အခန်း (၃၅၁-၃၅၂)
Vol. 18 Ch. 351-352
၃၅၁)ကလေး
အိပ်ခန်းထဲတွင် အရာအားလုံး ငြိမ်သက်သွားပြီးနောက် ကျိုးယလီသည် မျက်လုံးဖွင့်လိုက်ကာ လော်ယွမ့်ရင်ခွင်ထဲတွင် တစ်ဝက်တစ်ပျက်မှီလျက် ရုတ်တရက် ပြောလိုက်သည် "ရှောင်ယွမ်... ကျွန်မ... ကလေးလိုချင်တယ်"
"ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး ကလေးလိုချင်ရတာလဲ... အဒေါ်ကြီးကျန်း ပြောလို့လား" လော်ယွမ် မေးလိုက်သည်။
ကျိုးယလီက "အင်း" ဟု ခေါင်းငြိမ့်ကာ တိုးတိုးလေး ပြောသည် "ဒါက ပြန်လည်ထူထောင်ရေးဇုန်ရဲ့ ပေါ်လစီဆိုပေမယ့် ကျွန်မလည်း တကယ် ကလေးလိုချင်လို့ပါ... ရှင်အပြင်ထွက်တိုင်း ကျွန်မစိတ်ပူနေရတာ... ရှင်တနေ့ပြန်မလာတော့မှာကို အရမ်းကြောက်တယ်... ကလေးရှိလာရင် ကျွန်မအတွက် မျှော်လင့်ချက်တစ်ခု ရှိလာမှာ"
"နင် ဒီလိုပြောတော့ ငါတောင်ခလေးကို မနာလိုရတော့မယ့်ပုံပဲ" လော်ယွမ် ရယ်မောလိုက်သည်။
ကျိုးယလီက ဟန်ဆောင်စိတ်ဆိုးကာ လော်ယွမ့်ကို ခပ်ဖွဖွ ရိုက်လိုက်ပြီး "ကျွန်မက အတည်ပြောနေတာ... နောက်ပြောင်မနေနဲ့"
လော်ယွမ်လည်း အလေးအနက်ထားလိုက်ပြီး သက်ပြင်းချကာ ပြောသည် "ငါတို့ ဘယ်တုန်းကမှ ခလေးမရအောင်ဆိုပြီး မတားဆီးခဲ့တာ နင်လည်း သိတာပဲ... ဒီလောက်ကြာတာတောင် နင်ရော ကျားဟွေရော ကိုယ်ဝန်မရကြဘူးဆိုတော့... ဒါက ပြဿနာရှိနေတယ်ဆိုတာကို ပြနေတာပဲ... ငါ့ရဲ့မျိုးရိုးဗီဇက သာမန်လူတွေနဲ့ မတူတော့လို့ မျိုးဆက်ပွားနိုင်ခြေ နည်းသွားမှာကို စိုးရိမ်မိတယ်"
"ဖန်ပြွန်သန္ဓေသား နည်းပညာနဲ့ လုပ်လို့ရတယ်မဟုတ်လား... တကယ်လို့ မရရင်တောင် ဆေးရုံမှာ လှူဒါန်းထားတဲ့ မျိုးဥတွေနဲ့ တွဲဖက်ကြည့်လို့ ရတယ်လေ" ကျိုးယလီ ပြောလိုက်သည်။
"ဒါလည်း အဒေါ်ကြီးကျန်း ပြောတာပဲလား"
"စကားစမြည်ပြောရင်းနဲ့ ပါသွားတာ... သူ မပြောရင် ကျွန်မလည်း သိမှာမဟုတ်ဘူး... အခုခေတ်မှာ လူတွေ ကိုယ်ဝန်ရဖို့ တော်တော်ခက်ခဲလာကြတယ်တဲ့... ဖန်ပြွန်သန္ဓေသား နည်းပညာနဲ့မှ ကိုယ်ဝန်ရကြတာ များတယ်" ကျိုးယလီ ရှင်းပြသည်။
လော်ယွမ့်မျက်နှာ မည်းမှောင်သွားသည်။ ပြန်လည်ထူထောင်ရေးဇုန်က သူ၏မျိုးဗီဇကို ရယူရန် နည်းလမ်းမျိုးစုံ ကြိုးစားနေသည်မှာ ထင်ရှားသည်။ ဖန်ပြွန်သန္ဓေသား နည်းပညာအတွက် ပထမဆုံး သုက်ကောင်ကို ထုတ်ယူရမည်ဖြစ်သည်။ ထိုအခါ ဖန်ပြွန်သန္ဓေသားပြုလုပ်ခြင်းအပြင် ကျန်ရှိနေသော သုက်ကောင်များကို မည်သည့်နေရာတွင် အသုံးပြုမည်ကို သူ ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ။ မသိလိုက်မသိဘာသာဖြင့် သူ့တွင် သားသမီးများစွာ သို့မဟုတ် ထူးဆန်းသော သန္ဓေသားများစွာ ရှိလာနိုင်သည်။
"အခြေအနေ အရင်ကြည့်ကြတာပေါ့... တကယ်မရမှ ဖန်ပြွန်သန္ဓေသား နည်းပညာကို စဉ်းစားကြမယ်" ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လော်ယွမ် သက်ပြင်းချကာ ပြောလိုက်သည်။
သူ သဘောပေါက်လိုက်သည်။ ကမ္ဘာမပျက်မီကလည်း သုက်ကောင်လှူဒါန်းသူများစွာ ရှိခဲ့သဖြင့် ကြီးကြီးမားမား ကိစ္စမဟုတ်ပေ။ ပြန်လည်ထူထောင်ရေးဇုန်က သူ၏မျိုးဗီဇကို အသုံးပြုပြီး စမ်းသပ်မှုများပြုလုပ်ကာ သန်စွမ်းသော လူသားမျိုးနွယ်သစ်များကို မွေးထုတ်ပေးနိုင်လျှင်လည်း ကောင်းသောကိစ္စပင် ဖြစ်သည်။
ရက်စက်ကြမ်းကြုတ်သော ကမ္ဘာပျက်ခေတ်ကြီးတွင် ကိုယ်ကျင့်တရားဆိုင်ရာ သန့်ရှင်းစင်ကြယ်မှုကို ဖက်တွယ်ထားခြင်းသည် အပိုအလုပ်တစ်ခုသာ ဖြစ်နိုင်သည်။
ထိုအချိန်တွင် လော်ယွမ် မျက်မှောင်ကြုတ်လိုက်ပြီး ရုတ်တရက် ထထိုင်လိုက်သည်။
"ဘာဖြစ်လို့လဲ" ကျိုးယလီ မေးလိုက်သည်။
"အပေါ်ဘက်မှာ လေကြောင်းရန်ကာကွယ်ရေး ဥဩသံ မြည်နေတယ်... ငါသွားကြည့်လိုက်ဦးမယ်" လော်ယွမ် အဝတ်အစားများကို ကောက်ယူဝတ်ဆင်ရင်း ပြောလိုက်သည်။
"စိတ်မပူပါနဲ့... ဘာမှမဖြစ်လောက်ပါဘူး... ဒီ ဥဩသံက သုံးလေးရက်နေရင် တစ်ခါ မြည်နေကျပဲဟာ" ကျိုးယလီ၏ စိုးရိမ်တကြီး မျက်နှာထားကိုမြင်ပြီး လော်ယွမ် နှစ်သိမ့်လိုက်သည်။
ဤနေရာသည် မြေအောက် (၉) ထပ်ဖြစ်သည်။ ခေါင်းပေါ်ရှိ ကျောက်လွှာများနှင့် အလွှာပေါင်းစုံက အကာအကွယ်ပေးထားသဖြင့် လေကြောင်းရန်ကာကွယ်ရေး ဥဩသံက ဤနေရာသို့ရောက်သောအခါ မကြားတချက် ကြားတချက်သာ ရှိတော့သည်။ ညဉ့်နက်သန်းခေါင်ယံ တိတ်ဆိတ်နေချိန် မဟုတ်လျှင် သူပင် သတိထားမိမည် မဟုတ်ပေ။
"ရှင်ဂရုစိုက်နော်" ကျိုးယလီ စိုးရိမ်စွာ ပြောလိုက်သည်။
"အင်း... ငါခဏနေပြန်လာခဲ့မယ်" လော်ယွမ် ပြန်ဖြေလိုက်ပြီး အဝတ်အစား ကြယ်သီးများ တပ်ကာ ကုတင်အောက်ရှိ ကျန်းမာတောက်ဓားကို ယူလိုက်သည်။ ဤမြေအောက်နက်ရှိုင်းသောနေရာသည် လွန်စွာလုံခြုံသော်လည်း တောနက်ထဲတွင် နေထိုင်ခဲ့စဉ်က အလေ့အကျင့်ကြောင့် လက်နက်ကို ကိုယ်နှင့်မကွာ ဆောင်ထားတတ်ပြီး အနည်းဆုံးတော့ လက်လှမ်းမီရာတွင် ထားရှိတတ်သည်။
သူအိပ်ခန်းတံခါးကို ဖွင့်ပြီး အပေါက်ဝဆီသို့ လျှောက်သွားလိုက်သည်။
မကြာမီမှာပင် လော်ယွမ်သည် အပေါ်ထပ်ရှိ လမ်းမပေါ်သို့ ရောက်ရှိသွားသည်။
ကောင်းကင်ယံတွင် မရေမတွက်နိုင်သော မီးတန်းများက ညဉ့်ကောင်းကင်ယံတွင် ယှက်သန်းနေပြီး ဧရာမလူကြီးများက မီးကြာပွတ်များကို ဝှေ့ယမ်းနေသကဲ့သို့ ဖြစ်နေသည်။ မီးမောင်းကြီးများစွာက ညဉ့်ကောင်းကင်ယံကို နေ့ခင်းဘက်ပမာ လင်းထိန်နေစေပြီး လေထုထဲတွင် ယမ်းငွေ့နံ့များ လွှမ်းမိုးနေသည်။
လမ်းဘေးတစ်ဖက်တစ်ချက်ရှိ စက်ရုံများသည် သံတံခါးများကို ပိတ်ချထားပြီး လုံခြုံစွာ ပိတ်ဆို့ထားသည်။
ရံဖန်ရံခါတွင် ကြီးမားသော အလောင်းကောင်များ ကောင်းကင်မှ ပြုတ်ကျလာပြီး စက်ရုံခေါင်မိုးများပေါ်သို့ ကျရောက်ကာ ကျယ်လောင်သော အသံများနှင့်အတူ ပြိုကျပျက်စီးကုန်သည်။ လျှပ်စစ်ဝါယာကြိုးများ ပျက်စီးသွားသဖြင့် နေရာအနှံ့အပြားမှ မီးခိုးလုံးများ တက်လာသည်။
သူသည် ဘေးနားရှိ စက်ရုံတစ်ရုံ၏ ခေါင်မိုးပေါ်သို့ ခုန်တက်လိုက်ရာ တိုက်ခိုက်ခံနေရသည်မှာ မျှော်လင့်ချက်မြို့သာမကဘဲ ပတ်ဝန်းကျင်ရှိ တောရိုင်းမြေပြင်များလည်း ပါဝင်ကြောင်း တွေ့လိုက်ရသည်။ မီးတန်းများ ပစ်ခတ်နေပြီး ညဉ့်ကောင်းကင်ယံတစ်ခုလုံး ဆူညံသံများဖြင့် ပြည့်နှက်နေသည်။ ကံကောင်းသည်မှာ အလုပ်သမားများ ကြိုတင်ရွှေ့ပြောင်းထားပြီးဖြစ်၍ လူအသေအပျောက် မရှိပေ။
လမ်းမပေါ်သို့ ပြုတ်ကျလာသော သန္ဓေပြောင်းငှက်တစ်ကောင်သည် ရုန်းကန်ထရပ်လိုက်သည်။ ပေ၃၀ကျော်ရှည်လျားပြီး သွေးများပေကျံနေသော အတောင်ပံများကို အစွမ်းကုန် ခတ်လိုက်ရာ ပြင်းထန်သော တိုင်ဖွန်းမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသကဲ့သို့ ဖြစ်သွားပြီး အနီးအနားရှိ နံရံများ ချက်ချင်းပြိုကျသွားပြီး တန်ချီလေးလံသော ကွန်ကရစ်တုံးများက လေထဲတွင် စက္ကူစများကဲ့သို့ လွင့်စင်သွားကြသည်။
နောက်တစ်ခဏတွင် လေပြင်းကိုထိုးဖောက်ပြီး ရောက်ရှိလာသော ကြမ်းတမ်းသော သစ်သားလှံတိုတစ်ချောင်းသည် ၎င်း၏ကျောကုန်းကို ပြင်းထန်စွာ ဝင်ဆောင့်လိုက်သည်။ လှံတိုသည် ချက်ချင်း ပေါက်ကွဲသွားပြီး သစ်သားစများ ပြန့်ကျဲသွားကာ ကျောကုန်းပေါ်တွင် ၃ပေခန့်ကျယ်ဝန်းသော အသားစိုင်ကြီးတစ်ခု ပွင့်ထွက်သွားသည်။ ၎င်း၏လှုပ်ရှားမှုများ ရုတ်တရက် ရပ်တန့်သွားပြီး နာကျင်စွာ အော်မြည်ရင်း မြေကြီးပေါ်သို့ ဘုန်းခနဲ ပြန်လည်လဲကျသွားသည်။
လော်ယွမ် ခဏမျှ ရှာဖွေပြီးနောက် မြေပြင်မှ ထူထဲသော သစ်သားပြားတစ်ချပ်ကို ကောက်ယူလိုက်သည်။ ကျန်းမာတောက်ဓားကို အကြိမ်အနည်းငယ် ဝှေ့ယမ်းလိုက်ရာ မကြာမီ လှံတိုအချို့ လော်ယွမ့်လက်ထဲသို့ ရောက်ရှိလာသည်။ အသက်ရှင်နေသေးသော အကောင်များကို တွေ့သည်နှင့် လှံတိုဖြင့် ပစ်ခတ်လိုက်သည်။
ယခုသူ၏ (၁၇) မှတ်ရှိသော ခွန်အားနှင့် (၁၅) မှတ်ရှိသော လျင်မြန်ဖျတ်လတ်မှုတို့ကြောင့် ပစ်လွှတ်လိုက်သော လှံတို၏စွမ်းအားမှာ ယခင်နှင့်မတူတော့ပေ။ အသံထက် နှစ်ဆမြန်သော အရှိန်ဖြင့် သွားလာနိုင်ပြီး အစိမ်းရောင်အဆင့် သတ္တဝါများကိုပင် အပေါက်ကြီးဖြစ်သွားအောင် ဖောက်ခွဲပစ်နိုင်သည်။
သို့သော် အစိမ်းရောင်အဆင့် သတ္တဝါအများစုမှာ ခန္ဓာကိုယ်ကြီးမားပြီး ခံနိုင်ရည်စွမ်းအား ကောင်းမွန်ကြသည်။ အမှန်တကယ် တိုက်ခိုက်ရာတွင် ဦးခေါင်းကို တိုက်ရိုက်ထိမှန်ပြီး ဦးနှောက်ကို ကြေမွသွားအောင် မလုပ်နိုင်လျှင် ဤကဲ့သို့သော ဒဏ်ရာများက အရာရောက်မည် မဟုတ်ပေ။
သို့သော် ဤအဆင့်ရှိ သတ္တဝါများသည် အန္တရာယ်ကို အာရုံခံနိုင်စွမ်း အလွန်မြင့်မားကြသည်။ တိုက်ခိုက်မှု ရောက်ရှိလာသောအခါ ကြီးမားသောခန္ဓာကိုယ်ကြောင့် ရှောင်တိမ်းရန် အချိန်မရနိုင်သော်လည်း ဦးခေါင်းကိုမူ အလွယ်တကူ ရှောင်တိမ်းနိုင်သည်။ တစ်ခါတစ်ရံ သီသီလေး လွတ်သွားတတ်ကြသည်။ ထိမှန်အောင် ပစ်ခတ်ရန်မှာ မလွယ်ကူလှပေ။
အမှန်တကယ် သတ်ဖြတ်လိုလျှင် လော်ယွမ်ကိုယ်တိုင် အနီးကပ်သွားရောက် တိုက်ခိုက်မှသာ ရနိုင်သည်။
ဆယ်မိနစ်ခန့်ကြာသောအခါ စစ်ပွဲ၏ ဆူညံသံများ တဖြည်းဖြည်း ငြိမ်သက်သွားသည်။ ရံဖန်ရံခါ မီးတန်းအချို့ ညဉ့်ကောင်းကင်ယံကို ဖြတ်သန်းသွားသည်မှလွဲ၍ မကြာမီ အရာအားလုံး လုံးဝ တိတ်ဆိတ်သွားတော့သည်။
လမ်းမပေါ်တွင် သံချပ်ကာကားများနှင့် ကုန်တင်ကားကြီးများ အများအပြား ပေါ်ထွက်လာသည်။ မသေမရှင်ဖြစ်နေသော သန္ဓေပြောင်းသတ္တဝါများကို အလျင်အမြန် ပစ်ခတ်သတ်ဖြတ်ပြီး ကုန်တင်ကားပေါ်တွင် တပ်ဆင်ထားသော ဝန်ချီစက်များဖြင့် ကားပေါ်သို့ တင်ဆောင်ကြသည်။
မကြာမီ အပြင်ဘက်ရှိ စက်ရုံများသည် သံတံခါးများကို ပြန်ဖွင့်လိုက်ကြသည်။ မီးရောင်များ လင်းလက်လာပြီး စက်သံများ ပြန်လည်မြည်ဟိန်းလာသည်။
ယခုတလော ပြန်လည်ထူထောင်ရေးဇုန်သည် ငြိမ်းချမ်းမှု နည်းပါးလာနေသည်။ ပြီးခဲ့သော တိရစ္ဆာန်အုံကြွမှု ဖြစ်ပွားပြီးကတည်းက ဤကဲ့သို့သော အတိုင်းအတာရှိသည့် တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ ဤသန္ဓေပြောင်းသတ္တဝါများသည် အပြင်ဘက်မှ ပြောင်းရွှေ့လာကြခြင်း ဖြစ်မည်မှာ ထင်ရှားသည်။ အဘယ်ကြောင့်ဆိုသော် အနီးအနားရှိ သန္ဓေပြောင်းသတ္တဝါများသည် လူသားများ၏ တိုက်ခိုက်မှုကို ကြောက်ရွံ့နေကြပြီဖြစ်၍ ပြန်လည်ထူထောင်ရေးဇုန်သည် ၎င်းတို့အတွက် တားမြစ်နယ်မြေတစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။ အပြင်မှလာသော သန္ဓေပြောင်းသတ္တဝါများသာလျှင် ဘာမှမသိဘဲ ပြန်လည်ထူထောင်ရေးဇုန် နယ်မြေထဲသို့ ဝင်ရောက်လာကြခြင်း ဖြစ်သည်။
လော်ယွမ် ခဏမျှ ကြည့်ရှုပြီးနောက် ပိုးသတ်ဆေးဖြန်းသော သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်း မြေပြင်နှင့်ကပ်လျက် ပျံသန်းလာသည်ကို တွေ့လိုက်ရသဖြင့် ခေါင်မိုးပေါ်မှ အလျင်အမြန် ခုန်ဆင်းပြီး မြေအောက်မြို့တော်သို့ ဝင်ပေါက်ဆီသို့ လျှောက်သွားလိုက်သည်။
ပိုးသတ်ဆေးရည်တွင် အဆိပ်အတောက်ပါဝင်သည်။ သူ့ကို ထိခိုက်မှုမရှိနိုင်သော်လည်း အနံ့အသက် မကောင်းလှပေ။ တစ်ကိုယ်လုံး စိုရွှဲသွားအောင် အဖြန်းခံလိုစိတ် မရှိပေ။
ဆက်ရန်...
အပိုင်း (၃၅၂) ခရီးထွက်ခွာခြင်း
နောက်တစ်နေ့မနက်စောစောတွင် လော်ယွမ်သည် မှိန်ဖျော့သော အရုဏ်ဦးအလင်းရောင်နှင့်အတူ မြေပြင်ပေါ်သို့ ရောက်ရှိလာရာ စစ်ပွဲ၏လက္ခဏာအားလုံး အစအနမကျန် ပျောက်ကွယ်နေပြီဖြစ်သည်။
လမ်းမပေါ်ရှိ အလောင်းများကို ရှင်းလင်းပြီးဖြစ်သလို ပြိုကျသွားသော စက်ရုံကိုလည်း ပြုပြင်ပြီးစီးသွားပြီဖြစ်ရာ ဘာမှမဖြစ်ပျက်ခဲ့သကဲ့သို့ပင်။ လေထုထဲတွင် ကျန်ရစ်နေသေးသော ယမ်းငွေ့နံ့သင်းသင်းလေးကသာ မနေ့ညက သန္ဓေပြောင်းငှက်များ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သက်သေပြနေသည်။
လော်ယွမ်သည် ဓားတရားဌာနသို့ လျှောက်လှမ်းသွားပြီး အတွင်းရေးမှူးကို လက်ဖက်ရည်တစ်ခွက် ဖျော်ခိုင်းပြီးနောက် ဘာမှလုပ်စရာမရှိဘဲ ဖြစ်နေသည်။ အလုပ်ကြိုးစားပြီး တာဝန်ကျေပွန်သော ခေါင်းဆောင်တစ်ဦးရှိခြင်း၏ အားသာချက်မှာ သူကိုင်တွယ်ဖြေရှင်းရမည့် စာရွက်စာတမ်းနှင့် ကိစ္စရပ်များ မရှိခြင်းပင်ဖြစ်သည်။
သူ ကွန်ပျူတာကိုဖွင့်ပြီး မူရှီခရိုင်၏ ဂြိုဟ်တုမြေပုံကို ရှာဖွေကြည့်ရှုလိုက်သည်။ ဂြိုဟ်တုမှ ကြည့်ရှုရာတွင် မူရှီခရိုင်၏ မူလနေရာနှင့် တောရိုင်းနယ်မြေ ကွာခြားမှုမရှိတော့ပေ။ လူသားများ နေထိုင်ခဲ့သည့် အကြွင်းအကျန်များသည် ဤနှစ်နှစ်အတွင်း တဖြည်းဖြည်း ပျောက်ကွယ်သွားပြီဖြစ်ကာ ထိုနေရာသည် သန္ဓေပြောင်းသတ္တဝါများ၏ နယ်မြေဖြစ်နေပြီဖြစ်သည်။
နောက်ထပ် ကီလိုပေရာပေါင်းများစွာ ကျော်လွန်သွားပါက ထိုနေရာတွင် ပင်လယ်ပြင်ကြီးက အစားထိုးနေရာယူထားပြီး ကမ္ဘာကြီးတစ်ခုလုံး၏ ရုပ်သွင်မှာ လုံးဝပြောင်းလဲသွားပြီဖြစ်သည်။ ဤနှစ်များအတွင်း ရာသီဥတုပူနွေးလာမှုနှင့်အတူ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် လူသားတို့၏ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်သည် အကြီးအကျယ် ယိုယွင်းပျက်စီးလာခဲ့ပြီး ကုန်းမြေဧရိယာသည် မူလကထက် သုံးပုံနှစ်ပုံအောက်သာ ကျန်ရှိတော့သည်။
ယခုအခါ ဟွာတုန်း (အရှေ့တရုတ်)၊ ဟွာနန် (တောင်တရုတ်) နှင့် ဟွာပေ့ (မြောက်တရုတ်) ဒေသများသည် မြေပုံပေါ်မှ ပျောက်ကွယ်သွားပြီဖြစ်သည်။ ရှူဒေသ၏ တစ်ဝက်ကျော်သည်လည်း ရေလွှမ်းမိုးခံလိုက်ရပြီဖြစ်ကာ တရုတ်ပြည်၏ ထက်ဝက်ကျော်သည် သမုဒ္ဒရာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားခဲ့ပြီဖြစ်သည်။ မြောက်အမေရိကနှင့် တောင်အမေရိကတိုက်တို့သည်လည်း အကြီးအကျယ် ကျုံ့သွားခဲ့ပြီး အလယ်ပိုင်းတွင် ကုန်းမြေအနည်းငယ် ကျန်ရှိသည်မှလွဲ၍ ကျန်ဒေသများမှာ ပင်လယ်ရေအောက် ရောက်ရှိသွားပြီဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင် အမြင့်မရှိလှသော ဥရောပတိုက်မှာမူ လုံးဝပျောက်ကွယ်လုနီးပါးဖြစ်သွားပြီး ကျွန်းငယ်လေးများအဖြစ်သာ ဟိုတစ်စ သည်တစ်စ ကျန်ရစ်တော့သည်။
စိမ်းသက်နေသော ကမ္ဘာ့မြေပုံကို ကြည့်ရင်း လော်ယွမ်၏ မျက်နှာထားမှာ တည်ကြည်လေးနက်နေပြီး ရင်ထဲတွင် ကျောက်တုံးကြီးတစ်ခု ဖိထားသကဲ့သို့ ခံစားလိုက်ရသည်။
လူသားများသည် သဘာဝတရားကို နောက်တစ်ကြိမ် အောင်နိုင်ခဲ့လျှင်ပင် ထိုမူလမိခင်မြေဆီသို့ ပြန်သွားနိုင်တော့မည် မဟုတ်ပေ။
သူ သက်ပြင်းချလိုက်ပြီး စိတ်ကို ပြန်လည်စုစည်းလိုက်သည်။ ဘေးနားရှိ လက်ဖက်ရည်ကို မော့သောက်လိုက်ပြီး ကွန်ပျူတာပိတ်ကာ မြေအောက်လေ့ကျင့်ရေးကွင်းသို့ ဆင်းသွားသည်။ ပြီးခဲ့သည့် အရေးပေါ်တာဝန်တွင် လော်ယွမ်၏ ''ကိုယ်ကျိုးစွန့်အနစ်နာခံမှု'' ကြောင့် ဓားတရားအဖွဲ့ဝင်များ၏ အကြည့်များသည် လေးစားခန့်ညားမှုများ ပြည့်နှက်နေပြီး လမ်းတစ်လျှောက်တွင် အဖွဲ့ဝင်များက မကြာခဏ လာရောက်နှုတ်ဆက်ကြသည်။
ဖန်းဖေ့ပင်ကို အနည်းငယ် လမ်းညွှန်ပြသပြီးနောက် လော်ယွမ်က လူသူကင်းမဲ့သော ထောင့်တစ်နေရာသို့ လျှောက်သွားလိုက်သည်။ လေ့ကျင့်ရေးကွင်းတစ်ခုလုံးသည် အထပ်တစ်ထပ်လုံးကို နေရာယူထားပြီး စတုရန်းကီလိုပေ ဆယ်ချီကျယ်ဝန်းသဖြင့် တိတ်ဆိတ်သောနေရာ ရှာမတွေ့မည်ကို ပူပန်စရာမလိုပေ။
မကြာမီ သူ နေရာယူလိုက်ပြီး စနစ်မျက်နှာပြင်ကို ဖွင့်လိုက်သည်။ ပြီးခဲ့သော အဆင့်မြှင့်တင်မှုမှ ကျန်ရှိနေသော အရေအသွေးမှတ် ၅ မှတ်စလုံးကို ဓားသိုင်းပညာတွင် ပေါင်းထည့်လိုက်သည်။ ကျွမ်းကျင်အဆင့သို့ ရောက်ရှိပါက အမှတ် ၃ မှတ်ထည့်မှ အဆင့် ၁ ဆင့်သာ တက်တော့သည်။ သို့သော် ယခင်လေ့ကျင့်ထားမှု အရှိန်ကြောင့်ဖြစ်မည်၊ ယခု ၅ မှတ်ဖြင့် အဆင့် ၂ ဆင့် တက်သွားခဲ့ပြီး ဓားသိုင်းပညာက "ကျွမ်းကျင်အဆင့် ၇" သို့ ချက်ချင်း ရောက်ရှိသွားသည်။ သူ၏ မျက်လုံးများသည် ရုတ်တရက် တောက်ပလာပြီး ဒြပ်ရှိအလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သကဲ့သို့ ဖြစ်သွားသည်။ ထို့အတူ သူ၏ကိုယ်ပေါ်ရှိ အရှိန်အဝါများသည်လည်း ထိန်းချုပ်၍မရနိုင်အောင် ဖြာထွက်လာသည်။
လေထုသည် ပြင်းထန်စွာ တုန်ခါသွားပြီး မရေမတွက်နိုင်သော ဖုန်မှုန့်များ လွင့်ပျံတက်လာသည်။ သူရှိနေသော နေရာလွတ်သည် သီးခြားကမ္ဘာတစ်ခုဖြစ်သွားပြီး ပတ်ဝန်းကျင်နှင့် ကွဲထွက်သွားသကဲ့သို့ ဖြစ်နေသည်။ ကံကောင်းသည်မှာ လော်ယွမ်သည် ထောင့်တစ်နေရာတွင် ရှိနေခြင်းဖြစ်ပြီး သို့မဟုတ်ပါက အနီးအနားရှိလူများ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ဤနေရာလွတ်သည် သူ၏စိတ်စွမ်းအားနှင့် ပေါင်းစပ်သွားပုံရသည်။ ဤအခြေအနေတွင် သူသည် ဤနေရာလွတ်ကို အမှောင်ထုအဖြစ် ပြောင်းလဲနိုင်သလို အလင်းရောင်နှင့်လည်း ပြည့်စေနိုင်သည်။ သူသည် ဤနေရာကို မီးတောက်များ လောင်ကျွမ်းစေနိုင်သလို အရာအားလုံးကို ရေခဲရိုက်သွားအောင်လည်း လုပ်ဆောင်နိုင်သည်။ ပေ ၃၀၀ ပတ်လည်တစ်ခုလုံးသည် သူ၏နယ်မြေဖြစ်သွားသည်။ ဤနေရာလွတ်အတွင်းတွင် သူသည် စိတ်တိုင်းကျ ဘာမဆိုလုပ်နိုင်သကဲ့သို့ ခံစားနေရသည်။
အမှန်စင်စစ် ဤသည်မှာ စွမ်းအားများ ရုတ်တရက်တိုးပွားလာမှုကြောင့် ဖြစ်ပေါ်လာသော ထင်ယောင်ထင်မှားဖြစ်မှုသာ ဖြစ်သည်။ သူ၏စိတ်စွမ်းအားက ထိုအဆင့်သို့ရောက်ရန် အလှမ်းဝေးနေသေးသည်။ အလွန်ဆုံး သဘာဝစွမ်းအင်အချို့ကို ထိန်းချုပ်နိုင်ရုံသာ တတ်နိုင်သေးသည်။ သာမန်လူ သို့မဟုတ် အဆင့်နိမ့် သန္ဓေပြောင်းသတ္တဝါများကို သတ်ဖြတ်နိုင်ကောင်း သတ်ဖြတ်နိုင်မည်ဖြစ်သော်လည်း အစွမ်းထက်သော သန္ဓေပြောင်းသတ္တဝါများနှင့် ရင်ဆိုင်ရပါက ဓားကိုသာ အားကိုးရပေဦးမည်။
သူသည် မျက်လုံးကို မှေးထားပြီး အနည်းငယ်မျှ မလှုပ်ရှားရဲဘဲ တန်ဖိုးရှိလှသော ဤအခိုက်အတန့်ကို သေချာခံစားနေသည်။ စနစ်အဆင့်မြှင့်တင်မှုက ပေးစွမ်းသည်မှာ အတွေ့အကြုံနှင့် သဘောပေါက်နားလည်မှုများသာဖြစ်ပြီး ခဏတာမျှသာ ခံစားရသည်။ ပြီးဆုံးသွားသည့်တိုင် မှတ်ဉာဏ်ကျန်ရှိနေသေးသော်လည်း ကိုယ်တိုင်ကိုယ်ကျ ခံစားရသည်နှင့် မည်သို့ယှဉ်နိုင်မည်နည်း။
ထိုအခြေအနေ လျင်မြန်စွာ ပျောက်ကွယ်သွားသည်နှင့်အမျှ သူ၏အရှိန်အဝါသည်လည်း လျော့ကျသွားပြီး အဆင့်မမြှင့်ခင်ကထက် အနည်းငယ်သာ ပိုမိုအားကောင်းကျန်ရစ်ခဲ့သည်။
သူ အနည်းငယ် စိတ်ပျက်မိသွားသည်။ ဓားသိုင်းပညာမှာ ကျွမ်းကျင်အဆင့်သို့ ရောက်ရှိပြီးကတည်းက အဆင့်မြှင့်တင်ရန် ပိုမိုခက်ခဲလာသည်။ စနစ်၏ အကူအညီရှိလျှင်ပင် ချက်ချင်းအောင်မြင်ရန် မဖြစ်နိုင်ပေ။ နှစ်ရှည်လများ လေ့ကျင့်မှုမရှိဘဲ အပြည့်အဝ ကျွမ်းကျင်ပိုင်နိုင်ရန် မဖြစ်နိုင်ချေ။ ကိုယ်တိုင်လေ့ကျင့်မှုဖြင့် အဆင့်မြှင့်တင်ခြင်းမှာမူ ဤအဆင့်သို့ရောက်လာသည့်အခါ လမ်းဆုံးနေပြီဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ကျွမ်းကျင်အဆင့်သို့ ရောက်ရှိသည့်အခါ နည်းစနစ်ပိုင်းဆိုင်ရာသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး တိုးတက်လာသည်မှာ စိတ်စွမ်းအား၏ စုစည်းမှုသာဖြစ်သည်။ ဓားအရှိန်အဝါသည် ပိုမိုထက်မြက်လာပြီး ခိုင်မာလာကာ တိုက်ခိုက်မှုတိုင်းတွင် စွမ်းအင်ကုန်ဆုံးမှု ပိုမိုနည်းပါးလာသည်။ ဤအပိုင်းကို ပုံမှန်ပြင်းပြင်းထန်ထန်လေ့ကျင့်ရုံဖြင့် သိပ်ထိရောက်မှုမရှိတော့ဘဲ ကျောက်တုံးကို ရေစက်ချသကဲ့သို့ နှစ်ရှည်လများ သည်းခံကြိုးစားမှသာ ရရှိနိုင်သည်။ ဝတ္ထုများထဲကကဲ့သို့ ကျင့်စဉ်များမှာ လက်တွေ့တွင် မရှိပေ။
သေရေးရှင်ရေး တိုက်ပွဲများကို ဖြတ်သန်းပြီး သေမင်း၏ခြိမ်းခြောက်မှုဖြင့် စိတ်စွမ်းအားကို ပိုမိုခိုင်မာအောင် မဖိအားပေးနိုင်ပါက တိုးတက်ရန် ခက်ခဲသည်။ သို့သော် ထိုနည်းလမ်းကလည်း သေဖို့လမ်းများပြီး ရှင်ဖို့ရာခိုင်နှုန်းနည်းသည်။ အကျပ်အတည်းနှင့် မကြုံရသရွေ့ မိမိကိုယ်ကို ကံကောင်းသည်ဟုယူဆပြီး အကြိမ်တိုင်း ဘေးကင်းစွာ ပြန်လာနိုင်မည်ဟု မည်သူက တွေးရဲမည်နည်း။
လော်ယွမ်သည် ဤလတ်ဆတ်သော မှတ်ဉာဏ်ကို အခွင့်ကောင်းယူ၍ နေ့လယ်စာပင် မစားဘဲ မိနစ်တိုင်း စက္ကန့်တိုင်းကို အသုံးချကာ ညနေခင်းတစ်ခုလုံး ဓားလေ့ကျင့်လေသည်။ ရုံးဆင်းချိန်ရောက်မှသာ အိမ်သို့ အေးအေးလူလူ ပြန်လာခဲ့သည်။
နောက်တစ်နေ့မနက်စောစော မိုးမလင်းမီတွင် ဝမ်ရှီရှီက လော်ယွမ်ကို လာနှိုးသည်။ လော်ယွမ် အချိန်ကြည့်လိုက်ရာ မနက် ၃ နာရီသာ ရှိသေးသဖြင့် မထချင်ထချင်ဖြင့် ထ၍ မျက်နှာသစ်ပြီး မနက်စာ အနည်းငယ်စားလိုက်သည်။ တစ်နာရီအကြာတွင် စိတ်လှုပ်ရှားနေသော ဝမ်ရှီရှီကိုခေါ်၍ ထွက်ခွာလာခဲ့သည်။
ယနေ့ကား လသာသော ညဖြစ်သည်။ မျှော်လင့်ချက်မြို့မှ ထွက်လာပြီးနောက် နှစ်ဦးသား အရှိန်မြှင့်လိုက်ကြသည်။
လော်ယွမ် အံ့ဩသွားသည်မှာ ဝမ်ရှီရှီသည် သူ့နောက်သို့ သက်တောင့်သက်သာ လိုက်ပါလာနိုင်ခြင်းဖြစ်သည်။ လော်ယွမ်၏ အမြန်နှုန်းမှာ မမြန်လှသော်လည်း (ခြေလှမ်းမှာ သာမန်လူလမ်းလျှောက်သကဲ့သို့ ဖြစ်သော်လည်း) ခြေလှမ်းတစ်လှမ်းလျှင် ပေ ၈၀၊ ၉၀ ခန့် ရောက်သွားပြီး တစ်စက္ကန့်လျှင် ပေ ၁၇၀၊ ၁၈၀ ခန့် ခရီးပေါက်သည်။
ယခုအချိန်တွင် ဝမ်ရှီရှီသည် မြေပြင်မှ တစ်ပေခန့်အကွာတွင် ပျံသန်းလိုက်ပါလာခြင်းဖြစ်ပြီး ပင်ပန်းပုံ လုံးဝမရပေ။ ဤအမြန်နှုန်းသည် ယခင်ကထက် များစွာ ပိုမိုမြန်ဆန်လာသည်။
ပြန်လည်တည်ဆောက်ရေးဇုန်သို့ ရောက်ရှိပြီးကတည်းက လော်ယွမ်သည် ဝမ်ရှီရှီအပေါ် တင်းကျပ်မှု လျှော့ချခဲ့ပြီး ရံဖန်ရံခါ ပြောဆိုဆုံးမသည်မှလွဲ၍ လွတ်လပ်ခွင့် ပေးထားခဲ့သည်။
ကံကောင်းသည်မှာ စိတ်စွမ်းအင်အပေါ် စိတ်ဝင်စားမှုကြောင့် ဖြစ်ကောင်းဖြစ်မည်၊ ပြန်လည်တည်ဆောက်ရေးဇုန်သို့ ရောက်ရှိပြီးကတည်းက ဝမ်ရှီရှီသည် ဓားသိုင်းပညာကို လျစ်လျူရှုထားသော်လည်း စွမ်းရည်လေ့ကျင့်မှုကို တစ်ခဏမျှ မလျှော့ခဲ့ပေ။ အပေါ်ယံတွင် လေ့ကျင့်နေသည်ဟု မထင်ရသော်လည်း လက်တွေ့တွင် သူမသည် လေ့ကျင့်မှုကို နေ့စဉ်ဘဝထဲသို့ ထည့်သွင်းထားသည်။ ပုံမှန်အားဖြင့် လမ်းလျှောက်နေသည်ဟု ထင်ရသော်လည်း သေချာကြည့်ပါက သူမ၏ခြေထောက်များသည် မြေကြီးနှင့် လုံးဝထိတွေ့ခြင်းမရှိသည်ကို တွေ့ရပေမည်။ ယခုသူမက စိတ်စွမ်းအင်ဖြင့် ဖြေရှင်းနိုင်သော ကိစ္စများဆိုလျှင် လက်နှင့်ခြေထောက်ကိုပင် အသုံးမပြုတော့ပေ။
သူမ၏ လက်ရှိစွမ်းရည် မည်မျှရှိသည်ကို လော်ယွမ်ပင် သေချာမသိပေ။
ယခုကြည့်ရသည်မှာ သူ ဝမ်ရှီရှီကို လျှော့တွက်မိခဲ့ပုံရသည်။ ဤကဲ့သို့သော စွမ်းရည်ဖြင့်ဆိုလျှင် ဓားတရားဌာနသို့ ဝင်ရောက်လျှင်ပင် ပြဿနာရှိမည်မဟုတ်ပေ။
တစ်နာရီအကြာတွင် သူတို့နှစ်ဦး ရှေ့တန်းနယ်စပ်စခန်းသို့ ရောက်ရှိလာကြသည်။ လော်ယွမ်က သက်သေခံကတ်ပြားကို ပေးလိုက်ရာ ကင်းစောင့်စစ်သားများ၏ မျက်လုံးများတွင် အံ့ဩမှုများ ပေါ်လာပြီး ထပ်ခါတလဲလဲ ကြည့်ရှုပြီးနောက် အလျင်အမြန် အလေးပြုကာ လမ်းဖွင့်ပေးလိုက်သည်။ အထူးစွမ်းအားရှင်များဖြင့် ဖွဲ့စည်းထားသော ဌာနဖြစ်သည့်အားလျော်စွာ ဓားတရားဌာန၏ ကတ်ပြားသည် ဤနေရာတွင် အလွန်အသုံးဝင်သည်။
"ကိုကြီး... ဟိုစစ်သားဦးလေးကြီးတွေက ကိုကြီးကို ဘာလို့ ဗိုလ်ချုပ်ယွမ်လို့ ခေါ်ကြတာလဲ" ခပ်ဝေးဝေးရောက်သွားမှ ဝမ်ရှီရှီသည် သူမ၏ သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ မေးလိုက်သည်။
"ဓားတရားဌာနဆိုတာ အစကတည်းက စစ်ဘက်ဆိုင်ရာဌာနပဲလေ... ဒါကဘာထူးဆန်းလို့လဲ" လော်ယွမ်က ပြန်ဖြေသည်။
"ထူးဆန်းတာပေါ့... အဲဒါ ဗိုလ်ချုပ်ရာထူးလေ... အဆင့်မြင့်ပုဂ္ဂိုလ်လေ... ကိုကြီး ဘာလို့ အဲ့အကြောင်းကို တစ်ခါမှ မပြောပြဖူးတာလဲ... ဒီနေ့သာမဟုတ်ရင် သမီးတို့ သိမှာတောင် မဟုတ်ဘူး" ဝမ်ရှီရှီက လော်ယွမ်၏ ပေါ့ပေါ့ပါးပါးပုံစံကိုမြင်တော့ စိတ်မရှည်စွာ ပြောလိုက်သည်။
"ဒါက ထွေထွေထူးထူး ပြောနေစရာမှမလိုတာ... ဓားတရားဌာနမှာ အနိမ့်ဆုံးရာထူးက ဗိုလ်မှူးကြီးပဲလေ... အဲ့ဒီစစ်ရာထူးတွေက တန်ဖိုးမရှိပါဘူး"
လော်ယွမ်၏မျက်လုံးထဲတွင် ဤစစ်ရာထူးကို လုံးဝဂရုမစိုက်သော်လည်း သာမန်လူများအပေါ် ဤရာထူး၏ သက်ရောက်မှုကိုမူ သူ လုံးဝသတိမပြုမိပေ။
"ဒါပေမယ့် အဲဒါလည်း ဗိုလ်ချုပ်ပဲလေ... ဗိုလ်ချုပ်ရာထူးလေ... ကိုကြီးက ဒါကိုတောင်မပြောပြဖူး... တကယ်ပါပဲ" ဝမ်ရှီရှီက အလိုမကျသော မျက်နှာဖြင့် ပြောသည်။
"အေးပါ... တော်တော့... စကားမပြောနဲ့တော့... အစ်ကိုတို့ တောထဲဝင်တော့မယ်" လော်ယွမ်က မတတ်သာသည့်အဆုံး ခေါင်းခါရင်း ပြောလိုက်သည်။
ဆက်ရန်...