← Chapters

ဒီဘုရင်လည်း ရှစ်ဟိုင်ပေါက်စီ စားချင်တယ်

Vol. 12 Ch. 115

ဒီဘုရင်လည်း ရှစ်ဟိုင်ပေါက်စီ စားချင်တယ်

Vol. 12 Ch. 115

[ အခုမှ ကြောက်တတ်သွားတာလား။ ဒီဘုရင်ကတော့ မင်းကို ပုံမှန်အတိုင်းပဲ နေဖို့ အကြံပေးချင်တယ်...]

[ငါက မိစ္ဆာတစ်ကောင် ဖြစ်ပေမဲ့ ဘယ်သူ့ကိုမှ မထိခိုက်...အဟွတ် အဟွတ်...ဒီကောင်လေးကို ထိခိုက်စေဖို့ ရည်ရွယ်ချက် မရှိပါဘူး... သူ့အပေါ်မှာ ကျရောက်နေတဲ့ ထူးဆန်းတဲ့ ကံကောင်းမှုတွေက အလိုလို ပေါ်လာတာလို့ မင်းထင်နေတာလား။ မဟုတ်ဘူး... အဲဒါတွေအားလုံးက ဒီဘုရင်က ပေးသနားထားတာ...]

လင်းလင်လင် ခဏတာ ဆွံ့အသွားရသည်။

သူ ပါ့ကျီကို ထိတ်လန့်တကြား စိုက်ကြည့်နေမိသည်။

ပါ့ကျီကလည်း သူကို ပြန်ကြည့်နေပြီး ၎င်း၏ ရွှေရောင်မျက်လုံးများမှာ ထူးဆန်းပြီး ဆွဲဆောင်မှုရှိသော အလင်းတရားတစ်ခုဖြင့် တောက်ပနေ၏။

၎င်း၏ သွေးကြောများကို အပြည့်အဝ ဖွင့်လိုက်ပြီးနောက် ရှေးဦးတောက်တီးတို့၏ စွမ်းရည်အချို့ကို နိုးထ စေခဲ့သည်။

ထိုအထဲမှ တစ်ခုမှာ အခြားသူများ၏ စိတ်ကို လွှမ်းမိုးခြင်းပင်။

ထိုစွမ်းရည်မှာ အလွန်အမင်း အစွမ်းမထက်သော်လည်း အားနည်းသည်တော့ မဟုတ်ပေ။

၎င်းသည် ချန်ဟွိုက်အန်အပေါ်တွင် အသုံးမပြုရဲသော်လည်း လင်းလင်လင်အပေါ်တွင်မူ အသုံးပြုရန် ဝန်မလေးပေ။

လင်းလင်လင်မှာမူ သူကိုယ်သူ ထိုစွမ်းအား၏ လွှမ်းမိုးမှုအောက်သို့ ရောက်ရှိသွားမှန်း လုံးဝ မသိလိုက်ပေ။

သူက ရုတ်တရက် အရာအားလုံးကို နားလည်သွားသလို ခံစားလိုက်ရသည်။

အရာအားလုံးက အကွက်ကျကျ ဆက်စပ်သွားပြီ...

ဒါကြောင့်လည်း ချန်ဟွိုက်အန်နဲ့ ပါ့ကျီက ဒီလောက်အဆင်ပြေနေကြတာကိုး...

သူတို့ကြားမှာ ဒီလို ဆက်ဆံရေးမျိုး ရှိနေတာပဲ။

ပါ့ကျီက သာမန်မိစ္ဆာတစ်ကောင် မဟုတ်ဘူး။

သူက မိစ္ဆာနှိမ်နင်းသူဗျူရို အသည်းအသန် ရှာဖွေနေတဲ့ “လာဘ်ပေး”မိစ္ဆာ ဖြစ်ရမယ်...

ချန်ဟွိုက်အန်က အစွမ်းထက်တဲ့ လူတစ်ယောက်ဆိုရင်...

ပါ့ကျီက...

တကယ့် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ကြီးပေါ့...

ထူးဆန်းတာ တစ်ခုကတော့...

ဒီပုဂ္ဂိုလ်ကြီးရဲ့ အသံက ဘာလို့ ကလေးတစ်ယောက် အသံနဲ့ တူနေရတာလဲ...

[ ဟိုကောင်လေး ပွေ့ထားတဲ့ ငါးပြာကြီးကို တွေ့လား ]

လင်းလင်လင်က ပါ့ကျီ၏ အကြည့်အတိုင်း ချန်ဟွိုက်အန်၏ ရင်ခွင်ထဲတွင် ရုန်းကန်နေသော ငါးပြာကြီးကို ကြည့်လိုက်သည်။

ပါ့ကျီက ယုတ်မာသော ရယ်သံတစ်ခုကို ထုတ်လွှတ်လိုက်၏။

[ အဲဒီငါးက ငါကိုယ်တိုင် နိုးထပေးထားတဲ့ မိစ္ဆာပဲ... ငါ့ရဲ့ သရုပ်ကို မဖော်ပြချင်လို့ သာမန်ငါးပြာတစ်ကောင်ကို အဲဒီကောင်လေးအတွက် အိမ်မွေးတိရစ္ဆာန်အဖြစ် ပြောင်းပေးလိုက်တာ။ ဘယ်သူသိမှာလဲ။ တစ်နေ့ကျရင် အဲဒီငါးက ရေသူလေးအဖြစ် ပြောင်းလဲသွားပြီး သူ့ကို အံ့အားသင့်သွားစေမလားလို့လေ ]

[ ဒါပေမဲ့ အခုတော့... ဟွန်း... ]

၎င်း၏ အေးစက်စက် အသံကြောင့် လင်းလင်လင် တုန်လှုပ်သွားရသည်။

[ မင်းကြောင့်နဲ့ အဲဒီကောင်လေးက ငါးက မိစ္ဆာဆိုတာကို အချိန်မတိုင်ခင် သိသွားပြီ... အခု သူသာ အဲဒီငါးကို သတ်ပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ ]

၎င်း စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ချန်ဟွိုက်အန်၏ စဉ်းစားခန်းဝင်နေသော အသံကို ကြားလိုက်ရသည်။

“ဥသုံးလုံး၊ မင်း မိစ္ဆာသား စားဖူးလား။ မိစ္ဆာငါးက ပိုပြီး အရသာရှိမယ် ထင်လား...”

သူ ခေတ္တရပ်လိုက်ပြီး လင်းလင်လင်ကို လှမ်းကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

“ပြီးတော့ မင်းက ဘာလို့ ဒူးထောက်နေတာလဲ။ နှစ်သစ်ကူးတောင် မရောက်သေးဘူးလေ။”

ငါးပြာကြီး၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးထွက်သွားပြီး ခေါင်းကို ဟိုဘက်ဒီဘက် ရမ်းခါနေတော့သည်။

၎င်း၏ ပါးဟက်များမှာ ချန်ဟွိုက်အန်၏ လက်ကို အတင်းရိုက်ခတ်နေပြီး အသက်ချမ်းသာပေးရန် တောင်းပန် နေသကဲ့သို့ ရှိလေသည်။

ထိုငါးသည် လူ့စကားကို နားလည်နေသည်မှာ အသေအချာပင်။

အဆင့်နိမ့် မိစ္ဆာတစ်ကောင်က လူ့စကားကို နားလည်နေသည်ဆိုလျှင် လင်းလင်လင်၏ သံသယမှာ အမှန်ပင် ဖြစ်သည်။

ထိုငါးက သဘာဝအတိုင်း ဖြစ်လာသော မိစ္ဆာမဟုတ်ဘဲ ပါ့ကျီ၏ ဖန်တီးမှုတစ်ခုသာ ဖြစ်ပေလိမ့်မည်။

သူ ထိုငါးကို အစားမခံနိုင်ပေ။

အကယ်၍ ထိုငါး သေသွားလျှင် ပါ့ကျီက သူကို ဘယ်တော့မှ ခွင့်လွှတ်မည် မဟုတ်ပေ။

သူက စိတ်ကို အမြန် ပြင်ဆင်လိုက်ပြီး၊ လက်ထဲက လှံကို တင်းတင်းဆုပ်ကာ အတင်း အပြုံးလုပ်လိုက်သည်။

“အဲ... ချန်ဟွိုက်အန်၊ မိစ္ဆာတိုင်းကို သတ်စရာ မလိုပါဘူး။ ပြီးတော့ မိစ္ဆာသားဆိုတာက စားချင်တိုင်း စားလို့ရတာ မဟုတ်ဘူး။ အဲဒါက ပြင်းထန်တဲ့ ပြဿနာတွေ ဖြစ်စေနိုင်တယ်။”

ချန်ဟွိုက်အန်က မျက်မှောင်ကြုတ်လျက် ငါးကို စိုက်ကြည့်နေတုန်းပင်။

“ဒါပေမဲ့... ကြည့်ရတာ အရသာရှိမယ့်ပုံပဲ။”

“မလုပ်ပါနဲ့။ တကယ်ပြောတာပါ။ ရှင် အဲဒါကို စားလို့မရဘူး။”

“နည်းနည်းလေးတောင် မရဘူးလား...”

“မရဘူး။”

“ရေနွေးပူပူနဲ့ ပြုတ်လိုက်ရင် ဘက်တီးရီးယားတွေ အကုန်သေသွားမှာ မဟုတ်ဘူးလား။ အဲဒါမှ မလုံလောက်ရင်လည်း ဖိအားပေါင်းအိုးထဲထည့်ပြီး ပြုတ်လိုက်ရင်တော့ ရမှာပေါ့။”

ချန်ဟွိုက်အန် တံတွေး တစ်ချက် မျိုချလိုက်၏။

အို... ဘုရားသခင်၊ ကျွန်တော့်တစ်သက်မှာ မိစ္ဆာသား တစ်ခါမှ မစားဖူးသေးဘူး။

အန္တရာယ်ရှိတယ်ဆိုရင်ကော ဘာဖြစ်လဲ...

တစ်သက်လုံး အသက်ရှည်နေမှာ မဟုတ်တဲ့အတိုင်းပဲ....

စမ်းကြည့်ရမှာပေါ့။

လင်းလင်လင် - “…”

ငါးပြာကြီး - “…”

ပါ့ကျီ - “…”

ပါ့ကျီနှင့် လင်းလင်လင်တို့ နှစ်ယောက်လုံး သူ၏ သေဘေးကို မတားဆီးနိုင်တော့မှန်း သိလိုက်သောအခါ ငါးပြာကြီးမှာ တုန်တက်သွားသည်။

ထို့နောက်...

၎င်းက ပါးစပ်ကို အကျယ်ကြီး ဟလိုက်ပြီး ငုံးဥအရွယ်အစားရှိသော ပုလဲတစ်လုံးကို ထွေးထုတ်လိုက်သည်။

ထိုပုလဲမှာ ချန်ဟွိုက်အန်၏ လက်ဖဝါးပေါ်သို့ လိမ့်ကျသွားသည်။

ထို့နောက် ငါးကြီးမှာ သူ့ကို တောင်းပန်တိုးလျှိုးသော မျက်ဝန်းများဖြင့် မော့ကြည့်နေတော့သည်။

“မင်းက ပုလဲတွေ ထုတ်ပေးနိုင်တာလား...”

ချန်ဟွိုက်အန်၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားပြီး ချက်ချင်း တည်ကြည်သွားသည်။

ငါးပြာကြီးက ခေါင်းကို အပြင်းအထန် ညိတ်ပြနေတော့သည်။

“ဘယ်နှရက် တစ်ခါ ထုတ်ပေးနိုင်လဲ...”

ငါးကြီးမှာ တောင့်တင်းသွားပြီး မျက်လုံးများမှာ ဟိုကြည့်ဒီကြည့် ဖြစ်နေသည်။

“ကောင်းပြီလေ။ ငါ အချိန်တွေကို တစ်ခုချင်း ပြောပြမယ်၊ မှန်ရင် မင်း ခေါင်းညိတ်ပြရမယ်။”

ငါးက ခေါင်းငြိမ့်ပြသည်။

“တစ်ရက် တစ်လုံးလား...”

တုံ့ပြန်မှု မရှိပေ။

“တစ်ပတ် တစ်လုံးလား...”

တုံ့ပြန်မှု မရှိ။

“တစ်လ တစ်လုံးလား...”

ငါးကြီးက အမြန် ခေါင်းညိတ်ပြသည်။

“နှေးလွန်းတယ်... ငါ တော်တော် စိတ်ပျက်သွားပြီ...”

ချန်ဟွိုက်အန်၏ မျက်နှာမှာ မှောင်ကျသွားပြီး အေးစက်စက် ရယ်လိုက်သည်။

“ငါ မင်းကို တစ်ပတ် အချိန်ပေးမယ်။ တစ်ပတ်ကို ပုလဲတစ်လုံး ထုတ်ပေးရမယ်... တကယ်လို့ မလုပ်နိုင်ရင်...”

“ငါ မင်းကို ဖိအားပေါင်းအိုးထဲထည့်ပြီး ငါးစွပ်ပြုတ် လုပ်ပစ်မယ်...”

ငါးပြာကြီးမှာ အသည်းအသန် ခေါင်းညိတ်ပြတော့သည်။

“ကောင်းပြီလေ။ သဘောတူတယ်...”

ချန်ဟွိုက်အန်၏ မျက်နှာမှာ ကြင်နာတတ်သော အပြုံးတစ်ခုဖြင့် တောက်ပသွားပြီး၊ သူ၏ လက်ချောင်း နှစ်ချောင်းဖြင့် ရှောင်ချင်း၏ ရေယက်တစ်ခုကို ညင်သာစွာ လှုပ်ခါလိုက်သည်။

ထို့နောက် သူက ငါးပြာကြီးကို ၎င်း၏ ဇလုံထဲသို့ ဂရုတစိုက် ပြန်ထည့်ပေးလိုက်သည်။

“အခုကစပြီး မင်းက ငါတို့မိသားစုဝင်ပဲ။ မင်းနာမည်က ရှောင်ချင်း...”

ချန်ဟွိုက်အန်က ငါးခေါင်းကို ပုတ်လိုက်၏။

“မင်းက မိစ္ဆာ၊ ဒါပေမဲ့ ပါ့ကျီက မိစ္ဆာ မဟုတ်ဘူး။ ဒါကြောင့် အခုကစပြီး မင်း ပါ့ကျီကို အနိုင်မကျင့်ရဘူးနော်...”

ထိုကြောင်နက်ကြီးကို အနိုင်ကျင့်ရမယ် ရှောင်ချင်းမှာ လုံးဝ ဆွံ့အသွားရ၏။

အသက်တစ်ရာ ပေးလျှင်ပင် သူ မလုပ်ရဲပေ။

“သဘာဝအတိုင်း ဖြစ်ပေါ်လာပြီး ဒီလောက် လှပတဲ့ ပုလဲဆိုရင်... လေးငါးသောင်းလောက်တော့ ရမှာပဲ။ ဟုတ်တယ် မဟုတ်လား...”

ချန်ဟွိုက်အန်က ပုလဲကို အလင်းရောင်အောက်တွင် မြှောက်ကြည့်ကာ သေသေချာချာ လေ့လာနေသည်။

သူ၏ ဘေးနားတွင်မူ လင်းလင်လင်က သူ၏ စိတ်ကူးယဉ်မှုများကို ရေအေးဖြင့် လောင်းချလိုက်သည်။

“ရှောင်ချင်းက ရေချိုငါးပါ။ ငါးတစ်ကောင်က ပုလဲ ဘယ်လိုထုတ်ပေးသလဲဆိုတာ ခဏထားဦး။ ရေချိုငါးဆိုတော့ ဒါက ရေချိုပုလဲပဲ ဖြစ်မှာပေါ့။ အဲဒါတွေက သိပ်တန်ဖိုးမရှိပါဘူး။ အကောင်းဆုံး အရည်အသွေး ဆိုရင်တောင်မှ အများဆုံး နှစ်ထောင်၊ သုံးထောင်လောက်ပဲ ရမှာပါ။”

“နှစ်ထောင် သုံးထောင်...”

ချန်ဟွိုက်အန် စိတ်ထဲတွင် အမြန် တွက်ချက်လိုက်သည်။

သူ ငါးကိုပဲ ချက်စားလိုက်ရမလား။

ဒါမှမဟုတ် တစ်လကို တစ်သောင်းတောင် မပြည့်တဲ့ ဝင်ငွေလေးနဲ့ပဲ ကျေနပ်နေရမလား။

သူ မဆုံးဖြတ်ရသေးခင်မှာပဲ လင်းလင်လင်က ဆက်ပြောသည်။

“ဒါပေမဲ့ ရှင်က အဲဒါကို မိစ္ဆာနှိမ်နင်းသူဗျူရိုကို ရောင်းမယ်ဆိုရင်တော့ တစ်မျိုးပေါ့။ ဒါက မိစ္ဆာရဲ့ ထွက်ကုန် ဖြစ်တဲ့အတွက် သုတေသန လုပ်ငန်းတွေမှာ သုံးလို့ရတယ်။ ရှောင်ချင်းရဲ့ အဆင့်နဲ့ဆိုရင် သူ့ပုလဲတစ်လုံးကို တစ်သောင်းလောက် တန်ဖိုးသတ်မှတ်ပေးလိမ့်မယ်။”

တစ်သောင်း...

တကယ်လို့ အရွယ်အစားက အရေးမကြီးဘူးဆိုရင် သူ ရှောင်ချင်းကို သုံးရက်တစ်ခါ ပုလဲထုတ်ခိုင်းလို့ ရတာပဲ။ ဒါဆို တစ်လကို ဆယ်လုံး၊ တစ်သိန်း...

ချန်ဟွိုက်အန်၏ မျက်လုံးထဲက သတ်ဖြတ်လိုစိတ်များ ပျောက်ကွယ်သွား၏။

သူ၏ အမူအရာမှာ အဘိုးအိုတစ်ယောက်၏ ကြင်နာတတ်သော အပြုံးမျိုးသို့ ပြောင်းလဲသွားတော့သည်။

“တကယ့်ကို တန်ဖိုးရှိတဲ့ မိသားစုဝင်လေးပဲ...”

“ငါးစွပ်ပြုတ် ဖြစ်သွားတာပဲဖြစ်ဖြစ်၊ ပုလဲ ထုတ်ပေးတာပဲဖြစ်ဖြစ်၊ မင်းရဲ့ အသုံးဝင်မှုကို မင်း ရှာတွေ့သွားပြီ။ သိပ်ကောင်းတယ်...”

လင်းလင်လင်ကတော့ မျက်လုံးလှန်လိုက်မိသည်။

သူ ခံစားရသည်မှာ ရှောင်ချင်းသာ ဆက်ရှိနေလျှင် ရူးသွားတော့မည် ဟူ၍ပင်။

ယခုအချိန်တွင်တော့ သူက ပါ့ကျီနှင့် ရှောင်ချင်းတို့ နှစ်ကောင်လုံးကို အန္တရာယ်မရှိတဲ့သော လာဘ်ပေးမိစ္ဆာများအဖြစ် မိစ္ဆာနှိမ်နင်းသူဗျူရိုကို အစီရင်ခံစာ တင်လိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။

၎င်းက ချန်ဟွိုက်အန်၏ အစွမ်းကို တိုင်းတာရန် ကူညီပေးရုံသာမက....

ပါ့ကျီနှင့် ရှောင်ချင်းတို့၏ အလားအလာကို စောင့်ကြည့်ရန်နှင့် သူတို့က ဆက်သွယ်ရန် ထိုက်တန်သလား ဆိုသည်ကို ဆုံးဖြတ်ရန် အခွင့်အရေး ရစေနိုင်လိမ့်မည်။

ယခုအချိန်တွင် မိစ္ဆာနှိမ်နင်းသူဗျူရိုဟာ အင်အားကြီးလာဖို့အတွက် အသည်းအသန် လိုအပ်နေတာကြောင့်၊ နည်းလမ်းတွေက လုံးဝ ဘေးမကင်းလျှင်င် ဖြစ်နိုင်သမျှ အင်အားအရင်းအမြစ်တိုင်းကို ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။

“ချန်ဟွိုက်အန်၊ ကျွန်မ ခဏ အပြင်သွားလိုက်ဦးမယ်။”

ချန်ဟွိုက်အန်က သုညသုံးလုံးကို ကြည့်ပြီး တွေးလိုက်သည်။

တိုက်ဆိုင်လိုက်တာ။

ငါလည်း သူ့ကို ထွက်သွားခိုင်းဖို့ အကြောင်းပြချက် ရှာနေတာာ။

သူ ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။

“အင်း၊ သွားလေ... ဪ၊ ဒါနဲ့...”

“ငါ မြို့ထဲက အဲဒီရှစ်ဟိုင်ပေါက်စီကို အရမ်းကြိုက်တာ။ ပြန်လာရင် ငါ့အတွက် ဝယ်ခဲ့ဦးနော်..”

လင်းလင်လင်၏ မျက်နှာမှာ စိမ်းသွားတော့သည်။

မြို့ထဲကလား...

ဒါဆို ငါ မိစ္ဆာနှိမ်နင်းသူဗျူရိုကို သွားပြီးရင် အဝေးကြီးကို ပတ်သွားရမှာပေါ့။

အသွားအပြန် အနည်းဆုံး သုံးလေးနာရီလောက် ကြာမှာ...

ပြန်ရောက်တဲ့အချိန်ဆို ပေါက်စီက နေ့လယ်စာ ဖြစ်သွားလောက်ပြီ...

ပြီးတော့ ငါက အစေခံလား...

“ရှင်...”

သူ စောဒကတက်ဖို့ ပြင်လိုက်စဉ်မှာပင်...

အေးစက်ပြီး ထူးဆန်းသော အသံတစ်ခုက သူရဲ့ စိတ်ထဲ တိုးတိုးလေး ထွက်လာသည်။

[ဒီဘုရင်လည်း... ရှစ်ဟိုင်ပေါက်စီ စားချင်တယ်...]

လင်းလင်လင်မှာ တုန်လှုပ်သွားရသည်။

သူ နှုတ်ဆိတ်သွားတော့သည်။

ထို့နောက် တောက်ပပြီး ရွှင်ပျသော အပြုံးတစ်ခုကို ပြသလိုက်သည်။

“ရပါတယ် အစ်ကို... အခုပဲ သွားဝယ်ပေးပါ့မယ်...”

ပြတင်းပေါက်နားတွင် ရပ်လျက် ချန်ဟွိုက်အန်သည် လင်းလင်လင် တက္ကစီပေါ် တက်သွားသည်ကို ကြည့်နေသည်။

သူ၏ ပေါ့ပေါ့ပါးပါး အမူအရာများ ပျောက်ကွယ်သွားတော့သည်။

သူက ဆိုဖာဘက်သို့ ပြန်လှည့်လာပြီး ငွေအပ်များကို ထုတ်ကာ ထိုင်ချလိုက်သည်။

သူ၏ မျက်နှာမှာ အလွန် တည်ကြည်နေ၏။

“သွေးကြောဖွင့် အပ်စိုက်ပညာရဲ့ ဘေးကင်းမှုကို ငါ အတည်ပြုပြီးပြီ...”

“အခုတော့ ငါ့ရဲ့ ကိုယ်ပိုင် သွေးကြောတွေကို ဖွင့်ရမယ့် အချိန်ရောက်ပြီ။”

All Chapters