ဒီလိုရတနာကို သစ္စာဖောက်ဆီ ဘာလို့ ပေးရမှာလဲ
Vol. 20 Ch. 288
“ဟူး… နောက်ဆုံးတော့ မီးတောက်ရိုင်းသိုင်းရဲ့ ဒုတိယအဆင့်ကို တတ်မြောက်သွားပြီ”
ရှန်မို ကျေနပ်စွာ ရေရွတ်လိုက်သည်။
သူ သိုင်းစဉ်၏ မူလလမ်းညွှန်ချက်များအတိုင်း ရွှေမီးတောက်ကို ကြာပွင့်အဖြစ် မွမ်းမံခြင်း မဟုတ်ဘဲ ကြီးမားသောလှံပုံစံ ပြောင်းလိုက်လေ၏။
“နာမည်သီးသန့် မရှိသေးတော့ ကိုယ်တိုင် ပေးရမှာပဲ”
“နတ်မီးတောက်လှံ… ဒါလည်း မဟုတ်သေးဘူး”
“နည်းနည်း ထပ်ပြင်ရရင်… ကြယ်ကြွေမီးရိုင်း”’
ရှန်မို ကျေနပ်သွား၏။
ထိုကျင့်စဉ်မှာ ပြိုင်စံရှားတိုက်ခိုက်စွမ်းရည်ရှိပြီး သူ့ခြေတည်ဝိညာဉ် ကျင့်စဉ်များနှင့် လိုက်ဖက်ညီ၏။
အားနည်းချက်မှာ အားပြည့်ရန် အချိန်ကြာခြင်းနှင့် စိတ်ဝိညာဉ်စွမ်းအင် များစွာသုံးရခြင်းတို့ ဖြစ်သည်။
သို့သော် ပစ်မှတ်ကိုသာ ကောင်းစွာ သက်ရောက်ပါက နတ်ဘုရားပြောင်းလဲအဆင့်ကိုပင် သေစေနိုင်၏။
ထို့ကြောင့် ကြယ်ကြွေမီးရိုင်းဟူသော အမည်နှင့်လည်း လိုက်ဖက်လှသည်။
“သွားမယ်”
ရှန်မို ခပ်လှမ်းလှမ်းမှ တောင်ပုလေးဆီ ထွက်သွား၏။
မြွေနဂါးတောင် အနီးတွင်နေသော သာမာန်ပြည်သူများ၊ ကျင့်ကြံသူများအား သူ့အမိန့်ဖြင့် နေရာပြန်ချကာ သတ်မှတ်ထားသောကြောင့် ကျင့်စဉ်အင်အားများကို လွတ်လပ်စွာ အသုံးပြုနိုင်၏။
ရှန်မိုတစ်ယောက် စူးရှသော အကြည့်များဖြင့် ရုတ်တရက် လှံတံကို ထိုးချလိုက်သည်။
ဘုံး!
ကျောက်တောင်ကြီးမှာ လှံအစွမ်းဖြင့် ချက်ချင်း ကွဲသွားတော့၏။
ထိုအခါ ပတ်ဝန်းကျင်မှ မြက်ပင်များ၊ အပင်များပါ ပြာကျ၍ ကျောက်တုံးများ အရည်ပျော်ကုန်ကြသည်။
တစ်ချက်တိုက်ခိုက်ရုံဖြင့် တောင်တစ်ခုလုံး အငွေ့ပျံသွားလေ၏။
ပေါက်ကွဲသံကြီးကြောင့် အနီးအနားမှ နတ်ဆိုးသားကောင်များ ကြောက်လန့်တကြား ပြေးကုန်သည်။
မြွေနဂါးတောင်တွင် ရှိကြသော တပည့်များ၊ အစေခံများလည်း တုန်လှုပ်ပြီး ဒူးထောက်ခစားမိကြ၏။
သို့သော် တိုက်ခိုက်မှုမှာ တောတောင်ဘက်ဖြစ်မှန်း သိပြီး စိတ်အေးသွားရသည်။
ခေါင်းဆောင်ငယ် သိုင်းလေ့ကျင့်နေခြင်းပင်။
ဘာမှ မဟုတ်ပါဘူး။
ဘာတွေ ထူးထူးခြားခြား လုပ်နေစရာလိုလို့လဲ။
ခေါင်းဆောင်ငယ် ဒီလောက် အင်အားကြီးတာက ဆန်းတာမှ မဟုတ်တာ။
“ဂါး”
မီးနဂါးငယ်သည် တောင်ပုလေး ပျက်စီးသွားသည်ကို လှမ်းကြည့်၍ စိတ်လှုပ်ရှားစွာ အော်မိ၏။
ရှန်မို သူ့ကိုကြည့်ကာ ရယ်မောနေလေသည်။
အနန္တမီးတောက်၏ အရှိန်အဝါမှာ မီးနဂါးငယ်အတွက် စိတ်လှုပ်ရှားစေ၏။
ထိုတိုက်ခိုက်မှုမှ စွမ်းအင်များကိုလည်း စုပ်ယူနိုင်ပါသည်။
“ခေါင်းဆောင်ငယ် ခေါင်းဆောင်ငယ်”
ခပ်လှမ်းလှမ်းမှ ပျော်ရွှင်ဝမ်းသာသော အသံတစ်ခု ထွက်လာသည်။
ရှန်မို လှည့်ကြည့်လိုက်သောအခါ မိုင်ဟေးဟီ အလောတကြီး ပြေးလာနေ၏။
ရှန်မို ဝတ်ရုံတစ်ထည် ယူဝတ်လိုက်ပြီး
“မိုင် ဘာလို့ အဲ့လောက် စိတ်လှုပ်ရှားနေတာလဲ”
မိုင်ဟေးဟီ ရယ်မော၍
“ခေါင်းဆောင်ငယ် သတင်းကောင်း ပါပါတယ်”
“ခေါင်းဆောင်ငယ်ရဲ့ စီနီယာတွေလေ အကြီးအကဲကျောက်နဲ့ အကြီးအကဲလုတို့ ဦးဆောင်တဲ့ ကျောက်စိမ်းဂိုဏ်းအဖွဲ့က ဝံပုလွေနတ်ဆိုးတွေကို အပြတ်အသတ်နိုင်သွားတယ်တဲ့”
“ရန်သူတွေ သိန်းနဲ့ချီသတ်ပြီး ငွေအဆင့် နတ်ဆိုးဘုရင်ကိုပါ ရှင်းလိုက်တာ”
ရှန်မို အံ့ဩသွားရင်း သူလှမ်းပေးသော တိုက်ပွဲမှတ်တမ်းအား ယူကြည့်လိုက်သည်။
နတ်ဆိုးဘုရင်များ၏ အဆင့်သတ်မှတ်ချက်မှာ လူသားများ၊ နတ်ဆိုးသားကောင်များနှင့် မတူချေ။
သူတို့၏အဆင့်တွင် သာမာန်၊ ငွေအဆင့်၊ ရွှေအဆင့် ဟူ၍ ရှိကြ၏။
ငွေအဆင့်နတ်ဆိုးဘုရင်သည် အနည်းဆုံး ခြေတည်ဝိညာဉ် အဆင့်မြင့်ကျင့်ကြံသူမျှ အစွမ်းရှိပြီး နတ်ဆိုး (၂) သိန်းကို အုပ်ချုပ်နိုင်သည်။
“ဒီလိုရန်သူကို ရှင်းပစ်နိုင်တယ်ဆိုတော့…”
ရှန်မိုပြုံး၍ ကျေနပ်နေ၏။
ကျောက်ယောင်လုနှင့် လုတုံရွှမ်တို့ မသွားမီတည်းက ထိုအခွင့်အရေးကို ကြိုကြည့်၍ ခန့်မှန်းထားပြီး ဖြစ်ပါသည်။
ထို့ကြောင့် ရလဒ်ကိုလည်း တွေးထား၏။
“ဒါနဲ့ တခြားအရေးကြီးတဲ့ကိစ္စ ရှိသေးတယ်… နွေဦးပန်းနဲ့ ဝိညာဉ်ထိန်းချုပ်အပင်ကို စောင့်ကြည့်ခိုင်းထားတာလေ… သတင်းအသစ် ရှိပါတယ်”
မိုင်ဟေးဟီမှ စိတ်လှုပ်ရှားစွာ ပြောသည်။
ရှန်မိုလည်း မျက်လုံးအရောင်များ လက်သွား၏။
ထိုအရာမှာ သူ့စိတ်ဝင်စားစရာများထဲ ပါဝင်သည်။
မည်သို့ပင်ဖြစ်စေ သူ့ကျင့်ကြံမှုလမ်းကြောင်းမှာ ရှင်း၏။ သန့်စင်ခြင်းခြေတည်ဝိညာဉ်ဆေး သုံးရင်း (၃) နှစ်အတွင်း ခြေတည်ဝိညာဉ်အဆင့် ထိပ်ဆုံးသို့ ရောက်နိုင်သည်။
သို့သော် အဆင့်မြင့် နတ်ဘုရားဝိညာဉ် တည်ဆောက်ရန် အရေးကြီးပစ္စည်း (၃) မျိုး လိုအပ်နေ၍ အပြည့်အဝ မပြီးဆုံးနိုင် ဖြစ်နေ၏။
“ဘယ်လိုဖြစ်သွားပြီလဲ”
ရှန်မို မေးလိုက်သည်။
မိုင်ဟေးဟီ ရယ်မော၍
“အကြီးအကဲကျောက်နဲ့ အကြီးအကဲလုတို့ ကျေးဇူးကြောင့်ပါ”
“သူတို့ ငွေအဆင့် နတ်ဆိုးဘုရင်ကို တိုက်ခိုက်ပြီးတော့ ဝိညာဉ်ထိန်းချုပ်အပင် (၃) ခုကို သူ့သိုလှောင်လက်စွပ်ထဲမှာ တွေ့တယ်တဲ့”
“အဲ့ဒါ အကြီးအကဲအတွက်ဆိုပြီးပါ သေချာပြောလိုက်တာ”
ရှန်မို ရင်ထဲနွေးထွေးသွား၏။
မြူနှင်းဒေသတွင် အဝေးရောက်နေရင်း သူ့အတွက် တွေးပေးနေမည်ဟု မထင်ထားချေ။
“အခုပဲ ရတနာတိုက်ကို သွားလိုက်ပါဦးမယ်”
ရှန်မို ကျောက်စိမ်းဂိုဏ်းဆီသို့ ပျံသန်းသွားတော့၏။
…
ရတနာတိုက်။
ယန်ချီယဲ့ မျက်လုံးပြူးကြည့်လျက်
“ဒီဝိညာဉ်ထိန်းချုပ်အပင်က ဂိုဏ်းရဲ့ စစ်ပွဲအောင်ခြင်း အမှတ်အသားပဲ… သတ်မှတ်ချက် ပြည့်မီသူတိုင်း လာလဲနိုင်ပါတယ်ဆို”
“ငါက ပြည့်မီရဲ့သားနဲ့ ဘာလို့ လဲလို့မရတာလဲ”
သူ့အရှေ့တွင် ရပ်နေသော အလုပ်သမားလေးမှာ ဇောချွေးများရွှဲ၍ တုန်ရီစွာဖြင့်
“အကြီးအကဲ (၂) ဒီအပင်က အကြီးအကဲကျောက်နဲ့ အကြီးအကဲလုတို့က အကြီးအကဲဟီကိုတစ်ဆင့် ပေးတာပါ… ခေါင်းဆောင်ငယ်အတွက်ဆိုပြီး”
“ဘယ်သူမှ လဲခွင့်မရှိတော့ပါဘူး”
ဘေးပတ်ဝန်းကျင်တွင်လည်း ထိုအခြေအနေကို စိတ်ဝင်တစားကြည့်နေသော ကျင့်ကြံသူများစွာ ရှိ၏။
“အကြီးအကဲ (၂) က လွန်တယ်နော်… ခေါင်းဆောင်ငယ်အတွက် ထားတာကို ဝင်ယူချင်သေးတယ်”
“သူ့ချစ်တပည့် ယဲ့ယန်အတွက် နေမှာပေါ့… တွေးရင်းနဲ့ ပိုဖြစ်နိုင်တယ်နော်… ယဲ့ယန်က သူ့ဂုဏ်သိက္ခာ၊ သူ့ပျော်ရွှင်မှုပဲ”
“တခြားအကြီးအကဲတွေတော့ ဘယ်လိုတွေးမလဲ မသိဘူး”
“ယဲ့ယန်ဆိုမှ သူ့ကိုမတွေ့တာတောင် တစ်နှစ်ကျော်ပြီနော်… ဘယ်ရောက်နေတာလဲ”
“လုံကျန်းဒေသမှာ တာဝန်ပေးခံရပြီး ပြန်မလာသေးတာလို့ ကြားတာပဲ… အဲ့မှာ အခွင့်အရေးကောင်းတွေ တွေ့နေပြီ ထင်ပါတယ်”
ကျင့်ကြံသူများ တီးတိုးပြောဆိုနေကြ၏။
ယန်ချီယဲ့မှာ ကြမ်းတမ်း၍ စိတ်ကြီးသောကြောင့် ဂိုဏ်းသားများ သူ့ကို ကြောက်ကြပါသည်။
သို့သော် သူ့လတ်တလောအပြုအမူများနှင့် ရှန်မိုနှင့် မပြေလည်သော ဆက်ဆံရေးများကြောင့် တဖြည်းဖြည်း ပို၍ နာမည်ပျောက်လာသည်။
ယခုလို တီးတိုးဝေဖန်သံများမှာ သူ့ဒေါသကို လောင်စာဖြစ်စေ၏။
“မင်း ဝိညာဉ်ထိန်းချုပ်ပင်ကို အခုထုတ်ပေး… ငါက ဂိုဏ်းရဲ့ အကြီးအကဲ (၂) ပဲ… ငါ့မှာလည်း ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်”
“ငါ့အမိန့်ကို လွန်ဆန်ရင် ရာထူးပြောင်းလိုက်မှာနော်”
ယန်ချီယဲ့ ဒေါသတကြီးပြောလိုက်သည်။
အလုပ်သမားလေးမှာ ပို၍ တုန်ရီလာပြီး ကျောက်စိမ်းဘူးအား ထုတ်ပေးလိုက်ရ၏။
ယန်ချီယဲ့ ပြုံးကာ လှမ်းယူလေသည်။
ထိုစဉ် တည်ငြိမ်အေးဆေးသော အသံတစ်ခု သူ့အနောက်မှ ထွက်လာ၏။
“ဒီဆေးပင်က ခြေတည်ဝိညာဉ်အဆင့်မှာ အဆင့်တက်ဖို့ အရမ်းအထောက်အကူဖြစ်တယ်”
“ဒီလို ရှားပါးရတနာကို ဂိုဏ်းရဲ့ သစ္စာဖောက်ဆီ ဘာလို့ ပေးရမှာလဲ”