← Chapters

အခန်း (၃၄၃-၃၄၄)

Vol. 18 Ch. 343-344

အခန်း (၃၄၃-၃၄၄)

Vol. 18 Ch. 343-344

၃၄၃) အရွေ့စွမ်းအင်တိုက်ခိုက်မှု

၎င်းသည် မိကျောင်းနှင့်တူသော ဧရာမသတ္တဝါကြီးတစ်ကောင် ဖြစ်သည်။ သို့သော် ဤသတ္တဝါကြီးနှင့် ယှဉ်လိုက်လျှင် သာမန်မိကျောင်းသည် ချောင်းငယ်လေးထဲမှ ငါးလေးတစ်ကောင်ပမာ ဖြစ်သွားသည်။ ၎င်း ဝပ်နေသည်မှာပင် ပေ၆၀ခန့် မြင့်မားပြီး အလျားမှာ ပေ၃၀၀ နီးပါး ရှည်လျားသည်။ ကြီးမားလှသော ခန္ဓာကိုယ်မှ ပြင်းထန်သော ဖိအားပေးမှုကို ထုတ်လွှတ်နေပြီး ပေ၂၇၀ခန့် အကွာတွင် ရှိနေသော်လည်း လော်ယွမ်၏ စိတ်ထဲတွင် မျက်စိရှေ့မှောက် ရောက်နေသကဲ့သို့ ခံစားရစေသည်။

၎င်းတွင် လွှသွားများကဲ့သို့ စီတန်းနေသော ခရမ်းရောင် တြိဂံပုံစံ အကြေးခွံများရှိပြီး အပေါ်တွင် လှပသော ငွေရောင်အဆင်တန်ဆာများ ပါရှိသည်။ ကျောဘက်တွင် ရွှေရောင်အရိုးခွံတစ်ခုဖုံးကာထားပြီး မီတာများစွာမြင့်သော အနက်ရောင်အစက်အပြောက်ပါသည့် ဆူးချွန်တုံးများ သုံးတန်းက ခေါင်းမှ အမြီးထိတိုင်အောင် စီတန်းလျက်ရှိသည်။ ဤကဲ့သို့သော ကာကွယ်မှုမျိုးကို စိတ်စွမ်းအားဖြင့်ပင် ဖောက်ထွင်းရန် ခက်ခဲလိမ့်မည်ဟု လော်ယွမ် ခန့်မှန်းမိသည်။ ၎င်း၏ ခြေလက်လေးဖက်သည် အလွန်တုတ်ခိုင်ပြီး ခြေချောင်းငါးချောင်းပါရှိကာ သံမဏိဓားကဲ့သို့ ထက်မြက်သော လက်သည်းလေးချောင်းက ရေခဲပြင်ထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်နေသည်။

မတ်တပ်ရပ်လိုက်သည်နှင့် မကြာမီ ၎င်း၏ခန္ဓာကိုယ်မှ မီးခိုးငွေ့များ ထွက်ပေါ်လာပြီး အဝေးမှကြည့်လျှင် တိမ်ခိုးများကို မှုတ်ထုတ်နေသော ဒဏ္ဍာရီလာ သတ္တဝါတစ်ကောင်နှင့် တူနေသည်။ ၎င်းပေါ်ထွက်လာသည်နှင့် လေစီးဆင်းမှု ရပ်တန့်သွားသကဲ့သို့ဖြစ်ပြီး အလွန်အမင်း ဖိအားပေးသော အငွေ့အသက်တစ်ခု ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ဇလုံအရွယ်အစားခန့်ရှိပြီး ရေဝဲကဲ့သို့ နက်ရှိုင်းသော မဲနက်သည့် မျက်လုံးတစ်စုံကို လော်ယွမ် တစ်ချက်ကြည့်လိုက်ရုံဖြင့် ပြင်းထန်သော အန္တရာယ်အာရုံကို ခံစားလိုက်ရပြီး ရင်ထဲတုန်လှုပ်သွားကာ စိတ်ဝိညာဉ်ပါ လှုပ်ရှားသွားသကဲ့သို့ ဖြစ်သွားသည်။

ထိုအချိန်တွင် သူ၏စိတ်ထဲ၌ ပြန်လှည့်ချင်စိတ် ဖြစ်ပေါ်နေပြီဖြစ်သည်။ ဤကဲ့သို့သော စိတ်စွမ်းအားအမျိုးအစား သန္ဓေပြောင်းသတ္တဝါများသည် ကိုင်တွယ်ရ အခက်ခဲဆုံးဖြစ်သည်။ ထို့အပြင် ဤမြူခိုးငွေ့များ၏ အတိုင်းအတာကို ကြည့်လျှင် ဤသန္ဓေပြောင်းသတ္တဝါသည် ကန္တာရမြို့မှ စိတ်စွမ်းအား ဆင့်ကဲပြောင်းလဲသူထက် အဆပေါင်းရာချီ၊ ထောင်ချီ ပိုမိုစွမ်းအားကြီးမားကြောင်းသိနိုင်ပြီး သူ၏ လက်ရှိ စိတ်စွမ်းအားအမှတ် ၁၇ ဖြင့်လည်း ယှဉ်ပြိုင်နိုင်ရန် ဝေးကွာလွန်းလှသည်။

"ခေါင်းဆောင်... အမြန်ဆုတ်" လော်ယွမ်သည် အသံနက်ဖြင့် ပြောလိုက်ပြီး တစ်ကိုယ်လုံးမှ အရှိန်အဝါကို ထိန်းချုပ်ကာ ထိုသတ္တဝါကြီးကို နှိုးဆွမိမည်စိုးသဖြင့် ဖြည်းညှင်းစွာ နောက်ဆုတ်လိုက်သည်။

လော်ယွမ် အဖြေမကြားရသေးမီမှာပင် အာရုံခံမိသကဲ့သို့ သတ္တဝါကြီးသည် လော်ယွမ်တို့နှစ်ဦးရှိရာဘက်သို့ ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်သည်။

"ဝုန်း" ရေဝဲကဲ့သို့သော ထိုမျက်လုံးများကို မြင်လိုက်ရသည်နှင့် လော်ယွမ် တစ်ကိုယ်လုံး တုန်ခါသွားပြီး ဦးနှောက်တစ်ခုလုံး ဗလာဖြစ်သွားသည်။ အသိစိတ်သည် အလိုအလျောက် စုစည်းသွားပြီး စိတ်စွမ်းအားအလွှာပါးလေး တစ်ခု ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားမှသာ သတိပြန်ဝင်လာသည်။

စိတ်စွမ်းအား သုံးပုံတစ်ပုံခန့် လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသဖြင့် လော်ယွမ် မျက်နှာပျက်သွားသည်။ ကံကောင်းသည်မှာ သတ္တဝါကြီးက စိတ်စွမ်းအားဖြင့်ထပ်မံတိုက်ခိုက်ခြင်း မပြုလုပ်ခဲ့ခြင်းပင်။ သို့မဟုတ်ပါက စောစောက ခေတ္တမျှ သတိလွတ်သွားချိန်တွင် အသက်ဆုံးရှုံးသွားလောက်ပြီ ဖြစ်သည်။

"ပြေးတော့" သူ အသံခံအုပ်အုပ်ဖြင့် အော်လိုက်သော်လည်း စကားဆုံးသည်နှင့် သူ၏ခန္ဓာကိုယ် တစ်ဖန်ပြန်လည် တုန်ခါသွားပြီး စိတ်စွမ်းအား ထက်ဝက်ကျော် ထပ်မံလျော့နည်းသွားပြန်သည်။ ပြင်းထန်သော အအေးဓာတ်ကြောင့် လော်ယွမ်၏ ခန္ဓာကိုယ်တစ်ခြမ်းတွင် ရေခဲလွှာတစ်ခု ဖုံးလွှမ်းသွားပြီး သူ မယုံကြည်နိုင်စွာ ငုံ့ကြည့်လိုက်ရာ လင်းဖေးယန်၏ ဖြူဖွေးသော လက်ဝါးသည် သူ၏ရင်ဘတ်ကို ဖိကပ်ထားသည်ကို တွေ့လိုက်ရသည်။

လင်းဖေးယန်၏ တွေဝေငေးမောနေသော မျက်လုံးများကို သတိထားမိလိုက်သည့်အခါ အခြေအနေမှန်ကို သူ ချက်ချင်း နားလည်လိုက်သည်။ သတ္တဝါကြီးသည် စောစောကတည်းက လင်းဖေးယန်ကို စိတ်ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်သည်။ သူ၏ရင်ထဲတွင် ထိတ်လန့်သွားသော်လည်း တုံ့ပြန်မှုမှာ အနည်းငယ်မျှ နှေးကွေးမသွားပေ။ လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာပင် လင်းဖေးယန်၏ လည်ပင်းကို လက်ဖဝါးစောင်းဖြင့် ခုတ်လိုက်ရာ လင်းဖေးယန် မျက်ဖြူလန်ပြီး ချက်ချင်း သတိမေ့သွားသည်။ လော်ယွမ်က သူမကို ဆွဲမကာ ခြေကုန်သုတ်၍ ရှေ့သို့ အလျင်အမြန် ခုန်ပျံပြေးလွှားတော့သည်။

"ဝေါင်း" မိုးနှင့်မြေ တုန်ဟီးသွားလောက်အောင် ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ ပြင်းထန်သော သွေးညှီနံ့ပါသည့် လေပြင်းတစ်ခု အနောက်ဘက်မှ တိုက်ခတ်လာပြီး ကောင်းကင်ကြီး ရုတ်တရက် မည်းမှောင်သွားသည်ကို လော်ယွမ် တွေ့လိုက်ရသည်။ သူ မျက်နှာပျက်စွာဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်ရာ ကြီးမားသော ကိုယ်ခန္ဓာကြီးတစ်ခုသည် ကောင်းကင်ကို ဖုံးကွယ်ထားသကဲ့သို့ ဖြစ်နေသည်။ ဘတ်စကက်ဘောကွင်း သုံးလေးကွင်းစာခန့် ကျယ်ဝန်းသော သတ္တဝါကြီး၏ အနက်ရောင်ဝမ်းဗိုက်အောက်တွင် လေစီးကြောင်းများ လှုပ်ရှားနေပြီး တိမ်ခိုးများ ရစ်ပတ်နေသည်ကို မြင်ရသည်မှာ ရင်ထိတ်ဖွယ်ကောင်းလှသည်။

"ဒါက ရိုးရိုး အဆင့် ၇ သန္ဓေပြောင်းသတ္တဝါ မဟုတ်တော့ဘူး... အဆင့် ၈ နားရောက်နေပြီ... မဖြစ်ဘူး ဒီသတ္တဝါကြီးရဲ့ က ငါ့ထက် အများကြီး ပိုမြန်တယ်... ဆက်ပြေးနေရင် အရိုးတခြား အသားတခြား ဖြစ်သွားလိမ့်မယ်"

သူ၏အတွေးများ လျှပ်စီးလက်သလို ဖြတ်ပြေးသွားပြီး ခြေလှမ်းအနည်းငယ် ဆက်ပြေးပြီးနောက် ချက်ချင်း လမ်းကြောင်းပြောင်းလိုက်သည်။ ခြေထောက်ကို အားကုန်ကန်၍ လျှပ်စီးတန်းပမာ လမ်းကြားလေးတစ်ခုထဲသို့ ဝင်ရောက်သွားသည်။ ပေ၁၅၀ခန့်သာ ပြေးထွက်ရသေးသည် "ဝုန်း" ခနဲ ကျယ်လောင်သော အသံကြီးတစ်သံကို ကြားလိုက်ရပြီး ခြေထောက်အောက်မှ မြေပြင်က ပြင်းထန်စွာ တုန်ခါသွားကာ အဆင့် ၄၊ အဆင့် ၅ မြေငလျင် လှုပ်သကဲ့သို့ ဖြစ်သွား၏။

လော်ယွမ်၏ လက်ရှိအမြန်နှုန်းအရ လင်းဖေးယန်ကို သယ်ဆောင်ထားလျှင်ပင် တစ်စက္ကန့်လျှင် ပေ၆၀၀ ခန့် ရောက်ရှိနိုင်သည်။ ပေ၁၅၀ ဆိုသည်မှာ ဝ.၂၅ စက္ကန့်ခန့်သာ ကြာမြင့်သည်။ သာမန်လူတစ်ဦးအတွက် မျက်တောင်တစ်ခတ်စာ အချိန်သာဖြစ်သော်လည်း လော်ယွမ်အတွက်မူ သေမင်းနှင့် စစ်ခင်းရသော အကွာအဝေးဖြစ်သည်။

လော်ယွမ် ခေါင်းငဲ့ကြည့်လိုက်ရာ လမ်းကြားတစ်ဖက်တစ်ချက်ရှိ အဆောက်အဦးများ ချက်ချင်း ပျောက်ကွယ်သွားပြီး ၎င်းတို့အစား ကြီးမားသော ခန္ဓာကိုယ်ကြီးက နေရာယူထားသည်ကို တွေ့လိုက်ရသည်။ သတ္တဝါကြီး ခေါင်းလှည့်ကြည့်လာသည်ကို မြင်သောအခါ သူ အသက်လု၍ ခေါင်းငုံ့ပြေးတော့သည်။

ဘေးဘက်မှ မြင်ကွင်းများ နောက်သို့ လျင်မြန်စွာ ရွေ့လျားကျန်ရစ်ခဲ့ပြီး လော်ယွမ်က အရိပ်တစ်ခုပမာ ပြေးလွှားနေသည်။ လမ်းကြားတစ်ခု တွေ့တိုင်း လမ်းကြောင်းပြောင်းသည်။ အဖြောင့်အတိုင်း ပြေးခြင်းက စက္ကန့်ဝက်ပင် မကျော်လွန်ပေ။ သို့သော် သတ္တဝါကြီးသည် လုံးဝလက်မလျှော့ဘဲ ထပ်ကြပ်မကွာ လိုက်နေသည်။ ၎င်း၏ ကြီးမားသော ကိုယ်ခန္ဓာကြောင့် ခုန်လိုက်တိုင်း လော်ယွမ် အပြင်းအထန် ကြိုးစားထားသော အကွာအဝေးများ အလကားဖြစ်သွားရသည်။

သူ ဘယ်ဘက်လက်မှ အချက်ပြစက်ကို ကြည့်လိုက်ပြီး လွတ်မြောက်နိုင်ခြင်း မရှိတော့သဖြင့် စွန့်စားရတော့မည်ဟု တွေးလိုက်သည်။

စိတ်တစ်ချက် လှုပ်ရှားလိုက်သည်နှင့် စိတ်စွမ်းအား၏ အကူအညီဖြင့် စက်ပေါ်မှ ကော်သုတ်ထားသော စတစ်ကာ အလိုအလျောက် ကွာသွားပြီး အချိန်ကိုက်သတ်မှတ်လိုက်သည်။

"၁၀"

"၉"

"၈"

..................................................................

ရှေ့တွင် လမ်းထောင့်ချိုးတစ်ခု ရှိနေသည်။ အချိန်မှာ ၅ စက္ကန့်အောက်သာ လိုတော့သည်။ ထိုအချိန်တွင် အနောက်မှ သွေးညှီနံ့ပါသော လေပြင်းများ တစ်ဖန် တိုက်ခတ်လာပြန်သည်။ သူ အပေါ်သို့အားကုန် ခုန်တက်လိုက်ပြီး လေထဲတွင် ကိုယ်ကိုလှည့်ကာ ဝေဟင်ရှိ ထိုကြီးမားသော ကိုယ်ခန္ဓာကြီးဆီသို့ ပြင်းထန်စွာ ပစ်ပေါက်လိုက်သည်။

နောက်တစ်ခဏတွင် အချက်ပြစက်သည် သတ္တဝါကြီး၏ ကိုယ်ခန္ဓာကို ထိမှန်သွားပြီး ပြင်းထန်သော ကော်ဖြင့် မြဲမြံစွာ ကပ်သွားသည်။

ဆန့်ကျင်ဘက် တွန်းကန်အားကို အသုံးပြု၍ သူ၏အရှိန်မှာ ပိုမိုမြန်ဆန်သွားပြီး မြေပြင်ပေါ်ကျသည်နှင့် လမ်းထောင့်ချိုးဘက်သို့ အလျင်အမြန် ကွေ့ဝင်ပြေးလိုက်သည်။

..................................................................

"၃"

"၂"

"၁"

"ဝ"

လော်ယွမ် စိတ်ထဲမှ ရေတွက်လိုက်စဉ်မှာပင် ပြင်းထန်သော စွမ်းအင်လှိုင်းတစ်ခု အနောက်ဘက်မှ ပေါက်ကွဲထွက်လာသည်ကို ခံစားလိုက်ရသည်။ ဤမျှ ပြင်းထန်သော တုန်ခါမှုအောက်တွင် ထိုစက် မပျက်စီးသွားခြင်းကိုပင် ကံကောင်းသည်ဟု သူ တွေးမိလိုက်သည်။

ထိုအချိန်တွင် ခေါင်းပေါ်၌ အရိပ်မည်းကြီးတစ်ခု ရုတ်တရက် ကျရောက်လာသည်။ သူ မျက်နှာပျက်သွားပြီး ဘယ်ညာ ကြည့်လိုက်ရာ ဤလမ်းသည် အတော်လေးရှည်ပြီး ချိုးကွေ့စရာ လမ်းကြား လုံးဝမရှိကြောင်း တွေ့လိုက်ရသည်။ ပြင်းထန်သော အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် သူ ပြတ်သားစွာ ဆုံးဖြတ်ချက်ချလိုက်ပြီး နောက်ပြန်လှည့်၍ ပြေးလိုက်သည်။

ခြေတစ်လှမ်းသာ လှမ်းရသေးသည် တန်ချိန်ထောင်ချီ လေးလံသော သတ္တဝါကြီး၏ ခန္ဓာကိုယ်က လော်ယွမ်၏ ကိုယ်ဘေးကပ်လျက် "ဝုန်း" ခနဲ ပြုတ်ကျလာသည်။ မြေပြင်သည် ပြင်းထန်စွာ တုန်ခါသွားပြီး အိမ်ခြေအများအပြား ချက်ချင်း ပြိုကျကုန်၏။ နောက်တစ်ခဏတွင် မရေမတွက်နိုင်သော ကျောက်စရစ်ခဲများနှင့် သစ်သားတုံးများသည် မိုးသက်မုန်တိုင်းအလား လော်ယွမ်၏ ကျောဘက်ရှိ စိတ်စွမ်းအားအလွှာပါးကို ရိုက်ခတ်လာရာ စိတ်စွမ်းအားအလွှာ ချက်ချင်း မှိန်ဖျော့သွားသည်။

စိတ်စွမ်းအားများ လျင်မြန်စွာ ကုန်ဆုံးသွားသည်နှင့်အမျှ ကြောက်ရွံ့မှုများသည် ဇက်ကျိုးသော မြင်းရိုင်းပမာ ထိန်းချုပ်၍ မရတော့ပေ။ စိတ်အာရုံကို စုစည်းရန် ခက်ခဲလာပြီး လက်ကျန် စိတ်စွမ်းအားများ ချက်ချင်း ပြိုကွဲသွားသည်။ ကံဆိုးမသွားရာ မိုးလိုက်၍ရွာလိုပင် လူခေါင်းအရွယ်အစားရှိသော ကျောက်တုံးကြီးတစ်ခုက လေကိုခွင်း၍ ရောက်ရှိလာပြီး သူ၏ကျောကို ပြင်းထန်စွာ တိုက်ချလိုက်ရာ သွေးတစ်လုပ် အန်ထွက်သွားပြီး ခြေလှမ်းယိုင်နဲ့ကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ ပြီးနောက်ထိန်းချုပ်မရသော ပြိုင်ကားတစ်စီးကဲ့သို့ ပေရာချီ လှိမ့်သွားပြီးမှ ရပ်တန့်သွားသည်။ လင်းဖေးယန်သည်လည်း အဝေးသို့ လွင့်စင်သွားတော့သည်။

ထိုအချိန်မှာပင် သေးငယ်သော အနီစက်နှစ်စက်က တစ်ခုပြီးတစ်ခု အဝေးမှ ဤနေရာသို့ ပျံသန်းလာသည်။ စတွေ့ချိန်တွင် ကီလိုမီတာများစွာ အကွာတွင် ရှိနေသော်လည်း မျက်တောင်တစ်ခတ်အတွင်း မျက်စိရှေ့သို့ ရောက်ရှိလာသည်။

၎င်းတို့သည် ခဲလုံးအရွယ်အစားရှိသော ကျည်ဆံများဖြစ်ပြီး ၎င်းတို့ပတ်လည်တွင် မီးနီရောင် လေစီးကြောင်းများ ဝန်းရံထားသည်။ လေထုနှင့် ပြင်းထန်စွာ ပွတ်တိုက်မှုကြောင့် မီးလောင်ကျွမ်းနေခြင်း ဖြစ်သည်။

အန္တရာယ်ကို အာရုံခံမိသကဲ့သို့ သတ္တဝါကြီး၏ ကိုယ်ပေါ်မှ အကြေးခွံများ ရုတ်တရက် ထောင်မတ်လာသည်။ သို့သော် တုံ့ပြန်ရန် အချိန်မရလိုက်ပေ။ ဥက္ကာပျံများ ကောင်းကင်မှ ကျဆင်းလာသကဲ့သို့ နီရဲနေသော ကျည်ဆံနှစ်လုံးသည် သတ္တဝါကြီး၏ ကိုယ်ပေါ်သို့ ပြင်းထန်စွာ ဝင်ဆောင့်လေသည်။

အနှေးပြကွက်ဖြင့် ကြည့်မည်ဆိုပါက သတ္တုကျည်ဆံနှင့် သတ္တဝါကြီး၏ ခန္ဓာကိုယ် ထိတွေ့လိုက်သည့်အချိန်တွင် မီးပွားများ ထွက်ပေါ်လာပြီးနောက် သတ္တဝါကြီး၏ ကိုယ်ထဲသို့ နစ်ဝင်သွားသည်။ အမာကျောဆုံး သတ္တုစပ်များထက် ပိုမိုခိုင်မာသော ၎င်း၏ မျက်နှာပြင် အကြေးခွံများသည် အသံထက် ၉ ဆနီးပါး မြန်သော ဤအရွေ့စွမ်းအင်၏ တိုက်ခိုက်မှုအောက်တွင် ရေထဲသို့ ကျောက်တုံးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားသည်။ ၎င်း၏ ခန္ဓာကိုယ်မျက်နှာပြင် ချက်ချင်း ချိုင့်ဝင်သွားပြီး မီတာအနည်းငယ်ကျယ်သော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ သို့သော် ထိုအဖြစ်က ကျည်ဆံ၏ ကြောက်မက်ဖွယ်ကောင်းသော အရွေ့စွမ်းအင်ကို အပြည့်အဝ ကုန်ဆုံးစေခြင်း မရှိပေ။ အရွေ့စွမ်းအင် ရိုက်ခတ်မှုကြောင့် သတ္တဝါကြီး၏ ခန္ဓာကိုယ်ပေါ်တွင် လှိုင်းတွန့်များ အထပ်ထပ် ဖြစ်ပေါ်လာပြီး ပြင်းထန်သော တုန်ခါမှုလှိုင်းတစ်ခုက လျင်မြန်စွာ ပြန့်ကားထွက်သွားသည်။

စောစောက မပြိုကျသေးသော အဆောက်အဦးများသည် တုန်ခါမှုလှိုင်းအောက်တွင် ဖုန်မှုန့်များ ထသွားပြီး ပြိုကျကုန်လေသည်။

သတ္တဝါကြီးသည် ညည်းညူအော်ဟစ်လိုက်ပြီး ဤကြောက်မက်ဖွယ် တိုက်ခိုက်မှုအောက်တွင် မြေပြင်ပေါ်သို့ ဝုန်းခနဲ လဲကျသွားသည်။ ၎င်းက မတ်တပ်ရပ်ရန် ကြိုးစားလိုက်သော်လည်း ကိုယ်ကို အနည်းငယ် ထောက်လိုက်ရုံဖြင့် အတွင်းကလီစာ အပိုင်းအစများ ပါဝင်သော သွေးတစ်လုပ်ကို အန်ထုတ်လိုက်ရပြီး မြေပြင်ပေါ်သို့ ပြန်လည်လဲကျသွားသည်။

သတ္တဝါကြီး၏ ကိုယ်ပေါ်မှ မီတာအနည်းငယ်ကျယ်သော အပေါက်ကြီးနှစ်ခုသည် ပေ၃၀၀ နီးပါးရှည်သော ၎င်း၏ ခန္ဓာကိုယ်နှင့် ယှဉ်လျှင် ပြောပလောက်စရာ မရှိဟု ထင်ရသော်လည်း လျှပ်စစ်သံလိုက်အမြောက်၏ ကြောက်မက်ဖွယ်ရာ အရွေ့စွမ်းအင် တိုက်ခိုက်မှုအောက်တွင် ၎င်း၏ အတွင်းကလီစာများ အားလုံး ကြေမွသွားပြီဖြစ်သည်။ ဤကဲ့သို့သော ဒဏ်ရာဖြင့် ယခုအချိန်ထိ ရုန်းကန်နေနိုင်သေးသည်မှာ အသက်ပြင်းလွန်းသောကြောင့်သာ ဖြစ်သည်။

ဆက်ရန်...

အပိုင်း(၃၄၄)မျက်လုံး

အချိန်အတော်ကြာပြီးနောက် လော်ယွမ်က ခေါင်းပေါ်မှ ဖုန်မှုန့်များကို ခါထုတ်လိုက်ပြီး ချောင်းတစ်ချက်ဟက်ကာ သွေးပုပ်တစ်လုပ်ကို ထွေးထုတ်လိုက်သည်။ ထို့နောက် သူ ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ရာ ခေါင်းတစ်လုံးလုံး ကွဲထွက်မတတ် ကိုက်ခဲနေသည်ကို ခံစားလိုက်ရသည်။ သူသည် အသက်ကို ပြင်းပြင်းရှူသွင်းပြီး စိတ်ကို အနိုင်နိုင် ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်ရသည်။

ဒင်... ဒီ+ အဆင့် မစ်ရှင် - ရေပူစမ်းမြို့အဖြစ်ကို ထောက်လှမ်းရန်၊ မြို့ကျဆုံးရခြင်း၏ အဓိကတရားခံကို ရှာဖွေဖော်ထုတ်ပြီး ရှင်းလင်ပါ။

အချိန်ကန့်သတ်ချက် - ၂၄ နာရီ။ မစ်ရှင်အခြေအနေ - ပြီးဆုံး။ အကဲဖြတ်ချက် - ကောင်းမွန်

အမည် - လော်ယွမ်

မစ်ရှင်ပြီးမြောက်မှုနှုန်း - ၁၀၀%

အတွေ့အကြုံမှတ် + ၉၆၀၀ x ၁၀၀% ရရှိသည်။

အကဲဖြတ်ချက်ကောင်းမွန်သဖြင့် အတွေ့အကြုံမှတ်အပို + ၉၆၀၀ x ဝ% ရရှိသည်။

စုစုပေါင်းအတွေ့အကြုံမှတ် - ၉၁၉၂၀/၁၅၃၆၀၀

ဦးနှောက်ထဲသို့ ဝင်ရောက်လာသော သတင်းအချက်အလက်များကို ကြားလိုက်ရသောအခါ လော်ယွမ် ကြောင်အသွားသည်။ သူ ဘာမှမလုပ်လိုက်ရဘဲ မစ်ရှင်ပြီးမြောက်သွားသလို ဖြစ်နေသည်။ သို့သော် မစ်ရှင်လိုအပ်ချက်ကို ပြန်ကြည့်လိုက်သောအခါမှ သူ နားလည်သွားသည်။ သတ်ဖြတ်ခြင်းဆိုရာတွင် သူကိုယ်တိုင် လက်ဖြင့်သတ်ရန် မလိုဘဲ ရလဒ်ထွက်ပေါ်လာရုံဖြင့် မစ်ရှင်ပြီးမြောက်သည်ဟု ပုံသေဆန်သော စနစ်က သတ်မှတ်လိုက်ပုံရသည်။ ဟုတ်ပေသည်။ ထိုသို့ဖြစ်သည့်အတွက် ပြီးပြည့်စုံဟူသော အကဲဖြတ်ချက်မျိုးတော့ ရရှိနိုင်မည် မဟုတ်ပေ။

ဒါကို မမျှော်လင့်ထားသော ကံကောင်းမှုတစ်ခုဟု ယူဆနိုင်သည်။ သို့သော် အဆင့်တက်ရန် အတွေ့အကြုံရမှတ် ခြောက်သောင်းကျော် လိုအပ်နေသေးပြီး ဤကဲ့သို့သော ဒီ+ အဆင့် မစ်ရှင်မျိုး အနည်းဆုံး လေးခုခန့် ထပ်လုပ်ရဦးမည်ကို တွေးမိလိုက်သောအခါ သူ၏ရင်ထဲမှ တစ်ခုတည်းသော ဝမ်းသာမှုလေးမှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။

ဤသည်မှာ သူ၏ပထမဆုံးအကြိမ်အဖြစ် အဆင့်(၇) သန္ဓေပြောင်းသတ္တဝါအစစ်တစ်ကောင်နှင့် ထိပ်တိုက်ရင်ဆိုင်ရခြင်းဖြစ်ပြီး သူ့အတွက် အမှတ်တရ အဖြစ်ကျန်ရစ်ခဲ့သည်။ ပွင့်ပွင့်လင်းလင်း ဆိုရလျှင် ယခုတစ်ကြိမ်တွင် သူ၌ ပြန်လည်တိုက်ခိုက်နိုင်စွမ်း လုံးဝမရှိခဲ့ပေ။ ရင်ဆိုင်လိုက်ရသည်နှင့် ချက်ချင်းရှုံးနိမ့်သွားပြီး ထွက်ပြေးခြင်းမှလွဲ၍ အခြားရွေးချယ်စရာ မရှိခဲ့ချေ။ ဤအထဲတွင် သူ၏ အရေအသွေးမှတ်များ ရုတ်တရက် တိုးတက်လာမှုကြောင့် ခွန်အားကို အပြည့်အဝ မထိန်းချုပ်နိုင်သေးခြင်းကလည်း အကြောင်းရင်းတစ်ခု ဖြစ်သည်။ သို့သော် သူ၏အခြေအနေ ပြည့်စုံကောင်းမွန်နေပြီး ခန္ဓာကိုယ်တစ်ခုလုံး၏ ခွန်အားကို အသေးစိတ် ထိန်းချုပ်နိုင်လျှင်သော်မှ ဤဧရာမသတ္တဝါကြီးနှင့် ယှဉ်ပြိုင်ပါက အနိုင်အရှုံးကို ပြောနိုင်ရန် ခက်ခဲကြောင်း လော်ယွမ် ကောင်းကောင်းသိသည်။ အနည်းငယ် မှားယွင်းလိုက်ရုံဖြင့် ခန္ဓာကိုယ်ရော စိတ်ဝိညာဉ်ပါ ပျက်စီးသွားနိုင်သည်။

ဤအထဲတွင် စိတ်ကို တိုက်ခိုက်တတ်သည့် သန္ဓေပြောင်းသတ္တဝါများ၏ ဆန်းကြယ်ပြီး ကာကွယ်ရန်ခက်ခဲသော သဘောသဘာဝလည်း ပါဝင်သည်။ သို့သော် အခြားသော အဆင့်(၇) သန္ဓေပြောင်းသတ္တဝါများသည်လည်း သဘောကောင်းသည့်အကောင်များ မဟုတ်ကြပေ။ ၎င်းတို့တွင်လည်း စဉ်းစား၍မမီနိုင်သော စွမ်းရည်အမျိုးမျိုး ရှိကြရာ နောက်တစ်ကြိမ်တွင် သူရင်ဆိုင်နိုင်မည်ဟု မည်သူက အာမခံနိုင်မည်နည်း။

သူ ထိုနေရာတွင် ခဏမျှရပ်နေပြီးနောက် သူ၏ စိတ်စွမ်းအားမှာ အနည်းငယ် ပြန်လည်ကောင်းမွန်လာပြီး ခေါင်းကိုက်ခြင်းလည်း များစွာ သက်သာသွားသည်။ ၎င်းမှာ သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု တိုးတက်လာခြင်း၏ အကျိုးဆက်ဖြစ်မည်ဟု တွေးမိပြီး သူ အနည်းငယ် အံ့သြသွားသည်။ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းပြီး သွေးလေလည်ပတ်မှု ကောင်းမွန်ပါက သဘာဝအလျောက် စွမ်းအင်ပြည့်ဝနေမည်ဖြစ်ရာ စိတ်စွမ်းအား ကုန်ခမ်းသွားလျှင်ပင် လျင်မြန်စွာ ပြန်လည်ပြည့်ဖြိုးလာနိုင်သည်။

မလှမ်းမကမ်းရှိ လင်းဖေးယန်ကို တစ်ချက်လှမ်းကြည့်လိုက်ရာ သူမ သတိမေ့နေဆဲဖြစ်သည်ကို တွေ့ရသည်။ သူမကို နှိုးရန် မလောသေးဘဲ ထိုဧရာမသတ္တဝါကြီးဘက်သို့ အကြည့်ပြောင်းလိုက်သည်။

အဆင့်(၇) သန္ဓေပြောင်းသတ္တဝါတစ်ကောင်ဆိုသည်မှာ တစ်ကိုယ်လုံး ရတနာများဖြင့် ပြည့်နှက်နေသည်ဟု ဆိုနိုင်ရာ လော်ယွမ်ပင်လျှင် စိတ်လှုပ်ရှားမိသည်။ အကယ်၍ ဒီတိုင်းပစ်ထားလိုက်လျှင် နှမြောစရာအလွန်ကောင်းပေလိမ့်မည်။ ယခု ဧရာမသတ္တဝါကြီး သေဆုံးသွားပြီး မြူခိုးများလည်း တဖြည်းဖြည်း ကွယ်ပျောက်လာပြီဖြစ်၍ မကြာမီ စစ်တပ်ရောက်လာတော့မည်ဟု ခန့်မှန်းရသည်။ စစ်တပ်က မျက်နှာပျက်ခံပြီး အကုန်လုံးကို လက်ဝါးကြီးအုပ်သွားမည် မဟုတ်သော်လည်း အပြိုင်အဆိုင် လုယူကြမည့်ကိစ္စကိုမူ ရှောင်လွှဲနိုင်မည် မဟုတ်ပေ။ ထိုအချိန်ကျလျှင် "အထူးတပ်ဖွဲ့" အနေဖြင့် သုံးပုံတစ်ပုံခန့် ရလျှင်ပင် မဆိုးလှဟုပြောနိုင်ပြီး စိတ်ကြိုက်ရွေးချယ်ခွင့်ရရန်ဆိုသည်မှာ ဝေလာဝေးပင်။ အဘယ်ကြောင့်ဆိုသော် ဤနေရာသည် စစ်တပ်ပိုင်နက်ဖြစ်ပြီး တစ်နည်းအားဖြင့်ဆိုရလျှင် ဤသတ္တဝါကြီးကို စစ်တပ်က သတ်ဖြတ်လိုက်ခြင်းဖြစ်ကာ သူတို့က ဘေးမှ ကူညီပေးရုံသာ ဖြစ်သောကြောင့်တည်း။

ယခု စစ်တပ်မရောက်လာသေးခင်အချိန်သည် ပစ္စည်းကောင်း ရွေးချယ်ရန် အကောင်းဆုံးအချိန် ဖြစ်သည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။ အထူးသဖြင့် လော်ယွမ်၏စိတ်ထဲတွင် ယခုထက်ထိ စွဲထင်ကျန်ရစ်နေပြီး ကြောက်လန့်နေရဆဲဖြစ်သော ဧရာမသတ္တဝါကြီး၏ ထူးဆန်းသော မျက်လုံးတစ်စုံဖြစ်သည်။ ထိုမျက်လုံးများတွင် ထူးခြားသော အစွမ်းသတ္တိများ ရှိနိုင်သဖြင့် မည်သို့ပင်ဖြစ်စေ ကြိုတင်ရယူထားရမည်။

လော်ယွမ်သည် ဧရာမသတ္တဝါကြီး၏ ရှေ့သို့ ခြေလှမ်းကျဲဖြင့် လျှောက်သွားပြီး မော့ကြည့်လိုက်သည်။ လွန်ခဲ့သော မိနစ်အနည်းငယ်က အရာအားလုံးကို ဖြိုဖျက်တိုက်ခိုက်နေသော ဧရာမသတ္တဝါကြီးသည် ယခုအခါ လုံးဝအသက်မရှိတော့ပေ။ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် မြေပြင်ပေါ်တွင် ပျော့ခွေနေပြီး အကြောဆွဲနေခြင်းမှလွဲ၍ လော်ယွမ် ရောက်ရှိလာမှုကို လုံးဝ တုံ့ပြန်ခြင်း မရှိတော့ပေ။

ဤသတ္တဝါကြီးသည် အမှန်တကယ်ပင် တုန်လှုပ်ဖွယ်ရာကောင်းလှပြီး လော်ယွမ် ၎င်း၏ဘေးမှ တစ်ပတ်ပတ်ကြည့်ရုံဖြင့် အံ့သြမှင်သက်သွားသည်။ သတ္တဝါကြီး သေဆုံးသွားပြီ ဖြစ်သော်လည်း ကြီးမားသော အသက်စွမ်းအားကြောင့် လုံးဝသေဆုံးခြင်း မရှိသေးပေ။ အရှည် ပေ၁၂၀ ကျော်၊ အလေးချိန် တန်ဆယ်ချီ လေးလံသော အမြီးကြီးသည် ဧရာမကြာပွတ်ကြီးသဖွယ် မြေပြင်ကို မရပ်မနား ရိုက်ခတ်နေသည်။ ဤသည်မှာ သတိလွတ်၍ ရမ်းခါနေခြင်းသာ ဖြစ်သော်လည်း မာကျောသော ကွန်ကရစ်မြေပြင်က ဘီစကွတ်မုန့်ချပ်များကဲ့သို့ အဆက်မပြတ် ကွဲအက်ကြေမွသွားပြီး ကျောက်စများ ကျည်ဆန်များပမာ လွင့်စင်ကာ ဖုန်မှုန့်များ ထောင်းထောင်းထနေသည်။

လော်ယွမ်သည် ကျောက်စများ မျက်လုံးထဲ မဝင်စေရန် လက်မောင်းဖြင့် ကာထားလိုက်ပြီး ၃၊ ၄ ထပ်တိုက်ခန့် မြင့်မားသော သတ္တဝါကြီး၏ ကိုယ်ပေါ်သို့ ပေါ့ပါးစွာ ခုန်တက်လိုက်သည်။ ၎င်း၏ အကြေးခွံများသည် အလွန်ချောမွတ်နေပြီး ခရမ်းရောင်အောက်ခံတွင် ငွေရောင်အဆင်းများ ပါရှိကာ မှိန်ဖျဖျ အလင်းရောင်များ ထွက်ပေါ်နေသည်။ ၎င်းတို့ထံမှ လျှို့ဝှက်ဆန်းကြယ်ပြီး စိတ်ဝိညာဉ်ကို တုန်လှုပ်စေသော ခံစားမှုမျိုး ပေးစွမ်းနေသည်။ ထို့ပြင် အကြေးခွံများသည် ထူးဆန်းသော စက်ကွင်းတစ်ခုကို ထုတ်လွှတ်နေသကဲ့သို့ရှိပြီး ခြေထောက်အောက်တွင် အားပြု၍မရဘဲ အလွန်ချောကျိနေသည်။ လော်ယွမ်သည် ကျောပေါ်ရှိ ကြမ်းတမ်းသော ဆူးချွန်များကို ဖက်တွယ်ထားပြီး တော်တော်လေး ကြိုးစားလိုက်ရမှသာ တည်ငြိမ်စွာ ရပ်နိုင်တော့သည်။

သူ တစ်လှမ်းချင်း ရှေ့ဆက်သွားပြီး ဝမ်းဗိုက်ပိုင်းရှိ ကြီးမားသော ဒဏ်ရာပေါက်ကြီးနှစ်ခုကို ကွေ့ပတ်သွားလိုက်သည်။ လော်ယွမ်က ထိုဒဏ်ရာပေက်မှတဆင့် ကြည့်လိုက်ရာ သတ္တဝါကြီး၏ ဝမ်းဗိုက်မှာ လုံးဝ ပွင့်ထွက်သွားခြင်း မဟုတ်ဘဲ ခန္ဓာကိုယ်၏ သုံးပုံနှစ်ပုံခန့်သာ ထိခိုက်သွားခြင်း ဖြစ်သည်။ ဒဏ်ရာတဝိုက်ရှိ အသားများမှာ အားလုံး ကြေမွနေပြီး ကော်ရည်များကဲ့သို့ ဖြစ်နေသည်။ လော်ယွမ် ဒဏ်ရာဘေးနားကို အားဖြင့် နင်းကြည့်လိုက်ရာ အနည်းငယ် ပျော့အိနေသည်ကို တွေ့ရသဖြင့် ပျက်စီးသွားသော ဧရိယာသည် ဒဏ်ရာတဝိုက်သာမကဘဲ အတွင်းပိုင်းအထိ ဖြစ်ပုံရသည်။

ဒဏ်ရာတဝိုက်တွင် သတ္တုမှုန့် အစအနများကို တွေ့ရသဖြင့် လျှပ်စစ်သံလိုက်အမြောက်၏ ကျည်ထိပ်ဖူးသည် ထိမှန်သည့် ခဏချင်းမှာပင် ကြေမွသွားပြီး အမှန်တကယ် ဒဏ်ရာထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်မှာ မြန်နှုန်းမြင့် သတ္တုမှုန့်စီးကြောင်းများသာ ဖြစ်မည်ဟု တွေးမိလိုက်သည်။

လော်ယွမ် စိတ်ထဲတွင် တွေးတောရင်း သတ္တဝါကြီး၏ ဦးခေါင်းထိပ်သို့ လျင်မြန်စွာ ရောက်ရှိလာသည်။

ဦးခေါင်းတစ်ခုလုံးသည် ၁၈ပေခန့် ကျယ်ဝန်းပြီး ကြည့်ရသည်မှာ အလွန် ထိတ်လန့်ဖွယ်ကောင်းသည်။ မျက်နှာပြင်ပေါ်တွင် ပန်းကန်လုံးအရွယ် အဖုအထစ်များ ပြည့်နှက်နေကာ ထိုအဖုများပေါ်တွင် ဆူးငယ်လေးများ ထပ်မံပေါက်ရောက်နေသဖြင့် အလွန်ကြမ်းတမ်းနေသည်။ ဤဦးခေါင်းခွံ တစ်ခုတည်းပင် ၃ပေကျော် ထူမည်ဟု လော်ယွမ် ခန့်မှန်းမိသည်။ စိတ်စွမ်းအားအလွှာသာ မပါလျှင် သာမန်ဓားများဖြင့် ၎င်းကို သေစေလောက်သော ဒဏ်ရာရအောင် လုပ်နိုင်မည် မဟုတ်ပေ။

ယခုအခါ ၎င်း၏ မျက်လုံးနှစ်လုံးမှာ ပိတ်ထားပြီး တစ်ဝက်တစ်ပျက် ဖောက်ထွင်းမြင်နိုင်ကာ သလင်းကျောက်ကဲ့သို့ အကြေးခွံများပါသော မျက်ခွံလွှာတစ်ခုက မျက်လုံးကို လုံခြုံစွာ ကာကွယ်ထားသည်။ သို့သော် သေဆုံးပြီးဖြစ်သော ဤအရာအတွက်မူ ထိုအကာအကွယ်၏ တစ်ခုတည်းသော အသုံးဝင်ပုံမှာ လော်ယွမ်အတွက် အနည်းငယ် ပို၍ ဒုက္ခရောက်စေခြင်းသာ ဖြစ်သည်။

လော်ယွမ်သည် ကျန်းမာတောက်ဓားဖြင့် မျက်ခွံကို ဂရုတစိုက် လှီးဖြတ်လိုက်သည်။ ဤမျက်ခွံလွှာ၏ အကာအကွယ်မှာ အတော်လေး ကောင်းမွန်ပြီး မမြင်နိုင်သော လမ်းကြောင်းလွှဲ စက်ကွင်းတစ်ခုကို ထုတ်လွှတ်နေသည်။ စိတ်စွမ်းအားကို အသုံးမပြုလျှင် လော်ယွမ်၏ အဆင့်(၇) ကျန်းမာတောက်ဓားဖြင့်ပင် လှီးဖြတ်ရန် ခက်ခဲလိမ့်မည်။

ထို့ပြင် မျက်လုံးကို ထိခိုက်ပျက်စီးမှု မရှိစေရန် သတိထားရသဖြင့် အခက်အခဲကို ပိုမိုကြီးမားစေသည်။

လော်ယွမ်သည် မနည်း ကြိုးစားအားထုတ်လိုက်ရပြီးမှ မျက်လုံးတစုံကို တူးထုတ်နိုင်ခဲ့သည်။ မျက်လုံးတစ်လုံးစီသည် ၁၁လက်မခန့် အရွယ်အစားရှိပြီး ၄၊ ၅ ပိဿာခန့် လေးသည်။ တစ်လုံးလုံး နက်မှောင်နေပြီး ကိုင်ကြည့်လိုက်လျှင် အသားနှင့်တူမနေဘဲ အေးစက်မာကျောကာ သလင်းကျောက်ကဲ့သို့ ဖြစ်နေသည်။

ထိုမျက်လုံးများမှ ထူးဆန်းသော တုန်ခါလှိုင်းတစ်ခုကို ထုတ်လွှတ်နေသည်။ လော်ယွမ် တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ၏ စိတ်ဝိညာဉ်မှာ ၎င်းထံသို့ ဆွဲငင်ခံလိုက်ရသလို ခံစားလိုက်ရသည်။

သူ လန့်ဖျပ်သွားပြီး အကြည့်ကို အလျင်အမြန် ပြန်ရုတ်သိမ်းကာ တပြိုင်နက်တည်းမှာပင် အမျိုးအမည်ခွဲခြားအစွမ်းကို အသုံးပြုလိုက်သည်။

အမည် - ဝိညာဉ်စားမိကျောင်း

အသုံးပြုပုံ - ကုန်ကြမ်းပစ္စည်း

ရှားပါးမှု - အစိမ်းရင့်ရောင်

အလေးချိန် - ၂.၃ ကီလိုဂရမ်

ထပ်တိုးအစွမ်း - (၁) အိပ်မက်ထဲဝင်ရောက်ခြင်း - ၎င်းကိုအသုံးပြု၍ အခြားသူ၏ အိပ်မက်ထဲသို့ ဝင်ရောက်နိုင်သည်။ ထပ်တိုးအစွမ်း - (၂) ဝိညာဉ်ခိုနားရာ - ၎င်းသည် ဝိညာဉ်ခိုနားရာ နေရာတစ်ခုအဖြစ် ပြင်ပမှ တိုက်စားမှုကို ကာကွယ်ပေးနိုင်သည်။"

သုံးသပ်ချက် - ဝိညာဉ်စား မိကျောင်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော သန္ဓေပြောင်းသတ္တဝါဖြစ်ပြီး ဝိညာဉ်များကို စုပ်ယူခြင်းဖြင့် မိမိကိုယ်ကို အားဖြည့်ကာ အဆင့်နိမ့် သန္ဓေပြောင်းသတ္တဝါများကို ရုပ်သေးရုပ်များအဖြစ် ထိန်းချုပ်နိုင်သည်။ ၎င်းသည် မြူခိုးများကို အသုံးပြု၍ ပုန်းအောင်းနေတတ်ပြီး သွားလာရာလမ်းကြောင်း လျှို့ဝှက်သည်။ ၎င်းဖြတ်သန်းသွားသော နေရာများတွင် သက်ရှိဟူသမျှ သေဆုံးကြရသည်။ ၎င်း၏ မျက်လုံးများတွင် ၎င်းစွမ်းရည်၏ တစ်စိတ်တစ်ပိုင်း ပါရှိသည်။

"အိပ်မက်ထဲဝင်ရောက်ခြင်... ဝိညာဉ်ခိုနားရာ..." လော်ယွမ် စိတ်ထဲမှ ရေရွတ်လိုက်သည်။ အိပ်မက်ထဲဝင်ရောက်ခြင်းက ဘာအသုံးဝင်မှန်း မသိသေးသော်လည်း "ဝိညာဉ်ခိုနားရာ" ဆိုသည်မှာ နောက်ဆုံး ထွက်ပေါက်တစ်ခု ဖြစ်လာနိုင်သည်။

ဤရက်စက်ကြမ်းကြုတ်သော ကမ္ဘာပျက်ခေတ်ကြီးတွင် မည်သူကမှ ဘေးကင်းလုံခြုံစွာဖြင့် အိုမင်းရင့်ရော်သည်အထိ အသက်ရှင်နေထိုင်သွားနိုင်မည်ဟု အာမခံနိုင်မည်နည်း။ ထို့ပြင် မျက်ခုံးအလည်ရှိ လေးဘက်မြင်အာရုံသည် လော်ယွမ်၏ ခေါင်းပေါ်တွင် ပါးကွက်သား၏ ဓားကဲ့သို့ အချိန်မရွေး ကျရောက်လာနိုင်သည့် အန္တရာယ်တစ်ခုအဖြစ် ရှိနေသည်။ ခုခံကာကွယ်၍ မရနိုင်တော့သည့် အချိန်တစ်ခု ရောက်လာပါက ဤအရာသည် ရွေးချယ်စရာ လမ်းတစ်ခု မဖြစ်နိုင်ဘူးဟု မဆိုနိုင်ပေ။

ဆက်ရန်...

All Chapters