အခန်း (၃၅၃-၃၅၄
Vol. 18 Ch. 353-354
၃၅၃) စက်လုံး
သူတို့နှစ်ဦး မနက်အစောကြီးကတည်းက ထွက်လာခဲ့ကြရာ သတိမထားမိလိုက်ဘဲ နေဝင်ရီတရောအချိန်သို့ ရောက်လာခဲ့ပြီဖြစ်သည်။
မုရှီခရိုင်သည် ပြန်လည်တည်ဆောက်ရေးဇုန်နှင့် မျဉ်းဖြောင့်အကွာအဝေးအားဖြင့် မိုင်လေးရာကျော် ကွာဝေးသည်။ အကယ်၍ လော်ယွမ်တစ်ယောက်တည်းသာဆိုလျှင် သူ့အမြန်နှုန်းဖြင့် တစ်ရက်တည်းနှင့် နေ့ချင်းပြန် လုပ်နိုင်ပေသည်။ သို့သော် ဝမ်ရှီရှီ ပါလာသည့်အပြင် စိတ်စွမ်းအင်ကို ကြာရှည်မသုံးနိုင်သဖြင့် လမ်းတွင် နားလိုက်သွားလိုက် လုပ်နေရရာ ခရီးအတော်ကြန့်ကြာနေခဲ့သည်။
ကံကောင်းသည်မှာ မူရှီခရိုင်သို့ရောက်ရန် မိုင်ခြောက်ဆယ်အောက်သာ လိုတော့ပြီး လှမ်းမြင်နေရပြီဖြစ်သည်။ တစ်နာရီမပြည့်မီ ရောက်နိုင်သော်လည်း ဝမ်ရှီရှီမှာ ပင်ပန်းနွမ်းနယ်နေပြီး အောင့်အီးသည်းခံနေရသည်ကို မြင်သဖြင့် လော်ယွမ် ရပ်နားလိုက်သည်။ ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ထဲမှ အပြစ်တင်မိသည်။ သူ စိတ်လောသွားခဲ့ခြင်းဖြစ်သည်။ အကယ်၍ ဉာဏ်ပညာသစ်ပင်သာ ထိုနေရာတွင် ရှိနေမည်ဆိုလျှင် တစ်ရက်လောက် နောက်ကျရုံဖြင့် ပျောက်သွားမည် မဟုတ်ပေ။ သူက "မိုးချုပ်တော့မယ်... ငါတို့ဒီမှာနားကြတာပေါ့... နင် ပတ်ဝန်းကျင်ကို သတိထားကြည့်နေဦး... ငါဒီနားတဝိုက်မှာ တည်းခိုလို့ရမယ့်နေရာ သွားရှာလိုက်ဦးမယ်" ဟု ပြောလိုက်သည်။
ဤနေရာသည် တောင်ပေါ်ဒေသဖြစ်ပြီး တောင်တန်းများ နိမ့်တုံမြင့်တုံဖြင့် မတ်စောက်အန္တရာယ်များလှသည်။ လော်ယွမ်သည် ကမ်းပါးစွန်းအနီးတစ်နေရာတွင် ဂူတစ်ခုကို တွေ့ရှိလိုက်သည်။ အပြင်ဘက်တွင် နွယ်ပင်များ ရှုပ်ထွေးပူးကပ်စွာ ပေါက်ရောက်နေသဖြင့် ဂူကို လုံခြုံစွာ ဖုံးကွယ်ထားသည်။ အကယ်၍ လော်ယွမ်၏ အမြင်အာရုံ ထက်မြက်မှုမရှိဘဲ အနီးအနားရှိ သစ်ရွက်ခြောက်များ လှုပ်ရှားသွားသည့် ခြေရာလက်ရာကို သတိမထားမိပါက လုံးဝ မြင်တွေ့နိုင်မည် မဟုတ်ပေ။
သူက နွယ်ပင်များကို အားဖြင့်ဆွဲဖယ်လိုက်ပြီး နှာခေါင်းကို အသာပိတ်လိုက်သည်။ အတွင်းမှ ပြင်းထန်သော ဆီးနံ့၊ ချေးနံ့များ ထွက်ပေါ်လာသည်။ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်နှင့် ဝက်ဝံကြီးတစ်ကောင်နှင့်တူသော သတ္တဝါတစ်ကောင်သည် ညှီနံ့များနှင့်အတူ သူ့ဆီသို့ ခုန်အုပ်လာသည်။ လာသည်က မြန်သော်လည်း ပြန်သွားသည်က ပိုမြန်သည်။ မျက်နှာချင်းဆိုင် တွေ့ဆုံလိုက်သည်နှင့် လော်ယွမ်၏ လက်သီးက ၎င်း၏ နဖူးတည့်တည့်ကို ပြင်းထန်စွာ ထိုးနှက်လိုက်သည်။ အရိုးကွဲသံကဲ့သို့ ဂျွတ်ခနဲ အသံနှင့်အတူ ဝက်ဝံကြီးမှာ မီတာအနည်းငယ်ခန့် လွင့်စင်သွားပြီး မြေကြီးပေါ်သို့ ဘုန်းခနဲ လဲကျသွားတော့သည်။
သွေးညှီနံ့ကြောင့် မလိုအပ်သော ပြဿနာများ မတက်စေရန်အတွက် လော်ယွမ်သည် ယခုတစ်ကြိမ်တွင် ယဉ်ယဉ်ကျေးကျေး သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ သွေးသံရဲရဲ ဖြစ်မနေတော့ပေ။
ဤသို့ဖြင့် ယနေ့ညစာအတွက်ပါ အဆင်ပြေသွားသည်။
"ဗြိ"
ထိုအချိန်တွင် လော်ယွမ် မျက်မှောင်ကြုတ်လိုက်ပြီး ခြေထောက်ကို အားဖြင့်ဖိနင်းလိုက်ရာ သူ့ခြေထောက်အောက်မှ ဖြတ်သွားရန် ကြိုးစားနေသော ပိုးကောင်တစ်ကောင်မှာ ချက်ချင်း ပြားသွားသည်။ ပိုးမွှားများနှင့် သန္ဓေပြောင်းသတ္တဝါတို့ သဟဇာတဖြစ်စွာ အတူနေထိုင်နေကြသော ဤဂူကို ကြည့်ပြီး သူ၏ အရှိန်အဝါကို ရုတ်တရက် ထုတ်လွှတ်လိုက်ရာ လေထုပင် တုန်ခါသွားသည်။ မရေမတွက်နိုင်သော ပိုးမွှားများသည် ထွက်ပြေးရန်ပင် အချိန်မရလိုက်ဘဲ တောင့်တင်းသွားကြပြီး သေဆုံးသွားကြတော့သည်။
ခဏအကြာတွင် ဝမ်ရှီရှီလည်း ဝင်ရောက်လာသည်။ သူမကဂူအတွင်း ညစ်ပတ်နေသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ကျောက်တုံးပေါ်တွင် ဝင်ထိုင်လိုက်သည်။ မျက်နှာတွင် ပင်ပန်းနွမ်းနယ်နေပြီး လှုပ်ပင် မလှုပ်ချင်တော့ပေ။
"နင်အပြင်ထွက်လာတာ နောင်တရနေပြီလား" ဟု လော်ယွမ်က ရယ်မော၍ မေးလိုက်သည်။
"သမီးက အကျင့်မရှိသေးလို့ပါ... ခဏလောက် နားလိုက်ရင် ကောင်းသွားမှာ" ဟု ဝမ်ရှီရှီက နှုတ်ခမ်းစူကာ ခေါင်းမာမာဖြင့် ပြန်ပြောသည်။
လော်ယွမ် ပြုံးလိုက်ပြီး သူမကို ထပ်မစတော့ပေ။ "ဒီမှာ သေချာဂရုစိုက်နေဦး... ငါစားဖို့သောက်ဖို့ သွားရှာဦးမယ်"
"မြန်မြန်ပြန်လာနော်"
လော်ယွမ် ထွက်ခွာသွားပြီးနောက် ဂူဝကို နွယ်ပင်များဖြင့် ပြန်လည်ဖုံးအုပ်ပေးခဲ့ကာ တောထဲတွင် ရှာဖွေရေး စတင်လိုက်သည်။ စစ်ဆေးအကဲဖြတ်နိုင်စွမ်းရှိသော တောတွင်းကျွမ်းကျင်သူတစ်ဦးအဖို့ သေချာရှာဖွေပါက ဤနေရာအနှံ့အပြားတွင် စားစရာများ ရှိနေသည်။ ကစီဓာတ်ကြွယ်ဝသော အပင်ဥများဖြစ်စေ၊ အရသာရှိပြီး အရည်ရွှမ်းသော မှိုများဖြစ်စေ နေရာတိုင်းတွင် တွေ့နိုင်သည်။ အစားအသောက် ပေါများကြွယ်ဝမှုအပိုင်းတွင် ပြန်လည်တည်ဆောက်ရေးဇုန်ပင် မီအောင် လိုက်နိုင်မည်မဟုတ်ပေ။
လော်ယွမ် နှာခေါင်းကို ရှုံ့၍ အနံ့ခံလိုက်ပြီး အနီးအနားသို့ ခြေလှမ်းအနည်းငယ် လျှောက်လိုက်သည်နှင့် တည်နေရာကို အတည်ပြုနိုင်လိုက်သည်။ သူသည် အပေါ်မှ သစ်ရွက်ခြောက်များကို ဖယ်ရှားလိုက်ရာ ဥပုံတစ်ပုံကို တွေ့လိုက်ရသည်။ နှင်းကဲ့သို့ ဖြူဖွေးနေသော ဥများသည် တစ်လုံးနှင့်တစ်လုံး ပူးကပ်နေကြပြီး ကြည့်ရသည်မှာ အလွန်နှစ်သက်ဖွယ် ကောင်းလှသည်။ တစ်လုံးလျှင် ငန်းဥအရွယ်အစားခန့်ရှိပြီး ဘောလုံးကဲ့သို့ ဝိုင်းစက်နေသည်။ အရေအတွက်အားဖြင့် ရာချီရှိပြီး တောင်ကုန်းငယ်လေးသဖွယ် စုပုံနေသည်။
၎င်းတို့က ငှက်ဥမဟုတ်ဘဲ ပိုးမွှားကောင်များ ဥထားသော ဥများဖြစ်ကြောင်း ထင်ရှားသည်။ သို့သော် စား၍ရပြီး ငှက်ဥများထက်ပင် ပိုမိုနူးညံ့ကာ အရသာရှိသည်။
လော်ယွမ် ငါးလုံးကို ရွေးယူလိုက်ပြီး ထွက်ခွာလာခဲ့သည်။ ကျန်ရှိနေသော ဥများကိုမူ အကုန်ရိုက်ခွဲပစ်ခဲ့သည်။ ဤသည်မှာ ပြန်လည်တည်ဆောက်ရေးဇုန်တွင် ရှိစဉ်ကတည်းက မွေးမြူလာခဲ့သော အကျင့်တစ်ခုဖြစ်သည်။ မျက်မြင်တွေ့ရှိရသော သန္ဓေပြောင်းသက်ရှိများကို အနာဂတ်တွင် ဒုက္ခမပေးနိုင်စေရန် တွေ့သည်နှင့် ချက်ချင်း သုတ်သင်လေ့ရှိသည်။
လော်ယွမ် ကံကောင်းသည်ဟု ဆိုရမည်။ မပြန်ခင်တွင် တောရိုင်းသစ်သီးပင်တစ်ပင်ကို တွေ့ရှိခဲ့သည်။ အသီးပုံစံမှာ တရုတ်ဆီးသီးနှင့် တူသော်လည်း အလုံးက အဆပေါင်း ရာချီ ပိုကြီးမားသည်။ တစ်လုံးလျှင် ဘောလုံးအရွယ်အစားခန့်ရှိပြီး အပြင်ခွံမှာ အလွန်မာကျောကာ ချိတ်ပါသော ဆူးများဖြင့် ပြည့်နှက်နေသည်။
မာကျောသော အခွံကို ခွဲလိုက်သောအခါ အတွင်းမှ မွှေးပျံ့သော အနံ့ရှိသည့် အသားကို တွေ့ရသည်။ လော်ယွမ် တစ်လုံး စားကြည့်လိုက်ရာ တရုတ်ဆီးသီးကဲ့သို့ ချဉ်သောအရသာ မရှိဘဲ ဝိုင်အရသာနှင့် နို့အရသာ စွက်နေကာ နူးညံ့ပျော့ပျောင်းပြီး ထူးခြားသော အရသာရှိသည်။
မီတာဆယ်ချီမြင့်မားသော သစ်ပင်ကြီးတစ်ပင်လုံးတွင် အသီး ရှစ်လုံးသာ ရှိသည်။ လော်ယွမ် အသီးအားလုံးကို ပြောင်စင်အောင် ခူးယူလိုက်ပြီး မီတာအနည်းငယ်ကျယ်သော သစ်ရွက်ကြီးတစ်ရွက်ဖြင့် ထုပ်ပိုးလိုက်သည်။ ဤတစ်ခေါက် မကုန်လျှင်တောင် အိမ်ပြန်ရောက်လျှင် ဟွမ်ကျားဟွေနဲ့ ကျောက်ယာလိတို့ကို လက်ဆောင်ပေးပြီး မြည်းစမ်းခိုင်း၍ ရသည်။
............................................................................................................
မီးပုံမှ မီးစများ တဖြည်းဖြည်း ငြိမ်းသွားပြီး အမှောင်ထဲတွင် မှိန်ဖျော့ဖျော့ အနီရောင်အလင်းသာ ကျန်ရစ်တော့သည်။
လော်ယွမ်နှင့် ဝမ်ရှီရှီတို့ ဖက်လျက် အိပ်စက်နေကြပြီး အပြင်ဘက်မှ သန္ဓေပြောင်းသတ္တဝါများ၏ သရဲတစ္ဆေအော်သံ၊ ဝံပုလွေအူသံများကို ငြိမ်သက်စွာ နားထောင်နေကြသည်။ ပြန်လည်တည်ဆောက်ရေးဇုန်မှ အေးချမ်းသော ဘဝကို နေသားကျသွားပြီးနောက် တောထဲသို့ ပြန်ရောက်လာသောအခါ အသားမကျနိုင် ဖြစ်နေသည်။ လေတိုက်၍ မြက်ပင်လှုပ်တာလေးကအစ သူတို့နှစ်ဦးကို လန့်နိုးစေသည်။
"အိပ်တော့... အစ်ကိုရှိပါတယ်" ဟု လော်ယွမ်က ပြောလိုက်သည်။
ဝမ်ရှီရှီက လိမ္မာစွာဖြင့် "အင်း" ဟု ထူးလိုက်ပြီး စိတ်သက်သာရသွားသည်။ နေ့ဘက်က ပင်ပန်းနွမ်းနယ်မှုများက ညဘက် စိုးရိမ်ပူပန်မှုများကို ဖုံးလွှမ်းသွားပြီး မျက်ခွံများ လေးလံလာကာ မကြာမီ အိပ်ပျော်သွားတော့သည်။ အချိန်အတော်ကြာပြီးနောက် လော်ယွမ်သည် ဝမ်ရှီရှီကို ဖြည်းညှင်းစွာ ဖယ်လိုက်ပြီး အချိန်ကြည့်လိုက်ရာ မနက် ၁ နာရီ ရှိနေပြီဖြစ်သည်။ တောနက်ထဲမှ အေးစိမ့်သော အထိအတွေ့ကို ခံစားမိသဖြင့် မီးပြန်မွှေးရန် ထလိုက်သည်။
ရုတ်တရက် မှိန်ဖျော့ဖျော့ အပြာရောင်အလင်းတန်းတစ်ခု ဂူဝကို ဖြတ်သန်းသွားပြီး ချက်ချင်း ပျောက်ကွယ်သွားသည်။ သူ စူးစမ်းလိုစိတ်ဖြင့် ဂူအပြင်သို့ ထွက်ကြည့်လိုက်ရာ အပြာရောင်အလင်းသည် ၂မိုင်ခွဲခန့်အကွာမှ လာခြင်းဖြစ်ပြီး မရပ်မနား လှုပ်ရှားနေသည်။ လော်ယွမ် တွန့်ဆုတ်နေသော်လည်း သိချင်စိတ်ပြင်းပြလာသဖြင့် သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူ အနီးအနားကို ဝေ့ကြည့်လိုက်ရာ ကျောက်တုံးကြီးတစ်ပုံကို တွေ့လိုက်သည်။
ထို့နောက် သူသည် ကျောက်တုံးကြီးများကို အားစိုက်ရွှေ့ကာ ဂူဝကို ပိတ်လိုက်သည်။ တစ်နေ့လုံး ပြေးလွှားထားရသဖြင့် ပင်ပန်းနေသော ဝမ်ရှီရှီမှာ အိပ်မောကျနေပြီး သူမကို နိုးအောင် မလုပ်မိပေ။
..................................................................................................................
သန်းခေါင်ယံ တောအုပ်ကြီးတွင် မြူခိုးများ ကျဆင်းနေပြီဖြစ်သည်။ မရေမတွက်နိုင်သော မကောင်းဆိုးဝါးဝိညာဉ်များက မြေပြင်နှင့်ကပ်ကာ လက်သည်းခြေသည်းများ ဖြန့်ကားထားသကဲ့သို့ ဖြစ်နေပြီး ကြောက်မက်ဖွယ်ကောင်းသော ခံစားမှုကို ပေးစွမ်းနေသည်။ သန္ဓေပြောင်းသတ္တဝါများ၏ ဥဩဆွဲသံကဲ့သို့ အော်သံများကလည်း ရှေးဦးကမ္ဘာဦးကာလသို့ ရောက်နေသကဲ့သို့ ခံစားရစေသည်။
နောက်တစ်ခဏတွင် လူရိပ်တစ်ခုသည် တောအုပ်ထဲမှ တိတ်တဆိတ် ဖြတ်သန်းသွားပြီး မြူခိုးများကို အပိုင်းပိုင်း ခွဲပစ်လိုက်သည်။
မကြာမီ လော်ယွမ် အရှိန်လျှော့လိုက်ပြီး ခြေလှမ်းများကိုလည်း တိတ်ဆိတ်ပေါ့ပါးအောင် ပြုလုပ်လိုက်ကာ ခန္ဓာကိုယ်ကို ကိုင်းလိုက်ပြီး မြူခိုးများထဲတွင် လုံးဝ ဖုံးကွယ်ထားလိုက်သည်။ ထို့နောက် တောင်ကုန်းစောင်းတစ်ခုတွင် ဝပ်လိုက်ပြီး မလှုပ်မယှက် ငြိမ်နေလိုက်သည်။ မျက်နှာအမူအရာမှာ ရေကဲ့သို့ တည်ငြိမ်လေးနက်နေသည်။
အလင်းထုတ်လွှတ်နေသည်မှာ သန္ဓေပြောင်းသတ္တဝါမဟုတ်ဘဲ နည်းပညာပစ္စည်းတစ်ခုဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိသာနေသည်။
၎င်းသည် အချင်း ၁ပေခွဲခန့်ရှိသော စက်လုံးတစ်ခုဖြစ်ပြီး တစ်ခုလုံး နို့နှစ်ရောင်ရှိကာ မျက်နှာပြင်မှာ အလွန်ချောမွတ်နေသည်။ ထိပ်ပိုင်းတွင် အတွင်းသို့ချိုင့်ဝင်နေသော အကွေးလေးတစ်ခုပါရှိပြီး လက်သီးဆုပ်အရွယ်အစားရှိသည့် သလင်းကျောက်တစ်ခုက မည်သည့်ထောက်တိုင်မျှမပါဘဲ ထိုအချိုင့်အပေါ်တွင် လေထဲ၌ ပေါလောပေါ်နေသည်။ အပြာရောင်အလင်းတန်းသည် ထိုသလင်းကျောက်မှ ထွက်ပေါ်နေခြင်းဖြစ်သည်။
၎င်း၏ ချောမွတ်သော မျက်နှာပြင်ပေါ်တွင် စာလုံးများနှင့် သင်္ကေတပုံများ ရှိနေပုံရသော်လည်း ဂျီဩမေတြီပုံသဏ္ဌာန် သင်္ကေတများမှလွဲ၍ လော်ယွမ် မည်သည့်စာလုံးကိုမျှ မမှတ်မိပေ။ စာလုံးဟု ဆိုသည်ထက် တွန့်လိမ်နေသော လှိုင်းများနှင့် ပိုတူသည်။
ထိုစက်လုံးသည် တောအုပ်ထဲတွင် ပေါလောပေါ်နေပြီး အပြာရောင်အလင်းတန်းဖြင့် အနီးအနားရှိ အပင်များ၊ တိရစ္ဆာန်များနှင့် ပိုးမွှားလေးများကိုပါ မကျန် အဆက်မပြတ် စစ်ဆေးနေသည်။ ဤအပြာရောင်အလင်းတန်းတွင် သတ်ဖြတ်နိုင်စွမ်း ရှိပုံမရချေ။ အလင်းတန်း ဖြတ်သွားသော်လည်း သန္ဓေပြောင်းသတ္တဝါများမှာ လုပ်လက်စအလုပ်ကို ဆက်လုပ်နေကြသည်။
ထိုစက်လုံးသည် နေရာမရွေး ရွေ့လျားနိုင်ပြီး အမြန်နှုန်း မြင့်မားလှသည်။ ကွေ့ဝိုက်ရာတွင်လည်း ရေစီးသကဲ့သို့ ချောမွေ့ပြီး တုန့်ဆိုင်းခြင်း မရှိပေ။ အထက်အောက် ပျံသန်းနေပြီး အလုပ်ရှုပ်နေပုံရသည်။ တောအုပ်ထဲတွင် ပိုက်ကွန်သဖွယ် ရှုပ်ထွေးနေသော သစ်ကိုင်းများရှိသော်လည်း ရေထဲတွင် ကူးခတ်နေသော ငါးတစ်ကောင်ကဲ့သို့ လုံးဝ အဟန့်အတားမရှိပေ။
လော်ယွမ်၏ မျက်နှာအမူအရာ လေးနက်သွားသည်။ ကမ္ဘာပျက်ပြီးနောက်ပိုင်း သေရေးရှင်ရေးဖိအားများအောက်တွင် လူသားတို့၏ နည်းပညာသည် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။ ၂-၃ နှစ်တာ ကာလတိုအတွင်း နည်းပညာသည် ခုန်ပျံကျော်လွှား တိုးတက်လာသည်။ အရပ်ဘက်သုံး ကဏ္ဍတွင် တိုးတက်မှုမရှိဘဲ နောက်ပြန်ဆုတ်သွားသော်လည်း စစ်ဘက်ဆိုင်ရာ နယ်ပယ်တွင်မူ ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီးဖြစ်သည်။
ပေါက်ကွဲအားပြင်းထန်သော ယမ်းအသစ်များ၊ မကြာမီ အသုံးပြုတော့မည့် ပြင်ပချပ်ဝတ် သံချပ်ကာများ၊ အနုမြူစွမ်းအင်သုံး လျှပ်စစ်သံလိုက်အမြောက်များနှင့် မကြာသေးမီက အနုမြူပေါင်းစည်းခြင်း လျှပ်စစ်ထုတ်လုပ်ရေးတွင်လည်း ထူးခြားသော တိုးတက်မှုများ ရှိလာခဲ့သည်။ (အခန်းအပူချိန်တွင် သုံးနိုင်သော စူပါလျှပ်ကူးပစ္စည်း ပေါ်ပေါက်လာခြင်းကြောင့် နယ်ပယ်အများအပြားတွင် အဓိကကျသော တိုးတက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတွင် သူ၏ အကျိုးပြုမှုများ ပါဝင်သည်ကို လော်ယွမ် မသိခဲ့ပေ။)
သို့သော် နည်းပညာ မည်မျှပင် တိုးတက်ပါစေ၊ ခြေရာခံနိုင်သော လမ်းကြောင်းရှိပြီး တစ်မုဟုတ်ချင်း ဖြစ်လာ၍မရနိုင်ပေ။
ဤစက်လုံးလေး၏ ပျံသန်းမှု စွမ်းဆောင်ရည်တစ်ခုတည်းကပင် ၎င်း၏ နည်းပညာပါဝင်မှုအဆင့်အတန်းကို ပြသနေပြီး လော်ယွမ်ကို တုန်လှုပ်စေသည်။
ကမ္ဘာ့ဆွဲငင်အားကိုဆန့်ကျင်ခြင်း၊ အဆင့်မြင့် ဉာဏ်ရည်တု၊ ဤသည်မှာ မြင်ရသလောက်သာ ရှိသေးသည်။ ထိုအပြာရောင်အလင်းတန်းက မည်သည့်အာနိသင်ရှိသည်ကို မသိရသေးပေ။ ထို့အပြင် ထိုချောမွတ်ပြီး သိပ္ပံခေတ်လွန်ဆန်သော အပြင်ပန်းသွင်ပြင်သည် ကမ္ဘာပျက်ကာလတွင် အများဆုံးထုတ်လုပ်နိုင်ရန် ဦးစားပေးထားသော လူသားတို့၏ ကြမ်းတမ်းသည့် ပုံစံနှင့် လုံးဝ မတူပေ။
သူ့စိတ်ထဲတွင် ပို၍ လေးလံလာသည်။ ယခုလက်ရှိ လူသားများတွင် ဤမျှ သေသပ်လှပအောင် ဖန်တီးရန် စိတ်ကူးမရှိကြပေ။ ဤကဲ့သို့သော ပစ္စည်းကို ဖန်တီးနိုင်လျှင်ပင် လုပ်ငန်းစဉ် လျှော့ချရန်နှင့် ထုတ်လုပ်မှု မြန်ဆန်စေရန်အတွက် မျက်နှာပြင်သည် ကြမ်းတမ်းနေမည်ဖြစ်ပြီး စက်ရာ၊ ဓားရာများ၊ သတ္တုအစွန်းထွက်များ ကျန်ရှိနေမည်ဖြစ်သည်။ အပြစ်အနာအဆာပါသော ပစ္စည်းကဲ့သို့ ဖြစ်နေမည်ဖြစ်ပြီး ဤကဲ့သို့ အနုပညာလက်ရာမြောက်စွာ သေသပ်နေမည် မဟုတ်ပေ။
................................................................................................
ထိုအချိန်တွင် စက်လုံးသည် တစ်စုံတစ်ခုကို တွေ့ရှိသွားပုံရသည်။ ရုတ်တရက် လက်ခနဲဖြစ်သွားပြီး အရိပ်တစ်ခုအသွင်ပြောင်းကာ ရှေ့သို့ ပျောက်ကွယ်သွားသည်။
လော်ယွမ် စိတ်လှုပ်ရှားသွားပြီး အလျင်အမြန် ထလိုက်ကာ နောက်မှ လိုက်သွားသည်။ ဆယ်မိနစ်ကျော်ခန့် ပြေးလိုက်ပြီးနောက် လော်ယွမ် ထပ်မံ ပုန်းအောင်းလိုက်သည်။
အဝေးတွင် အထပ် ၄-၅ ထပ်ခန့် မြင့်မားသော ဧရာမသတ္တဝါကြီးတစ်ကောင် ရှိနေသည်။ ၎င်းသည် ခေါင်းငုံ့၍ သတိပေးသံကဲ့သို့ အသံအက်အက်များ ပြုလုပ်နေပြီး ဒေါသထွက်နေပုံရသည်။ မည်သည့် သန္ဓေပြောင်းသတ္တဝါမဆို အစာစားနေချိန်တွင် ဘာကောင်မှန်းမသိသော ထူးဆန်းသည့် စက်လုံးတစ်လုံးက ဘေးနားတွင် အတက်အဆင်းလုပ်ပြီး အပြာရောင်အလင်းများ လာထိုးနေသည်ကို ခံရလျှင် ဒေါသထွက်ကြမည်သာ ဖြစ်သည်။ ထို့အပြင် ၎င်းသည် ဤနယ်မြေ၏ ထိပ်တန်းအမဲလိုက်သတ္တဝါဖြစ်ပြီး မီးကဲ့သို့ ပေါက်ကွဲလွယ်သော စိတ်ရှိသည်။
နောက်ဆုံးတွင် ဧရာမသတ္တဝါကြီး၏ ပြင်းထန်သော ဒေါသများ ပေါက်ကွဲထွက်လာပြီး အစာစားခြင်းကို ရပ်တန့်လိုက်သည်။ တစ်ကိုယ်လုံး မီးတောက်များ လောင်ကျွမ်းလာပြီး အပြာနုရောင် မီးတောက်တစ်ခုသည် ငရဲမီးကဲ့သို့ ခန္ဓာကိုယ်ပေါ်တွင် ပြင်းထန်စွာ တုန်ခါနေသည်။
ကြောက်မက်ဖွယ်ကောင်းသော အပူချိန်ကြောင့် ပတ်ဝန်းကျင်လေထု ပြင်းထန်စွာ တွန့်လိမ်သွားပြီး ရှေ့မြင်ကွင်းများ ဝါးတားတားဖြစ်ကာ တုန်ခါနေသည်ကို လော်ယွမ် သတိထားမိလိုက်သည်။ မလှမ်းမကမ်းရှိ သစ်ပင်များသည် အပူဒဏ်မခံနိုင်တော့ဘဲ မျက်စိတစ်မှိတ်အတွင်း ခြောက်သွေ့ဝါညိုသွားကာ ဝုန်းခနဲ မီးထလောင်တော့သည်။
မည်းမှောင်နေသော ညကောင်းကင်ယံသည် ခဏချင်းတွင် အနီရောင်အလင်းများ လင်းထိန်လာသည်။ မီးတောက်များကြားတွင် စက်လုံးသည် မည်သည့်သက်ရောက်မှုမျှ မရှိပုံရဘဲ ၎င်း၏ အမည်မသိ တာဝန်ကို သစ္စာရှိစွာ ဆက်လက်ထမ်းဆောင်နေသည်။ တစ်ခါတစ်ရံတွင် ဧရာမသတ္တဝါကြီး၏ ကိုယ်ပေါ်ရှိ အပြာရောင်မီးတောက်နှင့် ကပ်၍ပင် ပျံသန်းသွားသေးသည်။ ထိုကြောက်မက်ဖွယ် အပူချိန်သည် စက်လုံးရှေ့တွင် မရှိသကဲ့သို့ပင် ဖြစ်ပြီး မျက်နှာပြင်အရောင်ပင် အနည်းငယ်မျှ မပြောင်းလဲပေ။
စက္ကန့်အနည်းငယ်ကြာသောအခါ စက်လုံးသည် စစ်ဆေးခြင်း ပြီးဆုံးသွားသဖြင့် အဝေးသို့ စတင်ပျံသန်းသွားသည်။ ထိပ်ပိုင်းရှိ သလင်းကျောက်က ပတ်ဝန်းကျင်ကို ဆက်လက်စစ်ဆေးနေဆဲဖြစ်ပြီး ဧရာမသတ္တဝါကြီး၏ ဒေါသကို လုံးဝ ဂရုမစိုက်ပေ။
စက်လုံး မီတာအနည်းငယ်ခန့်ပင် မရောက်သေးမီ ဧရာမသတ္တဝါကြီး ရုတ်တရက် လှုပ်ရှားလိုက်သည်။ ဤမျှတိုတောင်းသော အကွာအဝေးသည် သတ္တဝါကြီး၏ ကြီးမားသော ခန္ဓာကိုယ်အတွက် ခြေလှမ်းလှမ်းစရာပင် မလိုပေ။ သွေးခွက်ကြီးကဲ့သို့ ပါးစပ်ကြီးကို ရုတ်တရက် ဆန့်ထုတ်လိုက်သည်။ အသားစားသတ္တဝါများ သားကောင်ဖမ်းသော ထိုအချိန်အခိုက်အတန့်သည် အမြန်ဆုံးဖြစ်သည်။ လျှပ်စီးလက်သကဲ့သို့ ခေါင်းကို ဆန့်ထုတ်ကာ စက်လုံးကို မျိုချပြီး ပြန်ရုတ်လိုက်သည့် ဖြစ်စဉ်တစ်ခုလုံးသည် ဝ.၀၀၁ စက္ကန့်သာ ကြာမြင့်သည်။ လော်ယွမ်ပင်လျှင် နိုင်နိုင်နင်းနင်း လိုက်ကြည့်လိုက်ရသည်။
လော်ယွမ် မျက်နှာတည်သွားသော်လည်း မြေပြင်ပေါ်တွင် မလှုပ်မယှက် ဆက်လက်ဝပ်နေသည်။ သူ့စိတ်ထဲတွင် မျှော်လင့်ချက်အချို့ ဖြစ်ပေါ်နေသည်။ သိပ္ပံခေတ်လွန်ပစ္စည်းတစ်ခုက ဤမျှလွယ်လွယ်နှင့် ပျက်စီးသွားလိမ့်မည်ဟု သူ မယုံကြည်ပေ။
အဆင့် ၇ ရှိသည်ဟု သံသယရှိရသော ဤဧရာမသတ္တဝါကြီးသည် ကြောက်မက်ဖွယ် ကိုက်အားဖြင့် ကိုက်ခွဲနိုင်ကောင်း ကိုက်ခွဲနိုင်လိမ့်မည်။ သို့သော် ဗဟုသုတမရှိသော ဤသန္ဓေပြောင်းသတ္တဝါက စက်လုံးကို သက်ရှိထင်ပြီး အစာအိမ်ရည်ဖြင့် ချေဖျက်ရန် ကြံစည်နေခြင်းမှာမူ စိတ်ကူးယဉ်သက်သက်သာ ဖြစ်ပေလိမ့်မည်။
လော်ယွမ် အကြာကြီး စောင့်စရာမလိုလိုက်ပေ။ တစ်စက္ကန့်ခန့်သာ ကြာလိုက်သည်။
အဖြူရောင်အလင်းတန်းတစ်ခုသည် သံချပ်ကာကဲ့သို့ ထူထဲသော သတ္တဝါကြီး၏ အရေပြားကို ချက်ချင်း ဖောက်ထွက်လာသည်။ ထို့နောက် အလင်းတန်းများ ပိုမိုများပြားလာသည်။ အလင်းတန်းတစ်ခုသည် အနီးနားရှိ ကျောက်ဆောင်တစ်ခုကို ထိမှန်သွားရာ အသံပင်မမြည်လိုက်ဘဲ ထိုကျောက်ဆောင်မှာ ချော်ရည်ပူအဖြစ် အရည်ပျော်ကျသွားသည်။ လော်ယွမ်သည် ပိုမိုအားကောင်းသော စွမ်းအင်တစ်ခု ပေါက်ကွဲတော့မည့်အရိပ်အယောင်ကို ခံစားလိုက်ရသည်။
လော်ယွမ် မျက်နှာပျက်သွားပြီး မြေပြင်နှင့်ကပ်လျက် အနောက်သို့ လျင်မြန်စွာ ဆုတ်ခွာလိုက်သည်။ မီတာအနည်းငယ်မျှပင် မရောက်သေးမီ "ဝုန်း" ခနဲ ကျယ်လောင်သော အသံကြီးကို ကြားလိုက်ရပြီး အပူလှိုင်းလုံးကြီး လွင့်စဉ်လာသဖြင့် လော်ယွမ်၏ ဆံပင်များ လွင့်ဝဲသွားသည်။ လော်ယွမ် မော့ကြည့်လိုက်ရာ စွမ်းအားကြီးမားသော ထိုသန္ဓေပြောင်းသတ္တဝါကြီးမှာ တစ်စစီဖြစ်ကာ သေဆုံးနေပြီဖြစ်ကြောင်း ထိတ်လန့်ဖွယ် တွေ့ရှိလိုက်ရသည်။ လတ်ဆတ်သော အသားများပင် မကျန်တော့ဘဲ မည်းတူးနေကာ လုံးဝ သေဆုံးသွားပြီဖြစ်သည်။
မီးခိုးငွေ့များကြားမှ စက်လုံးလေးသည် ဖြည်းညှင်းစွာ ပြန်လည်မြင့်တက်လာသည်။ ထိပ်ပိုင်းရှိ မူလက ကြည်လင်နေသော သလင်းကျောက်သည် အနီရောင်အလင်းများ မှိန်ဖျော့ဖျော့ ထွက်ပေါ်နေသည်။
၎င်းသည် မူလနေရာတွင် တစ်ပတ်လည်လိုက်ပြီးနောက် အခြားနေရာသို့ ပျံသန်းထွက်ခွာသွားသည်။
ယခုအချိန်တွင်မူ ၎င်းသည် ကမ္ဘာမြေပြင်ပ ယဉ်ကျေးမှုတစ်ခု၏ ထုတ်ကုန်ဖြစ်ကြောင်း သူ ရာနှုန်းပြည့် သေချာသွားပြီဖြစ်သည်။ လူသားများတွင်သာ ဤကဲ့သို့ နည်းပညာမျိုး ရှိပါက ဤအခြေအနေထိရောက်အောင် ဖိအားပေးခံရပြီး အသက်ဆက်ရန် ရုန်းကန်နေရမည် မဟုတ်ပေ။
စောစောက စက်လုံးနှင့် သန္ဓေပြောင်းသတ္တဝါတို့၏ တိုက်ပွဲအပြင် စက်လုံး၏ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ခြင်း အပြုအမူကိုသာ ဦးစားပေးသည့် စည်းမျဉ်းအရ၊ ၎င်း မတိုက်ခိုက်မီတွင် လော်ယွမ် ထိုစက်လုံးကို နှစ်ပိုင်းပိုင်းပစ်နိုင်သည့် ယုံကြည်မှု အပြည့်ရှိသည်။ သို့သော် သူ့စိတ်ထဲတွင် တိုက်ခိုက်လိုစိတ် လုံးဝမရှိပေ။
ဤကဲ့သို့ ဉာဏ်ရည်တုစက်ရုပ်မျိုး တစ်ရုပ်တည်း ရှိနေသည်ဟု သူ အာမ မခံနိုင်သလို၊ ဤစက်ရုပ်ကို ဖျက်စီးလိုက်ပါက ဖြစ်ပေါ်လာနိုင်သည့် ကြောက်မက်ဖွယ် အကျိုးဆက်များကိုလည်း အာမ မခံနိုင်ပေ။ ကမ္ဘာမြေ၏ နည်းပညာပင် နေရာမရွေး တိုက်ရိုက်ရုပ်သံလွှင့်နိုင်သည့်အဆင့် ရောက်နေပြီဖြစ်သည်။ သတ်လိုက်သည်နှင့် နောက်တစ်ခဏတွင် အာကာသထဲမှ တိုက်ခိုက်မှု ရောက်လာနိုင်သည်၊ သို့မဟုတ် တိုက်ရိုက် ပေါက်ကွဲသွားနိုင်သည်။
ဂြိုဟ်သားများက မိမိတို့တည်ရှိမှုကို ဖုံးကွယ်ရန် နှုတ်ပိတ်လိုက်သည်ဖြစ်စေ၊ လက်တုံ့ပြန်လိုက်သည်ဖြစ်စေ သူ လောင်းကြေးမထပ်ရဲပေ။ ကမ္ဘာမြေပြင်ပ ယဉ်ကျေးမှုအဖွဲ့အစည်းအကြောင်း သူ ဘာမှမသိသော်လည်း ကမ္ဘာမြေ၏ လက်နက်များကပင် ခြောက်မိုင်၊ ခုနှစ်မိုင်ကျယ်ဝန်းသော ဧရိယာကို ဖျက်ဆီးနိုင်ရာ အဝေးကြီးမှ ရောက်လာသော ဤဂြိုဟ်သားများဆိုလျှင် ပြောနေစရာပင် မလိုပေ။
ကမ္ဘာပျက်မတတ် ပြင်းထန်သော တိုက်ခိုက်မှုများရှေ့တွင် သူ၏ စွမ်းအားကြီးမားမှုက မည်သို့မျှ အရာထင်မည်မဟုတ်ချေ။
လော်ယွမ်သည် အဝေးမှနေ၍ သတိထားကာ ဆက်လက်လိုက်ပါသွားသည်။ ကံကောင်းသည်မှာ စက်လုံး၏ လှုပ်ရှားမှုဧရိယာ မကျယ်ဝန်းဘဲ ထိုပတ်ဝန်းကျင်၌သာ လှည့်လည်နေသည်။ မနက် ၄ နာရီခန့် ရောက်သောအခါ ၎င်း ရုတ်တရက် တာဝန်ရပ်နားလိုက်သည်။ အပေါ်ပိုင်းရှိ အချိုင့်သည် ပွင့်အာသွားပြီး လေထဲတွင် ပေါ်နေသော သလင်းကျောက်ကို စက်လုံးထဲသို့ လျင်မြန်စွာ ပြန်လည်သိမ်းဆည်းလိုက်ကာ ပြန်ပိတ်သွားသည်။
မမြင်ရသော စွမ်းအားတစ်ခု ဖြာထွက်လာပြီး ပတ်ဝန်းကျင်ရှိ မြက်ပင်များ ချက်ချင်း ပြားပ်သွားသည်။ နောက်တစ်ခဏတွင် ၎င်းသည် လေတိုးသံနှင့်အတူ အပေါ်သို့ ထိုးတက်သွားသည်။ အရိပ်တစ်ခုအသွင်ဖြင့် ထူထပ်သော သစ်ပင်များကို ဖြတ်သန်းသွားရာ သစ်ကိုင်းများ တစ်စစီ ကြေမွသွားပြီး အကျယ် ၁၂ပေခန့်ရှိသော အပေါက်ကြီးတစ်ခု ဖြစ်ကျန်ခဲ့သည်။ ထို့နောက် ပျောက်ကွယ်သွားတော့သည်။ လော်ယွမ် တောအုပ်ထဲမှ အလျင်အမြန် ပျံတက်လိုက်ပြီး ကောင်းကင်သို့ မော့ကြည့်လိုက်ရာ စက်လုံးမှာ သေးငယ်သော အစက်ကလေးတစ်ခုအဖြစ်သာ ကျန်ရှိတော့ပြီး မကြာမီ လုံးဝ ပျောက်ကွယ်သွားတော့သည်။
ဆက်ရန်...
အပိုင်း (၃၅၄) ထူးဆန်းသောအရိုးပင်လယ်
လော်ယွမ်သည် သစ်ကိုင်းပေါ်တွင် ရပ်လျက် ကောင်းကင်ယံကို မော့ကြည့်ရင်း အချိန်အတော်ကြာအောင် ငေးမောနေမိသည်။
သို့သော် ကောင်းကင်တွင် ကြယ်ရောင်စုံလင်နေသည်မှလွဲ၍ ဘာမှမမြင်ရပေ။ ယနေ့ည မြင်တွေ့ခဲ့ရသမျှ အရာအားလုံးသည် သူ၏စိတ်ဝိညာဉ်ကို ပြင်းထန်စွာ ရိုက်ခတ်ခဲ့ပြီး အရာအားလုံးက အိပ်မက်တစ်ခုပမာ ဖြစ်နေသည်။
တော်တော်ကြာမှ သူ သတိပြန်ဝင်လာပြီး ထုံထိုင်းစွာဖြင့် ဂူထဲသို့ ပြန်လျှောက်သွားလိုက်သည်။ ကျောက်တုံးကြီးကို ဖယ်ရှားလိုက်ရာ ဝမ်ရှီရှီသည် အိပ်ပျော်နေဆဲဖြစ်ပြီး ဟောက်သံသဲ့သဲ့လေး ထွက်ပေါ်နေသည်။ တစ်ညလုံး မအိပ်ခဲ့ရသော်လည်း သူ၏မျက်နှာတွင် အိပ်ချင်စိတ် အနည်းငယ်မျှ မရှိပေ။ သူသည် ဝမ်ရှီရှီကို မှီကာ ဝက်ဝံသားရေပေါ်တွင် ငူငူငိုင်ငိုင် ထိုင်နေမိသည်။
သူ တစ်ယောက်တည်း တိတ်ဆိတ်ငြိမ်သက်စွာ နေရန် လိုအပ်သည်ဟု ခံစားမိသည်။
ကမ္ဘာအပြင်ဘက် ယဉ်ကျေးမှုအဖွဲ့အစည်းတစ်ခု ကမ္ဘာမြေပေါ်သို့ လာရောက်ရသည့် ရည်ရွယ်ချက်က ဘာလဲ။
သိပ္ပံနည်းကျ လေ့လာစူးစမ်းဖို့ သက်သက်လား၊ ဒါမှမဟုတ် ကမ္ဘာမြေကို သိမ်းပိုက်ဖို့ ပြင်ဆင်နေတာလား။ ဖိတ်ခေါ်မထားဘဲ ရောက်လာတဲ့ သူစိမ်းဧည့်သည်တွေလား၊ ဒါမှမဟုတ် ရန်သူတွေလား။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အပင်တွေ တိရစ္ဆာန်တွေ ရူးသွပ်မတတ် သန္ဓေပြောင်းလဲကုန်တာကရော သူတို့နဲ့ သက်ဆိုင်နေမလား။ အရာအားလုံးက ဘာမှန်းမသိရသေးပေ။
ပြန်လည်တည်ဆောက်ရေးဇုန် သို့မဟုတ် လူသားတို့၏ ကျန်ရှိနေသေးသော ယဉ်ကျေးမှုအင်အားစုများက ဤကမ္ဘာအပြင်ဘက် အင်အားစုကို သတိထားမိခြင်း ရှိမရှိ လော်ယွမ် မသိပေ။ သို့သော် ထိုသို့ သတိထားမိနိုင်ခြေမှာ အလွန်နည်းပါးသည်။
ဤနေရာသည် ပြန်လည်တည်ဆောက်ရေးဇုန်နှင့် မိုင်၃၅၀ကျော် ကွာဝေးပြီး သန္ဓေပြောင်းသတ္တဝါများ၏ နယ်မြေသက်သက် ဖြစ်သည်။ လူသားများ လှုပ်ရှားသွားလာမှုမရှိသော တားမြစ်နယ်မြေဖြစ်ပြီး ဝေဟင်ထောက်လှမ်းရေး ဒရုန်းများပင် လာရောက်လေ့မရှိပေ။ ထို့အပြင် ဤအမည်မသိ ကမ္ဘာအပြင်ဘက် ယဉ်ကျေးမှုအဖွဲ့အစည်း၏ အပြုအမူများသည် အလွန်သတိကြီးပုံရပြီး ညဉ့်နက်သန်းခေါင်အချိန်များတွင်သာ လှုပ်ရှားလေ့ရှိသဖြင့် တွေ့ရှိနိုင်ခြေမှာ အလွန်နည်းပါးသည်။ လော်ယွမ်သာ ဉာဏ်ပညာသစ်ပင်ကို ရှာဖွေရန်အတွက် ပြန်လည်တည်ဆောက်ရေးဇုန်နှင့် ဝေးရာသို့ ထွက်လာပြီး ဤနေရာကို ဖြတ်သွားခြင်း မရှိပါက သူလည်း သတိထားမိမည် မဟုတ်ပေ။
အာကာသထဲတွင် ရှိနေနိုင်သော ယာဉ်ပျံများနှင့် ပတ်သက်၍ ပြောရလျှင် ကျယ်ပြောလှသော အာကာသထဲတွင် ၎င်းတို့ကို ရှာဖွေခြင်းသည် ပင်လယ်ထဲတွင် သဲတစ်ပွင့်ရှာရသည်ထက် မလွယ်ကူပေ။ လကမ္ဘာ၏ အမှောင်ဘက်ခြမ်းတွင် ပုန်းအောင်းနေခြင်း သို့မဟုတ် ဂြိုဟ်သိမ်ဂြိုဟ်မွှားများကြားတွင် စခန်းချနေခြင်းမျိုး ပြုလုပ်ထားပါက လူသားတို့၏ နည်းပညာအဆင့်အတန်းဖြင့် ရှာဖွေတွေ့ရှိရန် လုံးဝ မဖြစ်နိုင်ပေ။
ထို့အပြင် ဤကမ္ဘာအပြင်ဘက် ယဉ်ကျေးမှုအဖွဲ့အစည်း ပြသလိုက်သော နည်းပညာက ကမ္ဘာမြေထက် များစွာ သာလွန်နေသည်။ ဒုတိယကမ္ဘာစစ်ကာလက ရေဒါများသည် ယခုခေတ် ကိုယ်ပျောက်လေယာဉ်များကို ရှာဖွေနိုင်စွမ်း မရှိသကဲ့သို့ပင် ဖြစ်သည်။ ၎င်းတို့၏ ယာဉ်ပျံများသည် ကမ္ဘာ့လေထုအပြင်ဘက်တွင် ထင်ထင်ရှားရှား ပေါ်ထွက်နေလျှင်ပင် တွေ့ရှိရန် ခက်ခဲပေလိမ့်မည်။
ယခုအခါ ပြန်လည်တည်ဆောက်ရေးဇုန်သည် အစွမ်းထက်လာပြီး နည်းပညာများလည်း ပေါက်ကွဲထွက်မတတ် တိုးတက်လာခဲ့ရာ အင်အားမှာ တစ်နေ့ထက်တစ်နေ့ ကြီးထွားလာသည်။ လူဦးရေမှာ ကမ္ဘာမပျက်မီက၏ ဆယ်ပုံတစ်ပုံပင် မရှိတော့သော်လည်း သမရိုးကျ စစ်ရေးအင်အားအရ ကြည့်လျှင် ကမ္ဘာမပျက်မီကထက် ဆယ်ဆကျော် ပိုမိုအားကောင်းသည်။ သို့သော် လက်တွေ့တွင် လူသားများနှင့် သန္ဓေပြောင်းသတ္တဝါများ၏ တိုက်ပွဲသည် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေတွင်သာ ရှိနေပြီး မျှခြေတစ်ခုတွင် ရပ်တန့်နေသည်။ သန္ဓေပြောင်းသတ္တဝါများ ရှေ့မတိုးနိုင်သလို လူသားများလည်း နယ်မြေဟောင်းများကို ပြန်လည်သိမ်းပိုက်နိုင်စွမ်း မရှိကြပေ။
တိုက်ပွဲများသည် ရှေ့တန်းစစ်မျက်နှာတွင်သာမက အတွင်းပိုင်းအထိ နက်ရှိုင်းစွာ ဖြစ်ပွားနေသည်။ ဤသည်မှာ ဘက်ပေါင်းစုံစစ်ပွဲဖြစ်သည်။ ကောင်းကင်၊ မြေပြင်၊ မြေအောက်၊ တောင်လောက်ကြီးမားသော သန္ဓေပြောင်းသတ္တဝါကြီးများမှအစ မြို့ထဲတွင် ပေါက်ဖွားလာသော ယင်ကောင်၊ ခြင်ကောင်နှင့် ဘက်တီးရီးယားများအဆုံး နေရာတိုင်းတွင် စစ်ပွဲရှိနေသည်။ ပြန်လည်တည်ဆောက်ရေးဇုန်တစ်ခုလုံးသည် ပင်လယ်ပြင်အလယ်မှ ကျွန်းတစ်ကျွန်းကဲ့သို့ ဖြစ်နေပြီး အပြင်ဘက်တွင် လှိုင်းလုံးကြီးများ ရိုက်ခတ်နေကာ အတွင်းဘက်တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းနေသည်။ မျှခြေတစ်ခု ပျက်ယွင်းသွားသည်နှင့် ဒိုမီနိုအချပ်များကဲ့သို့ ချက်ချင်း ပြိုလဲပျက်စီးမည့် အန္တရာယ်တွင်းထဲသို့ ကျရောက်သွားလိမ့်မည်။
သို့သော် ယခုအခါ မိတ်ဆွေလား ရန်သူလား မကွဲပြားသော ကမ္ဘာအပြင်ဘက် ယဉ်ကျေးမှုအဖွဲ့အစည်းတစ်ခု ထပ်တိုးလာပြန်သည်။
ပိုတွေးလေ လော်ယွမ် ပို၍ အဆိုးမြင်လေ ဖြစ်လာသည်။ လူသားတို့၏ အနာဂတ်အပေါ်တွင် အရိပ်မည်းကြီးတစ်ခု ဖုံးအုပ်သွားသကဲ့သို့ ခံစားရသည်။
........................................................................................................
မိုးလင်းလာသည်နှင့် လော်ယွမ်သည် မျက်နှာကို အားပါပါ ပွတ်သပ်လိုက်ပြီး လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ ၁၇ မှတ်ရှိသော စိတ်စွမ်းအားကြောင့် သူ၏ အဆိုးမြင်စိတ်များကို လျင်မြန်စွာ ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်သည်။ အနာဂတ်တွင် မည်သည့်အရာဖြစ်လာမည်ဖြစ်စေ နေ့ရက်များကို ဆက်လက်ဖြတ်သန်းရဦးမည်သာ။
"ကိုကြီးယွမ် နိုးပြီလား" ဝမ်ရှီရှီ နိုးလာပြီး ထထိုင်ကာ အကြောဆန့်ရင်း မေးလိုက်သည်။
"အင်း... တစ်ခုခုစားရအောင် မနက်စာစားပြီးတာနဲ့ ငါတို့ ခရီးဆက်မယ်" လော်ယွမ်က ပြောလိုက်သည်။ ဝမ်ရှီရှီ၏ အိပ်ချင်မူးတူးနှင့် အပြစ်ကင်းစင်သော ပုံစံလေးကို ကြည့်ရင်း မသိနားမလည်ခြင်းသည် ကောင်းချီးတစ်ခုဖြစ်ကြောင်း တွေးမိလိုက်သည်။ အနည်းဆုံးတော့ သူမအနေဖြင့် ဤလေးလံသော ဖိအားများကို ခံစားနေရခြင်း မရှိပေ။
မနေ့ညက ညစာ အနည်းငယ် ကျန်နေသေးသည်။ အသားကင်သည် ကျောက်ခဲကဲ့သို့ မာကျောနေပြီဖြစ်၍ မစားနိုင်တော့သော်လည်း ပိုးကောင်ဥများကမူ စား၍ရသေးသည်။ နှစ်ယောက်သား မနက်စာကို ရိုးရှင်းစွာ စားသောက်ပြီးနောက် ခရီးဆက်ခဲ့ကြသည်။
အေးမြသော နံနက်ခင်းသည် တစ်နေ့တာ၏ ရှားပါးသော သက်တောင့်သက်သာအရှိဆုံး အချိန်ဖြစ်သည်။ အပူချိန် ကျဆင်းနေပြီး လေပြေလေညှင်းများ တိုက်ခတ်နေသဖြင့် ချွေးပေါက်တိုင်းက အသက်ရှူနေသကဲ့သို့ ခံစားရသည်။ မနေ့ညက မြူများကြောင့် မြေပြင်သည် အနည်းငယ် စိုစွတ်နေပြီး တောထဲတွင် လမ်းလျှောက်နေစဉ် သစ်ပင်များပေါ်မှ ရေစက်များ ရံဖန်ရံခါ ကျလာတတ်သည်။
သို့သော် ရေစက်များ မကျမီမှာပင် မမြင်ရသော စွမ်းအားတစ်ခုကြောင့် လေထဲတွင် ရပ်တန့်သွားသည်။ တစ်ရက်အနားယူပြီးနောက် ဝမ်ရှီရှီမှာ လန်းဆန်းတက်ကြွနေပြီး မနေ့ညက ပင်ပန်းနွမ်းနယ်မှုများ အားလုံး ပျောက်ကွယ်သွားပြီဖြစ်သည်။ ခရီးသွားရင်း ရေစက်များကို ထိန်းချုပ်ကာ မိမိဘာသာ ဆော့ကစားနေသည်။
လေထုထဲတွင် ဆားငန်နံ့များ ပါလာပြီဖြစ်ရာ ပင်လယ်နှင့် သိပ်မဝေးတော့ပေ။ နာရီဝက်ခန့်အကြာတွင် လမ်းဘေး၌ ရေညှိများနှင့် စပျစ်နွယ်ပင်များ ဖုံးလွှမ်းနေသော ကွန်ကရစ် အပျက်အစီးများကို ရံဖန်ရံခါ တွေ့လာရသည်။ သို့သော် ၎င်းတို့မှလွဲ၍ လူသားယဉ်ကျေးမှု၏ အခြားခြေရာလက်ရာများကို မတွေ့ရတော့ပေ။
မြေပြင်ပေါ်တွင် မီတာများစွာ ထူထပ်သော သစ်ရွက်ခြောက်များ ဖုံးလွှမ်းနေပြီး အရာအားလုံးကို ဖုံးကွယ်ထားသည်။ ကိုသြဒီနိတ်ညွှန်းကိန်းမှ ဤနေရာသည် မုရှီခရိုင်ဖြစ်ကြောင်း မပြထားပါက၊ ဤရှေးဟောင်းသစ်တောကြီးသည် လွန်ခဲ့သော နှစ်အနည်းငယ်က လူဦးရေ နှစ်သိန်းကျော် နေထိုင်ခဲ့သော မြို့တစ်မြို့ဖြစ်ကြောင်း ယုံကြည်ရန် ခက်ခဲပေလိမ့်မည်။
လော်ယွမ် လေပေါ်သို့ ပျံတက်ကြည့်ကာ လမ်းကြောင်းခွဲခြားပြီးနောက် ရှေ့သို့ ဆက်သွားသည်။
ယောက်ကြည်တောင်သည် မုရှီခရိုင်နှင့် ၂၅မိုင်ခန့် ဝေးကွာပြီး လူသူအရောက်အပေါက် နည်းပါးသည်။ မိုင်ပေါင်းများစွာ ပတ်လည်တွင် လူနေအိမ်ခြေ မရှိပေ။ ကမ္ဘာမပျက်မီက ထိုနေရာသို့သွားရန် မြေသားလမ်းတစ်လမ်းသာ ရှိခဲ့ပြီး ယခုအခါ လမ်းဟူ၍ လုံးဝမရှိတော့သဖြင့် အမြင်ဖြင့်သာ ကြည့်ရှုခွဲခြားရတော့သည်။
မြေပုံပေါ်တွင်လည်း "ယောက်ကြည်တောင်" ဟူသော အမည်ကို ရှာမတွေ့နိုင်ပေ။ ၎င်းသည် တောင်တန်းများကြားမှ သာမန်တောင်ကုန်းလေးတစ်ခုသာ ဖြစ်ပြီး ဒေသခံများမှလွဲ၍ မည်သူမျှ မသိကြပေ။
ကမ္ဘာမပျက်မီက ဤနေရာများသည် သစ်ပင်ပါးရှားသော တောင်ကတုံးများ ဖြစ်ခဲ့သော်လည်း ယခုအခါ အပင်များ ထူထပ်စွာ ပေါက်ရောက်နေပြီး အပင်အရွယ်အစားများမှာလည်း ကြီးမားလှသည်။ ပေ၃၀၀အထိ မြင့်မားသော အပင်များကြောင့် ရှာဖွေရ ပိုခက်ခဲစေသည်။ အနီးနားရှိ အနိမ့်အမြင့်ကွာခြားချက် ပေရာဂဏန်းသာရှိသော တောင်ကုန်းများကို ကြည့်ရင်း နာမည်ကိုမှီပြီး ကျောက်ကပ်ပုံစံ တောင်ကုန်းကို ရှာဖွေရန်မှာ စိတ်ကူးယဉ်သက်သက်သာ ဖြစ်နေသည်။
ရှာဖွေလိုလျှင် ရေတံခွန်ကို အမှီပြုပြီး ရှာဖွေမှသာ ရနိုင်သည်။
ဒါက သိပ်မခက်ခဲပေ။ လော်ယွမ်၏ စူးရှသော နားများက ရေတံခွန်ကျသံများကို ကြားနေရပြီဖြစ်သည်။ သို့သော် လမ်းညွှန်သူ ပြောပြသည်မှာ လွန်ခဲ့သော ၆ လ ခန့်က ဖြစ်သည်။ ထိုအချိန်က ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှု အစပြုကာစသာ ရှိသေးပြီး ဤဒေသသည် ခြောက်သွေ့နေဆဲ ဖြစ်သည်။
ယခုမူ လေထဲမှ ဆားငန်နံ့များကို ထောက်ချင့်ကြည့်လျှင် ဤနေရာသည် ကမ်းရိုးတန်းဒေသ ဖြစ်လာပြီး ရာသီဥတု စိုစွတ်ကာ မိုးရေချိန် များပြားလာသည်။ ဤနေရာသည် တောင်ပေါ်ဒေသဖြစ်ပြီး မြေမျက်နှာသွင်ပြင် နိမ့်မြင့်ကွာခြားမှု ကြီးမားသဖြင့် ရေတံခွန်များသည် ရှားပါးသော အရာမဟုတ်တော့ပေ။ လော်ယွမ် ကြားနေရသော ရေတံခွန်အသံချည်း သက်သက်ပင် ၇၊ ၈ ခုခန့် ရှိနေသည်။
သို့သော် တော်သေးသည်မှာ အချိန်အနည်းငယ် ပိုပေးလိုက်ရရုံသာ ဖြစ်သည်။
လော်ယွမ် တစ်ခုပြီးတစ်ခု လိုက်လံရှာဖွေရာ နေ့လယ်ပိုင်းနီးပါးတွင် ရေတံခွန်ရှိသော ပဉ္စမမြောက် တောင်ကုန်းသို့ ရောက်ရှိလာသည်။ တစ်ချက်ကြည့်လိုက်သည်နှင့် လော်ယွမ်၏ မျက်လုံးများ အရောင်လက်သွားသည်။ ဤတောင်ကုန်းသည် သိပ်မမြင့်လှဘဲ ပေ၁၂၀၀ ခန့်သာ ရှိသည်။ ထူးခြားသည်မှာ ၎င်း၏ ပုံသဏ္ဌာန်ပင်။ တောင်ခါးပန်းတွင် အနည်းငယ် ချိုင့်ဝင်နေပြီး အပင်များကို ဖယ်ရှားကာ ပုံဖော်ကြည့်လိုက်ပါက လမ်းကြုံတွေ့ခဲ့ရသူ ပြောပြသော "ကျောက်ကပ်တောင်" နှင့် တထပ်တည်း တူညီနေသည်။
တောင်ခြေရင်းနားတွင် ရေတံခွန်တစ်ခု စီးဆင်းကျနေသည်။ ၎င်းသည် မြေအောက်မြစ်ကြောင်း ပြတ်တောက်မှုကြောင့် ဖြစ်ပေါ်လာသော ရေတံခွန်ဖြစ်ပြီး ရေပမာဏ သိပ်မများသလို အမြင့်လည်း သိပ်မရှိပေ။ အနီးနားရှိ အခြားရေတံခွန်များနှင့် ယှဉ်လျှင် သိပ်မထင်ရှားသဖြင့် ယခုမှသာ လော်ယွမ် ရှာတွေ့ခြင်းဖြစ်သည်။
လော်ယွမ်က ဝမ်ရှီရှီကို ထိုနေရာတွင် ထားခဲ့လိုက်သည်။ ရှေ့ဆက်သွားမည့် လမ်းခရီးသည် မလုံခြုံပေ။ လူ့ဘီလူးမျိုးနွယ်စုကို ကြောက်လန့်တကြား ထွက်ပြေးစေပြီး မျိုးနွယ်စုလိုက် ပြောင်းရွှေ့သွားစေသော အရာသည် အနည်းဆုံး အဆင့် ၆ သတ္တဝါ ဖြစ်ရပေမည်။ အဆင့် ၆ သတ္တဝါဆိုလျှင် တော်သေးသည်၊ သူ အလွယ်တကူ ဖြေရှင်းနိုင်သည်။ အကြောက်ဆုံးမှာ အဆင့် ၇ နှင့် တွေ့ဆုံရမည်ကိုပင်။ ထိုကဲ့သို့သော ဧရာမ သတ္တဝါကြီးများသည် ခုန်အုပ်လိုက်ရုံ၊ လှုပ်ရှားလိုက်ရုံဖြင့် ကြီးမားသော ပျက်စီးမှုများကို ဖြစ်ပေါ်စေနိုင်သည်။ အကယ်၍ တွေ့ဆုံခဲ့ပါက သူသည် အစွမ်းကုန် တိုက်ခိုက်ရမည်ဖြစ်ရာ ဝမ်ရှီရှီကို ဂရုစိုက်နိုင်တော့မည် မဟုတ်ပေ။
သူသည် ကျန်းမာတောက်ဓားကို ကိုင်ဆောင်လျက် ပေါ့ပါးစွာ တက်သွားလိုက်သည်။ တောင်တက်လမ်းသည် ကြမ်းတမ်းပြီး မတ်စောက်လွန်းလှသည်။ သက်ရှိသတ္တဝါကဲ့သို့ လှုပ်ရှားနေသော အသားစားနွယ်ပင်များသည် မြွေများကဲ့သို့ တိတ်တဆိတ် တွားသွားပြီး တိုက်ခိုက်ရန် ကြိုးစားသော်လည်း လော်ယွမ်က တစ်ပင်ချင်းစီ ဓားဖြင့် ခုတ်ပိုင်းပစ်လိုက်သည်။
ဧရာမ အသားစားပန်းကြီး အချို့သည် သစ်ပင်ရိပ်အောက်တွင် ဝေဆာစွာ ပွင့်ဖူးနေကြသည်။ အရောင်အသွေး စုံလင်လှပပြီး ချိုအီသော ရနံ့များကို ထုတ်လွှတ်နေသည်။ ၎င်းတို့၏ အနီးအနားတွင် အရိုးစုများ ပုံနေပြီဖြစ်သည်။
မလှမ်းမကမ်းတွင် ပေ၃၀၀အထိ မြင့်မားသော ဧရာမ အပင်ကြီးတစ်ပင်သည် ဖြည်းညင်းစွာ ရွေ့လျားနေသည်။ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း စပါးအုံးမြွေကဲ့သို့ တုတ်ခိုင်သော သစ်မြစ်များသည် မြေကြီးထဲမှ ကျွတ်ထွက်လာခြင်း သို့မဟုတ် မြေကြီးထဲသို့ တိုးဝင်သွားခြင်း ပြုလုပ်ရာ မြေကြီးပါ တုန်ခါသွားသည်။ သစ်ပင်အိုကြီး၏ အခေါက်များပေါ်တွင် အက်ကွဲကြောင်းများဖြင့် ဖွဲ့စည်းထားသော မှုန်ဝါးဝါး လူမျက်နှာကြီးတစ်ခု ပါရှိပြီး လမ်းလျှောက်လိုက်တိုင်း မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲနေသည်။
ဤနေရာရှိ အပင်အများစုသည် တိရစ္ဆာန်အသွင် ပြောင်းလဲနေကြပုံရသည်။ ပုံမှန်ဆိုလျှင် တွေ့ရခဲသော သစ်ပင်လူသားများကိုပင် ကီလိုမီတာ အနည်းငယ်အတွင်း သုံးကောင်အထိ တွေ့ရှိခဲ့ရသည်။
လော်ယွမ်သည် သွေးစုပ်ခြင်တစ်ကောင်ကို ရိုက်ထုတ်လိုက်ပြီး ပိုမိုကျယ်လောင်လာသော ရေတံခွန်သံကို နားထောင်ကာ ခြေလှမ်းကို ရုတ်တရက် အရှိန်မြှင့်လိုက်သည်။
မိနစ်အနည်းငယ်အကြာတွင် လော်ယွမ်သည် ကျောက်တုံးကြီးတစ်ခုပေါ်သို့ ပေါ့ပါးစွာ ခုန်တက်လိုက်သည်။ ရှေ့တွင် ရေတံခွန် ရှိနေပြီဖြစ်သည်။
ဤနေရာသည် မြေမျက်နှာသွင်ပြင် ညီညာပြီး အရွယ်အစားအမျိုးမျိုးရှိသော ကျောက်တုံးများဖြင့် ပြည့်နှက်နေသည်။ ရေတံခွန်၏ အမြင့်မှာ မီတာဆယ်ဂဏန်းခန့်သာ ရှိပြီး အောက်ဘက်ရှိ ရေကန်နက်ထဲသို့ ကျဆင်းကာ နောက်ဆုံးတွင် ပေ၃၀ခန့် ကျယ်ဝန်းသော မြစ်တစ်စင်းအဖြစ် ကျောက်သောင်ပြင်တစ်လျှောက် ဖြတ်သန်းပြီး ချိုင့်ဝှမ်းအောက်ခြေသို့ စီးဆင်းသွားသည်။
ထူးဆန်းသည်မှာ ဤနေရာတွင် အပင်ပေါက်ရောက်မှု အလွန်နည်းပါးနေခြင်းပင်။ ရှိသော အပင်များသည်လည်း အရွယ်အစား သေးငယ်ကြသည်။ ကျောက်သောင်ပြင်ပေါ်တွင် သစ်ပင်အနည်းငယ်သာ ကျဲပါးစွာ ပေါက်ရောက်နေပြီး အသက်ရှင်သန်နိုင်စွမ်း ကောင်းမွန်သော နွယ်ပင်များနှင့် ပေါင်းပင်များပင် ရှားပါးလှသည်။
ရေကန်နားတွင် ပေါက်ရောက်နေသော ပေ၂၀၀ ခန့် မြင့်မားသည့် ထူးဆန်းသော အပင်ကြီးတစ်ပင်သည် ဤအပင်ပုလေးများကြားတွင် ထင်ရှားစွာ မြင့်မားနေသည်။
ဘောလုံးပုံစံ သစ်မြစ်များ၊ အသားလုံးကဲ့သို့ အဖုအထစ်များ၊ ကျဲပါးသော သစ်ရွက်များ၊ ရေညှစ်ထားသော မျက်နှာသုတ်ပဝါကဲ့သို့ လိမ်တွန့်နေသော ပင်စည်နှင့် ကလေးခေါင်းအရွယ်အစားရှိသော အသီးများသည် ၎င်း၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဖော်ပြနေသည်။
"ဉာဏ်ပညာသစ်ပင်"
လော်ယွမ်၏ မျက်လုံးများ တောက်ပသွားပြီး အသက်ရှူပင် မြန်ဆန်လာသည်။
ဤဉာဏ်ပညာသစ်ပင်သည် ယခင်က တွေ့ဖူးသော အပင်ထက် ပိုကြီးပြီး ပိုမိုတုတ်ခိုင်ကာ အရောင်လည်း ကွဲပြားနေသည်။ ယခင်အပင်၏ ပင်စည်သည် အဝါရောင်နှင့် ခရမ်းရောင် ရောစပ်နေသော်လည်း ဤအပင်မှာမူ ခရမ်းရောင် သက်သက်ဖြစ်ပြီး အမည်းရောင်ပင် သန်းနေသည်။ သွေးပုပ်များဖြင့် ပြည့်နှက်နေသကဲ့သို့ပင်။
ဤဉာဏ်ပညာသစ်ပင်၏ အဆင့်သည် ယခင်အပင်ထက် သိသိသာသာ မြင့်မားနေ၏။
စိတ်လောနေသော်လည်း လော်ယွမ်သည် မလောတကြီး မလုပ်ဆောင်သေးပေ။ ပတ်ဝန်းကျင်ကို သေချာစွာ အကဲခတ်ကြည့်လိုက်ရာ အနီးအနားတွင် မည်သည့် သက်ရှိမှ မရှိသည်ကို တွေ့ရသည်။ တောထဲတွင် ပုံမှန်ကြားနေရသော ပိုးကောင်အော်သံ၊ ငှက်အော်သံများပင် ပျောက်ကွယ်နေသည်။ ဤအချက်သည် လုံးဝ ပုံမှန်မဟုတ်ပေ။
လေထုထဲတွင် အနည်းငယ် ဖိစီးနေသော အငွေ့အသက်များ ကျန်ရှိနေသေးသည်ကို သေချာစွာ ခံစားမိသဖြင့် လော်ယွမ် မျက်မှောင်ကြုတ်လိုက်သည်။
သူ ခေတ္တမျှ တွေဝေပြီးနောက် ဓားရိုးကို ကိုင်ကာ ဖြည်းညင်းစွာ ရှေ့သို့တိုးသွားလိုက်သည်။ တစ်ချိန်တည်းမှာပင် အာရုံခံနိုင်စွမ်းကို အမြင့်ဆုံးအထိ ဖြန့်ကျက်ထားပြီး အနီးအနားရှိ လှုပ်ရှားမှုများကို သေချာစွာ ရှာဖွေနေသည်။ သို့သော် သူ မည်သည့် ထူးခြားမှုကိုမျှ မခံစားရပေ။ တစ်လှမ်းချင်း တိုးဝင်သွားရာ မကြာမီ သူ၏ အာရုံခံနယ်ပယ်က ရေကန်ကို လွှမ်းခြုံသွားသည်။
မူလက သန္ဓေပြောင်းသတ္တဝါသည် ရေကန်ထဲတွင် ရှိနေမည်ဟု ထင်ခဲ့သော်လည်း လုံးဝ ရှာမတွေ့ခဲ့ပေ။
ရေကန်သည် သိပ်မနက်လှဘဲ ၁၂ပေခန့်သာ ရှိသည်။ အကျယ်အဝန်းမှာလည်း ပေ၃၀၀ ပတ်လည်လောက်သာ ရှိသည်။ အောက်ခြေတွင် လှိုဏ်ဂူပေါက်လည်း မရှိပေ။ ရေထဲတွင် ကူးခတ်နေသော ပေအနည်းငယ်ရှည်သည့် "ငါးကလေး" အုပ်စုမှလွဲ၍ ဘာမျှမရှိ။
ကမ္ဘာပျက်ကပ်ကာလတွင် ဤမျှ အရွယ်အစားရှိသော သတ္တဝါများကို ငါးကလေးများဟုသာ ခေါ်ဆိုရပေမည်။
လော်ယွမ် သက်ပြင်းချလိုက်သည်။ သူအလကား စိုးရိမ်နေမိခြင်း ဖြစ်ပုံရသည်။ ဤနေရာတွင် ရှိခဲ့သော သန္ဓေပြောင်းသတ္တဝါသည် သေဆုံးသွားခြင်း သို့မဟုတ် အခြားနေရာသို့ ထွက်ခွာသွားခြင်း ဖြစ်နိုင်သည်။ တောနက်ထဲတွင် အားနည်းသူက အားကြီးသူ၏ အစာဖြစ်ရသည့် ရက်စက်သော နိယာမ ရှိရာ မည်မျှပင် အစွမ်းထက်သော သန္ဓေပြောင်းသတ္တဝါ ဖြစ်ပါစေ၊ သတိတစ်ချက်လွတ်လိုက်သည်နှင့် မမျှော်လင့်သော ကံဆိုးမိုးမှောင် ကျရောက်နိုင်ပေသည်။
သို့သော် ဉာဏ်ပညာသစ်ပင်အောက်ရှိ အရိုးစုများက အနည်းငယ် ထူးဆန်းနေသည်။ အဝေးမှကြည့်စဉ်က သတိမထားမိခဲ့သော်လည်း အနားရောက်မှ ထူးဆန်းနေကြောင်း ခံစားမိသည်။ ဤအရိုးစုများသည် တစ်ချောင်းချင်းစီ အလွန်ကြီးမားနေသည်။ မြေပြင်ပေါ်တွင် လဲလျောင်းနေသော ပေါင်ရိုးတစ်ချောင်းသည်ပင် ပေ၃၀ခန့် ရှည်လျားပြီး လုံးပတ် ၅ပေခန့် ထူသည်။ ကြီးမားသော ကျောက်တိုင်ကြီးတစ်တိုင် လဲကျနေသကဲ့သို့ပင်။ လော်ယွမ် ယခင်က တွေ့ဖူးသော "ဝိညာဉ်စားသတ္တဝါ" ထက်ပင် အဆပေါင်းများစွာ ပိုမိုကြီးမားနေသည်။ အနီးအနားတွင် ထိုကဲ့သို့သော အရိုးစုငယ် အများအပြား ရှိနေသည်။
တစ်ချောင်း၊ နှစ်ချောင်း ဆိုလျှင် ကိစ္စမရှိ။ သို့သော် ဤနေရာတွင် ဉာဏ်ပညာသစ်ပင်အနီး၌ ထိုကဲ့သို့သော အရိုးစုများ တောင်ပုံရာပုံ ရှိနေသည်။ အရိုးပင်လယ်ကြီးသည် ပေ၁၅၀ခန့်ထူထပ်ပြီး စတုရန်းမီတာ သောင်းချီသော နေရာကို နေရာယူထားသည်။ အောက်ဆုံးရှိ အရိုးများသည် မီးခိုးဖြူရောင် အရိုးမှုန့်များအဖြစ် ပြောင်းလဲနေပြီ ဖြစ်ကြောင်း လော်ယွမ် သတိထားမိလိုက်သည်။ အစွမ်းထက်သော သန္ဓေပြောင်းသတ္တဝါ မည်မျှ ဤနေရာတွင် မြှုပ်နှံခံထားရသည်ကို မသိနိုင်ပေ။
သူ၏ စိတ်ထဲတွင် ရုတ်တရက် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာသည်။ ဤအရိုးပင်လယ်သည် ထို လူ့ဘီလူးမျိုးနွယ်စု၏ လက်ရာ လုံးဝ မဖြစ်နိုင်ပေ။ ဤနေရာရှိ အရိုးစုပိုင်ရှင် သန္ဓေပြောင်းသတ္တဝါ တစ်ကောင်တည်းကပင် လူ့ဘီလူးမျိုးနွယ်စု တစ်ခုလုံးကို မျိုးဖြုတ်ပစ်နိုင်သည်။
ထိုအချိန်တွင် သွေးညှီနံ့သဲ့သဲ့ကို ရုတ်တရက် ရလိုက်သဖြင့် သူ နှာခေါင်းကို ရှုံ့ကာ အနံ့ခံလိုက်ပြီး အရိုးပင်လယ်၏ တစ်နေရာကို စူးရှစွာ ကြည့်လိုက်ရာ မျက်နှာပျက်သွားသည်။ ဉာဏ်ပညာသစ်ပင်၏ ပင်စည်မှ ထွက်ပေါ်လာသော အကြည်ရောင် အမျှင်တန်းပေါင်းများစွာသည် ပိုးအိမ်ဖွဲ့သကဲ့သို့ နေရာတစ်ခုကို မြဲမြံစွာ ရစ်ပတ်ထားသည်။
ထိုအလောင်းသည် အလွန် "လတ်ဆတ်" နေသေးသည်။ သေဆုံးသည်မှာ မကြာသေး၊ ဖြစ်နိုင်သည်မှာ မနေ့ကမှ ထိုနေရာသို့ ရောက်ရှိလာခြင်း ဖြစ်နိုင်သည်။
သူ၏ စိတ်ထဲတွင် လေးလံသွားသည်။ ဤသန္ဓေပြောင်းသတ္တဝါကြီးက ထွက်ခွာသွားခြင်း မဟုတ်ပေ။ အဝေးသို့ အစာရှာထွက်နေခြင်းသာ ဖြစ်သည်။ တစ်ကောင်တည်းဖြင့် အဆင့် ၇ သန္ဓေပြောင်းသတ္တဝါ အများအပြား ပါဝင်သော အရိုးပင်လယ်ကြီးကို ဖန်တီးနိုင်သည်ဆိုရာ ၎င်းသည် သာမန် အဆင့် ၇ သတ္တဝါ မဟုတ်နိုင်ပေ။ အဆင့် ၈ ဖြစ်နိုင်ခြေပင် ရှိသည်။
သူသည် မလှမ်းမကမ်းရှိ ဉာဏ်ပညာသစ်ပင်ကို ကြည့်ကာ ခေတ္တမျှ တွေဝေနေပြီးနောက် ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ကာ ခုန်ပျံကျော်လွှားပြီး ပင်စည်ဘေးသို့ ရောက်ရှိသွားသည်။ သူအချိန်ဆွဲမနေရဲတော့ပေ။ ထိုကြောက်မက်ဖွယ် သတ္တဝါကြီး ဘယ်အချိန် ပြန်ရောက်လာမည်ကို ဘုရားသာ သိပေလိမ့်မည်။
သူသည် ကျန်းမာတောက်ဓားကို ဆွဲထုတ်လိုက်ရာ ၅ပေခန့် ရှည်လျားသော ဓားရောင်ခြည်သည် လေထုထဲတွင် ပြင်းထန်စွာ တုန်ခါနေသည်။ မျက်တောင်တစ်ခတ်အတွင်း ဓားရောင်သည် သက်တံကဲ့သို့ ဖြတ်သန်းသွားပြီး ပျောက်ကွယ်သွားသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်သည် အနောက်သို့ လျင်မြန်စွာ ဆုတ်ခွာလိုက်သည်။ ဘုန်းခနဲ ကျယ်လောင်သော အသံနှင့်အတူ ဧရာမ သစ်ပင်ကြီး လဲကျသွားသည်။ တုတ်ခိုင်သော ပင်စည်ကြီးသည် စပါးအုံးမြွေကြီး လူးလှိမ့်သကဲ့သို့ ပြင်းထန်စွာ လူးလွန့်လာသည်။
အရိုးအမြောက်အမြား လေထဲသို့ လွင့်စဉ်သွားကြပြီး ပြင်းထန်သော လေပြင်းများကြောင့် အနီးအနားရှိ သစ်ပင်များ လဲကျကုန်သည်။ ဆီပူအိုးထဲသို့ ရေခဲတုံး ကျသွားသကဲ့သို့ အရိုးပင်လယ်ကြီးသည် ဆန်ပြုတ်အိုးကဲ့သို့ မွှေနှောက်ခံလိုက်ရသည်။ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီး မိုးချိန်းသံများနှင့် တူနေသည်။ ထိုသစ်မြစ်များသည် အငယ်ဆုံး ၁ပေခွဲမှ အကြီးဆုံး ၄ပေမှ ၆ပေအထိ ရှိကြပြီး အရေအတွက် ထောင်သောင်းချီ ရှိသည်။ ပြင်းထန်စွာ လူးလွန့်ရိုက်ခတ်မှုအောက်တွင် ကောင်းကင်ကိုပင် ဖုံးကွယ်သွားသည်။ ဉာဏ်ပညာသစ်ပင် မသေဆုံးမီ ရုန်းကန်လှုပ်ရှားမှုသည် ရူးသွပ်နေသော အဆင့် ၇ သန္ဓေပြောင်းသတ္တဝါတစ်ကောင်နှင့် ယှဉ်နိုင်ပေသည်။
အချိန်များ တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးသွားသည်။ လော်ယွမ်သည် အဝေးမှနေ၍ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။ သူစိတ်လောနေသော်လည်း စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေရုံမှတစ်ပါး အခြားမရှိ။
ဉာဏ်ပညာအသီးသည် သူ့အတွက် အသုံးမဝင်ပေ။ အသုံးဝင်သည်မှာ "ဉာဏ်ပညာနှလုံးသား" ဖြစ်သည်။
သို့သော် "ဉာဏ်ပညာနှလုံးသား" ဖြစ်ပေါ်လာရန် အခြေအနေက အတော်လေး ခက်ခဲသည်။ ဉာဏ်ပညာသစ်ပင်သည် ကုစား၍ မရနိုင်သော ဒဏ်ရာကို ရရှိသွားမှသာ အာဟာရဓာတ် အများစုကို ပင်စည်မှ ပြန်လည်ရုပ်သိမ်းပြီး သစ်ပင်၏ ဗဟိုချက်တစ်ခု၌ စုစည်းလိုက်ခြင်း ဖြစ်သည်။
၎င်းက မျိုးစေ့တစ်ခုနှင့် တူသည်။ အန္တရာယ် ကင်းဝေးသွားသောအခါ ဤမျိုးစေ့သည် စုစည်းထားသော အာဟာရဓာတ်များမှတစ်ဆင့် မူလအလောင်းကောင်ပေါ်တွင် အမြစ်တွယ် အညှောင့်ပေါက်ကာ ပြန်လည်ရှင်သန်လာမည် ဖြစ်သည်။ ဤသည်မှာ ဉာဏ်ပညာသစ်ပင်၏ ရှင်သန်ရပ်တည်မှု နည်းလမ်းဖြစ်သည်။
သို့သော် ဤဖြစ်စဉ်အတွက် အချိန်အတိုင်းအတာတစ်ခု လိုအပ်သည်။ လော်ယွမ် မည်မျှပင် စိတ်လောနေပါစေ၊ ဤကာကွယ်ရေးစနစ် အလိုအလျောက် စတင်လာမည့်အချိန်ကို စိတ်ရှည်စွာ စောင့်ဆိုင်းရုံသာ ရှိတော့သည်။
ဆက်ရန်...