← Chapters

အခန်း (၃၅၇-၃၅၈)

Vol. 18 Ch. 357-358

အခန်း (၃၅၇-၃၅၈)

Vol. 18 Ch. 357-358

၃၅၇) အိမ်အပြန်

လော်ယွမ်သည် နှဖူးစည်းကို ပြန်စည်းလိုက်သောအခါ ကြည်လင်ပြတ်သားသော အာရုံခံစားမှုတစ်ခု ပြန်လည်ရောက်ရှိလာသည်။

သူ့စိတ်ထဲတွင် အတွေးများ တရစပ် ဖြတ်ပြေးသွားသည်။ ဉာဏ်ပညာမြှင့်တင်ခြင်းဖြင့် လေးဘက်မြင်အာရုံကြောင့် ဖြစ်ပေါ်လာသည့် အန္တရာယ်များကို လျှော့ချမည်ဟူသော ယခင်အတွေးမှာ အမှန်ပင် မှန်ကန်နေသည်။ သို့သော် ထိုမျှဖြင့် မလုံလောက်သေးဘဲ သူ နောက်ထပ် "ဉာဏ်ပညာနှလုံးသား" များစွာ လိုအပ်နေသေးသည်။ အစိမ်းရောင်အဆင့် "ဉာဏ်ပညာနှလုံးသား" သည် ဉာဏ်ပညာ ၁၆ မှတ်နှင့်အောက်တွင် ထိရောက်မှုရှိပြီး ယခု သူ၏ ဉာဏ်ပညာမှာ ၁၅ မှတ်သာ ရှိသေးသောကြောင့် ဆက်လက်မြှင့်တင်၍ ရနိုင်သေးသည်။

သို့သော် ဉာဏ်ပညာသစ်ပင်ကို ရှာဖွေရန်မှာ မလွယ်ကူပေ။ လိုအပ်သော သတင်းအချက်အလက်များအပြင် ကံတရားကလည်း အလွန်အရေးပါသည်။

ကံကောင်းသည်မှာ ယခု ၂% လေးဘက်မြင်အမြင်အာရုံသည် သူ့အပေါ် ဝန်ထုပ်ဝန်ပိုး သိပ်မဖြစ်စေတော့ခြင်းပင်။ နှဖူးစည်း၏ အကူအညီပါ ပေါင်းစပ်လိုက်လျှင် လေးဘက်မြင်လောကမှ လာသော သတင်းအချက်အလက်များ၏ သက်ရောက်မှုမှာ အလွန်နည်းပါးသွားသည်။

သူ့တွင် အချိန်ရှိသေးသည်။

လော်ယွမ်သည် ဂူထဲတွင် ဆယ်မိနစ်ကျော် ထပ်နေလိုက်သည်။ ထိုအချိန်အတွင်း ဧရာမသတ္တဝါကြီး၏ လှုပ်ရှားမှု လုံးဝမရှိတော့ပေ။ သူ့ကို ရှာဖွေရန် လက်လျှော့လိုက်ပုံရသည်။ သူ ဂူထဲမှ သတိထား၍ ထွက်ခွာလာပြီး စွန့်ပစ်ခဲ့သော ပစ္စည်းများကို တစ်ခုချင်းစီ စွန့်စား၍ ပြန်ကောက်ယူသည်။

စွမ်းအင်စုပ် ကျည်ကာဝတ်စုံကို ထားလိုက်လျှင်ပင် ပလာစမာအတွင်းခံကိုမူ မည်သို့မျှ စွန့်ပစ်၍မဖြစ်ပေ။ စွမ်းအင်ကာကွယ်မှု အနည်းငယ်ပေးနိုင်သည်မှာ အဓိကမဟုတ်။ အရေးကြီးသည်မှာ သူ၏နဖူးစည်းကြိုးနှင့် အတွင်းခံအင်္ကျီ၏ ပစ္စည်းအမျိုးအစား တူညီနေခြင်းဖြစ်သည်။ မတော်တဆ နှဖူးစည်း ပျောက်ဆုံးသွားပါက အတွင်းခံအင်္ကျီကို ဖြတ်တောက်ပြီး နှဖူးစည်းအသစ် ပြုလုပ်နိုင်သည်။

စိတ်မကောင်းစရာတစ်ခုမှာ ကမ္ဘာပျက်ကတည်းက သူ့နောက်ပါလာသော လွင့်မျောကိုယ်ကြပ်ဝတ်စုံမှာ လုံးဝ ပျက်စီးသွားပြီဖြစ်သည်။ အပြာရောင်အဆင့်သာရှိသော ဤကိုယ်ကြပ်ဝတ်စုံသည် အရှိန်ပြင်းစွာ ပြေးလွှားနေစဉ် လမ်းပိတ်နေသော သစ်ပင်များ၊ အကိုင်းအခက်များကြောင့် စုတ်ပြတ်သတ်နေပြီဖြစ်ရာ သူတောင်းစားဝတ်စုံထက် မသာတော့ပေ။

လော်ယွမ် နှမြောတသစွာဖြင့် ကိုယ်ကြပ်ဝတ်စုံကို မူလနေရာတွင် ထားခဲ့လိုက်သည်။ ခဏစဉ်းစားပြီးနောက် ဘောင်းဘီတိုအဆင့်သာ ကျန်တော့သည့် အားကစားဘောင်းဘီကို ပြန်ဝတ်လိုက်သည်။ နှမြော၍ မဟုတ်ဘဲ အောက်ပိုင်းတွင် အတွင်းခံဘောင်းဘီတစ်ထည်သာ ကျန်တော့သဖြင့် မဝတ်ဘဲနေရသည်မှာ နေရခက်သောကြောင့် ဖြစ်သည်။

ပစ္စည်းကိရိယာများကို တစ်ခုချင်း ပြန်ဝတ်ဆင်ပြီးနောက် ဤနေရာတွင် ကြာရှည်မနေရဲသဖြင့် စိတ်စွမ်းအားကို စုစည်းကာ လေပေါ်သို့ ပျံတက်လိုက်သည်။ ဝမ်ရှီရှီ ရှိနေမည့်နေရာသို့ ပျံသန်းသွားသော်လည်း သူမ မူလနေရာတွင် ရှိမနေတော့ပေ။ အချိန်အတော်ကြာ ရှာဖွေပြီးမှ တောင်ကြားတစ်ခုတွင် ဝမ်ရှီရှီကို တွေ့လိုက်ရသည်။

သူမသည် ကျောက်တုံးကြီးတစ်ခု၏ နောက်ကွယ်တွင် ပုန်းကွယ်နေပြီး တုန်ရီနေသည်။ မျက်နှာတွင် ကြောက်ရွံ့မှုများ အထင်းသား ပေါ်နေသည်။ လော်ယွမ့်ကို မြင်လိုက်သည်နှင့် နှုတ်ခမ်းမဲ့ကျသွားပြီး ငိုချလုနီးပါး ဖြစ်သွားသည်။

"အေးပါ... အေးပါ... ဘာမှမဖြစ်တော့ဘူး... ငါတို့ အခုအိမ်ပြန်ရအောင်" လော်ယွမ် အလျင်အမြန် နှစ်သိမ့်လိုက်သည်။

ယောက်ကြည်တောင်သည် သိပ်မကြီးပေ။ သူတို့ရောက်နေသည်မှာ တောင်ခြေရင်းတွင်ဖြစ်ရာ ထိုကြောက်မက်ဖွယ်ကောင်းသော ဧရာမသတ္တဝါကြီး ပေါ်လာသည်ကို ဝမ်ရှီရှီ မမြင်ဘဲနေမည် မဟုတ်ပေ။ ကြောက်မက်ဖွယ် အရှိန်အဝါနှင့် စွမ်းအားများကြောင့် ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်များက လော်ယွမ်ကိုပင် စိတ်ဓာတ်ကျလုနီးပါး ဖြစ်စေခဲ့ရာ ဝမ်ရှီရှီဆိုလျှင် ပြောဖွယ်ရာပင် မရှိတော့ပေ။

ထို့အပြင် သူထွက်ခွာသွားသည်မှာ နာရီပေါင်းများစွာ ကြာမြင့်ခဲ့ပြီး အသက်ရှင်လျက် ပြန်လာနိုင်မည်၊ မလာနိုင်မည် မသေချာပေ။ ဝမ်ရှီရှီသာ သူ့အပေါ် သံယောဇဉ်ကြီးမား၍ မဟုတ်လျှင် အခြားလူဆိုပါက စောစောစီးစီး ထွက်ပြေးသွားလောက်ပြီ။

"ကို... ကိုကြီး ဘာမှမဖြစ်ပါဘူးနော်" ဝမ်ရှီရှီသည် ရင်ခွင်ထဲမှ ရုန်းထွက်ကာ မျက်ရည်များကို သုတ်ပစ်လိုက်ပြီး လော်ယွမ့်ကို အထက်အောက် ကြည့်ရှုစစ်ဆေးရင်း စိုးရိမ်တကြီး မေးလိုက်သည်။

ယခု လော်ယွမ်၏ဘောင်းဘီမှာ တစ်ဝက်ပြတ်နေရုံသာမက အပေါ်အင်္ကျီလည်း မရှိတော့ပေ။ စွမ်းအင်စုပ် ကျည်ကာဝတ်စုံပေါ်တွင် သွေးကွက်များ ပေကျံနေပြီး ဆံပင်များတွင် ရေညှိများနှင့် ရွှံ့များ ကပ်ငြိနေသည်။ သူ၏ပုံစံမှာ ကြည့်မကောင်းအောင် စုတ်ပြတ်သတ်နေသည်။ မည်မျှပင် အန္တရာယ်များပြီး ခက်ခဲသော အခြေအနေနှင့် ကြုံတွေ့ရပါစေ အမြဲတမ်း ယုံကြည်မှုအပြည့် ရှိနေတတ်သော သူမ၏ကိုကြီးယွမ် ဟုတ်ပါလေစ။

"ငါ့ပုံစံက ဘယ်လိုဖြစ်နေလို့လဲ" လော်ယွမ် ရင်ဘတ်ကို အားနှင့်ပုတ်ပြရင်း ရယ်မောလိုက်သည်။ သို့သော် ဒဏ်ရာများ ကောင်းစွာ မပျောက်ကင်းသေးသဖြင့် ရင်ဘတ်အောင့်သွားကာ ချောင်းဆိုးလုနီးပါး ဖြစ်သွားသည်။

"ပြောစရာရှိတာ လမ်းကျမှ ပြောတော့... ဒီနေရာက စိတ်မချရဘူး... အမြန်သွားရအောင်" ဝမ်ရှီရှီ ထပ်မေးချင်နေသည်ကို မြင်သောအခါ လော်ယွမ် ဖြတ်ပြောလိုက်သည်။

ဝမ်ရှီရှီ လန့်သွားပြီး မျက်နှာဖြူဖပ်ဖြူရော် ဖြစ်သွားကာ ကြောက်လန့်တကြားဖြင့် ပြောမည့်စကားများပင် မေ့သွားတော့သည်။

..........................................................................................

ထို့နောက် နှစ်ယောက်သား ခေါင်းငုံ့ပြီး ခရီးဆက်ခဲ့ကြသည်။ လမ်းတစ်လျှောက် တစ်ခါမှ မနားဘဲ မိုးချုပ်စပြုလာမှ ရပ်နားလိုက်သည်။

ဤနေရာသည် ယောက်ကြည်တောင်နှင့် မိုင် ၁၅၀၊ ၁၆၀ခန့် ကွာဝေးနေပြီဖြစ်သည်။ လမ်းတစ်လျှောက် တင်းမာနေသော စိတ်အခြေအနေမှာ လျော့ကျသွားပြီး လုံးဝ ဘေးကင်းလုံခြုံသွားပြီဟု ခံစားလိုက်ရသည်။

ညအချိန် တောအုပ်ကြီးက မင်ရည်ကဲ့သို့ မည်းမှောင်နေသည်။ နှစ်ဦးသား မီးပုံဘေးတွင် ထိုင်ကာ ညစာစားရင်း စကားတပြောပြောဖြင့် ရှိနေကြသည်။

"သမီးလည်း သေချာတော့ မမြင်လိုက်ရဘူး... အဲ့တာက နဂါးတစ်ကောင်နဲ့ တူတယ်... ဒဏ္ဍာရီထဲက နဂါးလိုမျိုးပဲ... လက်သည်းတွေ ပါပေမယ့် ဦးချို မပါဘူး... ကိုယ်လုံးက သိပ်မရှည်ဘူး... တော်တော် တုတ်ခိုင်သန်စွမ်းမယ့်ပုံပဲ... တစ်ကိုယ်လုံး အရောင်တွေစုံနေရောပဲ... အဲဒီတုန်းက အဝေးကနေ ပျံလာတာကို တစ်ချက်လှမ်းကြည့်လိုက်ရုံနဲ့တင် ကြောက်ပြီး ထွက်ပြေးမိတာ" ဝမ်ရှီရှီသည် ယခု ပြန်ပြောပြနေချိန်အထိ ကြောက်လန့်နေဆဲဖြစ်ပြီး တစ်ကိုယ်လုံး တုန်ရီနေသည်။ သို့သော် အသံမတုန်အောင် အစွမ်းကုန် ကြိုးစားထိန်းထားသည်။

လော်ယွမ် တိတ်ဆိတ်စွာဖြင့် ထင်းခြောက်တစ်ချောင်းကိုကောက်ပြီး မီးပုံကို ထိုးဆွလိုက်ရာ မီးပွားများ လွင့်စင်တက်လာသည်။

နဂါးဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူ့စိတ်ကို မထိခိုက်နိုင်ချေ။ အကယ်၍ နဂါးအစစ် ဖြစ်နေလျှင်ပင် ကမ္ဘာပျက်ခေတ်ကြီးထဲမှ အစွမ်းထက်သည့် သန္ဓေပြောင်းသတ္တဝါတစ်ကောင်သာ ဖြစ်ပေလိမ့်မည်။ သူက နဂါးမှဆင်းသက်လာသည် ဆိုသော အစဉ်အလာယုံကြည်ချက်ဖြင့် ကိုးကွယ်နေမည်မဟုတ်ပေ။ သူ့ကို စိုးရိမ်စေသည်မှာ ၎င်း၏ ကြီးမားသော စွမ်းအားသာဖြစ်သည်။

လော်ယွမ် မတ်တပ်ရပ်လိုက်ပြီး ထင်းခြောက်ကို လွှင့်ပစ်လိုက်သည်။ သူ၏ အရှိန်အဝါ အနည်းငယ် ထွက်ပေါ်လာသည်နှင့် အနီးအနားတွင် လှည့်လည်သွားလာနေသော သန္ဓေပြောင်းသတ္တဝါများ ချက်ချင်း ထွက်ပြေးပျောက်ကွယ်သွားကြသည်။ "စောစော အိပ်တော့... အရမ်းလျှောက်တွေးမနေနဲ့... မနက်ဖြန် မနက်လေး နာရီကျရင် ငါတို့ ခရီးဆက်ကြမယ်"

တစ်ညလုံး စကားမပြောဖြစ်ကြတော့ဘဲ နောက်တစ်နေ့ နေ့လည်ခင်းနီးပါးတွင် ပြန်လည်တည်ဆောက်ရေးဇုန်သို့ ရောက်ရှိလာကြသည်။

မျှော်လင့်ချက်မြို့ အရှေ့ဘက်ထောင့်တွင် အသစ်ဆောက်လုပ်ပြီးစီးသော အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို လွန်ခဲ့သော နှစ်ရက်က စတင်လည်ပတ်နေပြီဖြစ်သည်။ မီတာဆယ်ကျော် တုတ်ခိုင်သော မီးခိုးခေါင်းတိုင်ကြီးမှ ထွက်လာသော မီးခိုးများသည် ကောင်းကင်တစ်ဝက်ခန့်ကို ဖုံးလွှမ်းထားပြီး မူလကပင် မြူဆိုင်းနေသော မျှော်လင့်ချက်မြို့ကို ပိုမိုမှုန်ဝါးသွားစေသည်။

လော်ယွမ်သည် စူးရှသော အနံ့အသက်ကို ရှူရှိုက်လိုက်ပြီး သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ ရက်အနည်းငယ်လောက် မရခဲ့သော ဤအနံ့ကို လွမ်းဆွတ်သလိုပင် ခံစားလိုက်ရသည်။

ပြန်လည်တည်ဆောက်ရေးဇုန်တွင် ယူရေနီယမ်သတ္တု အလွန်ရှားပါးသည်။ အများစုကို အနုမြူလက်နက်များအတွက် အသုံးပြုကြသည်။ (ဟိုက်ဒရိုဂျင်ဗုံး ဖြစ်လျှင်ပင် ယူရေနီယမ်ပြိုကွဲမှုဖြင့် မီးရှို့ရန် လိုအပ်သည်)။ ထို့ကြောင့် အနုမြူ ဓာတ်အားပေးစက်ရုံ သိပ်မရှိဘဲ အားလုံးနီးပါးမှာ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ ဖြစ်ကြသည်။ ထို့ပြင် ကမ္ဘာပျက်ပြီးနောက် သစ်တောသယံဇာတများ အကန့်အသတ်မရှိ ရရှိနိုင်သဖြင့် အပူစွမ်းအင် ကုန်ကျစရိတ်မှာ ပြောပလောက်အောင် မရှိတော့ပေ။

ဤနေရာသို့ ရောက်သောအခါ နှစ်ယောက်သား စိတ်လောလာပြီး ခြေလှမ်းများ မြန်ဆန်လာသည်။ မကြာမီ အိမ်ပြန်ရောက်သွားကြသည်။

ဟွမ်ကျားဟွေနှင့် ကျိုးယလီတို့ အပြင်မထွက်ကြဘဲ လော်ယွမ်နှင့် ဝမ်ရှီရှီ ဘေးကင်းစွာ ပြန်ရောက်လာသည်ကို မြင်သောအခါ စိတ်အေးသွားကြသည်။ ဤရက်အနည်းငယ်အတွင်း နှစ်ယောက်သား ပြန်မရောက်လာသဖြင့် သူတို့ စိုးရိမ်ပူပန်ပြီး အိပ်မပျော်နိုင်အောင် ဖြစ်ခဲ့ရပြီး မျက်နှာများပင် ချောင်ကျသွားသည်။

လော်ယွမ်သည် အိမ်ထောင်ဦးစီးဖြစ်သည်။ အားကိုးစရာမဲ့နေသော ဤကမ္ဘာပျက်ခေတ်ကြီးတွင် သူသာ တစ်ခုခုဖြစ်သွားပါက သူတို့အတွက် ကောင်းကင်ကြီးပြိုကျသည်နှင့် မခြားပေ။

လော်ယွမ်သည် အိမ်မပြန်မီ ဝမ်ရှီရှီကို သေချာ မှာကြားထားခဲ့သည်။ ကြုံတွေ့ခဲ့ရသော အန္တရာယ်များနှင့် ပတ်သက်ပြီး တစ်လုံးမှ မဟကြဘဲ လေးယောက်သား ပျော်ရွှင်စွာ နေ့လည်စာ စားသောက်ကြသည်။ ပြီးနောက် လော်ယွမ် အဝတ်အစားလဲကာ အပြင်သို့ ပြန်ထွက်ခဲ့သည်။

ယခုတစ်ကြိမ် အပြင်ထွက်ရာတွင် ကြုံတွေ့ခဲ့ရသော ကိစ္စရပ်မှာ အလွန်အရေးကြီးသည်။ ကမ္ဘာ့အပြင်ဘက်မှ ယဉ်ကျေးမှုအဖွဲ့အစည်းများ ပေါ်ထွက်လာခြင်းသည် လူသားမျိုးနွယ်၏ ကံကြမ္မာကို လမ်းဆုံလမ်းခွသို့ ရောက်ရှိစေခဲ့သည်။ မည်သို့ရွေးချယ်သည်ဖြစ်စေ၊ မည်သို့တုံ့ပြန်သည်ဖြစ်စေ ပြန်လည်တည်ဆောက်ရေးဇုန်၏ အနာဂတ်ကို အဆုံးအဖြတ် ပေးလိမ့်မည်။ မြို့တစ်မြို့၊ နိုင်ငံတစ်နိုင်ငံကို ဖျက်ဆီးနိုင်သော အဆင့်(၈) သန္ဓေပြောင်းသတ္တဝါကြီး၏ အခန်းကဏ္ဍသည် ဤကိစ္စနှင့်ယှဉ်လျှင် ပြောပလောက်အောင် မရှိတော့ပေ။

မည်သို့ပင်ဖြစ်စေ သူသည် လူသားတစ်ယောက်ဖြစ်သည်။ အားလုံး ဒုက္ခရောက်လျှင် အတူတူ၊ ကောင်းစားလျှင် အတူတူပင်။ ပြန်လည်တည်ဆောက်ရေးဇုန်တွင် နေထိုင်သူတစ်ဦးအနေဖြင့် သူက ဘာမှမဖြစ်သလို နေ၍မရနိုင်၊ ဤကိစ္စနှင့် ကင်းကင်းနေ၍ မရနိုင်ပေ။

လော်ယွမ်သည် ဓားတရားဌာနသို့ လမ်းလျှောက်သွားပြီး ရုံးခန်းအကြီးအကဲ၏ တံခါးကို ခေါက်လိုက်သည်။

ဆက်ရန်...

အပိုင်း (၃၅၈)မြို့သစ်မြို့

ရုံးအဖွဲ့မှူး ချန်ရှင်းကျယ်သည် ဓားတရားဌာန၏ ဖွဲ့စည်းပုံတွင် လုံးဝထင်ပေါ်ခြင်းမရှိပေ။ လွှမ်းမိုးမှုရှိပုံရသော လင်းဖေးယန်ဖြစ်စေ၊ ဘာကိုမှဂရုမစိုက်သော လော်ယွမ်ဖြစ်စေ သူမထက် ရာထူးပိုကြီးကြသလို သာမန် ဓားတရားအဖွဲ့ဝင်များကပင် သူမကို ခိုင်းစေ၍ရသည်။

ဤလှပသော အမျိုးသမီးပျိုသည် ဓားတရားဌာနရှိ အဖွဲ့ဝင်တိုင်းကို ဝန်ဆောင်မှုပေးနေရသော အိမ်တော်ထိန်းတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ သို့သော် နိုင်ငံရေးအကင်းပါးသူတိုင်း သိရှိကြသည်မှာ သူမသည် မျှော်လင့်ချက်မြို့ဓားတရားဌာနရှိ သာမန်လူသားများထဲတွင် ရာထူးအကြီးဆုံးဖြစ်ပြီး ထောက်ပို့လုပ်ငန်းများအားလုံးကို တာဝန်ယူထားရသူဖြစ်သလို ဓားတရားဌာနအတွင်း ထည့်သွင်းထားသော တစ်ပိုင်းတစ်စ လူသိရှင်ကြားဖြစ်သည့် သတင်းပေးတစ်ဦးလည်း ဖြစ်သည်။

သူမ၏ တာဝန်မှာ ဓားတရားအဖွဲ့ဝင်များ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေ၊ နိုင်ငံရေးတိမ်းညွတ်မှုနှင့် အခြားအသုံးဝင်သော သတင်းအချက်အလက်များကို စုဆောင်းတင်ပြရန် ဖြစ်သည်။

သို့သော် သူမသည် အလုပ်လုပ်ရာတွင် အတိုင်းအတာကို ကောင်းစွာသိရှိပြီး ရေကဲ့သို့ နူးညံ့သိမ်မွေ့သော စိတ်သဘောထားရှိသဖြင့် လူမုန်းမများပေ။

"ဒုခေါင်းဆောင်... ဧည့်သည်ထူးပါလား... ဒီနေ့ ဘယ်လိုလုပ်ပြီး ကျွန်မဆီ ရောက်လာတာလဲ" ချန်ရှင်းကျယ်သည် တံခါးဖွင့်ပေးရင်း အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

သူမတွင် လခြမ်းကွေးပုံ မျက်လုံးတစ်စုံရှိပြီး ပြုံးလိုက်လျှင် ဆွဲဆောင်မှုရှိသော်လည်း လော်ယွမ်မှာမူ ယခုအချိန်တွင် ခံစားကြည့်ရှုလိုစိတ် လုံးဝမရှိပေ။ သူမက လက်ဖက်ရည်ဖျော်ရန် လှည့်ထွက်သွားသည်ကို မြင်သောအခါ လော်ယွမ်က အလျင်အမြန် တားဆီးလိုက်ပြီး "ဒုက္ခရှာမနေပါနဲ့တော့... ကျွန်တော် လာတာ အရေးကြီးတဲ့ သတင်းတစ်ခု ပြောစရာရှိလို့"

ချန်ရှင်းကျယ် အနည်းငယ် ကြောင်အသွားသည်။ လော်ယွမ်၏ မျက်နှာမှာ တည်ကြည်လေးနက်နေပြီး သေးသောကိစ္စမဖြစ်နိုင်မှန်း သိလိုက်ရသဖြင့် သူမ၏အပြုံးများ လျော့ပါးသွားသည်။ သူမက တံခါးကို သွားပိတ်လိုက်ပြီး "ဒုခေါင်းဆောင်ယွမ်... ထိုင်ပါဦး... ဘာကိစ္စများလဲရှင့်"

ထို့နောက် လော်ယွမ်သည် လွန်ခဲ့သောညက တွေ့ရှိခဲ့သည့် ကမ္ဘာ့အပြင်ဘက်ယဉ်ကျေးမှုအဖွဲ့အစည်းမှ ဉာဏ်ရည်တုစက်ရုပ်အကြောင်းကို အစအဆုံး ပြောပြလိုက်သည်။ အချိန်၊ နေရာနှင့် အဖြစ်အပျက် အသေးစိတ်အားလုံးကို ရှင်းလင်းစွာ ပြောပြသည်။

ရာထူးကွာခြားသည်နှင့်အမျှ စကား၏အလေးချိန်သည်လည်း ကွာခြားမှုရှိသည်။ အကယ်၍ သာမန်ပြည်သူတစ်ဦးကသာ ဤစကားကို လာပြောပါက ချန်ရှင်းကျယ်အနေဖြင့် ဟာသတစ်ခုအဖြစ် သဘောမထားလျှင်ပင် အလေးအနက်ထားလိမ့်မည် မဟုတ်ပေ။ အနည်းဆုံးတော့ သက်သေအထောက်အထားများ ပိုမိုလိုအပ်ပေမည်။

သို့သော် လော်ယွမ်သည် အဆင့်မြင့်ဆင့်ကဲပြောင်းလဲသူတစ်ဦးဖြစ်သလို ဓားတရားဌာန၏ ဒုတိယခေါင်းဆောင်လည်း ဖြစ်သည်။ ပုံမှန်အချိန်များတွင် အမူအရာမှန်ကန်ပြီး စိတ်ဖောက်ပြန်သည့် လက္ခဏာလည်း မရှိပေ။ သူ၏စကားသည် အလေးချိန်တစ်ခု ရှိပြီးဖြစ်သလို ဤကဲ့သို့သော ကိစ္စမျိုးကို နောက်ပြောင်ပြောဆိုလိမ့်မည် မဟုတ်ပေ။

"ဒုခေါင်းဆောင်... ရှင်ပြောတာ တကယ်လား... ဒါက နောက်စရာ မဟုတ်ဘူးနော်" ချန်ရှင်းကျယ် ပါးစပ်အဟောင်းသားဖြစ်သွားပြီး အပြုံးများ ပျက်ယွင်းသွားသည်။

တစ်ဖက်လူက သူ့ကို တကယ်သံသယရှိနေခြင်းမဟုတ်ဘဲ မယုံကြည်နိုင်လောက်အောင် ဖြစ်နေခြင်းသာဖြစ်ကြောင်း လော်ယွမ် သိသည်။ မည်သူမဆို ဒီသတင်းကို ကြားလျှင် ယုံတဝက် မယုံတဝက် ဖြစ်ကြပေမည်။ သူမ၏ ကြောင်ငေးနေသော အကြည့်ကို ရင်ဆိုင်ရင်း လော်ယွမ်က လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။

ချန်ရှင်းကျယ်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး လေးလံသောစိတ်ဖြင့် ပြောလိုက်သည် - "ဒုခေါင်းဆောင်... ရှင် ဒီနေ့ အပြင်ထွက်လို့ရတော့မယ် မထင်ဘူး... ဒီကိစ္စက အရမ်းကြီးမားလွန်းတယ်... ရှင် ချက်ချင်း မြို့သစ်မြို့ကို သွားရလိမ့်မယ်"

လော်ယွမ် ခေါင်းညိတ်လိုက်သည်။ သူလည်း ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။

ချန်ရှင်းကျယ်သည် လော်ယွမ်ရှေ့တွင်ပင် ဖုန်းကိုကောက်ကိုင်လိုက်ပြီး ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ ဖုန်းခေါ်ဆိုလိုက်သည်။ မိနစ်အနည်းငယ်အကြာတွင် ဖုန်းချလိုက်သောအခါ သူမ၏ နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များ ကျနေပြီး အားကုန်ခမ်းသွားသကဲ့သို့ ဖြစ်နေသည်။

သူမ စိတ်ကိုပြန်ထိန်းလိုက်ပြီး မီးရထားလက်မှတ်ဖြတ်ရန် ထပ်မံဆက်သွယ်လိုက်သည်။

"ကျွန်မတို့ နောက်ထွက်မယ့် ရထားနဲ့ ချက်ချင်းသွားကြမယ်"

ထို့နောက် သူတို့နှစ်ဦးသည် ဘူတာရုံသို့ အလျင်အမြန် သွားရောက်ကြသည်။

ကန္တာရမြို့၏ မြေအောက်ဘူတာရုံနှင့် နှိုင်းယှဉ်ပါက မျှော်လင့်ချက်မြို့၏ မြေအောက်ဘူတာရုံသည် အဆပေါင်းများစွာ ပိုကြီးမား၏။ အထူးသဖြင့် ကုန်တင်ရုံသည် ဘောလုံးကွင်းအများအပြားစာမျှ ကျယ်ဝန်းပြီး ကုန်သေတ္တာများ တောင်ပုံရာပုံ ပုံထားသည်။

ယခုအခါ ရေကြောင်းသယ်ယူပို့ဆောင်ရေး ရပ်ဆိုင်းသွားပြီဖြစ်ပြီး ကားလမ်းသယ်ယူပို့ဆောင်ရေးသည်လည်း ခရီးတိုသာ သွားလာနိုင်သည်။ ကုန်စည်စီးဆင်းမှု အများစုသည် ဘေးကင်းလုံခြုံမှုရှိသော မြေအောက်မီးရထားလမ်းကိုသာ အားကိုးနေရသည်။ ပြန်လည်တည်ဆောက်ရေးဇုန်၏ အဓိကမြို့ကြီးတစ်မြို့ ဖြစ်သည်နှင့်အညီ နေ့စဉ် ဤနေရာရှိ ကုန်စည်စီးဆင်းမှု ပမာဏမှာ များပြားလှသည်။

သို့သော် ရှုပ်ထွေးနေသော ကုန်စည်ပို့ဆောင်ရေးနှင့် နှိုင်းယှဉ်လျှင် လူစီးရထားအခြေအနေမှာမူ ခြောက်ကပ်နေသည်။ ဧရာမ ခရီးသည်နားနေဆောင်ကြီးတစ်ခုလုံးတွင် လူနှစ်ဆယ်၊ သုံးဆယ်ခန့်သာ ရှိသည်။ သူတို့၏ ဝတ်စားဆင်ယင်ပုံကို ကြည့်ရသည်မှာ အများစုက အစိုးရကိစ္စဖြင့် သွားလာကြသူများသာ ဖြစ်သည်။ ကမ္ဘာပျက်ကပ်မတိုင်မီက မြို့ငယ်လေးတစ်မြို့၏ ဘူတာရုံလောက်ပင် လူမစည်ကားပေ။

ဘူတာရုံကို ဤမျှကြီးမားအောင် တည်ဆောက်ထားရခြင်းမှာ အနာဂတ်တွင် အခြေအနေကောင်းမွန်လာနိုင်မှုကို မျှော်လင့်ထားခြင်းအပြင် စစ်သားများ သယ်ယူပို့ဆောင်ရေးအတွက်ပါ ရည်ရွယ်ထားပုံရသည်။

လော်ယွမ် ခေတ္တမျှ ကြည့်ရှုပြီးနောက် စိတ်ထဲတွင် ယခုအဖြစ်အပျက်များအပေါ် အဆိုးမြင်စိတ်များ ဝင်ရောက်လာသည်။ ယခုကဲ့သို့ တည်ငြိမ်သောအခြေအနေ ရရှိလာရန် မလွယ်ကူခဲ့ပေ။ မည်မျှကြာကြာ ဆက်လက်ထိန်းသိမ်းထားနိုင်ဦးမည် မသိ။

.............................................................................................

သိပ်မကြာခင်မှာပင် ရထားဆိုက်ရောက်လာသဖြင့် သူတို့နှစ်ဦး ရထားတွဲပေါ်တက်ပြီး ထိုင်လိုက်ကြသည်။ စကားမပြောဘဲ တိတ်ဆိတ်စွာဖြင့် ကိုယ့်အတွေးနှင့်ကိုယ် ဖြစ်နေကြသည်။

လော်ယွမ်သည် ထိုင်ခုံနောက်မှီကို မှီလိုက်ပြီး မျက်လုံးမှိတ်ကာ အနားယူလိုက်သည်။

ဤရက်ပိုင်းအတွင်း ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များသည် သူ့ကို စိတ်ပင်ပန်းနွမ်းနယ်စေခဲ့သည်။ ဒဏ်ရာများ ပြန်ကောင်းသွားပြီ ဖြစ်သော်လည်း စိတ်ထဲတွင် လေးလံနေဆဲဖြစ်သည်။ ထိုနေ့က မြင်တွေ့ခဲ့ရသော အဖြစ်အပျက်သည် မခံနိုင်လောက်အောင် ကြီးမားသော ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာပြီး သူ့ကို အသက်ရှူကျပ်စေသည်။ ကမ္ဘာ့အပြင်ဘက်မှယဉ်ကျေးမှုအဖွဲ့အစည်း၏ ဖိအားသည် ကြီးမားလွန်းလှသည်။ စိတ်ဓာတ်မည်မျှကြံ့ခိုင်သူဖြစ်စေ ဤအခြေအနေမျိုးတွင် ဘာမှမဖြစ်သလို နေနိုင်မည်မဟုတ်ပေ။ ဤသည်မှာ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ပြီး မမြင်ချင်ယောင်ဆောင်နေရုံဖြင့် ပျောက်ကွယ်သွားမည့်အရာ မဟုတ်ပေ။

ယနေ့တွင် စိတ်ထဲ၌ နက်ရှိုင်းစွာ ဖုံးကွယ်ထားသော ဝန်ထုပ်ဝန်ပိုးကို ဖွင့်ဟပြောဆိုလိုက်ရသဖြင့် ရင်ထဲတွင် ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ မိုးပြိုကျလာလျှင် အရပ်ရှည်တဲ့လူတွေ ခံပေးလိမ့်မည် (တာဝန်ရှိသူတွေ ဖြေရှင်းလိမ့်မည်) ဟု တွေးလိုက်သည်။ ဤသည်မှာလည်း ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ခြင်းသာဖြစ်သည်။ ကြယ်တာရာများကို ဖြတ်ကျော်ခရီးနှင်နိုင်သော ကမ္ဘာ့အပြင်ဘက်ယဉ်ကျေးမှုအဖွဲ့အစည်းတစ်ခုအနေဖြင့် နည်းပညာတိုးတက်မှုသည် လူသားထက် များစွာသာလွန်နေမည်ဖြစ်ရာ ပြန်လည်တည်ဆောက်ရေးဇုန် အစိုးရက သိရှိသွားလျှင်လည်း ထူးမခြားနားပေ။ သူတို့အနေဖြင့် ပြန်လည်တည်ဆောက်ရေးဇုန်ကို ချေမှုန်းရန် အားကုန်ထုတ်စရာပင်မလိုဘဲ လက်ချောင်းလေးဖြင့် တွန်းလိုက်ရုံဖြင့် ပြာကျသွားစေနိုင်သည်။

ထိုစဉ် လော်ယွမ်၏လက်ဖဝါးတွင် နူးညံ့သောအထိအတွေ့တစ်ခုကို ခံစားလိုက်ရသည်။ ချန်ရှင်းကျယ်က သူ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူမ၏ခန္ဓာကိုယ်မှာ တုန်ယင်နေသည်။

လော်ယွမ် သက်ပြင်းချလိုက်ပြီး သူမ၏လက်ကို ပြန်လည်ဆုပ်ကိုင်ပေးလိုက်သည်။ သူကိုယ်တိုင်ပင် ဤကိစ္စနှင့်ပတ်သက်ပြီး အလွန်စိုးရိမ်ပူပမ်နေလျှင် အားနွဲ့သော သာမန်လူသားတစ်ဦးဖြစ်သည့် ချန်ရှင်းကျယ်အတွက် ဖိအားမှာ ပိုမိုကြီးမားပေလိမ့်မည်။ ထို့ကြောင့်လည်း သူက ဟွမ်ကျားဟွေနှင့် အခြားသူများကို မပြောပြခဲ့ခြင်းဖြစ်သည်။ သူတို့အနေဖြင့် စိတ်ဓာတ်ပြိုလဲသွားစေနိုင်သော ဖိအားမျိုးကို မခံစားစေလိုပေ။

ချန်ရှင်းကျယ်သည် စကားတစ်ခွန်းမှမပြောဘဲ ခေါင်းငိုက်စိုက်ချကာ လမ်းတစ်လျှောက်လုံး တိတ်ဆိတ်ငြိမ်သက်နေသည်။

ရထားသည် နှစ်နာရီကြာ မောင်းနှင်ပြီးနောက် ဘူတာသို့ ဖြည်းညင်းစွာ ဆိုက်ရောက်လာသည်။ သူတို့နှစ်ဦး လူအုပ်နှင့်အတူ လိုက်ပါထွက်ခွာလာကြပြီး ဘူတာရုံအပြင်သို့ ရောက်သည်နှင့် စူးရှပြင်းထန်သော အနံ့ဆိုးတစ်ခု နှာခေါင်းထဲသို့ ဝင်ရောက်လာသည်။ လော်ယွမ် မျက်မှောင်ကြုတ်လိုက်ပြီး မော့ကြည့်လိုက်သည်။

မျက်စိရှေ့မှောက်ရှိ မြို့သစ်မြို့သည် စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။

ဘေးတစ်ဖက်တစ်ချက်စီတွင် ပေ၁၂၀၀ ခန့်မြင့်မားသော မတ်စောက်သည့် ကျောက်ကမ်းပါးယံကြီးများ ရှိနေပြီး ရှင်းကျင်းမြို့တော်တစ်ခုလုံးသည် ထိုတောင်ကြားထဲတွင် တည်ရှိနေသည်။ ကျောက်ကမ်းပါးယံများကို ဘိလပ်မြေများဖြင့် ဖုံးအုပ်ထားသဖြင့် မီးခိုးရောင်သန်းနေပြီး လူလုပ်ထားခြင်းလော၊ သဘာဝအလျောက် ဖြစ်ပေါ်နေခြင်းလော ခွဲခြား၍မရပေ။

အရှေ့နှင့် အနောက်ရှိ ကျဉ်းမြောင်းသော တောင်ကြားလမ်းကြောင်းနှစ်ခုမှလွဲ၍ ရှင်းကျင်းမြို့တော်တစ်ခုလုံးတွင် အခြားထွက်ပေါက် လုံးဝမရှိပေ။

အထက်လူကြီးများက မျှော်လင့်ချက်မြို့ကို စွန့်ပယ်ပြီး နိုင်ငံ၏မြို့တော်ကို ဤနေရာတွင် အဘယ့်ကြောင့် ပြောင်းရွှေ့ထားသနည်းဆိုသည်ကို နားလည်သွားပြီဖြစ်သည်။ ဤနေရာ၏ ပထဝီအနေအထားက အလွန်ကောင်းမွန်လွန်းသည်။ ဘေးနှစ်ဖက်ရှိ ကျောက်ကမ်းပါးယံများကြောင့် ခံစစ်အတွက် အလွန်ကောင်းမွန်ပြီး စစ်သည်တစ်ယောက်တည်းဖြင့်ပင် ရန်သူထောင်ပေါင်းများစွာကို တားဆီးနိုင်မည့် နေရာမျိုးဖြစ်သည်။

စိတ်လှုပ်ရှားဖွယ်ရာ မြင်ကွင်းကို ကြည့်ရင်း လော်ယွမ်၏ စိတ်ထဲတွင် အုံ့မှိုင်းနေသော တိမ်တိုက်များသည် အနည်းငယ် ကင်းစင်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သို့သော် ထိုမြေအနေအထားကြောင့်ပင် လေဝင်လေထွက် မကောင်းမွန်ဘဲ လေထုညစ်ညမ်းမှု ဆိုးရွားလှသည်။ ဤနေရာနှင့် ယှဉ်လိုက်လျှင် မျှော်လင့်ချက်မြို့၏ လေထုကပင် သန့်ရှင်းလတ်ဆတ်သည်ဟု ပြောနိုင်သည်။

ပတ်ဝန်းကျင်တွင် ပါးလွှာသော မြူခိုးများ ဖုံးလွှမ်းနေပြီး ခေါင်းပေါ်ရှိ ကောင်းကင်ကိုပင် ကောင်းစွာမမြင်ရပေ။

ဤနေရာတွင် စက်ရုံအလုပ်ရုံများ အများအပြားရှိပြီး အချိန်တိုင်းတွင် ညစ်ညမ်းမှုအမြောက်အမြားကို ထုတ်လွှတ်နေသည်။ နေရာအနှံ့ ပြန့်နှံ့နေသော စူးရှသည့် အဆိပ်ဓာတ်ငွေ့များကြောင့် ကမ္ဘာပျက်ကပ်မတိုင်မီက ခန္ဓာကိုယ်အခြေအနေမျိုးနှင့်သာဆိုလျှင် ဤနေရာတွင် တစ်နှစ်ပင် ခံနိုင်မည်မဟုတ်ပေ။

အပြင်ဘက်တွင် ကားလေးတစ်စီး စောင့်ကြိုနေသည်။

၎င်းက ကမ္ဘာပျက်ကပ်မတိုင်မီက ကားအမှတ်တံဆိပ်ဖြစ်သည်။ ကမ္ဘာပျက်ကပ် ဖြစ်ပွားပြီးနောက်ပိုင်း ဤကဲ့သို့သော အိမ်စီးကားများကို ထပ်မံထုတ်လုပ်ခြင်း မရှိတော့ဘဲ ကုန်တင်ကားကြီးများနှင့် သံချပ်ကာကားများက နေရာယူသွားပြီဖြစ်သည်။ အစိုးရသုံးကားအချို့မှလွဲ၍ လမ်းပေါ်တွင် မြင်တွေ့ရခဲသည်။

သူတို့နှစ်ဦး ထွက်လာသည်ကို မြင်သောအခါ စစ်ဝတ်စုံဝတ်ထားသော လူထွားကြီးတစ်ဦးသည် ယာဉ်မောင်းခန်းထဲမှ ထွက်လာပြီး နောက်ခန်းတံခါးကို သွက်လက်စွာ ဖွင့်ပေးလိုက်သည်။

"ဗိုလ်ချုပ်ယွမ်နဲ့ ဌာနမှူးချန်... နံပါတ် ၂ ခေါင်းဆောင်ကြီး စောင့်နေတယ်... ကားပေါ်တက်ကြပါ"

ဆက်ရန်

All Chapters