက ပြန်ကောင်းနိုင်ပါ့မလား? “
“ အဲ့တာက ကံတရားအပေါ်မှာပဲ မူတည်တယ် “
ဆရာဝန်သည် စကားများများစားစား ပြောမနေဘဲ၊ ချန်းရှင်ကိုသာ အာရုံစိုက်၍ ကုသနေခဲ့သည်။
သွေးတိတ်သွားသည့်နောက်တွင် ဆရာဝန်သည် ချန်းရှင်ကို ဆေးရုံသို့ ခေါ်သွားတော့သည်။
ထွက်မသွားခင်အချိန်တွင် ချန်းရှင်သည် ရုတ်တရက် လက်မြှောက်ကာ လေသံတိုးတိုးလေးဖြင့် စကားပြောလာခဲ့သည်။
ရှုကျိုးသည် ရှေ့သို့တိုးသွားကာ ပြောလိုက်သည် “ စီနီယာအစ်မ၊ ဘာဖြစ်လို့လဲ? “
ချန်းရှင်သည် သွေးတိတ်စေသည့် ရေမြှုပ်ကို ထွေးထုပ်ကာ၊ သူ့ကိုကြည့်၍ စကားပြောလာခဲ့သည် “ ဂျူနီယာမောင်လေး၊ သူက အရမ်းစွမ်းတယ်၊ ကိုယ့်ကိုကိုယ် တွးန်းအား မပေးနဲ့ …. “
ချန်းရှင်၏ မျက်လုံးလေးများထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အငွေ့များ တည်ရှိနေခဲ့သည်။
“ ကျွန်တော်သိပါတယ် “ ရှုကျိုးသည် တစ်ခဏခန့် တိတ်ဆိတ်သွားပြီး၊ နူးညံ့စွာ ပြောဆိုလိုက်သည် “ ကျွန်တော် လက်စားချေပေးမယ်၊ ကောင်းကောင်း အနားယူလိုက်နော် “
ဆရာဝန်သည် ချန်းရှင်ကို ခေါ်သွားတော့သည်။
ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ စင်မြင့်ရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။
…
စင်မြင့်ဘေးတစ်ဖက်ရှိ ကွေ့မူသည် ယန်တျန်ဒုံကို စိုက်ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူသည် ဘေးဘက်ရှိ ချီဟောက်ကို ကြည့်ကာ စကားပြောလိုက်သည် “ ကြည့်ရတာတော့ ယန်တျန်ဒုံရဲ့ စွမ်းအားက အဆင့်နှစ်ခုတိတိ ရုတ်တရက် မြင့်တက်လာသလိုပဲ? မနေ့တုန်းကတော့ သူက အဲ့လောက် မစွမ်းပါဘူး “
“ တကယ်တော့ မနေ့က ကျွန်တော် မှားပြောမိသွားတာလေ “ ချီဟောက်သည် ရယ်ရယ်မောမောဖြင့် ပြောလာခဲ့သည် “ ပြီးတော့ ဖိအားတွေအောက်မှာ ယန်တျန်ဒုံ အဆင့်တက်သွားတာက ပုံမှန်ပဲ မဟုတ်ဘူးလား? “
နဝမအဆင့် ပညာရှင်တစ်ဦးအနေဖြင့် သူတို့သည် ကျောင်းသူကျောင်းသားတို့၏ စွမ်းအားကို အကြမ်းဖျင်း မြင်တွေ့နေနိုင်သည်။
သို့သော် တစ်ခါတစ်ရံတွင် သူတို့လည်း အမှားလုပ်မိတတ်ကြသည်။
ရှုကျိုးကဲ့သို့ပင် သူတို့သည် ရှုကျိုး၏ စွမ်းအားကို မှန်ကန်စွာ မမှန်းဆနိုင်ခဲ့ပေ။
ကွေ့မူသည် မည်သည့်စကားမှ ထပ်မပြောလာတော့ပေ။
ချီဟောက်ပြောသကဲ့သို့ပင်၊ ယန်တျန်ဒုံကဲ့သို့သော ထူးချွန်ထက်မြက်သည့် ကျောင်းသားတစ်ဦးက ဖိအားများအောက်တွင် အဆင့်တက်သွားခြင်းမှာ ပုံမှန်သာဖြစ်ပေသည်။
သို့သော် အဆင့်နှစ်ဆင့် ရုတ်တရက် မြင့်တက်သွားခြင်းသည် သူ့အား သံသယဝင်သွားစေခဲ့သည်။
သူ့ဘေးနားရှိ နတ်သိုင်းဌာန၏ ဌာနမှူး လျူတုန်ဖင်းမှာလည်း အပြုံးဖြင့် စကားဝင်ပြောလာခဲ့သည်။
“ ဒီယန်တျန်ဒုံက လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ နတ်သိုင်းဌာနရဲ့ အထူးချွန်ဆုံးပါရမီရှင် ဖြစ်နေခဲ့တာပါ၊ သမိုင်းမှာတောင် သူ့လိုလူမျိုး မရှိခဲ့ပါဘူး။ သူက အမြင့်ပိုင်းအဆင့်တွေကို ရောက်လာတာနဲ့ တစ်ပြိုင်နက် ကမ္ဘာ့ထိပ်တန်း ပညာရှင်တွေကို စိန်ခေါ်တိုက်ခိုက်လာနိုင်ပါတယ် “
“ ဖြစ်ကောင်းဖြစ်နိုင်ပါတယ် “ ကွေ့မူသည် ဘာသိဘာသာ ပြန်ပြောလိုက်သည်၊ သို့သော် သူ၏မျက်လုံးများမှာ အေးစက်နေခဲ့သည်။
ပြိုင်ဘက်များအပေါ်ထားရှိသည့် ယန်တျန်ဒုံ၏ နည်းလမ်းများသည် အတော်လေး ရက်စက်ကြမ်းကြုတ်လွန်းနေခဲ့သည်၊ အထူးသဖြင့် ချန်းရှင်၏ ခန္ဓာကိုယ်ကို ပစ်မှတ်ထားသည့် အဆိုပါ တိုက်ခိုက်မှုဖြစ်ပြီး၊ ၎င်းသည် သူ့လိုလူတစ်ဦးအတွက်ပင် လက်ခံရခက်ခဲနေခဲ့သည်။
သူသည် အစစ်အမှန် သိုင်းပညာဌာနှင့် နတ်သိုင်းဌာနတို့ကြားရှိ ပဋိပက္ခကို သိနေခဲ့သည်။
သို့သော် အစစ်အမှန် သိုင်းပညာဌာနသည် နတ်သိုင်းဌာနမှ ပါရမီရှင်များကို ဤကဲ့သို့သော နည်းလမ်းမျိုးဖြင့် တစ်ကြိမ်တစ်ခါမှ မကိုင်တွယ်ခဲ့ဖူးချေ။
…
ကောင်းကင်ထက်မှ မိုးများစတင်၍ ကျဆင်းလာခဲ့သည်။
“ ဒုတိယအဆင့်နယ်ပယ်ရဲ့ နောက်ဆုံးပြိုင်ပွဲက ရှုကျိုးနဲ့ ယန်တျန်ဒုံတို့ပါ၊ နှစ်ယောက်စလုံး အသင့်ပြင်ထားကြပါ “
ပရိတ်သတ်ထဲရှိ ဝုချင်းရှန်မှ အေးစက်စွာ အော်ပြောလာခဲ့သည်။
ယန်တျန်ဒုံသည် စင်မြင့်ပေါ်တွင်သာ ရှိနေခဲ့ပြီး လုံးဝအောက်မဆင်းသွားခဲ့ပေ၊ ယခု၌ သူသည် အောက်ဘက်သို့ စိုက်ကြည့်နေလျက်ရှိသည်။
သူရှုကျိုးကို ကြည့်နေသည့် အကြည့်သည် လူသေတစ်ဦးကို ကြည့်နေသကဲ့သို့ ဖြစ်နေခဲ့သည်။
နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် ရှုကျိုးသည် စင်ပေါ်သို့ တက်လာခဲ့သည်။
စင်အောက်ရှိ အစစ်အမှန် သိုင်းပညာဌာနဘက်မှ အဖွဲ့ဝင်တို့၏ အမူအရာများ လေးနက်သွားကြသည်။
ဒုတိယအဆင့်နယ်ပယ်၏ ဗိုလ်လုပွဲ !!
ရှုကျိုးနှင့် ယန်တျန်ဒုံတို့ကြားရှိ တိုက်ပွဲသည် အစစ်အမှန် သိုင်းပညာဌာနနှင့် နတ်သိုင်းဌာနတို့ကြားတွင် မည်သည့်ဘက်က ဒုတိယအဆင့်တွင် အသန်မာဆုံးလဲဆိုသည်ကို ဆုံးဖြတ်ပေးမည် ဖြစ်သည်။
ရင်ပြင်ထဲရှိ လူအားလုံး နိုးနိုးကြားကြား ဖြစ်သွားကြသည်။
ရှန်ဖေး၊ ဂျန်ချန်နှင့် တစ်ခြားလူများမှာလည်း စိုးရိမ်တကြီးဖြစ်နေသော အမူအရာများဖြင့် စောင့်ကြည့်နေကြသည်။
တတိယအဆင့်အဖွဲ့ထဲတွင် ရှိနေသည့် ချင်ဖုန်းမှာလည်း လေးလေးနက်နက် စောင့်ကြည့်နေခဲ့သည်။
ဒုတိယအဆင့်နယ်ပယ်ကိုသာ အနိုင်ရသွားမည်ဆိုပါက သူတို့အပေါ်သို့ ရောက်ရှိနေသည့် ဖိအားတော်တော်များများ လျော့ပါးပျောက်ကွယ်သွားမည်ဖြစ်သည်။
စင်ပေါ်၌
ရှုကျိုးသည် စင်ပေါ်သို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် ယန်တျန်ဒုံ၏ ရှေ့တည့်တည့်တွင် မတ်တပ်ရပ်လိုက်သည်၊ သူတို့နှစ်ဦးစလုံးသည် သတ်ဖြတ်လိုသည့် အရှိန်အဝါများကို ဖော်ထုတ်ထားကြသည်။
ဝုချင်းရှန်မှ ကျယ်လောင်စွာ အော်ပြောလာခဲ့သည် “ ဒါက သေခြင်းရှင်ခြင်း တိုက်ပွဲ မဟုတ်ဘူး၊ အကြောင်းမဲ့ သတ်ဖြတ်တာမျိုး လုပ်လို့မရဘူး “
ရှုကျိုးသည် ခေါင်းခါပြ၍ မေးမြန်းလာခဲ့သည် ” တကယ်လို့ မတော်တဆဖြစ်သွားမယ်ဆိုရင်ရော? “
“ … ”
ဝုချင်းရှန်သည် မည်သို့မျှ မတုံ့ပြန်လာခဲ့ဘဲ၊ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ကြည့်နေသော တစ်ဖက်ရှိ ယန်တျန်ဒုံကို ဖျတ်ခနဲကြည့်လိုက်သည်။
ဤလူနှစ်ဦးစလုံးက တစ်ဦးကိုတစ်ဦး သတ်ဖြတ်လိုစိတ်(သို့) ဒုက္ခိတဖြစ်သွားအောင် လုပ်လိုစိတ်များဖြင့် ရောက်လာခဲ့သည်မှာ သိသာလွန်းနေခဲ့သည်။
ရှုကျိုး၏ သတ်ဖြတ်လိုစိတ်မှာမူ သူ၏စီနီယာအစ်မဖြစ်သူအတွက် ပေါ်လာခြင်းဖြစ်သောကြောင့် နားလည်၍ရပေသည်။
သို့သော် ယန်တျန်ဒုံကမူ ……
“ ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ စရိုက်မျိုးနဲ့ဆိုရင် နောင်အနာဂတ်မှာ တာဝန်ကြီးတွေ လုပ်ဖို့အတွက် သင့်တော်မှာ မဟုတ်ဘူး “ ဝုချင်းရှန်သည် တွေးတောစဥ်းစားနေရင်းဖြင့် ယန်တျန်ဒုံ၏ တန်ဖိုးကို တိတ်တဆိတ် တွက်ချက်နေခဲ့သည်။
သူသည် မည်သည့်စကားမှ ထပ်မပြောတော့ဘဲ၊ ကျယ်လောင်စွာ ကြေညာလာခဲ့သည် ” ပြိုင်ပွဲစမယ် “
ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် စင်ပေါ်ရှိ လူနှစ်ဦးစလုံးမှာ ချက်ချင်း လှုပ်ရှားလာခဲ့သည်။
“ သတ် !! “
ဓားရှည်တစ်လက်သည် ဓားအိမ်ထဲမှ ဖောက်ထွက်လာခဲ့သည်။
မိုးရေထဲ၌ ရှုကျိုး၏ ပုံရိပ်သည် လျှပ်စီးတန်းတစ်ခုကဲ့သို့ ဖြစ်နေခဲ့ကာ ယန်တျန်ဒုံဆီသို့ ဓားချက်တစ်ခု စေလွှတ်လိုက်သည်။
အဆိုပါ ခုတ်ချက်ထဲတွင် မည်သည့်အထူးနည်းစနစ်မှ ပါဝင်မနေခဲ့ပေ၊ ၎င်းသည် ရိုးရှင်းသော ဓားချက်တစ်ခုသာလျှင် ဖြစ်သည်၊ သို့သော် ၎င်းသည် အားကောင်းပြင်းထန်သော ချီ-သွေးစွမ်းအင်များကိုသယ်ဆောင်ကာ သွေးနီရောင် စက်ဝိုင်းခြမ်းတစ်ခုကဲ့သို့ လေထုကို ထိုးဖောက်၍ ယန်တျန်ဒုံဆီသို့ ဦးတည်သွားတော့သည်။
……………………………………………………………………………………………………………………………………..
အပိုင်း ( 290 )
အပိုင်းပိုင်းအစစ ဆုတ်ဖြဲခြင်း ၂
“ ဒါလေးပဲလား? “
ယန်တျန်ဒုံသည် အေးစက်စွာ လှောင်ပြောင်၍ သူ၏လှံကို ပေါ့ပေါ့ပါးပါး လွှဲရမ်းလိုက်သည်။
ဘမ်းဟူသောအသံနှင့်အတူ ဓားနှင့်လှံတို့ တိုက်မိသွားကြသည်။
ချက်ချင်းဆိုသလိုပင် အရှိန်အဝါတစ်ခုသည် ရှုကျိုး၏ ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်၊ ဒုတိယအဆင့်၊ အစောပိုင်း ဒုတိယအဆင့်၊ အလယ်အလတ် ဒုတိယအဆင့်၊ နှောင်းပိုင်း ဒုတိယအဆင့် !!!
တတိယအဆင့်နယ်ပယ်နှင့် ယှဥ်နေနိုင်သည့် ဖိအားတစ်ခုသည် ရင်ပြင်တစ်ခုလုံးကို ဖုံးလွှမ်းလာခဲ့သည်။
အနီးအနားရှိ ပထမအဆင့်နယ်ပယ်မှ ကျောင်းသူကျောင်းသားတစ်ချို့သည် မြေပြင်ပေါ်သို့ ချက်ချင်း လဲကျသွားကာ အမူအရာများ ပြောင်းလဲသွားကြသည်။
ရှုကျိုးနှင့် အနီးဆုံးနေရာတွင်ရှိနေသည့် ယန်တျန်ဒုံမှာလည်း ရုတ်တရက် အမူအရာ ပြောင်းလဲသွားခဲ့သည်။
ဓားအလင်းတန်းတစ်ခုပေါ်ထွက်လာခဲ့သည် !!
“ ဝုန်းးးးး !! “
ရှုကျိုး၏ ဓားအလင်းတန်းသည် ရုတ်တရက် ဆယ်ဆကြီးမားလာခဲ့သည်၊ အားကောင်းပြင်းထန်သော ချီ-သွေးနှင့် ဓားစွမ်းအင်တို့သည် ယန်တျန်ဒုံ၏မျက်နှာကို တိုက်ရိုက်ချိန်တွယ်လာခဲ့သည်။
ဘမ်းဟူသော အသံနှင့်အတူ ယန်တျန်ဒုံသည် နောက်သို့ လွင့်ထွက်သွားခဲ့သည်။
ပြင်းထန်သော ထိတွေ့မှုအောက်တွင် သူ၏တိုက်ပွဲဝင်ဝတ်စုံသည် ထပ်မံ၍ စုတ်ပြဲသွားပြီး၊ အဝတ်စအနည်းငယ်မျှ ကျန်နေခဲ့ကာ သူ့အား အလွန်အရှက်ရသွားစေခဲ့သည်။
ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
ပရိတ်သတ်အုပ်ထဲရှိ အဌမအဆင့် ပညာရှင်တစ်ချို့ကပင် ရုတ်တရက် မတ်တပ်ထရပ်လာကြသည်။
“ နှောင်းပိုင်း ဒုတိယအဆင့်လား? “
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ !!! “
ကွေ့မူမှာလည်း ချက်ချင်း မျက်လုံးပြူးသွားခဲ့သည်၊ တစ်ညအတွင်းမှာပဲ ပထမအဆင့် အထွတ်အထိပ်ကနေ နှောင်းပိုင်းဒုတိယအဆင့်ကို တန်းရောက်သွားတာလား?
သူက အဲ့တာကို ဘယ်လိုလုပ်ခဲ့တာလဲ??
ပညာရှင်များကပင် တအံ့တဩဖြစ်နေကြသောကြောင့် ကျောင်းသူကျောင်းသားများသာဆိုပါက ပြောနေရန်ပင် မလိုတော့ချေ။
…
စင်မြင့်ထက်၌
ယန်တျန်ဒုံသည် အစွန်းဘက်တွင် ရပ်တန့်သွားခဲ့ကာ အပြုံးတစ်ခုဖြင့် ခေါင်းမော့၍ ကြည့်လာခဲ့သည်။
“ နှောင်းပိုင်း ဒုတိယအဆင့်လား? “
“ ငါသိပြီ “
သူနားလည်သွားခဲ့ပြီ ဖြစ်သည်။
ဝမ်ခိုင်ကို အနိုင်တိုက်ခဲ့တာနဲ့ အစစ်အမှန် သိုင်းပညာဌာနက သူ့ကို အဓိကလူအဖြစ် သတ်မှတ်ထားခဲ့တာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ၊ ဒီလိုဖြစ်နေခဲ့တာကိုး !!!
ယန်တျန်ဒုံသည် အူလှိုက်သည်းလှိုက်ရယ်မောကာ ရှုကျိုးကို အေးစက်စွာ စိုက်ကြည့်လာခဲ့သည် “ ဆိုတော့ ဒါက မင်းရဲ့ဝှက်ဖဲပေါ့? “
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် အရှိန်အဝါတစ်ခုသည် ရင်ပြင်ထဲတွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
“ ဝုန်းးး !! “
တိတိကျကျ ပြောရမည်ဆိုပါက ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခုသည် ယန်တျန်ဒုံ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာခဲ့သည်။
ဒုတိယအဆင့် အထွတ်အထိပ်၊ တတိယအဆင့်၊ အလယ်အလတ် တတိယအဆင့် !!
မျက်စိတစ်မှိတ်အတွင်းမှာပင် အလယ်အလတ် တတိယအဆင့်နှင့် ယှဥ်နိုင်သည့် ဖိအားတစ်ခုသည် ယန်တျန်ဒုံဆီမှ ပေါ်ထွက်လာခဲ့ကာ ရင်ပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။
အောက်ဘက်ရှိ တတိယအဆင့် ကျောင်းသူကျောင်းသားတို့၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားခဲ့သည်၊ သူတို့၏ ခန္ဓာကိုယ်များသည် ဖိအားအောက်တွင် ကွေးညွတ်သွားခဲ့သည်။
ထိုအချိန်၌ ယန်တျန်ဒုံ၏ အရှိန်အဝါသည် ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။
ကွေ့မူနှင့် ချီဟောက်တို့၏ အမူအရာများကမူ အေးဆေးတည်ငြိမ်နေစဲပင်ဖြစ်သည်၊ သူတို့သည် ၎င်းကို မှန်းဆမိထားပြီးသားဖြစ်သည်။
သို့သော် ဝုချင်းရှန်ကမူ အမူအရာအနည်းငယ် ပြောင်းလဲသွားခဲ့သည် “ ဒီကလေး အလယ်အလတ် တတိယအဆင့်ရဲ့ စွမ်းအားကို ဘယ်လိုလုပ် ရုတ်တရက် ပိုင်ဆိုင်သွားရတာလဲ? “
ကျုံးချန်မှာလည်း မျက်မှောင်ကြုတ်၍ ပြောလာခဲ့သည် “ သူ့ရဲ့နယ်ပယ်က မထိုးဖောက်သွားဘူး၊ သူ့သွေးကြောမှတ်တွေရဲ့ လျှို့ဝှက်စွမ်းအားကြောင့် အလယ်အလတ် တတိယအဆင့်ရဲ့ ခွန်အားကို ရသွားတာထင်တယ် “
“ ယန်တျန်ဒုံက ဒုတိယအဆင့် အထွတ်အထိပ်မှာ ရှိနေခဲ့တဲ့ အချိန်တည်းက ပြိုင်ဘက်ကင်းနေခဲ့တာ။ အခုဆိုရင် သူ့ကို ဒုတိယအဆင့်က ဘယ်သူကမှ ယှဥ်နိုင်တော့မှာ မဟုတ်ဘူး “
ကျုံးချန်၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်၊ ယန်တျန်ဒုံက မည်သည့်အတွက်ကြောင့် ရုတ်တရက် သန်မာလာရလဲဆိုသည်ကို သူမသိသော်လည်း၊ ယန်တျန်ဒုံက ဤတိုက်ပွဲတွင် သေချာပေါက် အနိုင်ရမည်ဆိုသည်ကိုတော့ သူသိနေခဲ့သည်။
ဤတိုက်ပွဲတွင် ယန်တျန်ဒုံသည် နတ်သိုင်းဌာနနှင့် တော်ဝင်သိုင်းပညာ တက္ကသိုလ်တို့၏ ဂုဏ်သိက္ခာကို ဖော်ဆောင်ပေးမည်ဖြစ်သည်။
“ ရှုကျိုး၊ ငါ့ရဲ့ စွမ်းအားကို အကုန်အစင်ထုတ်သုံးရအောင် လုပ်နိုင်တယ်ဆိုတော့ မင်းဂုဏ်ယူလို့ရနေပြီ “
ယန်တျန်ဒုံသည် ရှုကျိုးကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်၊ ဤအလယ်အလတ် တတိယအဆင့်နယ်ပယ်၏ စွမ်းအားကို ရရှိရန်အတွက် သူသည် ခြောက်လတာ တိုးတက်မှုကို ပေးဆပ်ခဲ့ရသည်။
ဤတိုက်ပွဲတွင် သူသည် ရှုကျိုးကို လုံးဝချေမှုန်းပစ်ရမည် ဖြစ်သည်။
“ ဝုန်းးးး !! “
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် သူ၏ပုံရိပ် လှုပ်ခတ်သွားခဲ့ကာ လှံမှာလည်း နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး၊ ရှုကျိုးဆီသို့ တိုးဝင်သွားတော့သည်။
အားကောင်းပြင်းထန်သော ချီ-သွေးစွမ်းအင်သည် လှံပတ်ပတ်လည်တွင် နီရဲရဲ ဝဲဂယက်တစ်ခုအဖြစ် ဖွဲ့တည်သွားပြီး၊ ပတ်ပတ်လည်ရှိ လေထုကို တွန့်ခေါက်သွားစေခဲ့ကာ တဝီဝီအော်မြည်သံများ ထုတ်လွှတ်လာခဲ့သည်။
စင်အောက်ရှိ အစစ်အမှန် သိုင်းပညာဌာနဘက်မှ ကျောင်းသူကျောင်းသားတို့၏ အမူအရာများ တင်းကြပ်သွားကြသည်။
ချင်ဖုန်းပင် အမူအရာ မည်းမှောင်သွားခဲ့သည်။
ထိုလှံသည် သူ့ကိုပင် အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားသွားရစေခဲ့သည်။
သို့သော် ရှုကျိုးကမူ ယခင်ကအတိုင်းသာ တည်ငြိမ်နေစဲဖြစ်သည်။
အနီရောင်ဝဲဂယက်ကို ကြည့်နေရင်းဖြင့် ရှုကျိုးခန္ဓာကိုယ်ထဲရှိ အဖြူရောင်ကြာပန်းသည် ရုတ်တရက် လင်းလက်တောက်ပလာခဲ့သည်။
အလင်းတန်းတစ်ခုသည် ကောင်းကင်ယံသို့ ထိုးတက်လာခဲ့သည်။
သွေးကြောမှတ် လည်ပတ်မှု အသက်ဝင်လာခဲ့သည် !!
အချိန်ရပ်တန့်ခြင်း !!
ထိုစွမ်းရည် အသက်ဝင်လာသည်နှင့်တစ်ပြိုင်နက် ရှုကျိုးအရှေ့ရှိ ဝဲဂယက်သည် ရုတ်တရက် အေးခဲသွားတော့သည်၊ ၎င်း၏နောက်ဘက်တွင် ယန်တျန်ဒုံ၏ အေးစက်စက်မျက်နှာတစ်ခု ရှိနေခဲ့သည်။
ကျဆင်းနေသည့် မိုးစက်များမှာလည်း လေထုထဲတွင် ရပ်တန့်သွားခဲ့ပြီး၊ ပတ်ပတ်လည်ရှိ အရာအားလုံးမှာလည်း လုံးဝငြိမ်သက်သွားခဲ့သည်။
၎င်းမှာ တစ်ခဏခန့်သာ ကြာရှည်ခဲ့သည်။
သို့သော် ၎င်းကပင် ရှုကျိုးအတွက် လုံလောက်နေပြီဖြစ်သည်။
“ ဝှစ် !!! “
သူ၏ပုံရိပ်သည် လျှပ်စီးတန်းတစ်ခုကဲ့သို့ လှုပ်ရှားသွားကာ သူ၏လက်ကို မြှောက်၍ ယန်တျန်ဒုံ၏ လည်ပင်းကို ခုတ်ပိုင်းလိုက်သည်။
ခုတ်ချက်တစ်ခုနှင့်အတူ ကောင်းကင်ယံသို့ သွေးများ ပျံတက်သွားခဲ့သည်။
သို့ရာတွင် ဓားသည် လည်ပင်းကို မထိသွားခဲ့ပေ၊ အချိန်ရပ်တန့်ခြင်း အကျိုးသက်ရောက်မှုသည် တစ်ခဏခန့်သာ ကြာရှည်ခဲ့သည်၊ နောက်ဆုံးအခိုက်အတန့်တွင် ယန်တျန်ဒုံသည် ဓားရှည်ကို မြင်တွေ့သွားခဲ့ကာ အမူအရာပြောင်းလဲသွားပြီး၊ အချိန်မှီရှောင်ရှားနိုင်ခဲ့သည်။
ဓားရှည်သည် ယန်တျန်ဒုံ၏ ညှပ်ရိုးကိုသာ ထိမှန်သွားခဲ့ပြီး၊ ခရက်ဟူသော အသံနှင့်အတူ ညှပ်ရိုးမှာလည်း ကျိုးပဲ့ပျက်စီးသွားခဲ့သည်။
ရှုကျိုး၏ မျက်လုံးများ အေးစက်သွားတော့သည်၊ ယန်တျန်ဒုံ၏ အမြန်နှုန်းသည် သူမျှော်မှန်းထားသည်ထပ်ပို၍ မြန်ဆန်နေခဲ့သည်။
သို့သော် …………
သွေးကြောမှတ် လည်ပတ်မှု ထပ်မံ၍ အသက်ဝင်လာခဲ့ပြန်သည် !!!
အချိန်ရပ်တန့်ခြင်း !!
ကမ္ဘာပေါ်ရှိ အရာအားလုံးသည် ထပ်မံ၍ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
အချိန်ရပ်တန့်ခြင်းစွမ်းရည်သည် သွေးကြောမှတ် လည်ပတ်မှုကို အသက်သွင်းခဲ့ပြီးသည့်နောက်တွင် ရရှိလာခဲ့သည့် သူ၏မွေးရာပါစွမ်းရည်တစ်ခုအဖြစ် သတ်မှတ်၍ရပေသည်၊ သူသည် ၎င်းကို ဆန္ဒရှိသလို အသုံးပြုနိုင်လေသည်။
သို့သော် အကန့်အသတ်မရှိခြင်းမျိုးတော့ မဟုတ်ပေ။
ရှုကျိုး၏ ယခုလက်ရှိ ခွန်အားဖြင့်သာဆိုပါက သူသည် ၎င်းကို အချိန်တိုအတွင်းမှာပင် အများဆုံးအနေဖြင့် နှစ်ကြိမ်မျှသာ ဆက်တိုက်အသုံးပြုနိုင်လေသည်။
ထိုစွမ်းရည်ကို ထပ်မံ၍ အသက်သွင်းလိုက်သည့်အချိန်တွင် သူ့ခန္ဓာကိုယ်ထဲရှိ ကြာပန်းသည် ကြမ်းကြမ်းတမ်းတမ်း လှုပ်ခါသွားပြီး၊ လင်းလက်စွာ တောက်ပလာခဲ့သည်၊ ထို့နောက်တွင် တဖြည်းဖြည်း မှိန်ဖျော့သွားခဲ့သည်။
ပန်းပွင့်ဆယ့်နှစ်ခုမှာလည်း ညှိုးနွမ်းသွားသည့် လက္ခဏာများ ပြသလာခဲ့သည်။
နှစ်ကြိမ်မျှ ဆက်တိုက်အသုံးပြုခြင်းက သူ့အားဝန်ပိသွားစေသည်မှာ သိသာထင်ရှားနေခဲ့သည်။
“ ဝှစ် !! “
ရှုကျိုးသည် ၎င်းကို လျစ်လျူရှုထားခဲ့သည်၊ အဆိုပါ စွမ်းရည်ကို ထပ်မံ၍ အသုံးပြုလိုက်သည်နှင့်တစ်ပြိုင်နက် သူသည် သူ၏ဓားရှည်ကို လွှဲရမ်းကာ အရှေ့ဘက်သို့ ထပ်မံ၍ ထိုးသွင်းလိုက်သည်။
ဓားသွားသည် ယန်တျန်ဒုံ၏ နှလုံးသားကို ချက်ချင်းထိုးဖောက်သွားလေ၏။
“ အားးးး !!!! “
ယန်တျန်ဒုံသည် ဝမ်းခေါင်းသံကြီးဖြင့် အော်ဟစ်ကာ သူ့ရင်ဘတ်တွင် စိုက်ဝင်နေသည့် ဓားကို အံ့ဩတကြီးဖြစ်နေသော အမူအရာဖြင့် ကြည့်လိုက်သည်။
“ သေ !! “
သူသည် ဒေါသတကြီး ဟစ်ကြွေးကာ လက်ထဲရှိ လှံရှည်ဖြင့် ထပ်မံ၍ ထိုးသွင်းလာခဲ့ရာ၊ အစွမ်းထက် ချီ-သွေးစွမ်းအင်များသည် ရှုကျိုးအပေါ်သို့ ကျရောက်လာခဲ့သည်။
“ သတ် !! “ ရှုကျိုးသည် အေးစက်စက်ဖြစ်နေသော မျက်လုံးများဖြင့် ဓားရှည်ကို ဆွဲထုတ်ကာ နောက်ဆုတ်သွားတော့သည်။
ယန်တျန်ဒုံမှာ နတ်သိုင်းဌာန၏ ဒုတိယအဆင့်နယ်ပယ်မှ အစွမ်းထက်ဆုံးလူဆိုသည့် ဂုဏ်သတင်းနှင့် ထိုက်တန်သည်ဟု ပြောရပေမည်၊ သူ၏နှလုံးသားက ထုတ်ချင်းပေါက်သွားသော်လည်း သူ၏အသက်ဓာတ်မှာ မယုတ်မလျော့ အားကောင်းနေသေးသည်။
သို့ရာတွင် ပြင်းထန်သော တိုက်ကွက်နှစ်ခုကို ဆက်တိုက်ခံယူခဲ့ရသောကြောင့် ယန်တျန်ဒုံ၏ အရှိန်အဝါသည် လျင်မြန်စွာ မှိန်ဖျော့သွားခဲ့သည်။
……………………………………………………………………………………………………………………………
အပိုင်း ( 291 )
အပိုင်းပိုင်းအစစ ဆုတ်ဖြဲခြင်း ၃
“ အဆုံးသတ်ဖို့ အချိန်ကျပြီ “
ရှုကျိုးသည် သူ၏ချီ-သွေးများကို နှိုးဆွကာ နှောင်းပိုင်း ဒုတိယအဆင့်နယ်ပယ်၏ စွမ်းအားကို အကုန်အစင် ထုတ်လွှတ်၍ ဓားဖြင့် ထပ်မံ၍ တိုက်ခိုက်လာပြန်သည်။
ဓားမဆင်းသက်ခင် အချိန်မှာပင် ကြောက်မက်ဖွယ်ကောင်းသည့် ဓားချီသည် ယန်တျန်ဒုံကို ဆက်တိုက် နောက်ဆုတ်သွားစေခဲ့သည်။
သူသည် သူ့ရင်ဘတ်ပေါ်ရှိ ဒဏ်ရာကို စစ်ဆေးရန်ပင် အချိန်မရတော့ဘဲ အမူအရာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
“ မဟုတ်ဘူး …….. “
ယန်တျန်ဒုံ၏ မျက်လုံးများသည် အမျက်ဒေါသများဖြင့် ပြူးကျယ်သွားတော့သည်၊ ငါက ပါရမီရှင်၊ ထူးခြားတဲ့ ပါရမီရှင်၊ ဒုတိယအဆင့်နယ်ပယ်ရဲ့ ပြိုင်ဘက်ကင်းလမ်းကြောင်းမှာ အသန်မာဆုံးပဲ၊ ငါက မင်းကို ဘယ်လိုလုပ်ရှုံးနိုင်မှာလဲ?
သူသည် ဟိန်းဟောက်ကာ သူ၏ချီ-သွေးစွမ်းအားကို အကုန်အစင် အသုံးပြု၍ လှံရှည်ကို ပစ်လွှတ်လိုက်သည်။
ပွဲသိမ်းတိုက်ကွက် !!
သို့သော် ယခုလက်ရှိ အချိန်အခြေအနေတွင် သူ၏ ပွဲသိမ်းတိုက်ကွက်သည် ရှုကျိုးကို မယှဥ်နိုင်ခဲ့ပေ။
ဝုန်းးး !!
ဓားအလင်းတန်း ကျရောက်လာခဲ့သည် !!
ယန်တျန်ဒုံ၏ မျက်လုံးများထဲတွင် အကြောက်တရားတို့ဖြင့် ပြည့်နှက်သွားခဲ့သည်၊ ကျဆင်းလာခဲ့ပြီးသည့်နောက်တွင် ဓားအလင်းတန်းသည် များပြားသော ဓားသေးသေးလေးများအဖြစ် ခွဲထွက်သွားကာ သူ့ဆီသို့ တိုးဝင်ထိုးဖောက်လာကြသည်။
ဝှစ်၊ ဝှစ်၊ ဝှစ် !!
လက်မောင်းနှစ်ဖက် ကောင်းကင်ယံသို့ ပျံတက်သွားတော့သည် !!
ဓားအလင်းတန်းသည် ကမ္ဘာ့အန္တရာယ်အရှိဆုံး ခွဲစိတ်ခန်းသုံးဓားကဲ့သို့ပင် ဖြစ်နေကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ယန်တျန်ဒုံ၏ ခန္ဓာကိုယ်ပေါ်တွင် သွေးစွန်းသော အမှတ်အသားများစွာ ချန်ရစ်ထားခဲ့သည်။
“ ရပ်လိုက် !! “
ထိုအချိန်တွင် ကျယ်လောင်သော အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
ကျုံးချန်သည် ရုတ်တရက် မတ်တပ်ထရပ်ကာ အော်ဟစ်လာခဲ့သည်။
သို့သော် ……… နောက်ကျသွားခဲ့ပြီဖြစ်သည် !!
ရှုကျိုးသည် ဓားကို သိမ်းကာ ပရိတ်သတ်အုပ်ဘက်သို့ အေးစက်စက် အမူအရာဖြင့် ပြန်လှည့်ကြည့်လာခဲ့သည်။
သူ့ဘေးနားရှိ ယန်တျန်ဒုံ၏ ခန္ဓာကိုယ်သည် ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး၊ ဒါဇင်နှင့်ချီသည့် အပိုင်းအစများအဖြစ် ကွဲထွက်သွားကာ နေရာအနှံ့ ပြန့်ကျဲသွားတော့သည်။
ရှုကျိုးသည် သွေးမြူမှုန်ထဲတွင် အေးဆေးတည်ငြိမ်သော အမူအရာဖြင့် မတ်တပ်ရပ်နေလျက်ရှိသည်။
ယန်တျန်ဒုံ၊ သေဆုံးသွားလေပြီ !!
…
ရင်ပြင်တစ်ခုလုံး ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်သွားခဲ့သည်။
တိုက်ပွဲက နှေးကွေးပုံပေါ်နေခဲ့သော်လည်း၊ ၎င်းတို့အားလုံးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရှုကျိုးမှ အချိန်ရပ်တန့်ခြင်း စွမ်းရည်ကို အသက်သွင်းခြင်းမှစ၍ ယန်တျန်ဒုံ၏ ခန္ဓာကိုယ်ပေါက်ကွဲသွားသည်အထိ၊ အရာအားလုံးသည် အလွန်မြန်ဆန်စွာ ဖြစ်ပျက်သွားခဲ့သည်။
အလွန်မြန်ဆန်လွန်းသဖြင့် လူတော်တော်များများက မျက်တောင်ခတ်နေသည့်အချိန်မှာပင် ယန်တျန်ဒုံသည် ရှုကျိုး၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရကာ ခန္ဓာကိုယ်မှာလည်း ဝက်သားကို လှီးဖြတ်ထားသကဲ့သို့ အပိုင်းပိုင်း အစစ ဖြစ်သွားပြီး၊ နေရာမှာပင် သေဆုံးသွားခဲ့သည်။
ရှုကျိုးသည် အလွန်လွှမ်းမိုး ကြီးစိုးသော ပုံစံဖြင့် ပြိုင်ပွဲကို အဆုံးသတ်ခဲ့သည်။
နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် လူတော်တော်များများ မှင်သက်သွားကြသည်။
ယန်တျန်ဒုံက အဲ့လိုမျိုး သေသွားရပြီလား?
နဝမအဆင့် ပညာရှင်နှစ်ဦးနှင့် အဌမအဆင့် ပညာရှင်တစ်အုပ်ကပင် တအံ့တဩဖြစ်သွားကြသည်၊ ယန်တျန်ဒုံကို ရှုကျိုးက အပိုင်းပိုင်း အစစဖြစ်သွားအောင် တကယ်ကြီး လုပ်လိုက်တာလား?
ဝှား !!!!
ကျောင်းသူကျောင်းသားများသာလျှင် မဟုတ်ဘဲ၊ ပရိတ်သတ်အုပ်ထဲရှိ တစ်ချို့ လူများကပါ အံ့ဩတုန်လှုပ်သွားပုံရသည်။
အဌမအဆင့် ပညာရှင်ဖြစ်သည့် ကျုံးချန်ကပင် အချိန်မှီ မတုံ့ပြန်နိုင်ခဲ့ပေ။
အဌမအဆင့် ပညာရှင်တစ်ဦး၏ တုံ့ပြန်မှုအမြန်နှုန်းနှင့်ဆိုပါက အချိန်မှီ ကာကွယ်နိုင်သင့်သည်။
သို့သော် ကျုံးချန်သည် အလယ်အလတ် တတိယအဆင့် စွမ်းအားကို ပိုင်ဆိုင်ထားသည့် ယန်တျန်ဒုံက ရှုကျိုးကြောင့် ထိခိုက်ဒဏ်ရာရသွားလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ပေ။
သူသည် ယန်တျန်ဒုံက ထိုကဲ့သို့ အလွန်မြန်ဆန်စွာ အသတ်ခံလိုက်ရလိမ့်မည်ဟု မတွေးထားခဲ့ဖူးချေ။
သူက တစ်ခြားလူများနှင့် ရယ်ရယ်မောမော စကားပြောဆိုနေခဲ့ပြီးနောက် စက္ကန့်ပိုင်းမျှအကြာတွင် ယန်တျန်ဒုံမှာ သွေးမြူများအဖြစ် ပြောင်းလဲသွားခဲ့သည်။
“ ရှုကျိုး !!! “
ရုတ်တရက်ဆိုသလိုပင် အစွမ်းထက် အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။
ကျုံးချန်သည် ရှုကျိုးကို စိုက်ကြည့်လာခဲ့သည်၊ သူ၏မျက်လုံးများသည် ဒေါသတရားတို့ဖြင့် တောက်ပနေကာ အော်ပြောလာခဲ့သည် “ မင်းက လူမြင်ကွင်းမှာ လူတစ်ယောက်ယောက်ကို ဘယ်လိုလုပ်သတ်ရဲနေတာလဲ? “
၎င်းမှာ သူ့တော်ဝင်သိုင်းပညာ တက္ကသိုလ်၏ အထူးချွန်ဆုံး ပါရမီရှင်၊ အနာဂတ် အမြင့်ပိုင်းအဆင့်များ၏ ပြိုင်ဘက်ကင်း မျိုးစေ့ဖြစ်သည်။
ထိုကဲ့သို့သော လူသည် ရှုကျိုး၏ အပိုင်းပိုင်း အစအစပြုလုပ်ခြင်းကို ခံလိုက်ရသည်။
စင်ပေါ်ရှိ ရှုကျိုးကမူ အေးဆေးတည်ငြိမ်နေစဲဖြစ်ကာ၊ တစ်လုံးချင်းစီ ပြောလာခဲ့သည် “ ယန်တျန်ဒုံက အရှုံးမပေးခဲ့ဘူးလေ “
ပြိုင်ပွဲ၏ စည်းမျဥ်းစည်းကမ်းများအရ အကယ်၍ တစ်ဖက်လူကသာ အရှုံးမပေးဘူးဆိုပါက၊ ထိုလူ့ထံတွင် ခွန်အားမရှိတော့သည်အထိ (သို့) ခုခံနိုင်စွမ်းမရှိတော့သည်အထိ ဆက်လက်၍ တိုက်ခိုက်နိုင်ပေသည်။
သေခြင်းတရားအတွက်ကမူ ……….
သိုင်းပညာရှင်တို့ကြားရှိ တိုက်ပွဲများကြားတွင် သေဆုံးမှုများဖြစ်ပေါ်လာသည်မှာ ပုံမှန်ပင်ဖြစ်သည်။
သို့သော် ကျုံးချန်သည် ယန်တျန်ဒုံ၏ သေဆုံးမှုကို လက်မခံနိုင်ဖြစ်နေခဲ့သည်။
သူသည် ဒေါသများကို ဖိနှိပ်၍ ပြောလာခဲ့သည် “ ဒါက ပြိုင်ပွဲလေးတစ်ခုပဲလေ “
“ ပြိုင်ပွဲလား? “
ရှုကျိုး၏ အကြည့်များ အေးစက်သွားတော့သည်၊ စီနီယာအစ်မရဲ့ အရေးကြီးအစိတ်အပိုင်းတွေကို ပစ်မှတ်ထားခဲ့တဲ့ အချိန်ကတည်းက ဒီဟာက ပြိုင်ပွဲတစ်ခု မဟုတ်တော့ဘူး !!
“ ကျွန်တော် လက်ချော်သွားတာပါ “
ရှုကျိုးသည် နဝမအဆင့် ပညာရှင်တစ်ဦးနှင့် ငြင်းခုန်မနေသင့်ဘူးဟု ခံစားနေရသည့်အတွက် ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
ကျုံးချန်၏ အမူအရာ မည်းမှောင်သွားခဲ့ကာ ရှုကျိုးကို အေးစက်စွာ စိုက်ကြည့်လာခဲ့သည်၊ အဌမအဆင့် ပညာရှင်တစ်ဦး၏ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ပေါ်ထွက်လာခဲ့သည်။
“ ကျုံးချန် !! “
ကွေ့မူသည် ရုတ်တရက် စကားဝင်ပြောလာခဲ့သည် “ သိုင်းပညာရှင်တွေရဲ့ ပြိုင်ပွဲမှာ သေခြင်းရှင်ခြင်းကို ကံတရားကပဲ ဆုံးဖြတ်တယ်။ ယန်တျန်ဒုံက ပြိုင်ဘက်ထပ် နိမ့်ကျနေတယ်၊ အဲ့တာကြောင့် သူသေသွားတာအတွက် တစ်ခြားလူတွေကို အပြစ်တင်နေလို့ မရဘူး “
“ အကြီးအကဲကွေ့ …… “
ကျုံးချန်၏ အမူအရာသည် ချက်ချင်း အေးခဲသွားကာ ရင်ဘတ်ပင် နိမ့်လိုက်မြင့်လိုက် ဖြစ်သွားခဲ့သည်၊ သို့သော် သူသည် သူ၏အရှိန်အဝါကို ပြန်ရုတ်သိမ်းလိုက်သည်။
အကြီးအကဲကွေ့ကဲ့သို့သော နဝမအဆင့် ပညာရှင်တစ်ဦး၏ အရှေ့တွင် သူသည် မဆင်မခြင်မလုပ်ရဲပေ။
ထို့အပြင် တစ်ဖက်လူ၏ စကားမှာလည်း ကျိုးကြောင်းဆီလျော်နေခဲ့သည်၊ ဤကိစ္စ၌ ရှုကျိုးထံတွင် အကြောင်းအရင်းတစ်ခု ရှိနေခဲ့သည်၊ ကျုံးချန်သည် မည်မျှပင် ဒေါသထွက်နေပါစေ ၎င်းကို မျိုသိပ်ထားရုံသာ တတ်နိုင်တော့သည်။
ကျုံးချန်သည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ ရှုကျိုးကို အေးစက်စွာ စိုက်ကြည့်ရင်းဖြင့် လက်မခံနိုင် ဖြစ်သွားတော့သည်။
သူ့ဘေးနားရှိ ချီဟောက်မှာလည်း သက်ပြင်းချ၍ ပြောလာခဲ့သည် “ လူသားမျိုးနွယ်စုက နောင်အနာဂတ်မှာ အဆင့်မြင့်ပညာရှင်ဖြစ်လာနိုင်တဲ့ လူတစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီ “
ကွေ့မူသည် သူ့ကို ကြည့်ကာ အေးအေးလူလူ မေးမြန်းလိုက်သည် “ ဒါဆိုရင် မင်းက သူ့ကို ဘာလို့မကယ်လိုက်ရတာလဲ? “
ချီဟောက်သည် ခေါင်းတခါခါဖြင့် ပြန်ဖြေလာခဲ့သည် “ ဒါက ကံကြမ္မာပဲ၊ ငါကသူ့ကို ကယ်ကယ်၊ မကယ်ကယ် ဘာမှ ကွာခြားသွားမှာ မဟုတ်ဘူး “
အမှန်တိုင်းပြောရမည်ဆိုပါက သူ၏ နဝမအဆင့် စွမ်းအားနှင့်ဆိုပါက သူသည် အချိန်မှီကြားဝင်စွက်ဖက်နိုင်ပေသည်။
သို့သော် ထိုကဲ့သို့ ပြုလုပ်လိုက်မည်ဆိုပါက သူ၏ဂုဏ်သိက္ခာကို ကျဆင်းသွားစေလိမ့်မည် ဖြစ်သည်။
နဝမအဆင့် ပညာရှင်တစ်ဦးက စည်းမျဥ်းစည်းကမ်းများကို မည်ကဲ့သို့ ချိုးဖောက်နိုင်မည်နည်း?
အထူးသဖြင့် လူပေါင်းများစွာ ရှိနေသည့် ယခုကဲ့သို့သော အချိန်အခါမျိုးတွင် ဖြစ်သည်။
“ ရှုကျိုးရဲ့ အပြုအမူတွေက နည်းနည်းလေး လွန်နေတယ်လို့ ခံစားနေရလို့ပါ “ ချီဟောက်မှ ဖြည်းဖြည်းချင်း ပြောလာခဲ့သည် “ ယန်တျန်ဒုံက အမြင့်ပိုင်းအဆင့် ပြိုင်ဘက်ကင်းလမ်းကြောင်းရဲ့ မျိုးစေ့တစ်ခုလေ၊ သူက နဝမအဆင့် အထွတ်အထိပ်ကိုတောင် ရောက်သွားနိုင်တယ်၊ အဲ့လိုလူက ဒီလိုမျိုး သေသွားခဲ့တယ်၊ နှမြောစရာပဲ “
ရှုကျိုး၏ တိုက်ရိုက်သတ်ဖြတ်ခြင်းနည်းလမ်းသည် သူ့အား အနည်းငယ် စိတ်မကျေမနပ်ဖြစ်သွားစေခဲ့သည်။
ယန်တျန်ဒုံ၏ ပါရမီနှင့်သာဆိုပါက သူ၏ အနာဂတ်အောင်မြင်မှုများက သိသာထင်ရှားနေမည်မှာ မြေကြီးလက်ခတ်မလွဲပင်၊ သူသည် နဝမအဆင့် အထွတ်အထိပ်သို့ပင် ရောက်သွားနိုင်လေသည်။
“ နဝမအဆင့် အထွတ်အထိပ်လား? “ ကွေ့မူသည် တဟားဟား ရယ်မောနေတော့သည်၊ နဝမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိရန်မှာ လွယ်ကူသော အရာမဟုတ်ပေ။
လူသားပညာရှင်များသည် ယနေ့အချိန်အထိ နဝမအဆင့် ပညာရှင်အများအပြားကို ပိုင်ဆိုင်ခဲ့ကြသည်၊ သို့သော် နဝမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားသူများကမူ အတော်လေး ရှားပါးလွန်းနေခဲ့သည်။
နဝမအဆင့်နှင့် နဝမအဆင့် အထွတ်အထိပ်ဆိုသည်မှာ လုံးဝကွဲပြားသော အရာနှစ်ခုဖြစ်သည်။
ကွေ့မူသည် ထိုကိစ္စကို ဘေးချိတ်ထားလိုက်ကာ စင်ပေါ်တွင် ရှိနေသည့် ရှုကျိုးကို တလက်လက်တောက်ပနေသည့် မျက်လုံးများဖြင့် ငေးကြည့်နေတော့သည်။
“ ဒီကလေးက ဘယ်လိုလုပ် ဒီလောက်မြန်မြန်ဆန်ဆန်ကြီး သန်မာလာရတာလဲ? “
ရှုကျိုးမှ အချိန်ရပ်တန့်ခြင်း စွမ်းရည်ကို အသက်သွင်းခဲ့သည့် အချိန်တွင် ၎င်းကို အချိန်ကို ရပ်တန့်လိုက်ခြင်း မဟုတ်ပေ၊ ထို့အစား တစ်ခြားလူများ၏ အမြင်တွင် သူ၏ အမြန်နှုန်းက အဆပေါင်းထောင်နှင့်ချီ၍ ရုတ်တရက် မြန်ဆန်သွားခြင်းသာဖြစ်သည်။
သို့ရာတွင် ထိုကဲ့သို့သောအမြန်နှုန်းသည် ကွေ့မူကိုပင် အနည်းငယ် အံ့အားသင့်သွားစေခဲ့သည်။
“ အဲ့တာက သွေးကြောမှတ် လည်ပတ်မှုရဲ့ စွမ်းရည်များလား? “
ကွေ့မူမှ စဥ်းစားခန်းဖွင့်နေတော့သည်၊ အကယ်၍ အဆိုပါစွမ်းရည်ကသာ ထိုမျှလောက် ကြောက်မက်ဖွယ်ကောင်းနေမည်ဆိုပါက တူညီသောနယ်ပယ်တွင် မည်သူကမှ ရှုကျိုးကို ယှဥ်နိုင်တော့မည် မဟုတ်ပေ။
၎င်းကို သူတစ်ဦးတည်းကသာလျှင် သတိပြုမိခြင်း မဟုတ်ပေ။
ဝုချင်းရှန်၊ လျူတုန်ဖင်းနှင့် တစ်ခြားသော အဌမအဆင့် ပညာရှင်များကလည်း ၎င်းကို သတိပြုမိနေကြသည်။
အစောပိုင်းအချိန်များအတွင်းက ရှုကျိုး၏ အမြန်နှုန်းသည် အကန့်အသတ်အထိ ရုတ်တရက် ရောက်ရှိသွားကာ တတိယအဆင့်နယ်ပယ်၏ ကန့်သတ်ချက်ထပ်ပင် ကျော်လွန်သွားခဲ့သည်။
အဆိုပါ အမြန်နှုန်းသည် အဌမအဆင့်ပညာရှင်များ ကိုင်တွယ်နိုင်သည့် အတိုင်းအတာအတွင်းတွင် ရှိနေစဲဖြစ်သည်။
သို့သော် ယန်တျန်ဒုံအတွက်မူ ………. ၎င်းက ဖြေရှင်းမရသော အရာတစ်ခုသာ ဖြစ်နေခဲ့သည်။
ထိုအချိန်၌ မည်သည့်အဌမအဆင့် ပညာရှင်ကမှ သူ့ကို ကယ်ရန်အတွက် ကြားဝင်မစွက်ဖက်ခဲ့ကြပေ၊ နဝမအဆင့်ပညာရှင်နှစ်ဦးကပင် စောင့်ကြည့်ရုံသာ စောင့်ကြည့်နေကြပြီး မည်သို့မျှမလှုပ်ရှားလာခဲ့ပေ၊ ၎င်းမှာ သူတို့က ရှုကျိုး၏ လုပ်ရပ်ကို သတောတူသည်ဟု ဖော်ပြရာရောက်နေသောကြောင့် မည်သူကမှ ဝင်မပါရဲတော့ပေ။
ထိုကဲ့သို့သော အခြေအနေများအောက်တွင် ယန်တျန်ဒုံ၏ သေခြင်းတရားသည် မလွဲမသွေ ဖြစ်လာရတော့လေသည်။
…
စင်အောက်၌
ရှန်ဖေး၊ ဂျန်ချန်နှင့် တစ်ခြားလူအားလုံးမှာလည်း အံ့ဩတကြီး ဖြစ်သွားကြသည်။
ချန်းတုန်နန်မှာလည်း လုံးဝကြောင်အနေလျက်ရှိသည်။
“ ဒီလူက …….. ဒီလောက်တောင် စွမ်းတာလား? “
ရှုကျိုးနှင့် ယန်တျန်ဒုံတို့၏ ထိပ်တိုက်ရင်ဆိုင်မှုသည် သုံးကွက်အတွင်းမှာပင် ပြီးဆုံးသွားခဲ့သည်။
သုံးကွက်တည်းဖြင့် အလယ်အလတ် တတိယအဆင့်စွမ်းအား ပိုင်ဆိုင်ထားသည့် ယန်တျန်ဒုံကို သတ်ဖြတ်ခြင်း !!!
“ နေရာလဲပေးလိုက်တာက ကံကောင်းတယ်၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ………. “ ထိုအချိန်၌ ချန်းတုန်နန်သည် အလွန်တရာ စိတ်သက်သာရာရသွားတော့သည်။
မလှမ်းမကမ်းရှိ ချင်ဖုန်းမှာလည်း မယုံကြည်နိုင်ဖြစ်နေလျက်ရှိသည် “ ဒီကောင်၊ ကြည့်ရတာတော့ သူက ငါ့ကို လိုက်မှီလုနီးပါး ဖြစ်နေတဲ့ပုံပဲ။ သူကဘယ်လိုတောင် ကျင့်ကြံနေတာလဲဟ? “
သူသည် မနေနိုင်တော့ဘဲ ပထမအဆင့်သို့ပင် မရောက်သေးသည့် ရှုကျိုးက တတိယအဆင့် သားရဲကြီးနှစ်ကောင်၏ လိုက်ဖမ်းခြင်းခံနေရသည့်မြင်ကွင်းကို အမှတ်ရသွားတော့သည်။
သို့သော် ယခုတွင်နှစ်ဝက်မျှလောက်လာရှိနေသေးသည့် အချိန်တွင် ရှုကျိုးသည် တတိယအဆင့်ပညာရှင်ကို သတ်ဖြတ်နိုင်သည်အထိ ကြီးပျင်းလာခဲ့သည်။
ထိုကဲ့သို့သော အမြန်နှုန်းကား ထိတ်လန့်ဖွယ်ကောင်းလွန်းလှသည်။
အစစ်အမှန် သိုင်းပညာဌာနမှ ကျောင်းသူကျောင်းသားတို့ကပင် ထိုကဲ့သို့ ခံစားနေရသောကြောင့် တစ်ခြားသောလူများသာဆိုပါက ပြောနေရန်ပင် မလိုတော့ချေ၊ နည်းပြဆရာ၊ ဆရာမတစ်ချို့မှာလည်း အလွန်တရာ တုန်လှုပ်သွားကြသည်။
ဤတိုက်ပွဲသည် ဒုတိယအဆင့်နယ်ပယ်တွင် ပြိုင်ဘက်ကင်းသည့် ရှုကျိုး၏ ဂုဏ်သတင်းကို ခိုင်မာသွားစေခဲ့သည်။
…
စင်ပေါ်ရှိ ရှုကျိုးသည် ပရိတ်သတ်များဘက်သို့ လက်သီးဆုပ်၍ အရိုအသေပေးကာ စင်ပေါ်မှ အေးအေးလူလူ ဆင်းလာခဲ့သည်။
ဒုတိယအဆင့်ပြိုင်ပွဲမှာ ပြီးဆုံးသွားပြီဖြစ်ပြီး၊ ချန်ပီယံကမူ ရှုကျိုးသာလျှင် ဖြစ်နေသေးသည်။
ဝုချင်းရှန်မှ ရလဒ်ကို ကြေညာမလာခင် အချိန်မှာပင် ကျုံးချန်သည် အပိုင်းပိုင်းအစစဖြစ်နေသည့် ယန်တျန်ဒုံ၏ အလောင်းကို ယူရန်အတွက် စင်ပေါ်သို့ ပျံသန်းလာခဲ့သည်။
သူက ယန်တျန်ဒုံ၏ အလောင်းကို သိမ်းယူနေသည့်အချိန်၌ ကွေ့မူ၏ မျက်လုံးများထဲတွင် အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။
“ နေဦး !! “
ကွေ့မူသည် ရုတ်တရက် စကားပြောကာ စင်ပေါ်သို့ ချက်ချင်းပျံတက်လာခဲ့သည်။
လက်ဝေ့ယမ်းလိုက်ရာ အပိုင်းအစတစ်ခုသည် သူ့ဆီသို့ ပျံသန်းလာခဲ့သည်။
ကွေ့မူသည် သူ့အရှေ့တွင် ရှိနေသည့် အပိုင်းအစကို ကြည့်ကာ သူ၏မျက်လုံးများထဲတွင် အလင်းတန်းတစ်ခု တောက်ပလာခဲ့ပြီး၊ အမူအရာ တင်းမာသွားတော့သည် “ ယန်တျန်ဒုံက ဆေးသုံးခဲ့တာလား? “
………………………………………………………………………………………………………………………………