ရတနာများထဲမှ တစ်ခု
Vol. 20 Ch. 289
ယန်ချီယဲ့ ထိုလူကိုလှည့်ကြည့်၍ လန့်လည်းလန့်၊ ဒေါသလည်းထွက်သွား၏။
“ရှန်… ခေါင်းဆောင်ငယ်ကို ကျွန်တော် ရာထူးအရ လေးစားပေမဲ့ ကျွန်တော်လည်း အကြီးအကဲ (၂) လေ… ပြန်ပြီးလေးစားသမှု ရှိပေးပါ”
“ကျွန်တော့်တပည့် ယဲ့ယန်က ဘယ်လိုလုပ် ဂိုဏ်းကို သစ္စာဖောက်တဲ့သူ ဖြစ်မှာလဲ”
သူ ရှန်မို့ကို စူးစိုက်ကြည့်ရင်း ပြန်မေး၏။
ရှန်မို ပြုံးလျက်
“ယဲ့ယန်က လုံကျန်းမှာ တာဝန်သွားထမ်းဆောင်မယ်လို့ ပြောသွားတာလား”
“ကျွန်တော် စုံစမ်းပြီးပြီ… သူယူထားတဲ့တာဝန်က လုံကျန်းကို ကျူးကျော်လာတဲ့ သားကောင်တွေကို ရှင်းရုံပဲလေ… ဒါက ခက်လည်းမခက် ဆုလည်း ထူးထူးခြားခြား မဟုတ်ဘူး… သူ့လိုလူက ဒီလိုအလုပ် လက်ခံမှာလား”
“ဒါပေမဲ့ လက်ခံလိုက်တယ်… တောင်ဘက်က လုံကျန်းကိုလည်း သွားခဲ့တယ်”
ယန်ချီယဲ့ မျက်မှောင်ကြုတ်သွားကာ
“အဲ့တော့ ဘာဖြစ်လဲ… သွားလို့ မရဘူးလား”
ရှန်မိုမှဆက်၍
“ဂိုဏ်းကနေ လုံကျန်းကိုသွားရင် အလွန်ဆုံး (၁၀) ရက်ပဲ ကြာမှာ”
“ဒီတော့ နတ်ဆိုးမျိုးနွယ်တွေ ရှင်းလင်းတာနဲ့ဆို သူ့အရည်အချင်းနဲ့ ခရီးအစအဆုံးက တစ်လတောင် မကျော်ဘူး”
“ဒါပေမဲ့ အခုတော့ သူ ဂိုဏ်းက ထွက်သွားတာ (၃) နှစ် ရှိပြီလေ… သူ ပြန်လာဦးမယ်လို့ ထင်နေတာလား”
ယန်ချီယဲ့ စွံ့အသွား၏။
ရှန်မို ဆက်ပြောပြန်သည်။
“နောက်ပြီး ဟိုတလောက တောင်ထိပ် (၂) အကြီးအကဲ ဝမ်ဝူ့အဆောင်ကို ကိစ္စရှိလို့ တပည့်တစ်ယောက် လွှတ်လိုက်တာ အကာအကွယ်တွေနဲ့ မဝင်နိုင်ဘူး ဖြစ်နေတယ်လေ”
“နောက်မှ အကြီးအကဲချုပ် ခွင့်ပြုချက်နဲ့ အကာအကွယ်ကို ဖျက်ဆီးပြီး ဝင်ကြည့်တော့ ဝမ်ဝူ ပျောက်နေတာ ကြာပြီ… အထဲမှာလည်း ဘယ်သူမှ မရှိဘူး”
ယန်ချီယဲ့ မျက်မှောင်ကြုတ်လျက်
“အဲ့ဒါ ယန်နဲ့ ဘာဆိုင်လို့လဲ”
ရှန်မို ပြုံးကာ
“မေ့သွားပြီလား… ဝမ်ဝူဆိုတာ ယဲ့ယန်ရဲ့ လက်ထောက်သာသာ တောက်လျှောက်လိုက်နေကျလူလေ… ဒါပေမဲ့ ကျွန်တော် ခေါင်းဆောင်ငယ်ဖြစ်ပြီးတော့ သူက ယဲ့ယန်ကို ခွါပြီး ကျွန်တော့်ကို လာပေါင်းတယ်”
“အဲ့လိုအခြေအနေမှာ ယဲ့ယန်ရဲ့စိတ်နဲ့ဆို ဝမ်ဝူ့ကို ဘယ်လို ကိုင်တွယ်မလဲ”
ရှန်မို့စကားကြောင့် ကျင့်ကြံသူများ တီးတိုးဝေဖန်ကြပြန်သည်။
“မဖြစ်နိုင်တာ… ယဲ့ယန်က ဂိုဏ်းက ထွက်သွားတာလား… ပြီးတော့ မသွားခင် ဝမ်ဝူကို သတ်သွားတာလား”
“သူ တကယ် သတ်ခဲ့တာဆိုရင် ဘာလို့ အလောင်းရော၊ သက်သေရော မကျန်တာလဲ”
“ငတုံး… ယဲ့ယန်ရော ဝမ်ဝူရောက ခြေတည်ဝိညာဉ်အဆင့်တွေလေ… ဒါပေမဲ့ ယဲ့ယန်က ပိုအင်အားကြီးတော့ သတ်ဖို့က အဲ့လောက် မခက်ပါဘူး”
“ဟုတ်တယ်နော်… အဲ့လိုဆို ရုန်းရင်းဆန်ခတ်လည်း မလုပ်နိုင်တော့ ချက်ချင်းသတ်ပြီး အလောင်းကိုပါ သိုလှောင်လက်စွပ်ထဲ သိမ်းသွားလိုက်ရင် ရတာပဲ”
“ကျစ် ကျစ်… ယဲ့ယန်တစ်ယောက် ဒီလိုပြောင်းလဲသွားမယ်လို့ ဘယ်သူက ထင်မှာလဲ”
ကျင့်ကြံသူများ ခေါင်းတယမ်းယမ်းဖြင့် အံ့ဩနေကြ၏။
ယန်ချီယဲ့လည်း ထိုစကားများ နားထောင်ရင်း ခေါင်းပင် ချာချာလည်အောင် မူးလာသည်။
အမှန်ပင်။
သူ လွန်ခဲ့သည့် (၃) နှစ်လုံး ထိုဖြစ်နိုင်ခြေကို တွေးထားပြီး ဖြစ်၏။
သို့သော် မယုံရဲခြင်းသာ ဖြစ်လေသည်။
သူ အနစ်နာခံ၍ ပျိုးထောင်ခဲ့ရသည့် အချစ်ဆုံးတပည့်မှာ တစ်နေ့ သူ့ကို စွန့်ပစ်သွားလေပြီ။
ယဲ့ယန်စိတ်ထဲတွင် သူ့ကို ဆရာအဖြစ် မသတ်မှတ်ဘူးလား။ မည်သို့မျှ မခံစားရလေဘူးလား။
ယန်ချီယဲ့ မူးပင်လဲချင်လာသည်။
ကျောက်စိမ်းဂိုဏ်းထဲ၌ သူ့ဂုဏ်သိက္ခာလည်း ရစရာမရှိအောင် ဖြစ်နေ၏။
သူ့ဒေါသကိုကြောက်၍ အကြီးအကဲ (၄)၊ (၇)၊ (၉) တို့မှာတော့ ခပ်လှမ်းလှမ်းမှသာ ကြည့်နေကြ၏။
အချစ်ဆုံးတပည့် သစ္စာဖောက်သွားပြီး၍ သူ မည်သို့ ထပ်ယုံနိုင်တော့မည်နည်း။
ရှန်မိုမှာ တည်ငြိမ်စွာပင် လှမ်းကြည့်နေသည်။
ယန်ချီယဲ့ ထွက်ပြေးချင်လာ၏။
သူ့အဆင့်မှာ ပိုမြင့်သော်လည်း ရှန်မို့အကြည့်များကို ရင်မဆိုင်ရဲချေ။
ထို့နောက် နောက်ပြန်လှည့်၍ ရတနာတိုက်ထဲမှ ပြေးထွက်သွားတော့၏။
လူအုပ်ကြီးမှာ သူ့အတွက် လမ်းရှင်းပေးလေသည်။
ရှန်မိုလည်း ထိုလူကြီး၏နောက်ကျောကို လှမ်းကြည့်ရင်း နာကျင်အထီးကျန်မှုကို ခံစားမိသည်။
အကြီးအကဲ (၂) သူ့အမှားများကို နားလည်သွား၏။
သူသာ သာမာန် ခြေတည်ဝိညာဉ်အဆင့်မျှ ကျင့်ကြံသူ ဖြစ်လျှင် လီကျန်ထောင်းတို့ ချက်ချင်း ပစ်ပယ်လိုက်လိမ့်မည်။
သို့သော် ယန်ချီယဲ့မှာ အဆင့်မြင့် အကြီးအကဲ ဖြစ်နေပြီး ကိုယ်တိုင် သစ္စာဖောက်ခြင်းမဟုတ်၍ အခြေအနေများမှာ ပုံမှန်အတိုင်း ဆက်ရှိသွား၏။
ကျောက်စိမ်းဂိုဏ်း၏ အကြီးအကဲ (၂) ဖြစ်နေဆဲပင်။
“ဝိညာဉ်ထိန်းချုပ်အပင်ကရော”
ရှန်မို ရတနာတိုက်အလုပ်သမားလေးအနား ရောက်လာပြီး မေးလိုက်၏။
အလုပ်သမားလေးမှ ကျောက်စိမ်းဘူးလေးကို လှမ်းပေးကာ
“ခေါင်းဆောင်ငယ် ဒီပစ္စည်းက အကြီးအကဲကျောက်နဲ့ အကြီးအကဲလုတို့ကိုယ်တိုင် ခေါင်းဆောင်ငယ်အတွက် ပေးထားတာပါ… အမှတ်နဲ့ လဲစရာ မလိုပါဘူး”
ရှန်မို ခေါင်းငြိမ့်ပြ၏။
ထိုပစ္စည်းမှာ အလွန်အဖိုးတန်သော ရတနာဖြစ်သည်။
အနည်းဆုံး အဆင့်အေ (၄) မှတ်ဖြင့် လဲရနိုင်၏။
ကံကောင်းစွာဖြင့် အမှတ်မလိုအပ်ချေ။
“နွေဦးပန်းနဲ့ ဝိညာဉ်ထိန်းချုပ်ဆေးပင်တို့ဆိုတာ ခြေတည်ဝိညာဉ်အဆင့်အတွက် တန်ဖိုးကြီးတဲ့ ရတနာလို့ ကြားဖူးတယ်… ဒါနဲ့ဆိုရင် မြေအဆင့်ဝိညာဉ်ကို ဖန်တီးနိုင်တယ်တဲ့… ခေါင်းဆောင်ငယ်ကတော့ သိပ်ကံကောင်းတာပဲ…ကျွန်တော်လည်း ဒီလိုကံသာ ရှိရင်…”
“အခု ယဲ့ယန်က ဂိုဏ်းကို သစ္စာဖောက်သွားပြီဆိုတော့ ခေါင်းဆောင်ငယ်ဆိုတာ ကျောက်စိမ်းဂိုဏ်းရဲ့ ပြိုင်စံရှား ပါရမီရှင် ဖြစ်ပြီနော်”
“သူရှိနေလည်း ခေါင်းဆောင်ငယ်ကိုတော့ မယှဉ်နိုင်ပါဘူး”
…
ထို့နောက် ရှန်မို မြွေနဂါးတောင်သို့ ပြန်လာခဲ့သည်။
အဆောင်ရောက်သောအခါ သူ့လက်မောင်းတစ်ထောက်စာ အရှည်ရှိသည့် အပင်နက်လေးကို သေချာကြည့်နေမိ၏။
ပုံစံကြည့်ရသည်မှာ အရိုးတစ်ခုခုဖြင့် ပြုလုပ်ထားပုံ ရပြီး လေးလံကာ သတ္ထုသားနှင့် တူသည်။
အံ့ဩစရာကောင်းသည်မှာ ထိုဆေးပင်ကို စိုက်ကြည့်နေရင်းပင် စိတ်ထဲ၌ အပ်ပေါင်းများစွာ ထိုးစိုက်လာသကဲ့သို့ နာကျင်မှုကို ခံစားရ၏။
သို့သော် အကြည့်လွှဲလိုက်သည်နှင့် နာကျင်မှုလည်း ပျောက်သွားသည်။
“ကောင်းကင်အဆင့်ဝိညာဉ် တည်ဆောက်ဖို့ ပစ္စည်း (၂) ခုတော့စုံပြီ… ကောင်းကင်ချိတ်ဆွဲပင်နဲ့ ဝိညာဉ်ထိန်းချုပ်ဆေးပင်ပေါ့”
“ကျန်တာက နတ်ဆိုးပင်လယ်က နတ်လျှပ်စီးပဲ”
“ဒါပေမဲ့ နတ်ဆိုးပင်လယ်က အရှေ့ပင်လယ်ထက်တောင် ဝေးသေးတယ်… ဘယ်လိုသွားရမလဲလည်း မသိဘူး… နတ်လျှပ်စီးကို ဘယ်လိုယူရမလဲ”
ရှန်မို သေချာစဉ်းစားရင်း အကြံတစ်ခု ရလာ၏။
“တကယ့်အစစ် မဟုတ်လည်း ရတာပဲ… ဆင်တူတဲ့ အရှိန်အဝါရှိရနေရင် ရပြီ”
“ဒါနဲ့ ပတ်သက်တဲ့သတင်းကို စောင့်ကြည့်ရမှာပေါ့”
“နတ်ဆိုးမျိုးနွယ်မှာ တစ်ခုခု သက်ဆိုင်တာ ရှိမှာပါ”
သူ ထိုပစ္စည်းတစ်ခုတည်းအတွက် စွန့်စားရန် မလိုပါ။ ဂိုဏ်းအတွင်း၌ စောင့်နေသည်က ပိုကောင်းသည်။
သူသည် ယခု ခေါင်းဆောင်ငယ် ဖြစ်နေသောကြောင့် စစ်ပွဲထဲတွင် ရတနာတွေ့ပါက ပို့ပေးမည့်သူများ ရှိ၏။
ဂိုဏ်းထဲမှ ကျင့်ကြံသူအားလုံးမှာ ထူးချွန်၊ သဘောကောင်းကြသောကြောင့် သူ ထိုနေရာတွင် အလွန် ပျော်နေတော့သည်။