← Chapters

အခန်း (၃၅၅-၃၅၆)

Vol. 18 Ch. 355-356

အခန်း (၃၅၅-၃၅၆)

Vol. 18 Ch. 355-356

၃၅၅) အသက်လုထွက်ပြေးခြင်း

အချိန်နာရီဝက် ကုန်ဆုံးသွားသည်။

အချိန်တစ်နာရီ ကုန်ဆုံးသွားသည်။

................................................

အချိန်များ တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးလာသည်။ လော်ယွမ် အချိန်ကို မကြာခဏ ကြည့်နေမိသည်။ အဘယ်ကြောင့်မှန်းမသိ၊ အကြောင်းမဲ့ စိတ်ဂယောက်ဂယက် ဖြစ်ခြင်းက သူ့စိတ်ထဲသို့ တဖြည်းဖြည်း ဝင်ရောက်လာသည်။ ရင်ဘတ်ပေါ်၌ ကျောက်တုံးကြီးတစ်တုံး ဖိထားသကဲ့သို့ ခံစားရပြီး အချိန်ကြာလာသည်နှင့်အမျှ ပိုမို လေးလံဖိစီးလာသည်။

ဉာဏ်ပညာသစ်ပင်သည် တဖြည်းဖြည်း ရုန်းကန်ခြင်း ရပ်တန့်သွားပြီဖြစ်သည်။ ခရမ်းရောင် အခေါက်များသည် အရောင်အဆင်း မှိန်ဖျော့လာပြီး သစ်ပင်အချိုးအစား ကျုံ့ဝင်သွားကာ သစ်ရွက်များ ဝါပြီး ကြွေကျလာသည်။ သို့သော် ဤဖြစ်စဉ်သည် အတော်လေး နှေးကွေးနေသဖြင့် လော်ယွမ် စိတ်မရှည်ဖြစ်လာသည်။

သူသည် ဘယ်ညာသို့ မကြာခဏ လှည့်ပတ်ကြည့်ရှုပြီး တစ်ခါတစ်ရံ ကောင်းကင်ကို မော့ကြည့်မိသည်။ သူ၏ စိတ်ခံစားချက် အခြေအနေသည် ပုံမှန်မဟုတ်မှန်း သူ ကောင်းကောင်းသိသည်။ ဤသည်မှာ မမြင်ရသော အန္တရာယ်အပေါ် ကြိုတင်သတိပေးချက်တစ်ခု ဖြစ်သည်။ ငလျင်မလှုပ်ခင် တိရစ္ဆာန်အချို့၏ ပုံမှန်မဟုတ်သော အပြုအမူများကဲ့သို့ပင် ဖြစ်ပြီး လော်ယွမ်သည် အန္တရာယ်ကို တိရစ္ဆာန်များထက် ပို၍ အာရုံခံစားမိသည်မှာ ထင်ရှားလှ၏။

သူ့ကို ဤမျှ ပြင်းထန်သော စိတ်ခံစားမှုမျိုး ဖြစ်ပေါ်စေနိုင်သည်ဆိုလျှင် သူသည် မလွန်ဆန်နိုင်သော အန္တရာယ်နှင့် မကြာမီ ကြုံတွေ့ရတော့မည်ဟု ဆိုလိုခြင်းသာ ဖြစ်သည်။

သူသည် စိတ်ကို ရူးသွပ်မတတ် ဖြစ်စေသော ဖိအားကို အစွမ်းကုန် ကြံ့ကြံ့ခံရင်း မိနစ်အနည်းငယ်ခန့် ထပ်မံ စောင့်ဆိုင်းလိုက်သည်။ ရင်တုန်မှု ပိုမိုပြင်းထန်လာသည်ကို ခံစားလိုက်ရသောအခါ နောက်ဆုံးတွင် သူ ဆက်မစောင့်ရန် ဆုံးဖြတ်လိုက်တော့သည်။

သူ၏ ကိုယ်ခန္ဓာ ရိပ်ခနဲ ဖြစ်သွားပြီး ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်နှင့် ဉာဏ်ပညာသစ်ပင်၏ ပင်စည်နားသို့ ရောက်ရှိသွားသည်။ ထိုအချိန်၌ ဉာဏ်ပညာသစ်ပင်သည် ကျုံ့ဝင်နေဆဲဖြစ်ပြီး ပင်စည်မှ အာဟာရဓာတ်များသည် "ဉာဏ်ပညာနှလုံးသား" ထံသို့ စုစည်းနေဆဲ ဖြစ်သည်။ သို့သော် လော်ယွမ်သည် ထိုအရာများကို ဂရုမစိုက်နိုင်တော့ပေ။ ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာကနေ အမြန်ဆုံး ထွက်ခွာမှ ဖြစ်မည်။

သူ မထွက်သွားလျှင် အချိန်မမီတော့မည့် နိမိတ်တစ်ခုကို ခံစားနေရသည်။

ယခင်က အတွေ့အကြုံရှိခဲ့ဖူးသည့်အတွက် ယခုတစ်ကြိမ်တွင် တစ်ချက်ကြည့်လိုက်ရုံဖြင့် ဉာဏ်ပညာသစ်ပင်၏ အကြောများမှတစ်ဆင့် "ဉာဏ်ပညာနှလုံးသား" တည်ရှိရာနေရာကို အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့သည်။ သူသည် ချက်ချင်းပင် ကျန်းမာတောက်ဓားကို ဆွဲထုတ်လိုက်သည်။ ဓားအိမ်မှ ဓားရိပ်များ ဝေဝါးသွားပြီး ချက်ချင်းဆိုသလို ဓားချက်အနည်းငယ် ခုတ်ပိုင်းလိုက်ပြီးနောက် လော်ယွမ်၏ ရှေ့တွင် အပေါက်တစ်ပေါက် ဖြစ်ပေါ်လာသည်။ အထဲတွင် ဦးနှောက်ပုံစံ အသေးစား "ဉာဏ်ပညာနှလုံးသား" တစ်ခု ရှိနေသည်။

သို့သော် ဤ "ဉာဏ်ပညာနှလုံးသား" သည် တစ်ဝက်ခန့်သာ ဖြစ်ပေါ်လာသေးသည်မှာ ထင်ရှားသည်။ မျက်နှာပြင်သည် ချောမွတ်နေပြီး ရှုပ်ထွေးသော ဦးနှောက်အမြှေးပါးများ ဖြစ်ပေါ်ရန် အချိန်မမီလိုက်သလို အရွယ်အစားသည်လည်း ယခင်က ရရှိခဲ့ဖူးသော အလုံး၏ တစ်ဝက်ခန့်သာ ရှိသည်။

လက်ထဲတွင် ကိုင်ထားရသည်မှာ သေးငယ်သေသပ်သော်လည်း ဤတစ်ပိုင်းတစ်စပစ္စည်းက အမှန်တကယ် အကျိုးရှိ၊ မရှိကိုတော့ မသိနိုင်ပေ။

လော်ယွမ်သည် "ဉာဏ်ပညာနှလုံးသား" ကို ထုတ်ယူလိုက်ပြီးသည်နှင့် မသိစိတ်၏ စေ့ဆော်မှုဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်မိသည်။

ဤနေရာသည် မြေမျက်နှာသွင်ပြင် ကျယ်ဝန်းပြီး အပင်ကျဲပါးသဖြင့် ကောင်းကင်ကို ရှင်းလင်းစွာ မြင်နိုင်သည်။ မူလက တိမ်ကင်းစင်နေသော ကောင်းကင်တွင် မည်သည့်အချိန်က စတင်လိုက်သည်မသိ၊ မိုးကုပ်စက်ဝိုင်း၌ တိမ်ဖြူများ ပေါ်ထွက်နေသည်ကို တွေ့လိုက်ရသည်။ ထိုတိမ်များသည် ပိုးချည်မျှင်များကဲ့သို့ သေးငယ်ပြီး ပါးလွှာသော ပုဝါစများကဲ့သို့ ပုံသဏ္ဌာန်ရှိသည်။ ရံဖန်ရံခါ ပေါ်လာလိုက်၊ ပျောက်သွားလိုက်ဖြင့် ကောင်းကင်ယံတွင် နှင်းဖြူရောင် ပိုးဖဲကြိုးစများ လှုပ်ရှားနေသကဲ့သို့ ဖြစ်နေသည်။

မကြာမီ ထိုတိမ်များသည် အရောင်များ ပြောင်းလဲလာပြီး နေရောင်ခြည် ဖြာကျနေသကဲ့သို့ ဖြစ်လာကာ လျင်မြန်စွာ ဖောင်းပွကြီးထွားလာသည်။ သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် တိမ်များအားလုံးသည် ဘယ်တုန်းကမှ မရှိခဲ့ဖူးသကဲ့သို့ ပျောက်ကွယ်သွားပြန်သည်။ မမြင်နိုင်သော စွမ်းအားတစ်ခုက မိုးလေဝသကို ဝင်ရောက်နှောင့်ယှက်နေသကဲ့သို့ ခံစားလိုက်ရသည်။

ထို့အတူ ဖိစီးသော အငွေ့အသက်တစ်ခုသည် ကောင်းကင်ယံကို တဖြည်းဖြည်း လွှမ်းခြုံလာသည်။

သူ၏ မျက်နှာ ပျက်သွားပြီး ဆက်လက်နေထိုင်ရဲခြင်း မရှိတော့ဘဲ ချက်ချင်း လှည့်ထွက်သွားလိုက်သည်။ သူ၏ အရှိန်သည် ချက်ချင်းပင် အမြင့်ဆုံးသို့ ရောက်ရှိသွားသည်။ လွန်ခဲ့သော တစ်စက္ကန့်က သူ မူလနေရာတွင် ရှိနေသော်လည်း နောက်တစ်စက္ကန့်တွင် ကျောက်တုံးများပြည့်နှက်နေသော ကမ်းစပ်မှ လုံးဝ ပျောက်ကွယ်သွားပြီး တောအုပ်ထဲသို့ တိုးဝင်ကာ အသက်လု ထွက်ပြေးတော့သည်။

ဘေးပတ်ဝန်းကျင်မှ မြင်ကွင်းများသည် လျင်မြန်စွာ နောက်သို့ ရွေ့သွားသည်။ မျက်နှာချင်းဆိုင်မှ တိုက်ခတ်လာသော လေပြင်းသည် နံရံတစ်ခုကဲ့သို့ ဖြစ်နေပြီး လော်ယွမ်၏ မျက်နှာကို ပုံပျက်သွားစေသည်အထိ ဖိနှိပ်ထားသည်။ လမ်းပိတ်နေသော သစ်ကိုင်းအချို့သည် မျက်နှာချင်းဆိုင် ဝင်တိုက်မိပြီး ချက်ချင်းပင် အမှုန့်ကြေကာ သစ်ရွက်စများ လွင့်ပျံကုန်သည်။

တစ်စက္ကန့်လျှင် ပေ၆၀၀နီးပါး ရှိသော အမြင့်ဆုံး အမြန်နှုန်းတွင် ဝင်ရောက်လာသော သတင်းအချက်အလက် ပမာဏ အမြောက်အမြားကို သူ၏ သနားစရာကောင်းသော ဉာဏ်ရည် ၁၄ မှတ်ဖြင့် အကုန်အစင် တုံ့ပြန်နိုင်စွမ်း မရှိတော့ပေ။ ကြီးမားသော သစ်ပင်ကြီးများကို ရှောင်ရှားရန် အရှိန်လျှော့လိုက်ရသည်မှလွဲ၍ သစ်ကိုင်းငယ်များကိုမူ ခန္ဓာကိုယ်ဖြင့် တိုးတိုက်ဖြတ်ကျော်သွားရုံသာ ရှိတော့သည်။

ကိုယ်ပေါ်ရှိ တိုက်ပွဲဝတ်စုံသည် လုံးဝ စုတ်ပြတ်သတ်သွားပြီး အဝတ်စများအဖြစ် လေထဲတွင် လွင့်ပါသွားသည်။ အစိမ်းရောင်အဆင့် သန္ဓေပြောင်းသားရဲများနှင့် ယှဉ်နိုင်သော သူ၏ မာကျောသည့် အရေပြားပေါ်တွင်ပင် သစ်ကိုင်းများ ရိုက်ခတ်မှုကြောင့် သွေးကြောင်းများ ထင်ကျန်ရစ်ခဲ့သည်။

"ဝေါင်း"

ထိုအချိန်၌ မိုးချိန်းသံကဲ့သို့သော အသံကြီးတစ်ခုသည် နောက်ကျောဘက်မှ ထွက်ပေါ်လာသည်။ နားနားကပ်အော်လိုက်သကဲ့သို့ ဖြစ်ပြီး လော်ယွမ်၏ နားစည်များ တုန်ခါသွားကာ ဦးနှောက်ထဲတွင် အသံများ မြည်ဟည်းသွားသည်။ ထိုအသံထဲတွင် ပြင်းထန်သော ဒေါသများ ပါဝင်နေသည်ကို လော်ယွမ် ကြားလိုက်ရသည်။

ထို့အတူ စိတ်ကူး၍ပင်မရနိုင်သော ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခုသည် ဤနေရာတစ်ခုလုံးကို တဖြည်းဖြည်း လွှမ်းခြုံလာသည်။ ထိုအရှိန်အဝါအောက်တွင် သူသည် ခုခံလိုစိတ်ပင် အနည်းငယ်မျှ မဖြစ်ပေါ်နိုင်တော့ပေ။

သူ ထွက်ပြေးချိန်မှ ဟိန်းဟောက်သံ ကြားရချိန်အထိ ဆယ်စက္ကန့်ကျော်သာ ကြာမြင့်သေးသည်။ ယခု ပြန်စဉ်းစားကြည့်လျှင် ကြောက်စိတ်ကြောင့် ရင်တုန်မိသည်။

သူ အံကိုကြိတ်လိုက်ပြီး အရှိန်ကို အနည်းငယ် ထပ်တင်လိုက်သည်။ နှလုံးသည် ဗုံတီးသကဲ့သို့ ဒိန်းဒိန်း ခုန်နေသည်။ နှလုံးအတွင်းရှိ တက်ကြွစွမ်းအင်အစိုင်အခဲမှ တက်ကြွစွမ်းအင်များ တဖြည်းဖြည်း စီးဆင်းလာပြီး သွေးလည်ပတ်မှု အရှိန်မြင့်မားလာသည်နှင့်အမျှ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားကာ ပြင်းထန်သော တွန်းအားအဖြစ် ပြောင်းလဲသွားပြီး လော်ယွမ်၏ ပြင်းထန်သော လှုပ်ရှားမှုကို ထောက်ပံ့ပေးလိုက်သည်။

သို့သော် တစ်စက္ကန့်မျှသာ ရှိသေးသည်။ လော်ယွမ်၏ ခန္ဓာကိုယ် ရုတ်တရက် တောင့်တင်းသွားပြီး ဦးရေပြားများ ထုံကျဉ်သွားသည်။ အလွန်အမင်း ဖိနှိပ်ထားသော အရှိန်အဝါတစ်ခုသည် ခေါင်းပေါ်မှ ဆင်းသက်လာသည်။ ပြေးလွှားနေရင်း အပေါ်သို့ တစ်ချက်ဝေ့ကြည့်လိုက်ရာ သစ်ရွက်ကြားမှတဆင့် ကောင်းကင်ယံသည် တွန့်လိမ်ရှုပ်ထွေးနေသည်ကို တွေ့လိုက်ရသည်။

နဖူးမှ ချွေးစေးများ လျင်မြန်စွာ စီးကျလာပြီး ချက်ချင်းပင် မျက်နှာချင်းဆိုင် လေတိုက်ခတ်မှုကြောင့် ခြောက်သွေ့သွားပြန်သည်။

ဤအတိုင်း ဆက်လက်ထွက်ပြေးနေ၍ မဖြစ်တော့။ ဤနေရာ၌ သူ၏ အနံ့အသက်များ ချန်ထားပြီးသား ဖြစ်နေချေပြီ။ သူကိုယ်တိုင်ပင် အနံ့ကို အားထား၍ ရန်သူကို ခြေရာခံနိုင်သူဖြစ်လျှင်၊ စိတ်ကူးကို ကျော်လွန်နေသည့် အဆင့်မြင့်သတ္တဝါကြီးမူ ပြောရန်မလိုတော့ပေ။ ထိုသို့သော သတ္တဝါကြီး၏ ပစ်မှတ်ဖြစ်သွားပါက၊ မည်မျှ အရှိန်ဖြင့် ထွက်ပြေးပါစေ၊ အကျိုးမရှိနိုင်ချေ။ ဤကဲ့သို့ ဧရာမ သတ္တဝါကြီးလက်မှ အမြန်နှုန်းသက်သက်ဖြင့် လွတ်မြောက်နိုင်မည် မဟုတ်ပေ။

သူနည်းလမ်းတစ်ခု ရှာမှ ဖြစ်တော့မည်။

လော်ယွမ်၏ စိတ်ထဲ၌ ကြောက်ရွံ့မှုများ ပြည့်နှက်နေသော်လည်း တည်ငြိမ်မှုကို အစွမ်းကုန် ထိန်းသိမ်းထားသည်။

ထိုအချိန်၌ ရှေ့တွင် မြစ်တစ်စင်း ရုတ်တရက် ပေါ်လာသည်။ ယခု ဤနေရာသည် ကမ်းရိုးတန်းဒေသဖြစ်သဖြင့် ရာသီဥတု စိုစွတ်ပြီး မိုးရေချိန် များပြားကာ မြစ်ချောင်းများ နေရာတိုင်း၌ ရှိနေသည်။ သူ၏ မျက်လုံးများ အရောင်လက်သွားပြီး ဉာဏ်အလင်း ပွင့်သွားသကဲ့သို့ ဖြစ်သွားသည်။ ခြေလှမ်းအနည်းငယ် အမြန်ပြေးပြီးနောက် မြစ်ထဲသို့ "ဗွမ်း" ခနဲ ခုန်ချလိုက်သည်။

ရေထဲသို့ ရောက်သည်နှင့် သူသည် လှုပ်ရှားမှုကို မရပ်တန့်ဘဲ အစွမ်းကုန် ကူးခတ်လိုက်သည်။ သူသည် ခွန်အားကြီးမားပြီး လှုပ်ရှားမှု လျင်မြန်သဖြင့် လူသားပုံစံ သန္ဓေပြောင်းသားရဲတစ်ကောင်နှင့် တူနေသည်။ မြစ်ရေထဲတွင် ရှည်လျားသော ရေလမ်းကြောင်းတစ်ခုသည် ဓားသွားကဲ့သို့ အဝေးသို့ ပြေးထွက်သွားပြီး သာမန်ငါးများထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်သည်။

ဤမြစ်သည် သေးသွယ်ပြီး ၁၇ပေ၊ ၁၈ပေခန့်သာ ကျယ်ဝန်းကာ ရေအနက်မှာ ၉ပေခန့်သာ ရှိသည်။ ဤမျှ ပြင်းထန်သော လှုပ်ရှားမှုကြောင့် မြစ်ရေများသည် ရွှံ့နွံများအဖြစ် ပြောင်းလဲလုနီးပါး ဖြစ်သွားသည်။

၅ စက္ကန့်၊ ၆ စက္ကန့်ခန့် ကြာသောအခါ သူ၏ ခန္ဓာကိုယ်သည် မြစ်ကြမ်းပြင်ရှိ ရွှံ့နွံများထဲသို့ တည့်မတ်စွာ တိုးဝင်သွားပြီး မလှုပ်မယှက် နေလိုက်သည်။ တစ်ကိုယ်လုံး၏ အရှိန်အဝါများကို သိမ်းဆည်းလိုက်ပြီး နှလုံးခုန်ခြင်းကိုပင် ရပ်တန့်ထားလိုက်သည်။ သူ မျက်လုံးကို မှိတ်ထားပြီး အပြင်ဘက်မှ လှုပ်ရှားမှုများကို တိတ်ဆိတ်စွာ နားစွင့်နေလိုက်သည်။

နောက်ကျိနေသော ရွှံ့ရေများသည် ရေစီးနှင့်အတူ အောက်ဘက်သို့ တဖြည်းဖြည်း စီးဆင်းသွားပြီး ရေပြင်သည် ကြည်လင်၍ အောက်ခြေကို မြင်ရသည်အထိ ပြန်လည်ဖြစ်ပေါ်လာသည်။

အချိန်များ တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးသွားသည်။ ထိုကြောက်မက်ဖွယ် အရှိန်အဝါသည် ဤနေရာ၌ ရှိနေဆဲဖြစ်ပြီး ရှာဖွေနေဆဲ ပုံရသည်။

ရုတ်တရက် ကျယ်လောင်သော အသံကြီးတစ်သံ ကြားလိုက်ရပြီး လော်ယွမ် တစ်ကိုယ်လုံး တုန်ခါသွားသည်။ ငြိမ်သက်နေသော ရေစီးကြောင်းသည် ရုတ်တရက် ကြောက်မက်ဖွယ် လှိုင်းတံပိုးများအဖြစ် ပြောင်းလဲသွားပြီး လော်ယွမ်၏ ခန္ဓာကိုယ်ကို အဆက်မပြတ် ရိုက်ခတ်လာသည်။ သူ၏ ရင်ဘတ် အောင့်တက်လာပြီး လည်ချောင်းထဲ၌ သွေးညှီနံ့ ရလာကာ သွေးအန်ချင်သကဲ့သို့ ဖြစ်သွားသော်လည်း အတင်းမျိုချလိုက်ရသည်။

လော်ယွမ် အသက်ရှူ၍မဝခင်မှာပင် နောက်ထပ် ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ တစ်ကြိမ်တွင် လော်ယွမ်၏ အနီးအနား ပေ၁၈၀၊ ၁၉၀အကွာလောက်တွင် ဖြစ်ပေါ်ခဲ့သည်။ သူ၏ နှာခေါင်းနှင့် ပါးစပ်မှ သွေးများ ထွက်လာပြီး အတွင်းကလီစာများပင် ကြေမွသွားသကဲ့သို့ ခံစားလိုက်ရသည်။

လော်ယွမ်၏ ခန္ဓာကိုယ် မပျော့ညံ့ပေ။ သို့သော်လေထုသည် ပြင်းထန်စွာ ဖောင်းပွလာသောအခါ ဖျက်ဆီးအားပြင်းထန်သော လှိုင်းများကို ဖြစ်ပေါ်စေနိုင်သည်။ ရေထဲတွင်လည်း အလားတူ လှိုင်းမျိုး ဖြစ်ပေါ်နိုင်ပြီး ပိုမိုလွယ်ကူသည့်အပြင် ရေ၏ သိပ်သည်းဆ ပိုများသည့်အတွက် တူညီသော ပမာဏဆိုလျှင်ပင် ပိုမိုပြင်းထန်သော စွမ်းအားကို ဖြစ်ပေါ်စေသည်။ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရေနက်ဗုံးများကဲ့သို့ပင် တိုက်ရိုက်မထိမှန်လျှင်တောင် ပေ၃၀၀အတွင်း ပေါက်ကွဲပါက ရေငုပ်သင်္ဘောတစ်စင်းကို ကွဲအက်ပြီး ပင်လယ်ကြမ်းပြင်သို့ နစ်မြုပ်သွားစေနိုင်သည်။

သူ တစ်ကိုယ်လုံး နာကျင်နေသော်လည်း အနည်းငယ်မျှ မလှုပ်ရှားရဲပေ။ ရှာမတွေ့သောကြောင့် ဖြစ်မည်၊ ထိုကြောက်မက်ဖွယ် ဧရာမသားရဲကြီးသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီးနောက် ဖိနှိပ်ထားသော အရှိန်အဝါက လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

လော်ယွမ်သည် ရေပေါ်သို့ အလျင်စလို တက်မလာသေးပေ။ ခန္ဓာကိုယ်ကို ရွှံ့နွံထဲ၌ ဆက်လက်မြှုပ်နှံထားပြီး မလှုပ်မယှက် နေနေသည်။ သူ၏ အဆုတ်စွမ်းရည်သည် အံ့မခန်းဖြစ်ပြီး ၄ နာရီ၊ ၅ နာရီခန့် အသက်မရှူဘဲ နေလျှင်လည်း ကိစ္စမရှိပေ။ ထို့အပြင် ဤအဆင့်ရှိသော သန္ဓေပြောင်းသားရဲ၏ ဉာဏ်ရည်ကို တိရစ္ဆာန်ဟု သတ်မှတ်၍ မရတော့ပေ။ အနည်းဆုံးတော့ ဉာဏ်ပညာသစ်ပင်ကို ပျိုးထောင်တတ်သော သန္ဓေပြောင်းသတ္တဝါတစ်ကောင်၏ ဉာဏ်ရည်သည် လူသားနှင့်မခြား ရှိနေပေလိမ့်မည်။

ထင်သည့်အတိုင်းပင် မကြာမီ ထိုအရှိန်အဝါသည် ရုတ်တရက် ပြန်လည်ပေါ်လာပြန်သည်။ သို့သော် ဤတစ်ကြိမ်တွင် ခေတ္တမျှသာ ကြာမြင့်ပြီး လျင်မြန်စွာ ထွက်ခွာသွားသည်။

လော်ယွမ်သည် နာရီဝက်ခန့် ဆက်လက်နေထိုင်ပြီးနောက် ထိုအရှိန်အဝါ ပြန်မပေါ်လာတော့မှ ရေပေါ်သို့ သတိထားပြီး တက်လာခဲ့သည်။ နှလုံးပြန်လည်ခုန်လာသည်နှင့် တပြိုင်နက် ပါးစပ်မှ သွေးတစ်လုပ် အန်ထွက်လာသည်။ သွေးထဲတွင် အသားစအနည်းငယ် ပါလာသည်ကို ကြည့်ခြင်းအားဖြင့် အတွင်းကလီစာများ ကြေမွသွားကြောင်း သိသာသည်။

လော်ယွမ် တစ်ချက်ကြည့်လိုက်သော်လည်း မျက်နှာအမူအရာ ပြောင်းလဲခြင်း မရှိပေ။ ဤကဲ့သို့သော ဒဏ်ရာမျိုးသည် သာမန်လူအတွက် အသက်အန္တရာယ် ရှိနိုင်သော်လည်း သူ့အတွက်မူ ဒဏ်ရာအသေးစားသာ ဖြစ်သည်။ မတ်တတ်ရပ်လိုက်စဉ်မှာပင် ကြေမွနေသော အတွင်းကလီစာများသည် အလိုအလျောက် ပြန်ဆက်သွာပြီး သွေးတိတ်သွားကာ ဒဏ်ရာများ လျင်မြန်စွာ ကျက်လာသည်။ ဤဖြစ်စဉ်တွင် စိတ်စွမ်းအားပါဝင်မှုပင် မရှိပေ။

သူ ဒီနေရာမှာ အကြာကြီး မနေရဲတော့ပေ။ ဤနေရာသည် ဧရာမသားရဲကြီး၏ အသိုက်နှင့် ၆မိုင်ကျော်သာ ဝေးကွာပြီး ၎င်း၏မျက်လုံးအောက်၌ ရှိနေသည်ဟု ပြောနိုင်သည်။ သူက ဒဏ်ရာမကျက်သေးသည်ကို ဂရုမစိုက်နိုင်တော့ဘဲ ဦးတည်ချက်တစ်ခုကို ရွေးချယ်ကာ ဆက်လက်ပြေးလွှားလိုက်တော့သည်။

ဆက်ရန်...

အပိုင်း (၃၅၆) ယုံကြည်မှုလွန်ကဲခြင်း

သူ အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် သွေးတစ်လုပ် ထပ်မံအန်ထွက်သွားသည်။ စတင်ကျက်နေပြီဖြစ်သော ဒဏ်ရာသည် ပြန်လည်ကွဲသွားသော်လည်း သူ လုံးဝဂရုမစိုက်နိုင်ပေ။ တစ်ဖက်က ပြေးလွှားရင်း တစ်ဖက်က သွေးအန်နေသည်။

ဆယ်စက္ကန့်ကျော်အကြာတွင် သွေးအန်ခြင်း တဖြည်းဖြည်း ရပ်တန့်သွားပြီး မျက်နှာပေါ်တွင် သွေးရောင်ပြန်လွှမ်းလာကာ အရှိန်လည်း ပိုမိုမြန်ဆန်လာသည်။

မိနစ်အနည်းငယ်အကြာတွင် သူ ကီလိုမီတာ ၂၄၊ ၂၅ မိုင်ခန့် ရောက်ရှိသွားပြီဖြစ်သည်။ သတ္တဝါကြီး လိုက်မလာတော့သည်ကို မြင်သောအခါမှ သက်ပြင်းချနိုင်တော့သည်။ တဖြည်းဖြည်း ရပ်တန့်လိုက်သော်လည်း ရင်ထဲထိတ်လန့်နေဆဲပင်။ ထိုသတ္တဝါကြီး ပေးသော ဖိအားသည် စိတ်ကူးကြည့်၍ မရနိုင်လောက်အောင်ပင်။ ယခုတစ်ကြိမ်သည် သေရွာပြန်ဟုပင် ဆိုရမည်။ ဉာဏ်ရည်ထက်မြက်စွာဖြင့် မြစ်ရေထဲသို့ ပုန်းရှောင်လိုက်၍သာ တော်တော့သည်။ သို့မဟုတ်ပါက ယခုအချိန်တွင် သေဆုံးနေလောက်ပြီ ဖြစ်သည်။

ဤသတ္တဝါကြီးသည် ပြန်လည်ထူထောင်ရေးဇုန်၏ အဓိကရန်သူဖြစ်ပြီး အနုမြူလက်နက်ဖြင့်သာ ဖြေရှင်းနိုင်သော အဆင့် ၈ သတ္တဝါပြောင်း ဖြစ်ပေလိမ့်မည်။ အမှန်ပင် မျှော်လင့်ချက်မဲ့လောက်အောင် အစွမ်းထက်လှသည်။

မျက်နှာချင်းဆိုင်ပင် မတွေ့လိုက်ရဘဲနှင့်ပင် အလုအယက် ထွက်ပြေးခဲ့ရပြီး ခွေးပြေးဝက်ပြေး ပြေးခဲ့ရသည်။ လော်ယွမ် စိတ်ထဲတွင် ကိုယ့်ကိုယ်ကိုယ် လှောင်ရယ်မိလိုက်သည်။

သို့သော် ထိုသတ္တဝါကြီးနှင့် တွေ့ဆုံရန် စိတ်ကူးလုံးဝမရှိပေ။ ဖြစ်နိုင်လျှင် ဘယ်တော့မှ ထပ်ပြီးမတွေ့ဆုံချင်တော့ပေ။

သူ့လက်ထဲတွင် ကိုင်ထားသော "ဉာဏ်ပညာနှလုံးသား" ကို ကြည့်လိုက်သည်။ ရေဖိအားကြောင့် ဤဉာဏ်ပညာနှလုံးသားသည် ကွဲအက်သွားသော်လည်း ကံကောင်းစွာဖြင့် အတွင်းထဲတွင် အရည်မဟုတ်ဘဲ ဂျယ်လီကဲ့သို့ အစိုင်အခဲများ ပါဝင်နေသောကြောင့် မဖိတ်စင်သွားပေ။ သို့မဟုတ်ပါက ယနေ့စွန့်စားမှုက အလဟဿ ဖြစ်သွားပေလိမ့်မည်။

သူ ဝမ်ရှီရှီကို သွားရှာရန် မလောသေးပေ။ ယခုအချိန်ထိ အန္တရာယ်က လုံးဝမကင်းသေးချေ။ ထိုကြောက်မက်ဖွယ် သတ္တဝါကြီးသည် အနံ့ခံပြီး အချိန်မရွေး လိုက်လာနိုင်သည်။ ဝမ်ရှီရှီပါ ရောပါသွားလျှင် ဒုက္ခရောက်ကုန်လိမ့်မည်။

သူ၏ တိုက်ပွဲဝင်ဝတ်စုံမှာ စုတ်ပြဲနေပြီဖြစ်သော်လည်း ပေါင်းစပ်ထားသော အဝတ်အစားများ ရှိနေသေးသည်။ သူ ကျန်ရှိနေသော အဝတ်အစားများကို တစ်ထည်ချင်း ချွတ်၍ နေရာအနှံ့အပြားသို့ ပစ်ထားလိုက်သည်။ သတ္တဝါကြီး ထပ်မံရောက်ရှိလာလျှင်ပင် အဝတ်အစားများပေါ်တွင် ကျန်ရှိနေသော သူ၏အနံ့ကြောင့် ခေတ္တမျှ ဇဝေဇဝါ ဖြစ်သွားစေနိုင်ပြီး အနည်းဆုံး သတိပေးချက်တစ်ခု ရရှိနိုင်သည်။

ထို့နောက် သူသည် လေပေါ်သို့ ပျံတက်လိုက်ပြီး မြေကြီးနှင့် ကင်းကွာစွာ ပျံသန်းလိုက်သည်။ လေထုသည် အဆက်မပြတ် စီးဆင်းနေသဖြင့် မြေပြင်ပေါ်တွင် ပြေးလွှားခြင်းနှင့် နှိုင်းယှဉ်လျှင် လေထဲတွင် ကျန်ရစ်သော အနံ့သည် လျင်မြန်စွာ ပျောက်ကွယ်သွားနိုင်သည်။ လော်ယွမ်သည် ဖြည်းညှင်းစွာ ကီလိုမီတာအနည်းငယ် ပျံသန်းပြီးနောက် ပုန်းခိုနိုင်မည့် ဂူငယ်လေးတစ်ခုကို ရှာဖွေတွေ့ရှိပြီး ဝင်ရောက်ပုန်းခိုလိုက်သည်။

ဂူသည် သေးငယ်ပြီး လူတစ်ကိုယ်စာသာ ဝင်ဆံ့သော်လည်း လော်ယွမ်အတွက် လုံလောက်သည်။ သူ သေချာစစ်ဆေးပြီး အန္တရာယ်ကင်းကြောင်း သေချာမှ ဉာဏ်ပညာနှလုံးသားကို ထုတ်ယူလိုက်သည်။

အမည် - မပြီးပြည့်စုံသေးသော ဉာဏ်ပညာနှလုံးသား

ရှားပါးမှုအဆင့် - အစိမ်းရင့်ရောင်

အလေးချိန် - ၅၀ ဂရမ်

အမျိုးအစား - ဉာဏ်ပညာအမျိုးအစား အထူးပစ္စည်း

ထပ်တိုးအစွမ်း - ဉာဏ်ပညာ +၁၊ ထူးခြားသော ဆင့်ကဲပြောင်းလဲမှု ဖြစ်ပေါ်ရန်အလွန်နည်းပါးသော အခွင့်အလမ်းရှိသည်။

သုံးသပ်ချက် - ဤသည်မှာ အလွန်ရှားပါးသော ဉာဏ်ပညာသစ်ပင်၏ နှလုံးသားဖြစ်သည်။ ဉာဏ်ပညာသစ်ပင်တစ်ပင်လုံး၏ အနှစ်သာရများ စုစည်းနေပြီး တန်ဖိုးဖြတ်မရနိုင်ပေ။ စားသုံးလိုက်သည်နှင့် ဦးနှောက်အမြှေးပါးကို လှုံ့ဆော်ပေးပြီး ဉာဏ်ပညာကို တိုးတက်စေသည်။ ဉာဏ်ပညာ ၁၆ မှတ်နှင့်အောက် ရှိသူများအတွက်သာ အကျိုးသက်ရောက်မှုရှိသည်။ မပြီးပြည့်စုံသေးသောကြောင့် ဉာဏ်ပညာ ၁ မှတ်သာ တိုးစေနိုင်သည်။

"နှမြောစရာပဲ" လော်ယွမ် သက်ပြင်းချလိုက်သည်။ စိတ်ထဲတွင် ဝမ်းသာသလိုလို နှမြောသလိုလို ဖြစ်နေသည်။ ဤဉာဏ်ပညာနှလုံးသား၏ အဆင့်အတန်းသည် အံ့အားသင့်ဖွယ် ကောင်းလှသည်။ သို့သော် အခြေအနေအရ မပြီးပြည့်စုံသေးခင် ထုတ်ယူလိုက်ရသောကြောင့်သာ ၁ မှတ်တိုးခြင်းဖြစ်သည်။ ပုံမှန်အတိုင်းဆိုလျှင် ၂ မှတ်၊ ၃ မှတ်အထိ တိုးနိုင်ချေရှိသည်။

သို့သော် ထိုအချိန်က အခြေအနေအရ ခဏစောင့်နေလိုက်လျှင် ယခုလို ဘေးကင်းကင်း ထိုင်နေနိုင်မည် မဟုတ်ပေ။

ဉာဏ်ပညာနှလုံးသားတွင် သတ္တဝါကြီးနှင့် ရင်းနှီးသော အနံ့အသက်များ ရှိနေသဖြင့် လက်ထဲတွင် ကိုင်ထားခြင်းက အန္တရာယ်ရှိသည်။ အမြန်ဆုံး စားသုံးလိုက်ခြင်းက ပိုကောင်းသည်။ ဉာဏ်ပညာသည် ဒုတိယအဆင့် အရေအသွေးဖြစ်ပြီး ခန္ဓာကိုယ်၏ အခြားအရေအသွေးများနှင့် မတူညီပေ။ ခွန်အား သို့မဟုတ် အမြန်နှုန်း တိုးမြှင့်ခြင်းကဲ့သို့ လိုက်လျောညီထွေဖြစ်အောင် အချိန်ယူစရာမလိုဘဲ တိုက်ခိုက်စွမ်းရည် ချက်ချင်း တိုးတက်လာစေနိုင်သည်။

၎င်းက ယခုလို အန္တရာယ်များ ဝန်းရံနေသော အခြေအနေမျိုးတွင် ရှားပါးသော အထောက်အကူတစ်ခု ဖြစ်သည်။

အတွေးတစ်ချက် ဖြတ်ပြေးသွားပြီးနောက် လော်ယွမ်သည် ဉာဏ်ပညာနှလုံးသားကို ယူ၍ ပါးစပ်ထဲသို့ တစ်ခါတည်း ထည့်ကာ ဝါးစားလိုက်သည်။ အရသာမှာ ချဉ်ဖန်ဖန် ဖြစ်နေသည်။

သူ ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်သည်။ မကြာမီ ခေါင်းခွံတစ်ခုလုံး ယားယံလာပြီး အမြင်အာရုံများ ဝေဝါးကာ တွန့်လိမ်လာသည်။ ယခင်က တစ်ကြိမ် ကြုံဖူးသောကြောင့် ယခုတစ်ကြိမ်တွင် စိတ်လှုပ်ရှားခြင်းမရှိဘဲ တည်ငြိမ်နေသည်။

ထို့နောက် နားများ အထိန်းအကွပ်မဲ့လာပြီး အနံ့၊ အရသာ၊ အထိအတွေ့ အာရုံများပါ လိုက်ပါပြောင်းလဲလာသည်။ ဦးနှောက်ထဲတွင် ရှုပ်ထွေးသော သတင်းအချက်အလက်များ ပြည့်နှက်လာပြီး ခန္ဓာကိုယ်သည် ထုံကျင်မှုမှ အာရုံခံစားမှုမဲ့သွားကာ လေဖြတ်သကဲ့သို့ ဖြစ်လာသည်။

နောက်ဆုံးတွင် ဦးနှောက်သည် မည်သည့်သတင်းအချက်အလက်ကိုမျှ လက်ခံနိုင်ခြင်း မရှိတော့ဘဲ စိတ်အာရုံများ ကင်းမဲ့သွားကာ အချိန်ကာလသည် အဓိပ္ပာယ်မဲ့သွားပြီး တွေးခေါ်မှုများပါ ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားသည်။

အချိန်မည်မျှ ကြာသွားသည်မသိ၊ အချိန် ပြန်လည်စီးဆင်းလာသည်။ လော်ယွမ် အလင်းရောင်ကို တဖြည်းဖြည်း ပြန်မြင်လာရပြီး နားများက အသံကြားလာရကာ နှာခေါင်းက အနံ့ရလာသည်။ ခန္ဓာကိုယ်၏ အာရုံခံစားမှုများ အားလုံး ပြန်လည်ကောင်းမွန်လာသည်။

သေရွာမှ ပြန်လာသကဲ့သို့ သူ အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ယခင်က ကြုံဖူးသော်လည်း ယခုတစ်ကြိမ်တွင် အသက်ရှင်ရခြင်း၏ အရသာကို ပိုမိုနက်ရှိုင်းစွာ ခံစားလိုက်ရသည်။ စက္ကန့်အနည်းငယ်အကြာတွင် သူ မတ်တပ်ရပ်လိုက်ရာ ကမ္ဘာလောကကြီးတစ်ခုလုံး ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။

မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ကြည်လင်သွားသကဲ့သို့ ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် ရှင်းလင်းပြတ်သားလာသည်။

နားထဲတွင် အသံမျိုးစုံ ကြားနေရပြီး နှာခေါင်းသည် အသေးငယ်ဆုံးသော အနံ့များကိုပင် ရနေသည်။ မျက်လုံးများသည် ပိုမိုတောက်ပလာပြီး အရေပြားအထိအတွေ့သည်လည်း ပိုမိုစူးရှလာသည်။ အာရုံငါးပါးသည် ခန္ဓာကိုယ်ဖွဲ့စည်းပုံအပေါ် မူတည်သည်ဟု ထင်ရသော်လည်း ဉာဏ်ပညာနှင့်လည်း ဆက်စပ်နေပြီး အပြန်အလှန် အထောက်အကူပြုနေသည်။

ကွန်ပျူတာ၏ စက်ပစ္စည်းများနှင့် ဗဟိုလုပ်ဆောင်ရေးစနစ်(CPU) ဆက်စပ်မှုကဲ့သို့ပင်။ အခြားအစိတ်အပိုင်းများ မည်မျှကောင်းမွန်စေကာမူ CPU မကောင်းပါက ဂိမ်းကစားရာတွင် စွမ်းဆောင်ရည် နိမ့်ကျနေမည်ဖြစ်သည်။ လူ့ခန္ဓာကိုယ်တွင်လည်း ထိုနည်းတူပင်။ ယခင်က သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု အားကောင်းသော်လည်း ထိုအားသာချက်ကို အပြည့်အဝ ထုတ်ဖော်နိုင်ခြင်း မရှိခဲ့ပေ။

ထို့ကြောင့် အသံသေးသေးလေး ကြားချင်လျှင် အာရုံစိုက် နားထောင်ရပြီး အနံ့ဖျော့ဖျော့လေး ရချင်လျှင် သေချာ အနံ့ခံရသည်။ ယခုလို လွယ်ကူစွာ မရနိုင်ခဲ့ပေ။

ယခုမူ တမင်လုပ်စရာမလိုဘဲ သတင်းအချက်အလက်မျိုးစုံ ဦးနှောက်ထဲသို့ ဝင်ရောက်လာပြီး စနစ်တကျ လုပ်ဆောင်ပေးနေသည်။ ကာတွန်းထဲက စူပါမန်းလိုမျိုး စူပါအကြားအာရုံ ဖွင့်လိုက်သည်နှင့် ခေါင်းမူးခေါင်းကိုက်ဖြစ်ပြီး ညဘက်အိပ်မရခြင်းမျိုး မရှိပေ။ ထိုသို့ဖြစ်ရခြင်းမှာ ဉာဏ်ပညာအမှတ် နည်းပါးပြီး ဂုဏ်သတ္တိ မညီမျှသဖြင့် ကြီးမားသော သတင်းအချက်အလက်များကို မလုပ်ဆောင်နိုင်ခြင်းကြောင့်ဖြစ်သည်။

ယခု သူ၏ ဉာဏ်ပညာအမှတ်သည် ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် ယှဉ်လျှင် နည်းပါးနေသေးပြီး အစိတ်အပိုင်းအချို့သာ ပွင့်လင်းလာခြင်းဖြစ်ကာ စွမ်းရည်အများစုကို ဦးနှောက်က ပိတ်ဆို့ထားဆဲဖြစ်သည်။

သူ မျက်တောင်ခတ်လိုက်ရာ ဦးနှောက်တစ်ခုလုံး ရှင်းလင်းသွားသည်။ မျက်လုံးရွေ့လျားလိုက်သည်နှင့် မရေမတွက်နိုင်သော သတင်းအချက်အလက်များ ဒီရေအလား ဦးနှောက်ထဲသို့ ဝင်ရောက်လာပြီး ချက်ချင်း လုပ်ဆောင်ပြီးစီးသွားသည်။ သူ၏ မျက်နှာတွင် ယုံကြည်မှုများ ပြည့်နှက်နေပြီး မျက်လုံးများတွင် ဉာဏ်ပညာအလင်းရောင်များ တောက်ပနေသည်။ အရာအားလုံးကို ထိန်းချုပ်ထားနိုင်သည်ဟူသော ခံစားမှုမျိုး ဖြစ်ပေါ်လာပြီး ထိုကြောက်မက်ဖွယ် သတ္တဝါကြီးသည်ပင် သိပ်အန္တရာယ်မရှိတော့သလို ခံစားလိုက်ရသည်။

သူ့စိတ်ထဲတွင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲခြင်းတစ်မျိုး ပြည့်နှက်နေသည်။

လက်ကို ခေတ္တရပ်ပြီး နဖူး၌စည်းထားသော ပလာစမာပတ်တီးကို ဖြေလိုက်သည်။

"ဝုန်း"

လေးဘက်မြင်လောကမှ ဂဏန်းသင်္ချာဆိုင်ရာ ကြီးမားသော သတင်းအချက်အလက်များ ဦးနှောက်ထဲသို့ အလုံးအရင်း ဝင်ရောက်လာသည်။

စိတ်ထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ကြားလိုက်ရသလို ခံစားလိုက်ရပြီး တွေးခေါ်မှု လုပ်ငန်းစဉ် ခေတ္တရပ်တန့်သွားသည်။ ခန္ဓာကိုယ် ယိမ်းယိုင်သွားပြီး သူမျက်လုံးများကို မှိတ်လိုက်သည်။ ထို့နောက် ဖြည်းညှင်းစွာ ပြန်ဖွင့်လိုက်သောအခါ မျက်လုံးထဲရှိ တောက်ပမှုများ ပျောက်ကွယ်သွားပြီး အရာအားလုံးကို ထိန်းချုပ်နိုင်သည်ဟူသော ယုံကြည်မှုလွန်ကဲခြင်းများ လျင်မြန်စွာ ပျောက်ကွယ်သွားကာ နတ်ဘုရားအဖြစ်မှ လူသားအဖြစ်သို့ ပြန်လည်ရောက်ရှိသွားတော့သည်။

လော်ယွမ် ခါးသက်သက် ပြုံးလိုက်သည်။ တကယ်တော့ ယုံကြည်မှုလွန်ကဲခြင်းကား ထင်ယောင်ထင်မှား ဖြစ်မှုသက်သက်ပင်တည်း။

သို့သော် ကောင်းသောအချက်မှာ ခံနိုင်ရည်ရှိသွားခြင်းပင်။ ဉာဏ်ပညာတိုးတက်လာမှု၏ အကျိုးသက်ရောက်မှုများကို လေးဘက်မြင်လောကမှ အသုံးမဝင်သော သတင်းအချက်အလက်များက ချေဖျက်လိုက်ခြင်း ဖြစ်သည်။

ဆက်ရန်...

All Chapters