← Chapters

အခန်း (၃၅၉-၃၆၀)

Vol. 18 Ch. 359-360

အခန်း (၃၅၉-၃၆၀)

Vol. 18 Ch. 359-360

အပိုင်း(၃၅၉) စစ်ဆေးမေးမြန်းခြင်း

သူတို့နှစ်ဦး ထိုင်လိုက်သည်နှင့် ကားစက်နှိုးပြီး ချက်ချင်း ထွက်ခွာသွားသည်။

လမ်းမပေါ်တွင် လူသွားလူလာ သိပ်မရှိဘဲ ရှင်းလင်းနေသည်။ ကားအရှိန်မှာ အလွန်မြန်ပြီး ဘေးပတ်ဝန်းကျင်မှ မြင်ကွင်းများသည် ရိပ်ခနဲ ဖြတ်ကျော်သွားသည်။ မြင်ရသမျှ နေရာတိုင်းတွင် စက်ရုံအလုပ်ရုံများ ဆက်တိုက် တည်ရှိနေသည်။

ချန်ရှင်းကျယ်သည် လော်ယွမ့်ဘေးတွင် တောင့်တောင့်ကြီး ထိုင်နေသည်။ သူမ၏ လက်များကို တင်းတင်းဆုပ်ထားသဖြင့် ဖြူဖွေးနုနယ်သော လက်ခုံပေါ်တွင် သွေးကြောစိမ်းလေးများ ပေါ်နေသည်။ သူမ အတော်လေး စိတ်လှုပ်ရှားနေပုံရသည်။

နံပါတ် (၂) ခေါင်းဆောင်ဆိုသည်မှာ ထိပ်တန်းအာဏာပိုင်အဆင့် ဖြစ်သည်။ သူမကဲ့သို့ သာမန် ဝန်ထမ်းအငယ်စားလေးတစ်ယောက်အနေဖြင့် ပုံမှန်အချိန်များတွင် မည်သို့ တွေ့ခွင့်ရနိုင်မည်နည်း။

လော်ယွမ်ကမူ တည်ငြိမ်နေဆဲဖြစ်သည်။ ကြီးမားသော အင်အားပိုင်ဆိုင်ထားခြင်းက သူ့ကို ယုံကြည်မှု ရှိစေသည်။ သူ့စိတ်အခြေအနေမှာ သိပ်ပြီး လှုပ်ရှားမှုမရှိကြောင်း လော်ယွမ် သတိပြုမိလိုက်သည်။

ကားသည် ခပ်နိမ့်နိမ့် အဆောက်အအုံငယ်တစ်ခုရှေ့တွင် ရပ်တန့်သွားသည်။ အဆောက်အအုံမှာ သာမန်ပင်။ အမြင့်ဆုံးအာဏာပိုင်ဌာနဖြစ်ကြောင်း ပြသနေသည့် ဆိုင်းဘုတ်နှင့် အနီးအနားတွင် လှည့်လည်သွားလာနေသော သံချပ်ကာကားများ၊ စစ်သားများသာ မရှိလျှင် သတိပင်ထားမိမည် မဟုတ်ချေ။

သူတို့နှစ်ဦး ကားမောင်းသမားနောက်မှ ဆင်းလိုက်သည်နှင့် တာဝန်ကျစစ်သားများ၏ စူးစိုက်ကြည့်ရှုခြင်းကို ခံလိုက်ရသည်။ လော်ယွမ်သည် အလိုက်တသိပင် သူ၏ ကိုယ်ပိုင်လက်နက်များကို ထုတ်ပေးလိုက်ပြီး အသေးစိတ် ရှာဖွေစစ်ဆေးခြင်းကို ခံယူလိုက်သည်။ အမှန်တကယ်တော့ ၎င်းတို့က ဟန်ပြလုပ်ထုံးလုပ်နည်း သက်သက်သာဖြစ်သည်။ အကယ်၍ လော်ယွမ်ကသာ ရန်ပြုလိုစိတ်ရှိပါက လက်နက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သိပ်ကွာခြားမှု ရှိမည်မဟုတ်ပေ။

အထဲသို့ ရောက်သောအခါမှ ဤအဆောက်အအုံငယ်သည် ဝင်ပေါက်သာဖြစ်ပြီး တကယ့်အဓိကနေရာမှာ မြေအောက်တွင် ရှိနေကြောင်း လော်ယွမ် သိလိုက်ရသည်။

သူတို့သည် ဓာတ်လှေကားစီးပြီး ဟိုကွေ့ဒီကွေ့နှင့် ပတ်လမ်းပေါင်းများစွာ သွားလာခဲ့ရသည်။ လော်ယွမ်၏ မှတ်ဉာဏ်သာ မကောင်းမွန်ပါက ပြန်လမ်းရှာတွေ့ရန်ပင် ခက်ခဲပေလိမ့်မည်။ ဆယ်မိနစ်ခန့် ကြာသောအခါ အစည်းအဝေးခန်းမတစ်ခု၏ တံခါးဝသို့ ရောက်ရှိလာကြသည်။

အစောင့်စစ်သားက တံခါးဖွင့်ပေးလိုက်သည်နှင့် ချန်ရှင်းကျယ်ကို အပြင်တွင် တားထားလိုက်ပြီး လော်ယွမ်တစ်ယောက်တည်းသာ အစည်းအဝေးခန်းမထဲသို့ ဝင်ခွင့်ရသည်။

အထဲတွင် လူအများအပြား စောင့်ဆိုင်းနေကြပြီဖြစ်သည်။ လော်ယွမ် ဝင်လာသည်ကို မြင်သောအခါ အကြည့်ပေါင်းများစွာ သူ့ထံသို့ ကျရောက်လာသည်။ ထိုအကြည့်များထဲတွင် ထိတ်လန့်မှု၊ သံသယဖြစ်မှု၊ ဒေါသနှင့် မျှော်လင့်ချက်မဲ့မှုများ ပါဝင်နေသည်။ လေထုမှာ ထူးကဲစွာ လေးလံဖိစီးနေပြီး လော်ယွမ်က မျက်လွှာကို အနည်းငယ်ချလိုက်ကာ ခြေလှမ်းမပျက်ဘဲ ခန်းမထဲသို့ ဝင်သွားလိုက်သည်။

"ဗိုလ်မှူးချုပ်လော်ယွမ်... အဝေးကြီးကနေ လာရတာ ပင်ပန်းသွားပြီထင်တယ်... ဒါပေမဲ့ ခင်ဗျားပေးတဲ့ သတင်းက အရမ်းအရေးကြီးလွန်းတော့ ကျွန်တော်တို့ သတိထား ကိုင်တွယ်ဖို့လိုတယ်... အခုမေးမြန်းတဲ့အခါ ဘာမှမထိမ်ချန်ဘဲ နောက်ပြောင်ခြင်းမရှိ ဖြေကြားပေးစေချင်ပါတယ်" နံပါတ် (၂) ခေါင်းဆောင်က ပင်ပန်းနွမ်းနယ်နေသော မျက်နှာထားဖြင့် လေးလေးနက်နက် ပြောသည်။

လော်ယွမ်က လေးနက်သော မျက်နှာထားဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ဗိုလ်မှူးချုပ်လော်ယွမ်... စင်မြင့်ပေါ်မှာ နေရာယူပြီး မေးခွန်းတွေကို ဖြေကြားပေးပါ... နောက်ဆုံးအနေနဲ့ မှာချင်တာက ဒီအစည်းအဝေးက 'အဆင့် (က)' လျှို့ဝှက်ချက် ဖြစ်ပါတယ်... ဒီမှာရှိတဲ့လူတိုင်း လျှို့ဝှက်ချက် မပေါက်ကြားရေး စည်းမျဉ်းတွေကို လိုက်နာပေးကြပါ" ပြောပြီးသည်နှင့် သူ မတ်တတ်ရပ်လိုက်ရာ ခန္ဓာကိုယ် အနည်းငယ် ယိုင်သွားသေးသည်။ ထို့နောက် ပရိသတ်ခုံတန်းဘက်သို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။

လော်ယွမ် စင်မြင့်ပေါ်သို့ တက်လိုက်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှူကာ စကားစပြောလိုက်သည်။ "ကျွန်တော် ဒီလိုနေရာမှာ စကားပြောရမယ်လို့ မထင်ထားခဲ့ဘူး... တကယ်တော့ ဒီနေ့ ဒီနေရာမှာ ခုလိုမပြောချင်ဘူး... အခုကစပြီး ကျွန်တော်ပြောသမျှ စကားတိုင်းက လူသားမျိုးနွယ်ဝင် တစ်ယောက်အနေနဲ့ ပြောမှာပါ"

"ကိစ္စဖြစ်တာက လွန်ခဲ့တဲ့ ၃ ရက်ကပဲ... အဲဒီနေ့က ကျွန်တော် တာဝန်တစ်ခု ထမ်းဆောင်ရင်း ခရီးလမ်းဝေးတာကြောင့် ပြန်လည်တည်ဆောက်ရေးဇုန်နဲ့ မိုင်၃၅၀ ကျော်ဝေးတဲ့ တောထဲတစ်နေရာ (ကိုဩဒိနိတ် X:, Y:) မှာ သောင်တင်နေခဲ့ပါတယ်"

"အဲဒီညက အနီးအနားက ဂူတစ်ခုမှာ အနားယူနေရင်း မနက် ၁ နာရီလောက်မှာပဲ အပြာရောင်အလင်းတန်းတစ်ခု ဖြတ်သွားတာကို တွေ့လိုက်ရလို့ ကျွန်တော် လိုက်ကြည့်ခဲ့တယ်..."

လော်ယွမ် ပြောပြပြီးသည်နှင့် အစည်းအဝေးခန်းမတစ်ခုလုံး ဆူညံသွားသည်။

"ဗိုလ်မှူးချုပ်လော်ယွမ်... အဲဒီစက်ရုပ်ပေါ်မှာ ရင်းနှီးတဲ့ စာလုံးတွေ... အာရပ်ကိန်းဂဏန်းတွေ မပါတာ သေချာလား" ဆံပင်ဖြူဖြူနှင့် သိပ္ပံအကြံပေးပုဂ္ဂိုလ်တစ်ဦးက မနေနိုင်တော့ဘဲ ထမေးသည်။

(အာရပ်ကိန်းဂဏန်းဆိုတာ 1/2/3/4 ကိန်းဂဏန်းတွေဖြစ်ပါတယ်။ ဒီကိန်းဂဏန်းတွေက အင်္ဂလိပ်က လာတာမဟုတ်ပါဘူး မူရင်းက အန္ဒိယကနေ လာတာဖြစ်ပြီး အာရပ်ကုန်သည်တွေနဲ့ ပါရှန်းသင်္ချာနဲ့နက္ခတ်ပညာရှင်တွေက အန္ဒိယနဲ့ကနေ ယူဆောင်လာပြီး ဥရောပကိုရောက်လာတာပါ။ ဥရောပတွေက နံပါတ်စနစ်ကိုမြင်တော့ အလွန်အကျိုးရှိပြီး ရိုးရှင်းတာတွေ့တဲ့အတွက် ရိုမန်ကိန်းဂဏန်းတွေနေရာမှာ သူတို့ကိုအစားထိုးလိုက်ကြပါတယ်။ ဒါပေမဲ့ဥရောပတွေက အန္ဒိယကလာတယ်လို့မသိပဲ အာရပ်သချာၤပညာရှင်တွေစီကနေ ရလိုက်တာဖြစ်လို့သူတို့ကို အာရပ်ကိန်းဂဏန်းများဆိုပြီး သတ်မှတ်လိုက်ကြတာပါ။ အခုခေတ်မှာတော့ သူတို့ကို အာရပ်ကိန်းဂဏန်းများ (သို့) ဟင်ဒူအာရပ်ကိန်းဂဏန်းများဆိုပြီး ခေါ်ကြပါတယ်။ အစ္စလာန်ခေတ် မတိုင်မီက အာရပ်တွေက သင်္ချာနဲ့ နက္ခတ်ပညာမှာ ဥရောပထက် ထူးချွန်ကြပါတယ်)

"မပါဘူး" လော်ယွမ်က ခေါင်းခါပြီး ဖြေလိုက်သည်။

"ဒါပေမဲ့ ခင်ဗျားပြောတော့ ၂မိုင်ခွဲ အကွာကဆို... ခင်ဗျား အမြင်မှားတာရော မဖြစ်နိုင်ဘူးလား" သူက ဆက်မေးသည်။

"ကျွန်တော့် မျက်လုံးအမြင်အာရုံ ကောင်းပါတယ်" လော်ယွမ်က လေသံအေးအေးဖြင့် ပြန်ဖြေလိုက်သည်။

ထိုသိပ္ပံအကြံပေးပုဂ္ဂိုလ် ဆက်မေးရန် ပြင်နေစဉ်မှာပင် အခြားအဖိုးအိုတစ်ဦးက ဖြတ်ပြောလိုက်သည်။ "ကျွန်တော်တို့ ကျန်တဲ့ လူသားစခန်းတွေနဲ့ နည်းပညာဖလှယ်မှုတွေ အမြဲလုပ်နေတာပဲ... ဘယ်စခန်းကမှ ဒီလောက် နည်းပညာမမြင့်သေးဘူး... ကျွန်တော် မေးချင်တာက အဲဒီသန္ဓေပြောင်းသတ္တဝါ ထုတ်လွှတ်တဲ့ မီးအပူချိန်ကို ခင်ဗျား ခန့်မှန်းနိုင်လား"

"အတိအကျတော့ မဆုံးဖြတ်နိုင်ဘူး... ဒါပေမဲ့ ကိုးကားလို့ရတာတစ်ခုက သန္ဓေပြောင်းသတ္တဝါ မီးထုတ်လွှတ်လိုက်တာနဲ့ မီးတောက်ရဲ့ ပေ၃၀ ပတ်လည်က သစ်ပင်တွေပါ မီးလောင်ကုန်တယ်" လော်ယွမ်က ပြောသည်။

"ကျွန်တော် တွက်ချက်ကြည့်တာတော့ အပူချိန်က ဒီဂရီ ၁ သောင်းနဲ့ ၂ သောင်းကြားမှာ ရှိလိမ့်မယ်... ဒီလောက် အပူချိန်မြင့်တာတောင် စက်ရုပ်ရဲ့ သတ္တုက အရောင်မပြောင်းဘူးဆိုတော့ လက်ရှိ ပြန်လည်တည်ဆောက်ရေးဇုန်ရော အခြားလူသားစခန်းတွေမှာပါ အဲဒီလောက် ခံနိုင်ရည်ရှိတဲ့ ပစ္စည်း မရှိသေးဘူး" စကားဆုံးသည်နှင့် နောက်ထပ် သိပ္ပံပညာရှင်တစ်ဦးက ချက်ချင်း ထပြောသည်။

လော်ယွမ် အံ့သြစွာ လှမ်းကြည့်လိုက်သည်။ ဤသိပ္ပံအကြံပေးပုဂ္ဂိုလ်မှာ အလွန်ငယ်ရွယ်ပြီး အသက် ၂၀ ဝန်းကျင်ခန့်သာ ရှိဦးမည်။ ဆံပင်ဖြူအဖိုးအိုများကြားတွင် ထူးခြားထင်ရှားနေသည်။ ထို့အပြင် ဤမျှ အားကောင်းသော စိတ်တွက်သင်္ချာစွမ်းရည်ရှိပုံအရ ဤလူငယ်သည် ရှားပါးလှသော ဉာဏ်ပညာပိုင်းဆိုင်ရာ ဆင့်ကဲပြောင်းလဲသူ ဖြစ်ပုံရသည်။ ထိုလူငယ်က ဆက်မေးသည်။

"ဗိုလ်မှူးချုပ်လော်ယွမ်... ကျွန်တော် စွမ်းအင်မောင်းနှင်မှုအပိုင်းနဲ့ ပတ်သက်ပြီး မေးချင်ပါတယ်... ခင်ဗျားပြောပုံအရဆိုရင် ဒီစက်ရုပ်မှာ ကမ္ဘာ့ဆွဲငင်အားဆန့်ကျင်တဲ့ အင်ဂျင်ပါပုံရတယ်... နောက်ပိုင်း ကမ္ဘာမြေက ထွက်ခွာတော့ ပုံမှန်တာဘိုင်း စနစ် သုံးသွားတယ်ဆိုတော့ မီးတောက်အရောင်ကို ခင်ဗျား မြင်လိုက်လား"

လော်ယွမ် ခေတ္တမျှ တိတ်ဆိတ်သွားသည်။ ထိုစဉ်က စက်ရုပ် ပျံသန်းသွားသည်မှာ မြန်ဆန်လွန်းသဖြင့် သူ သေချာမမြင်လိုက်ရပေ။ သို့သော် ယခုအချိန်တွင် သူ၏ မှတ်ဉာဏ်စွမ်းအားမှာ အံ့မခန်းကောင်းမွန်နေပြီဖြစ်ရာ ခေါင်းထဲမှ ပုံရိပ်များကို ပြန်လည်မြင်ယောင်ကြည့်လိုက်သည်။ ခဏအကြာတွင် သူက "အနီရောင် ဖျော့ဖျော့လေးလို့ ထင်တယ်" ဟု ပြောလိုက်သည်။

"ဟီလီယမ် ပလာစမာက ပန်းရောင်သန်းတယ်... ဒါဆိုရင် အနုမြူပေါင်းစပ်စွမ်းအင်ပဲ... ဒီလောက် သေးငယ်တဲ့အရာမှာ ပေါင်းစပ်စွမ်းအင်သုံးထားတာ မယုံနိုင်စရာပဲ... ဒါပေမဲ့ ဒီ ကမ္ဘာမြေပြင်ပ ယဉ်ကျေးမှုအဆင့်အတန်းက ကျွန်တော်တို့ နားလည်နိုင်တဲ့ ဘောင်အတွင်းမှာ ရှိနေသေးတယ်... နည်းပညာ ကွာဟချက်က နှစ် ၁၀၀ နဲ့ ၁၅၀ ကြားလောက်ပဲ ရှိလိမ့်မယ်"

ဒီစကားကြောင့် အစည်းအဝေးတက်ရောက်လာသော ပညာရှင်အချို့သာမက နံပါတ် (၂) ခေါင်းဆောင်ပါ သက်ပြင်းချနိုင်သွားကြသည်။ "ဒါဆိုရင် ကျွန်တော်တို့ ပြန်တိုက်ခိုက်နိုင်မယ့် အခွင့်အရေး လုံးဝမရှိတာတော့ မဟုတ်ဘူးပေါ့" ဟု ခေါင်းဆောင်က ဆိုသည်။

"အဲဒီလိုတော့ ပြောလို့မရဘူး... စက်မှုတော်လှန်ရေးနောက်ပိုင်း နည်းပညာ တိုးတက်နှုန်းက အဆက်မပြတ် မြန်ဆန်လာခဲ့တာပဲ... လွန်ခဲ့တဲ့ ၁၀နှစ်ကစပြီး အသိပညာ ဗဟုသုတတွေက နှစ် ၂၀ ကြာတိုင်း နှစ်ဆတိုးတယ်... လွန်ခဲ့တဲ့ ၅ နှစ်တုန်းစပြီး ၁၀နှစ်တိုင်းကို ၂ဆတိုးလာတယ်... အခု ကမ္ဘာပျက်ပြီး နောက်ပိုင်း ၂ နှစ်အတွင်းမှာတင် ထပ်ပြီး နှစ်ဆတိုးလာပြန်ပြီ"

"လွန်ခဲ့တဲ့ နှစ် ၁၀၀ ပထမကမ္ဘာစစ်ကာလက စစ်သင်္ဘောတွေကို အခုခေတ် ဒုံးကျည်တင်သင်္ဘောတစ်စင်းက ဒုံးကျည်အလုံအလောက်ရှိရုံနဲ့ ကီလိုမီတာ ထောင်ချီအကွာအဝေးကနေ နှစ်မြှုပ်ပစ်လို့ရသလိုမျိုးပဲ... နည်းပညာ အရှိန်အဟုန် မြင့်တက်လာတဲ့ ဖြစ်စဉ်မှာ နှစ် ၁၀၀ ရဲ့ ကွာခြားချက်က အရမ်းကြီးမားတယ်... လွန်ခဲ့တဲ့နှစ် ၁၀၀က နည်းပညာနဲ့လုပ်ထားတဲ့ လက်နတ်တွေနဲ့ အခုခေတ်ကျွန်တော့်တို့နည်းပညာနဲ့လုပ်ထားတဲ့လက်နတ်တွေကို တိုက်ခိုက်နိုင်မယ်လို့ထင်လား... ဒါကိုကြည့်ရင် ကျွန်တော်တို့မှာ ပြန်တိုက်ခိုက်နိုင်မယ့် အင်အား လုံးဝမရှိဘူး... အခုချိန်မှာ အဲဒီ ဂြိုဟ်သားတွေ ရန်လိုစိတ် မရှိပါစေနဲ့လို့ပဲ ဆုတောင်းရမယ်" ဘေးနားမှ အဖိုးအိုတစ်ဦးက ဝင်ရောက်ရှင်းပြသည်။

(လွန်ခဲ့တဲ့နှစ်တရာဆိုတာ အခုခေတ် ၂၀၂၅နဲ့တွက်ရင် ၁၉၂၅ခုနှစ် ပထမကမ္ဘာစစ်ခေတ်ပါ။ အဲ့ဒီခေတ်မှာ လေယာဉ်တို့ကားတို့ ပေါ်နေပေမယ့် စစ်ပွဲမှာ မြင်းတွေကို အားကိုးနေရတုံးပါပဲ။ အဲ့ဒီခေတ်က လက်နတ်တွေနဲ့ အခု ၂၀၂၅ ရဲ့လက်နတ်တွေကို ယှဉ်ဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး)

အခန်းအတွင်းလေထုမှာ ကြောက်စရာကောင်းလောက်အောင် ဖိစီးသွားသည်။ အားလုံး၏ မျက်နှာများ လေးနက်သွားကြပြီး အစည်းအဝေးခန်းမထဲတွင် မျှော်လင့်ချက်မဲ့သော ခံစားချက်များ လွှမ်းခြုံသွားသည်။ အင်အားကွာခြားချက် ကြီးမားလွန်း၍ မယှဉ်ပြိုင်နိုင်သောအခါ မည်သို့ပင် ကြိုးစားအားထုတ်ပါစေ အရာထင်မည် မဟုတ်တော့ချေ။

................................................................................................

အစည်းအဝေးသည် ၃ နာရီခန့် ကြာပြီးနောက် ပြီးဆုံးသွားသည်။ လူတစ်ချို့ ထွက်ခွာသွားကြပြီး တစ်ချို့မှာ ထိုင်ခုံပေါ်တွင် ကျန်ရစ်နေခဲ့သည်။ ကမ္ဘာမြေပြင်ပ ယဉ်ကျေးမှုအဖွဲ့အစည်းကို တွေ့ရှိခြင်းသည် အလွန်အရေးကြီးသော ကိစ္စဖြစ်သည်။ ယခုအစည်းအဝေးသည် အခြေအနေကို မေးမြန်းစုံစမ်းရုံသာဖြစ်ပြီး မည်သည့် ဆုံးဖြတ်ချက်မျှ မချရသေးပေ။ နောက်ထပ် အစည်းအဝေးကြီးငယ်များစွာ ကျန်ရှိနေသေးသော်လည်း လော်ယွမ်နှင့် မသက်ဆိုင်တော့ပေ။ သူ အစည်းအဝေးခန်းမမှ ထွက်လာပြီး သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။

အထဲမှ လေထုမှာ ဖိစီးလွန်းသဖြင့် လော်ယွမ်ပင် မခံနိုင်ချင်ပေ။

လော်ယွမ် ထွက်လာသည်ကို မြင်သောအခါ ချန်ရှင်းကျယ်က အလျင်အမြန် လာကြိုပြီး "အစည်းအဝေး ပြီးသွားပြီလား" ဟု စိတ်လောစွာ မေးလိုက်သည်။

လော်ယွမ် စကားပြန်ပြောရန် ပြင်လိုက်စဉ် နံပါတ် (၂) ခေါင်းဆောင်၏ ရုံးအဖွဲ့မှ ဝန်ထမ်းတစ်ဦး အနားရောက်လာပြီး "ဗိုလ်မှူးချုပ်လော်ယွမ်... ဒီ ၂ ရက်အတွင်း မြို့သစ်မြို့ကနေ မသွားနဲ့ဦး... လူကြီးတွေ မေးစရာရှိရင် အချိန်မရွေး မေးမြန်းနိုင်အောင်လို့ပါ... ခင်ဗျားတို့အတွက် တည်းခိုဖို့ လည်း စီစဉ်ထားပြီးပါပြီ... ကျွန်တော် လိုက်ပို့ပေးပါ့မယ်" ဟု ပြောလိုက်သည်။

ဆက်ရန်...

အပိုင်း(၃၆၀) ဧည့်ဂေဟာ

လော်ယွမ် ထွက်ခွာသွားပြီးနောက် မူလအစည်းအဝေးခန်းမ၌ တစ်နာရီခန့် ခေတ္တရပ်နားလိုက်ကြသည်။ ထို့နောက် အစည်းအဝေးကို ပြန်လည်စတင်လိုက်ရာ ယခုတစ်ကြိမ်တွင်မူ လူဦးရေ နှစ်ဆခန့် ပိုမိုများပြားလာသည်။ စိတ်ပညာရှင်များ၊ အနုစိတ်မျက်နှာအမူအရာ အကဲခတ်သူများ၊ မှုခင်းစုံစမ်းစစ်ဆေးရေး ကျွမ်းကျင်ပညာရှင်များနှင့် ကမ္ဘာပျက်ကပ်ဘေးကျရောက်ပြီးနောက်ပိုင်း လူရာမဝင်တော့ဘဲ မှေးမှိန်ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ရသည့် နိုင်ငံတကာ မူဝါဒရေးရာ ကျွမ်းကျင်သူများပါ ရောက်ရှိလာကြသည်။ ယခင်က နိုင်ငံတကာ ဆက်ဆံရေးများကို သုံးသပ်လေ့လာခဲ့ကြသော ထိုပညာရှင်များသည် ယခုအခါတွင်မူ လူသားများနှင့် ဂြိုဟ်သားများ၏ အခြေအနေကို သုံးသပ်ရန် တာဝန်ယူလာကြရပြီ ဖြစ်သည်။

ခန်းမတွင်းရှိ ကြီးမားသော မျက်နှာပြင်ထက်တွင် လော်ယွမ်၏ ပြောကြားချက် ဗီဒီယိုဖိုင်ကို ထပ်ခါတလဲလဲ ဖွင့်ပြထားသည်။ အားလုံးက ထိုဗီဒီယိုကို တစ်ခေါက်ပြီးတစ်ခေါက် ကြည့်ရှုနေကြသော်လည်း အစည်းအဝေးခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး လေးလံသော ဖိအားများ လွှမ်းခြုံထားသကဲ့သို့ ခံစားနေကြရ၏။

ဒုတိယခေါင်းဆောင်က စင်မြင့်ထက်တွင် ထိုင်နေသည်။ နယ်ပယ်အသီးသီးမှ ပညာရှင်များ စုပေါင်း၍ အလျင်အမြန် ရေးဆွဲထားသော စာတမ်းပါးပါးလေးကို ကောက်ကိုင်လိုက်သော်လည်း ထိုစာရွက်သည် တန်ချိန်ထောင်ချီ လေးလံနေသကဲ့သို့ ခံစားလိုက်ရသည်။ သူက ခေတ္တမျှ တိတ်ဆိတ်နေပြီးမှ စကားစလိုက်သည်။ "အရင်ဆုံးမေးချင်တာကတော့... ဗိုလ်မှူးချုပ်လော်ယွမ် ပြောတဲ့ ကိစ္စက ဘယ်လောက်အထိ မှန်ကန်နိုင်ခြေ ရှိသလဲ"

နိုင်ငံတစ်နိုင်ငံအနေဖြင့် ကိုယ်ပိုင်ရပ်တည်ချက်နှင့် ဆန္ဒသဘောထား ရှိစမြဲပင်။ လော်ယွမ် ပြောသမျှကို အလွယ်တကူ ယုံကြည်၍ မဖြစ်ပေ။ အထူးသဖြင့် ဤကိစ္စသည် ကြီးမားသော ဖြစ်ရပ်ကြီးဖြစ်ပြီး ဆုံးဖြတ်ချက်တိုင်းက လူသားမျိုးနွယ်၏ အနာဂတ်အပေါ် တိုက်ရိုက် သက်ရောက်မှု ရှိနေသောကြောင့် အလွန်အမင်း သတိထား ကိုင်တွယ်ရပေမည်။

"အကဲဖြတ်ဖို့ ခက်တယ်... လောလောဆယ်အထိတော့ ခိုင်လုံတဲ့ သက်သေအထောက်အထား မတွေ့ရသေးဘူး... ကျန်ရှိနေသေးတဲ့ တခြားအခြေစိုက်စခန်းတွေဆီကလည်း ဘာသတင်းမှ မကြားရသေးဘူး... ဒါပေမဲ့ ကျွန်တော်တို့ သတိမထားမိဘဲ ကျော်သွားတဲ့ သဲလွန်စတွေ ရှိနေတာမျိုးတော့ ဖြစ်နိုင်တယ်"

"ဗိုလ်မှူးချုပ်လော်ယွမ်ရဲ့ မျက်နှာမှာ ထိတ်လန့်တဲ့ အရိပ်အယောင် မတွေ့ရဘူး... သူ့မျက်လုံးတွေက တည်ငြိမ်တယ်... အသက်ရှူနှုန်းကလည်း ပုံမှန်ပဲ... ဘာမှ မူမမှန်တာမှ မရှိဘူး..."

"......"

"လိမ်ညာပြောဆိုမယ့် ရည်ရွယ်ချက်မျိုး မတွေ့ရဘူး... သူပြောပြသွားတဲ့ အသေးစိတ်အချက်အလက်တွေမှာလည်း ထင်ရှားတဲ့ ဟာကွက်မျိုး ရှာမတွေ့ဘူး"

"ကျွန်တော့်ဆီမှာ သူ့ရဲ့ ကိုယ်ရေးရာဇဝင်မှတ်တမ်း ရှိတယ်... ဒီမှတ်တမ်းထဲက သူ့ရဲ့ စရိုက်လက္ခဏာ သုံးသပ်ချက်အရဆိုရင် - သူက ပေါ့ပေါ့နေတတ်တယ် (စစ်ထဲဝင်ဖို့ ငြင်းခဲ့ဖူးတယ်)... ဒါပေမဲ့ တာဝန်ယူစိတ် ရှိတယ်... မာနကြီးပေမဲ့ တစ်ဖက်သားကို လေးစားမှုရှိပြီး နှိမ့်ချဆက်ဆံတတ်တယ်... လုံခြုံရေးအဆင့် သတ်မှတ်ချက်ကတော့ စံပြလုံခြုံစိတ်ချရသူ အဆင့်ပဲ"

"ပုဂ္ဂိုလ်ရေး ခံယူချက်အပိုင်းမှာတော့ မျိုးချစ်စိတ် အတိုင်းအတာတစ်ခုအထိ ရှိတယ်... အဖွဲ့အစည်းရဲ့ စည်းကမ်းကို လိုက်နာနိုင်ပြီး ပြန်လည်ထူထောင်ရေးဇုန်ရဲ့ ခေါင်းဆောင်ပိုင်းက အသိအမှတ်ပြု လက်ခံထားသူ ဖြစ်ပါတယ်... အဖွဲ့အစည်းရဲ့ သုံးသပ်ချက်ကတော့ 'စည်းရုံးသိမ်းသွင်းနိုင်သောသူ' ပါ"

"သာမန်လူနေမှုဘဝ အပိုင်းမှာတော့ သူ့ရဲ့ ပုဂ္ဂလိကဘဝက ရှုပ်ထွေးတယ်... မိန်းမလိုက်စားတယ်... အမျိုးသမီး တယောက်မကနဲ့ အတူနေသလို တခြားအမျိုးသမီးတွေနဲ့လည်း သံယောဇဉ်ငြိတွယ်မှုတွေ ရှိနေပါတယ်... သိသာထင်ရှားတဲ့ စရိုက်ပိုင်းဆိုင်ရာ အားနည်းချက်တွေ ရှိတယ်"

"အတိုချုံး ပြောရရင်တော့ မှတ်တမ်းအရ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ အကျင့်စရိုက်ပိုင်းကလွဲရင် ကြီးကြီးမားမား ပြဿနာမျိုး မရှိဘူး"

ဒုတိယခေါင်းဆောင်က နားထင်ကြောများကို နှိပ်နယ်ရင်း လေးနက်သော အသံဖြင့် ဒုတိယမေးခွန်းကို မေးလိုက်သည်။ "ဒုတိယမေးခွန်းကတော့... တကယ်လို့သာ ကမ္ဘာ့ပြင်ပ ယဉ်ကျေးမှုအဖွဲ့အစည်း (ဂြိုဟ်သား) တွေ တကယ်ရှိနေတယ်ဆိုရင် သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ... ပြီးတော့... ဒီနှစ်တွေအတွင်း ဖြစ်ပျက်ခဲ့တဲ့ တိရစ္ဆာန်တွေ... အပင်တွေ ပြောင်းလဲမှုနဲ့ ဘာပတ်သက်မှု ရှိနေမလဲ"

……………………………………………………………………………………

ထိုအချိန်တွင် လော်ယွမ်နှင့် ချန်ရှင်းကျယ်တို့သည် ရှင်းကျင်းမြို့တော်၏ တစ်ခုတည်းသော ဧည့်ဂေဟာသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ ဤနေရာသည် မြို့တော်သို့ လာရောက် တာဝန်ထမ်းဆောင်ကြသော အစိုးရဝန်ထမ်းများ တည်းခိုရာ တစ်ခုတည်းသော နေရာလည်း ဖြစ်သည်။

"တကယ်တော့ မင်း အစကတည်းက ပြန်လိုက်ရမှာ... ဒါပေမဲ့အခုလည်း နောက်မကျသေးပါဘူး... ရထားစီးရင် ချက်ချင်း ရောက်သွားမှာ... ဒီကိစ္စက မင်းနဲ့ မဆိုင်ဘူးဆိုတော့... တကယ်လို့ တစ်ယောက်ယောက်က မေးလာရင် ငါပြောထားပေးမယ်" လော်ယွမ်က အခန်းတံခါးဖွင့်ရင်း ပြောလိုက်သည်။ အခန်းရှားပါးမှုကြောင့်လား၊ အခြားအကြောင်းအရင်းကြောင့်လား မသိရသော်လည်း တာဝန်ကျစာရေးမ စီစဉ်ပေးလိုက်သည့် အခန်းမှာ တစ်ခန်းတည်း ဖြစ်နေသည်။

အခန်းထဲတွင် ကုတင်တစ်လုံးတည်း မဟုတ်သော်လည်း ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် အခန်းတစ်ခန်းတည်း အတူနေရန်မှာ မသင့်တော်ပေ။ သူမ၏ အသက်အရွယ်အရ အိမ်ထောင်ရှိနေနိုင်သည် မဟုတ်ပါလော။

"အဲ့ဒီလိုဆိုဘယ်ကောင်းပါ့မလဲ... ကျွန်မ ရေချိုးခန်း ခဏ ဝင်လိုက်ဦးမယ်" ချန်ရှင်းကျယ်က ခေါင်းခါရင်း တိုးတိုးလေး ပြောလိုက်သည်။ သူမ၏ မျက်နှာတွင် ရှုပ်ထွေးသော ခံစားချက်များ ပေါ်နေပြီး ဘာတွေ တွေးနေမှန်း မခန့်မှန်းနိုင်ပေ။

သူမသည် ရေချိုးခန်းဘက်သို့ လှည့်ထွက်သွားရာ လမ်းလျှောက်လိုက်တိုင်း ယိမ်းနွဲ့သွားသော နောက်ပိုင်းအလှက ယောက်ျားနှင့် မိန်းမ နှစ်ယောက်တည်း ရှိနေသည့် အိပ်ခန်းကဲ့သို့ နေရာမျိုးတွင် စိတ်ကူးယဉ်စရာများကို ဖြစ်ပေါ်လာစေသည်။ လော်ယွမ်က တစ်ချက် လှမ်းကြည့်မိပြီး ချက်ချင်း အကြည့်လွှဲလိုက်ရသည်။ ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ထဲမှ အပြစ်တင်မိသည်။ လမ်းတုန်းက စိတ်လေးလံနေခဲ့ပြီး အခုကျမှ စိတ်က ကာမဘက်သို့ ရောက်သွားရသလား။ ဒါက မဖြစ်သင့်သော ကိစ္စပင်။

ရေချိုးသံ ကြားလိုက်ရသဖြင့် လော်ယွမ် စဉ်းစားလိုက်ပြီး အပြင်ဘက် စင်္ကြံလမ်းသို့ ထွက်ကာ လေကောင်းလေသန့် ရှူရန် ပြင်လိုက်သည်။ တံခါးဖွင့်ရန် ပြင်လိုက်စဉ်မှာပင် ရေချိုးခန်းထဲမှ ချန်ရှင်းကျယ်၏ အသံ ထွက်ပေါ်လာသည်။

"ဒုခေါင်းဆောင်... ဟိုလေ... ကျွန်မအိတ်လေး လှမ်းပေးလို့ရမလား"

"ရတယ်... ခဏစောင့်" လော်ယွမ်က ရှာဖွေကြည့်လိုက်ရာ ကုတင်ပေါ်တွင် တင်ထားသော သူမ၏အိတ်ကို တွေ့လိုက်ရသည်။ အိတ်၏ အသားမှာ စစ်ဝတ်စုံနှင့် အတူတူပင်ဖြစ်၍ ကိုယ်တိုင်ချုပ်ထားမှန်း သိသာသော်လည်း လက်ရာသေသပ်လှသည်။ သေးငယ်သော သစ်သားစလေးများဖြင့် အလှဆင်ထားရာ ကမ္ဘာမပျက်ခင်ခေတ်က ဖက်ရှင်ဒီဇိုင်းတစ်ခုအလား ထင်မှတ်ရသည်။

လော်ယွမ်က အိတ်ကို ယူပြီး ရေချိုးခန်းတံခါးရှေ့သို့ လျှောက်သွားလိုက်သည်။ တံခါးအဟလေးမှတစ်ဆင့် အိတ်ကို ပေးလိုက်ရာ ဆပ်ပြာမြှုပ်များ ပေကျံနေသော လက်မောင်းဖြူဖြူလေးတစ်ခု ထွက်လာပြီး လှမ်းယူလိုက်သည်။ ကံမကောင်းစွာဖြင့် ကမ္ဘာမပျက်ခင်ခေတ်ကကဲ့သို့ ရေချိုးခန်းတံခါးများမှာ မှန်တံခါးများ မဟုတ်တော့ဘဲ ထူထဲသော သစ်သားတံခါးကြီး ဖြစ်နေသဖြင့် လော်ယွမ်၏ အမြင်အာရုံ မည်မျှကောင်းစေကာမူ အတွင်းမှ လူရိပ်ကို အနည်းငယ်မျှပင် မမြင်ရပေ။

''ငါ ဘာတွေ တွေးနေတာလဲ...'' လော်ယွမ်က ခေါင်းခါလိုက်ပြီး ရုတ်တရက် ပေါ်လာသော အာရုံများကို ဖျောက်ဖျက်ပစ်လိုက်သည်။

ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် ခွန်အားများ အဆမတန် တိုးတက်လာပြီးနောက်ပိုင်း သူသည် ကိုယ့်စိတ်ဆန္ဒကိုယ် ထိန်းချုပ်ရန် ခက်ခဲလာသည်ကို ခံစားနေရသည်။ ပုံမှန်အချိန်များတွင် အိမ်ရှိ အမျိုးသမီးများက အနည်းငယ် မြှူဆွယ်လိုက်ရုံဖြင့် ရင်ထဲတွင် မီးတောက်များ ထတောက်လေ့ရှိသည်။ နေ့တိုင်းနီးပါး ဆက်ဆံဖြစ်နေသဖြင့်သာ တော်သေးသည်။ လော်ယွမ်တွင် မိန်းမများစွာ ရှိနေခြင်းက သူ့အတွက် ဝန်လျော့သွားစေသည်။

ဒါက ပုံမှန်တုံ့ပြန်မှုတစ်ခုသာ ဖြစ်ကြောင်း သူသိသည်။ သန်မာထွားကျိုင်းသော ခန္ဓာကိုယ်၊ ပြည့်ဝသော သွေးလေတို့ကြောင့် ဟော်မုန်းထုတ်လုပ်မှုသည် သာမန်လူထက် အဆပေါင်းများစွာ ပိုမိုများပြားရာ ဆန္ဒများကလည်း သာမန်လူထက် ပိုနေမည်မှာ အမှန်ပင်။ ယခင်က ခန္ဓာကိုယ်ကြံ့ခိုင်မှု ၁၄ မှတ်သာ ရှိစဉ်က သူ့စိတ်စွမ်းအားဖြင့် ထိန်းချုပ်နိုင်သော်လည်း ယခုအခါ ၁၇ မှတ်ထိ ရောက်ရှိလာသောအခါ ၁၆ မှတ်သာရှိသော (ထနောင်းပင်၏နှလုံးသား အကျိုးသက်ရောက်မှုကို ဖယ်ထုတ်ထားသည့် မူရင်းအမှတ်) စိတ်စွမ်းအားဖြင့် ထိန်းချုပ်ရသည်မှာ ယိုင်နဲ့နဲ့ ဖြစ်လာတော့သည်။

အဓိက အကြောင်းအရင်းမှာ စွမ်းရည်ကိန်းဂဏန်းများ မညီမျှမှုကြောင့်ပင်။ မညီမျှမှုက သိပ်မကြီးမားသဖြင့် ဆိုးကျိုးသိပ်မရှိသော်လည်း ပုံမှန်အချိန်များတွင် "အတွင်းမီး" ပိုများနေတတ်ခြင်းသာ ရှိသည်။

လော်ယွမ် အခန်းထဲတွင် ဆက်မနေရဲတော့သဖြင့် အပြင်ထွက်ကာ အောက်ထပ်ရှိ ဧည့်ကြိုကောင်တာသို့ ဆင်းလာခဲ့သည်။ ကောင်တာမှ မိန်းကလေးထံ စီးကရက်တစ်ဗူး ဝယ်ယူလိုက်ပြီး ငွေရှင်းကာ စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။ ပြင်းရှသော မီးခိုးငွေ့များ အဆုတ်ထဲသို့ ဝင်ရောက် ပျံ့နှံ့သွားမှသာ လော်ယွမ်၏ စိတ်အာရုံ တဖြည်းဖြည်း တည်ငြိမ်သွားတော့သည်။

ဒီတစ်ခေါက် ပြန်ရောက်ရင် အရင်လို ဖြစ်သလို နေလို့မဖြစ်တော့။ အခြေအနေက အလွန်စိုးရိမ်ရချေပြီ။ ပြန်လည်ထူထောင်ရေးဇုန်သည်လည်း လုံခြုံစိတ်ချရသော နေရာ ဟုတ်ချင်မှ ဟုတ်တော့မည်။ နောက်တစ်ခဏတွင် ပျက်စီးသွားနိုင်သည်။ ကြီးမားသော အပြောင်းအလဲများသာ ဖြစ်လာခဲ့လျှင်...

သူ ပိုပြီး အစွမ်းထက်လာဖို့ လိုအပ်သည်။

လူတိုင်းကို မကယ်တင်နိုင်လျှင်တောင် ကိုယ့်ဘေးနားက လူတွေကိုတော့ ကယ်တင်နိုင်ရမည်။

ယခုအချိန် သူ့တွင် အသုံးမပြုရသေးသော အရေအသွေးမှတ် တစ်မှတ် ကျန်နေသေးသည်။ ထိုအမှတ်ကို မည်သည့်နေရာတွင် သုံးမည်ဟု သူစဉ်းစားထားပြီးသား ဖြစ်သော်လည်း ရုတ်တရက် တိုးလာမည့် စွမ်းအားနှင့် လိုက်လျောညီထွေဖြစ်အောင် နေသားတကျင့်ဖို့ အချိန်မရသေးသဖြင့် မသုံးဖြစ်ခဲ့ခြင်း ဖြစ်သည်။ ဒီတစ်ခေါက် ပြန်ရောက်သည်နှင့် ထိုအမှတ်ကို ထည့်ပေါင်းရမည်။

ထိုအချိန်ရောက်လျှင် အဆင့် ၈ သားရဲများနှင့် ဂြိုဟ်သားများမှလွဲ၍ သူ့ကို ခြိမ်းခြောက်နိုင်သူ ရှိတော့မည် မဟုတ်ချေ။ ဂြိုဟ်သားဆိုရာတွင် ပြီးခဲ့သော တစ်ခေါက်က တွေ့ခဲ့ရသည့် စက်ရုပ်များလောက်ကို သူ မကြောက်ပေ။ အကြောက်ဆုံးအရာမှာ ပေါ်လာသည်နှင့် ဧရိယာအလိုက် အကြီးအကျယ်ဖျက်ဆီးမည့် လက်နက်မျိုးပင်။

စီးကရက်တစ်လိပ် ကုန်သွားသဖြင့် လော်ယွမ် နောက်တစ်လိပ် ထပ်ညှိလိုက်သည်။ ကမ္ဘာပျက်ပြီးနောက်ပိုင်း ထုတ်လုပ်သော စီးကရက်များမှာ အရှိန်ပြင်းပြီး အဆိပ်အတောက် အနည်းငယ် ပါဝင်သော်လည်း လော်ယွမ်ကဲ့သို့ ဆင့်ကဲပြောင်းလဲသူတစ်ယောက်အတွက်မူ အနည်းငယ်မျှပင် ထိခိုက်မှုမရှိပေ။

ရင်ထဲရှိ ဖိအားများကြောင့် သူသည် စီးကရက် ဗူးတစ်ဝက် ကုန်သည်အထိ ဆက်တိုက် သောက်လိုက်သည်။ နာရီကြည့်လိုက်ရာ တစ်နာရီခန့် ကုန်လွန်သွားပြီ ဖြစ်၍ ချန်ရှင်းကျယ် ရေချိုးပြီးလောက်ပြီဟု တွက်ဆကာ ဧည့်ကြိုကောင်တာမှ မိန်းကလေး၏ စူးစမ်းသော အကြည့်များအောက်တွင်ပင် စီးကရက်တိုများနှင့် ကျန်ရှိသော စီးကရက်ဗူးကို အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သည်။

လော်ယွမ် အခန်းထဲသို့ ပြန်ဝင်လာသောအခါ ချန်ရှင်းကျယ်ကို မတွေ့ရပေ။ ရေချိုးခန်းတံခါး ပွင့်နေသော်လည်း လူမရှိ။ လော်ယွမ် သိပ်ပြီး စိတ်မပူမိပေ။ ယခုကာလသည် ကမ္ဘာပျက်ကပ်ဘေး ကာလဖြစ်၍ ဥပဒေစည်းကမ်းများ တင်းကျပ်ထားသလို ဤနေရာသည်လည်း အစိုးရအရာရှိကြီးများ တည်းခိုရာ ဧည့်ဂေဟာဖြစ်သဖြင့် ဘာမှ ဖြစ်စရာအကြောင်း မရှိနိုင်ပေ။

ဆက်ရန်...

All Chapters