ငါလောကကြီးကို အုပ်စိုးနိုင်တဲ့နေ့ မင်းလည်း လူသားဧကရာဇ် ဖြစ်လာမယ်
Vol. 20 Ch. 291
မြူနှင်းဒေသ။
မြေပြင်တွင် မီးတောက်များပြည့်၍ မီးခိုးများလည်း တလူလူ ထွက်နေသည်။
အလောင်းများကို လမ်းဘေးတွင်ပုံ၍ အကုန်ရှင်းထားပြီး လေထဲ၌ အပုပ်နံ့များ လွင့်ပျံနေ၏။
လမ်းအဆုံးတွင် ခံတပ်ကြီးတစ်ခု ရှိနေပြီး (၂) မီတာကျော်မြင့်သော ကျောက်ရုပ်ကြီး (၂) ခုမှာ အစောင့်များကဲ့သို့ ဝင်ပေါက်တွင် ကြောက်မက်ဖွယ် ရပ်နေလေသည်။
ခပ်လှမ်းလှမ်း၌ ဝံပုလွေနတ်ဆိုးများမှာ ဝံပုလွေကြီးများကို စီးရင်း ကင်းလှည့်နေ၏။
တခါတရံ သားရိုင်းကောင်ကြီးများမှာ အလောင်းများကို စားရန် လာချောင်းတတ်သေးသည်။
ထိုအနားတွင် ငိုရှိုက်သံအချို့ ကြားရပြီး လမ်းမကြီးပေါ်၌ ဝံပုလွေနတ်ဆိုးများမှာ လူသားများအား ခံတပ်ထဲဝင်ရန် ဦးဆောင်ခေါ်လာ၏။
ခေါင်းဆောင်သူမှာ ဗလကြီးကြီး ဝံပုလွေနတ်ဆိုးဖြစ်ကာ ကြမ်းတမ်းသော အရှိန်အဝါ ရှိနေသည်။
လူသားများသည် အလောင်းများ၊ သွေးများကိုကြည့်၍ ကြောက်ရွံ့နေသော်လည်း မရပ်လိုက်ရဲကြပေ။
ယခုရပ်လိုက်သည်နှင့် ထိုနေရာတွင် အသက်ပျောက်သွားလိမ့်မည်။
ထိုလူသားများထဲတွင် အသားဖြူဖျော့ဖျော့နှင့် သမီးငယ်လေးကို လက်ဆွဲထားသော အမျိုးသမီးတစ်ဦးလည်း ပါ၏။
ကလေးမလေးမှာ ကြောက်စရာ ခံတပ်ကြီးကို မျက်လုံးများဝိုင်း၍ ခိုးခိုးကြည့်လေသည်။
ရုတ်တရက် ခံတပ်ထိပ်တွင် ဝတ်ရုံနီဖြင့် ရပ်နေသော လူတစ်ဦးကို တွေ့လိုက်၏။
သူ ခပ်တိုးတိုးဖြင့်
“မေမေ ဟိုကျင့်ကြံသူက ဘာလို့ အဲ့ထိပ်မှာ ရပ်နေတာလဲဟင်”
အမျိုးသမီးလည်း လှမ်းကြည့်၍ လန့်သွားသည်။
အမှန်ပင်။
အေးစက်စက်အမူအရာ၊ စူးရှသော မျက်လုံးများဖြင့် ကြည့်နေသော လူငယ်လေးကို ခံတပ်ထိပ်တွင် တွေ့ရ၏။
သို့သော် ဤခံတပ်မှာ နတ်ဆိုးမျိုးနွယ်အပိုင်မလား။
အဘယ်ကြောင့် ထိခိုက်ဒဏ်ရာမရှိသော လူသားကျင့်ကြံသူက လာရပ်နေသနည်း။
ခံတပ်ထိပ်တွင်။
ယဲ့ယန်သည် ခံတပ်ဆီ လျှောက်လာသော လူအုပ်ကြီးကို တစ်ချက်မျှသာ လှမ်းကြည့်၍ မြောက်ဘက်ပိုင်းရှိ မီးခိုးများထွက်သည့်နေရာအား အကြည့်လွှဲလိုက်၏။
“ဘာတွေ ကြည့်နေတာလဲ”
အနောက်ဘက်မှ အသံခပ်ဩဩတစ်ခု ထွက်လာသည်။
လေသံသည် ကျင်းနိုင်ငံတော်ဘက်မှ မဟုတ်ဘဲ ဒေသ (၉) ခုလုံး ပေါင်းစည်းထားသကဲ့သို့ ရောနေ၏။
သို့သော် တစ်ချက်ကြားရုံဖြင့် အရှိန်အဝါကြီးသောကြောင့် ဒူးထောက်ခစားလိုစိတ် ဖြစ်ပေါ်စေသည်။
ယဲ့ယန် မည်သူပြောနေမှန်း တန်းသိပါသည်။
သူ ဒူးထောက်ချင်စိတ်ကို ထိန်းကာ
“ဘာမှမကြည့်ပါဘူး… တွေးနေတာပါ”
“ဪ… ဒါဆိုလည်း ပြောပါဦး… ဘာတွေများ တွေးနေတာလဲ”
“နတ်ဆိုးတစ်သောင်းနယ်မြေ ရှုံးရင်ရောလို့ တွေးမိလို့ပါ”
ယဲ့ယန် တည်ငြိမ်စွာ ပြော၏။
“ဟားဟားဟား”
ကျယ်လောင်သော ရယ်သံကြီးကြောင့် ယဲ့ယန် အနောက်သို့ လှည့်ကြည့်မိသည်။
ထိုအခါ အရပ်ရှည်ရှည် ရွှေရောင်သံချပ်ကာဖြင့် လူတစ်ဦးကို တွေ့ရသည်။
မျက်လုံးနီနီများသာ ဖော်ပြထားပြီး တစ်ကိုယ်လုံး သံချပ်ကာများ ကွယ်ထားသော်လည်း ယဲ့ယန် နတ်ဆိုးမျိုးနွယ်၏ ပုံပန်းသွင်ပြင်ကို ခန့်မှန်းနိုင်ပါသည်။
“ယဲ့ယန် မင်းက သေမှာမကြောက်ဘူးပဲ”
နတ်ဆိုးကြီးမှ ပြုံး၍ ပြောသည်။
“ကျွန်တော် သေရမှာ ကြောက်ပါတယ်”
သူ တည်ငြိမ်စွာ ပြန်ဖြေ၏။
“ဒါပေမဲ့ နတ်ဆိုးဧကရာဇ်ကတော့ ကျွန်တော် အမှန်အတိုင်း ပြောရုံနဲ့ မသတ်ဘူးဆိုတာ သိပါတယ်”
နတ်ဆိုးဧကရာဇ်ရယ်သံမှာ ပိုကျယ်လာသည်။
“ငါကတော့ ဒီလိုထက်မြက်တဲ့သူတွေ သိပ်သဘောကျတယ်”
“နတ်ဆိုးတစ်သောင်းနယ်မြေမှာ မင်းလိုလူတွေ လိုနေတာလေ”
“ယဲ့ယန်… မင်း ငါ့ရဲ့ နဂါးသွေးသောက်အစောင့်အဖွဲ့ထဲ ပါချင်လား”
ယဲ့ယန် ခေါင်းယမ်းပြ၏။
နတ်ဆိုးဧကရာဇ် အံ့ဩသွားပြီး
“ဘာလို့ ငြင်းရတာလဲ”
“ငါ့ကိုငြင်းတဲ့ ဘယ်သူမဆို လူဖြစ်ဖြစ်၊ နတ်ဆိုးဖြစ်ဖြစ် ချွင်းချက်မရှိ ပျက်စီးရတာပဲ”
ယဲ့ယန်မှာ တည်ငြိမ်စွာပင်
“ကျွန်တော် ကြားဖူးတာတော့ နဂါးသွေးနဲ့ ခန္ဓာကိုယ် မွမ်းမံတဲ့အခါ စိတ်နှလုံးကို ပျက်စီးထိခိုက်စေတယ်တဲ့”
“အဲ့ဒါကြောင့် ငြင်းတာပါ”
နတ်ဆိုးဧကရာဇ် သဘောကျစွာ ရယ်မော၍
“အဲ့တော့ ဘာလိုချင်တာလဲ မင်းက”
“နတ်ဆိုးဧကရာဇ်ရဲ့ သွေးခြင်ဆီပါ”
ရွှေရောင်ချပ်ဝတ်ကြားမှ မျက်လုံးနီများ ပိုတောက်ပလာပြီး
“ဪ ငါ့သွေးခြင်ဆီကို မွမ်းမံနိုင်ရင် ငါ့မျိုးဆက်နဲ့ တူမယ်ဆိုတာကို သိတယ်ပေါ့”
“ကျွန်တော် နတ်ဆိုးတွေရဲ့အင်အားကို အကုန်သိပြီးမှ လာတာပါ”
နတ်ဆိုးဧကရာဇ် ခဏငြိမ်နေပြီးမှ အားရပါးရ ရယ်မောကာ
“ကောင်းပြီ သိပ်ကောင်းတယ်”
“ဒါပေမဲ့ ဒီသွေးခြင်ဆီတစ်စက်က မင်းကို လွယ်လွယ်တော့ မပေးနိုင်ဘူး”
နတ်ဆိုးဧကရာဇ်သည် ခံတပ်ထဲဝင်လာနေသော လူသားများကို လက်ညှိုးထိုး၍
“သူတို့အားလုံးကို သတ်လိုက်… အဲ့ဒါဆို ငါ့သွေးခြင်ဆီကို ဆုချမယ်”
ယဲ့ယန် တုံ့ဆိုင်းခြင်းမရှိ ချက်ချင်း ထ၍ လက်ဝါးသိုင်းဖြင့် ရိုက်ချလိုက်သည်။
ထိုအခါ နုနယ်သော သားအမိပါဝင်သည့် လူအုပ်ကြီးသည် တိုက်ခိုက်မှုကြီးကို ရုတ်တရက် ခံစားရလေ၏။
နာကျင်မှုကြောင့် အော်ဟစ်ငိုကြွေးသံများ ဆူညံသွားသည်။
ဝံပုလွေနတ်ဆိုးများနှင့် သူ့တပည့်များပင် ပါသွားလေသည်။
ဂါး ဝေါင်း အာဝူး!
ဝံပုလွေနတ်ဆိုးများ ဒေါသတကြီး အော်ဟစ်၍ အေးစက်စက်အမူအရာရှိသည့် ယဲ့ယန်ထံသို့ လှံများ၊ မြှားများဖြင့် ချိန်ထားလိုက်သည်။
နတ်ဆိုးဧကရာဇ် အမိန့်တစ်ချက်ပေးသည်နှင့် လှုပ်ရှားမည် ဖြစ်၏။
ထိုစဉ် နတ်ဆိုးဧကရာဇ်မှ
“မင်း ငါ့တပည့်တွေကိုပါ သတ်လိုက်တာပဲ”
ယဲ့ယန် တည်ငြိမ်စွာပင်
“သူတို့တွေက ကျွန်တော့်ကို ဆက်တိုက် စော်ကားနေတာလေ… ဇက်လိမ်ချိုးပြီး စွပ်ပြုတ်လုပ်မယ်လို့လည်း ခြိမ်းခြောက်သေးတယ်”
“အဲ့ဒါကြောင့် သူတို့နည်းလမ်းအတိုင်း ပြန်ပေးလိုက်တာ”
နတ်ဆိုးဧကရာဇ် ရယ်မော၍ လက်ကာပြလိုက်သောအခါ ဝံပုလွေနတ်ဆိုးများ လက်နက်သိမ်း၍ ငြိမ်သွားကြ၏။
“မဆိုးပါဘူး… မင်းက ရောက်တာ (၁) နှစ်ပဲ ရှိသေးပေမဲ့ နတ်ဆိုးမျိုးနွယ်တွေရဲ့ နည်းလမ်းကိုတောင် သင်ပြီးပြီ”
“မင်း မသတ်ပစ်ရင်တောင် ငါ စိတ်ပျက်နေမိမှာ”
ထိုစဉ် ဝံပုလွေနတ်ဆိုးတစ်ကောင် ရုတ်တရက် စူးဝါးစွာအော်၍ လဲကျသွား၏။
ပုံရိပ်တစ်ခုသည် လျှပိစီးကဲ့သို့ ပေါ်လာပြီး မြောက်ဘက်သို့ ချက်ချင်း ပျောက်သွားလေသည်။
ပတ်ဝန်းကျင်မှ နတ်ဆိုးများလည်း အချိန်မီ မတုံ့ပြန်နိုင်ဘဲ ပျောက်သွားသည်ကိုသာ မြင်လိုက်ရ၏။
ယဲ့ယန် စွံ့အသွားသည်။
ထိုကဲ့သို့အရှိန်နှင့် အင်အားမှာ သေချာပေါက် ခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူ ဖြစ်လိမ့်မည်။
လူသားအုပ်စုထဲ အင်အားကြီးကျင့်ကြံသူ ပုန်းနေခြင်းလား။
ယဲ့ယန် နတ်ဆိုးဧကရာဇ်ကို လှည့်ကြည့်လိုက်သော်လည်း သူ လက်ညှိုးတစ်ချောင်းပင် မလှုပ်ဘဲ ငြိမ်နေသည်။
ယဲ့ယန် ရုတ်တရက် ကြောက်သွား၏။
သူ အခြေအနေကို သဘောပေါက်သွားလေပြီ။
အားလုံး နတ်ဆိုးဧကရာဇ်မှ ထောင်ချောက်ဆင်ထားခြင်းပင်။
“သူက ကျောက်စိမ်းဂိုဏ်းက အကြီးအကဲပဲ… နာမည်က ဟီထျန်းချောင်”
“သူ ယုကျောက်ဒေသက ကျောက်စိမ်းဂိုဏ်းကို ဘေးကင်းကင်း ပြန်ရောက်လိမ့်မယ်”
“ပြီးတော့ ဒီနေ့ကစပြီး မင်းဟာ ကျောက်စိမ်းဂိုဏ်းရဲ့ သစ္စာဖောက်၊ လူသားမျိုးနွယ်ရဲ့ သစ္စာဖောက် ဖြစ်သွားပြီ”
နတ်ဆိုးဧကရာဇ်၏ ရယ်သံမှာ ယဲ့ယန်အတွက်တော့ ရေခဲရေနှင့် ပက်လိုက်သကဲ့သို့ တောင့်တင်းနေစေ၏။
မကြာမီ ယုကျောက်တွင် သူနာမည်ပျက်လေပြီ။
သူ တွေးနေရင်းမှ ရုတ်တရက် ဒူးထောက်ချလိုက်ကာ
“ကျွန်တော်ပူပန်မှုတွေကို ဖယ်ရှားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်”
နတ်ဆိုးဧကရာဇ် ပြုံးကာ
“ငါ့ရဲ့အားထုတ်မှုကို နားလည်တယ်ဆိုရင် တော်သေးတာပေါ့”
“မင်းအရည်အချင်းနဲ့ အနာဂတ်မှာ ငါ့အတွက် စိတ်ချရတဲ့သူ ဖြစ်လာမှာပါ”
“ငါ တစ်လောကလုံးကို အုပ်စိုးနိုင်တဲ့နေ့ မင်းလည်း လူသားဧကရာဇ် ဖြစ်လိမ့်မယ်”
“ဟုတ်ကဲ့ပါ… ကျွန်တော့်အင်အား ရှိသမျှ ခစားပါမယ်”
သူ ဦးညွှတ်၍ ပြော၏။
“ကျွန်တော် ပြောပြချင်တဲ့ နည်းလမ်းတစ်ခုရှိပါတယ်”
“ပြောလေ”
“လက်ရှိ ဂိုဏ်းကြီး (၃) ခုနဲ့ ရုံးတော်က ပူးပေါင်းထားတော့ ကျွန်တော်တို့ အပြီးသတ်နိုင်ဖို့ ခက်နေပါတယ်”
“ကျွန်တော် အကြံပေးချင်တာက သူတို့ချင်း အင်အားပြိုင်နေတာကို သတင်းဖြန့်လိုက်ပါ… ဒါဆိုရင် ကျွန်တော်တို့ အားမကုန်ဘဲ အဆင်ပြေပါလိမ့်မယ်”