← Chapters

အခန်း (၃၄၉-၃၅၀)

Vol. 18 Ch. 349-350

အခန်း (၃၄၉-၃၅၀)

Vol. 18 Ch. 349-350

၃၄၉) လမ်းစပျောက်ခြင်း

လော်ယွမ်သည် ကျန်းမာတောက်ဓားကို ကိုင်ဆောင်လျက် မျက်နှာသေဖြင့် ရှေ့သို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားသည်။

သန်မာထွားကျိုင်းသော လူ့ဘီလူးကြီး ဆယ်ယောက်ကျော်သည် သူ့ထံသို့ ပြေးဝင်တိုက်ခိုက်ရန် ကြိုးစားလိုက်ကြသော်လည်း အနားသို့ မကပ်နိုင်ခင်မှာပင် ၉ပေခန့်ရှည်သော ဓားရောင်ခြည်ဖြင့် အပိုင်းပိုင်း ခုတ်ထစ်ခြင်း ခံလိုက်ရသည်။ လော်ယွမ်သည် လမ်းတစ်လျှောက်လုံး လျှောက်လှမ်းရင်း သတ်ဖြတ်လာခဲ့ရာ လမ်းမတစ်ခုလုံး အလောင်းများဖြင့် ပြည့်နှက်နေပြီး မူလက ဆူညံနေသော ဂူကြီးက တဖြည်းဖြည်း တိတ်ဆိတ်သွားတော့သည်။

လူ့ဘီလူးကြီးများသာမက အနီးအနားရှိ လူအုပ်ကြီးသည်လည်း ကြောက်လန့်တကြား တိတ်ဆိတ်ငြိမ်သက်နေကြသည်။ လော်ယွမ် နီးကပ်လာသည်နှင့်အမျှ သူတို့သည် နောက်သို့ ဖရိုဖရဲ ဆုတ်ခွာသွားကြပြီး အချို့ဆိုလျှင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကာ မြေပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားကြသည်။ ခုခံရန် စိတ်ကူးပင် မရှိကြတော့ပေ။

လော်ယွမ်သည် မည်သည့် အရှိန်အဝါကိုမျှ ထုတ်ဖော်ပြသခြင်းမရှိသလို လူသားတစ်ဦးတစ်ယောက်ကိုမျှ သတ်ဖြတ်ခြင်းမရှိပေ။ သို့သော် သွေးများစီးကျနေသော ဓားရှည်၊ သွေးစွန်းနေသော အဝတ်အစားများနှင့် အေးစက်ခက်ထန်သော မျက်နှာထားတို့က လူတိုင်း၏ လည်ဂုတ်ကို စိမ့်တက်သွားစေပြီး မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်သွားစေသည်။

လော်ယွမ်သည် ဘယ်ဘက် မီတာဆယ်ဂဏန်းအကွာရှိ မတ်တတ်ရပ် သံရည်ကျိုမီးဖိုတစ်ခုကို တစ်ချက်ကြည့်လိုက်သည်။ ထိုမီးဖိုကို ဗဟိုပြု၍ ကြီးမားသော ပန်းပဲလုပ်ငန်းခွင်တစ်ခု ရှိနေပြီး ထိုနေရာ၌ ကိုယ်တိုင်လုပ် ရိုးရှင်းသော စက်ကိရိယာအချို့လည်း ရှိနေသည်။ လူတစ်စုသည် ထိုနေရာ၌ ဂနာမငြိမ်စွာ ရပ်နေကြပြီး အချို့၏ လက်ထဲ၌ ဂွများနှင့် ပေါက်ပြားများ ကိုင်ဆောင်ထားကြသည်။ သူသည် အကြည့်ကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး နှုတ်ဆိတ်နေလိုက်သည်။

စွမ်းအားကြီးမားသော ဆင့်ကဲပြောင်းလဲသူ တစ်ယောက်အနေဖြင့် သာမန် လေလွင့်အိမ်ခြေမဲ့များ တောနက်ထဲ၌ အသက်ရှင်ရပ်တည်ရန် မည်မျှ ခက်ခဲမည်ကို လော်ယွမ် စဉ်းစား၍ပင် မရနိုင်ပေ။ သန္ဓေပြောင်းသားရဲများ၏ ခြိမ်းခြောက်မှု၊ ကြမ်းတမ်းသော ပတ်ဝန်းကျင်အပြင် မျိုးတူလူသားများ၏ ကျွန်ပြု နှိပ်စက်မှုများကိုပါ ခံရနိုင်သည်။ သူတို့အတွက်မူ ဤသို့လုပ်ဆောင်ခြင်းသည် အသက်ဆက်ရှင်သန်ရန် တန်ဖိုးတစ်ခုကို သက်သေပြခြင်း သို့မဟုတ် အသက်ရှင်ရုံသက်သက်အတွက်သာ ဖြစ်ကောင်းဖြစ်နိုင်သည်။

သက်ရှိတို့၏ ပင်ကိုသဘာဝသည် အမြဲတစေ အသက်ရှင်ရပ်တည်ရေးနှင့် မျိုးပွားခြင်းတို့၌သာ တည်ရှိကြသည်။ ပင်ကိုသဘာဝနှင့် ဆန့်ကျင်သော အရာများက ဆင့်ကဲပြောင်းလဲမှု သမိုင်းကြောင်းတစ်လျှောက်၌ ပျောက်ကွယ်သွားခဲ့ကြပြီဖြစ်သည်။

ရုပ်ရှင်ဇာတ်ကားများထဲတွင် သစ္စာရှိပြီး မာန်မချသောသူများမှာ လူနည်းစုသာဖြစ်ပြီး အများစုမှာ အသက်ရှင်ရန် ရုန်းကန်နေရသော သာမန်လူများသာ ဖြစ်သည်။ ပြန်လည်တည်ဆောက်ရေးဇုန်က မေ့လျော့ထားသော လေလွင့်အိမ်ခြေမဲ့များ ဆိုလျှင် ပြောဖွယ်ရာပင် မရှိတော့ပေ။

လော်ယွမ်သည် သူတော်စင်မဟုတ်သလို ကိုယ်ကျင့်တရားအရလည်း သာလွန်သူမဟုတ်ပေ။ အကယ်၍ ကမ္ဘာပျက်ကပ် မတိုင်မီက သူသာ စနစ်ကို ပိုင်ဆိုင်ခွင့်မရခဲ့ဘဲ ဆင့်ကဲပြောင်းလဲသူ မဖြစ်လာခဲ့လျှင် သူသည်လည်း ထိုလူများထဲမှ တစ်ယောက် ဖြစ်လာနိုင်သည်။ ယခုအဖြစ်ကို ယုတ္တိကျကျဖြင့် လက်ခံနိုင်သော်လည်း သူ၏ စိတ်ထဲ၌ ပြောမပြတတ်သော လေးလံမှုတစ်ခု ဖြစ်ပေါ်နေသည်။

အကယ်၍သာ အချိန်မီ မတွေ့ရှိခဲ့ပါက ဤဉာဏ်ရည်မြင့် မျိုးနွယ်စုသည် လူသားများ၏ အကူအညီဖြင့် ယဉ်ကျေးမှု အရှိန်အဟုန်ဖြင့် တိုးတက်လာမည်ဖြစ်ပြီး မကြာမီ အချိန်အတွင်း ဤလူ့ဘီလူးကြီးများသည် သေနတ်၊ အမြောက်များကို ကိုင်ဆောင်၍ လူသားများနှင့် စစ်ခင်းလာနိုင်သည်။ ထိုသို့ဆိုလျှင် အလွန်ဝမ်းနည်းဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်လာပေလိမ့်မည်။

လော်ယွမ် ခေါင်းခါလိုက်ပြီး ဤအဆိုးမြင်စိတ်များကို ခေါင်းထဲမှ ထုတ်ပစ်လိုက်သည်။ သူ့မျက်နှာအမူအရာက တဖြည်းဖြည်း အေးစက်သွားပြီး ရှေ့သို့ လှမ်းကြည့်လိုက်ကာ ခန္ဓာကိုယ်သည် ရုတ်တရက် ဝေဝါးသွားပြီး မူလနေရာမှ ပျောက်ကွယ်သွားသည်။ ထွက်ပြေးရန် ကြိုးစားနေသော လူ့ဘီလူးမများနှင့် ကလေးငယ် ဆယ်ယောက်ကျော်သည် ခြေလှမ်းအနည်းငယ်မျှ မလှမ်းရသေးမီမှာပင် ကြက်သေသေသွားကြပြီး ခန္ဓာကိုယ်များ နှစ်ပိုင်းပြတ်ကာ သေဆုံးသွားကြသည်။

ထို့နောက်ပိုင်း၌ ကီလိုမီတာအနည်းငယ် ပတ်လည်သည် အမဲလိုက်ကွင်းပြင်တစ်ခု ဖြစ်လာခဲ့သည်။ တစ်စက္ကန့်လျှင် ပေ၆၀၀နီးပါး ရှိသော သူ၏ အရှိန်အောက်တွင် မည်သည့် သားကောင်မျှ လွတ်မြောက်နိုင်ခြင်း မရှိပေ။ ကိုယ်ဝန်ဆောင်သည် ဖြစ်စေ၊ အရပ်အမောင်း နိမ့်သော ကလေးငယ်ဖြစ်စေ အားလုံးကို သူ ရက်စက်စွာ သတ်ဖြတ်ပစ်လိုက်သည်။ သွေးညှီနံ့များသည် နေရာလွတ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

ဆယ်မိနစ်ခန့် ကြာသောအခါ လော်ယွမ် ဓားကို အိမ်ထဲသို့ ပြန်ထည့်လိုက်သည်။ အနီးအနားမှ ကြောက်ရွံ့နေသော လူအုပ်ကြီးသည် တိတ်တဆိတ် သက်ပြင်းချလိုက်ကြသော်လည်း မည်သူမျှ စကားစမပြောရဲကြပေ။

ဤနေရာရှိ အိမ်ခြေမဲ့ အများစုသည် ဆင့်ကဲပြောင်းလဲသူများ၏ ကျွန်ပြုခြင်းခံထားရသော သာမန်လူများ ဖြစ်ကြသည်။ ငြိမ်းချမ်းသော အချိန်ကာလများက လွန်ခဲ့ပြီဖြစ်ပြီး ယခုအချိန်တွင် တစ်ရက် အသက်ရှင်လျှင် တစ်ရက်မြတ်သည်ဟု တွေးကာ နေထိုင်နေကြရသည်။ စိတ်ဓာတ်များသည် နှိပ်စက်ခံရမှုကြောင့် ထုံထိုင်းနေကြပြီဖြစ်ပြီး လော်ယွမ်ကို ကြောက်ရွံ့ခြင်းမှလွဲ၍ အများစုက အနာဂတ်အတွက် ပို၍စိုးရိမ်ပူပန်နေကြသည်။

ကမ္ဘာပျက်ကပ်၌ လူ့အသက်သည် တိရိစ္ဆာန်အသက်လောက်ပင် တန်ဖိုးမရှိပေ။ ဤလူ့ဘီလူးကြီးများသည် လူသားများအပေါ် ဆက်ဆံပုံ မဆိုးရွားလှချေ။ အဘယ်ကြောင့်ဆိုသော် လူသားများသည် သူတို့အတွက် အသုံးဝင်သောကြောင့် ဖြစ်သည်။ လွတ်လပ်မှုနှင့် မြင့်မားသော ယဉ်ကျေးမှု ဂုဏ်သိက္ခာကို ဆုံးရှုံးလိုက်ရသော်လည်း အနည်းဆုံးတော့ လူ့ဘီလူးများက လုံခြုံရေးနှင့် စားဝတ်နေရေးကို အာမခံချက် ပေးထားသည်။ အကယ်၍ မနက်ဖြန်အတွက် မသေချာသော တောနက်ထဲသို့ ပြန်ရောက်သွားပါက ရက်မည်မျှ အသက်ရှင်နိုင်မည်ကို မသိနိုင်ပေ။

လော်ယွမ်က ထိုလူများ၏ အတွေးကို ဂရုစိုက်ရန် စိတ်မဝင်စားတော့ပဲ မစ်ရှင်ကို ကြည့်လိုက်ရာ မပြီးမြောက်သေးကြောင်း တွေ့ရှိလိုက်ရသည်။ သူသည် လူ့ဘီလူးအလောင်း တစ်လောင်းချင်းစီကို လိုက်လံစစ်ဆေးပြီး ကိုယ်ဝန်ဆောင်အလောင်းများ တွေ့ပါက ဖောင်းကားနေသော ဗိုက်ကို နောက်ထပ် ဓားတစ်ချက် ထပ်ဆင့်ထိုးစိုက်လိုက်သည်။ သို့သော် မစ်ရှင်က မပြီးမြောက်သေးပေ။

ဤမြေအောက် လိုဏ်ဂူထဲသို့ ဝင်လာစဉ်က လမ်းခွဲများ အလွန်များပြားသော်လည်း ဤဂူသို့ ရောက်ပြီးနောက် လမ်းကြောင်းတစ်ခုသာ ရှိတော့သည်။ သူ၏ မှတ်ဉာဏ်သည် အလွန်ကောင်းမွန်ပြီး တစ်ကြိမ်မြင်ရုံနှင့် မှတ်မိနိုင်သည်။ မလာမီက လမ်းခွဲတစ်ခုစီကို သူ "ရှင်းလင်း" ခဲ့ပြီးဖြစ်ရာ လွတ်ကျန်ခဲ့စရာ အကြောင်းမရှိပေ။ လူ့ဘီလူးအချို့ ပြန်မရောက်လာသေးခြင်း သို့မဟုတ် ပုန်းအောင်းနေသော လူ့ဘီလူးရှိနေခြင်းသာ ဖြစ်နိုင်သည်။

သူသည် ပတ်ဝန်းကျင်ကို သေသေချာချာ ဝေ့ဝဲကြည့်ရှုလိုက်ရာ မကြာမီ သံသယဖြစ်ဖွယ် အချက်ကို တွေ့ရှိလိုက်ရသည်။

မှောင်မိုက်သော ထောင့်တစ်နေရာတွင် ညစ်ပတ်ပေရေနေသော အမျိုးသမီးအချို့သည် ကြောက်လန့်နေသကဲ့သို့ မြေကြီးပေါ်တွင် ထိုင်နေကြပြီး ခန္ဓာကိုယ်များ တုန်ယင်နေကြသည်။ ဘယ်က ကောက်ရမှန်းမသိသော ပြတင်းပေါက် လိုက်ကာစုတ်တစ်ခုကို သူတို့၏ ခြေရင်း၌ ဖုံးအုပ်ထားသည်။ ထိုအချိန်တွင် သူ၏ နားရွက်လှုပ်သွားပြီး လူသားထက် သိသိသာသာ ပိုမိုအားကောင်းသော နှလုံးခုန်သံတစ်ခုသည် လိုက်ကာစုတ်အောက်မှ လော်ယွမ်၏ နားထဲသို့ ရှင်းလင်းစွာ ဝင်ရောက်လာသည်။

အတွင်း၌ ဖောင်းပွနေပြီး တစ်စုံတစ်ခု ရှိနေသည်မှာ ထင်ရှားလှ၏။

လော်ယွမ်၏ မျက်နှာထား တည်သွားပြီး ထိုအမျိုးသမီးများထံသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်သည်။

ထိုအမျိုးသမီးများသည် လော်ယွမ် လာနေသည်ကို မြင်သောအခါ မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး ဆန်ကောတုန်သကဲ့သို့ တစ်ကိုယ်လုံး တုန်ယင်လာကာ လက်ချောင်းများ ဖြူစွတ်သွားသည်အထိ ဆုပ်ကိုင်ထားကြသည်။

"ဖယ်လိုက်" လော်ယွမ်က အသံနက်ဖြင့် ပြောလိုက်သည်။

"သူက... သူက ကလေးလေးပဲ ရှိပါသေးတယ်... ဘာမှ မသိပါဘူး... သူ့ကို လွှတ်ပေးပါနော်" အမျိုးသမီးတစ်ဦးသည် ကြောက်စိတ်ကို မြိုသိပ်ပြီး သတ္တိမွေးကာ ပြောလိုက်သည်။ သူမ၏ အသံများ တုန်ယင်နေသည်။

လော်ယွမ် ကြောင်သွားသည်။ ဤအမျိုးသမီးများသည် သနားကြင်နာစိတ် ပေါများလွန်းနေသလား သို့မဟုတ် လူ့ဘီလူးများနှင့် သံယောဇဉ် ဖြစ်နေကြပြီလား မသိ၊ မျိုးကွဲတစ်ကောင်ကိုပင် ဖုံးကွယ်ပေးရဲကြသည်။ ဤကဲ့သို့သော လူမျိုးများ ရှိသေးသည်လား၊ သူ့ဓား မထက်ဘူးဟု ထင်နေကြသလား။ သူ၏ မျက်နှာထား အေးစက်သွားပြီး ကျန်းမာတောက်ဓားကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်သည်။ "ငါ လူမသတ်ဘူးလို့ မင်းတို့ ထင်နေတာလား"

အမျိုးသမီးများ၏ မျက်နှာထား ပျက်သွားပြီး ကြောက်လန့်တကြားဖြင့် လေးဖက်ထောက်ကာ ထွက်ပြေးကြတော့သည်။ မည်သူမျှ စကားမပြောရဲကြတော့ပေ။

လော်ယွမ် ရှေ့သို့ တိုးပြီး လိုက်ကာစကို လှန်လိုက်သည်။ ၎င်းသည် မွေးဖွားပြီးစ ကလေးငယ်တစ်ဦး ဖြစ်ပြီး လူသားကလေး ၅ နှစ်၊ ၆ နှစ်အရွယ်ခန့် ရှိသည်။

ရွှေရောင်မျက်လုံးတစ်စုံသည် ကြည်လင်ပြီး အပြစ်ကင်းစင်နေသည်။ လိုက်ကာစကို လှန်လိုက်သောအခါ ပျော်စရာဟု ထင်မှတ်ပြီး ခြေလက်များကို ယမ်းကာ လော်ယွမ်ကို ကြည့်ပြီး "တခစ်ခစ်" ရယ်မောနေသည်။

သို့သော် နောက်တစ်စက္ကန့်တွင် ဓားရောင်တစ်ချက် လက်သွားသည်နှင့် ရယ်မောသံ ရပ်တန့်သွားသည်။ လည်ပင်းမှ သွေးများ ပွက်ပွက်ထွက်လာပြီး သွေးများ စီးကျလာသည်နှင့်အမျှ အသက်သည်လည်း လျင်မြန်စွာ ပျောက်ကွယ်သွားကာ မျက်လုံးများ ဝေဝါးသွားတော့သည်။

ဒင်...(ဒီ+)အဆင့်အထူးမစ်ရှင် - (ကျူပင်ခုတ် ကျူငုတ်မကျန် သုတ်သင်ခြင်း) လူ့ဘီလူးမျိုးနွယ်စုကို ချေမှုန်းပြီး မျိုးနွယ်စုအတွင်းရှိ အသိဉာဏ်ရှိသော သက်ရှိအားလုံးကို သတ်ဖြတ်ရန်။ အကြံပြုချက် - ဤသည်မှာ အထူးမစ်ရှင်ဖြစ်သဖြင့် လက်တွေ့အခက်အခဲအဆင့်ကို တစ်ဆင့် လျှော့ချထားသည်။ အချိန်ကန့်သတ်ချက် - မရှိ။ မစ်ရှင်အခြေအနေ - ပြီးမြောက်၊ အကဲဖြတ်ချက် - ပြီးပြည့်စုံသည်။

အမည် - လော်ယွမ်

မစ်ရှင်ပြီးမြောက်မှုနှုန်း - ၁၀၀%

အတွေ့အကြုံမှတ် + ၉၆၀၀ x ၁၀၀% ရရှိသည်။

အကဲဖြတ်ချက်ပြီးပြည့်စုံသည်သဖြင့် အတွေ့အကြုံမှတ်အပို + ၉၆၀၀ x ၁၀၀% ရရှိသည်။

စုစုပေါင်းအတွေ့အကြုံမှတ် - ၅၅၂၀/၃၀၇၂၀၀

"သင် အဆင့်တက်သွားပါပြီ"

အမည် - လော်ယွမ်

အလုပ်အကိုင် - ဓားတရားအဖွဲ့၏ဒုတိယခေါင်းဆောင်

အဆင့် - ၈

အတွေ့အကြုံမှတ် - ၅၅၂၀/၃၀၇၂၀၀

အရည်အသွေးများ

ခွန်အား - ၁၇ (၁၀)

လျင်မြန်မှု - ၁၅ (၁၀)

ကြံ့ခိုင်မှု - ၁၇+၄ (၁၀)

ဉာဏ်ရည် - ၁၄+၁ (၁၀)

အာရုံခံနိုင်စွမ်း - ၁၃+၁ (၁၀)

စိတ်စွမ်းအား - ၁၆+၁ (၁၀)

ကျွမ်းကျင်မှုများ

------------------

သိပ္ပံ - ၁၆

သင်္ချာ - ၁၄

တရုတ်စာ - ၁၉

အင်္ဂလိပ်စာ - ၁၆

ဘဏ္ဍာရေး - ၁၇

ကွန်ပျူတာ - ၉

ကခုန်ခြင်း - ၁

ပန်းချီ - ၃

ဂိမ်းကစားခြင်း - ၆

စေ့စပ်ညှိနှိုင်းခြင်း - ၉

လူမှုဆက်ဆံရေး - ၇

ချက်ပြုတ်ခြင်း - ၃

ယာဉ်မောင်း - ၁

လက်နက်မဲ့တိုက်ခိုက်ခြင်း - ၁၉

ဓားပညာကျွမ်းကျင်အဆင့် - ၅

သေနတ်ပစ်ခတ်ခြင်းပညာ - ၆

ပစ်ပေါက်ခြင်း - ၁၅

အထူးကျွမ်းကျင်မှု - အမျိုးအမည်ခွဲခြားအစွမ်း၊ ပေါင်းစပ်အစွမ်း၊ ထောက်လှမ်းအစွမ်း

သန္ဓေပြောင်းအစွမ်း - မြေလှိုင်း(အဆင့် ၆)၊ လေးဘက်မြင် အမြင်အာရုံ (၂%)

တိုက်ခိုက်ရေးသားရဲ - တောရိုင်းဖွတ်ပုတတ် (အဆင့် ၃)၊ တောင်ရွှေ့မျောက်ဝံ (အဆင့် ၂)

လက်ကျန်အခြေပြုမှတ် - ၁

လက်ကျန်ကျွမ်းကျင်မှတ် - ၅

လက်ကျန်မစ်ရှင် - မရှိ

လော်ယွမ်သည် စနစ်မှ ပေးပို့လာသော သတင်းအချက်အလက်များကို တစ်ချက်ကြည့်လိုက်ပြီး မျက်နှာပေါ်၌ ဝမ်းသာရိပ်တစ်ခု ဖြတ်သန်းသွားသည်။ ခြောက်လကျော်၊ တစ်နှစ်နီးပါး စောင့်ဆိုင်းပြီးနောက် နောက်ဆုံးတွင် အဆင့်ထပ်တက်သွားခဲ့ပြီ ဖြစ်သည်။

သို့သော် ဤခြောက်လကျော် အချိန်အတွင်း သူ၏အဆင့် မတိုးတက်သော်လည်း စွမ်းအားမှာမူ အရှိန်အဟုန်ဖြင့် တိုးတက်ခဲ့သည်။ အသွင်ပြောင်းကာလက ရရှိခဲ့သော အရေအသွေးပြောင်းလဲမှုကြောင့်ဖြစ်စေ၊ မကြာသေးမီက အဆင့် ၈ တက်ကြွစွမ်းအင်အစိုင်အခဲ စားသုံးမှုကြောင့် ကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့် ခွန်အားများ ထိုးတက်သွားခြင်းကြောင့်ဖြစ်စေ၊ စနစ်မှ အဆင့်တစ်ဆင့်တက်တိုင်း ပေးသော အရေအသွေးမှတ် တစ်မှတ်သည် မပြောပလောက်အောင် ဖြစ်နေပြီး စနစ်၏ အကျိုးသက်ရောက်မှုက တဖြည်းဖြည်း နည်းပါးလာသည်။

သို့သော် စနစ်မှပေးသော စိတ်ကြိုက်ထည့်သွင်းနိုင်သည့် အရေအသွေးမှတ်များသည် တစ်ကိုယ်လုံး၏ အရေအသွေးများကို မျှတစေရန်နှင့် အားနည်းချက်များကို ဖြည့်ဆည်းရန်အတွက် မရှိမဖြစ် လိုအပ်သော အရာတစ်ခု ဖြစ်နေဆဲပင်။

ယခုအခါ သူ၏ အမြင့်ဆုံး အရေအသွေးမှတ်က ၁၇ မှတ်အထိ ရောက်ရှိနေပြီဖြစ်သော်လည်း အနိမ့်ဆုံးမှာ ၁၄ မှတ်သာ ရှိသေးသည်။ အဓိက အရေအသွေး တူညီသော်လည်း မူလက အမြင့်ဆုံးဖြစ်ခဲ့သော လျင်မြန်မှုသည် ယခုအခါ ခွန်အားနှင့် ကြံ့ခိုင်မှုတို့၏ နောက်၌ ပြတ်ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် စွမ်းအားကို အပြည့်အဝ ထုတ်သုံး၍မရဘဲ ဖြစ်နေသည်။ ခွန်အား မည်မျှပင် ကြီးမားပါစေ ထွက်ပေါက်မရှိ ဖြစ်နေသကဲ့သို့ပင်။

လော်ယွမ်သည် အရေအသွေးအမှတ်များကို ထည့်သွင်းရန် မလောပဲ သူ၏ စိတ်ထဲ၌ တွန့်ဆုတ်နေသည်။ ယခုတစ်ခေါက် လာရောက်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဉာဏ်ပညာသစ်ပင်ကို ရှာဖွေရန်ဖြစ်သည်။ အကယ်၍ ဉာဏ်ပညာသစ်ပင်ကို တွေ့ရှိပါက ဉာဏ်ရည်တိုးတက်လာမည်သာမက ပိုလျှံလာသော အရေအသွေးအမှတ်များကို လျင်မြန်မှုတွင် ထည့်သွင်းနိုင်သည်။ ထိုသို့ဆိုလျှင် လေးဘက်မြင် အမြင်အာရုံ၏ ဖိအားကို လျော့ကျစေရုံသာမက စွမ်းအားသည်လည်း ကောင်းကင်နှင့် မြေကြီးကဲ့သို့ ပြောင်းလဲသွားလိမ့်မည်။ သို့သော် သူသည် ဤဂူ၏ ထောင့်တိုင်းကို ရှာဖွေကြည့်ရှုခဲ့ပြီးဖြစ်သော်လည်း ဉာဏ်ပညာသစ်ပင်၏ အရိပ်အယောင်ကိုပင် မတွေ့ရပေ။

စဉ်းစားကြည့်လျှင်လည်း နေရောင်မရသော မှောင်မိုက်သည့် ဂူထဲတွင် မည်သည့်အပင်ကမျှ ရှင်သန်နိုင်မည်မဟုတ်ပေ။ ဤလူ့ဘီလူးကြီးများသည် ဘယ်အရပ်မှ ပြောင်းရွှေ့လာကြသည် မသိချေ။

သူသည် ရှေ့တွင် ကြောက်ရွံ့ကျုံ့ဝင်နေသော အမျိုးသမီးများကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ကူးတစ်ခု ရသွားသည်။ ဓားကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်ပြီး အေးစက်သော မျက်နှာထားဖြင့် ခြိမ်းခြောက်လိုက်ရာ အမျိုးသမီးများသည် စာရွက်ကဲ့သို့ မျက်နှာများ ဖြူစွတ်သွားကြသည်။ သူက အသံနက်ဖြင့် မေးလိုက်သည်။ "ငါမေးတာဖြေ... ဒီလူ့ဘီလူးကြီးတွေ ဘယ်ကနေ ရောက်လာကြတာလဲ"

"ကျွန်... ကျွန်မ မသိဘူး... ကျွန်မ ဘာမှ မသိပါဘူး" စောစောက လူ့ဘီလူးကလေးအတွက် ဝင်ရောက်အသနားခံခဲ့သော အမျိုးသမီးသည် ကြောက်လန့်တကြားဖြင့် တရစပ် ငြင်းဆိုလိုက်သည်။

"အားလုံး ဒီကိုလာခဲ့... ဒီလူ့ဘီလူးကြီးတွေ ဘယ်ကနေ ရောက်လာတာလဲဆိုတာ ဘယ်သူသိလဲ" လော်ယွမ်သည် နောက်လှည့်ပြီး အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။ သူ၏ အသံသည် လူသားအသံနှင့်မတူဘဲ ကျယ်လောင်သော အသံလှိုင်းများအဖြစ် ပြောင်းလဲကာ ဂူထဲတွင် ပဲ့တင်ထပ်သွားသည်။

ယခင် သွေးစွန်းသော သတ်ဖြတ်မှုကြောင့် လော်ယွမ်၏ စွမ်းအားကြီးမားမှုနှင့် သွေးအေးမှုသည် လူတိုင်း၏ စိတ်ထဲတွင် စွဲထင်နေပြီဖြစ်သည်။ အနီးအနားရှိ လူအုပ်ကြီးသည် ကြောက်လန့်တကြားဖြင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး နှောင့်နှေးမနေရဲဘဲ စိုးရိမ်တကြီး ဝိုင်းအုံလာကြသည်။

မကြာမီ လော်ယွမ်၏ ရှေ့တွင် လူများဖြင့် ပြည့်နှက်သွားသည်။

လော်ယွမ်သည် တစ်ယောက်ချင်းစီကို သေသေချာချာ ကြည့်ရှုလိုက်သည်။ လူအုပ်ထဲ၌ လူအချို့ တွန့်ဆုတ်နေသည်ကို သတိပြုမိလိုက်ပြီး တစ်ယောက်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ "မင်း ပြောစမ်း... ဖုံးကွယ်ထားလို့ကတော့..."

မထင်မှတ်ထားဘဲ လော်ယွမ်၏ ယခင် သရုပ်ဆောင်မှု လွန်ကဲသွားသဖြင့် လူအုပ်ကြီးသည် ကပ်ရောဂါဘေးမှ ရှောင်ပြေးသကဲ့သို့ "ဝုန်း" ခနဲ ဘေးသို့ ကွဲထွက်သွားကြပြီး သူလက်ညှိုးထိုးထားသော လူတစ်ယောက်သာ ကျန်ရစ်ခဲ့သည်။ ထိုလူသည် ကြောက်လန့်တကြားဖြင့် ဘယ်ညာကြည့်လိုက်ရာ လက်ညှိုးထိုးခံရသူမှာ မိမိဖြစ်နေကြောင်း တွေ့လိုက်ရသည်။ လော်ယွမ်၏ ခြိမ်းခြောက်စကား မဆုံးခင်မှာပင် ထိုလူသည် မြေကြီးပေါ်သို့ ဒူးထောက်ကျသွားပြီး ခေါင်းကို အကြိမ်ကြိမ် ဆောင့်ကာ တောင်းပန်တော့သည်။ "ဆရာ... အသက်ချမ်းသာပေးပါ... ကျွန်တော် သိပါတယ်... သူတို့ ဘယ်ကလာလဲဆိုတာ ကျွန်တော် သိပါတယ်..."

လော်ယွမ် မျက်မှောင်ကြုတ်လိုက်သည်။ သူ သိပ်အသားမကျပေ။ "ထပြီး ပြောစမ်း"

သို့သော် ထိုလူသည် အလွန်အမင်း ကြောက်လန့်နေသဖြင့် တစ်ကိုယ်လုံး ပျော့ခွေနေကာ ဒူးထောက်လျက် တုန်ယင်နေပြီး မတ်တတ်မရပ်နိုင်သည့်အပြင် စကားပင် မပြောနိုင်တော့ပေ။ လော်ယွမ်က နောက်တစ်ယောက်ကို ရွေးချယ်လိုက်ရသည်။ လော်ယွမ်သည် ထင်သလောက် ရက်စက်ကြမ်းကြုတ်ခြင်းမရှိသည်ကို တွေ့ရသောအခါ ထိုလူ၏ မျက်နှာထား အနည်းငယ် ကောင်းမွန်လာပြီး လူ့ဘီလူးကြီးများ၏ ဖြစ်ကြောင်းကုန်စင်ကို တောင်စဉ်ရေမရ စတင်ပြောပြတော့သည်။

ဆက်ရန်...

အပိုင်း (၃၅၀) စီမံခန့်ခွဲခြင်း

"ဒါဆို သူတို့ ဒီကိုရောက်တာ နှစ်ဝက်လောက်ပဲ ရှိသေးတာပေါ့" လော်ယွမ်က ပြောလိုက်ပြီး စိတ်ထဲတွင် စဉ်းစားနေသည်။ ကြည့်ရသည်မှာ ဉာဏ်ပညာသစ်ပင်က မူလနေရာမှာပဲ ကျန်နေသေးပုံရသည်။

"ဟုတ်... ဟုတ်ပါတယ်" ထိုလူက ခါးကိုင်းပြီး ပြောလိုက်သည်။

"ဟုတ်ပြီ ဆက်ပြော" လော်ယွမ်က သူ့ကို ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။

ထိုလူသည် ရုတ်တရက် အားနာဝမ်းသာဖြစ်သွားပြီး မျက်နှာပျက်နေရာမှ ဂန္ဓမာပန်းပွင့်သကဲ့သို့ ပြုံးဖြီးလာကာ စကားများလည်း သွက်လက်လာသည်။ "သူတို့က ယောက်ကြည်တောင်(ကျောက်ကပ်တောင်) ဘေးမှာရှိတဲ့ မုရှီခရိုင်ဖက်က လာကြတာပါ"

လော်ယွမ် မျက်မှောင်ကြုတ်လိုက်သည်ကို မြင်သောအခါ သူက ပါးနပ်စွာဖြင့် အမြန်ရှင်းပြသည်။ "ကျောက်ကပ်တောင်ဆိုတာကလေ... ဝက်ကျောက်ကပ်နဲ့ တူလို့ပါ... မှတ်မိလွယ်ပါတယ်"

"ဘာ ဝက်ကျောက်ကပ်တောင်လဲ... သေချာ ပြောစမ်းပါ... မြေပုံပေါ်မှာ ရှာလို့ရမယ့် နာမည်ရင်း ရှိလား" လော်ယွမ် မကျေမနပ် ပြောလိုက်သည်။

အနောက်မြောက်ဘက်ဒေသတစ်ခုလုံး လူသူကင်းမဲ့ပြီး ခရိုင်အနည်းငယ်သာ ရှိသည်။ မုရှီခရိုင်သည် ထိုအနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။ သူ အရင်က မြေပုံကြည့်ဖူးသဖြင့် အနည်းငယ် မှတ်မိနေသည်။ သို့သော် ထိုနေရာသည် ခွန်လွန်တောင်တန်းဒေသတွင် တည်ရှိပြီး တောင်ကုန်းတောင်တန်းများ ထူထပ်သည်။ ကမ္ဘာပျက်ကပ်ဘေး မတိုင်မီကပင် ဒေသခံမဟုတ်လျှင် ရှာတွေ့ရန် မဖြစ်နိုင်ပေ။ ယခုဆိုလျှင် ကမ္ဘာလောကတစ်ခုလုံး အပင်များ ဖုံးလွှမ်းနေပြီဖြစ်ရာ မုရှီခရိုင်ကိုပင် ရှာမတွေ့နိုင်တော့ချေ။ ဝက်ကျောက်ကပ်တောင်ဆိုလျှင် ပြောဖွယ်ရာပင် မရှိတော့။

ထိုလူ၏ မျက်နှာမှာ ကြောင်အသွားသည်။ လော်ယွမ် ကိုင်ထားသော ဓားကို မျက်လုံးထောင့်ကပ်ကြည့်ပြီး နဖူးမှ ချွေးစေးများ ပြန်လာသည်။ သူ ပါးစပ်ဟလိုက်ပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောသည်။ "ကျွန်တော်တို့... အဲဒီလိုပဲ ခေါ်ကြတာ... ရှာ... ရှာရလွယ်ပါတယ်... ကျောက်ကပ်တောင်လေ... ဝက်ကျောက်ကပ်..."

ထိုစဉ် သူ တစ်ခုခုကို သတိရသွားပြီး နဖူးကို ရိုက်ကာ ပြောလိုက်သည်။ "ဟာ ဟုတ်သားပဲ... အဲဒီမှာ ရေတံခွန်တစ်ခု ရှိတယ်... အဝေးကြီးကနေတောင် ရေတံခွန်အသံကို ကြားရတယ်"

ရေတံခွန်ကတော့ မှတ်တိုင်ကောင်းတစ်ခုပင်။ ညကျရင် ပြန်ရှာကြည့်ရမည်။ "ဓားတရား" ဌာန၏ ကွန်ပျူတာထဲတွင် ဂြိုဟ်တုမြေပုံများ ထည့်သွင်းထားသည်။ အရပ်ဘက်သုံး မြေပုံမဟုတ်ဘဲ စစ်ဘက်သုံး ဖြစ်သဖြင့် ဝ.၃ မီတာအထိ ကြည်လင်ပြတ်သားပြီး လမ်းပေါ်က လူကိုတောင် မြင်ရနိုင်ရာ ရှာရမခက်လောက်ပေ။

သို့သော် လော်ယွမ်က ထပ်မေးလိုက်သည်။ "သူတို့ က အကောင်းကြီးနေရင်းကနေ ဘာလို့ ပြောင်းရွှေ့လာကြတာလဲ"

"သန္ဓေပြောင်းသတ္တဝါကောင်ကြီးတစ်ကောင်က သူတို့နေရာလုယူလိုက်လို့ပါ... ပြီးတော့ အစိမ်းရောင်လူ့ဘီလူးတွေကို အများကြီး စားပစ်လိုက်လို့ သူတို့ ထွက်ပြေးလာကြတာ" စကားပြောရင်း သူ့မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ဖြတ်ပြေးသွားရာ လန့်နေဆဲဖြစ်ကြောင်း သိသာသည်။

လော်ယွမ် စိတ်ထဲမှ တွေးလိုက်သည်။ ဖြစ်နိုင်ပေသည်။ ဉာဏ်ရည်ရှိသော မျိုးနွယ်စုများ၏ သဘာဝအရ နေလို့ရသေးသရွေ့တော့ ပြောင်းရွှေ့ကြမည် မဟုတ်ပေ။ လော်ယွမ် အချိန်ကြည့်လိုက်ရာ ည ၈ နာရီထိုးလုနီးပါး ဖြစ်နေချေပြီ။ သူ လူအုပ်ကြီးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ငါ သွားတော့မယ်... မင်းတို့ဘာသာ ဂရုစိုက်နေကြတော့"

"ဆရာ... သနားပါဗျာ... ကျွန်တော်တို့ကို ခေါ်သွားပေးပါ"

"ထမင်းလေး တနပ်လောက်ရရင် ဘာခိုင်းခိုင်း လုပ်ပါ့မယ်... ကျွန်တော်တို့ကို ခေါ်သွားပေးပါဗျာ"

"ဒီနေ့ကစပြီး ဆရာက ကျွန်တော်တို့ရဲ့ ပိုင်ရှင်ပါပဲ... ဆရာ ဘာခိုင်းခိုင်း ကျေနပ်ပါတယ်... ကျွန်တော်တို့ကို ပစ်မထားခဲ့ပါနဲ့"

..........................................................................................

လော်ယွမ် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် အနောက်တွင် ဒူးထောက်နေကြသော လူအုပ်ကြီးကြောင့် ခြေလှမ်းတုံ့သွားပြီး စိတ်ထဲတွင် သနားမိသွားသည်။ သူတို့၏ ပြောစကားနှင့် အပြုအမူများကို ကြည့်လျှင် တောထဲ၌ လေလွင့်သူများ၏ ဘဝ မည်မျှ ခက်ခဲကြမ်းတမ်းကြောင်း သိသာသည်။ အားကြီးသူက အနိုင်ယူစတမ်း တောတွင်းဥပဒေသာ ရှိပြီး သာမန်လူများသည် လမ်းဘေးခွေးများလို နေရကာ သေခြင်းရှင်ခြင်းက သူတစ်ပါးလက်ထဲတွင်သာ ရှိသည်။ ဂုဏ်သိက္ခာဟူသည် မရှိပေ။

သနားသော်လည်း တကယ်ခေါ်သွားရန်မှာ လော်ယွမ်အတွက် အခက်တွေ့စေသည်။ ပြန်လည်ထူထောင်ရေးဇုန်နှင့် ဤနေရာသည် မိုင်၂၅၀ခန့် ကွာဝေးသည်။ ဤသည်မှာ မျဉ်းဖြောင့် အကွာအဝေးသာ ရှိသေးသည်။ အန္တရာယ်များသော တောအုပ်ကြီးကို ဖြတ်သန်းကာ လူအများကြီးကို ခေါ်သွားရမည်။ နေ့ရောညပါ အနားမယူဘဲ သွားလျှင်ပင် တစ်ရက်ကို မိုင်၃၀ ခရီးပေါက်ရန် မလွယ်ကူပေ။ လမ်းခရီးတွင် လူရာချီအတွက် စားသောက်ရေး တာဝန်ယူရဦးမည်။ ရောက်သွားလျှင်တောင် တစ်ဝက်လောက် အသက်ရှင်ပါ့မလား မသေချာပေ။

လော်ယွမ် ဤဂူကို တစ်ချက်ကြည့်လိုက်သည်။ ဝင်ပေါက်ထွက်ပေါက်က လမ်းကြောင်းတစ်ခုသာ ရှိသဖြင့် ပိတ်ဆို့ထားလိုက်လျှင် အလွန်လုံခြုံသည်။ ကြမ်းပြင်ပေါ်မှ အလောင်းများကို ကြည့်လျှင်လည်း အစာရေစာ မရှားပါးပေ။ အချိန်တိုအတွင်း အစားအသောက် ပူပန်စရာမလို။ သူတို့ကို သစ္စာ၊သမာဓိ ရှိသူများဟု ပြော၍မရပေ။ တောထဲတွင် ဒီလောက်ကြာကြာ ရှင်သန်နိုင်ပြီး ကိုယ်ကျင့်တရား သန့်ရှင်းနေသူဆိုတာ သေလောက်ပြီဖြစ်သည်။ ဤလူအုပ်ထဲတွင် လူသားစားဖူးသူပင် မနည်းလောက်ဟု လော်ယွမ် ခန့်မှန်းမိသည်။

သူတို့ သနားစရာကောင်းသည်ဟု ထင်ရသော်လည်း တကယ်တမ်း ဆန်းစစ်ကြည့်လျှင် သူတော်ကောင်း မည်မျှရှိမည်နည်း။ အားလုံးကို သေနတ်ဖြင့် ပစ်သတ်လိုက်လျှင် အပြစ်မရှိသူ ပါကောင်းပါနိုင်သော်လည်း တချို့တဝက်သာ ပစ်သတ်လျှင်တော့ အပြစ်ရှိသူ လွတ်သွားနိုင်သည်။ သို့သော် ကမ္ဘာပျက်ကပ်ဘေးကာလတွင် ငြိမ်းချမ်းရေးကာလက စံနှုန်းများနှင့် တိုင်းတာ၍ မရနိုင်ပေ။ သူ စဉ်းစားပြီးနောက် ပြောလိုက်သည်။

"အားလုံး ထကြ... ငါ ပြန်လည်ထူထောင်ရေးဇုန်ကို ဆက်သွယ်ပြီး မင်းတို့ကို လာခေါ်ဖို့ ကြိုးစားပေးမယ်... ဒီရက်ပိုင်း ဒီမှာပဲ နေပြီး ကယ်ဆယ်ရေးအဖွဲ့ကို စောင့်ပါ"

လူတိုင်း မျက်နှာတွင် ဝမ်းသာရိပ်များ ပေါ်လာသည်။ လော်ယွမ် ခေါင်းခါလိုက်ပြီး ဂူထဲမှ ထွက်ခွာလာခဲ့သည်။

လမ်းတွင် ရုံးအဖွဲ့မှူး ချန်ရှင်းကျယ်ကို ဆက်သွယ်ပြီး အခြေအနေကို အကြောင်းကြားလိုက်သည်။ ရလဒ်ကတော့ အထက်လူကြီးများ၏ ဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်တော့သည်။ တစ်နာရီကျော်အကြာတွင် လော်ယွမ် အိမ်ပြန်ရောက်လာသည်။ တံခါးဖွင့်လိုက်သောအခါ ဧည့်သည်ရောက်နေသည်ကို တွေ့လိုက်ရသည်။

"အယ်... ဆရာယွမ် ပြန်ရောက်လာပြီပဲ... အိမ်က အမျိုးသမီးတွေ မျှော်နေကြတာ" စကားပြောသူမှာ အသက် ၄၀၊ ၅၀ အရွယ် အမျိုးသမီးကြီးတစ်ဦးဖြစ်သည်။ ရှန်ဟိုင်းလေသံပါပြီး ငယ်ရွယ်စဉ်က အလှအပများ ကျန်ရှိနေသေးပုံရသည်။ လော်ယွမ် ပြန်ရောက်လာသည်ကို မြင်သောအခါ မတ်တပ်ရပ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

"အဒေါ်ကျန်းလည်း ရောက်နေတာကိုး... ထိုင်ဦးလေ... ဒီနေ့ အလုပ်ကိစ္စနဲ့ အပြင်သွားနေလို့ နောက်ကျသွားတယ်... အဝတ်အရင် သွားလဲလိုက်ဦးမယ်" လော်ယွမ် ပြုံးပြီး ပြောလိုက်သည်။ ဒီအမျိုးသမီးက ရပ်ကွက်ကော်မတီဥက္ကာဋ္ဌဖြစ်ပြီး အတော်လေး ဖော်ရွေသည်။ ဒီလထဲတွင် ရောက်လာတာ သုံးကြိမ်လောက် ရှိပြီဖြစ်သည်။

လော်ယွမ် အိပ်ခန်းထဲဝင်ပြီး သွေးပေနေသော အဝတ်အစားများကို လဲလှယ်ကာ ရေချိုးလိုက်သည်။ သန့်ရှင်းရေးလုပ်ပြီး ဧည့်ခန်းထဲ ပြန်ထွက်လာသောအခါ သူမက ပြန်ရန် ပြင်နေပြီဖြစ်သည်။

"စကားကောင်းနေတာနဲ့ မိုးချုပ်သွားတာတောင် မသိလိုက်ဘူး... ဆရာယွမ်ရေ... အဒေါ် ပြန်တော့မယ်... မဟုတ်ရင် အိမ်က အဖိုးကြီး အိပ်မပျော်ဘဲ နေလိမ့်မယ်"

"အဒေါ်ကျန်းကလည်း... ကျွန်တော်ရောက်မှ ပြန်တော့မလို့လား... ခဏလောက် မထိုင်တော့ဘူးလား... နောက်လည်းလာလည်နော်... ကျားဟွေ့... တလောက ဝေထားတဲ့ အသားမှုန့်တစ်ဗူးလောက် အဒေါ့်ကိုပေးလိုက်ပါဦး ငါတို့လည်း ကုန်အောင် စားနိုင်တာမှမဟုတ်တာ"

"ဓားတရား" ဌာန၏ ခံစားခွင့်မှာ မဆိုးလှပေ။ လဝက်တစ်ကြိမ် ပစ္စည်းများ ဝေငှပေးသည်။ ဆန်၊ ရေ၊ သစ်သီးနှင့် အသားမှုန့်စသည့် အဆင့်မြင့် အစားအစာများသာမက ဈေးကွက်တွင် တွေ့ရခဲသော လူသုံးကုန်ပစ္စည်းများ၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်မှအစ ပေးဝေသည်။

ဒီလထဲတွင် မုဝမ်ဝမ်နှင့် ဝမ်ရှကွမ်တို့ အလုပ်တာဝန်ကျသဖြင့် ပြောင်းရွှေ့သွားကြပြီဖြစ်သည်။ ချန်ကျားယီလည်း ကျောင်းတက်နေရသဖြင့် ၁၀ ရက်မှ တစ်ကြိမ်သာ ပြန်လာနိုင်သည်။ လော်ယွမ်ကလည်း အသားမှုန့်ထက် အသားလတ်လတ်ဆတ်ဆတ်ကို ပိုကြိုက်သဖြင့် အသားမှုန့်သေတ္တာ နှစ်ဖာမှာ မလျော့သလောက် ရှိနေသေးသည်။

အဒေါ်ကျန်းက အထပ်ထပ် ငြင်းဆန်သော်လည်း နောက်ဆုံးတွင် ဟွမ်ကျားဟွေ့၏ စေတနာကို မလွန်ဆန်နိုင်ဘဲ ပြုံးပြုံးရွှင်ရွှင် လက်ခံလိုက်သည်။ တံခါးဝရောက်သည်အထိ အထပ်ထပ် ချီးကျူးစကားပြောရင်း ဘူးပေါ်ရှိ အဆင့် ၅ စာတန်းကို တွေ့လိုက်ရသောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

အဆင့် ၄ အသားမှုန့်ကို ဈေးကွက်ထဲတွင် ဝယ်၍ ရနိုင်သေးသော်လည်း အဆင့် ၅ အသားမှုန့်ကိုတော့ သူမ တစ်ခါမှ မမြင်ဖူးပေ။ တစ်ဗူးကို မိုးထိအောင် ဈေးကြီးရုံသာမက ဝယ်စရာနေရာပင် မရှိပေ။ ဤအိမ်က လက်ဆောင်ပေးလိုက်တာ အဆင့် ၅ အသားမှုန့် ဖြစ်နေလိမ့်မည်ဟု ထင်မထားမိပေ။

..................................................................................................................

"စောစောက နင်တို့ဘာတွေ ပြောနေကြတာလဲ"

"မိန်းမချင်း ပြောတဲ့ ကိစ္စတွေပါ... ရှင်သိလည်း စိတ်ဝင်စားမှာ မဟုတ်ဘူး" ဟွမ်ကျားဟွေ့ မျက်နှာ အနည်းငယ် ရဲသွားသည်။ "ထမင်းရော ဟင်းရော နွှေးထားတယ်... ကျွန်မ သွားယူလိုက်မယ်"

"အင်း" လော်ယွမ် ခေါင်းညိတ်လိုက်သည်။ သူ မဆာသော်လည်း ပြင်ဆင်ပြီးသားမို့ မစားလျှင် ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။ "ဒါနဲ့... မနက်ဖြန် ငါ အပြင်သွားစရာ ရှိတယ်... ကြာရင် အများဆုံး သုံးရက်လောက်ပဲ... မြန်ရင်တော့ ညနေ ပြန်ရောက်မယ်"

ဉာဏ်ပညာသစ်ပင်ကို တစ်ရက်တည်းနှင့် ရှာတွေ့နိုင်မည်ဟု အာမ မခံနိုင်ပေ။

"အကြာကြီး သွားရဦးမှာလား... တာဝန်တစ်ခုခု ရှိလို့လား" ထမင်းဟင်း ပန်းကန်များ သယ်လာသော ကျိုးယလီက ထိုစကားကြားသည်နှင့် လက်တုန်သွားပြီး ဟင်းရည်များ ဖိတ်စင်သွားသည်။ ပန်းကန်များကို စားပွဲပေါ် အမြန်ချပြီး စိုးရိမ်တကြီး မေးလိုက်သည်။

"နင်ကဘာတွေ စိုးရိမ်နေတာလဲ... ငါ့အစွမ်းအစကို မသိတာကျနေတာပဲ... အရင်နှစ်က ငါတို့ အရှေ့ဖက်အစွန်းဆုံးဒေသကနေ ဒီအထိ လမ်းလျှောက်လာတာတောင် ဘာမှမဖြစ်ခဲ့တာကို... ပြီးတော့ အခုက တာဝန်ထမ်းဆောင်ဖို့ မဟုတ်ပါဘူး... ပစ္စည်းတစ်ခု သွားရှာရုံပဲ... အဲ့တာ တွေ့တာနဲ့ ပြန်လာမှာ" လော်ယွမ်က စားပွဲကို ခေါက်ရင်း ရယ်မောကာ ပြောလိုက်သည်။

"ရှင်ကတော့ တတ်လည်း တတ်နိုင်တယ်" ကျိုးယလီက လော်ယွမ်ကို မျက်စောင်းထိုးရင်း ပြောလိုက်ပြီး စိတ်ထဲမှ စိုးရိမ်မှုများ လျော့ကျသွားသည်။ သူမ၏ ယောကျာ်းသည် မိန်းမကိစ္စ ရှုပ်တာကလွဲ၍ ကျန်တာ ဘာကမှ သူ့ကို အခက်တွေ့အောင် မလုပ်နိုင်ပေ။

"ကိုကြီးယွမ်... အန္တရာယ်မရှိဘူးဆိုရင် သမီးလည်း လိုက်ချင်တယ်။" ဝမ်ရှီရှီက ဘေးမှနေ၍ အခွင့်ကောင်းစောင့်ကာ ဝင်ပြောလိုက်သည်။

လော်ယွမ်က ငြင်းရန် ပြင်လိုက်သော်လည်း သူမ၏ စိတ်အားထက်သန်နေသော မျက်နှာလေးကို မြင်လိုက်ရသဖြင့် ခေါင်းညိတ် လက်ခံလိုက်ရသည်။ "အေးပါ... ဒါဆိုလည်း အတူသွားကြတာပေါ့"

လော်ယွမ် စိတ်ထဲတွင် တွေးလိုက်သည်။ အစွမ်းထက်သော ဆင့်ကဲပြောင်းလဲသူ တစ်ယောက်ဖြစ်ပါလျက်နှင့် နေ့တိုင်း အိမ်ထဲမှာပဲ နေနေရတာ သူမအတွက် မွန်းကြပ်နေလောက်ပေပြီ။ အပြင်ထွက် စွန့်စားခန်းဖွင့်တာလည်း ကောင်းပေသည်။ ထို့အပြင် သူကိုယ်တိုင် ရှိနေသဖြင့် သူမ ဘာမှ ဖြစ်စရာ အကြောင်းမရှိပေ။

ဆက်ရန်...

All Chapters