← Chapters

အခန်း (၃၄၁-၃၄၂)

Vol. 18 Ch. 341-342

အခန်း (၃၄၁-၃၄၂)

Vol. 18 Ch. 341-342

အပိုင်း(၃၄၁)အင်အားပြရန်အကြံ

မနက်အစောပိုင်းအချိန်တွင် လော်ယွမ်နှင့် လင်းဖေးယန်တို့သည် သယ်ဆောင်ရလွယ်ကူသော အသက်ရှူကိရိယာများနှင့် မြေပုံတစ်စုံစီကို ကိုင်ဆောင်လျက် ရေပူစမ်းမြို့ဘက်သို့ ဦးတည်ထွက်ခွာလာခဲ့ကြသည်။ ဆယ်မိနစ်ခန့်အကြာတွင် မြူခိုးများ ဖုံးလွှမ်းနေသော နေရာ၏ အပြင်ဘက်အစွန်အဖျားသို့ ရောက်ရှိလာကြသည်။

အနားသို့ပင် မရောက်သေးမီ ပျို့အန်ချင်စရာကောင်းသော ညှီစို့စို့အနံ့က လေထုထဲတွင် ပျံ့လွင့်လာသည်။ ထို့အပြင် မြူခိုးများသည် တစ်စုံတစ်ခုသော အရာ၏ ချုပ်နှောင်ထားခြင်းကို ခံထားရသကဲ့သို့ ပြန့်ထွက်လာမည့် အရိပ်အယောင် စိုးစဉ်းမျှမရှိချေ။

လော်ယွမ်၏ မျက်နှာ လေးနက်သွားပြီး အသက်ရှူကိရိယာကို တပ်ဆင်လိုက်ကာ လင်းဖေးယန်အား ပြောလိုက်သည်။ "ကျွန်တော် အရင်ဝင်ကြည့်လိုက်မယ်... ဘာမှမဖြစ်မှခင်ဗျားလိုက်လာခဲ့"

သို့သော် လင်းဖေးယန်က သူ၏စေတနာကို အသိအမှတ်မပြုဘဲ "မလိုပါဘူး... ရှင်သာ ကျွန်မနောက်က လိုက်ခဲ့"

မကြာမီ လော်ယွမ်သည် လင်းဖေးယန်ကို ဗဟိုပြု၍ ပြင်းထန်သော အအေးဓာတ်တစ်ခု ပျံ့နှံ့လာသည်ကို ခံစားလိုက်ရသဖြင့် အလိုအလျောက် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်မိသည်။ လေထုထဲတွင် မြူခိုးများ တဖြည်းဖြည်း ထလာပြီးနောက် သေးငယ်သော ရေခဲမှုန်များအဖြစ် ပြောင်းလဲကာ တဖွဲဖွဲကျဆင်းလာသည်ကို တွေ့လိုက်ရသည်။ မြေပြင်တွင် နှင်းရိုက်ကာ ခဲလာပြီး ရှေ့ ပေ၃၀အကွာရှိ မြူခိုးများပင် ကြာရှည်မခံနိုင်တော့ပေ။ မြူခိုးများသည် တဖြည်းဖြည်း ပါးလွှာလာပြီး မကြာမီ အပေါက်တစ်ခု ဖြစ်ပေါ်လာသကဲ့သို့ နေရာကွက်လပ်ကြီးတစ်ခု ပေါ်လာပြီး ပျောက်ကွယ်သွားတော့သည်။

လော်ယွမ် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူ ဘယ်ညာဝဲယာကို ကြည့်လိုက်ရာ စိတ်ထဲတွင် တုန်လှုပ်သွားမိသည်။ ပေ၃၀၀ပတ်လည်အတွင်းရှိ အရာအားလုံး နှင်းရေခဲပြင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး အပူချိန်မှာ အနှုတ် နှစ်ဆယ်၊ သုံးဆယ် ဒီဂရီခန့် ရှိမည်ဟု ခန့်မှန်းရသည်။

"အမြန်သွားရအောင်... ရေပူစမ်းမြို့ကို မြူတွေစပြီးကျတုံးက ထွက်မပြေးလိုက်ရတဲ့သူတွေ အများကြီးပဲ... ခုလိုအေးခဲနေတာ ကြာသွားရင် သူတို့အသက်အန္တရာယ်ရှိတယ်" လော်ယွမ်၏ တုန်လှုပ်နေသော မျက်နှာထားကို ကြည့်ပြီး လင်းဖေးယန် စိတ်ထဲတွင် ကျေနပ်သွားသော်လည်း အပေါ်ယံတွင်မူ မည်သည့်ခံစားချက်မျှ မပြဘဲ ပြောလိုက်သည်။

........................................................................................................................................

သူမသည် ချမ်းသာကြွယ်ဝသော မိသားစုမှ မွေးဖွားလာသူဖြစ်သည်။ ကမ္ဘာမပျက်မီက သူမ၏ဖခင်သည် နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ပိုင်ဆိုင်မှု ကုဋေပေါင်းများစွာ ရှိခဲ့သည်။ တစ်ဦးတည်းသော သမီးဖြစ်သည့်အားလျော်စွာ ငယ်စဉ်ကတည်းက မိဘလုပ်ငန်းဆက်ခံမည့်သူအဖြစ် ပြုစုပျိုးထောင်ခြင်း ခံခဲ့ရသည်။ ကမ္ဘာပျက်ကပ် တစ်ဆင့်ပြီးတစ်ဆင့် ရောက်ရှိလာသည်နှင့်အမျှ ကုဋေပေါင်းများစွာသော ပိုင်ဆိုင်မှုများက အခိုးအငွေ့များအဖြစ် ပြောင်းလဲသွားခဲ့ပြီး မိဘဆွေမျိုးများလည်း သေဆုံးသွားခဲ့ရသည်။ ပြန်လည်တည်ဆောက်ရေးဇုန်သို့ ရွှေ့ပြောင်းလာချိန်တွင် အစွမ်းထက်သော အဆင့်မြင့်သန္ဓေပြောင်းအစွမ်းတစ်ခု ရရှိခဲ့သည်မှလွဲ၍ သူမက တစ်ကောင်ကြွက်တစ်မျက်နှာ ဖြစ်ခဲ့ရသည်။ သို့သော် ငယ်စဉ်ကတည်းက လေ့ကျင့်ပေးခဲ့သော လူအများကို အုပ်ချုပ်သည့် ပညာရပ်က သူမ၏ အရိုးထဲအထိ စွဲမြဲနေခဲ့ပြီဖြစ်သည်။

မျှော်လင့်ချက်မြို့တွင် ဌာနခေါင်းဆောင်အဖြစ် တာဝန်ယူကတည်းက သူမသည် မိဘများ သင်ကြားပေးခဲ့သော အတွေ့အကြုံများကို တစ်ခုပြီးတစ်ခု အသုံးချခဲ့သည်။ တစ်ဖက်က ဖိနှိပ်ပြီး တစ်ဖက်က စည်းရုံးကာ ချော့တလှည့် ခြောက်တလှည့် ဗျူဟာကို ကျင့်သုံးခဲ့သည်။ သူမ၏ နည်းလမ်းများသည် ကြမ်းတမ်းပြီး တခါတရံကျားယောင်ဆောင်ရင်း ကြောင်ဖြစ်သွားတတ်သော်လည်း အစွမ်းထက်သော စွမ်းရည်ကြောင့် အရာရာ အဆင်ပြေချောမွေ့ခဲ့သည်။ ဌာနတစ်ခုလုံး နေရာအနှံ့တွင် သူမ၏ သတင်းပေးများ ရှိနေသည်။ ထို့ကြောင့် လော်ယွမ် "ဓားတရား" ဌာနသို့ လာရောက်သတင်းပို့ပြီး တစ်ရက်အတွင်း ဌာနတစ်ခုလုံးကို လွှမ်းမိုးသွားသည့် သတင်းကို သူမ ရရှိခဲ့ပြီး သတိထားနေခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် တစ်ဖက်လူက ဒုတိယခေါင်းဆောင်အဖြစ် ရာထူးတိုးသွားပြီးနောက် သူမ၏ သတိထားမှုသည် အမြင့်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။

ယခင်က ဒုတိယခေါင်းဆောင်ရှိခဲ့ဖူးသော်လည်း မိန်းမကိစ္စတွင်သာ အာရုံစိုက်နေတတ်ပြီး သူမ၏ ခြိမ်းခြောက်မှုကို ခံရပြီးနောက်ပိုင်းတွင် မည်သည့်ကိစ္စကိုမျှ ဝင်မပါတော့ဘဲ သူမပြောသမျှ နာခံခဲ့သည်။ သူမက ထိုသူကို ရာဂစိတ်ကြောင့် ဉာဏ်တိမ်နေသူ၊ အားကိုးမရသူဟု သတ်မှတ်ထားသော်လည်း အတူလက်တွဲလုပ်ကိုင်ရာတွင် အဆင်ပြေခဲ့သည်။

သို့သော် ယခုရောက်လာသော လော်ယွမ်သည် ပိုမိုအစွမ်းထက်ရုံသာမက ရည်မှန်းချက်ကြီးမားသည်။ သူမ မရှိခိုက်တွင် ဖန်းဖေ့ပင်ကိုစည်းရုံးထားရုံသာမက ဝူချင်းယုကိုလည်း ဆွဲဆောင်နိုင်ခဲ့သည်။ နှစ်ရက်အတွင်း သူမ၏ အာဏာကို ဖယ်ရှားလုနီးပါး ဖြစ်ခဲ့ရာ သူမ မည်သို့ သည်းခံနိုင်မည်နည်း။

သို့သော် သူမသည် အရာရာကို စနစ်တကျ ကြိုတင်စီစဉ်တတ်သူဖြစ်၍ မလာမီကတည်းက အစီအစဉ် ခုနစ်ခု၊ ရှစ်ခုခန့် ပြင်ဆင်လာခဲ့သည်။ လော်ယွမ် စလှုပ်ရှားလာသည်နှင့် စိတ်ကြီးဝင်နေသော ဤဒုတိယခေါင်းဆောင်ကို ကောင်းစွာ ဖိနှိပ်ရန် စောင့်ဆိုင်းနေခဲ့သည်။ သို့သော် လမ်းတစ်လျှောက်လုံးတွင် တစ်ဖက်လူက အလွန်အမင်း နှိမ့်ချနေထိုင်သဖြင့် သူမအား စွမ်းရည်ပြသရန် အခွင့်အရေး လုံးဝမပေးခဲ့ပေ။ ယခုမှသာ တစ်ခုကို ထုတ်သုံးခွင့်ရခြင်း ဖြစ်သည်။

သူမ အနည်းငယ် နောင်တရမိသည်မှာ စွမ်းအားအကုန်ထုတ်သုံးခွင့်မရသဖြင့် ရလဒ်က လုံလောက်အောင် တုန်လှုပ်စဖွယ် မဖြစ်ခဲ့ခြင်းပင်။ သို့မဟုတ်ပါက သက်သက်မဲ့ လုပ်ယူထားသလို ဖြစ်နေပေလိမ့်မည်။ သို့သော် ခရီးလမ်းက ရှည်လျားသေးသည်ဖြစ်ရာ အခွင့်အရေး ရှိလာဦးမည်သာ။

...........................................................................................

လော်ယွမ်သည် လင်းဖေးယန်၏ အတွေးများကို မသိရှိပေ။ သူသည် မြေပြင်ပေါ်ရှိ ပါးလွှာသော ရေခဲလွှာကို နင်းလျှောက်ရင်း ဤသန္ဓေပြောင်းအစွမ်းက မြူခိုးများကြားတွင် အလွန်အသုံးဝင်ကြောင်း၊ အသက်ရှူကိရိယာပင် သုံးစရာမလိုတော့ကြောင်း စိတ်ထဲမှ ချီးကျူးနေမိသည်။

သူသည် လင်းဖေးယန်၏ နောက်မှလိုက်ကာ မြူခိုးဧရိယာထဲသို့ ဝင်ရောက်လာခဲ့ပြီး နယ်မြေထဲသို့ ခြေချလိုက်သည်နှင့် ထူးခြားမှုတစ်ခုကို ချက်ချင်း ခံစားလိုက်ရသည်။ သူ၏ အာရုံခံစားမှုသည် တင်းကျပ်စွာ ဖိနှိပ်ခံလိုက်ရပြီး မူလက ပေ၃၀၀နီးပါးရှိသော အာရုံခံနိုင်စွမ်းက ပေ ၁၅၀၊ ၁၈၀ ခန့်အထိ ကျုံ့သွားသည်။ တစ်ချိန်တည်းမှာပင် စိတ်ထဲတွင် ဖော်ပြမရသော ဖိစီးမှုတစ်ခုကိုလည်း ခံစားလိုက်ရသည်။

သူ၏ မျက်နှာက တဖြည်းဖြည်း လေးနက်လာသည်။ ဤမြူခိုးများသည် အမည်မသိ သန္ဓေပြောင်းသတ္တဝါကြီး၏ နယ်မြေများ ဖြစ်နေသလော။ ထိုသို့ဆိုလျှင် မယုံနိုင်စရာ ကောင်းလွန်းနေသည်။ ရေပူစမ်းမြို့တစ်ခုလုံး အနည်းဆုံး စတုရန်းကီလိုမီတာ တစ်ရာကျော် ကျယ်ဝန်းရာ မြို့တစ်ခုလုံးကို လွှမ်းခြုံထားနိုင်ခြင်းက ဒဏ္ဍာရီဆန်လွန်းလှသည်။ ဤသည်မှာ မြူခိုးများပြန့်နှံ့နိုင်စွမ်း၏ အကူအညီကို ယူထားခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူ၏ ထင်မြင်ယူဆချက်ထက် ကျော်လွန်နေဆဲပင်။

အတိုင်းအတာတစ်ခုထိ ပြောရလျှင် ဤသည်မှာ သူ ပထမဆုံးအကြိမ်ကြုံတွေ့ရသော စစ်မှန်သော အဆင့် ၇ သန္ဓေပြောင်းသတ္တဝါ ဖြစ်သည်။ ယခင်က သတ်ဖြတ်ခဲ့သော ပုံသဏ္ဌာန်ပြောင်းလဲနိုင်သော သတ္တဝါက အစွမ်းထက်သည် မှန်သော်လည်း ၎င်း၏ဖြစ်တည်မှုက စစ်မှန်သော အဆင့် ၇ သက်ရှိတို့နှင့် လုံးဝ ကွာခြားပြီး နှိုင်းယှဉ်၍ မရနိုင်ပေ။

အနည်းဆုံးတော့ ပုံသဏ္ဌာန်ပြောင်းလဲနိုင်သော သတ္တဝါနှင့် ရင်ဆိုင်ရလျှင် မနိုင်ပါက ဆုတ်ခွာနိုင်သေးသည်။ သို့သော် စစ်မှန်သော အဆင့် ၇ သတ္တဝါနှင့် ရင်ဆိုင်ရချိန်တွင် သေရေးရှင်ရေးက မျက်တောင်တစ်ခတ်အတွင်းသာ ဖြစ်ပြီး မယှဉ်နိုင်ပါက သေလမ်းသာ ရှိတော့သည်။

ယခု သူ၏ စွမ်းရည်ကိန်းဂဏန်းများ တိုးတက်လာသည်မှာ မကြာသေး၍ လိုက်လျောညီထွေ မဖြစ်သေးပေ။ စွမ်းအားဆယ်ပုံတွင် သုံးပုံခန့်ကိုပင် ထုတ်မသုံးနိုင်သေး။ အတိုင်းအတာတစ်ခုထိ ပြောရလျှင် စုစုပေါင်း တိုက်ခိုက်နိုင်စွမ်းရည်က အမှတ်များမတိုးတက်မီချိန်ကထက်ပင် အနည်းငယ် လျော့နည်းနေသေးသည်။

လော်ယွမ် အိမ်ရှိ အိပ်ခန်းထဲတွင် အစွမ်းပြခဲ့သည်ကို ကြည့်ပြီး အထင်ကြီး၍မရပေ။ ၎င်းက တိုက်ခိုက်အား သက်သက်မျှသာ ဖြစ်ကာ တကယ့်လက်တွေ့ တိုက်ပွဲတွင် အရေးကြီးဆုံးမှာ သေရေးရှင်ရေးအချိန်တွင် အလျင်အမြန်တုံ့ပြန်နိုင်စွမ်း ဖြစ်သည်။

သူ တိတ်တဆိတ် စဉ်းစားနေမိသည်။ တကယ်တမ်း ယုံကြည်ချက်မရှိတော့လျှင် ဤတာဝန်ကို စွန့်လွှတ်ပြီး စစ်တပ်ပြောသည့်အတိုင်း လုပ်ဆောင်ရပေမည်။ လော်ယွမ်သည် သွေးဆူပြီး ဝင်တိုက်တတ်သူ မဟုတ်ပေ။ တာဝန်က အရေးကြီးသော်လည်း အသက်က ပိုအရေးကြီးသည်။ သေသွားလျှင် ဘာမှ မရှိတော့ပေ။

လမ်းမပေါ်တွင် နေရာအနှံ့ အိပ်မောကျနေသော လမ်းသွားလမ်းလာများကို တွေ့ရသည်။ လင်းဖေးယန်သည် အစပိုင်းတွင် ရပ်တန့်ပြီး သူတို့ကို နှိုးရန် ကြိုးစားသော်လည်း အကြိမ်ကြိမ် ကြိုးစားပြီးနောက် လက်လျှော့လိုက်သည်။ ဤနေရာရှိ လူများသည် လုံးဝ နှိုး၍မရပေ။ အိပ်ပျော်နေစဉ် သူတို့၏ မျက်လုံးများ ဂနာမငြိမ် လှုပ်ရှားနေသည်ကို ကြည့်ခြင်းအားဖြင့် အိပ်မက်မက်နေကြပုံရသည်။

မီတာရာဂဏန်းခန့် ဆက်လျှောက်လာရာ လမ်းပေါ်တွင် အိပ်မောကျနေသော စစ်သားများကို တစ်စစ တွေ့လာရသည်။ လမ်းတစ်လျှောက် တွေ့ရသည့် အရေအတွက်မှာ ရာပေါင်းများစွာ ရှိနေပြီဖြစ်သည်။ သံချပ်ကာကား ဆယ်စီးကျော်သည် ထိန်းချုပ်မည့်သူမရှိသဖြင့် အဆောက်အအုံများထဲသို့ တည့်တည့်ဝင်တိုက်မိထားပြီး အချို့ကားများမှာ အင်ဂျင်သံများ မြည်ဟိန်းနေဆဲပင်။

အခြေအနေကို စုံစမ်းရန် ရောက်ရှိလာသော ဤစစ်သားအဖွဲ့သည် ပေသုံးထောင်ပင် မရောက်မီမှာပင် တပ်ဖွဲ့တစ်ခုလုံး ပျက်စီးသွားခဲ့ခြင်းဖြစ်သည်။

"ရေပူစမ်းမြို့က တော်တော်ကြီးတယ်... ဒီလိုရှာနေလို့ ထူးမှာမဟုတ်ဘူး... ရှင့်မှာ တခြားအကြံ ရှိသေးလား" လင်းဖေးယန်က မေးလိုက်သည်။

လော်ယွမ်က မြေပုံကို ထုတ်ကြည့်လိုက်ပြီး ရေပူစမ်းကန်ကို ညွှန်ပြကာ ပြောလိုက်သည်။ "မြူခိုးတွေက ဒီတိုင်း ပေါ်လာတာ မဖြစ်နိုင်ဘူး... သုတေသီကျန်း ပြောတဲ့ပုံအရဆို ဒီမြူခိုးတွေမှာ ရေဓာတ် ၆၀ ရာခိုင်နှုန်းပါနေတယ်တဲ့... အဲ့တော့ရေအရင်းအမြစ်မရှိရင် လုံးဝ မဖြစ်နိုင်ဘူး... ကျွန်တော်တို့ ရေပူစမ်းကန်ဘက်ကို အရင်သွားရှာကြည့်ရအောင်"

ရေပူစမ်းမြို့ဟု အမည်ပေးထားသည့်အတိုင်း ရေပူစမ်းတစ်ခု ရှိပေသည်။ ဤရေပူစမ်း၏ အပူချိန်မှာ အလွန်မြင့်မားပြီး ၈၀ ဒီဂရီနီးပါး ရှိသဖြင့် မည်သည့်သက်ရှိမျှ အသက်ရှင်နိုင်ခြင်း မရှိပေ။ ပြန်လည်တည်ဆောက်ရေးဇုန် တည်ဆောက်ပြီးနောက် ရေအရင်းအမြစ် ရရှိရန်အတွက် ရေပူစမ်းကို ချဲ့ထွင်လိုက်ရာ ကန်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

လင်းဖေးယန် မျက်လုံးများ အရောင်လက်သွားပြီးနောက် စိတ်ထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။ ဤမျှ ရိုးရှင်းသော ကောက်ချက်ချမှုကို သူမ မစဉ်းစားမိခဲ့ပေ။ သူမ၏ မကျေနပ်ချက်ကို မျိုသိပ်လိုက်ပြီး။ "ဒါဆို အဲ့ဒီကို သွားကြည့်ကြတာပေါ့"

"နေဦး... တစ်ခုခု လာနေတယ်" လော်ယွမ် ရုတ်တရက် လေးနက်သော အသံဖြင့် ပြောလိုက်ပြီး မြူခိုးများကို စူးစိုက်ကြည့်လိုက်သည်။

ယခု သူ၏ အကြားအာရုံသည် မိုင်ဝက်ပတ်လည်အတွင်းရှိ ယင်ကောင်၊ ခြင်များ၏ အတောင်ပံခတ်သံကိုပင် ကြားနိုင်နေပြီဖြစ်သည်။ မည်သည့် သေးငယ်သော လှုပ်ရှားမှုမျှ သူ၏ နားကို မကျော်လွန်နိုင်ပေ။

လင်းဖေးယန်က သံသယဖြင့် ခေတ္တမျှ နားစွင့်ကြည့်သော်လည်း မည်သည့်လှုပ်ရှားသံမျှ မကြားရပေ။ လော်ယွမ် လိမ်ပြောနေခြင်းလောဟု တွေးနေစဉ်မှာပင် သူမ၏ နားရွက်များ အနည်းငယ် လှုပ်ရှားသွားပြီး လေးလံသော ခြေသံများ တဖြည်းဖြည်း ရှင်းလင်းလာသည်။

လာနေသည်မှာ ဧရာမသတ္တဝါကြီးတစ်ကောင် ဖြစ်သည်။ မြူခိုးထဲမှ ပေါ်မလာသေးမီမှာပင် မြေပြင်က အနည်းငယ် တုန်ခါနေပြီဖြစ်သည်။ လမ်းဘေးရှိ အဆောက်အအုံများသည် ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်နှင့် ပွတ်တိုက်မိပြီး ပြိုကျသံများ ထွက်ပေါ်လာသည်။

အသံသည် အဝေးမှ အနီးသို့ လျင်မြန်စွာ ရောက်ရှိလာသည်။ လင်းဖေးယန် အသံကြားလိုက်ရချိန်မှစ၍ ဆယ်စက္ကန့်မပြည့်မီမှာပင် ၎င်းသည် သူတို့နှစ်ဦးရှေ့သို့ ရုတ်တရက် ပေါ်ထွက်လာသည်။

၎င်းသည် အမြင့် ၂၆၊ ၂၇ပေ အလျား ၄၈ပေခန့် ရှိသော ဧရာမသတ္တဝါကြီးဖြစ်သည်။ တစ်ကိုယ်လုံးတွင် နက်ပြာရောင် အမွေးအမျှင်များ ဖုံးလွှမ်းနေပြီး ပြေးလွှားလိုက်တိုင်း လှုပ်ရှားနေသည်။ ခြေလက်လေးဖက်သည် အလွန်တုတ်ခိုင်ပြီး အားအင်အပြည့်ရှိပုံ ပေါက်သည်။ ပြေးလွှားနေစဉ်တွင် အနက်ရောင် ဓားကောက်ကြီးများကဲ့သို့ ထက်ရှသော လက်သည်းများက ခြေချောင်းများကြားမှ တိတ်တဆိတ် ပေါ်ထွက်နေသည်။

ဤသည်မှာ ကြောင်မျိုးနွယ်ဝင် သတ္တဝါများ၏ တိုက်ခိုက်တော့မည့် ရှေ့ပြေးနိမိတ်ဖြစ်ပြီး ဤသတ္တဝါကြီးက လုံးဝ သန္ဓေပြောင်းလဲသွားပြီ ဖြစ်သော်လည်း ဤအကျင့်စရိုက်မှာ ပျောက်ပျက်မသွားပေ။

လော်ယွမ်သည် ထိုသတ္တဝါကြီးကို စူးစိုက်ကြည့်နေပြီး တစ်ကိုယ်လုံးမှ ကြွက်သားများကို တင်းထားလိုက်သည်။ ဓားရိုးကို ကိုင်ထားပြီး တိုက်ခိုက်မှုကြား အခွင့်အရေးရသည်နှင့် ချက်ချင်း တုံ့ပြန်တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

သို့သော် မမျှော်လင့်ဘဲ သူ မလှုပ်ရှားရသေးမီ လင်းဖေးယန်က ပြေးထွက်သွားခဲ့သည်။ မကြာမီ သူမ၏ ခန္ဓာကိုယ်ပတ်လည်မှ ကြောက်မက်ဖွယ်ရာ အအေးဓာတ်များ ထွက်ပေါ်လာပြီး လေထုသည် 'ဂျစ် ဂျစ်' ခနဲ အက်ကွဲသံ မြည်လာသကဲ့သို့ ဖြစ်သွားကာ ရေခဲနှင်းများ ချက်ချင်း ပျံ့နှံ့သွားသည်။ ဤကြောက်မက်ဖွယ် အအေးဓာတ်ကို ခံစားလိုက်ရသောအခါ လော်ယွမ်သည် တိုက်ခိုက်မည့် အစီအစဉ်ကို ချက်ချင်းဖျက်သိမ်းလိုက်ပြီး အနောက်သို့ လျင်မြန်စွာ ဆုတ်ခွာလိုက်သည်။

နှင်းမုန်တိုင်းလွှမ်းခြုံထားသော ပုံရိပ်တစ်ခုက ထိုသတ္တဝါကြီးထံသို့ တည့်တည့်တိုးဝင်သွားသည်ကို သူတွေ့လိုက်ရသည်။ ဝင်တိုက်မိတော့မည့်ဆဲဆဲတွင် ရှောင်တိမ်းမည့် အရိပ်အယောင်မပြဘဲ ရှေ့သို့သာ တရကြမ်း တိုးဝင်သွားသည်။ လော်ယွမ်၏ မျက်နှာ တင်းမာသွားသော်လည်း မကြာမီ ပြန်လည်လျော့ပါးသွားသည်။ သူ သတိထားမိသည်မှာ သတ္တဝါကြီးနှင့် နီးကပ်လာသည်နှင့်အမျှ ထိုနှင်းရေခဲများသည် သတ္တဝါကြီး၏ တစ်ကိုယ်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့လွှမ်းခြုံသွားပြီး ပြေးလွှားနေရင်း လှုပ်ရှားမှုများ တဖြည်းဖြည်း တောင့်တင်းလာခြင်းပင်။

၁၈ပေ၊ ၁၉ပေခန့်အကွာသို့ ရောက်သောအခါ ၎င်းသည် လုံးဝ ဆက်မပြေးနိုင်တော့ဘဲ မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားပြီး နောက်တစ်ခဏတွင် သေးသွယ်ပြီး နုနယ်သော လက်သီးတစ်လုံးက ၎င်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။

အသက်တစ်ရှိုက်စာအတွင်းမှာပင် ဧရာမသတ္တဝါကြီး တစ်ကောင်လုံးသည် လုံးဝ ရေခဲရိုက်ခံလိုက်ရတော့သည်။

လင်းဖေးယန်သည် အမောတကော အသက်ရှူနေရသည်။ သူမ၏ကလေးဆန်သော မျက်နှာဝိုင်းလေးသည် မီးကင်ထားသကဲ့သို့ နီရဲနေပြီး တစ်ကိုယ်လုံးမှ မီးခိုးငွေ့များ ထွက်နေသကဲ့သို့ ဖြစ်နေသည်။ အပြင်ဘက်ရှိ ရေခဲမှတ်အောက် အအေးဓာတ်နှင့် နှိုင်းယှဉ်လျှင် သူမ၏ ခန္ဓာကိုယ်မှ မြင့်မားသောအပူရှိန်များ ထွက်ပေါ်နေသည်။ အပြင်ဘက်မှ ဆုံးရှုံးသွားသော အပူစွမ်းအင်များကို သူမ စုပ်ယူလိုက်သကဲ့သို့ ဖြစ်ပြီး ထွက်ပေါ်လာသော အပူရှိန်ကြောင့် သူမဝတ်ဆင်ထားသော ပွချောင်ချောင် တိုက်ပွဲဝင်ဝတ်စုံပင် မီးကျွမ်းလုနီးပါး ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် လော်ယွမ်၏ အာရုံခံကောင်းသော နှာခေါင်းက မီးကျွမ်းနံ့တစ်ခုကို ရရှိလိုက်သောကြောင့် ဖြစ်သည်။ သူမ၏ အဝတ်အစားများ အမြဲတမ်း ပွချောင်ချောင် ဖြစ်နေရခြင်းမှာ ဤထူးဆန်းသော စွမ်းရည်နှင့် သက်ဆိုင်ပုံရသည်။

ခဏကြာပြီးနောက် လင်းဖေးယန် အသက်ရှူမှန်သွားသောအခါ လော်ယွမ်ဘက်သို့ လှည့်ကြည့်လိုက်သည်။ လက်သီးကို တိတ်တဆိတ် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး လော်ယွမ်အား လေသံအေးအေးဖြင့် ပြောလိုက်သည်။ "ဒီသန္ဓေပြောင်းသတ္တဝါက ပျော့ညံ့လွန်းတယ်... ဒါ ကျွန်မတို့ရှာနေတဲ့ကောင် မဟုတ်လောက်ဘူး... သွားရအောင်"

ဆက်ရန်...

အပိုင်း(၃၄၂)ဝိညာဉ်စားသတ္တဝါ

လော်ယွမ်သည် အနားသို့ လျှောက်သွားပြီး အပြာရောင် သန်းနေသော "ရေခဲတောင်" ကို စူးစမ်းချင်စိတ်ဖြင့် လှမ်းထိလိုက်သည်။ လက်ဖြင့် ထိလိုက်သည်နှင့် အလွန်အေးစက်သော အအေးဓာတ်တစ်ခု ဝင်ရောက်လာသည်ကို ခံစားလိုက်ရပြီး လက်တစ်ဖက်လုံး ထုံကျဉ်သွားတော့သည်။ ထို့အပြင် သူ၏လက်သည် ရေခဲတုံးနှင့် တင်းကျပ်စွာ ကပ်ငြိနေသည်ကို တွေ့လိုက်ရသည်။ သူသည် အားကုန်သုံး၍ ဆွဲခွာလိုက်ရာ ဆုတ်ပြဲသံတစ်ခု ကြားလိုက်ရသည်။ လက်ကို ပြန်ကြည့်လိုက်သောအခါ အနည်းငယ် ဖြူသွားသည်မှလွဲ၍ ဒဏ်ရာမရရှိသည်ကို တွေ့လိုက်ရသဖြင့် သက်သာရာရသွားသည်။

ကိုယ်ခန္ဓာကြံ့ခိုင်မှု ၁၇ မှတ်သည် သူ၏ အရေပြားကို အလွန်မာကျောစေပြီး ဓားနှင့်ခုတ်လျှင်ပင် ဒဏ်ရာရရန် ခက်ခဲသည်။ ထို့ကြောင့် အရေပြား ကွာမသွားခြင်းဖြစ်သည်။ လင်းဖေးယန်သည် ဘာမှမမြင်သည့်အလား ဆက်လက်လျှောက်လှမ်းသွားသည်ကို မြင်သောအခါ သူလည်း အလျင်အမြန် လိုက်သွားလိုက်သည်။

ဤအဖြစ်က အချက်ပြလိုက်သည့်အလားပင် မြူထု၏ တည်ငြိမ်မှု ပျက်ပြားသွားသည်နှင့်အမျှ သန္ဓေပြောင်းသတ္တဝါများသည် ဆက်တိုက်ဆိုသလို ပေါ်ထွက်လာကြသည်။

သို့သော် ပေါ်လာသည့်အကြိမ်တိုင်းတွင် လင်းဖေးယန်က ဦးစွာ ရေခဲရိုက်လိုက်သည်။

တစ်ကြိမ်၊ နှစ်ကြိမ်ဆိုလျှင် ကိစ္စမရှိသော်လည်း အကြိမ်ရေ များလာသောအခါ လော်ယွမ် စိတ်ရှုပ်လာသည်။ မူလက သူသည် ဤသန္ဓေပြောင်းသတ္တဝါများကို အသုံးပြု၍ လက်စွမ်းပြကာ မိမိ၏ စွမ်းအားနှင့် အသားကျအောင် ပြုလုပ်မည်ဟု ကြံရွယ်ထားသည်။ သို့သော် သူ ပြင်ဆင်လိုက်တိုင်း လင်းဖေးယန်၏ တက်ကြွသော အကြည့်ကြောင့် နောက်ဆုတ်လိုက်ရသည်။

သူ ဦးအောင် မတိုက်ခိုက်ချင်၍ မဟုတ်ပေ။ သူမ၏ အစွမ်းက ဧရိယာအလိုက် တိုက်ခိုက်ခြင်းဖြစ်ရာ နှစ်ဦးသား နားလည်မှု မရှိပါက တိုက်ခိုက်မှုခြင်း ထိပ်တိုက်တွေ့ပြီး ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အအေးဓာတ်ကြောင့် သူ မတော်တဆ ထိခိုက်မိလျှင် သေဆုံးသွားနိုင်သည်။

သို့သော် လင်းဖေးယန်၏ စွမ်းအားက အလွန်ကြီးမားသည်ကိုတော့ ဝန်ခံရပေမည်။ သူမသည် ရှေ့တိုးနောက်ဆုတ် တရကြမ်း ဝင်ရောက်တိုက်ခိုက်ပြီး လှည့်ကွက်မရှိ၊ နည်းစနစ်မရှိဘဲ ဤနည်းလမ်းတစ်ခုတည်းကိုသာ အသုံးပြုနေသော်လည်း "နင်တို့ ဘယ်လိုနည်းလမ်းတွေပဲ သုံးသုံး၊ ငါကတော့ ဒီတစ်ကွက်နဲ့ပဲ ဖြေရှင်းမယ်" ဟူသော သဘောမျိုး သက်ရောက်နေသည်။ သိုင်းပညာ သဘောအရ ပြောရလျှင် "လေးလံသော ဓားသည် ထက်မြက်ရန် မလို၊ ကြီးမားသော စွမ်းရည်သည် လက်ရာမြောက်ရန် မလို" ဟူသည့်အတိုင်းပင်။ သင် မကာကွယ်နိုင်လျှင် သေရမည်သာ။

ထို့အပြင် သူမ၏ စွမ်းရည်သည် ကုန်ဆုံးသွားခြင်း မရှိသည့်အလား ဖြစ်နေသည်။ လမ်းတစ်လျှောက်လုံး သန္ဓေပြောင်းသတ္တဝါကောင်ရေ ဆယ်ကောင်မက ကြုံတွေ့ခဲ့ရပြီး ၎င်းတို့အနက် အဆင့် ၆ သန္ဓေပြောင်းသတ္တဝါ နှစ်ကောင်ပင် ပါဝင်သည်။ သို့သော် ပြင်းထန်စွာ လှုပ်ရှားရမှုကြောင့် ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်နေသည်မှလွဲ၍ စွမ်းရည်မှာမူ အနည်းငယ်မျှ လျော့နည်းသွားခြင်း မရှိပေ။

ယခုအချိန်၌ လင်းဖေးယန်၏ အဝတ်အစားများသည် စုတ်ပြတ်သတ်နေပြီဖြစ်သည်။ လမ်းတစ်လျှောက်လုံး သူမ ဘယ်နှစ်ခါ လဲကျခဲ့ရသည် မသိပေ။ အထူးသဖြင့် စောစောက သန္ဓေပြောင်းသတ္တဝါတစ်ကောင်တိုက်ခိုက်ခြင်းကို ခံခဲ့ရသေးသည်။ ထိုအချိန်က သန္ဓေပြောင်းသတ္တဝါ၏ အား ကုန်ခမ်းလုနီးပါးဖြစ်ပြီး သေခါနီး ရုန်းကန်ခြင်းသာ ဖြစ်သော်လည်း သူမ၏ ကျောဘက်နှင့် ဒူးခေါင်းမှ အဝတ်အစားများကို ပေါက်ပြဲသွားစေခဲ့ပြီး မျက်နှာပေါ်၌လည်း သွေးစို့နေသော အစင်းရာတစ်ခု ဖြစ်ပေါ်သွားစေခဲ့သည်။

လင်းဖေးယန်က အသက်ပြင်းပြင်း ရှူလိုက်သည်။ မကြာခဏ ပြင်းထန်သော တိုက်ပွဲများကြောင့် သူမသည် အတော်လေး ပင်ပန်းနွမ်းနယ်နေပုံရသည်။ အသက်ရှူမှန်သွားသောအခါ နောက်လှည့်ကြည့်လိုက်ရာ ဖုန်တစ်စက်မျှ မကပ်ဘဲ ဖြည်းညင်းစွာ လျှောက်လာနေသော လော်ယွမ်ကို မြင်လိုက်ရသဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။

လင်းဖေးယန်၏ မျက်နှာထား ပြောင်းလဲနေသည်ကို လော်ယွမ် မြင်သောအခါ စိတ်ထဲ၌ တွေးလိုက်သည်။ စောစောက သူ ဝင်မကူညီသည့်အတွက် အပြစ်တင်နေသည်သလော။ သို့သော် ဤသို့သော ရန်သူ၊ မိတ်ဆွေခွဲခြားမရသော အစွမ်းမျိုးနှင့် တိုက်ခိုက်နေချိန်တွင် သူ ကူညီချင်လျှင်လည်း ကူညီ၍ မရနိုင်ပေ။ အလွန်အေးခဲသော အအေးဓာတ်ကို စိတ်စွမ်းအားဖြင့် ခုခံနိုင်ကောင်း ခုခံနိုင်မည်ဖြစ်သော်လည်း လုံးဝ ရေခဲရိုက်ခံထားရသော မြေပြင်က သူ့အတွက် ခြေချစရာနေရာ မရှိဖြစ်စေသည်။

ယခင်ကဆိုလျှင် သူသည် အားကို သိမ်မွေ့စွာ ထိန်းချုပ်နိုင်ပြီး ခြေထောက်က မြေကြီးထဲ အမြစ်တွယ်သကဲ့သို့ ခိုင်မြဲစွာ ရပ်တည်နိုင်သဖြင့် ကြောက်စရာမလိုပေ။ သို့သော် ယခုအခါ သာမန်မြေပြင်ပေါ်၌ပင် ထိန်းချုပ်ရန် ခက်ခဲနေသေးရာ ချောကျိနေသော ရေခဲပြင်ပေါ်တွင်ဆိုလျှင် ပြောစရာပင် မလိုတော့ပေ။ လူကို မကယ်နိုင်ဘဲ ကိုယ်ပါ ဒုက္ခရောက်သွားနိုင်သည်။

လော်ယွမ်က အကဲခတ်သည့်အနေဖြင့် ပြောလိုက်သည်။ "ခင်ဗျား ခဏလောက် နားလိုက်ပါလား... နောက်ပိုင်း ကျွန်တော် တာဝန်ယူလိုက်မယ်"

လင်းဖေးယန်သည် သူမ၏ အံ့မခန်း စွမ်းဆောင်ရည်ကြောင့် ရည်မှန်းချက် ပြည့်မီလောက်ပြီဟု ထင်မှတ်လိုက်သည်။ ထို့အပြင် ရှေ့တွင် ပို၍ ကြောက်မက်ဖွယ်ကောင်းသော သန္ဓေပြောင်းသတ္တဝါတစ်ကောင် ရှိနေသေးရာ ဤလမ်းခုလပ်အနှောင့်အယှက်များအပေါ် အားကုန်သုံး၍ မဖြစ်ပေ။ သူမ စိတ်ထဲ၌ ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။ "ကောင်းပြီလေ... ဒါဆို ရှင် သတိထားနော်"

သို့သော် လော်ယွမ် ကံကောင်းသည်လား၊ ကံဆိုးသည်လား မသိ ထို့နောက်ပိုင်း သန္ဓေပြောင်းသတ္တဝါတစ်ကောင်မျှ ထပ်မတွေ့တော့ချေ။ ဆယ်မိနစ်ကျော် ကြာသောအခါ နှစ်ဦးသားသည် ရေပူစမ်းကန်သို့ တဖြည်းဖြည်း နီးကပ်လာခဲ့သည်။

"ခဏနေဦး" ထိုအချိန်၌ လော်ယွမ်၏ နားရွက် လှုပ်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။ "ရှေ့မှာ လူရှိတယ်"

လမ်းတစ်လျှောက်လုံး လော်ယွမ်၏ နားအာရုံသည် သူမထက် များစွာ သာလွန်ကောင်းမွန်ကြောင်း လင်းဖေးယန် သိရှိထားပြီးဖြစ်သည့်အတွက် ထူးဆန်းသည်ဟု မထင်တော့ပေ။ သူမ ခြေလှမ်းတုံ့သွားပြီး သံသယဖြင့် မေးလိုက်သည်။ "လူ ဟုတ်လား... ဒီနေရာမှာ အိပ်ပျော်နေတဲ့ မြို့သားတွေကလွဲရင် ဘယ်လိုလုပ် လူရှိမှာလဲ... ပျောက်သွားတဲ့ စစ်သားတွေများလား"

"သွားကြည့်ရင် သိရမှာပဲ" လော်ယွမ်က လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

ရေကန်နှင့် နီးကပ်လာလေလေ သူ၏ စိတ်ထဲ၌ ဖိစီးမှု ပိုမိုများပြားလာလေလေ ဖြစ်သည်။ အာရုံခံနိုင်စွမ်းသည်လည်း ပိုမို ကျဉ်းမြောင်းလာပြီး ယခုအခါ မီတာနှစ်ဆယ်အောက်သာ အာရုံခံနိုင်တော့သည်။

နှစ်ဦးသား ခြေလှမ်းသွက်သွက်ဖြင့် လျှောက်လှမ်းလာရာ မိနစ်အနည်းငယ်အကြာတွင် မနီးမဝေး၌ လူတစ်ဦး ယိုင်နဲ့နဲ့ လျှောက်လှမ်းနေသည်ကို တွေ့လိုက်ရသည်။ လင်းဖေးယန် လှမ်းခေါ်ရန် ပြင်လိုက်စဉ် လော်ယွမ်က တားဆီးလိုက်သည်။ "နေဦး... ဒီလူက နည်းနည်း ထူးဆန်းနေတယ်... သွားမခေါ်နဲ့ဦး... အခြေအနေကို အရင် ကြည့်ရအောင်"

လင်းဖေးယန် လန့်သွားပြီး သေသေချာချာ ကြည့်လိုက်ရာ လေအေးတစ်ချက် ရှူသွင်းမိလိုက်သည်။ ဤလူ၏ လမ်းလျှောက်ပုံသည် အလွန်ထူးဆန်းပြီး တောင့်တင်းနေကာ ပုံမှန်လူနှင့် လုံးဝ မတူတော့ပေ။ ရုပ်သေးရုပ်တစ်ရုပ် လမ်းလျှောက်နေသကဲ့သို့ပင်။

နှစ်ဦးသားသည် ခြေသံဖော့၍ လျှောက်လှမ်းလိုက်ရာ ခဏချင်းမှာပင် ထိုလူရိပ်ကို ကျော်တက်သွားကြသည်။ လော်ယွမ် နောက်လှည့်ကြည့်လိုက်ရာ ထိုလူသည် မျက်လုံးများ မှိတ်ထားပြီး မျက်လုံးအိမ်များ လှုပ်ရှားနေသည်ကို တွေ့လိုက်ရသည်။ အိပ်မက်ထဲတွင် နစ်မြုပ်နေသကဲ့သို့ပင်။ သို့သော် ဤသည်မှာ အိပ်ရင်းလမ်းလျှောက်ခြင်း မဟုတ်ကြောင်း လော်ယွမ် ကောင်းကောင်းသိသည်။

"ရှေ့မှာ အများကြီး ရှိသေးတယ်... သူတို့ကို ဂရုမစိုက်နဲ့တော့... ဟိုသန္ဓေပြောင်းသတ္တဝါကို အမြန်ဆုံး ရှာတွေ့ဖိုက ပိုအရေးကြီးတယ်" လော်ယွမ်က မျက်နှာဖြူဖပ်ဖြူရော် ဖြစ်နေသော လင်းဖေးယန်ကို ဆွဲလိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။

လင်းဖေးယန် သတိပြန်ဝင်လာပြီး စိတ်နှင့်လူနှင့် မကပ်ဘဲ လော်ယွမ်နောက်သို့ အလျင်အမြန် လိုက်ပါသွားသည်။ သူမ မသိလိုက်မသိဘာသာဖြင့် လော်ယွမ်၏ ဦးဆောင်မှုကို ခံယူလိုက်မိသည်ကို သတိမပြုမိတော့ပေ။ ထိုအချိန်၌ အဘယ်ကြောင့်မှန်းမသိ၊ ရှေ့မှ မြူထုသည်လည်း သရဲသစ္ဆေများ ပုန်းအောင်းနေသကဲ့သို့ ဖြစ်လာပြီး စိတ်ထဲ၌ အကြောင်းမဲ့ ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာသည်။

အခြားအခြေအနေမျိုးသာဆိုလျှင် သူမ ဤမျှ အားငယ်နေမည်မဟုတ်ပေ။ သို့သော် အမျိုးသမီးများသည် သဘာဝအလျောက် ဤကဲ့သို့သော ထူးဆန်းဆန်းကြယ်သည့် အရာများကို ကြောက်ရွံ့တတ်ကြရာ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်း မရှိတော့ပေ။

လမ်းပေါ်၌ "လူ" များ ပိုမိုများပြားလာသည်။ ရေကန်နားသို့ ရောက်သောအခါ လူအုပ်ထဲတိုးဝှေ့နေရသည့် အခြေအနေသို့ ရောက်ရှိသွားသည်။ ဘေးနှစ်ဖက်ရှိ အိမ်များထဲမှ လူများသည် တစ်လှမ်းချင်း ထွက်လာပြီး လူအုပ်ထဲသို့ ဝင်ရောက်လာကြသည်။ ဤထူးဆန်းသော အခြေအနေက သူမကိုလည်း လူအုပ်ထဲမှ တစ်ယောက်အဖြစ် မှတ်ယူသွားစေသကဲ့သို့ပင်။ လူအုပ်နှင့်အတူ ရှေ့သို့ ဆက်လက်လျှောက်လှမ်းရင်း ရှေ့မှ လော်ယွမ်၏ မြင့်မားဖြောင့်မတ်သော ပုံရိပ်ကို ကြည့်ကာ သူမ ခြေလှမ်းကျဲကျဲဖြင့် အမီလိုက်သွားသည်။

ထိုအချိန်၌ အဝေးမှ "ဗွမ်း" "ဗွမ်း" ဟူသော အသံများ ကြားလိုက်ရသည်။ လေးလံသော အရာဝတ္ထုတစ်ခုခု ရေထဲသို့ ကျသွားသကဲ့သို့ပင်။ ထို့အပြင် ပြင်းထန်သော အသားနံ့တစ်ခုကိုလည်း သူမ ရရှိလိုက်သည်။ သူမ သံသယဖြစ်နေစဉ် ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားမိလိုက်ရာ မျက်နှာပျက်သွားပြီး အအေးဓာတ်တစ်ခုက ခါးရိုးဆစ်မှတစ်ဆင့် တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။

နှစ်ဦးသားသည် စိတ်ချင်းဆက်နွယ်နေသကဲ့သို့ မသိစိတ်၏ စေခိုင်းမှုဖြင့် ခြေလှမ်းများကို အရှိန်မြှင့်လိုက်ကြသည်။ ခဏကြာလျှင် ကန်အစပ်သို့ ရောက်ရှိသွားကြသည်။

လော်ယွမ်၏ မျက်နှာသည် မည်းမှောင်နေပြီး ဦးရေပြားများ ထုံကျဉ်သွားကာ မယုံကြည်နိုင်စွာဖြင့် ကြည့်နေမိသည်။ ရေပူစမ်းကန်မှ ရေနွေးငွေ့များ ထွက်ပေါ်နေပြီး ရေမျက်နှာပြင်ပေါ်၌ အလောင်းများ ပြည့်နှက်နေသည်။ ရေပူစမ်းကန်၏ အပူချိန်သည် မြင့်မားပြီး ၇၀၊ ၈၀ ဒီဂရီခန့် ရှိရာ ရေစိမ်ထားသော အလောင်းများသည် တစ်ဝက်ကျက်နေပြီး အချို့ဆိုလျှင် အချိန်ကြာမြင့်စွာ စိမ်ထားခြင်းကြောင့် ဆွေးမြေ့ကာ အရိုးနှင့်အသား ကွာကျနေကြပြီဖြစ်သည်။

ကမ္ဘာပျက်ကပ် စတင်ကတည်းက လော်ယွမ်သည် ကြေကွဲစရာအဖြစ်အပျက်ပေါင်း များစွာကို မြင်တွေ့ခဲ့ရပြီးဖြစ်သည်။ အလောင်းများဆိုသည်မှာ သူ့အတွက် ရိုးအီနေသော မြင်ကွင်းမျိုးသာ ဖြစ်သည်။ အလောင်းများ တောင်ပုံရာပုံ ရှိနေလျှင်လည်း ဘာမျှမဖြစ်ပေ။ သို့သော် ယခုအချိန်၌ သူ၏ အစာအိမ်ထဲမှ အစာများ ပြန်တက်လာချင်သကဲ့သို့ ဖြစ်နေသည်။

လော်ယွမ်၏ မျက်နှာသည် မည်းမှောင်နေသည်။ လူဘယ်နှယောက်များ ရေကန်ထဲသို့ "ဆင်း" သွားကြသည် မသိပေ။ သို့သော် မျက်စိရှေ့မှ စတုရန်းမီတာ ရာဂဏန်းခန့် နေရာလေးတစ်ခုတည်း၌ပင် အလောင်းများ တစ်ထောင်မက ရှိနေပြီဖြစ်သည်။ ဤရေကန်၏ ဧရိယာအကျယ်အဝန်းအရဆိုလျှင် လူပေါင်း သောင်းချီ ရှိနိုင်ပေသည်။

ထိုအချိန်၌ လော်ယွမ်သည် ကြက်သီးထဖွယ်ရာ ကိစ္စတစ်ခုကို တွေ့ရှိလိုက်သည်။ "လူ" များ ရေကန်ထဲသို့ ဆင်းသွားပြီး မကြာမီ ဝေဝါးမှိန်ဖျော့သော လူပုံရိပ်တစ်ခုသည် သူတို့ခန္ဓာကိုယ်ထဲမှ ရုန်းကန်ထွက်ပေါ်လာပြီးနောက် ရေကန်အောက်ခြေသို့ စုပ်ယူခြင်း ခံလိုက်ရသည်။

ဒါက ဝိညာဉ်ပဲ... ဒီသန္ဓေပြောင်းသတ္တဝါက ဝိညာဉ်တွေကို စားသောက်နေတာပဲ။

အံ့ဩစရာ မရှိတော့ပေ။ ဤသန္ဓေပြောင်းသတ္တဝါသည် အန္တရာယ်ကို ဂရုမစိုက်ဘဲ ပြန်လည်တည်ဆောက်ရေးဇုန်ထဲသို့ ကျူးကျော်ဝင်ရောက်လာခြင်းဖြစ်သည်။ ဤသို့သော ဝိညာဉ်စားသတ္တဝါအတွက် သဘာဝအလျောက် ဝိညာဉ်စွမ်းအားကြီးမားသော လူသားများထက် ပိုကောင်းသော အစာ မရှိနိုင်ပေ။ လူနေထူထပ်သော မြို့များက ၎င်းအတွက် ကြွက်က စပါးကျီကို မြင်လိုက်ရသကဲ့သို့ပင်တည်း။ ဤပြင်းထန်သော ဆွဲဆောင်မှုက ၎င်းကို အသက်ကိုရင်းစေနိုင်သည်။

ယခင်က တွေ့ခဲ့ရသော သန္ဓေပြောင်းသတ္တဝါများသည် ၎င်းထိန်းချုပ်ထားသော အစောင့်အရှောက်များ ဖြစ်တန်ရာ၏။ ညဘက် မြူများဖုံးလွှမ်းနေချိန်ကို အခွင့်ကောင်းယူ၍ ရေပူစမ်းမြို့သို့ ခေါ်ဆောင်လာခြင်း ဖြစ်ပေလိမ့်မည်။

လော်ယွမ်၏ အတွေးများ လျင်မြန်စွာ လည်ပတ်သွားပြီး အရာအားလုံးကို ချက်ချင်း နားလည်သွားသည်။ သူအသက်ကို ပြင်းပြင်းရှူလိုက်သည်။ သို့သော် ဤဝိညာဉ်စားသတ္တဝါသည် ရေကန်အောက်ခြေ၌ ရှိနေသဖြင့် အပြင်ထွက်လာအောင် ပြုလုပ်ရန် နည်းလမ်းရှာရပေမည်။ သို့မဟုတ်ပါက ရေထဲတွင် ၎င်းကို နှိမ်နင်းရန် နည်းလမ်းမရှိပေ။ သူသည် စိတ်နှင့်လူနှင့် မကပ်တော့သော လင်းဖေးယန်ဘက်သို့ လှည့်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။ "ခင်ဗျား ရေကန်တစ်ခုလုံးကို ခဲလိုက်လို့ ရလား"

သေချာသည်မှာ ဤသန္ဓေပြောင်းသတ္တဝါသည် ရေကန်ထဲ၌ ရှိနေသည်မှာ ထင်ရှားလှ၏။

လင်းဖေးယန် ကြောင်သွားပြီး အတော်ကြာမှ သတိပြန်ဝင်လာသည်။ "ရှင်က ဒီရေကန်ကိုခဲခိုင်းတာလား... ကျွန်မ စမ်းကြည့်မယ်"

သူမသည် ရေကန်နားသို့ လျှောက်သွားပြီး လက်ကို တွန့်ဆုတ်ခြင်းမရှိဘဲ ရေထဲသို့ နှစ်လိုက်သည်။ နောက်တစ်စက္ကန့်တွင် အပူချိန်မြင့်မားသော ရေသည် ချက်ချင်း အေးခဲသွားပြီး ရေခဲလွှာပါးပါးလေးတစ်ခု ဖြစ်ပေါ်လာသည်။ မကြာမီ ရေခဲလွှာသည် ပိုမိုထူထဲလာပြီး ဘေးပတ်ဝန်းကျင်သို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။

ရေမျက်နှာပြင် အေးခဲသွားသော "ခွပ်" ဟူသည့် အသံနှင့်အတူ ရေကန်ပေါ်မှ မြူထုသည် တဖြည်းဖြည်း ပါးလွှာသွားသည်။ အချိန်ကြာလာသည်နှင့်အမျှ လင်းဖေးယန်၏ မျက်နှာသည် မီးလောင်ထားသကဲ့သို့ နီရဲလာပြီး တစ်ကိုယ်လုံးမှ ပြင်းထန်သော အပူချိန်များ ထွက်ပေါ်လာသည်။ အဝါရောင် တိုက်ပွဲဝတ်စုံသည် တွန့်လိပ်ညိုမည်းလာပြီး သူမ၏ ပတ်ဝန်းကျင်၌ အပူလှိုင်းများ လှိမ့်ဝင်လာသည်။ ရုတ်တရက် အဝတ်အစားများ "ဝုန်း" ခနဲ မီးထတောက်တော့သည်။

လော်ယွမ် လန့်သွားသော်လည်း ချက်ချင်း စိတ်သက်သာရာ ရသွားသည်။ သူမ၏ မျက်နှာ၌ မည်သည့်ထူးခြားမှုမျှ မရှိပေ။ ထိုမီးတောက်များက သူမအပေါ်၌ မည်သည့်သက်ရောက်မှုမျှ မရှိဘဲ ဆံပင်ပင်လျှင် မီးကျွမ်းခြင်းမရှိသည်ကို သူ တွေ့လိုက်ရသည်။ အာရုံခံစားမှုထဲ၌ သူမသည် တောက်ပသော နေလုံးကြီးတစ်လုံးကဲ့သို့ ဖြစ်နေပြီး ပုံရိပ်ကိုပင် ခွဲခြား၍မရတော့ပေ။

သူ အံ့ဩတကြီး ကြည့်နေမိသည်။ သူမ၏ ခန္ဓာကိုယ်ထဲတွင် စုစည်းထားသော စွမ်းအင်က သူ၏ ထင်မြင်ယူဆချက်ထက် ကျော်လွန်နေသည်။

အကယ်၍သာ နောင်တစ်ချိန်တွင် သူမ ဤစွမ်းအင်ကို အဆက်မပြတ် စုပ်ယူနေမည့်အစား ထုတ်ဖော်အသုံးပြုလာနိုင်ပါက လော်ယွမ်ပင်လျှင် သူမကို မြင်သည်နှင့် အဝေးသို့ ရှောင်ပြေးရမည့်ကိန်း ဆိုက်ရောက်ပေလိမ့်မည်။

ထိုအချိန်၌ ရေခဲပြင်သည် "ဝုန်း" ခနဲ ကျယ်လောင်စွာ အသံမြည်ပြီး ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားသည်။ ရေကန်အလယ်မှ မီတာအတော်များများ ထူထဲသော ရေခဲတုံးကြီးသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု၏ တိုက်ခိုက်မှုကြောင့် ချက်ချင်း ကွဲကြေသွားပြီး တန်ပေါင်းများစွာ လေးလံသော ရေခဲစများသည် အရပ်လေးမျက်နှာမှ ကောင်းကင်ယံသို့ လွင့်စဉ်တက်သွားသည်။

ထို့နောက် ဧရာမသတ္တဝါကြီးတစ်ကောင်သည် ညင်သာစွာ ခုန်တက်လိုက်ပြီး ရေခဲပြင်ပေါ်သို့ ရောက်ရှိလာသည်။ ပန်းကန်လုံးအရွယ်ခန့်ရှိသော မည်းနက်နေသည့် မျက်လုံးတစ်စုံဖြင့် ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ ပြင်းထန်သော အသံလှိုင်းကြောင့် ရှေ့မှ လေထုလှိုင်းများ လှိမ့်ဝင်သွားတော့သည်။

ဆက်ရန်...

All Chapters