← Chapters

အဲဒီကောင်

Vol. 12 Ch. 118

အဲဒီကောင်

Vol. 12 Ch. 118

“ဂိုဏ်းချုပ်၊ အဲဒီနည်းလမ်းကိုပဲ ထပ်သုံးရမလား...”

စုချီနျန်၏ ခွင့်ပြုချက်ကို ရလိုက်သည်နှင့် ဓားကျောင်းတော်တပည့်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွား၏။

“အေးလေ။ အမြဲသုံးနေကျအတိုင်းပဲပေါ့...”

စုချီနျန်က မျက်မှောင်ကြုတ်ပြီး အေးစက်စက် ရယ်လိုက်သည်။

“ငါတို့ ဓားကျောင်းတော်ရဲ့ ကောင်းကင်ယံဟာ မြင့်မြတ်တယ်။ ဘယ်သူမှ လာကျူးကျော်လို့ မရဘူး... တစ်နှစ်အတွင်း မိုးပျံလှေ ၁၂စင်းတောင် ပစ်ချခဲ့တဲ့ မှတ်တမ်းရှိတာတောင် ငါတို့ခေါင်းပေါ်ကနေ ပျံရဲတဲ့ အရူးတွေ ရှိသေးတာပဲလား။ သေချင်ဇောနဲ့ လာကြတာပဲ...”

သူက လက်ကို ဝေ့ယမ်းလိုက်ပြီး အမိန့်ပေးလိုက်သည်။

“သွား... ပြင်ဆင်စရာရှိတာတွေ သွားပြင်တော့...”

“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်...”

“ချင်းရန်၊ ငါ့စိတ်ထဲမှာ တစ်ခုခု လွဲနေသလိုပဲ...”

ယွဲ့ချန်ချီက သူ၏ ပင်ကိုယ်သိစိတ်ကို အမြဲ ယုံကြည်လေ့ ရှိသည်။

ထိုစိတ်ကပင် သူ့ကို အန္တရာယ်များ အကြားမှ အကြိမ်ကြိမ် ကယ်တင်ပေးခဲ့၏။

သို့‌သော် ယခုက ဓားကျောင်းတော် နယ်မြေထဲပင် ရောက်နေပြီ။

ဘာကိစ္စ ရှိနိုင်မှာလဲ...

“စီနီယာအစ်မ... ကျွန်မ ထင်တာကတော့ ဂိုဏ်းချုပ်က ကျွန်မတို့ဆီမှာ မိုးပျံလှေရှိတာကို သိမှာမဟုတ်ဘူး...”

လီချင်းရန်က ရှေ့မှ မြင့်မားလှသော တောင်တန်းကြီးများကို ကြည့်ပြီး တိုးတိုးလေး ပြောလိုက်၏။

“ကျွန်မတို့ လင်းရှီးတောင်ကြားမှာတုန်းက ဒီအတိုင်း မိုက်မိုက်ကန်းကန်း ပျံဝင်သွားတာက နည်းနည်းတော့ မလေးစားသလို ဖြစ်သွားခဲ့တယ်။ ဓားကျောင်းတော်မှာလည်း အဲဒီလို စည်းကမ်းတွေ ရှိမှာပဲ မဟုတ်လား။ သူတို့ ကျွန်မတို့ကို ပစ်ချဖို့ ကြိုးစားမယ်လို့ ထင်လား...”

ယွဲ့ချန်ချီ၏ မျက်နှာ ချက်ချင်း ဖြူဖျော့သွား၏။

“သွားပြီ...”

အခုမှပင် သူ၏ မကောင်းသော စိတ်ခံစားချက် မည်သည့်နေရာက လာကြောင်း သဘောပေါက်သွားတော့သည်။

ဓားကျောင်းတော် အကျင့်အတိုင်းဆိုလျှင် အမည်မသိ မိုးပျံလှေတစ်စင်း နယ်မြေထဲ ဝင်လာလျှင် လေ့လာခြင်း၊ သတိပေးခြင်းတို့ လုပ်နေမည် မဟုတ်ပေ။

သူတို့၏ မူဝါဒက ရိုးရှင်း၏။

မမြင်ဖူးတဲ့ သင်္ဘောလား...

ကောင်းကင်ပေါ်ကနေ ပစ်ချလိုက်။

ဒါဆို “ရင်းနှီးပြီးသား” သင်္ဘောတွေကော....

အဲဒါလည်း မရှိဘူး။

ဘာလို့လဲဆိုတော့ ဓားကျောင်းတော်မှာ ကိုယ်ပိုင် မိုးပျံလှေတစ်စင်းမှ မရှိလို့ပဲ။

မိုးပျံလှေဆိုတာ ဝိညာဉ်ကျောက်တုံးတွေကို ဖြုန်းတီးတဲ့ အဆောင်အယောင်သက်သက်ပဲ။

ဓားပျံနဲ့ ယှဉ်ရင် တိုက်ခိုက်ရေးမှာ ဘာမှ အသုံးမကျဘူး။

တစ်ယောက်ယောက်က ဓားကျောင်းတော်ကို မိုးပျံလှေ လက်ဆောင်ပေးရင်တောင် အကြီးအကဲတွေက ချက်ချင်း အစိတ်အပိုင်းတွေ ဖြုတ်ပြီး ဝိညာဉ်ကျောက်တုံးဖြစ်အောင် ရောင်းစားပစ်ကြမှာ။

ဒါကြောင့် သူတို့သင်္ဘောမှာ ဓားကျောင်းတော်တံဆိပ် ပါနေရင်တောင် တပည့်တွေက ယုံမှာမဟုတ်ဘူး။

ပြီးတော့ ဦးနှောက်မရှိတဲ့ သူ့ဆရာနဲ့ လမ်းမှားနေတဲ့ အကြီးအကဲတွေကော...

အင်း...

သူတို့လည်း ယုံမှာ မဟုတ်ဘူး။

ယွဲ့ချန်ချီတစ်ယောက် ကပ်ဆိုးကြီး ဆိုက်တော့မယ်ဆိုတာ သိလိုက်ရတဲ့ အချိန်မှာပဲ...

ရွှမ်း...

စိတ်ဝိညာဉ်စွမ်းအင် လှိုင်းတစ်ခုက ဓားကျောင်းတော်ရဲ့ တောင်တံခါးကနေ ထွက်ပေါ်လာပြီး တိမ်တိုက်တွေကို ခွဲထွက်ကာ ငှက်အုပ်တွေကို လန့်ဖျန့်သွားစေသည်။

သူ၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွား၏။

“မကောင်းတော့ဘူး... ဂိုဏ်းရဲ့ မဟာအခင်းအကျင်းက အသက်ဝင်သွားပြီ...”

ယွဲ့ချန်ချီက သင်္ဘောရှေ့ဆုံးကို ပြေးသွားပြီး အောက်မှ တပည့်များဆီ အသံလွှင့်ဖို့ ကြိုးစားသော်လည်း အလှမ်းဝေးနေသေးတာကြောင့် မရောက်နိုင် ဖြစ်နေသည်။

ဘာမှ လုပ်၍ မရတော့တဲ့အဆုံး လီချင်းရန်ဆီ ပြေးသွားပြီး သူ အသည်းအသန် ပြောလိုက်သည်။

“ဂျူနီယာညီမ၊ ငါတို့ သင်္ဘောပေါ်ကနေ ချက်ချင်း ဆင်းရမယ်။ အဲဒီကောင် လာနေပြီ...”

“အဲဒီကောင်....”

လီချင်းရန်က ကြောင်စီစီလေး ပြန်မေးသည်။

သူ ထပ်မေးဖို့ ပြင်လိုက်စဉ်မှာပင်...

ဝံပုလွေဟိန်းသံကြီးတစ်ခုက ကောင်းကင်ယံကို ဖြတ်ကျော်သွားတော့၏။

ဓားကျောင်းတော်ရဲ့ အနောက်ဘက် တောင်တန်းတွင်...

စုချီနျန်ဟာ အခင်းအကျင်းကြောင့် ပွင့်သွားသော မှောင်မည်းနေသည့် ဂူဝထဲတွင် ရပ်နေ၏။

အတွင်းထဲတွင်တော့ နီရဲတောက်ပနေတဲ့ မျက်လုံးတစ်စုံက သူ့ကို ပြန်စိုက်ကြည့်နေသည်။

ထိုသတ္တဝါ၏ ပုံသဏ္ဍာန်ကို အမှောင်ထဲမှာ မမြင်ရသော်လည်း သူ၏ အကြည့်တစ်ခုတည်းနှင့်ပင် မည်မျှ ကြီးမားကြောင်း သိသာလှပေသည်။

သို့သော် စုချီနျန်နှင့် တခြားတပည့်များကတော့ နည်းနည်းလေးမှ ကြောက်ရွံ့ပုံမရပေ။

“သေချာ ကောင်းကောင်းလုပ်။ အလုပ်ဖြစ်ရင် နောက်နှစ်ကျရင် မင်းအတွက် အမတစ်ကောင် ရှာပေးမယ်။” စုချီနျန်က ပြောရင်း ဂိတ်တံခါးများကို ဖွင့်ရန် အချက်ပြလိုက်သည်။

လေးလံလှသော ကျောက်တံခါးကြီး မြည်ဟည်းပြီး ပွင့်လာ၏။

စူးရှတဲ့ ဝံပုလွေဟိန်းသံကြီး တစ်ခုက ဟိန်းထွက်လာလေသည်။

ထို့နောက်...

ဧရာမအရိပ်ကြီးတစ်ခုက ဂူထဲမှ ဝုန်းခနဲ ပြေးထွက်လာပြီး တောင်တန်းတစ်ခုလုံး တုန်ခါသွားစေတဲ့ ခြေသံများနှင့်အတူ ဟာရီကိန်းမုန်တိုင်းကြီးတစ်ခုလို တိုးဝင်သွားတော့သည်။

၎င်းမှာ ဓားကျောင်းတော်၏ အစောင့်အရှောက် သားရဲကြီး လမင်းဟောင် ဝံပုလွေဘုရင်၊ တာ့ဟာပင်။

၎င်းက အခြေတည်ဝိညာဉ်အဆင့် နှောင်းပိုင်း ကျင့်ကြံသူတစ်ယောက်နှင့် ညီမျှသော မိစ္ဆာဘုရင်အဆင့် ဖြစ်၏။

၎င်း၏ ထူးခြားချက်များက အရေထူသည်၊ မီးလျှံသုံးခု ပုံစံပါတဲ့ မျက်နှာအမှတ်အသား ရှိသည်၊ ထို့နောက် အလွန်ပင် အင်အားကြီးသည်။

၎င်း၏ အားနည်းချက်မှာ တစ်လမ်းသွား ဦးနှောက်ရှိခြင်း၊ စွမ်းအင်များ အရမ်းများနေခြင်းနှင့်... ဖျက်ဆီးရခြင်းကို အရူးအမူး ဝါသနာပါခြင်းပင်။

စုချီနျန်၏ အစီအစဉ်က ရိုးရှင်းပေသည်။

တာ့ဟာကို လွှတ်ပြီး ထိုသင်္ဘောကို ဖျက်ဆီးခိုင်းလိုက်ခြင်းပင်။

ထို့နောက်တွင်...

“အစောင့်အရှောက် သားရဲက ဘာမှ သိတာမဟုတ်ဘူး။ သင်္ဘောတစ်စီး ဖျက်ဆီးလိုက်တာ ဘာအရေးကြီးလို့လဲ။”

“သူ့အလုပ်က ဂိုဏ်းကို ကာကွယ်ဖို့ပဲ။ ဓားကျောင်းတော်ပေါ်က ပျံနေတဲ့အရာကို တိုက်ခိုက်တာက လုံးဝ ကျိုးကြောင်းဆီလျော်တယ်လေ...”

“မိုးပျံလှေက ပြန်ပြင်လို့ရတယ်။ ဒါပေမဲ့ ငါတို့ရဲ့ သနားစရာ အစောင့်အရှောက် သားရဲလေးရဲ့ စိတ်ဒဏ်ရာကို မင်းတို့ ပြင်ပေးနိုင်မလား... သူက ကလေးလေးပဲ ရှိသေးတာ... သူ တစ်ခုခုဖြစ်ရင် မင်းတို့ လျော်ကြေးပေးရမယ်...”

အတိုချုပ်ပြောရလျှင် မိုးပျံလှေများကို “ဓားပြတိုက်”သော တာ့ဟာက ဓားကျောင်းတော်၏ အဓိက ဝင်ငွေ လမ်းကြောင်း တစ်ခုပင်။

သို့သော် နောက်ပိုင်းတွင် ဓားကျောင်းတော်ကို ဖြတ်ပျံရဲသော သင်္ဘောများ နည်းသထက် နည်းလာ၏။

ယခု ဖြတ်ပျံလာသော သင်္ဘောက အတော်လေး ကြီးမားပြီး ခမ်းနားတာကြောင့် သေချာပေါက် သူဌေး တစ်ယောက် ဖြစ်ရမည်ဟု စုချီနျန် တွေးနေသည်။

သူက ရလာမည့် ပစ္စည်းများကို ဘယ်လိုသုံးမည် ဆိုသည်ကိုပင် စဉ်းစားနေလေပြီ။

ပထမဆုံး ဂိုဏ်းရဲ့ ဂိုဒေါင်ကို ဖြည့်မယ်။ ပြီးရင် ယွဲ့ချန်ချီရဲ့ ဓားအတွက် ပစ္စည်းအသစ်တွေ ဝယ်ပေးမယ်။ ပြီးတော့ အရည်အသွေးမြင့် ဝိညာဉ်အရက်တွေ ဝယ်ဦးမယ်။ ရှုအန်းဆီက ခိုးသောက်နေရတာ မသက်သာတော့ဘူး။ အပိုရှိရင်တော့ တာ့ဟာကို ပေးပျော်ပါးလိုက်ဦးမယ်။ စွမ်းအင်တွေ များလွန်းတာ ပြဿနာ ဖြစ်နိုင်တယ်။

တာ့ဟာကတော့ မိုးပျံလှေတွေကို ဖျက်ဆီးရာမှာ ဆရာတစ်ဆူပဲ။ သူသာ လုပ်ပြီဆိုရင် ပိုင်ရှင်တွေ အကူအညီ မတောင်းနိုင်ခင်မှာပဲ အကုန် အစိပ်စိပ်အမွှာမွှာ ဖြစ်သွားမှာ သေချာတယ်။

“ဟဲဟဲဟဲ...”

ဝိညာဉ်ကျောက်တုံးများ လက်ထဲ လိမ့်ဝင်လာတော့မည့်အတိုင်း စုချီနျန် တစ်ယောက် ပြုံးဖြီးနေတော့သည်။

“ဆရာ... မတိုက်ခိုက်ပါနဲ့။ ကျွန်မနဲ့ ချင်းရန်ပါ...”

အသံတစ်ခုက သူ၏ စိတ်ထဲမှ ဟိန်းထွက်လာ၏။

စုချီနျန် တစ်ကိုယ်လုံး တောင့်တင်းသွားပြီး မျက်နှာက အပြုံးကြီးကလည်း ရပ်တန့်သွားသည်။

သူ၏ အကြည့်က အဝေးမှ အနက်ရောင် အစက်လေး မိုးပျံလှေဆီကို ရောက်သွား၏။

ထိုဘေးတွင်တော့ အတောင်ပံများ ဖြန့်ထားသော ပိုကြီးသည့် အနက်ရောင် အစက် တာ့ဟာပင်။

“လခွမ်းတဲ့မှ အဲဒီပေါ်မှာ ပါလာတာ ယွဲ့ချန်ချီနဲ့ လီချင်းရန်လား...”

စုချီနျန်ရဲ့ အမူအရာက ချက်ချင်း ပြောင်းလဲသွား၏။

သူက အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူဖြစ်တာကြောင့် အသံလွှင့်သော နေရာကို ချက်ချင်း သိလိုက်သည်။

ယွဲ့ချန်ချီ၏ အကျင့်ကို သိနေသောကြောင့် အတည်ပြုနေစရာပင် မလိုတော့ပေ။

ဘေးနားမှ ဓားကျောင်းတော်တပည့်များလည်း အံ့သြသွားကြ၏။

“မဖြစ်နိုင်တာ...”

“စီနီယာအစ်မယွဲ့နဲ့ ဂျူနီယာညီမလီတို့က ဘယ်ကနေ မိုးပျံလှေကြီး ရလာတာလဲ...”

“အဲဒါက ပြဿနာမဟုတ်ဘူး... ဘယ်သူက တာ့ဟာကို တားမှာလဲ...”

ဘုန်း...

ပြင်းထန်သော လေလှိုင်းတစ်ခုကြောင့် ဓားကျောင်းတော်တပည့်တွေ လွင့်စင်ကုန်ကြသည်။

စုချီနျန်ကတော့ အခြေအနေကို သိသည်နှင့် ကောင်းကင်ပေါ်ကို ဝုန်းခနဲ ပျံတက်သွားတော့သည်။

မိုးပျံလှေ၏ ရှေ့ဆုံးတွင်

တာ့ဟာ၏ စိတ်ထဲတွင်တော့ တောရိုင်းဗီဇများ လွှမ်းမိုးနေလေပြီ။

[ မိုးပျံလှေကို ဖျက်ဆီးမယ်... ပျော်ပါးမယ်... မိုးပျံလှေကို ဖျက်ဆီးမယ်... ပျော်ပါးမယ်...]

ယွဲ့ချန်ချီ ပါနေလည်း သူ ဂရုမစိုက်။

လီချင်းရန် ပါနေလည်း သူ ဂရုမစိုက်။

အကုန်လုံး အတုတွေပဲ...

ဘယ်အရာကမှ သူ့ကို ဒီသင်္ဘောကြီး ဖျက်ဆီးဖို့ တားလို့မရဘူး...

“ဝူးးးးးးးးး...”

တာ့ဟာက ထိတ်လန့်နေသော ယွဲ့ချန်ချီနှင့် လီချင်းရန်တို့ဆီသို့ အရှိန်ဖြင့် ထိုးဆင်းလာသည်။

သူ၏ ဧရာမခန္ဓာကိုယ်ကြီးက လေထဲတွင် ဝေ့ဝဲပြီး သင်္ဘော၏ ပျံသန်းရေး အခင်းအကျင်းကို တည့်တည့် တိုက်ရန် ပြင်လိုက်၏။

“တိရစ္ဆာန်ကောင်... ရပ်လိုက်စမ်း....”

စုချီနျန်တစ်ယောက် ဒေါသထွက်လွန်း၏ မျက်နှာတစ်ခုလုံး စိမ်းနေလေပြီ။

သို့သော် တာ့ဟာက ဓားကျင့်စဉ်များကို ကျင့်ကြံထားတာကြောင့် သူ၏ ပျံသန်းနှုန်းက စုချီနျန်ထက် မနိမ့်ပေ။

စုချီနျန် တစ်စက္ကန့်လောက် နောက်ကျပြီး တုံ့ပြန်မိတာကြောင့် အလှမ်းကွာနေသေး၏။

သူ လုပ်နိုင်သည်က တာ့ဟာ သင်္ဘောကို တိုက်တော့မည့် အခြေအနေကို အားကိုးရာမဲ့စွာ ကြည့်နေရုံသာ။

“သွားပြီ... အကုန်လုံး သွားပြီ...”

ထိုအချိန်မှာပင်....

သင်္ဘောရှေ့မှ နေရာလွတ် လှိုင်းထသွားသည်။

ဆံပင်အဖြူရောင်နှင့် ကျင့်ကြံသူ တစ်ယောက် ရုတ်တရက် ပေါ်လာ၏။

သူက ကြီးကျယ်ခမ်းနားသော အကွက်တစ်ခုကိုမှ မသုံးခဲ့ပေ။

လှုပ်ရှားမှုများပင် သိပ်မရှိခဲ့။

သူက လေထဲတွင် ထိုအတိုင်း ရပ်နေပြီး..

ကန်ထည့်လိုက်၏။

ဘုန်း....

ခဏတာမျှ နေရာလွတ် တစ်ခုလုံး အက်ကွဲသွားသလို ဖြစ်သွား၏။

ထို့နောက် တာအို၏ နိယာမတွေအရ ထိုအက်ကွဲကြောင်းများ ဖြည်းဖြည်းချင်း ပြန်စေ့သွားခဲ့သည်။

ပြင်းထန်လှသော တုန်ခါမှုကြောင့် ပတ်ဝန်းကျင်က တိမ်တိုက်တွေ အမှုန့် ဖြစ်ကုန်ပြီး မိုးပျံလှေကြီးကိုလည်း မီတာ၁၀၀လောက် အဝေးကို လွင့်စင်သွားစေ၏။

တာ့ဟာကမူ....

ယခင်ထက် ပိုမြန်သောအရှိန်ဖြင့် နောက်ပြန် လွင့်စင်သွားတော့သည်။

မည်သူမှ မျက်တောင်မခတ်မိခင်မှာပင် အမြင်အာရုံထဲမှ ပျောက်ကွယ်သွားလေပြီ။

ဝုန်းးးး...

အဝေးက တောင်ကုန်းတစ်ခု ပြိုကျသွားပြီး နာကျင်စွာ အော်ဟစ်နေသော သားရဲကြီးအသံက နောက်ကနေ လိုက်ပါလာခဲ့သည်။

စုချီနျန် တစ်ယောက် တံတွေးကို ခဲခဲယဉ်းယဉ်း မျိုချလိုက်မိသည်။

သူက မိုးပေါ်တွင် ရပ်နေသော ဆံပင်ဖြူနှင့် ပုဂ္ဂိုလ်ကို ကြည့်ပြီး လည်ချောင်းများ ခြောက်ကပ်နေတော့၏။

သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင်...

ဆံပင်ဖြူနှင့် ကျင့်ကြံသူက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

[ ဒါက ပထမဆုံး သတိပေးချက်ပဲ ]

[ နောက်တစ်ကြိမ် ထပ်ဖြစ်ရင်တော့ ]

[ ဝံပုလွေကို ကင်စားပစ်မယ်... ]

All Chapters