မြူနှင်းဒေသသို့ အဖွဲ့များ စေလွှတ်ခြင်း
Vol. 20 Ch. 287
(၅) ရက်အကြာတွင်။
မြူနှင်းဒေကို စေလွှတ်မည့် ကျင့်ကြံသူများစာရင်း နောက်ဆုံးအနေဖြင့် ထွက်လာ၏။
ဂိုဏ်း (၃) ခုနှင့် မင်းသားတို့ပါဝင်သည့် အဖွဲ့ကြီး (၄) ခုမှာ နတ်ဘုရားပြောင်းလဲအဆင့် (၈) ယောက်၊ ခြေတည်ဝိညာဉ်အဆင့် (၇၀) နှင့် မြုတေဖွဲ့စည်းခြင်းအဆင့် (၃၀၀) တို့ ပါဝင်သည်။
အဆင့်နိမ့်ကျင့်ကြံသူများမှာတော့ လိုက်ပါရန် အရည်အချင်း မပြည့်မီသေးပေ။
ထို့အပြင် ယာဉ်ပျံအရေအတွက်လည်း ကန့်သတ်ထား၍ လိုက်ပါနိုင်သူကို ရွေးထားရခြင်းဖြစ်၏။
ပုံမှန်အားဖြင့် တိုက်ခိုက်နိုင်သော ကျင့်ကြံသူကို ဦးစားပေးခေါ်ပြီး မြုတေဖွဲ့စည်းခြင်းများမှာ အခြေခံအနေဖြင့် ကူညီရန် ဖြစ်လေသည်။
သန့်စင်ခြင်းဂိုဏ်းမှာ တိုက််ခိုက်စွမ်းရည်နှင့် လက်နက် ပြုလုပ်ရာတွင် နာမည်ကြီးပြီး လူများများ ပိုလွှတ်ကာ လက်နက်များလည်း လျှော့ဈေးဖြင့် ရောင်းပေး၏။
တိုက်ခိုက်စွမ်းရည် အနည်းငယ် အားနည်းသော်လည်း အဂ္ဂိရက် ကျွမ်းကျင်သော တန်ဟီဂိုဏ်းမှာ လူလျှော့၍ စေလွှတ်ပြီး ပါဝင်သူများကို လက်ဆောင်အဖြစ် ဆေးများစွာ ထည့်ပေးလိုက်သည်။
ကျောက်စိမ်းဂိုဏ်းမှာ ပို၍မျှတသော်လည်း ထူးချွန်လွန်းနေသည့်နယ်ပယ် မရှိ၍ ကျင့်ကြံသူနှင့် အရင်းအမြစ်ကို လိုအပ်သလောက် ထည့်ပေးလိုက်သည်။
ဧကရာဇ်ကျင်းမှာမူ သူ့စိတ်ရင်းကို ဖော်ပြသည့်အနေဖြင့် သင်္ဘော (၄) စီးစာ စစ်တပ်ကြီး ပို့လိုက်၏။
ဤသို့ဖြင့် ခိုင်မာသော အဖွဲ့ကြီး ဖြစ်ပေါ်လာသည်။
ခေါင်းဆောင်ငယ်ဖြစ်သော ရှန်မိုမှာတော့ လိုက်ပါရန် မလိုအပ်ပေ။
သို့သော် ကျောက်ယောင်လု၊ လုတုံရွှမ်တို့မှာ မဖြစ်မနေ သွားရန် မလိုအပ်သော်လည်း စိတ်ပါ၍ လိုက်သွား၏။
ရှန်မိုလည်း သူတို့ကံကြမ္မာကို စစ်ဆေးကြည့်သောအခါ အန္တရာယ်မရှိသည်ကိုတွေ့၍ စိတ်ချထားလိုက်သည်။
“အားလုံး ဘေးကင်းကင်းနဲ့ ပြန်ရောက်လာဖို့ မျှော်လင့်ပါတယ်”
သူ ရေရွတ်မိသည်။
လီကျန်ထောင်း ဂိုဏ်းအဝင်ဝတွင် ရပ်၍ ကျောက်စိမ်းဂိုဏ်းသားများ သင်္ဘောကြီးများပေါ် တက်သွားသည်ကို ကြည့်ကာ သက်ပြင်းချမိသည်။
သူ့ဘေးတွင် ဝမ်မူရွှမ်လည်း သက်ပြင်းချနေ၏။
မြူနှင်းဒေသတွင် မည်သို့သော ကံကြမ္မာမျိုး စောင့်ကြိုနေမည်ကို သူတို့ မခန့်မှန်းနိုင်ကြ။
ကျောက်စိမ်းဂိုဏ်း တောင်ထိပ်အကြီးအကဲများတွင် အကြီးအကဲ (၈) မှသာ ကိုယ်တိုင်အကြံပြု၍ လိုက်သွား၏။
ဒုတိယရွေးချယ်ခံရသူမှာ အကြီးအကဲ (၇) ဖြစ်သည်။
သူသည် မီးတောက်ဆေးတိုက်ထဲတွင် ဆေးဖန်တီးရာ၌ အကြိမ်ကြိမ် ကျရှုံးခဲ့သောကြောင့် အခြားအကြီးအကဲများ အမြင်မကြည်ဘဲ နာမည်ဆိုး ထွက်လာခြင်း ဖြစ်၏။
“ကျောက်ယောင်လုနဲ့ လုတုံရွှမ်တို့ကို ဘာလို့ လိုက်ခွင့်ပေးလိုက်ရတာလဲ”
လီကျန်ထောင်းမှ ဆိုသည်။
ဝမ်မူရွှမ် လေးနက်စွာ ကြည့်၍
“ယောက်လုတို့မိသားစုက နတ်ဆိုးတစ်သောင်းနယ်မြေထဲမှာ ရှိတာလေ… သူ လက်စားချေချင်တယ် ပြောနေတော့ ကျွန်တော်လည်း မတားနိုင်တော့ဘူး”
“ကောင်းကင်တစ္ဆေမျိုးနွယ်ကဆိုတဲ့ သူ့သရုပ်မှန်ကို ချက်ချင်း မသိလာရင် တော်ပါပြီ”
“တုံရွှမ်က… တိုက်ပွဲရှိတယ်ဆိုတဲ့အသံကြားတည်းက စိတ်လှုပ်ရှားနေတာ… ဘယ်လိုမှ နားချလို့ မရဘူး”
သူ မနိုင်သလို ခပ်ပြုံးပြုံး ပြောပြနေသည်။
လီကျန်ထောင်း မျက်မှောင်ကြုတ်လျက်
“ငါတော့ ဒီကိစ္စအတွက် စိတ်ထဲတစ်မျိုးကြီးပဲ… ရှုံးပြီးများ ပြန်လာရမလားလို့ ထင်နေတယ်”
“အကြီးအကဲဝမ် စိတ်ဝိညာဉ်သားကောင်တွေရော ဘယ်လို အခြေအနေရှိလဲ”
ဝမ်မူရွှမ် ရယ်မော၍
“ရှန်မို့ကျေးဇူးနဲ့ မြွေနဂါးတောင်က စိတ်ဝိညာဉ်သားကောင်တွေတော့ လွယ်လွယ်ကူကူ ကျင့်ကြံနိုင်ပြီး တိုက်ခိုက်စွမ်းရည် ရှိနေပြီ”
“နောက်ပြီး ကျွန်တော်လည်း သားကောင်ထိန်းချုပ်ရေး အရည်အချင်းရှိတဲ့ တပည့်တွေ ထပ်ရွေးထားတယ်”
“နောက် (၅) နှစ်အတွင်း အင်အားကြီးတဲ့အဖွဲ့ကြီး ဖြစ်လာမှာပါ”
လီကျန်ထောင်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်နေ၏။
“ကောင်းပါပြီ”
ခဏအကြာတွင် သက်ပြင်းချလိုက်ပြီး
“ရှန်မို ဒီတစ်ခေါက် အဆင့်တက်လာဖို့တော့ မျှော်လင့်မိတယ်… သူသာ နှစ် (၂၀) အတွင်း နတ်ဘုရားပြောင်းလဲအဆင့် တက်သွားရင် ကျောက်စိမ်းဂိုဏ်းအတွက် သတင်းထူးပဲ”
ဝမ်မူရွှမ် အားရပါးရ ရယ်မောကာ
“နှစ် (၂၀) လား… ခေါင်းဆောင်က ရှန်မို့ကို အထင်သေးလိုက်တာပဲ”
“ကျွန်တော့်အမြင်တော့ (၁၅) နှစ်အတွင်း ဖြစ်လာလိမ့်မယ်”
လီကျန်ထောင်း ပြုံး၍
“အဲ့ဒါဆိုလည်း ပိုကောင်းတာပေါ့… မင်းက သူနဲ့ ပိုရင်းနှီးတော့ ငါ့ထက် ပိုသိမှာပါ”
“အဲ့နေ့ရောက်ဖို့ စောင့်နေပါမယ်”
“ဒါနဲ့ ရှန်မိုက ချင်းရွှမ်ဂိုဏ်းမှာ နေခဲ့ဖူးတယ်မလား… အဲ့နေရာက မြူနှင်းဒေသနဲ့ နီးတယ်နော်… နတ်ဆိုးမျိုးနွယ်တွေသာ ကျူးကျော်လာရင် မလွယ်ဘူး”
“အဲ့လိုဖြစ်ခဲ့ရင် ရှန်မိုလည်း သူ့ကျင့်ကြံမှုမှာ အာရုံစိုက်နိုင်တော့မှာ မဟုတ်ဘူး… ယုံကြည်ရတဲ့ လူနည်းနည်းလောက် ချင်းရွှမ်ဂိုဏ်းကိုလွှတ်ပြီး အခြေအနေ စုံစမ်းခိုင်းလိုက်ဦး”
ဝမ်မူရွှမ်လည်း ထောက်ခံ၏။
“ဝူရန်ဝေ့နဲ့ အစေခံတွေ လွှတ်လိုက်ပါမယ်… သူ့အင်အားနဲ့ဆိုရင် ချင်းရွှမ်ဂိုဏ်းကို ကာကွယ်ဖို့ လုံလောက်မှာပါ”
“ကောင်းပါပြီ”
…
အချိန်များစွာ ကုန်လွန်သွား၏။
မျက်စိတစ်မှိတ်အတွင်း (၃) နှစ် ကျော်ဖြတ်ပြီးလေပြီ။
မြွေနဂါးတောင်၌ အပေါ်ပိုင်းအဝတ်ဗလာဖြင့် လူတစ်ဦးမှာ အနန္တမီးတောက် (၂) မျိုးကို ထိန်းချုပ်ရင်း ထိုနေ့အတွက် (၉) ကြိမ်မြောက် ပေါင်းစည်းခြင်း ဖြစ်၏။
ပတ်ဝန်းကျင်မြေပြင်တွင် ပေါက်ကွဲမှုများစွာဖြင့် မီးတောက်များ ပြည့်နေသည်။
မြင်မြင်သမျှမှာ မည်းတူး၍ မည်သည့်အပင်မှ မပေါက်ရောက်နိုင်ချေ။
အနန္တမီးတောက်မှာ စွမ်းအားကြီးလွန်းသည်။
ခပ်လှမ်းလှမ်းတွင် အနီရောင်မီးနဂါးပေါက်လေးမှာ ပျော်ရွှင်စွာ ခုန်ပေါက်နေ၏။
မီးနဂါးလေး၏ ပျော်ရွှင်ပေါ့ပါးသော စိတ်ဓာတ်ကြောင့် အဖေအရင်းဖြစ်သော နဂါးကြီးပင် ပြင်းထန်သော စည်းကမ်းများဖြင့် မထိန်းနိုင်ဘဲ ဖြစ်ခဲ့ရသည်။
ဤသို့ဖြင့် ရှန်မို့ဘေးတွင် ထားရန် ဆုံးဖြတ်လိုက်ကြ၏။
သူ ရှန်မိုနှင့်အတူနေရင်း ပို၍နာခံတတ်လာပါသည်။
လူသားတစ်ဦးမှ အနန္တမီးတောက်များ သုံးနိုင်သည်ကို ကြည့်၍ လေးစားအားကျစိတ်များလည်း ဖြစ်လာ၏။
ရှန်မို့အနန္တမီးတောက်မှ စွမ်းအင်များကိုလည်း စုပ်ယူကာ ကြီးထွားမှု အလွန်မြန်ဆန်လာလေသည်။
ယခုအခါ သူ့ကျင့်ကြံမှုသည် အဆင့် (၄) အစပိုင်းပင် ရောက်နေပြီး လူသားမြုတေဖွဲ့စည်းခြင်းအဆင့်နှင့် ညီမျှ၏။
တခါတရံ မီးနဂါးကြီးကိုယ်တိုင် ဝန်ခံပြောတတ်သေးသည်။
“ဒီကောင်က ငါ့တုန်းကထက်တောင် မြန်မြန် ဖွံ့ဖြိုးလာတာပဲ”
ရှန်မို တည်ငြိမ်စွာထိုင်၍ ကျင့်ကြံနေ၏။
လက် (၂) ဖက်တွင် ရွှေနေစွမ်းအင်မီးတောက်နှင့် ကြာနီမီးတောက်တို့ တောက်ပနေကြသည်။
“ပြီးတော့မှာပဲ”
ရှန်မို ပြုံးရွှင်ကာ ရေရွတ်မိ၏။
သူ့အရှေ့တွင် (၂) ရောင်စပ်မီးတောက်မှာ အတော်လေး ပုံပေါ်နေလေပြီ။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာပြီး ကွဲပြားသော မီးတောက် (၂) ခုမှာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားတော့သည်။
ထိုတွင် မပြီးသေး။
ရှန်မိုတစ်ယောက် သူ့စိတ်ဝိညာဉ်စွမ်းအင်များ စီးဆင်းစေကာ မီးတောက်ကို အခြားတစ်ဖက်အထိ ရောက်အောင် ဆွဲဆန့်လိုက်သည်။
ဂျစ် ဂျစ်!
ခမ်းနားလှပသည့် လှံတစ်လက်ပေါ်လာပြီး ရှန်မိုလက်နှင့် ထိသွားသည်။
ချွမ်!
ထိုအခါ သတ္ထုချင်း တိုက်မိသကဲ့သို့ အသံထွက်လာပြီး အပူစွမ်းအင်များ တိုးထွက်လာသည်။
ပျော်ရွှင်စွာ ဆော့ကစားနေသော နဂါးငယ်ပင် အံ့ဩကာ လှမ်းကြည့်၏။
ထို့နောက် အကွယ်တစ်ခုတွင် ချက်ချင်း ပြေးပုန်းလေသည်။ ပြီးမှ ပြန်ချောင်းကြည့်ရာ လူငယ်လေးလက်ထဲမှ လှံသည် ရွှေရောင်ပြောင်း၍ အလွန်ကြီးမားရှည်လျား၏။
သူ့ညာဘက်လက်တစ်ခုလုံး မီးတောက်များ ပတ်နေပြီး ကောင်းကင်မှ နတ်ဘုရားဆင်းသက်လာသည့် အရှိန်အဝါနှင့် တူနေသည်။