စမ်းသပ်ရမယ့် အချိန်ရောက်ပြီ
Vol. 12 Ch. 116
မှိန်ပျပျ အလင်းရောင်နှင့် အခန်း။
လေတိုး၍ အသာအယာ လှုပ်ခါနေသော လိုက်ကာ။
ဆိုဖာပေါ် အေးအေးလူလူ ထိုင်နေသော လျှို့ဝှက်ဆန်းပြားသည့် ကြောင်နက်တစ်ကောင်။
ရေဇလုံထဲတွင် ထူးဆန်းသောအကြည့်ဖြင့် ငြိမ်သက်နေသော ငါးပြာကြီးတစ်ကောင်။
အခန်း အလယ်တွင်တော့....
အင်္ကျီမဝတ်ထားဘဲ ကြွက်သား အနည်းငယ်ရှိကာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိနေသည့် ချောမောသော အမျိုးသားတစ်ယောက်။
“ဒါဆို... ဒါက သွေးကြောတွေ ပွင့်သွားတဲ့ ခံစားချက်ပေါ့...”
ချန်ဟွိုက်အန် လက်သီးကို တင်းတင်းဆုပ်ကာ အသက်ကို ပြင်းပြင်းရှူလိုက်သည်။
သူ့နားထဲတွင် လေတိုးသံ သဲ့သဲ့လေး ကြားနေရ၏။
ပြတင်းပေါက်ဘောင်မှ မြက်ပင်လေးများက ပိုစိမ်းနေသလိုပင်။
စားပွဲပေါ်မှ ငှက်ပျောသီးများမှ ငှက်ပျောသီးနံ့ ရနေ၏။
ကြောင်ချေးဗန်းကတော့... အရင်လို နံစော်နေဆဲပင်။
ထို့နောက်...
စကားလုံးဖြင့် ဖော်ပြ၍ မရနိုင်လောက်အောင် မြန်ဆန်တဲ့ အရှိန်ဖြင့်...
ချန်ဟွိုက်အန် မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်ပြီး ရှေ့သို့ တစ်လှမ်းတက်ကာ နံရံကို အားကုန်သုံးပြီး တည့်တည့် ထိုးလိုက်တော့သည်...
ဘုန်း...
“အားးးးးးးးးး......”
နာကျင်စွာ အော်ဟစ်သံကြီးက တစ်တိုက်လုံး ပဲ့တင်ထပ်သွားတော့သည်။
အိမ်နီးနားချင်းများစွာ တုန်လှုပ်သွားကြပြီး တစ်ယောက်ယောက် ဝက်သတ်နေသလားဟုပင် ထင်မှတ် သွားကြသည်။
ပါ့ကျီကတော့ ခဏမျှ ငြိမ်သက်သွားပြီးမှ....
၎င်း၏ လက်ဖဝါးကို ဆက်လက် လျက်နေတော့သည်။
ရှောင်ချင်းကတော့ ရေပူဖောင်းလေး တစ်ခု မှုတ်ထုတ်လိုက်ပြီး အမြီးကို တစ်ချက်ခါကာ ရေအောက်ထဲ ပြန်ငုပ် သွားခဲ့သည်။
ဆယ်မိနစ်အကြာတွင် ချန်ဟွိုက်အန်က ဆိုဖာပေါ် ထိုင်နေပြီး ရောင်ကိုင်းနေသော လက်သီးကို ဆေးလိမ်းကာ ပတ်တီးစည်းထားရသည်။
ဆေးလိမ်းနေရင်း သူ အဖြေရှာတွေ့သွား၏။
ငါ သွေးကြောဖွင့်တာ မအောင်မြင်တာ မဟုတ်ဘူး...
ပြဿနာက အတွင်းအားကျင့်စဉ် မရှိတာပဲ။
အတွင်းအား ကျင့်စဉ်မရှိရင် စိတ်ဝိညာဉ်စွမ်းအင် မရှိနိုင်ဘူး။
ငါ ကိုယ်ခံပညာလည်း တစ်ခါမှ မသင်ဖူးဘူး။
အားကစားလည်း မလုပ်ဘူး။
ခန္ဓာကိုယ်မှာ ကြွက်သား မရှိဘူး။
စိတ်ဝိညာဉ်စွမ်းအင်ရဲ့ အထောက်အပံ့မပါတော့ ထိုးလိုက်တဲ့ လက်သီးက ဘာမှ အသုံးမကျတဲ့ အချည်းနှီးပဲ ဖြစ်သွားတာပေါ့။
ထို့အပြင်...
သူက နောက်ထပ် ပြဿနာတစ်ခုကို သတိထားမိလိုက်သည်။
သွေးကြောများ ပွင့်သွားပြီးနောက် သူ့လက်ကောက်ဝတ်က ဝိညာဉ်ကျောက်တုံး လက်ပတ်မှာ လုံးဝ အရောင်မှိန်သွားခဲ့သည်။
သွေးကြောဖွင့်သော ဖြစ်စဉ်က ဝိညာဉ်ကျောက်တုံး စွမ်းအင်ကို စုပ်ယူလိုက်ခြင်း မဟုတ်ပေ။
သူ၏ အပ်စိုက်ပညာက ဝိညာဉ်စွမ်းအင် လည်ပတ်ရန် လိုအပ်ပြီး သူကိုယ်တိုင်တွင် မရှိ၍ အပြင်မှ စွမ်းအင်ကို အသုံးပြုလိုက်ရခြင်းပင်။
“ပိုပြီး အရေးကြီးတာက... ငါ့ရဲ့ ဒဏ်ရာတွေက အရင်လို အမြန် မပျောက်တော့ဘူး။”
ချန်ဟွိုက်အန်က ပေါက်စီလုံးလောက် ရောင်နေသော လက်ကို ကြည့်ရင်း နောက်ဆုံး နားလည်သွားခဲ့သည်။
အရင်က အနာကျက် မြန်နေတာ့ဟာ ကင်ဆာဆဲလ်တွေကြောင့် မဟုတ်ဘူး။
ဝိညာဉ်ကျောက်တုံး လက်ပတ်ကြောင့်ပဲ။
တစ်ချိန်တုန်းက သူသည် King of Fighters ဂိမ်းထဲမှ K9999 လိုမျိုး မိစ္ဆာများကို အမှုန့်ကြိတ်နိုင်သည့် ဧရာမဇီဝလက်နက် လက်မောင်းကြီးမျိုး ရလာမည်လားလို့ စိတ်ကူးယဉ်ခဲ့ဖူးသေးသည်။
အဲဒါဆို ဘယ်လောက် မိုက်လိုက်မလဲ...
သို့သော် ယခုတော့...
သူ တကယ့် ကျင့်ကြံသူတစ်ယောက်ဖြစ်အောင် ကြိုးစားရုံကလွဲပြီး တခြား ရွေးချယ်စရာ မရှိတော့။
ဟူး...
ထူးချွန်လွန်းတဲ့သူတွေရဲ့ ဒုက္ခတွေပေါ့။
ရွေးချယ်စရာ လမ်းတွေ အများကြီး ရှိနေတော့ ကိုယ်မရွေးချယ်ခဲ့တဲ့ လမ်းတွေအတွက် နည်းနည်းတော့ နှမြောမိတာ သဘာဝပါပဲလေ။
ချန်ဟွိုက်အန် ဂိမ်းကို ဖွင့်လိုက်ပြီး မိုးပျံလှေပေါ်တွင် ကျင့်ကြံနေကြသော လီချင်းရန်နှင့် ယွဲ့ချန်ချီတို့ကို စစ်ဆေးလိုက်သည်။
သူက လီချင်းရန်၏ မျက်နှာကို အနီးကပ် ချဲ့ကြည့်လိုက်ပြီး အဖိုးမဖြတ်နိုင်သော ကျောက်စိမ်း ရုပ်တုလေးတစ်ခုကို ကြည့်နေသကဲ့သို့ ငေးကြည့်နေမိသည်။
သူကို ဖော်ပြရန် စကားလုံး တစ်လုံးတည်း သုံးရလျှင် “ရင်သပ်ရှုမောဖွယ်” လို့ပင် ပြောရလိမ့်မည်။
ထိုကဲ့သို့ ခံစားချက်မျိုးပင်။
ကျောင်းသားဘဝတုန်းက ကျောင်းဝင်းထဲက သစ်ပင်အိုကြီးအောက်မှာ ထိုင်နေရင်း သစ်ရွက်တွေကြားက ဖြတ်ကျလာတဲ့ နေရောင်ခြည် အရိပ်လေးတွေကို ငေးကြည့်နေတဲ့ ခံစားချက်မျိုး။
မိန်းကလေး တစ်ယောက်က ထိုနေရာတွင် ထိုင်ပြီး စာအုပ်တစ်အုပ်ကို ဖြည်းဖြည်းချင်း ဖတ်နေ၏။
လေပြေလေးက သူ၏ ဆံနွယ်ကို ဝေ့ယမ်းသွားရာ သူက ညင်သာသော အပြုံးလေးနှင့် ဆံပင်လေးကို နားနောက် သပ်လိုက်သည်။
သူက မင်းကို မသိ။
မင်းကလည်း သူ့ကို မသိ။
သို့သော် ထိုခဏတာလေးက တစ်နွေလုံးကို အဓိပ္ပာယ် ဖွင့်ဆိုပေးလိုက်သလိုပင်။
လူတိုင်း လူပျိုဖော်ဝင်စအရွယ်တွင် ထိုသို့လူမျိုးတစ်ယောက်ယောက်နဲ့ ဆုံဖူးကြပေလိမ့်မည်။
ချန်ဟွိုက်အန်အတွက် လီချင်းရန်က ထိုကဲ့သို့ လူစားမျိုးပင်။
သူကို ကြည့်နေရရုံနဲ့တင် စိတ်ချမ်းသာစရာ ကောင်းလှ၏။
သူ ဘာမှမစဉ်းစားဘဲ လက်ကို ဆန့်ထုတ်လိုက်ပြီး သူရဲ့ ပါးလေးကို တစ်ချက် တို့လိုက်မိသည်။
တကယ့် လက်တွေ့ကမ္ဘာမှာ ထိတွေ့လိုက်ရသလိုမျိုးပင် ပါးလေးက သူ့လက်အောက်မှာ ချိုင့်ဝင်သွား၏။
“...အော်မီတော်ဖော်။ ဒါတွေက အပေါ်ယံတွေပဲ...”
ချန်ဟွိုက်အန် စိတ်ကို ပြန်စုစည်းလိုက်ပြီး ပါရမီ မီနူးကို ဖွင့်လိုက်သည်။
ယခင်က မီးခိုးရောင် ဖြစ်နေပြီး သုံးမရသော ဒီရေလှိုင်း ကျင့်စဉ်က အခုတော့ လင်းလက်နေလေပြီ။
ဆိုလိုသည်မှာ သူက ၎င်းကို ကျင့်ကြံရန် အရည်အချင်း ပြည့်မီသွားပြီ ဟူ၍ပင်။
“ဟဲဟဲဟဲ...”
“ကောင်းကင်ဘုံကို ငါ့ရှေ့မှာ ဒူးထောက်အောင် လုပ်ပစ်မယ်...”
ချန်ဟွိုက်အန်က ခေါင်းကို မော့ကာ ရူးရူးမူးမူး ရယ်မောလိုက်ပြီး ဒီရေလှိုင်းကျင့်စဉ် ကို ဖွင့်လိုက်သည်။
သူ့လို ကံကြမ္မာ၏ ရွေးချယ်ခံရသော ပါရမီရှင်တစ်ယောက်က တစ်ရက်တည်းနှင့် မည်သို့ကျင့်ရမည်တာ သေချာပေါက် နားလည်ပေလိမ့်မည်။
ပြောစကား ရှိတယ် မဟုတ်လား...
“ချီသန့်စင်ခြင်းမှာ ခြေလှမ်းတစ်လှမ်း၊ အင်မော်တယ်အရှင်သခင်ဖြစ်ဖို့ ခြေလှမ်းကြီး တစ်လှမ်း...”
ရုတ်တရက်...
ဝှူးးးး...
လှိုင်းလုံးကြီးများ ရိုက်ခတ်သံက သူ့နားထဲ ပဲ့တင်ထပ်သွား၏။
ခဏတာမျှ သူက ကျယ်ပြောလှသော သမုဒ္ဒရာကြီး အရှေ့တွင် ရပ်နေပြီး ကမ်းခြေကို ရိုက်ခတ်နေသော လှိုင်းလုံးများကို ကြည့်နေရသလို ခံစားလိုက်ရသည်။
ဒီလှိုင်းလုံးများကြားထဲတွင် ဝိညာဉ်စွမ်းအင်များ ဝန်းရံနေတဲ့ ကျင့်ကြံသူတစ်ယောက်၏ ဝေဝါးသော ပုံရိပ်ကို သူ မြင်လိုက်ရသည်။
သူ၏ လှုပ်ရှားမှုတိုင်းက ပင်လယ်ကို မြင့်စေ၊ နိမ့်စေပြီး နေနဲ့ လကိုပင် ရွေ့လျားစေနိုင်သောအစွမ်း ရှိပုံရသည်။
သို့သော် ထိုပုံရိပ်က ပေါ်လာသလောက်ပင် မြန်မြန် ပြန်ပျောက်ကွယ်သွား၏။
ထိုအစား ရှေးဟောင်း ပင်လယ်လှိုင်းပုံစံများ ပါဝင်သော စာလိပ်ကြီးတစ်ခု သူ့ရှေ့တွင် ပွင့်လာခဲ့သည်။
[ဒီရေလှိုင်းကျင့်စဉ် – ပထမတွဲ - လှိုင်းကြည့်ခြင်း]
“ကျင့်ကြံမှု စတင်ရန်အတွက် ဦးစွာ စိတ်ကို တည်ငြိမ်စေရမည်။ အသက်ရှူနှုန်းကို ထိန်းညှိရမည်။ ခန္ဓာကိုယ်၏ အချက်အခြာ ငါးချက်ကို မြေပြင်နှင့် ထိကပ်စေပြီး ကောင်းကင်နှင့် လူသားကြား ဟန်ချက်ညီမှုကို တည်ဆောက်ရမည်။ ထိုပုံစံသည် ယင်နှင့်ယန် အင်အားစုနှစ်ခုကို တစ်သားတည်း ဖြစ်စေပြီး လောကသုံးပါးကို ဆက်သွယ်ပေးကာ အခြေခံအုတ်မြစ် ဖြစ်လာစေလိမ့်မည်...”
ပထမစာမျက်နှာတွင် စာသားများနှင့် ပြည့်နှက်နေ၏။
ချန်ဟွိုက်အန်က ၎င်းကို ခဏလောက် စိုက်ကြည့်နေလိုက်သည်။
ထို့နောက် တိတ်ဆိတ်စွာဖြင့် ဘာသာပြန်အက်ပ်ကို ဖွင့်လိုက်သည်။
မှန်ပေသည်။ သူ ကျင့်ကြံနိုင်ပေသည်။
သို့သော်လည်း အရင်ဦးစွာ ထိုပေါက်ကရ စာသားများကို သာမန်လူ နားလည်နိုင်သော ဘာသာစကား ဖြစ်အောင် ပြန်ရန် လိုအပ်ပေသည်။
မဟုတ်လျှင် သိပ္ပံကျောင်းသား ဖြစ်ခဲ့သော သူ၏ ညံ့ဖျင်းလှသည့် စာပေအသိနှင့်ဆိုလျှင် ထိုအထဲမှ စကားလုံး တစ်လုံးကိုမှ နားလည်မှာ မဟုတ်။
“ခုနက... ဆရာ ငါ့ရဲ့ ပါးကို ထိလိုက်တာလား...”
လီချင်းရန် မျက်လုံးကို ဖွင့်လိုက်သည်။
သူ၏ ရှည်လျားသော မျက်တောင်လေးများက တဖျတ်ဖျတ် လှုပ်ခါသွားပြီး ပါးပေါ်မှာ ကျန်ရှိနေသော နွေးထွေးမှုကို ခံစားနေရသည်။
သူ၏ မျက်နှာလေးက ပန်းရောင်သန်းသွားပြီး နားရွက်လေးတွေပါ နီမြန်းလာ၏။
သူသည် စီနီယာအစ်မကို တစ်ချက်လှမ်းကြည့်လိုက်ပြီး၊ သူ့ကို ထိလိုက်သည်မှာ ဆရာဖြစ်ကြောင်း အတည်ပြုလိုက်သည်။
ပထမအချက်အနေဖြင့် သူ၏ စီနီယာအစ်မက ဝိညာဉ်စုဆောင်းခြင်း အခင်းအကျင်းထဲ အာရုံစူးစိုက်ပြီး ကျင့်ကြံနေသည်။
ဒုတိယအချက်မှာ ထိတွေ့မှု ခံစားချက် လုံးဝ ကွဲပြားနေခြင်းပင်။
ဆရာ၏ ထိတွေ့မှုက နူးညံ့ပြီး တစ်ခုခုကို မြတ်နိုးတန်ဖိုးထားသလို ခံစားရ၏။
စီနီယာအစ်မလိုမျိုး ပါးကို ဟိုဆွဲဒီဆွဲ လုပ်ပြီး တဟားဟား ရယ်မောနေခြင်းမျိုး မဟုတ်။
“ဆရာက ငါ့ဆီကို ခဲခဲယဉ်းယဉ်း လာကြည့်တာကို... ငါက ကျင့်ကြံနေမိတယ်...”
လီချင်းရန် နှုတ်ခမ်းလေးကို အနည်းငယ် စူလိုက်ပြီး မျက်မှောင်လေး ကြုတ်လိုက်သည်။
“သူနဲ့ စကားပြောဖို့ အခွင့်အရေး လွတ်သွားပြီ...”
သို့သော် ပြန်စဉ်းစားကြည့်လိုက်ရာ...
“နေဦး၊ မဟုတ်သေးဘူး။ ဆရာက ငါ့ကို ကျင့်ကြံမှုမှာ အာရုံစိုက်နေတာကို ပိုကြိုက်မှာပဲ။ သူ လာကြည့်တဲ့ အချိန်မှာ ငါက ကြိုးကြိုးစားစား ကျင့်ကြံနေတာကို တွေ့ရင် သူ ပိုပြီး ဝမ်းသာမှာပေါ့၊ ဟုတ်တယ်မလား...ျ”
“ဒါပေမဲ့... အဲဒါဆိုရင် သူ့ကို စကားမပြောရတော့ဘူးလေ...”
သူက သက်ပြင်းသဲ့သဲ့လေး ချလိုက်ပြီး လက်ချောင်းလေးတွေကို ကစားနေမိသည်။
ကျင့်ကြံခြင်းတွင် အာရုံစူးစိုက်လွန်းလျှင် ဆရာ လာသည်ကို သိမည် မဟုတ်ပေ။
သို့သော် မကျင့်ကြံလျှင်လည်း ဆရာက ဆူလိမ့်မည်...
“ဟူး... ခက်လိုက်တာနော်...”
[ ချင်းရန် ]
ရင်းနှီးနေသော အသံတစ်ခုက သူ၏ နားထဲ ရုတ်တရက် ထွက်ပေါ်လာသည်။
လီချင်းရန်၏ မျက်လုံးများ တောက်ပသွားပြီး နှုတ်ခမ်းများက လခြမ်းကွေးလေးလို ပြုံးသွားသည်။
သူ ကောင်းကင်ယံသို့ မော့ကြည့်လိုက်၏။
“ဆရာ... ရောက်လာပြီလား...”
သူ့အပေါ် ကျရောက်နေတဲ့ ဆရာကြီးရဲ့ အကြည့်ကို ခံစားမိတာကြောင့် အမြန်ပင် ဆင်ခြေပေးလိုက်သည်။
“ဆရာ၊ ကျွန်မ ခုနက တကယ် ကြိုးစားကျင့်ကြံနေတာပါ... ကျင့်တာ နည်းနည်း ကြာသွားလို့ ခဏလောက် နားချင်သွားရုံလေးပါ...”
[ အင်း ]
လီချင်းရန် တုံ့ဆိုင်းသွား၏။
တစ်ခုခု မှားနေသလို သူ ခံစားမိသည်။
“ဆရာကြီး... တစ်ခုခု စိတ်ထဲမှာ ရှိနေတာလား”
သူ၏ ရင်ထဲ စိုးရိမ်စိတ်လေး ဖြစ်သွားသည်။
သူ၏ ဆရာက အနည်းငယ် စိတ်ဓာတ်ကျနေသလို ဖြစ်နေပြီး အသံထဲတွင်လည်း ပင်ပန်းနွမ်းနယ်မှုများ ပါဝင်နေသလို သူ ခံစားနေရသည်။
ချန်ဟွိုက်အန် အမှန်တကယ် ပင်ပန်းနေ၏။
သူ နာရီဝက်လောက် အချိန်ဖြုန်းပြီး ဒီရေလှိုင်းကျင့်စဉ်ကို နားလည်အောင် ကြိုးစားခဲ့သော်လည်း...
ယခုထိ ပထမဆုံး ခြေလှမ်းကိုတောင် မည်သို့စရမှန်း မသိသေးပေ။
စာသားတွေကတော့ အကုန်ရှိနေတာပဲ။
ဒါပေမဲ့ ဖတ်ရတာက ကျားတစ်ကောင် ကောင်းကင်ကြီးကို ဝါးမြိုဖို့ ကြိုးစားနေသလိုပဲ။
ဘယ်ကနေ စကိုက်ရမှန်း မသိဘူး။
ကြာစိမ်း ဓားကျင့်စဉ်ကို သင်တုန်းကတောင် ဒီလောက် မခက်ခဲခဲ့ဘူး။
အဲဒီကျင့်စဉ်မှာက ပုံတွေပါတယ်။
ရှင်းလင်းတဲ့ အဆင့်တွေပါတယ်။
ပြီးတော့ ဗီအာမျက်မှန်နဲ့ သင်ပေးတဲ့ အထောက်အကူလည်း ပါသေးတယ်။
ဒါပေမဲ့ ဒီကျင့်စဉ်ကတော့...
ဘာမှ မရှိဘူး။
သူ့ဦးနှောက်ကို ကိုက်ခဲစေတဲ့ ရှေးဟောင်း တရုတ်စာသားတွေချည်းပဲ။
ဘာသာပြန်အက်ပ်နဲ့ ပြန်ကြည့်တော့လည်း အဓိပ္ပာယ်က လုံးဝကို ရှုပ်ထွေးသွားပြီး မူရင်းဆိုလိုရင်းတွေအကုန် ပျောက်ကုန်တယ်။
မိစ္ဆာနှိမ်နင်းသူဗျူရိုက အသက်ရှူနည်းတွေကို ဘာသာပြန်ဖို့ ဆယ်နှစ်လောက် ဘာလို့ အချိန်ယူရသလဲဆိုတာ အခုမှ နားလည်တော့တယ်။
ထိုကျင့်စဉ်က စနစ်က ထုတ်ပေးခြင်းဖြစ်ပြီး စာလုံးများကလည်း သူသိသော တရုတ်စာများ ဖြစ်နေသော်လည်း သူ နားမလည်နိုင်ဘူး ဖြစ်နေသည်။
သို့သော် သူက ၎င်းကို ပစ်ထား၍ မရနိုင်ပေ။
ထို့ကြောင့် ထက်မြက်သော အကြံတစ်ခုကို ထုတ်လိုက်၏။
လီချင်းရန် ကျင့်ကြံခြင်း ရပ်ထားသည်ကို မြင်တော့ သူက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ချင်းရန်၊ မင်းရဲ့ ဒီရေလှိုင်းကျင့်စဉ်က ဘယ်လောက်အထိ တိုးတက်နေပြီလဲ...”
“ငါ့ကို အသေးစိတ် ရှင်းပြ။ မင်း ကျင့်ကြံနေတာ မှန်ရဲ့လားဆိုတာကို ငါ စစ်ဆေးပေးမယ်။”
လီချင်းရန်၏ မျှော်လင့်တောင့်တနေသော မျက်လုံးများမှာ ဆရာရဲ့ အသံကို ကြားရသည့်အတွက် တောက်ပ သွားသည်။
ထို့နောက်တွင် နောက်ထပ် ထွက်ပေါ်လာသော စကားလုံးများက သူအတွက် ကောင်းကင်အမိန့်တော် တစ်ခုလို ဖြစ်သွားတော့သည်။
[ ချင်းရန်၊ မင်း ကျင့်ကြံနေတာ အချိန် အတော်လေးကြာခဲ့ပြီ။ ဒီရေလှိုင်းကျင့်စဉ်က အရမ်းကို နက်နဲပြီး ဆန်းပြားတယ်... ဒါကြောင့် ဒီနေ့ ငါ မင်းကို စမ်းသပ်မယ်...]