← Chapters

အခန်း (၃၄၇-၃၄၈)

Vol. 18 Ch. 347-348

အခန်း (၃၄၇-၃၄၈)

Vol. 18 Ch. 347-348

၃၄၇)စွမ်းအားရှင်လူ့ဘီလူး

တောင်ကြားနှစ်ဖက်စလုံးတွင် မြင့်မားမတ်စောက်သော တောင်ကမ်းပါးယံကြီးများ ရှိနေသည်။ ကြည်လင်သော စမ်းချောင်းလေးတစ်ခုသည် တောင်ကြားအောက်ခြေတစ်လျှောက် ကွေ့ကောက်စီးဆင်းနေ၏။ အဖြူအမည်းကြား အစင်းများပါရှိသော ကြမ်းတမ်းခက်ထန်သည့် အသားစားငါးတစ်အုပ်သည် သရဲတစ္ဆေများပမာ ရေထဲတွင် ကူးခပ်သွားလာနေကြသည်။ စမ်းချောင်းအောက်ခြေတွင်မူ အရိုးဖြူများဖြင့် ပြည့်နှက်လုနီးပါး ဖြစ်နေသည်ကို တွေ့မြင်နိုင်သည်။

အရိပ်တစ်ခုသည် စမ်းချောင်းကမ်းပါးမှ တိတ်တဆိတ် ဖြတ်သန်းသွားရာ မည်သည့်လှုပ်ရှားသံမျှ ထွက်ပေါ်လာခြင်း မရှိပေ။ ထိုအသားစားငါးအုပ်သည်ပင် သတိမထားမိဘဲ ရေထဲတွင် အေးအေးလူလူ လှည့်လည်သွားလာနေဆဲပင်။ ထိုအရိပ်၏ ခြေလှမ်းများက ပုံမှန်အတိုင်း လှမ်းနေသည်ဟု ထင်ရသော်လည်း ခြေလှမ်းတစ်လှမ်းချင်းစီသည် မီတာဆယ်ချီ ကွာဝေးလေသည်။ မျက်တောင်တစ်ခတ်စာ အချိန်လေးအတွင်း၌ပင် ထိုအရိပ်က မြင်ကွင်းမှ ပျောက်ကွယ်သွားပြီဖြစ်သည်။

ဆယ်မိနစ်ကျော် ကြာမြင့်ပြီးနောက် လော်ယွမ်က ခန္ဓာကိုယ်ကို ရုတ်တရက် တိမ်းရှောင်လိုက်ပြီး ဘေးသို့ ကပ်လိုက်သည်။ ရှေ့ရှိ ချုံပုတ်ကို ဖွဖွလေး ဖယ်ရှား၍ လှမ်းကြည့်လိုက်ရာ ရှေ့ဘက်တောင်ကြား၏ တစ်ဖက်တွင် ဂူပေါက်ဝတစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရ၏။

ဂူပေါက်ဝသည် အမြင့် ၂၄ပေခန့်နှင့် အကျယ်မှာ ပေ၃၀ကျော် ရှိပြီး လော်ယွမ်ရှိနေသည့် နေရာနှင့် ၂မိုင်ကျော်ခန့် ကွာဝေးသေး၏။ ဂူပေါက်ဝမျက်နှာပြင်တွင် လူလုပ်ထားသည့် လက္ခဏာများ ရှိနေသည်။ ဂူပေါက်ဝအပြင်ဘက်တွင် လူ့ဘီလူးဆယ်ကောင်ကျော်သည် ပျင်းရိပျင်းတွဲဖြင့် ထိုင်လိုက်၊ အိပ်လိုက် လုပ်နေကြသည်။ လော်ယွမ်က စိတ်ထဲတွင် တွေးလိုက်မိသည်။ ဤလူ့ဘီလူးတွေက ဂူပေါက်ဝကို စောင့်ကြပ်နေသည့် အစောင့်တွေ ဖြစ်ပုံရသည်။ သို့သော် စည်းကမ်းတင်းကြပ်ပုံတော့မရပေ။ ဖြစ်နိုင်သည်မှာ ဤမျိုးနွယ်စုက စည်းစနစ်ကျသည့် တပ်ဖွဲ့ပုံစံမျိုး ဖွံ့ဖြိုးမလာသေးသည့်ပုံပင်။

လော်ယွမ်က မိနစ်အနည်းငယ်ကြာ ငြိမ်သက်စွာ စောင့်ကြည့်နေလိုက်သည်။ ဂူပေါက်ဝသည် အလွန်အလုပ်ရှုပ်နေကြောင်း တွေ့ရ၏။ ဤအချိန်တိုလေးအတွင်းမှာပင် လူ့ဘီလူးအဖွဲ့ သုံးဖွဲ့ခန့် အဝင်အထွက် ပြုလုပ်သွားကြသည်။ ပြန်ရောက်လာကြသည့် လူ့ဘီလူးအများစုသည် သားကောင်များကို ထမ်းပိုးလာကြပြီး တစ်ကိုယ်လုံးတွင် သွေးများဖြင့် ပေကျံနေကြသည်။

မျိုးနွယ်စုတစ်ခုအနေဖြင့် အစားအစာသည် ဦးစားပေးအဆင့် အမြင့်ဆုံး လိုအပ်ချက်ဖြစ်သည်။ အမဲလိုက်ခြင်းသည် ဤလူ့ဘီလူးအုပ်စု၏ အဓိက အစားအစာ ရင်းမြစ်ဖြစ်ပုံရသည်။

လော်ယွမ်က စိတ်ရှည်ရှည်ဖြင့် ဆက်လက် စောင့်ကြည့်နေလိုက်၏။ သူရှိနေသော စမ်းချောင်းတောင်ကြားလမ်းသည် ဤလူ့ဘီလူးမျိုးနွယ်စု၏ အဓိက လမ်းကြောင်းတစ်ခု ဖြစ်သည်။ ဤအတောအတွင်း အဖွဲ့များ ဆက်တိုက် ဖြတ်သန်းသွားလာနေကြသော်လည်း မီတာအနည်းငယ်သာ ကွာဝေးသော လော်ယွမ်ကို ထိုလူ့ဘီလူးများက အနည်းငယ်မျှပင် သတိမထားမိကြပေ။

ဒင်...(ဒီ+)အဆင့်အထူးမစ်ရှင် - (ကျူပင်ခုတ် ကျူငုတ်မကျန် သုတ်သင်ခြင်း) လူ့ဘီလူးမျိုးနွယ်စုကို ချေမှုန်းပြီး မျိုးနွယ်စုအတွင်းရှိ အသိဉာဏ်ရှိသော သက်ရှိအားလုံးကို သတ်ဖြတ်ရန်။ အကြံပြုချက် - ဤသည်မှာ အထူးမစ်ရှင်ဖြစ်သဖြင့် လက်တွေ့အခက်အခဲအဆင့်ကို တစ်ဆင့် လျှော့ချထားသည်။ အချိန်ကန့်သတ်ချက် - မရှိ။ လက်ခံ/ငြင်းပယ်

ထိုအချိန်တွင် မစ်ရှင်သတင်းအချက်အလက်က ဦးနှောက်ထဲ၌ ရုတ်တရက် မြည်ဟီးလာသည်။ သူက တစ်ချက်ကြည့်လိုက်ပြီး မစ်ရှင်ကို လက်ခံကြောင်း စိတ်ထဲမှ အတည်ပြုလိုက်သည်။

အတိုင်းအတာတစ်ခုအထိ ဆိုရလျှင် ဤကဲ့သို့သော အထူးမစ်ရှင်များသည် အခက်အခဲအဆင့် အနိမ့်ဆုံး ဖြစ်သည်။ သေချာဂရုစိုက်ပြီး စေ့စေ့စပ်စပ် ပြုလုပ်နိုင်လျှင် အန္တရာယ်ကြီးကြီးမားမား မရှိနိုင်ပေ။

သူ၏ အရှိန်အဝါကို ဖုံးကွယ်ထားသောကြောင့် မြက်ခင်းထဲရှိ အဆိပ်ရှိသော ပိုးကောင်များက အနီးအနားတွင် စတင်လှုပ်ရှားလာကြသည်။ အရောင်စုံ ပိုးကောင်များသည် သူ၏ ခြေမျက်စိပေါ်သို့ မကြာခဏ တက်လာကြပြီး အချို့မှာ အားကုန်သုံး၍ ကိုက်ခဲကြသည်။ လော်ယွမ်က တချက်ငုံ့ကြည့်လိုက်သော်လည်း ထပ်မံ၍ ဂရုမစိုက်တော့ပေ။ ယခုအချိန်တွင် သူ၏ အရေပြားသည် အလွန်မာကျောနေပြီဖြစ်ရာ အိုမင်းနေသော နွားသားရေထက်ပင် အဆပေါင်းများစွာ ပို၍ ခံနိုင်ရည်ရှိသည်။ သာမန်ရိုင်ဖယ်ကျည်ဆံများပင် ဖောက်ထွင်း၍ မရနိုင်ပေ။ အဆိပ်ပိုးကောင်များ၏ ကိုက်ခဲမှုသည် ယားယံမှုကိုသာ ဖြစ်စေပြီး သူ၏ အရေပြားကို ဖောက်ထွင်းနိုင်ခြင်း မရှိချေ။

ထို့အပြင် မထွက်လာမီကပင် ဘောင်းဘီအောက်ခြေနှင့် အင်္ကျီလက်များကို သေချာစွာ စည်းနှောင်ထားခဲ့သည်။ မျက်နှာပေါ်သို့ တက်လာသော အဆိပ်ပိုးကောင်များကို ရံဖန်ရံခါ ဖယ်ရှားပစ်သည်မှလွဲ၍ ကျန်နေရာများကို ကိုက်ချင်သလို ကိုက်ခွင့်ပြုထားလိုက်သည်။

အချိန်များ တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးသွားရာ မကြာမီ ညနေစောင်းချိန်သို့ ရောက်ရှိလာခဲ့သည်။ ပြန်လာကြသော အဖွဲ့များမှာလည်း တဖြည်းဖြည်း နည်းပါးလာ၏။ ဤလူ့ဘီလူးမျိုးနွယ်စုတွင် အားလုံးသည် စစ်သည်များဖြစ်ကြပြီး အထီးရော အမပါ အမဲလိုက်ထွက်ကြသည်။ လော်ယွမ်က စိတ်ထဲတွင် ခန့်မှန်းတွက်ချက်ကြည့်လိုက်ရာ ဤတစ်ညနေခင်းအတွင်း ပြန်ရောက်လာသော လူ့ဘီလူးအရေအတွက်သည် တစ်ထောင်ကျော်သွားပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

ဂူထဲတွင် ကျန်ရစ်ခဲ့ပြီး အပြင်မထွက်သော သူများကိုပါ ထည့်တွက်မည်ဆိုလျှင် အရေအတွက်မှာ သုံးထောင်ဝန်းကျင်ခန့် ရှိနိုင်ပေသည်။

ထိုစဉ် နောက်ဘက်မှ ငိုကြွေးသံများ ထွက်ပေါ်လာသည်ကို လော်ယွမ် ကြားလိုက်ရသည်။ သူက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး နောက်သို့လှည့်ကြည့်လိုက်၏။

မကြာမီမှာပင် လူ့ဘီလူးတစ်ဖွဲ့သည် လော်ယွမ်၏ မြင်ကွင်းထဲသို့ ရောက်ရှိလာကြသည်။ သူ၏ မျက်နှာထားမှာ ပျက်ယွင်းသွားတော့သည်။ ထိုလူ့ဘီလူးအုပ်စုသည် ထူးဆန်းသော ဘာသာစကားများကို ပြောဆိုလျက် ဖမ်းဆီးလာသော သားကောင်များကို မောင်းနှင်လာကြသည်။

ဤသားကောင်များမှာ သာမန်သားကောင်များ မဟုတ်ဘဲ လူသားများ ဖြစ်နေကြသည်။ ထိုလူများကို နွယ်များဖြင့် တန်းစီ၍ ချည်နှောင်ထားကြ၏။ အမျိုးသားရော အမျိုးသမီးပါ ပါဝင်ပြီး အဝတ်အစားများမှာ စုတ်ပြတ်သတ်နေကာ အများစုမှာ တိရစ္ဆာန်သားရေများကို ပတ်ထားကြသည်။ ခန္ဓာကိုယ် သန်မာထွားကျိုင်း၍ မျက်နှာအသွေးအရောင် ကောင်းမွန်သော လူတစ်ယောက်မှလွဲ၍ ကျန်သူအားလုံးမှာ အာဟာရပြတ်လပ်နေသည့် ပုံစံဖြင့် မျက်နှာများ ဝါဖျော့ကာ ပိန်လှီနေကြသည်။

လော်ယွမ်က ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ ပြန်လည်ထူထောင်ရေးဇုန်ရှိ အောက်ခြေလူတန်းစားများပင်လျှင် အခြေခံ စားဝတ်နေရေးကို ဖြေရှင်းနိုင်ကြသည်။ ကြည့်ရသည်မှာ ဤလူအုပ်စုသည် ပြန်လည်ထူထောင်ရေးဇုန်မှ မဟုတ်ဘဲ တောနက်ထဲတွင် လှည့်လည်သွားလာနေသော လေလွင့်သူများ ဖြစ်ပုံရသည်။

ပြန်လည်ထူထောင်ရေးဇုန်တွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ဖူးသဖြင့် သူသည် လေလွင့်နေသူများနှင့် စိမ်းသက်မနေပေ။

ဆင့်ကဲပြောင်းလဲသူများ ပုန်ကန်မှုကြောင့် ထွက်ပြေးလွတ်မြောက်လာသူများ ဖြစ်စေ၊ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ပြန်လည်ထူထောင်ရေးဇုန်မှ မောင်းထုတ်ခံရသည့် လေလွင့်နေသူများ ဖြစ်စေ အရေအတွက်မှာ မနည်းလှပေ။ ထိုအုပ်စုများသည် အသက်ရှင်ရပ်တည်နိုင်ရန် ရုန်းကန်ရင်း ပြန်လည်ထူထောင်ရေးဇုန် အနီးတစ်ဝိုက်တွင်သာ တဝဲလည်လည် ရှိနေတတ်ကြသည်။

သို့သော် လေလွင့်နေသူတိုင်းသည် စွမ်းအားကြီးမားသော ဆင့်ကဲပြောင်းလဲသူများ မဟုတ်ကြပေ။ အများစုမှာ ခရီးသွားလာနေစဉ်အတွင်း ဆင့်ကဲပြောင်းလဲသူများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည့် သာမန်ပြည်သူများ ဖြစ်ကြသည်။ ဥပဒေ၏ ထိန်းချုပ်မှု မရှိတော့သည့်အခါ လူသားတို့၏ မကောင်းမှု စိတ်ရင်းအမှန်ကို ထုတ်ဖော်လာကြသော ဆင့်ကဲပြောင်းလဲသူများ၏ လက်အောက်တွင် ထိုသာမန်ပြည်သူများ၏ ဘဝက မည်သို့ရှိမည်ကို တွေးကြည့်ရုံနှင့် သိနိုင်သည်။ စိတ်ကြိုက် နှိပ်စက်ခံရခြင်း၊ ကျွန်အဖြစ် ခိုင်းစေခံရခြင်းတို့ပင်လျှင် ကံကောင်းသည်ဟု ဆိုရမည်။ အဘယ်ကြောင့်ဆိုသော် တချို့ရက်စက်ကြမ်းကြုတ်သော ဆင့်ကဲပြောင်းလဲသူများက အစားအစာ ရှာမရသည့်အခါ၌ ထိုလူများကို အစာအဖြစ် စားသုံးပစ်လေ့ ရှိကြသောကြောင့်ပင်။

အစောပိုင်းက လော်ယွမ် ပြန်လည်ထူထောင်ရေးဇုန်သို့ စတင်ဝင်ရောက်လာချိန်တွင် အကယ်၍ သူသာ စွမ်းအားမကြီးမားခဲ့လျှင်၊ ဧရာမဖွတ်ကြီးနှင့် မျောက်ဝံကြီးတို့၏ ခြိမ်းခြောက်နိုင်စွမ်းသာ မရှိခဲ့လျှင် သူ၏ အဖြစ်ဆိုးသည်လည်း ဤလူများနှင့် သိပ်ကွာမည် မဟုတ်ပေ။

လူအုပ်စုသည် အနည်းငယ် နှေးကွေးသွားသည်နှင့် လူ့ဘီလူးများက နွယ်ကြိမ်လုံးများဖြင့် ရိုက်နှက်မောင်းနှင်ကြသည်။ ရိုက်နှက်လိုက်တိုင်း ကျောပြင်တွင် သွေးစိမ်းရှင်ရှင် စုတ်ပြဲရာများ ဖြစ်ပေါ်လာ၏။ လူအများစု၏ ကျောပြင်တွင် သွေးသံရဲရဲ ဖြစ်နေကြပြီ။ အားလုံး၏ မျက်နှာတွင် မျှော်လင့်ချက် ကင်းမဲ့သော အမူအရာများဖြင့် ယိုင်နဲ့နဲ့ လျှောက်လှမ်းနေကြရသည်။

လော်ယွမ်က ဓားရိုးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး မျက်လွှာချလိုက်သည်။ ထိုလူ့ဘီလူးအဖွဲ့ တဖြည်းဖြည်း ဝေးကွာသွားမှသာ သူက သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်ပြီး ရင်ထဲတွင် ဆူပွက်လာသော သတ်ဖြတ်လိုစိတ်ကို အနိုင်နိုင် ထိန်းချုပ်လိုက်ရသည်။

မကြာမီ ကောင်းကင်ကြီး မည်းမှောင်လာပြီး ညနေ ၆ နာရီခန့်တွင် ဂူပေါက်ဝရှိ အစောင့်များ နောက်တစ်သုတ်နှင့် လူလဲလိုက်ကြသည်။

လော်ယွမ်က နောက်ထပ် တစ်နာရီခန့် ဆက်လက် စောင့်ဆိုင်းနေလိုက်ပြီး ပြန်လာသော လူ့ဘီလူးများ မရှိတော့သည်ကို မြင်မှ ခြေဖျားထောက်၍ သရဲတစ္ဆေပမာ လေထဲတွင် ဝဲပျံသွားကာ ခဏအကြာတွင် ဂူပေါက်ဝအပေါ်ဘက်ရှိ ကျောက်ဆောင်ပေါ်သို့ တိတ်တဆိတ် သက်ဆင်းလိုက်၏။

မည်သို့ဖြစ်သည် မသိရသော်လည်း ဂူပေါက်ဝတွင် စောင့်ကြပ်နေသော လူ့ဘီလူးများ ရုတ်တရက် စကားများ ရန်ဖြစ်ကြပြီး ခဏအကြာတွင် လက်ပါလာကြတော့သည်။

လော်ယွမ်က မူလက ထိုလူ့ဘီလူးများကို သတ်ဖြတ်ရန် ပြင်ဆင်ထားသော်လည်း ယခုကဲ့သို့ အချင်းချင်း ရန်ဖြစ်နေသည်ကို မြင်သောအခါ ပြန်လည် ငြိမ်သက်နေလိုက်သည်။

ယခင်က အမဲလိုက်ထွက်သော လူ့ဘီလူးအဖွဲ့ကို သူသတ်ဖြတ်ခဲ့စဉ်က လှုပ်ရှားမှု မြန်ဆန်လွန်းသဖြင့် ၎င်းတို့က စွမ်းအားကို မထုတ်သုံးနိုင်ခင်မှာပင် ပွဲပြီးသွားခဲ့သည်။ ထို့ကြောင့် ဤလူ့ဘီလူးများ မည်သည့်စွမ်းရည်မျိုး ပိုင်ဆိုင်ထားသည်၊ တိုက်ခိုက်စွမ်းရည် မည်မျှရှိသည်ကို လုံးဝ မသိရှိရသေးပေ။

လူ့ဘီလူးအဖွဲ့ငယ်လေး တစ်ဖွဲ့လောက်က ပြဿနာမရှိပေ။ လုပ်နိုင်စွမ်း အကန့်အသတ်သာ ရှိသဖြင့် ချက်ချင်း အကုန်သတ်ပစ်နိုင်သည်။ သို့သော် ယခုအခြေအနေမှာ ၎င်းတို့၏ အသိုက်အမြုံထဲသို့ ဝင်ရောက်ရမည်ဖြစ်ပြီး လူ့ဘီလူးထောင်ပေါင်းများစွာနှင့် ရင်ဆိုင်ရမည် ဖြစ်ရာ အကယ်၍ ပေါ့ဆမိပါက အမှားအယွင်း ဖြစ်သွားနိုင်လေသည်။

လော်ယွမ်က ကိုယ်ကိုကိုင်း၍ ကျောက်တုံးကြီးတစ်တုံးအောက်တွင် ပုန်းအောင်းကာ စိတ်ရှည်လက်ရှည် စောင့်ကြည့်နေလိုက်သည်။

အစပိုင်းတွင် နှစ်ကောင်သာ ရန်ဖြစ်နေခြင်း ဖြစ်သည်။ ခေါင်းဆောင်ဖြစ်ပုံရသော လူ့ဘီလူးကြီးက ဝင်ရောက်တားဆီးသော်လည်း မကြာမီ နောက်ထပ်လူများ ဝင်ပါလာကြသည်။ ရန်ဖြစ်သူများပြားလာပြီး ခေါင်းဆောင်လုပ်သူ၏ တားဆီးမှု မအောင်မြင်တော့ဘဲ ရုတ်ရုတ်သဲသဲ ရုန်းရင်းဆန်ခတ် ဖြစ်ကုန်ကြတော့သည်။

နောက်ပိုင်းတွင် ထိုလူ့ဘီလူးအုပ်စုသည် ပရမ်းပတာ ဖြစ်သွားကြပြီး သူက ကိုယ့်ကိုရိုက်၊ ကိုယ်က သူ့ကိုရိုက်နှင့် ရန်ဖြစ်ရန်သက်သက်အတွက်သာ ရိုက်နှက်နေကြပုံ ပေါက်နေသည်။

လူ့ဘီလူးများ၏ အင်အားမှာ ကြီးမားလှသဖြင့် လက်သီးတစ်ချက် ထိုးလိုက်တိုင်း အမြောက်နှင့် ပစ်ခတ်လိုက်သကဲ့သို့ ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာသည်။ မကြာမီမှာပင် အချို့မှာ သွေးသံရဲရဲဖြင့် လဲကျကုန်ကြသည်။ လူ့ဘီလူးတစ်ကောင်ဆိုလျှင် ရင်ဘတ်ကြီး ချိုင့်ဝင်သွားပြီး သေလုမြောပါး ဖြစ်နေပြီဖြစ်သည်။ သို့သော် သွေးနှင့် သတ်ဖြတ်မှုတို့က လူ့ဘီလူးများ၏ အရိုင်းစိတ်ကို ပိုမို နိုးကြွလာစေပြီး တိုက်ပွဲမှာ ပို၍ ပြင်းထန်လာလေသည်။

ထိုအချိန်မှာပင် ဂူပေါက်ဝမှ လူ့ဘီလူးတစ်ကောင် ရုတ်တရက် ထွက်ပေါ်လာသည်။ အပြင်တွင် ရန်ဖြစ်နေကြသည်ကို မြင်လိုက်ရသောအခါ ဒေါသတကြီး ဖြစ်သွားလေသည်။

လော်ယွမ်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။ ဤလူ့ဘီလူးက အခြားသူများနှင့် မတူညီကြောင်း သူချက်ချင်း သတိထားမိလိုက်၏။ အခြားလူ့ဘီလူးများ၏ မျက်လုံးများမှာ လူသားများကဲ့သို့ အဖြူနှင့် အမည်း ကွဲပြားသော်လည်း ဤလူ့ဘီလူး၏ မျက်လုံးများမှာ ရွှေရောင် တောက်နေသည်။ ထို့အပြင် လည်ပင်းတွင် ဆွဲထားသော လူခေါင်းခွံ ခြောက်ခုပါ ဆွဲကြိုးကြောင့် လော်ယွမ် မျက်မှောင်ကြုတ်သွားရသည်။

ထိုလူ့ဘီလူးက ရှေ့သို့ လျှောက်လာပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။ လော်ယွမ်သည် ပတ်ဝန်းကျင်ရှိ လေထု ရုတ်တရက် ပြင်းထန်စွာ လှုပ်ရှားသွားသည်ကို ခံစားလိုက်ရ၏။ ရန်ဖြစ်နေသော လူ့ဘီလူးများသည် မျက်စိတစ်မှိတ်အတွင်း မမြင်ရသော စွမ်းအင်တစ်ခုနှင့် ရိုက်ခတ်ခံလိုက်ရသကဲ့သို့ ၁၅ပေခန့် လွင့်စင်သွားပြီး လုံးထွေးကာ နာကျင်စွာ ညည်းညူနေကြတော့သည်။

"ဆင့်ကဲပြောင်းလဲသူလား..." လော်ယွမ်၏ စိတ်ထဲတွင် လေးနက်သွားတော့သည်။

ဆက်ရန်...

အပိုင်း (၃၄၈) လူ့သစ္စာဖောက်များ

ထိုလူ့ဘီလူးဆင့်ကဲပြောင်းလဲသူခေါင်းဆောင်သည် လူ့ဘီလူးအားလုံးကို တစ်ချက်တည်း ရိုက်ချလိုက်ပြီးနောက် ကျယ်လောင်စွာ အော်ဟစ်ဆူပူကြိမ်းမောင်းလိုက်သည်။ သူသည် မြင့်မားသော ရာထူးအာဏာရှိပုံရသည်။ မူလက ခေါင်းကွဲမတတ် ရိုက်နှက်ရန် ပြင်နေကြသော အစောင့်လူ့ဘီလူးများသည် ယခုအခါ မြေကြီးပေါ်တွင် ဝပ်ဆင်းလျက် တုန်လှုပ်ချောက်ချားစွာဖြင့် နာခံနေကြလေသည်။

ထိုအချိန်တွင် သေမင်းတမန်အငွေ့အသက်များ သယ်ဆောင်ထားသည့် အရိပ်တစ်ခုသည် လူ့ဘီလူးဆင့်ကဲပြောင်းလဲသူ ခေါင်းဆောင်၏ ကျောဘက်မှ တိတ်တဆိတ် ဆင်းသက်လာသည်ကို မည်သူမျှ သတိမထားမိလိုက်ကြပေ။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဓားရောင်တစ်ချက် လက်သွားပြီး သက်တံရောင်စဉ် ဖြတ်သန်းသွားသကဲ့သို့ ဖြစ်သွားသည်။ ထို့နောက် လူရိပ်တစ်ခု လျှပ်စီးလက်သကဲ့သို့ လှုပ်ရှားသွားကာ အေးစက်သော ဓားရောင်များနှင့်အတူ မြေပြင်ပေါ်တွင် ဝပ်ဆင်းနေသော လူ့ဘီလူးများ တစ်ကောင်ပြီးတစ်ကောင် သေပွဲဝင်သွားကြတော့သည်။

အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး ကြမ်းပြင်ပေါ်တွင် တဆတ်ဆတ် တုန်ခါနေသော အလောင်း ဆယ်လောင်းကျော်သာ ကျန်ရစ်တော့သည်။ သွေးညှီနံ့တစ်ခုသည် လေထုထဲတွင် တဖြည်းဖြည်း ပျံ့နှံ့လာပြီး အချိန်ကြာလာသည်နှင့်အမျှ ပိုမိုပြင်းထန်လာသည်။

လော်ယွမ်သည် သူ၏ခန္ဓာကိုယ်ကို အမှောင်ရိပ်ထဲတွင် ဖုံးကွယ်ထားပြီး ဂူအတွင်းပိုင်းသို့ ဖြည်းညင်းစွာ လွင့်မျောဝင်ရောက်သွားသည်။

လမ်းတစ်လျှောက်တွင် ဓားသွားဖြင့် ဦးခေါင်းထိုးဖောက်ခံရသော လူ့ဘီလူးများသည် အသံမထွက်နိုင်ဘဲ လဲကျသေဆုံးသွားကြသည်။ လတ်ဆတ်သော သွေးများသည် ဓားသွားတစ်လျှောက် စီးကျလာပြီး တောက်... တောက် ဟူသော အသံမြည်လျက် ကြမ်းပြင်ပေါ်သို့ ကျဆင်းနေသည်။

ဤနေရာသည် မြေအောက်သို့ ဆင်းသွားသော ထုံးကျောက်လိုဏ်ဂူတစ်ခု ဖြစ်သည်။ မီတာအနည်းငယ် လျှောက်လိုက်သည်နှင့် လမ်းခွဲများ စတင်ပေါ်ပေါက်လာပြီး နောက်ပိုင်းတွင် လမ်းခွဲများ ပိုမိုများပြားလာကာ ဝင်္ကပါသဖွယ် ဖြစ်နေတော့သည်။ လေဝင်လေထွက် အခြေအနေကို ကြည့်ခြင်းအားဖြင့် ထွက်ပေါက်သည် တစ်ခုတည်းမဟုတ်ကြောင်း ခန့်မှန်းနိုင်သည်။ ဤကဲ့သို့သော မြေမျက်နှာသွင်ပြင်သည် တိုက်ခိုက်ရန်ရော၊ ဆုတ်ခွာရန်ပါ ကောင်းမွန်လှသည်။ အကယ်၍ အခြားသူတစ်ဦးသာ ဖြစ်ပါက မည်မျှပင် အစွမ်းထက်စေကာမူ လူ့ဘီလူးတစ်ကောင်ချင်းစီကို လိုက်လံရှာဖွေပြီး မျိုးဖြုတ်သတ်ဖြတ်ရန် အလွန်ခက်ခဲပေလိမ့်မည်။

သို့သော် ကံဆိုးစွာဖြင့် ဤလူ့ဘီလူးအုပ်စု တွေ့ဆုံလိုက်ရသူမှာ လော်ယွမ် ဖြစ်နေသည်။

သူ၏ အလွန်အမင်း ထက်မြက်သော အကြားအာရုံက မြေပြင်ပေါ်သို့ ဖုန်မှုန့်ကျသော အသံကိုပင် ဖမ်းယူနိုင်စွမ်းရှိပြီး ကီလိုမီတာအနည်းငယ်အကွာမှ လူ့ဘီလူးများ၏ ဆိုးရွားသော အနံ့ဆိုးများကိုလည်း အလွယ်တကူ ရရှိနိုင်သည်။ ၁၇ မှတ်ရှိသော ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် ဤလိုဏ်ဂူထဲတွင် အစွမ်းကုန် အသုံးဝင်နေတော့သည်။

လော်ယွမ်၏ အမြင်အရ ဤဉာဏ်ရည်မြင့်မျိုးနွယ်စု၏ ယဉ်ကျေးမှုသည် အလွန်ရှေးကျနေဆဲဖြစ်ပြီး လူမှုဖွဲ့စည်းပုံသည် ရှေးဦးလူသားမျိုးနွယ်စု ပုံစံမျိုးဖြကာ အိမ်ထောင်ဖက်ဟူ၍ သတ်မှတ်ထားခြင်း မရှိပေ။ လိုဏ်ဂူထောင့်များတွင် လူ့ဘီလူးအထီးအမများ ရှက်ရွံ့ခြင်းမရှိဘဲ လိင်ဆက်ဆံနေကြသည်ကို မကြာခဏ တွေ့မြင်နေရသည်။

ဤ လူ့ဘီလူးမျိုးနွယ် သည် လူသားပုံစံရှိသော သက်ရှိများဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ လက္ခဏာများသည် လူသားများနှင့် ကွာခြားမှုမရှိပေ။ သို့သော် ထိုကြီးမားသော ခန္ဓာကိုယ်များမှ ထုတ်လွှတ်လိုက်သော ရာဂစိတ်နှင့် ကြမ်းကြုတ်သော တိရစ္ဆာန်စိတ်တို့ကြောင့် လော်ယွမ်ပင်လျှင် ကြည့်ရှုရန် ဝန်လေးမိသည်။

သူသည် အသံနှင့် အနံ့ကို ခြေရာခံကာ ဆက်လက်တိုးဝင်သွားပြီး လမ်းတစ်လျှောက်တွင် လဲကျသွားသော အလောင်းများ ပိုမိုများပြားလာသည်။ လမ်းခွဲတိုင်းတွင် အနံ့ရသည်ဖြစ်စေ၊ အသံကြားသည်ဖြစ်စေ သူ ဝင်ရောက်စစ်ဆေးပြီး သေခြင်းတရားနှင့် သတ်ဖြတ်ခြင်းများကို ယူဆောင်လာခဲ့သည်။

ခရီးလမ်းတစ်လျှောက်လုံး အဆင်ပြေချောမွေ့နေသည်တော့ မဟုတ်ပေ။ အရေအတွက် များပြားလာသောအခါ အကြိမ်ကြိမ် သူ၏ တည်ရှိမှုကို ရိပ်မိသွားကြပြီး တစ်ခါတစ်ရံ အတင်းအဓမ္မ ဝင်ရောက်တိုက်ခိုက်ရသည်များလည်း ရှိသည်။ လူ့ဘီလူးဆင့်ကဲပြောင်းလဲသူ ၃၊ ၄ ကောင်နှင့်လည်း ကြုံတွေ့ခဲ့ရသည်။ သို့သော် လော်ယွမ်၏ နှုန်းက အလွန်မြန်ဆန်လှသဖြင့် ဆင့်ကဲပြောင်းလဲသူများ သူတို့၏ စွမ်းရည်ကို မထုတ်သုံးနိုင်မီမှာပင် ဓားချက်တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည်။ လူ့ဘီလူးဆင့်ကဲပြောင်းလဲသူများ မရှိတော့ပါက သာမန်လူ့ဘီလူး မည်မျှပင် များပြားပါစေ၊ ဓားချက်အနည်းငယ် ပိုခုတ်ရရုံသာ ရှိသည်။

ကံကောင်းသည်မှာ လူ့ဘီလူးဆင့်ကဲပြောင်းလဲသူ အရေအတွက် သိပ်မများလှပေ။ အကောင်တစ်ရာတွင် တစ်ကောင်ခန့်သာ ပါဝင်ပြီး အုပ်စုတစ်စုတွင် တစ်ကောင်၊ နှစ်ကောင်ခန့်သာ ရှိတတ်သည်။ သို့မဟုတ်ပါက အရေအတွက် များပြားလာလျှင် သူပင်လျှင် ခြေကုန်လက်ပန်းကျသွားနိုင်ပေသည်။

ဆင့်ကဲပြောင်းလဲသူများ၏ စွမ်းရည်များက ဆန်းပြားလှသည်။ လက်တွေ့မတိုက်ခိုက်မီအထိ မည်သူကမျှ သူတို့တွင် ဘာစွမ်းရည်ရှိသည်ကို အတိအကျ မသိနိုင်ပေ။ မထင်မှတ်ထားသော စွမ်းရည်လေးတစ်ခုက ဂရုမစိုက်မိချိန်တွင် သူ့ကို ဒုက္ခပေးသွားနိုင်သည်။

သတ်ဖြတ်မှုများ များပြားလာသည်နှင့်အမျှ လိုဏ်ဂူထဲတွင် သွေးညှီနံ့များ ဖုံးလွှမ်းလာပြီး ဖုံးကွယ်ထား၍ မရတော့ပေ။ ခြေသံများစွာက သူရှိရာဘက်သို့ ဦးတည်ပြေးလာကြသည်။ သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ခေတ္တမျှ စဉ်းစားလိုက်ကာ ရုတ်တရက် အပေါ်သို့ခုန်တက်လိုက်သည်။ ၂၈ပေခန့် မြင့်သော နေရာသို့ ရောက်ရှိသွားပြီး သူ၏ကျောကို လိုဏ်ဂူမျက်နှာကြက်နှင့် ကပ်ထားလိုက်သည်။

မကြာမီ ရာပေါင်းများစွာသော လူ့ဘီလူးများသည် လမ်းကြောင်းအတိုင်း ပြေးဝင်လာကြသည်။ ကြီးမားသော ခန္ဓာကိုယ်များနှင့် အရေအတွက်ကြောင့် ကျောက်နံရံများ တုန်ခါကာ ကျောက်စိုင်ကျောက်ခဲများ ပြုတ်ကျလာသည်။

ရှေ့ဆုံးမှ ဦးဆောင်လာသော ခေါင်းဆောင်ဖြစ်ပုံရသည့် လူ့ဘီလူးဆင့်ကဲပြောင်းလဲသူသည် ဧရာမ ဓားကွေးကြီးတစ်လက်ကို ကိုင်ဆောင်ထားပြီး ကြမ်းကြုတ်ခက်ထန်သော မျက်နှာထားဖြင့် လှမ်းလာနေသည်။ ထိုစဉ် ရှေ့ရှိ အလောင်းပုံကြီးကို ရုတ်တရက် မြင်လိုက်ရသောအခါ အော်ဟစ်လိုက်ပြီး စိုးရိမ်တကြီးဖြင့် ဘေးပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ လူ့ဘီလူးအားလုံး ခြေလှမ်းတုံ့သွားကြသည်။

ထို့နောက် ၎င်းက နောက်ထပ် အော်ဟစ်လိုက်ရာ တပ်ဖွဲ့တစ်ခုလုံး ဖြည်းညင်းစွာ နောက်ဆုတ်ရန် ပြင်ဆင်ကြသည်။

အတိုင်းအတာတစ်ခုအရကြည့်လျှင် လူသားများကဲ့သို့ပင် ဤမျိုးနွယ်စုသည်လည်း ကမ္ဘာပျက်ကပ်ထဲတွင် ရုန်းကန်ရှင်သန်နေရသော မျိုးနွယ်စုငယ်လေးတစ်ခုသာ ဖြစ်ပြီး အင်အားမှာ လူသားတို့ထက် များစွာ နိမ့်ကျသည်။

ဤကန္တာရတောအုပ်ထဲတွင် သူတို့ကို အကြီးအကျယ် ထိခိုက်စေနိုင်သော၊ မျိုးတုန်းသွားစေနိုင်သော အန္တရာယ်များစွာ ရှိသည်။ သာမန်လူ့ဘီလူးများသည် အရိုင်းစိတ် မကုန်သေးဘဲ ပင်ကိုအသိစိတ်ဖြင့် လှုပ်ရှားတတ်သော်လည်း ခေါင်းဆောင်ဖြစ်သူတွင် ဤကဲ့သို့ သတိရှိမှုမျိုး မရှိပါက ဤကန္တာရထဲတွင် ကြာမြင့်စွာကတည်းက မျိုးတုန်းသွားလောက်ပြီ ဖြစ်သည်။

သို့သော် ယခုအချိန်တွင် နောက်ဆုတ်ရန်မှာ နောက်ကျသွားခဲ့ပြီ။ လော်ယွမ်သည် မျက်နှာကြက်ကို လက်ဖြင့်တွန်းကန်လိုက်ပြီး အရှိန်ဖြင့် ပြုတ်ကျလာသည်။

လေထဲတွင် ရှိနေစဉ်မှာပင် သူကိုင်ဆောင်ထားသော ကျန်းမာတောက်ဓားရှည်မှ သေးငယ်သော အလင်းတန်းတစ်ခု လက်သွားသည်။

ယခုအခါ သူ၏ စိတ်စွမ်းအား ဓားရောင်ခြည်သည် ကျန်းမာတောက်ဓား၏ ထက်ရှမှုအကူအညီဖြင့် ၅ပေအထိ ရှည်ထွက်လာနိုင်ပြီဖြစ်သည်။ ဓားအရှည်နှင့်ပါ ပေါင်းလိုက်လျှင် မလှုပ်ရှားဘဲ နေလျှင်ပင် ၁၀ပေပတ်လည်ကို သတ်ဖြတ်နိုင်စွမ်း ရှိသည်။

ထိုအချိန်တွင် လူ့ဘီလူးများသည် တစ်ကောင်နှင့်တစ်ကောင် ပူးကပ်နေသဖြင့် တစ်စုတစ်ဝေးတည်း ဖြစ်နေကြသည်။ လော်ယွမ်က ဓားကို တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် လူ့ဘီလူး ၁၈ ကောင်၊ ၁၉ ကောင်ခန့် ခါးမှ ပြတ်တောက်သွားကြသည်။ အော်ဟစ်သံများ မထွက်ပေါ်လာမီမှာပင် လော်ယွမ်၏ ကိုယ်ရိပ်သည် နေရာရွှေ့သွားပြီး နောက်ထပ် ဓားချက်အနည်းငယ် ထပ်မံခုတ်ပိုင်းလိုက်သည်။

အတားအဆီးမရှိ ထက်မြက်လှသော ဓားရောင်ခြည်များသည် စွမ်းအားမြင့် လေဆာတန်းများပမာ ကျဉ်းမြောင်းသော လမ်းကြားထဲတွင် သောင်းကျန်းနေတော့သည်။ လူ့ဘီလူးများ သတိဝင်လာချိန်တွင် လူ့ဘီလူးအကောင်တစ်ရာကျော် အသက်ပျောက်နေခဲ့ပြီ ဖြစ်သည်။

သတိဝင်လာလျှင်လည်း အရာမထင်တော့ပေ။ လူ့ဘီလူးအုပ်စုသည် ဖရိုဖရဲဖြစ်နေပြီး သေခြင်းတရားအပေါ် ကြောက်ရွံ့မှုက သူတို့၏ နှလုံးသားများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်ပြီဖြစ်သည်။ သွေးပျက်ဖွယ် အော်ဟစ်သံများနှင့် ပန်းထွက်လာသော သွေးများအကြားတွင် တိုက်ခိုက်လိုစိတ်များသည် နေပူထဲမှ နှင်းများကဲ့သို့ လျင်မြန်စွာ အရည်ပျော်ကျကုန်သည်။ ထို့အပြင် အရိပ်သဖွယ် လှုပ်ရှားနေသော ထိုသတ္တဝါကို တားဆီးရန် မည်သို့မျှ မဖြစ်နိုင်ပေ။

လူ့ဘီလူးတစ်ကောင်က လှံဖြင့် ထိုးရန် ပြင်လိုက်သည်နှင့် လှံရိုးကျိုးကာ အသက်ပါ ပါသွားသည်။

လူ့ဘီလူးဆင့်ကဲပြောင်းလဲသူတစ်ကောင်က စွမ်းရည်ထုတ်သုံးရန် ပြင်လိုက်သည်နှင့် ခေါင်းပြတ်ထွက်သွားသည်။

ကာကွယ်ရေးစွမ်းရည်ရှိသော လူ့ဘီလူးဆင့်ကဲပြောင်းလဲသူတစ်ကောင်က စွမ်းရည်ထုတ်သုံးသော်လည်း ဓားရောင်ခြည်ကို တစ်ခဏမျှပင် မတားဆီးနိုင်ပေ။ လူအုပ်ပြွတ်သိပ်နေသော ဖရိုဖရဲအခြေအနေကြောင့် လူ့ဘီလူးအများစုသည် အချင်းချင်း တက်နင်းမိ၍ သေဆုံးကုန်ကြသည်။

ဤမစ်ရှင်က ဒီ+ အဆင့်ဟု ဆိုသော်လည်း လက်တွေ့အခက်အခဲမှာ ဒီ အဆင့်လောက်သာ ရှိသည်။ ထို့အပြင် ထောင်ချီသော အရေအတွက်ကလည်း တစုတစည်းထည်း ရှိမနေသဖြင့် အခက်အခဲမှာ ပိုလျော့နည်းသည်။ အစွမ်းအထက်ဆုံး ခေါင်းဆောင်၏ စွမ်းအားသည်ပင် အစိမ်းနုရောင် အဆင့်သာရှိပြီး လော်ယွမ်၏ ဓားချက်တစ်ချက်ကိုပင် ခံနိုင်ရည်မရှိပေ။

တစ်မိနစ်မပြည့်မီအချိန်အတွင်း လမ်းကြားတစ်ခုလုံး အလောင်းများဖြင့် ပြည့်နှက်သွားသည်။ ထွက်ပြေးလွတ်မြောက်သွားသော အကောင်အနည်းငယ်မှလွဲ၍ ရာပေါင်းများစွာသော လူ့ဘီလူးများသည် အသက်ပျောက်ကုန်ကြပြီဖြစ်သည်။ ယခင်သတ်ခဲ့သော အရေအတွက်နှင့်ပေါင်းလိုက်လျှင် စုစုပေါင်း အကောင်နှစ်ထောင်ကျော် ရှိနေပြီဖြစ်သည်။

လော်ယွမ်သည် ဓားကိုကိုင်လျက် မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ဘဲ အနံ့ခံကာ လိုဏ်ဂူအတွင်းပိုင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားသည်။ လမ်းတစ်လျှောက်တွင် နောက်ထပ် လူ့ဘီလူးဆယ်ဂဏန်းခန့်ကို ထပ်မံခုတ်ပိုင်းလိုက်ပြီး ဆယ်မိနစ်ခန့်အကြာတွင် မြင်ကွင်းက ကျယ်ပြန့်သွားသည်။

၎င်းသည် ဧရာမ ကျောက်ဂူကြီးတစ်ခုဖြစ်ကာ အမြင့် မီတာဆယ်ဂဏန်းခန့်ရှိပြီး စတုရန်းကီလိုမီတာ အနည်းငယ် ကျယ်ဝန်းသည်။ ကြယ်ရောင်များကဲ့သို့ မရေမတွက်နိုင်သော မီးတိုင်များက နေရာအနှံ့တွင် ရှိနေပြီး ဤနေရာတစ်ခုလုံးကို ထိန်လင်းနေစေသည်။

ဤနေရာသည် မျိုးနွယ်စု၏ ဗဟိုချက်ဖြစ်ပုံရသည်။ သို့သော် ယခင်သတ်ဖြတ်မှုများကြောင့် ဤနေရာတွင် ကျန်ရစ်သော လူ့ဘီလူး သိပ်မများတော့ပေ။ အများစုမှာ အရပ် ၇ပေ မပြည့်သေးသော ကလေးငယ်များနှင့် ဗိုက်ပူနေသော ကိုယ်ဝန်ဆောင်များသာ ဖြစ်သည်။

လော်ယွမ်ကို အံ့အားသင့်စေသည်မှာ ဤနေရာတွင် လူသားအများအပြား ရှိနေခြင်းပင်။ အရေအတွက် ရာဂဏန်းမျှ ရှိသည်။ သို့သော် သူတို့၏ အခြေအနေမှာ သိပ်မကောင်းလှပေ။ တချို့က ကျွန်များကဲ့သို့ နှိမ့်ချသော အမူအရာများ ရှိနေပြီး တချို့က အလောင်းကောင်များကဲ့သို့ ထုံထိုင်းသော မျက်ဝန်းများကို ပိုင်ဆိုင်ထားကြသည်။

ကျောက်ဂူထဲတွင် ကမ္ဘာပျက်ကပ်နောက်ပိုင်း လူသားများ စွန့်ပစ်ခဲ့သော ပစ္စည်းအများအပြား စုပုံနေသည်။ သံချေးတက်နေသော ကားများ၊ စုတ်ပြတ်နေသော တင့်ကားများ၊ ပျက်စီးနေသော လျှပ်စစ်ပစ္စည်းများနှင့် အခြားအမှိုက်သရိုက်များသည် တောင်ပုံယာပုံ ဖြစ်နေသည်။

ထိုသံမဏိလက်နက်များ မည်သည့်နေရာမှ ရရှိလာသနည်းဟူသည်ကို လော်ယွမ် ခန့်မှန်းမိလိုက်ချေပြီ။ ထိုလက်နက်များ ထွက်ပေါ်လာရေးအတွက် ဤနေရာရှိ လူသားအချို့၏ အကူအညီ မပါဘဲ မဖြစ်နိုင်ပေ။

သူ၏ စိတ်ထဲတွင် ရှုပ်ထွေးသွားပြီး မည်သို့သော အရသာဖြစ်သည်ကို ဖော်ပြရန် ခက်ခဲနေတော့သည်။

ဆက်ရန်...

All Chapters