အခန်း (၂၉၅-၂၉၇)
Vol. 20 Ch. 295-297
အပိုင်း ( 295 )
စနစ်နှစ်ခု၏ အခြေအနေ၊ အရင်းအမြစ် ချိန်ညှိမှု
ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်၏ ယာယီဆေးရုံအတွင်း၌
သိုင်းပညာရှင်တို့၏တိုက်ပွဲများတွင် ပြင်းထန်သော ဒဏ်ရာများ အလွယ်တကူ ဖြစ်ပေါ်တတ်လေ့ရှိသည်၊ ဒဏ်ရာရရှိထားသူများကို ကုသရန်အတွက် ဤနေရာသို့ ခေါ်ဆောင်လာလေ့ရှိသည်။
၎င်းက ယာယီဆေးရုံတစ်ခုမျှသာဖြစ်သော်လည်း၊ ဆရာဝန်နှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများသည် ထိပ်တန်းအဆင့်များသာ ဖြစ်သည်။
ပွဲပြီးဆုံးသွားသည့်နောက်တွင် ရှုကျိုးနှင့် ချင်ဖုန်းတို့သည် ချန်းရှင်ဆီသို့ လာရောက်လည်ပတ်ကြသည်။
ချန်းရှင်သည် ခွဲစိတ်ကုသမှုကို ခံယူပြီးခါစဖြစ်ပြီး၊ ကုတင်ပေါ်တွင် လှဲလျောင်းနေလျက်ရှိသည်၊ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ပိုက်များ ရှိနေခဲ့ပြီး၊ သူမ၏ အသားအရည်မှာလည်း ဖြူရော်ကာ အလွန်အားနည်းနေပုံပေါ်နေခဲ့သည်။
သူမ၏ အမူအရာသည် တစ်စုံတစ်ခုကို စိုးရိမ်ပူပန်နေသကဲ့သို့ အနည်းငယ် တင်းမာနေခဲ့သည်။
ရှုကျိုးရောက်လာသည့် အချိန်မှသာလျှင် စိုးရိမ်ပူပန်နေသည့် အရိပ်အငွေ့များက ဖြည်းဖြည်းချင်းပျောက်ကွယ်သွားပြီး၊ သူမ၏မျက်လုံးလေးများထဲတွင် အံ့တဩကြီးဖြစ်နေသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ စီနီယာအစ်မ၊ ကျွန်တော်တို့ နိုင်တယ် “ ရှုကျိုးသည် ပျော်ရွှင်မြူးထူးစွာ ပြောပြလာခဲ့သည်။
သူ့ဘေးနားရှိ ချင်ဖုန်းသည် တဟားဟားရပ်မောကာ ပြောလာခဲ့သည် “ ရှုကျိုးက နင့်အတွက် လက်စားချေပေးထားတယ်၊ ယန်တျန်ဒုံက အသားတုံးဖြစ်သွားပြီးတော့ နေရာမှာတင် အသတ်ခံလိုက်ရတယ် “
“ နေရာမှာတင် အသတ်ခံလိုက်ရတာလား? “
ချန်းရှင် အံ့ဩသွားပြီး၊ သူမ၏ မျက်လုံးလေးများ ပြူးကျယ်သွားခဲ့သည်။
သူမသည် ရှုကျိုးက ပြိုင်ပွဲတွင် အနိုင်ရသွားသောကြောင့် အံ့ဩနေခြင်းမဟုတ်ဘဲ၊ လူအများရှေ့တွင် ယန်တျန်ဒုံကို သတ်လိုက်သောကြောင့် အံ့ဩသွားခြင်း ဖြစ်သည်။
ယန်တျန်ဒုံသည် တော်ဝင်သိုင်းပညာ တက္ကသိုလ်၏ ရတနာတစ်ပါးဖြစ်ပြီး၊ နတ်သိုင်းဌာန၏ အမြင့်ပိုင်းအဆင့်များအတွက် မျိုးစေ့တစ်ခုဖြစ်သည်။
ရှုကျိုးက သူ့ကို လူတွေရှေ့မှာ တကယ်ကြီး သတ်လိုက်တာလား?
“ ပြဿနာတက်မှာတော့ မဟုတ်ဘူးမလား? “ ချန်းရှင်မှ စိုးရိမ်တကြီး မေးမြန်းလာခဲ့သည်။
“ ဘာပြဿနာမှ မရှိပါဘူး “ ရှုကျိုးမှ အခြေအနေကို ရှင်းပြလာခဲ့သည် “ နောက်ပိုင်းကျတော့ အကြီးအကဲကွေ့က ယန်တျန်ဒုံ တားမြစ်ဆေး သုံးခဲ့တာကို ရှာတွေ့ခဲ့တယ်လေ၊ အဲ့တာကြောင့် သူ့ရဲ့ စွမ်းအားက အလယ်အလတ် တတိယအဆင့်ကို ရောက်သွားတာ “
“ တားမြစ်ဆေးလား? “ ချန်းရှင် မှင်သက်သွားတော့သည်။
ရှုကျိုးမှ ထိုအချိန်က အခြေအနေကို ဆက်၍ ရှင်းပြနေတော့သည်။
၎င်းကို ကြားလိုက်ရပြီးသည့်နောက်တွင် ချန်းရှင်သည် မနေနိုင်တော့ဘဲ စိတ်ခံစားများ ဖြစ်ပေါ်သွားခဲ့သည်။
ငါအဆင့်တက်ပြီးသွားတာတောင် သူ့ကို မနိုင်ခဲ့တာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ၊ သူက တားမြစ်ဆေးသုံးခဲ့တာကိုး။
ထိုအချိန်တွင် သူမ၏ စိတ်အခြေအနေသည် ပို၍ဟန်ချက်ညီသွားခဲ့သည်။
သူမသည် ယခင်က တိုက်ပွဲတွင် ၎င်းကို ထုတ်မပြခဲ့သော်လည်း၊ ၎င်းသည် သူမ၏စိတ်ကို ပြင်းပြင်းထန်ထန် ထိုးနှက်သွားခဲ့သည်။
သို့သော် ယခုတွင် စိတ်သက်သာရာရသွားခဲ့သည်။
“ နေပါဦး၊ အလယ်အလတ် တတိယအဆင့် ……. “ ချန်းရှင်သည် တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သွားပြီး၊ မျက်လုံးများ ပြူးကျယ်သွားခဲ့သည် “ ဂျူနီယာမောင်လေး၊ နင်က အလယ်အလတ် တတိယအဆင့်ရဲ့ ခွန်အားမျိုး ရနေပြီလား? “
ရှုကျိုးမှ အပြုံးဖြင့် ခေါင်းငြိမ့်ပြလိုက်သည် “ အဲ့လိုပါပဲ၊ ဒါပင်မဲ့ ကျွန်တော်နဲ့ တတိယအဆင့် အထွတ်အထိပ်ကြားမှာတော့ ကွာခြားချက် ရှိနေတုန်းပဲ “
ချင်ဖုန်းသည် မနေနိုင်တော့ဘဲ မျက်စောင်းထိုးမိသွားတော့သည်။
မင်းက နှောင်းပိုင်း ဒုတိယအဆင့်ပဲ ရှိသေးတာလေ၊ တတိယအဆင့် အထွတ်အထိပ်ကို တိုက်ဖို့ တွေးနေတာလားဟ?
ကျန်တဲ့လူတွေက ဘယ်လို အသက်ရှင်နေထိုင်ကြတော့မှာလဲ???
ချန်းရှင်မှာလည်း ကူရာကယ်ရာမဲ့စွာဖြင့် သက်ပြင်းချနေတော့သည်၊ သူမ၏ ဂျူနီယာမောင်လေးသည် ပိုပို၍ ထူးခြားလာနေသည်။
…
ယာယီဆေးရုံမှ ထွက်လာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် လေးနက်သော အမူအရာဖြင့် ချင်ဖုန်းကို ကြည့်လိုက်သည်။
“ စီနီယာအစ်ကို၊ ဌာနနှစ်ခုကြားက ပြိုင်ပွဲရဲ့ ရလဒ်က ဘာလဲ? ဘယ်သူနိုင်တာလဲ? “
သူတို့သည် ချန်းရှင်က စိုးရိမ်ပူပန်သွားမှာကို ကာကွယ်သည့်အနေဖြင့် ဆေးရုံတွင် ထိုအကြောင်း ပြောမိမှာကို သတိတကြီးရှောင်ရှားခဲ့ကြသည်။
အမှန်တိုင်းပြောရမည်ဆိုပါက ရှုကျိုးနှင့် ချင်ဖုန်းတို့နှစ်ဦးစလုံးမှာ အတော်လေး စိုးရိမ်ပူပန်နေကြသည်။
အစစ်အမှန် သိုင်းပညာဌာနက ပထမအဆင့်နှင့် ဒုတိယအဆင့်ပြိုင်ပွဲများတွင် အနိုင်ရခဲ့သော်လည်း၊ ဤပြိုင်ပွဲသည် တိုက်ပွဲများကို အနိုင်ရခြင်းက အရေးမကြီးဘဲ၊ ပြိုင်ပွဲဝင်တို့၏ စုစုပေါင်း စွမ်းဆောင်မှုနှင့် သက်ဆိုင်နေခြင်းဖြစ်သည်။
အဆိုပါ ပြိုင်ပွဲသည် လူသားမျိုးနွယ်စု၏ အမြင့်ပိုင်းအဆင့်များနှင့် သက်ဆိုင်နေခြင်းဖြစ်သည်၊ မည်သည့်လမ်းကြောင်းကို ရွေးချယ်ကြမည်နည်း?
စုစုပေါင်းစွမ်းအားက ပြိုင်ဘက်ထပ် သာလွန်သည်ဟု သက်သေပြနိုင်မှသာလျှင် အစစ်အမှန် သိုင်းပညာဌာ၏ လမ်းကြောင်းက ပို၍အစွမ်းထက်သည်ဟု သတ်မှတ်နိုင်မည် ဖြစ်သည်။
ချင်ဖုန်းသည် တွေးတောစဥ်းစားနေခဲ့ပြီးမှ ပြောလာခဲ့သည် “ တကယ်တော့ ငါတို့ရဲ့ စုပေါင်းစွမ်းအားက ထူးချွန်မနေဘူး၊ ကြီးမားတဲ့ အပြောင်းအလဲတွေလည်း မဖန်တီးနိုင်ခဲ့ဘူး “
“ ဒါပင်မဲ့ အစစ်အမှန် သိုင်းပညာဌာန အစကတည်းက လူနည်းနည်းလေးပဲရှိတယ်၊ လွန်ခဲ့တဲ့နှစ်တွေတုန်းက Sအဆင့်စွမ်းရည်ပိုင်ရှင် ပါရမီရှင်တွေကို အများကြီးမခေါ်နိုင်ခဲ့ဘူး။ ဒီရလဒ်မျိုး ရနေတာကတင် တော်တော်လေးကို ကောင်းနေပြီ “
ချင်ဖုန်းမှ ပြောလာခဲ့သည် “ အဲ့ဒီနဝမအဆင့် ပညာရှင်တွေက အဲ့တာကို မြင်နိုင်လိမ့်မယ်လို့ ငါယုံကြည်တယ် “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်၊ အစစ်အမှန် သိုင်းပညာဌာနသည် ဤပြိုင်ပွဲတွင် ထူးချွန်စွာ စွမ်းဆောင်ပြနိုင်ခဲ့ပြီးသားဖြစ်သည်။
ပထမအဆင့်မှ တတိယအဆင့်အထိ ပြိုင်ပွဲများတွင် Aအဆင့် စွမ်းရည်ကိုသာ ပိုင်ဆိုင်ထားသည့် လူတစ်ချို့သည် Sအဆင့်စွမ်းရည်ပိုင်ရှင် ပါရမီရှင်များနှင့် ရင်ဆိုင်ခဲ့ရသည်။
သို့သော် အရာအားလုံးသည် အမြင့်ပိုင်းအဆင့်မှ ပညာရှင်တို့၏ ဆုံးဖြတ်ချက်များအပေါ်တွင်သာ မူတည်နေခဲ့သည်။
ရှုကျိုးမှ ထပ်ဖြည့်ပြောလာခဲ့သည် “ ဆရာ့ဆီက ကျွန်တော်ကြားခဲ့ရတာ ရှိတယ်၊ တကယ်လို့ အစစ်အမှန် သိုင်းပညာဌာနက အနိုင်ရမယ်ဆိုရင်၊ နိုင်ငံတော်က နတ်သိုင်းဌာနကို ဖျက်သိမ်းလိုက်မှာတဲ့။ အဲ့တာဆိုရင် နတ်သိုင်းဌာနက ပါရမီရှင်တွေက ဘာဖြစ်သွားမှာလဲ? “
“ သူတို့ရဲ့ ကျင့်ကြံရေး အရင်းအမြစ်တွေက လျော့သွားနိုင်တယ်၊ ဒါမှမဟုတ် အကျိုးအမြတ်တွေ နည်းသွားနိုင်တယ် “ ချင်ဖုန်းမှ ထင်ကြေးပေးခန့်မှန်းလာခဲ့သည် “ သူတို့အားလုံး အတူတူ ပျောက်ကွယ်သွားနိုင်တယ် “
“ အဲ့လောက်ကြီးတော့ မရက်စက်လောက်ဘူးမလား? “ ရှုကျိုးမျက်မှောင်ကြုတ်သွားတော့သည်။
“ ရက်စက်တာလား? “
ချင်ဖုန်းသည် ခေါင်းတခါခါ ဖြစ်သွားတော့သည်၊ သူ၏မျက်လုံးများမှာလည်း ရုတ်တရက် အေးစက်သွားခဲ့သည် “ သိုင်းပညာရှင်တွေရဲ့ လမ်းကြောင်းက ဟိုးအရင်အချိန်တွေကလည်းက ရက်စက်နေပြီးသားပဲ၊ ဒီလိုမျိုး အရေးကြီးတဲ့ အချိန်မျိုးမှာဆိုရင်တော့ …………. “
ရှုကျိုးသည် မည်သည့်စကားမှ ထပ်ပြောမနေတော့ပေ။
သူသည် အဆင့်မြင့်အရာရှိများက နတ်သိုင်းဌာနကို ရွေးချယ်မည်ဆိုပါက သူမည်သည့်အရာများ လုပ်ရမလဲဆိုသည်ကို တွေးတောနေတော့သည်။
“ တကယ်လို့ လူသားမျိုးနွယ်စု တစ်ခုလုံးက နတ်သိုင်းဌာနကို ရွေးသွားမယ်ဆိုရင်တောင်မှ ငါ့မှာ ကိုယ်ပွားရှိနေပါသေးတယ် “ ရှုကျိုးသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည်။
ကိုယ်ပွားနှင့်သာဆိုပါက သူသည် ရှင်သန်၊ တိုးတက် ကြီးထွားနေနိုင်ဦးမည်ဖြစ်သည်၊ သို့သော် ယခင်ကလောက် မြန်ဆန်နေလိမ့်မည် မဟုတ်ပေ။
သို့သော် ရှုကျိုးသည် ထိုကိစ္စနှင့် ပတ်သက်၍ များစွာ စိုးရိမ်ပူပန်မနေခဲ့ချေ၊ သူသည် ယန်တျန်ဒုံက တားမြစ်ဆေးသုံးစွဲသည့် ကိစ္စအကြောင်းကိုသာ တွေးပူနေဖြင်းဖြစ်သည်၊ ၎င်းသည် သူ့အပေါ်တွင် အငြှိုးထားနေသည့် အဆင့်မြင့် ရန်သူတစ်ဦးရှိနေသည်ဆိုသည်ကို မီးမောင်းထိုးပြနေခဲ့သည်။
ဤတစ်ကြိမ်၌ ရှုကျိုးသည် သူ့ကို ပစ်မှတ်ထားသည့် လူက မည်သူလဲဆိုသည်ကိုပင် မသိချေ။
တစ်ဖက်လူမှ ယန်တျန်ဒုံကို တားမြစ်ဆေး ပေးလိုက်ခြင်းသည် သူတို့က သူ၏စွမ်းအားကို သိနေခဲ့ပြီး၊ ကောင်းစွာ ပြင်ဆင်ထားသည်ဟု ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။
မမြင်ရသော ရန်သူသည် သူ၏ ပို၍သန်မာလိုစိတ်ကို လောင်စာထည့်ပေးလာခဲ့သည်။
ငါက ဘာပဲဖြစ်ဖြစ် ပိုပြီးတော့ သန်မာလာရမယ်၊ ဒီထပ်ပိုမြန်ရမယ် !!!
…
နောက်တစ်နေ့ နံနက်စောစော၌ ရင်ပြင်တွင် လူများဖြင့် ပြည့်နှက်နေခဲ့ပြီဖြစ်သည်။
ဤတစ်ကြိမ်၌ ပြိုင်ပွဲဝင်သာများလျှင် မဟုတ်ဘဲ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူအားလုံး လူတိုင်းနီးပါး ရောက်ရှိနေခြင်းပင် ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ဤကိစ္စက အစစ်အမှန် သိုင်းပညာဌာနနှင့် နတ်သိုင်းဌာနတို့၏ သေခြင်းရှင်းခြင်းနှင့် သက်ဆိုင်နေသောကြောင့်ဖြစ်သည်။
“ ဘယ်ဌာနက ဖျက်သိမ်းခံလိုက်ရမယ်လို့ မင်းတို့ထင်ကြလဲ? “
“ ငါကတော့ အဲ့လိုဖြစ်လိမ့်မယ်လို့ မထင်ဘူး၊ အများဆုံးအနေနဲ့ အရင်းအမြစ် အလျှော့ခံလိုက်ရတာလောက်ပဲ ဖြစ်နိုင်တယ် “
“ ဟုတ်သားပဲ၊ အစစ်အမှန် သိုင်းပညာဌာနပဲဖြစ်ဖြစ်၊ နတ်သိုင်းဌာနပဲဖြစ်ဖြစ် နှစ်ခုစလုံးက လူသားမျိုးနွယ်စုရဲ့ ထောက်တိုင်တွေပဲလေ၊ ပြိုင်ပွဲလေးတစ်ခုကြောင့်နဲ့ လုံးဝအပျောက်ရှင်းမခံရလောက်ပါဘူး၊ ဟုတ်တယ်မလား? “
“ ငါလည်း အဲ့လိုပဲဖြစ်လိမ့်မယ်လို့ ထင်တယ်၊ အများဆုံးအနေနဲ့ အရင်းအမြစ်တွေပဲ အလျှော့ခံလိုက်ရမှာပါ “
ရင်ပြင်ထဲရှိ လူများသည် ဆွေးနွေးပြောဆိုမှုများဖြင့် ပူညံပူညံ ဖြစ်နေခဲ့သည်။
“ ကြည့်၊ ရှုကျိုး ရောက်လာပြီ “
“ တကယ်လို့ သူ့ကြောင့်သာ မဟုတ်ဘူးဆိုရင်၊ အစစ်အမှန် သိုင်းပညာဌာနက သေချာပေါက်ကို ရှုံးသွားခဲ့မှာ “
ရှုကျိုးပေါ်လာသည်နှင့်တစ်ပြိုင်နက် အားလုံး၏ အကြည့်များသည် သူ့အပေါ်သို့ ချက်ချင်းကျရောက်လာခဲ့သည်။
…………………………………………………………………………………………………………………………………
အပိုင်း ( 296 )
စနစ်နှစ်ခု၏ အခြေအနေ၊ အရင်းအမြစ် ချိန်ညှိမှု ၂
လူအုပ်ကြီးမှ အံ့ဩတကြီးဖြင့် ငေးကြည့်လာကြသည်။
အဆိုပါ ပြိုင်ပွဲပြီးဆုံးသွားသည့်နောက်တွင် ရှုကျိုးသည် လူသိများ ထင်ရှားသည့် ပုံရိပ်တစ်ခုဖြစ်လာခဲ့သည်။
နတ်သိုင်းဌာနဘက်တွင်ကား လင်းရွှယ်သည် စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် ရှုကျိုးကို ငေးကြည့်နေလျက်ရှိသည်။
တစ်ချိန်က သူမနှင့် လက်ရည်ညီခဲ့သည့် လူငယ်လေးက ယခု၌ ဒုတိယအဆင့်နယ်ပယ်၏ အထွတ်အထိပ်တွင် ရပ်တည်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း?
သူမနှင့် ရှုကျိုးတို့ကြားရှိ ကွာဟချက်သည် ကျော်ဖြတ်၍ မရနိုင်လောက်သည်အထိ ကြီးမားလာခဲ့ပြီဖြစ်သည်။
ထိုအချိန်၌ ဝမ်ချောင်ခုန်းရောက်ရှိလာခဲ့သောကြောင့် လူအုပ်မှာ ထပ်မံ၍ လှုပ်ခတ်သွားခဲ့ပြန်သည်။
ဤတစ်ကြိမ်၌ သူသည် ယခင်ကလောက် မောက်မောက်မာမာ မရှိတော့ဘဲ၊ အမူအရာ ဖြူဖျော့နေခဲ့သည်။
ဝမ်ချောင်ခုန်းသည် ရှုကျိုးရှိရာဘက်သို့ ငေးကြည့်လိုက်ရာ၊ သူ၏မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အငွေ့များ ဖြစ်ပေါ်လာခဲ့သည်။
ယမန်နေ့က ပြိုင်ပွဲကို သူမလာခဲ့သော်လည်း၊ သူသည် ရှုကျိုးက ယန်တျန်ဒုံကို အနိုင်ယူခဲ့သည့်အကြောင်းကို ကြားသိထားခဲ့သည်။
ယန်တျန်ဒုံ ဆွဲဖြဲခံလိုက်ရသည့် အခိုက်အတန့်ကို တွေးမိသွားသောအခါတွင် ဝမ်ချောင်ခုန်းသည် အလိုအလျောက် ကြက်သီးများ ထသွားခဲ့သည်။
“ အဲ့နေ့က ငါ့ရဲ့စွမ်းအားကို အကုန်မသုံးခဲ့တာက တော်တော်လေးကံကောင်းသွားတာပဲ “ ဝမ်ချောင်ခုန်းသည် အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်၊ အကယ်၍ ထိုနေ့က သူကသာ ရှုကျိုး၏ အသင်းဖော်ကို ဒုက္ခိတဖြစ်သွားအောင် ပြုလုပ်ခဲ့မည်ဆိုပါက သူသည်လည်း ယနေ့တွင် သေချာပေါက် ဂူသွင်းခံလိုက်ရမည်ဟု ယုံကြည်နေခဲ့သည်။
…
နံနက်ခင်း ၁၀နာရီ၌ ကောင်းကင်ပေါ်မှ အလင်းတန်းများ ကျဆင်းလာခဲ့ကာ ထိုင်ခုံများရှိရာဘက်သို့ ရောက်ရှိလာခဲ့သည်။
၎င်းမျာ ကွေ့မူ၊ ဝုချင်းရှန်နှင့် တစ်ခြားလူများပင် ဖြစ်သည်။
“ တိတ်တိတ်နေကြ !! “
ဝုချင်းရှန်မှ အော်ပြောလာခဲ့သည်။
လူအုပ်ကြီးသည် လုံးဝငြိမ်သက်သွားခဲ့ပြီး၊ အရှေ့သို့ စိုက်ကြည့်လာကြသည်။
ရှုကျိုးနှင့် ချင်ဖုန်းတို့မှာလည်း အတူတူ ရပ်နေကာ စင်မြင့်ကို ငေးကြည့်နေကြသည်။
ဝုချင်းရှန်မှ တလေးတနက်ဖြစ်နေသည့် လေသံမျိုးဖြင့် ပြောလာခဲ့သည် “ အစစ်အမှန် သိုင်းပညာဌာနနဲ့ နတ်သိုင်းဌာနတို့ရဲ့ ပြိုင်ပွဲက မနေ့ကပဲ ပြီးသွားခဲ့ပါတယ် “
“ အဲ့ဒီထဲမှာ အစစ်အမှန် သိုင်းပညာဌာနက ပထမအဆင့်နဲ့ ဒုတိယအဆင့်နယ်ပယ်တွေရဲ့ ပြိုင်ပွဲတွေကို အနိုင်ရခဲ့ပြီးတော့ နတ်သိုင်းဌာနက တတိယအဆင့်ပြိုင်ပွဲကို အနိုင်ရခဲ့ပါတယ် “
“ အစစ်အမှန် သိုင်းပညာဌာနရဲ့ စုစုပေါင်းနိုင်ပွဲက ၃၃ပွဲပါ “
“ နတ်သိုင်းဌာနရဲ့ စုစုပေါင်းနိုင်ပွဲကတော့ ၃၅ပွဲပါ “
“ အစစ်အမှန် သိုင်းပညာဌာနရဲ့ ထိပ်တန်းစွမ်းဆောင်မှုကတော့ ၁၉ပွဲပါ “
“ နတ်သိုင်းဌာနရဲ့ ထိပ်တန်းစွမ်းဆောင်မှုက ၁၆ပွဲပါ “
“ အစစ်အမှန် သိုင်းပညာဌာနရဲ့ သာလွန်စွမ်းဆောင်မှုကတော့ ၅ပွဲပါ “
“ နတ်သိုင်းဌာနရဲ့ သာလွန်စွမ်းဆောင်မှုကတော့ ၀ပွဲပါ “
“ … “
ဝုချင်းရှန်မှ တိုက်ပွဲရလဒ်များကို ကြေညာပြခဲ့ပြီးသည့်နောက်တွင် အောက်ဘက်ရှိ လူအုပ်ကြီးသည် ရုတ်တရက် သံသယဖြစ်သွားကြသည်။
လူတစ်ဦးသည် မအောင့်ထားနိုင်တော့ဘဲ အော်ဟစ်မေးမြန်းလာခဲ့သည် “ ကျောင်းအုပ်ကြီးခင်ဗျ၊ ထိပ်တန်းနဲ့ သာလွန်စွမ်းဆောင်မှုဆိုတာက ဘာကြီးလဲဗျ? “
“ စွမ်းရည်၊ တိုက်ပွဲနည်းဗျူဟာ၊ တကယ့်တိုက်ခိုက်ရေးစွမ်းအားနဲ့ တစ်ခြားအချက်တွေအပေါ်မှာ အခြေခံပြီးတော့ တွက်ချက်ထားတာတွေပဲ “
ဝုချင်းရှန်မှ အေးစက်စွာ ပြောလာခဲ့သည် “ ဥပမာပြရရင် Aအဆင့်စွမ်းရည်ပိုင်ရှင် Sအဆင့်စွမ်းရည်ပိုင်ရှင်နဲ့ သရေကျအောင် လုပ်နိုင်တယ်ဆိုရင်၊ အဲ့တာက ထိပ်တန်းစွမ်းဆောင်ရည်ပဲ “
အဆိုပါ စကားလုံးသည် လူအုပ်ကြီးကို ရုတ်တရုတ်သဲသဲ ဖြစ်သွားစေတော့သည်။
ထိုကဲ့သို့သာ ဖြစ်နေမည်ဆိုပါက အစစ်အမှန် သိုင်းပညာဌာနဘက်တွင် အားသာချက် ကြီးကြီးမားမားရှိနေခဲ့သည်။
၎င်းကို မည်သူကမှ မယုံမကြည် မဖြစ်ကြပေ။
Aအဆင့်စွမ်းရည်ပိုင်ရှင်က Sအဆင့်စွမ်းရည်ပိုင်ရှင်နှင့် သရေကျအောင် စွမ်းဆောင်နိုင်ခြင်းကပင် အတော်လေး ချီးကျူးဖွယ်ကောင်းနေခဲ့ပြီဖြစ်သည်။
၎င်းမှာ အစစ်အမှန် သိုင်းပညာဌာန၏ တန်ဖိုးပင်ဖြစ်သည်။
ထိုအချိန်တွင် ဝမ်ချောင်ခုန်းမှ ရုတ်တရက် စကားဝင်ပြောလာခဲ့သည် “ ဒါဆိုရင် သာလွန်စွမ်းဆောင်ရည်ဆိုတာကရော ဘာကြီးလဲဗျ? “
ဝုချင်းရှန်မှ ပေါ့ပေါ့ပါးပါး ပြောလာခဲ့သည် “ သာလွန်စွမ်းဆောင်မှု၊ အဲ့တာက ရှုကျိုးလိုမျိုး နယ်ပယ်တူမှာ ပြိုင်ဘက်ကင်းပြီးတော့ ကိုယ့်ထပ်အဆင့်မြင့်တဲ့ လူကို အနိုင်ယူနိုင်တာမျိုးကို ပြောတာပဲ “
ဝမ်ချောင်ခုန်း ဆွံ့အသွားရတော့သည်။
အကယ်၍ တစ်ခြားလူတစ်ဦးဦးကသာ သာလွန်စွမ်းဆောင်ရည်ကို ချပြနိုင်သည်ဟု ပြောမည်ဆိုပါက သူယုံကြည်မည် မဟုတ်ပေ၊ သို့သော် ရှုကျိုးသာဆိုပါက သူမည်သို့မျှ ကန့်ကွက်မည် မဟုတ်ပေ။
သို့ရာတွင် သာလွန်စွမ်းဆောင်ရည်ကို ပြသခဲ့သူသည် ရှုကျိုးတစ်ဦးသာလျှင် မဟုတ်ဘဲ ချင်ဖုန်းပါ ပါဝင်နေခဲ့သည်။
ချင်ဖုန်းသည် အလယ်အလတ် တတိယအဆင့် ပညာရှင်တစ်ဦးသာ ဖြစ်သော်လည်း တတိယအဆင့် အထွတ်အထိပ်မှ ပညာရှင်များကို အနိုင်ယူခဲ့ပြီး၊ ထိုကဲ့သို့ သတ်မှတ်ခံရရန် အဆင့်မှီနေခဲ့သည်။
အစပိုင်းတွင် နတ်သိုင်းဌာနမှာလည်း ထိုကဲ့သို့ ပြုလုပ်နိုင်သည့် ပါရမီရှင် ယန်တျန်ဒုံကို ပိုင်ထားခဲ့သည်။
သို့သော် ကံဆုံးစွာဖြင့်ပင် သူသည် တားမြစ်ဆေးသုံးစွဲကာ သူ့ကိုယ်သူ ကြိုးကွင်းစွပ်ခဲ့သည်။
မကြာခင်မှာပင် လူအုပ်ကြီးသည် ထပ်မံ၍ ဆူညံပူညံ ဖြစ်သွားတော့သည်။
“ တိုက်ပွဲတွေရဲ့ ရလဒ်ကို ကြည့်လိုက်မယ်ဆိုရင် နတ်သိုင်းဌာနက ရှုံးနေတဲ့ပုံပဲ “
“ သူတို့တွေရဲ့ ထိပ်တန်းစွမ်းဆောင်ရည်က အစစ်အမှန် သိုင်းပညာဌာနလောက် မကောင်းဘူး၊ သာလွန်စွမ်းဆောင်ရည်ဆိုရင်တော့ ပိုဆိုးတယ်၊ နိုင်ပွဲကသာ နည်းနည်းလေး များနေတာ။ နတ်သိုင်းဌာနက ဘယ်လိုလုပ် နိုင်နိုင်တော့မှာလဲ? “
“ … “
စင်မြင့်ထက်ရှိ ဝုချင်းရှန်သည် လူအုပ်ကြီး၏ ဆွေးနွေးပြောဆိုမှုများကို လျစ်လျူရှုထားပြီး၊ လက်ကို အသာအယာ မြှောက်ကာ စကားဆက်ပြောလာခဲ့သည် “ တိုက်ပွဲရလဒ်တွေပေါ်မှာ အခြေခံပြီးတော့ နဝမအဆင့် ပညာရှင်တွေနဲ့ ဆွေးနွေးနေခဲ့ပြီးတော့ ဆုံးဖြတ်ချက်တစ်ခုကို တစ်ညီတစ်ညွတ်လည်း ချခဲ့ကြတယ် “
“ ဌာနနှစ်ခုကြားက တိုက်ပွဲမှာ အစစ်အမှန် သိုင်းပညာဌာနက အနိုင်ရပါတယ် “
ဝိုးးးးးးး ~~~
၎င်းကို ကြားလိုက်ရသောအခါတွင် အစစ်အမှန် သိုင်းပညာဌာနမှ လူများသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းများချကာ အော်ဟစ်အောင်ပွဲခံနေကြတော့သည်။
“ နိုင်ပြီ၊ ငါတို့က တကယ်ကြီးကို နိုင်သွားပြီ “
“ မိုက်တယ်ဟေ့၊ အဲ့တာက တကယ်ကို မလွယ်ခဲ့ဘူး “
မလှမ်းမကမ်းရှိ လီရို့ရှီသည် ယခင်က စိုးရိမ်ပူပန်နေခဲ့ဖူးသောကြောင့် တိတ်တဆိတ် သက်ပြင်းချနေတော့သည်။
ရှုကျိုးမှာလည်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်၊ အထက်လူကြီးထံမှ အတည်ပြုချက်ကို ရရှိခဲ့ပြီ ဖြစ်သောကြောင့် သူသည် ပေါ့ပါ့ပါးပါး နေနိုင်ပြီဖြစ်သည်။
သို့သော် အရေးအကြီးဆုံး ကိစ္စတစ်ခု ရှိနေသေးည်။
နတ်သိုင်းဌာနကို မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းကြမည်နည်း?
သူသာလျှင် မဟုတ်ဘဲ၊ ဤနေရာတွင် ရှိနေကြသည့် လူများကလည်း အဆိုပါ ကိစ္စကို တွေးမိနေကြသည်၊ အထူးသဖြင့် လင်းရွှယ်၊ ဝမ်ချောင်ခုန်းနှင့် တစ်ခြားလူများဖြစ်ပြီး၊ သူတို့သည် စင်ပေါ်ရှိ ဝုချင်းရှန်ကို စူးစူးရဲရဲ ငေးကြည့်နေကြသည်။
ထောင့်တစ်နေရာရှိ လျူတျန်မုမှာလည်း တလေးတနက်ဖြစ်သွားခဲ့သည်၊ နတ်သိုင်းဌာနက တကယ်ကြီးကို ဖျက်သိမ်းခံလိုက်ရမှာလား?
“ အဲ့လောက်ကြီးတော့ မပြင်းထန်သင့်ဘူး ….. “ လျူတျန်မုသည် တိတ်တဆိတ် တွေးတောနေခဲ့သည်။
နတ်သိုင်းဌာနတွင် အစွမ်းထက် ပညာရှင် အများအပြား ရှိနေသောကြောင့် အလွယ်တကူ ဖျက်သိမ်းခံလိုက်ရမည် မဟုတ်ပေ။
အများဆုံးအနေဖြင့် အစစ်အမှန် သိုင်းပညာဌာနဘက်သို့ အရင်းအမြစ်တစ်ချို့ ခွဲပေးလိုက်ရခြင်းသာ ဖြစ်နိုင်ပေသည်။
ထိုအချိန်၌ ကျောင်းသူကျောင်းသားများသာလျှင် မဟုတ်ဘဲ နည်းပြဆရာ၊ ဆရာမများကပါ စိုးရိမ်တကြီးဖြစ်သွားကြသည်။
…
စင်မြင့်ထက်ရှိ ဝုချင်းရှန်သည် တစ်ခဏခန့် တိတ်ဆိတ်နေခဲ့ပြီးမှ စကားထပ်ပြောလာခဲ့သည်။
“ အပြီးသတ် ဆုံးဖြတ်ချက်ကို ကြေညာပေးပါ့မယ် “
ဝုချင်းရှန်မှ လေးလေးနက်နက် ပြောလာခဲ့သည် “ အခုလက်ရှိ အခြေအနေတွေနဲ့ တစ်ခြားသော အချက်အလက်တွေ အပေါ်မှာ မူတည်ပြီးတော့ ပညာရေးဝန်ကြီးဌာန၊ သိုင်းပညာဌာန၊ စစ်ဌာန ကွမ်ဟန်နည်းဗျူဟာဌာနနဲ့ ကြယ်ပြာဂြိုဟ်သုတေသနဌာနတွေနဲ့ ပူးပေါင်း ဆွေးနွေးခဲ့ပြီးတဲ့နောက်မှာ ဆုံးဖြတ်ချက်တစ်ခုချခဲ့ပါတယ် “
“ လူ့စွမ်းအားအရင်းအမြစ်၊ ကုန်ကြမ်းနဲ့ ငွေကြေးဆိုင်ရာ ထောက်ပံ့မှု ပမာဏတော်တော်များများကို အစစ်အမှန် သိုင်းပညာဌာနဆီ လွှဲပြောင်းပေးအပ်သွားပြီးတော့ နတ်သိုင်းဌာနအတွက် အရင်းအမြစ်တွေကို လျှော့ချသွားပါမယ် “
“ ပြီးတော့ တတိယအဆင့်အောက်မှာရှိတဲ့ နတ်သိုင်းဌာနက Sအဆင့် စွမ်းရည်ပိုင်ရှင်အားလုံးက အစစ်အမှန် သိုင်းပညာဌာနဘက်ကို ပြောင်းပြီးတော့ လေ့ကျင့်ရပါမယ် “
ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
လူတိုင်း အံ့ဩတုန်လှုပ်သွားကြသည်၊ ရှုကျိုး၊ ချင်ဖုန်းနှင့် တစ်ခြားလူများကပင် တအံ့တဩဖြစ်သွားကြသည်။
ဝုချင်းရှန်၏ စကားလုံးများသည် တောင်ကဲ့သို့သော အလေးချိန်တစ်ခုကို သယ်ဆောင်ထားခဲ့သည်။
ပညာရေးဝန်ကြီးဌာန၊ သိုင်းပညာဌာန၊ စစ်ဌာန၊ ကွမ်ဟန်နည်းဗျူဟာဌာနနှင့် ကြယ်ပြာဂြိုဟ် သုတေသနဌာနတို့သည် ရန်ပြည်ထောင်၏ အရေးအပါဆုံးသော အဖွဲ့အစည်းငါးခုဖြစ်သည်။
၎င်းတို့သည် ယခင်ခေတ်က ဗဟိုအာဏာပိုင်စနစ်နှင့် တူညီနေခဲ့သည်။
ယခုတွင် အဆိုပါ ဌာနငါးခုက ဆုံးဖြတ်ချက်တစ်ခုကို ပူးပေါင်းချမှတ်လာခဲ့သည်။
……………………………………………………………………………………………………………………………………
အပိုင်း ( 297 )
စနစ်နှစ်ခု၏ အခြေအနေ၊ အရင်းအမြစ် ချိန်ညှိမှု ၃
၎င်းတို့၏ အလေးချိန်သည် အတွင်းမြို့တော်မှ မိသားစုအားလုံး၏ စုပေါင်းအားထပ် ပိုစီးနေခဲ့သည်။
ဌာနငါးခုက ၎င်းတို့၏ အမြင်များကို ထုတ်ဖော်ပြောကြားခဲ့ခြင်းသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ကျော်က လူသားမျိုးနွယ်စုက တားမြစ်နယ်မြေထဲတွင် အသက်ပေါင်းများစွာကို အန္တရာယ်ရှိစေသည့် စစ်ပွဲကြီးတစ်ခုကို ဆင်နွှဲနေခဲ့သည့် အချိန်တွင် ဖြစ်ပွားခဲ့ဖူးသည်။
ထိုကဲ့သို့သော အခြေအနေမျိုးတွင်သာ ဌာနငါးခုသည် သူတို့၏ အထင်အမြင်များကို ဖော်ထုတ်ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိ အခြေအနေက ညီညွတ်သော စကားသံမျိုး မဟုတ်သော်လည်း၊ ဌာနငါးခုစလုံးက ပါဝင်ပတ်သက်နေသည်မှာ ထင်ရှားလွန်းနေခဲ့သည်။
၎င်းသည် ဤကိစ္စ၏ လေးနက်မှုကို ဖော်ပြနေခဲ့သည်။
သို့သော် ဝုချင်းရှန်၏ နောက်ဆုံးစကားသည် လူတိုင်းကို ပို၍အံ့အားသင့်သွားစေခဲ့သည်။
“ နတ်သိုင်းဌာနရဲ့ တတိယအဆင့်အောက်မှာရှိတဲ့ Sအဆင့်စွမ်းရည်ပိုင်ရှင် အကုန်လုံးက အစစ်အမှန် သိုင်းပညာဌာနဘက်ကို ပြောင်းပြီးတော့ လေ့ကျင့်ရမယ်ပေါ့?? “
“ အဲ့တာဆိုရင် ငါတို့အားလုံးက အစစ်အမှန် သိုင်းပညာဌာနကို သွားရတော့မှာလား? “
ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
လူအုပ်ထဲရှိ ဝမ်ချောင်ခုန်း၊ ချန်းခယ်အာနှင့် တစ်ခြားလူများကလည်း အမူအရာများ ဆက်တိုက် ပြောင်းလဲသွားကြသည်။
ကျင့်ကြံရေး နည်းစနစ်ပြောင်းလဲခြင်းသည် အလိုရှိသလို လုပ်ဆောင်နိုင်သည့် အရာမဟုတ်ပေ။
အဓိကအနေဖြင့် ရှာဖွေတွေ့ရှိထားသည့် သွေးကြောမှတ်များကို အရင်ဦးဆုံး ဖောက်ခွဲပစ်ရမည် ဖြစ်သည်။
နတ်သိုင်းဌာနနှင့် အစစ်အမှန် သိုင်းပညာဌာတို့၏ သွေးကြောမှတ် ဖွင့်လှစ်ခြင်း နည်းလမ်းများသည် လုံးဝကွဲပြားနေခဲ့သည်။
အစစ်အမှန် သိုင်းပညာဌာနဘက်သို့ ပြောင်းရခြင်းမှာ လူတစ်ဦးသည် ပထမအဆင့်မှစ၍ ပြန်လေ့ကျင့်ရမည်ဟု ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။
အကယ်၍ ပထမအဆင့်သို့ ရောက်ခါစလူတစ်ဦးသာ ဖြစ်နေမည်ဆိုပါက မည်သည့်ကိစ္စမှ ရှိနေလိမ့်မည် မဟုတ်ပေ။
သို့သော် ပထမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိရန်အတွက် နှစ်ဝက်မျှ အချိန်ယူထားခဲ့ရသည့် လူများကမူ မည်သည့်အတွက်ကြောင့် အလွယ်တကူ လက်လျော့နိုင်ကြမည်နည်း?
ဒုတိယအဆင့်နယ်ပယ်မှ ပါရမီရှင်များသာဆိုပါက ပြောနေရန်ပင် မလိုတော့ချေ။
ထို့နောက်တွင် ဝမ်ချောင်ခုန်းမှ ကျယ်လောင်စွာ အော်ပြောလာတော့သည် “ ကျောင်းအုပ်ဝုခင်ဗျ၊ အစစ်အမှန် သိုင်းပညာဌာနဘက်ကို လူအများကြီး ပြောင်းသွားရတာက အန္တရာယ်များလွန်းဘူးလားဗျ? “
Sအဆင့်စွမ်းရည်ပိုင်ရှင်များက ရှားပါးလွန်းလှသော်လည်း၊ နှစ်စဥ်နှစ်တိုင်းတွင် လူတစ်ရာကျော် ပေါ်ထွက်လာလေ့ရှိသည်။
ယခုလက်ရှိ အချိန်၌ နိုင်ငံတစ်ဝှမ်းလုံးရှိ တတိယအဆင့်အောက်တွင် ရှိနေသည့် Sအဆင့်စွမ်းရည်ပိုင်ရှင်များမှာ အနည်းဆုံးအနေဖြင့် ရာနှင့်ချီ၍ တည်ရှိနေခဲ့သည်။
ထိုလူအားလုံးသည် နတ်သိုင်းဌာန၏ အမြင့်ပိုင်းအဆင့်များအတွက် မျိုးစေ့များ ဖြစ်သည်။
ဝုချင်းရှန်မှ အေးအေးလူလူ ပြောလာခဲ့သည် “ တကယ်လို့ အစစ်အမှန် သိုင်းပညာဌာနကို ပြောင်းမယ်ဆိုရင်၊ နိုင်ငံတော်ကနေ ထပ်ဆောင်းထောက်ပံ့မှုတွေ ပေးလာလိမ့်မယ်။ အဲ့တာတွေက မထင်မှတ်ထားတဲ့ ဖြစ်ရပ်တွေ ဖြစ်သွားစေလိမ့်မယ် “
ဝမ်ချောင်ခုန်းသည် မျက်မှောင်ကြုတ်နေစဲပင်ဖြစ်သည်။
မမျှော်လင့်ထားသော ဖြစ်ရပ်များ မဖြစ်ပေါ်လာနိုင်ဘူးဟု မည်သူက အာမခံနိုင်လိမ့်မည်နည်း?
သူသည် နတ်သိုင်းဌာနဘက်မှ ပထမအဆင့်နယ်ပယ်ရှိ ထူးချွန်ထက်မြက်သော ပါရမီရှင်တစ်ဦးဖြစ်သည်။
အကယ်၍ သူကသာ ကျင့်ကြံရေး နည်းစနစ်ကို ပြောင်းလဲလိုက်မည်ဆိုပါက၊ မည်သည့်အချိန်မှ ဤကဲ့သို့သော အမြင့်မျိုးသို့ ပြန်ရောက်လာနိုင်လိမ့်မည်နည်း?
နတ်သိုင်းဌာနမှ တစ်ခြားသော ပါရမီရှင်များကလည်း မျက်မှောင်များကြုတ်ကာ စိုးရိမ်တကြီးဖြစ်သွားကြသည်။
“ ဝုန်းးးး ဝုန်းးးး ဝုန်းးးး !!! “
ထိုအချိန်တွင် ကျယ်လောင်သော ပေါက်ကွဲသံများ ပေါ်ထွက်လာခဲ့သည်။
အားလုံးသည် တအံ့တဩဖြင့် ငေးကြည့်လာကြသည်။
သူတို့သည် လင်းရွှယ်၏ အရှိန်အဝါက လျင်မြန်စွာ ပျောက်ကွယ်သွားပြီး၊ သူမ၏ နှုတ်ခမ်းထောင့်များမှ သွေးများစီးကျလာသည်ကိုသာ မြင်တွေ့လိုက်ရသည်။
သူမသည် အေးစက်စွာ ကြေညာလာခဲ့သည် “ ကျွန်မက အစစ်အမှန် သိုင်းပညာဌာနနဲ့ ပူးပေါင်းဖို့ ဆန္ဒရှိပါတယ် “
ဝေါ !!!!
ပင်လယ်ပြင်၏ ဟိန်းဟောက်သံကဲ့သို့ပင် လူအုပ်ကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
ကွမ်ဟန်တက္ကသိုလ်က နတ်သိုင်းဌာနရဲ့ ပထမအဆင့်နယ်ပယ်မှာ အထူးချွန်ဆုံး ပါရမီရှင်က သူမရဲ့ သွေးကြောမှတ်တွေကို လိုလိုလားလား ဖောက်ခွဲသွားတာလားဟ??
ဒါကြီးက ………. တော်တော်ကြီးကို ပြတ်သားလွန်းတာပဲ !!!
လင်းရွှယ်၏ အမူအရာသည် အေးဆေးတည်ငြိမ်နေစဲဖြစ်သည်၊ သို့သော် သူမသည် ရှုကျိုးရှိရာဘက်သို့ ငေးကြည့်လိုက်သည်။
သူမသည် နတ်သိုင်းဌာနမှ ကျောင်းသူတစ်ဦးဖြစ်သော်လည်း နတ်သိုင်းဌာနနှင့် ပတ်သက်၍ မည်သည့်စိတ်ခံစားချက်မှ ရှိမနေခဲ့ပေ၊ ထို့အစား ဆန့်ကျင်ဘက်အနေဖြင့် သူမသည် ရှုကျိုး၏ ခွန်အားကို များစွာလေးစားအားကျနေခဲ့သည်။
အစစ်အမှန် သိုင်းပညာဌာနဘက်သို့ ပြောင်းရခြင်းသည် သူမအတွက် လွယ်ကူလှသော ဆုံးဖြတ်ချက်တစ်ခုသာလျှင် ဖြစ်သည်။
တစ်ဖက်ရှိ ဝမ်ချောင်ခုန်းမှာမူ မည်သည့်စကားမှ ထပ်မပြောလာတော့ပေ။
လင်းရွှယ်မှ သူမ၏သွေးကြောမှတ်များကိုပင် ဖောက်ခွဲပြလိုက်ပြီဖြစ်သောကြောင့် သူဘာဆက်ပြောနိုင်တော့မည်နည်း?
အမှန်တိုင်းပြောရမည်ဆိုပါက သူသည် အစစ်အမှန် သိုင်းပညာဌာန၏ ကျင့်ကြံရေး နည်းစနစ်ကို ပြောင်းလဲကျင့်ကြံလိုက်မည်ဆိုပါက ရှုကျိုးကို ဖိနှိပ်နိုင်မလားဆိုသည်ကို စမ်းသပ်ကြည့်ချင်နေလျက်ရှိသည်။
ထိုအချိန်တွင် နတ်သိုင်းဌာန၏ နည်းပြတစ်ဦးမှ စကားဝင်ပြောလာခဲ့သည် “ တကယ်လို့ Sအဆင့်စွမ်းရည် ပိုင်ရှင်တွေ အကုန်လုံးကို လွှဲပေးလိုက်မယ်ဆိုရင်၊ နတ်သိုင်းဌာနက ဘာဖြစ်သွားမှာလဲဗျ? ကျွန်တော်တို့က လုံးဝလက်လျှော့လိုက်ရမှာလားဗျ? “
နတ်သိုင်းဌာန၏ တစ်ခြားသော နည်းပြဆရာ၊ ဆရာမများကလည်း မှုန်မှိုင်းနေသော အမူအရာများဖြင့် တစ်ညီတစ်ညာတည်း ခေါင်းငြိမ့်လာကြသည်။
“ နတ်သိုင်းဌာနအတွက်က Aအဆင့်စွမ်းရည်ပိုင်ရှင်တွေ ကျန်နေခဲ့တယ်၊ အခုလောလောဆယ်ဆယ်တော့ မင်းတို့အတွက် လုံလောက်သင့်ပါတယ် “
ဝုချင်းရှန်မှ အေးအေးလူလူ ပြောလာခဲ့သည် “ မင်းတို့ရဲ့ အနိမ့်ပိုင်း တတိယအဆင့် ပြိုင်ဘက်ကင်းလမ်းကြောင်းက အစစ်အမှန် သိုင်းပညာဌာနကို ရှုံးသွားတယ်လေ၊ ပြီးတော့ ဒါက လူသားမျိုးနွယ်စုရဲ့ အကျိုးကျေးဇူးအတွက် လက်လျှော့လိုက်သင့်တယ်၊ ကိုယ်ရေးကိုယ်တာ ခံစားချက်တွေကို ဘေးဖယ်ထားရမယ် “
သူ၏လေသံမှာ အေးဆေးတည်ငြိမ်နေပုံရသော်လည်း၊ အလွန်ကြီးစိုးကာ ဩဇာအာဏာများဖြင့် ပြည့်နှက်နေခဲ့သည်။
အဆိုပါ စကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် နတ်သိုင်းဌာနဘက်မှ နည်းပြဆရာ၊ ဆရာမအားလုံးသည် ရှက်ရွံ့ကာ ခေါင်းငုံ့သွားကြသည်။
အစစ်အမှန် သိုင်းပညာဌာနကို ငေးကြည့်ထားသောကြောင့် မည်သည့်အရာများ ထပ်ပြောနိုင်တော့မည်နည်း?
ဝုချင်းရှန်မှ စကားဆက်ပြောလာခဲ့သည် “ ပြီးတော့ နိုင်ငံတော်ကနေ ကျင့်ကြံရေး အရင်းအမြစ် ပမာဏအများကြီးကို အစစ်အမှန် သိုင်းပညာဌာနဆီကို လွှဲပြောင်းပေးမှာပါ “
“ အထူးသဖြင့် အနိမ့်ပိုင်း တတိယအဆင့်တွေကို ဖြစ်ပြီး၊ နိုင်ငံတော်ကနေ အလျှံအပယ် ထောက်ပံ့ပေးမှာပါ “
“ မင်းတို့အားလုံးက မကြာခင်မှာပဲ အလယ်အလတ် တတိယအဆင့်ကို ရောက်သွားကြပြီးတော့ အမြင့်ပိုင်းအဆင့်အတွက် လမ်းကြောင်းတွေကို အတူတူရှာဖွေနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် “
…
မကြာခင်မှာပင် စုဝေးပွဲ ပြီးဆုံးသွားခဲ့သည်။
သို့သော် ဝုချင်းရှန် ကြေညာခဲ့သည့် စကားလုံးများသည် တစ်နိုင်ငံလုံးကို လှုပ်ခတ်သွားစေခဲ့သည်။
သိုင်းပညာ တက္ကသိုလ်များထံသို့ အကြောင်းကြားထားခဲ့ပြီဖြစ်သည်။
အမှန်တကယ် နစ်နာသွားသည်မှာ အဓိက သိုင်းပညာ တက္ကသိုလ်များပင် ဖြစ်သည်။
၎င်းတို့သည် Sအဆင့် စွမ်းရည်ပိုင်ရှင်များကို ခေါ်ယူစုဆောင်းလေ့ရှိကြသည်။
ယနေ့တွင် နတ်သိုင်းဌာန၏ အထက်မှအောက်ရှိ အရာအားလုံး လှုပ်ခါသွားခဲ့သည်။
နတ်သိုင်းဌာန၏ ကျဆုံးခန်းမှာ ကျရောက်လာလေပြီ !!!
…
ရှုကျိုးကမူ ထိုကိစ္စများကို လျစ်လျူရှုထားခဲ့သည်။
သူ့အတွက်ကား ရွှေရောင်အတားအဆီးကို ချိုးဖျက်ကာ ဒုတိယအဆင့်အထွတ်အထိပ်သို့ အမြန်ဆုံး ရောက်ရှိခြင်းကပင် အရေးအကြီးဆုံး ကိစ္စတစ်ခုဖြစ်သည်။
သို့ရာ၌ စံအိမ်ဆီသို့ ပြန်ရောက်လာခဲ့ပြီးသည့်နောက်တွင် သူသည် ရှန့်ဝမ်ချန်းထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့ပြီး၊ သူ့အား ရုံးခန်းသို့ လာရန် ပြောဆိုခဲ့သည်။
“ နဝမအဆင့် ပညာရှင်တစ်ယောက်က ကျွန်တော့်ကို ရှာနေတာလား? “
ရှုကျိုး၏ ရင်ခုန်သံများပင် နှေးကျသွားတော့သည်။
ရွှေရောင်အတားအဆီးကြောင့်များလား?
ရှုကျိုးမှ ရှန့်ဝမ်ချန်း၏ ရုံးခန်းထဲသို့ ရောက်သွားသည့် အချိန်တွင် ရှန့်ဝမ်ချန်းဘေးတွင် ရှိနေသည့် တစ်ခြားလူတစ်ဦးကိုပါ မြင်တွေ့သွားခဲ့သည်။
ထိုလူသည် ယခင်က သူမြင်ခဲ့ဖူးသည့် ကွေ့မူနှင့် ချီဟောက်တို့ မဟုတ်ဘဲ စစ်ဝတ်စုံကို ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည် အမျိုးသားတစ်ဦးဖြစ်နေခဲ့သည်၊ သူ၏ အရှိန်အဝါသည် ကွေ့မူထပ် မည်သို့မျှ လျော့နည်းမနေခဲ့ပေ။
“ ဒါက ကွမ်ဟန်နည်းဗျူဟာဌာနက အကြီးအကဲ ရှားလီကော်ပဲ၊ ငါ့ဆရာရဲ့ ဦးလေးလို့ သတ်မှတ်လို့ရတယ်၊ ပြီးတော့ သူက နဝမအဆင့် အထွတ်အထိပ်ပညာရှင်တစ်ယောက်ပဲ “ ရှန့်ဝမ်ချန်းမှ မိတ်ဆက်ပေးလာခဲ့သည်။
“ ဟယ်လို၊ စီနီယာရှား “ ရှုကျိုးမှ အလောတကြီး နှုတ်ဆက်လိုက်သည်။
နဝမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးသည် ကြယ်ပြာဂြိုဟ်ပေါ်ရှိ ထိပ်တန်းတည်ရှိမှုများထဲမှ တစ်ခုဖြစ်သည်။
တစ်ပြိုင်နက်ဆိုသလိုပင် သူ၏စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာခဲ့သည်။
မျိုးရိုးနာမည်က ရှားလား?
ရှားမိသားစုကများလား?
သက်လတ်ပိုင်း အမျိုးသားတစ်ဦး၏ ပုံစံကဲ့သို့ ဖြစ်နေသည့် ရှားလီကော်သည် ရယ်ရယ်မောမောဖြင့် စကားပြောလာခဲ့သည် “ မင်းလမ်းလျှောက်ဝင်လာကတည်းက မင်းက တစ်ခြားလူတွေနဲ့ မတူဘူးဆိုတာကို ငါခံစားမိတယ်။ မင်းက သွေးကြောမှတ် လည်ပတ်မှုကို ဖွင့်ထားတယ်မလား? “
“ ဟုတ်ပါတယ် “
“ အံ့ဩဖို့ကောင်းတဲ့ ပါရမီရှင်တစ်ယောက်ပဲ “
ရှားလီကော်မှ လက်ခုပ်တီး၍ ချီးကျူးလာခဲ့သည် “ အစစ်အမှန် သိုင်းပညာဌာနရဲ့ အရင်ဌာနမှူးက အဲ့ဒီအဆိုပြုချက်ကို သုတေသနလုပ်ခဲ့တုန်းက ငါတစ်ခါ လာလည်ခဲ့ဖူးတယ်။ အဲ့ဒီအချိန်က ငါက ဒီသွေးကြောမှတ် လည်ပတ်မှုကို ခေတ်ပြိုင်ပါရမီရှင်တွေကတောင် မရနိုင်ဘူးလို့ ငါထင်နေခဲ့တာ “
“ ဆယ်စုနှစ်နည်းနည်းလောက်ကြာတော့ ဒီဒဏ္ဍာရီလာ သွေးကြောမှတ်ကို လူငယ်တစ်ဦးက တကယ်ကြီး ရှာတွေ့လိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ တကယ့်မိုးကောင်းကင် သားတော်ပဲ “
“ စီနီယာက ကျွန်တော့်ကို မြှောက်ပြောနေတာပဲ၊ ကျွန်တော် ကံလေးနည်းနည်းလောက် ပိုကောင်းတာပါ “
ရှားလီကော်သည် အှုလိုက်သည်းလှိုက်ရယ်မောကာ ပြောလာခဲ့သည် “ နှိမ့်နှိမ့်ချချ နေတတ်တဲ့လူတွေကို ငါသဘောကျတယ် “
“ ဌာနမှူးရှန့်ဆီက ငါကြားခဲ့ရတာကတော့ မင်းက ဒုတိယအဆင့် အထွတ်အထိပ်ကို တက်မှာကို ရွှေရောင် အတားအဆီးတစ်ခုက ပိတ်ဆို့ထားတယ်ဆို? “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှုကျိုး၏ အမူအရာ လေးနက်သွားကာ ခေါင်းငြိမ့်ပြလိုက်သည် “ ဟုတ်ပါတယ် “
သူ့ဘေးရှိ ရှန့်ဝမ်ချန်းမှ အပြုံးဖြင့် ပြောလာခဲ့သည် “ ရှုကျိုး၊ အကြီးအကဲရှားက စည်းတံဆိပ်တွေကို ချိုးဖျက်တဲ့နေရာမှာ တော်တော်လေး ထူးချွန်တယ်။ သူ့ကို ပြလိုက်ပါ၊ သူက မင်းကို ကူညီကောင်းကူညီပေးနိုင်တယ် “
ရှုကျိုးသည် ခေါင်းငြိမ့်ပြလိုက်ပြီး၊ သူ့ကိုယ်ထဲရှိ ကြာပန်းကို ချက်ချင်းထုတ်ပြလိုက်သည်။
ရှားလီကော်၏ မျက်လုံးများ ချက်ချင်း မှေးကျဥ်းသွားခဲ့သည် “ ဒါက ….. သွေးကြောမှတ်တွေက ကြာပန်းပုံစံ ဖြစ်သွားတာလား? တကယ်ကို ကောင်းတယ်၊ ကြည့်ရတာတော့ ကျင့်ကြံရေး နည်းစနစ်က မတူတဲ့ပုံပဲ “
သူသည် ရှုကျိုးကို အချိန်အတော်ကြာ စိုက်ကြည့်နေရင်းဖြင့် မျက်လုံးများ တောက်ပသွားခဲ့သည်။
ရှန့်ဝမ်ချန်းသည် ချောင်းဟန့်၍ သတိပေးလာခဲ့သည် “ အကြီးအကဲရှား “
ထိုအချိန်မှသာလျှင် ရှားလီကော်သည် သတိပြန်ဝင်လာခဲ့ပြီး၊ အပြုံးဖြင့် ခေါင်းခါပြလာခဲ့သည် “ ရှုကျိုးခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ကြာပန်းက အဲ့တုန်းက တားမြစ်နယ်မြေထဲမှာ ငါမြင်ခဲ့ရတဲ့ ကျောက်နံရံပေါ်က ပန်းချီတစ်ချပ်နဲ့ တော်တော်လေး တူနေလို့ပါ “
ရှုကျိုးမှ သိလိုစိတ်ဖြင့် မေးမြန်းလာတော့သည် “ တားမြစ်နယ်မြေ အနက်ပိုင်းက ကျောက်နံရံ ပန်းချီတစ်ခုလားဗျ? “
ရှန့်ဝမ်ချန်း၏ မျက်ခုံးများ မြင့်တက်သွားခဲ့သည် “ မင်းက အဲ့တာကို မြင်ဖူးတာလား? “
“ တူညီမှုလေးတွေ ရှိနေတာပါ “ ရှားလီကော်မှ ပြန်ပြောင်းပြောပြလာခဲ့သည် “ အဲ့ဒီအချိန်တုန်းက ငါက အဲ့ပန်းချီက ဘာကြီးလဲဆိုတာကို နားမလည်ခဲ့ဘူးလေ။ တကယ်တော့ ဟိုးအရင်ကတည်း သွေးကြောမှတ် လည်ပတ်မှုနှင့် သက်ဆိုင်တဲ့ အယူအဆတွေက ရှိနေခဲ့ပြီးသား “
သူသည် ခေါင်းခါ၍ ပြောပြလာခဲ့သည် “ အဲ့ဒီနံရံပေါ်မှာ အသေးစိတ် အချက်အလက်တွေရှိတယ်၊ ငါက အနီးကပ် မလေ့လာမိခဲ့ဘူး “
ရှုကျိုးသည် အနည်းငယ် တုန်လှုပ်သွားခဲ့သည်၊ ရှေးလူကြီးများက သွေးကြောမှတ် လည်ပတ်မှုအကြောင်းအား နားလည်ထားကြသည်ဆိုသည်ကို သူသေချာနေခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် ရှေးဟောင်း လူသားဧကရာဇ်က သွေးကြောမှတ် လည်ပတ်မှုအကြောင်းကို သိနေခဲ့သောကြောင့်ဖြစ်သည်။
သို့သော် သူသည် ၎င်းက နတ်သွေးကြောစက်ဝန်းဟု ညွှန်းဆိုခဲ့သည်။
“ စီနီယာရှား၊ အဲ့တာက ဘယ်နေရာမှာလဲဗျ? “ ရှုကျိုးမှ သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
သူသည် အဆိုပါ နံရံဆေးရေး ပန်းချီထဲတွင် ရှေးဟောင်းရတနာများနှင့် သက်ဆိုင်သည့် အချက်အလက်များပင် ဝှက်ထားနိုင်သည်ဟု သံသယဝင်သွားခဲ့သည်။
ရှေးလူကြီးများသည် အကြောင်းတရား မရှိဘဲနှင့် သွေးကြောမှတ် လည်ပတ်မှုအကြောင်းကို နံရံဆေးရေးပန်းချီထဲတွင် ထည့်သွင်းဖော်ပြထားမည် မဟုတ်ပေ။
“ တော်တော်ဝေးတယ်၊ တောင်ပိုင်းပြည်နယ်ရဲ့ တစ်ခြားတစ်ဘက်က တားမြစ်နယ်မြေထဲမှာရှိတာ၊ တောင်ပိုင်းပြည်နယ်နဲ့ ကီလိုမီတာ သောင်းနဲ့ချီပြီးတော့ ဝေးတယ် …. “
ရှားလီကော်သည် အသေးစိတ် မပြောပြခဲ့ဘဲ အကြောင်းအရာကို ပြောင်းလာခဲ့သည် “ ခုနက မင်းရဲ့ကိုယ်ထဲမှာ ရွှေရောင်အတားအဆီးတစ်ခု ရှိနေတာကို ငါမြင်လိုက်တယ် “
“ တိတိကျကျ ပြောရမယ်ဆိုရင် အဲ့တာက ဘိုးလေးနဂါးရဲ့ ခြင်ဆီပဲ၊ အဲ့တာက တန်ဖိုးကြီးတဲ့ ရတနာတစ်ခုပဲ၊ သန့်စင်တဲ့ သွေးမျိုးဆက်ရှိတဲ့ နဂါးမျိုးနွယ်ဝင်တွေဆီမှာပဲ အဲ့တာကို တွေ့ရတာ “
ရှုကျိုးသည် အနည်းငယ် အံ့အားသင့်သွားသည် “ ဘိုးဘေးနဂါးခြင်ဆီလား? “
နဂါးအသွင်ပြောင်းခြင်း စွမ်းရည်သည် နဂါးမျိုးနွယ်စုနှင့် အမှန်တကယ် သက်ဆိုင်နေသည်။
အဲ့ဟာကြီးက ငါ့ခန္ဓာကိုယ်ထဲမှာ ဘာလို့ ပေါ်လာရတာလဲဟ?
ထို့အပြင် ၎င်းသည် သူ၏သွေးကြောမှတ်များနှင့် ပေါင်းစည်းနေကာ သူဒုတိယအဆင့် အထွတ်အထိပ်သို့ အဆင့်တက်မည်ကို တားဆီးနေခဲ့သည်။
ရှားလီကော်သည် သူ့ကိုကြည့်ကာ ပြောလာခဲ့သည် “ တကယ်လို့ မင်းက ဒုတိယအဆင့်အထွတ်အထိပ်ကို တက်ချင်တယ်ဆိုရင်၊ အဲ့ဟာကို ဖယ်မှရမယ်။ ငါက အဲ့လို စည်းတံဆိပ်မျိုးကို အရင်တုန်းက မချိုးဖျက်ခဲ့ဖူးဘူး၊ ဒါပင်မဲ့ ကြိုးစားပေးလို့တော့ရတယ် “
“ တကယ်လို့ မင်းက အဆင့်တက်ချင်နေပြီဆိုရင်၊ အဲ့ဆူးငြှောင့်ကို ဖယ်တာမှာ ငါမင်းကို ကူညီပေးမယ် “
သူသည် ယုံကြည်မှုရှိရှိ ပြုံးနေတော့သည်။
နဝမအဆင့် အထွတ်အထိပ်ပညာရှင်တစ်ဦးနှင့် စည်းတံဆိပ်နယ်ပယ်၏ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးအနေဖြင့် သူ့ဆီတွင် ရှုကျိုး၏ အကြပ်အတည်းကို ကူညီပေးနိုင်သည့် စွမ်းရည်များပိုင်ဆိုင်ထားခဲ့သည်။
………………………………………………………………………………………………………………………………………