← Chapters

ဂိုဏ်း (၃) ခုနှင့် ဧကရာဇ်တို့ တွေ့ဆုံခြင်း

Vol. 20 Ch. 286

ဂိုဏ်း (၃) ခုနှင့် ဧကရာဇ်တို့ တွေ့ဆုံခြင်း

Vol. 20 Ch. 286

လီကျန်ထောင်း ပြုံး၍

“ခေါင်းဆောင်မိုက အရင်လို စတတ်နောက်တတ်တုန်းပဲနော်”

မိုလင်းရှောင်စကားလုံးများမှာ သူ့အပေါ် မသက်ရောက်သကဲ့သို့ ခပ်တည်တည် ပြန်ပြောလိုက်၏။

ရှန်မိုလည်း ထိုအခြေအနေကိုကြည့်ကာ ပြုံး၍သာ နေသည်။

မိုလင်းရှောင်သည် သူ့ကိုယ်သူ စီနီယာအဖြစ် သဘောထား၍ နှိမ်သလို ပြောလိုက်ခြင်း ဖြစ်သည်။ သို့သော် သူ့စကားမှာ တစ်ဖက်လူကို လှုပ်ခတ်နိုင်စွမ်း မရှိသောကြောင့် ခပ်ယဲ့ယဲ့ပြုံး၍ လက်ဆွဲနှုတ်ဆက်လိုက်၏။

နှစ်ယောက်သား လက်ဆွဲသာနှုတ်ဆက်နေကြသော်လည်း အပြုံးများမှာ မရိုးသားပေ။

လီကျန်ထောင်းမှ ခေါင်းဆောင်မိုအနောက်ရှိ အရပ်ရှည်ရှည် လူငယ်လေးကို လှမ်းကြည့်မိ၏။

“ခင်ဗျားတို့ဂိုဏ်းက ထူးချွန်တဲ့ ခေါင်းဆောင်ငယ်အကြောင်း အများကြီး ကြားထားပါတယ်… ဒါပေမဲ့ အခုထိ မတွေ့ဖူးသေးဘူး… သေချာဖွက်ထားနိုင်တယ်နော်”

မိုလင်းရှောင် အားရပါးရ ရယ်မော၍

“ဒါပေါ့… သူ့ကို သေချာမဖွက်ရင် တခြားသူတွေ မျက်စိကျကုန်မှာပေါ့… ယုဒေသက မလုံခြုံဘူးလေ”

ရှန်မိုလည်း ထိုလူငယ်ကို ကြည့်မိ၏။

မျက်ခုံးကောင်းကောင်း၊ တောက်ပသော မျက်ဝန်း၊ အရပ်ရှည်ရှည် ထိုလူငယ်မှာ မာနအရှိန်အဝါတစ်ခု ရှိနေ၏။

ထိုလူမှာ သန့်စင်ခြင်းဂိုဏ်းမှ ခေါင်းဆောင်ငယ် ချူထျန်းခေါင်ဖြစ်သည်။

သို့သော် သူ့ကံကြမ္မာကိုကြည့်လိုက်သောအခါ ရှန်မို ဆက်၍ စိတ်မဝင်စားတော့ပေ။

သူ့ကံသည် ယဲ့ယန်နှင့် ရှောင်ဖန်တို့ကို မယှဉ်နိုင်ပေ။

ချူထျန််းခေါင်လည်း ရှန်မို့ကို ကြည့်၍ တွေးတောနေမိသည်။

သို့သော် ရှန်မိုသည် သူ့ကိုဆက်မကြည့်ဘဲ မသိချင်ယောင်ဆောင်လိုက်၏။

ချူထျန်းခေါင် ထိုအမူအရာကြောင့် အံ့ဩသွားသည်။

ဘာကြီးလဲ။

ငါ ချူထျန်းခေါင်က မင်းပြိုင်ဘက်ဖြစ်ဖို့တောင် မထိုက်တန်ဘူးလား။

မိုလင်းရှောင်လည်း ရှန်မို့ကို လှမ်းကြည့်၍

“ဒါက မင်းတို့ဂိုဏ်းက ခေါင်းဆောင်ငယ် ရှန်မိုဆိုတာ ထင်တယ်… သူ့အကြောင်းလည်း အများကြီး ကြားဖူးပါတယ်”

ရှန်မို တည်ငြိမ်စွာဖြင့် ခေါင်းသာငြိမ့်ပြလိုက်၏။

နှစ်ဖက်အဖွဲ့မှ တင်းမာမှုများ အလွန်မြင့်နေကြသည်။

“ဒီလိုပုံစံမျိုး ကြိုက်တယ်ကွာ”

မိုလင်းရှောင် အားရပါးရ ရယ်မော၍ ရှန်မိုအမူ့အရာကို မှတ်ချက်ပြု၏။

“အကြီးအကဲ ခေါင်းဆောင်မိုနဲ့ အဖွဲ့ကို အစည်းအဝေးခန်းမဆီ ခေါ်သွားလိုက်ပါ”

လီကျန်ထောင်းမှ ဆိုသည်။

“ဟုတ်ကဲ့ပါ”

အကြီးအကဲမှ ခေါင်းငြိမ့်ပြကာ

“အားလုံးပဲ ကျွန်တော့်နောက် လိုက်လာခဲ့ကြပါ”

“ငါ့ကို အကြာကြီး စောင့်ရအောင် မလုပ်နဲ့နော်”

မိုလင်းရှောင် မသွားခင် လှမ်းပြောလိုက်သေးသည်။

မကြာမီ နောက်ထပ် သံသင်္ဘောပျံကြီး ဆိုက်လာ၏။

ထိုသင်္ဘောမှာ ခုနထက် ပိုသေးပြီး မျက်နှာပြင်တွင် လက်နက်များ မတပ်ထား၍ အရှိန်အဝါလည်း အားနည်းသည်။

စစ်သင်္ဘောထက် ကုန်တင်သင်္ဘောကြီးနှင့် ပိုတူ၏။

ထိုအပေါ်မှ လူ (၂) ယောက် ဆင်းလာသည်။

ဦးဆောင်လာသူမှာ သက်လတ်ပိုင်းအရွယ်ဖြစ်ပြီး အနောက်တွင် ပိုငယ်သည့် လူငယ်လေး ပါလာ၏။

သူတို့၏ အပြုံးနှင့် လှုပ်ရှားပြုမူပုံမှာ စက်တစ်ခုတည်းမှ ထွက်လာသကဲ့သို့ တစ်ထပ်တည်း ဖြစ်နေသည်။

“ခေါင်းဆောင်ဟိုင် တွေ့ရတာ ဝမ်းသာပါတယ်ဗျာ”

လီကျန်ထောင်း ပြုံး၍ လက်ဆွဲနှုတ်ဆက်၏။

ဟိုင်ချန်းခွန်လည်း ရယ်မောကာ

“ဝမ်းသာပါတယ်ဗျာ… မတွေ့တာ တော်တော် ကြာပြီနော် ခေါင်းဆောင်လီ… အရင်လို ကြည့်ကောင်းနေတုန်းပဲ”

“မြှောက်လွန်းနေပါပြီဗျာ”

လီကျန်ထောင်းမှ ပြုံးကာ ပြန်ဆိုသည်။

ခဏဟိုဟိုဒီဒီ ပြောကြပြီးနောက် ခေါင်းဆောင်ဟိုင် ရှန်မို့ကို တွေ့သွား၏။

“ရှန်မိုဆိုတာ ထင်တယ်… ချင်းရွှမ်ဂိုဏ်းက တန်ဟီဂိုဏ်းလက်အောက်ခံ ဖြစ်ဖူးတယ်လေ… ဘာလို့ ကျောက်စိမ်းဂိုဏ်းကို ရွေးလိုက်တာလဲ”

သူ မျက်လုံးမှေးများဖြင့် စိုက်ကြည့်ရင်း မေးလိုက်သည်။

ရှန်မိုမှာ တည်ငြိမ်စွာဖြင့်

“ချင်းရွှမ်က တန်ဟီကို စွန့်ပစ်လိုက်တာ ကြာလှပြီ မဟုတ်ဘူးလား”

ဟိုင်ချန်ခွန် ရုတ်တရက် စွံ့အနေပြီးမှ ရယ်မောကာ

“ပြောတတ်လိုက်တာကွာ… ခေါင်းဆောင်လီကတော့ တကယ့်ရတနာကို ရှာတွေ့ထားတာပဲ… တန်ဟီရဲ့လူ ဖြစ်မလာတာ နာတယ်ကွာ”

လီကျန်ထောင်း ရယ်မော၍ ဂုဏ်ယူစွာဖြင့်

“ခေါင်းဆောင်ဟိုင်ကတော့ မြှောက်လွန်းနေပါပြီ”

ထိုအချိန်တွင် ကောင်းကင်မှ အရိပ်ကြီးတစ်ခု ကျလာပြီး အားလုံး အာရုံစိုက်မိကြသည်။

ကြီးမားသော သင်္ဘောကြီး ပေါ်လာခြင်း ဖြစ်၏။

မျက်နှာပြင်မှ သံချပ်ကာများသည် ရွှေရောင် ဝါဝင်း တောက်ပနေပြီး ရွှေနဂါးကြီး ပျံလာသကဲ့သို့ ထင်ရသည်။

“ရွှေနဂါးယာဉ်ပျံပဲ… တော်ဝင်ယာဉ်ကြီး”

အချို့ နားလည်သော တပည့်များမှ ထအော်၏။

ရှန်မိုလည်း လှမ်းကြည့်ရင်း တွေးတောနေမိသည်။

စည်းမျဉ်းအရ အိမ်ရှေ့စံမင်းသားမှာ ရွှေမြွေယာဉ်ပျံသာ အမြင့်ဆုံး စီးခွင့်ရှိပါသည်။

သို့သော် ဧကရာဇ်မှ ဂုဏ်သိက္ခာအတွက် သူ့ညီကို ပေးစီးလိုက်ခြင်းပေလား။

ယာဉ်ပျံ (၂) ခုမှာ တစ်ချက်ကြည့်ရုံဖြင့် ကွာခြားမှု များလွန်း၏။

“ဟားဟားဟား ကျွန်တော် အမြန်ဆုံး လာပေမဲ့ နောက်ကျသွားတာပဲ… တောင်းပန်ပါတယ်ဗျာ”

ကြည်လင်သော ရယ်သံတစ်ခု ထွက်ပေါ်လာ၏။

မကြာမီ ကွင်းပြင်ထဲသို့ လူတစ်ယောက် ဆင်းသက်လာတော့သည်။

ထိုလူသည် ရွှေမြွေသားရေ ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျောက်စိမ်းခါးပတ်ဖြင့် ခေါက်ယပ်တောင်ကို ကိုင်ထား၏။

တည်ကြည်ခန့်ညားသော မျက်နှာထားမှာ ရှင်းသန့်နေသည်။

“မင်္ဂလာပါ မင်းသားကျင်း”

လီကျန်ထောင်း၊ ဟိုင်ချန်ခွန်နှင့် အကြီးအကဲများ ဦးညွှတ်နှုတ်ဆက်လိုက်ကြ၏။

ခေါင်းဆောင် (၂) ဦးမှလွဲ၍ ကျန်အကြီးအကဲများမှာ ခါးကို ညွှတ်နေအောင် အရိုအသေပေးကြရသည်။

“အရှင်မင်းသားကျင်း”

အားလုံး ထပ်နှုတ်ဆက်လိုက်၏။

မင်းသားကျင်းမှာ ခေါင်းဆောင်များကို ကြည့်၍

“ခေါင်းဆောင်လီနဲ့ ခေါင်းဆောင်ဟိုင်တို့ရဲ့ စွမ်းဆောင်ရည်တွေအကြောင်း ကြားထားပါတယ်… ဒီနေ့တွေ့လိုက်မှ မှန်နေတာပဲ”

သူလည်း ပြန်နှုတ်ဆက်၏။

“ဒီနေ့ကစပြီး ကျွန်တော်က ယုဒေသ မြို့စားမင်းအဖြစ် တာဝန်ယူသွားမှာပါ… အရင် မြို့စားမင်းဟောင်းကတော့ ခွင့်မလွှတ်နိုင်တဲ့အပြစ်တွေ ကျူးလွန်ခဲ့တဲ့အတွက် ပြင်းပြင်းထန်ထန် အပြစ်ပေးထားပါတယ်”

“ငါကတော့ အရင်လူနဲ့ မတူအောင် အုပ်ချုပ်မှာပါ… ဂိုဏ်း (၃) ခုကို ပေါင်းစည်းပြီး ဘုံရန်သူကို တိုက်ထုတ်ဖို့က အဓိက ရည်ရွယ်ချက်ပါ”

မင်းသားကျင်းမှာ ပြုံးရွှင်နေသော်လည်း ရည်ရွယ်ချက်အမှန်ကို မခန့်မှန်းနိုင် ဖြစ်နေသည်။

“ဟုတ်ကဲ့ပါ… အဲ့ဒါကြောင့်လည်း မင်းသားကျင်းကို ဖိတ်တာပါ… တခြားဂိုဏ်းခေါင်းဆောင်တွေလည်း ရောက်နေကြပါပြီ”

လီကျန်ထောင်း ပြုံး၍ ပြော၏။

“ကောင်းပါပြီ”

မင်းသားကျင်း ခေါင်းငြိမ့်ပြ၏။

ထို့နောက် အစည်းအဝေးခန်းမသို့ သွားကြကာ စတင် ဆွေးနွေးလေသည်။

အစပိုင်းအနေဖြင့် အားလုံး ပူးပေါင်းရန်ကို သဘောတူကြပါသည်။

သို့သော် နောက်ဆက်တွဲအသေးစိတ်၌ အမြင်မတူသည်များ ရှိနေသည်။

ဝူကျောက်ဒေသ ကျဆုံးခြင်းတွင် အချို့ကျင့်ကြံသူများ ယခုအချိန်အထိ ခုခံနေဆဲ ဖြစ်၏။

ထို့အပြင် နတ်ဆိုးများကို ထိုဒေသ ဒီအတိုင်းပေးလိုက်ရန် ပိုမဖြစ်နိုင်ပေ။

ထို့ကြောင့် ယုဒေသအထိ မရောက်လာမီ ဝူကျောက်ကို ပြန်ရစေချင်၏။

ထိုအခါ လူအင်အား၊ ငွေအင်အား ကုန်လိမ့်မည်။

အဖွဲ့တစ်ခုစီမှ လူဘယ်နှစ်ယောက် လွှတ်မည်နည်း၊ မည်သူက ကုန်ကျစရိတ် ခံမည်နည်း၊ မည်သူက တာဝန်ခံအမည်ယူမည်နည်း စသဖြင့် ညှိနှိုင်းစရာ များလှ၏။

အားလုံး အမြန်ဆုံး သဘောတူညီရန် မဖြစ်နိုင်တော့ပေ။

All Chapters