သူ့ကို အရင် စမ်းကြည့်ရမယ်
Vol. 12 Ch. 113
အောင်မြင်သွားပြီ...
သွေးကြောတွေ အကုန်လုံး လုံးဝ ပွင့်သွားပြီ...
ဒီကြောင်မိစ္ဆာက ဘာလို့ ဒီလောက်သန်မာနေပြီးတော့ ချန်ဟွိုက်အန်ရဲ့ ရှေ့မှာ ဘာမှမသိတဲ့ ကြောင်ကလေး တစ်ကောင်လို ဟန်ဆောင်နေရသလဲဆိုတာ အခုမှပဲ ရှင်းသွားတော့တယ်။
ချန်ဟွိုက်အန်ရဲ့ အပ်စိုက်ပညာက သူ့ကို အဆင့်တက်ဖို့ ကူညီပေးနိုင်မှန်း သူ ကြိုသိနေခဲ့တာ ဖြစ်ရမယ်။
ဒါကြောင့် သူက ကုသမှုခံယူရအောင် ဒုက္ခိတလို ဟန်ဆောင်ပြီး ချန်ဟွိုက်အန်ကို လှည့်စားနေခဲ့တာပဲ...
တကယ့်ကို ဉာဏ်နီဉာဏ်နက်များတဲ့ မိစ္ဆာကောင်ပဲ...
ငါ အဲဒါကို ဖွင့်ပြောလိုက်ရမလား...
လင်းလင်လင် တွန့်ဆုတ်နေမိသည်။
ယခုလောလောဆယ်တော့ ထိုကြောင်မိစ္ဆာက အန္တရာယ်မရှိပုံပေါ်သည်။
မိစ္ဆာနှိမ်နင်းသူဗျူရိုကို တည်ထောင်ခဲ့စဉ်ကတည်းက ရန်လိုမှုမရှိသော မိစ္ဆာများရှိခဲ့ဖူးသည်။
ထို့ပြင် အချို့သော နိုးထသူများက ထိုကဲ့သို့ သတ္တဝါများနှင့် ထိတွေ့မိရာမှ စွမ်းအားများ ရရှိခဲ့တာမျိုးလည်း ရှိခဲ့သည်။
ယခင်တစ်ခါ ထိုကြောင် သူ့ကို တိုက်ခိုက်ခဲ့ရခြင်းက သူက တရားမဝင် ခိုးဝင်ရန် ကြိုးစားခဲ့၍ ဖြစ်သည်။
အခု သူ တရားဝင် နေထိုင်ခွင့်ရထားရာ ထိုကြောင်က သူရှိနေသည်ကိုပင် သိပ်ဂရုမစိုက်တော့။
ဒါဆိုရင်...
လောလောဆယ်မှာတော့ ဒီမိစ္ဆာက ခြိမ်းခြောက်မှုတစ်ခု မဟုတ်ဘူးလို့ ယူဆလို့ရမလား...
လင်းလင်လင်က ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်သည်။
မဖြစ်ဘူး...
ချန်ဟွိုက်အန် ဒါကို သိထားသင့်တယ်။
အရာအားလုံးက ငါ့ရဲ့ ကိုယ်ပိုင်ထင်မြင်ချက်တွေပဲ ရှိသေးတာ။
တကယ်လို့ ဒီကြောင်က အခွင့်အရေးကို စောင့်နေတဲ့ ဝှက်ဖဲတစ်ချပ် ဖြစ်နေရင်ကော...
ပြီးတော့...
ချန်ဟွိုက်အန်ကို သတိပေးတဲ့သူဟာ ငါလို့ ကြောင်ကို အသိမပေးနိုင်ဘူး။
မဟုတ်ရင် အဲဒီကြောင်က ဒေါသထွက်ပြီး ငါ့ကို တိုက်ခိုက်နိုင်တယ်...
နောက်တော့လည်း....
ဖြစ်နိုင်ခြေတစ်ခု ရှိသေးတယ်။
ချန်ဟွိုက်အန်က ဒီကြောင်နက်ကြီးဟာ မိစ္ဆာတစ်ကောင်မှန်း ကြိုသိနေရင်ကော...
ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို ဆုံးဖြတ်ချက်ချလိုက်ပြီ။
ဒါပေမဲ့ အရင်ဆုံး ချန်ဟွိုက်အန်ကို စမ်းသပ်ကြည့်ဖို့ လိုအပ်တယ်။
ခဏလောက် စောင့်ကြည့်ပြီးနောက်တွင် သူ သတ္တိမွေးပြီး တံခါးကို တွန်းဖွင့်လိုက်သည်။
သူ လမ်းလျှောက်သွားပြီး ချန်ဟွိုက်အန်ရဲ့ ဘေးက ဆိုဖာပေါ်မှာ ထိုင်ချလိုက်သည်။
သို့သော်လည်း...
ပါ့ကျီကို တစ်ချက်ကြည့်လိုက်မိတဲ့ ခဏမှာပင် သူက ဆိုဖာ၏ အစွန်းဆုံးဘက်ကို တဖြည်းဖြည်း တိုးကပ်သွားမိသည်။
ထိုအချိန် ချန်ဟွိုက်အန် အပ်စိုက်ခြင်း အဆုံးသတ်နေပြီ ဖြစ်သည်။
သူက လင်းလင်လင်ကို တစ်ချက်ကြည့်ပြီး ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည်။
“သြော်... သုညသုံးလုံး၊ အစောကြီး နိုးလာတာပဲ။ မနက်စာ ဘာစားချင်လဲ...”
လင်းလင်လင်က စိတ်လှုပ်ရှားနေဆဲ ဖြစ်သော်လည်း သဘာဝကျကျ ဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားပြောလိုက်သည်။
“အဲ... ကျွန်မ ပေါက်စီ စားချင်တယ်။”
ချန်ဟွိုက်အန်က ခေါင်းကိုတောင် မဖော်ခဲ့ပေ။
“အင်း... ငါလည်း စားချင်တယ်။ သွားဝယ်လိုက်လေ။”
လင်းလင်လင် - “…”
သူ ဝယ်ထားပြီးပြီလို့ ငါ ထင်နေခဲ့တာ။
တကယ်တော့ သူကိုယ်တိုင် သွားမဝယ်ချင်လို့ ပျင်းနေတာပဲ။
သူက အမှန်တကယ် မနက်စာသွားဝယ်ရန် မရည်ရွယ်ထားတာကြောင့် အကြောင်းအရာကို အမြန် ပြောင်းလိုက်သည်။
“ချန်ဟွိုက်အန်၊ အခုနောက်ပိုင်း မိစ္ဆာတွေက ပိုပိုများလာပြီ။ အပြင်မှာလည်း မှောင်နေသေးတယ်။ ရှင် အပြင်မှာ လျှောက်မသွားသင့်ဘူး။ လမ်းပေါ်က လေလွင့်ခွေးတွေ၊ ကြောင်တွေပဲ ဖြစ်ဖြစ်၊ ဈေးထဲက ငါးတစ်ကောင်ပဲ ဖြစ်ဖြစ် မိစ္ဆာတွေ ဖြစ်သွားနိုင်တယ်။ ရှင် သူတို့နဲ့ နီးနီးကပ်ကပ် ရှိနေတဲ့အချိန်မှာ သူတို့က ဘာသတိပေးချက်မှမရှိဘဲ ရှင့်ကို တိုက်ခိုက်လာနိုင်တယ်...”
ပြတင်းပေါက်ဘောင်နားက ခိုးနားထောင်နေတဲ့ ငါးပြာကြီးက ထိုစကား ကြားကြားချင်း ရေထဲကို ချက်ချင်း ငုပ်လျှိုးသွားတော့သည်။
ချန်ဟွိုက်အန်၏ ပေါင်ပေါ်တွင်တော့ ပါ့ကျီ၏ မျက်ဆံများ ကျုံ့သွားပြီး လင်းလင်လင်ကို စိုက်ကြည့်လိုက်ကာ ရင်တွေ တဒိန်းဒိန်း ခုန်နေတော့သည်။
[ ဒီလူသားမလေး... သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ... ]
[ သူ ငါ့အကြောင်းကို ဖွင့်ပြောတော့မှာလား... ]
ပါ့ကျီ၏ မျက်လုံးထဲ သတ်ဖြတ်လိုသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ဒါက အမှားကြီးပဲ။
ဒီကလေးမကို ပြဿနာမရှာခင်ကတည်းက ရှင်းပစ်ဖို့ နည်းလမ်းရှာခဲ့သင့်တာ။
ခုနက ချန်ဟွိုက်အန် အပ်နဲ့ထိုးတုန်းက နာကျင်မှုက သည်းမခံနိုင်စရာပဲ...
ဒါပေမဲ့ စိတ်ထဲမှာတော့ အရမ်းကို ကျေနပ်စရာကောင်းတဲ့ ခံစားချက်မျိုးကို ခံစားခဲ့ရတယ်။
ဘာလို့လဲဆိုတော့...
ချန်ဟွိုက်အန်က အန္တရာယ်ပြုနေတာ မဟုတ်တာ သိနေလို့ပဲ....
ငါ့ရဲ့ သွေးကြောတွေကို ဖွင့်ပေးနေတာ...
လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူနေခဲ့တာက သွေးကြောတွေကို ချဲ့ထွင်ဖို့အတွက်ပဲ။
ငါ့ရဲ့ ရည်မှန်းချက်က အစွမ်းကုန် အားကောင်းလာဖို့၊ သန်မာလာဖို့နဲ့ ပြီးတော့ ပြတင်းပေါက်ကို ရိုက်ခွဲပြီး ထွက်ပြေးဖို့ပဲ...
ဒါပေမဲ့ သဘာဝအတိုင်း သွေးကြောတွေကို ချဲ့ထွင်တာက အချိန်အများကြီး ယူရလိမ့်မယ်။
ချန်ဟွိုက်အန်ရဲ့ အပ်စိုက်ကုထုံးကတော့...
အရမ်းနာကျင်ပေမယ့် သွေးကြောအားလုံးကို တပြိုင်နက် ပွင့်သွားစေတဲ့ အမြန်ဆုံး နည်းလမ်းပဲ။
အကျိုးကျေးဇူးက ရာနှုန်းပြည့်ပဲ၊ ဘာဆိုးကျိုးမှ မရှိဘူး။
အရေးကြီးဆုံးအချက်က...
ချန်ဟွိုက်အန်က ငါ့ကို အဆင့်တက်အောင် ကူညီပေးနေတယ်ဆိုကတည်းက သူဟာ ငါ့ရဲ့ တကယ့် သရုပ်မှန်ကို မသိသေးဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။
ဒီနေ့ ကုသမှုပြီးသွားရင် ငါက အသေးစား မိစ္ဆာလက္ခဏာတချို့ကိုတောင် တမင်တကာ ပြသလို့ ရသွားပြီ။
အဲဒီနည်းနဲ့ ငါက သံသယမဝင်အောင် ပုန်းကွယ်နေနိုင်မှာပဲ။
ပြီးတော့ အချိန်တန်ရင်...
ကြိုက်တဲ့အချိန် ထွက်ပြေးလို့ ရပြီလေ။
ဒီထက်ကောင်းတာ ဘာရှိဦးမလဲ...
ဒါပေမဲ့ အခုတော့...
ဒီအမင်္ဂလာလူသားမလေးက အရာအားလုံးကို ဖျက်ဆီးတော့မှာ...
“မင်းပြောချင်တာက ပါ့ကျီက မိစ္ဆာတစ်ကောင် ဖြစ်နိုင်တယ်လို့ ပြောတာလား...”
ချန်ဟွိုက်အန်က နောက်ဆုံး ငွေအပ်ကို ဖယ်ရှားရင်း မျက်ခုံးပင့်ကာ မေးလိုက်သည်။
“ပါ့ကျီ၊ မင်းက မိစ္ဆာလား...”
ချန်ဟွိုက်အန်၏ မေးခွန်းကို ရင်ဆိုင်လိုက်ရသောအခါ...
ပါ့ကျီက ပက်လက်လှန်လိုက်ပြီး၊ ခြေထောက်လေးတွေကို ကွေးကာ၊ အနူးညံ့ဆုံးနဲ့ အပြစ်ကင်းစင်ဆုံး အသံလေးနဲ့ အော်လိုက်သည်။
“ညှောင်...”
ချန်ဟွိုက်အန်က ကြောင်ကို ချီလိုက်ပြီး လင်းလင်လင်ဘက်ကို လှည့်ပြရင်း ပြုံးလိုက်သည်။
“တွေ့လား။ ဒီလောက် ချစ်ဖို့ကောင်းတဲ့ ကြောင်လေးက ဘယ်လိုလုပ် မိစ္ဆာဖြစ်မှာလဲ...”
ထို့နောက် သူက ခပ်ပြုံးပြုံးနဲ့ ဆက်ပြောသည်။
“ဒါပေမဲ့... နောင်တစ်ချိန်မှာတော့ သူ မိစ္ဆာဖြစ်လာနိုင်တဲ့ အလားအလာ ရှိမှာပေါ့။”
လင်းလင်လင်ရဲ့ မျက်ခုံးတွေ တွန့်သွား၏။
သူ သိလိုက်ပြီ။
ချန်ဟွိုက်အန် ဘာမှ မသိပေ။
နောင်တစ်ချိန်မှာ ဟုတ်လား...
အစ်ကိုကြီး... ရှင့်ကြောင်က လမ်းတစ်ဝက်တောင် ရောက်နေပြီ။
ဒီကြောင်မိစ္ဆာက မိစ္ဆာဗိုလ်ချုပ်အဆင့် ရောက်သွားတဲ့အထိ စောင့်နေရင်တော့ အချိန်နှောင်းသွားလိမ့်မယ်...
“ကျွန်မက အဲဒီလို သဘောနဲ့ ပြောတာမဟုတ်ပါဘူး။”
လင်းလင်လင်က ပါ့ကျီကို ကြည့်ပြီး အတင်း ပြုံးပြလိုက်သည်။
“ကျွန်မက ကြောင်ကြောက်တတ်ပေမယ့်၊ ပါ့ကျီကတော့ မိစ္ဆာမဟုတ်တာ သေချာပါတယ်။ သူက သာမန် ကြောင်ကလေးတစ်ကောင်ပါပဲ။”
ပါ့ကျီက ခေါင်းလေးကို စောင်းပြီး ချန်ဟွိုက်အန်ကို မော့ကြည့်လိုက်သည်။
“ညှောင်...”
[ ဟုတ်တယ်... အဲဒါ အမှန်တရားပဲ... ]
[ ငါက သွေးကြောတွေပွင့်သွားတဲ့ ကြောင်ကလေးတစ်ကောင်ပဲ... ]
[ တောက်တီးလိုမျိုး ရှေးဟောင်း ရက်စက်တဲ့ သားရဲကြီး လုံးဝမဟုတ်ဘူး... ]
“ရော့၊ ဒါကို ယူထားလိုက်။”
လင်းလင်လင်က လက်ပတ်နာရီတစ်လုံး ထုတ်ပြီး ချန်ဟွိုက်အန်ကို ကမ်းပေးလိုက်သည်။
“ဒါက မိစ္ဆာနှိမ်နင်းသူဗျူရိုက ထုတ်တဲ့ အထူးပြုလုပ်ထားတဲ့ နာရီပဲ။”
ချန်ဟွိုက်အန်က မျက်တောင်ခတ်ရင်း ထိုနာရီကို နှစ်စက္ကန့်လောက် စိုက်ကြည့်ပြီးမှ ယူလိုက်သည်။
“အဲ... မင်းက ငါ့ကို ဘာလို့ မိစ္ဆာနှိမ်နင်းသူဗျူရိုရဲ့ နာရီကို ပေးတာလဲ”
လင်းလင်လင်က သူရဲ့ အကြောင်းပြချက်ကို အသင့်ပြင်ထားပြီးသား ဖြစ်၏။
သူက လက်ကို ဝေ့ယမ်းပြပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ရှင်က တရားဝင် မိစ္ဆာနှိမ်နင်းသူ မဟုတ်ပေမယ့်၊ အထက်လူကြီးက ရှင့်ကို တန်ဖိုးထားတယ်။ ဒါက သိပ်တော့ တန်ဖိုးမကြီးပါဘူး။ လုပ်ဆောင်ချက်တချို့ ပိုပါတာပဲ ရှိတာ။ ရှင် သုံးကြည့်ပေါ့။”
သူက ပေါ့ပေါ့ပါးပါး ပြောနေသော်လည်း
တကယ်တမ်း ရင်ထဲ၌ ငိုနေရသည်။
ဒီနာရီက ငါးသောင်းတောင် တန်တာ...
သူ့မှာ လုပ်ဆောင်ချက်တွေ အများကြီး ရှိပေမယ့်၊ အဓိက အစွမ်းကတော့ မိစ္ဆာအငွေ့အသက်ကို ရှာဖွေနိုင်စွမ်းပဲ။
ပြီးတော့ အဲဒီလုပ်ဆောင်ချက်ကို ရှာရတာလည်း အရမ်းလွယ်တယ်။
ချန်ဟွိုက်အန် တစ်နေ့ကျရင် အဲဒါကို သုံးမိမှာ သေချာတယ်။
အဲဒီလို သုံးလိုက်တာနဲ့....
သူ ပါ့ကျီရဲ့ အမှန်တရားကို သိသွားလိမ့်မယ်။
အဲဒီအချိန်ကျရင် ကြောင်မိစ္ဆာကလည်း ငါ့ကို သံသယဝင်မှာ မဟုတ်ဘူး။
ဘာပဲဖြစ်ဖြစ်လေ...
သူက စကားမပြောနိုင်ဘူးဆိုတော့ သူ့ကို ဦးနှောက်မရှိတဲ့ တိရစ္ဆာန်လို့ပဲ အားလုံးက ယူဆထားကြတာလေ။
မိစ္ဆာနှိမ်နင်းသူဗျူရိုရဲ့ မှတ်တမ်းတွေအရ လူသားတွေလို အသိဉာဏ်ရှိတဲ့ ဖမ်းမိသမျှ မိစ္ဆာအားလုံးဟာ စကားပြောနိုင်ကြတယ်။
ပြီးတော့ သူတို့အများစုက သိပ်လည်း ဉာဏ်မကောင်းကြဘူး။
ဒါကြောင့် ဖော်ထုတ်ခံရမှာကို မစိုးရိမ်ဘူး။
“ကောင်းသားပဲ၊ ဒီနာရီက တော်တော်လေး မိုက်တယ်။ ကျေးဇူးပဲ။”
ချန်ဟွိုက်အန်က နာရီကို ယူပြီး သေသေချာချာ စတင်စစ်ဆေးနေတော့သည်။
လင်းလင်လင် သက်ပြင်းတစ်ချက် ခိုးချလိုက်မိသည်။
ယခုတော့ သူက သူ့အတွက် နာရီအသစ် တစ်လုံး ပြန်ဝယ်ရန်သာ လိုတော့သည်။
မဟုတ်လျှင် တာဝန်များကို လက်ခံရန် သို့မဟုတ် အောင်မြင်အောင် လုပ်လို့ရမည် မဟုတ်ပေ။
ကံကောင်းချင်တော့ မိစ္ဆာနှိမ်နင်းသူဗျူရိုတွင် ပစ္စည်း အများကြီး ရှိသေးသည်။
ဖုန်းဆက်ပြီး ပစ္စည်းပို့ခိုင်းလိုက်ရုံပင်။
ပါ့ကျီကို နောက်ထပ် တစ်ချက်၊ နှစ်ချက် ကြည့်ပြီးနောက် သူက ကျင့်ကြံဖို့အတွက် အခန်းထဲကို ပြန်တော့မလို့ ပြင်လိုက်သည်။
ဒါပေမဲ့ သူ မတ်တပ်ရပ်လိုက်တဲ့ အချိန်မှာပင်...
ချန်ဟွိုက်အန်က သူကို ရုတ်တရက် လှမ်းခေါ်လိုက်သည်။
“ဟေး၊ သုညသုံးလုံး၊ မိစ္ဆာနှိမ်နင်းသူဗျူရိုရဲ့ ထျန်ဖူခရိုင်ရုံးက ဘယ်ကို ပြောင်းသွားတာလဲ။ တာဝန်တွေ လက်ခံဖို့ ဘယ်ကို သွားရမလဲ...”
လင်းလင်လင် ခဏရပ်သွားပြီး လှည့်ကြည့်လိုက်သည်။
“အဲဒါက သိပ်မခက်ပါဘူး။ နာရီပေါ်က အက်ပ်ထဲမှာတင် တာဝန်တွေကို လက်ခံလို့ရတယ်။ ရှင် တစ်ခုခု လုပ်ဖို့ ဆုံးဖြတ်လိုက်ရင် ကျွန်မကိုပဲ ခေါ်လိုက်ပါ။ ပထမဆုံးအကြိမ် တာဝန်ယူတဲ့သူတွေဟာ စီနီယာ မိစ္ဆာနှိမ်နင်းသူ တစ်ယောက်နဲ့ အတူတူသွားရမယ်ဆိုတဲ့ စည်းကမ်း ရှိတယ်။”
၎င်းမှာ သူ လိမ်ပြောလိုက်ခြင်း ဖြစ်သည်။
ထိုကဲ့သို့ စည်းကမ်းမျိုး မရှိပေ။
ချန်ဟွိုက်အန်က သူ၏ လမ်းညွှန်မှုကို လုံးဝ မလိုအပ်သည်ကိုလည်း သူ သိသည်။
ချန်ဟွိုက်အန်နောက်ကို လိုက်ချင်ရုံ သက်သက်သာ။
“ကျွတ် ကျွတ်... ဒီနာရီက တကယ့်ကို စိတ်ဝင်စားစရာပဲဟေ့...”
ချန်ဟွိုက်အန်က မိစ္ဆာနှိမ်နင်းသူဗျူရို တရားဝင်နာရီကို တောသားမြို့တက်သလိုမျိုး ကစားကြည့်နေသည်။
အမှန်အတိုင်းပြောရလျှင်...
သူက ထိုကဲ့သို့ နည်းပညာမြင့် ပစ္စည်းတွေကို တစ်ခါမှ မသုံးဖူးပေ။
ပါရှိသော လုပ်ဆောင်ချက်များက အံ့မခန်းပင်။
သို့သော် အသိသာဆုံး တစ်ခုကတော့...
မိစ္ဆာစစ်ဆေးခြင်းပင်။
ယခင်တုန်းက လက်တွေ့ကမ္ဘာတွင် ပိုကီမွန်များကို လိုက်ဖမ်းရသော ARဂိမ်းများ ခေတ်စားခဲ့ဖူးကြောင်း သူ သတိရသွားသည်။
တကယ့် နောက်ခံပုံရိပ်တွေကို သုံးပြီး သရဲရှာသော ဂိမ်းများလည်း ရှိခဲ့ဖူး၏။
အရမ်းကို ရင်ခုန်စရာ ကောင်းတာပေါ့။
ယခု ထိုမိစ္ဆာအငွေ့အသက် စစ်ဆေးသော ကိရိယာကလည်း သူ့ကို ထိုသို့ ခံစားချက်မျိုး ပေးနေသည်။
စဉ်းစားကြည့်လေ...
လမ်းပေါ်မှာ ချစ်ဖို့ကောင်းတဲ့ ခွေးကလေးတစ်ကောင်ကို တွေ့တယ်ထား။
ဒါပေမဲ့ စကန် ဖတ်လိုက်တဲ့အချိန်မှာ မိစ္ဆာဖြစ်နေမှန်း သိလိုက်ရတာမျိုး။
ဒါက လျှို့ဝှက်သေတ္တာ ဖွင့်ရသလိုမျိုး စိတ်လှုပ်ရှားစရာ မကောင်းဘူးလား....
သူက အက်ပ်ကို နှိပ်လိုက်သောအခါ အသုံးပြုပုံ လမ်းညွှန်ချက် ပေါ်လာသည်။
[ ဒီစက်က သာမန်မိစ္ဆာတွေကနေ မိစ္ဆာဗိုလ်ချုပ်အထိ စစ်ဆေးနိုင်ပါတယ်။ (နတ်ဆိုး/တစ္ဆေတွေကိုလည်း ဒီစကေးနဲ့ပဲ တိုင်းတာပါတယ်။) ]
[ စစ်ဆေးတွေ့ရှိတဲ့ စွမ်းအင်အဆင့်ကို အရောင်အမျိုးမျိုးနဲ့ ဖော်ပြပေးပါလိမ့်မယ် ]
• အဝါရောင် (အဆင့်နိမ့် )
• လိမ္မော်ရောင် (အလယ်အလတ်)
• အနီရောင် (အဆင့်မြင့်)
• ခရမ်းရောင် (အလွန်ပြင်းထန် )
[ စကန်ဖတ်ရန် ကင်မရာကို ပစ်မှတ်ဆီသို့ ချိန်ပြီး စကန် ခလုတ်ကို နှိပ်ပါ ]
[ စကန်ဖတ်ခြင်းက စွမ်းအင် အများကြီး ကုန်ခမ်းစေတာကြောင့် စက်ကို အားသွင်းထားဖို့ မမေ့ပါနဲ့ ]
“ဟုတ်ပါပြီ... ဒါက လူတိုင်း နားလည်နိုင်တဲ့ လမ်းညွှန်ချက်ပဲ...”
ချန်ဟွိုက်အန်က ချက်ချင်း နားလည်သွားသည်။
သို့သော် စာတွေ့တင် မရပေ။
သူ လက်တွေ့ စမ်းသပ်ကြည့်ရန် လိုအပ်သည်။
တစ်ခုခုကို စကန်ဖတ်ကြည့်မှ ဖြစ်မယ်။
အနားမှာ ရှိတဲ့ အရာတစ်ခုခု။
ချိန်ရလွယ်တဲ့ အရာတစ်ခုခု။
ဥပမာ...
ဘေးနားမှာ ဘောလုံးလေးနဲ့ ကစားနေတဲ့ ကြောင်နက်လေးပေါ့။