← Chapters

တစ်ခါတော့ ကျောက်စိမ်းဂိုဏ်း ခေါင်းဆောင်ငယ်ကို အရှင်ဖမ်းမယ်

Vol. 20 Ch. 292

တစ်ခါတော့ ကျောက်စိမ်းဂိုဏ်း ခေါင်းဆောင်ငယ်ကို အရှင်ဖမ်းမယ်

Vol. 20 Ch. 292

နတ်ဆိုးဧကရာဇ်မှ မဲ့ပြုံးပြုံးလျက်

“ဆက်ပြောပါ”

ယဲ့ယန် လေးနက်စွာ ဆက်ပြောလေသည်။

“ဂိုဏ်း (၃) ဂိုဏ်းနဲ့ ရုံးတော်တို့ရဲ့ အပေါ်ယံ ပူးပေါင်းမှုနဲ့ အရူးလုပ်မခံပါနဲ့… အခုတော့ အဆင်ပြေနေတယ် ထင်ရပေမဲ့ သူတို့ကြားက အမုန်းတရားက လူသားနဲ့ နတ်ဆိုးတွေကြားထက်တောင် ပိုသေးတယ်”

“ပြောရရင် ရာစုနှစ်နဲ့ချီပြီး ယုဒေသရဲ့ ဂိုဏ်း (၃) ခုဆိုတာ ပြဿနာမရှိတဲ့ရက် မရှိခဲ့ဘူးလေ”

“သံသယတွေ၊ မယုံကြည်မှုတွေနဲ့ ပြည့်နေတာ… အခုက နတ်ဆိုးမျိုးနွယ်ကို တိုက်ခိုက်ရမယ်ဆိုပြီး အတင်း လက်တွဲထားကြရတာ”

“ဧကရာဇ်က မြန်မြန်တိုးတက်လေ ကျင်းဧကရာဇ် လန့်ပြီး ပူးပေါင်းရေးအတွက် ကြိုးစားရင်း နတ်ဆိုးမျိုးနွယ်ဘက်ကို မြှားဦးလှည့်လာမှာ… အဲ့လိုနဲ့ နတ်ဆိုးတစ်သောင်းနယ်မြေ ရှုံးလိမ့်မယ်”

နတ်ဆိုးဧကရာဇ် ကျေနပ်စွာ ခေါင်းငြိမ့်ပြ၍

“မဆိုးပါဘူး… မင်းက နတ်ဆိုးအများစုထက် တကယ် ဉာဏ်ပိုကောင်းတာပဲ”

“ဒါပေမဲ့ မင်းရဲ့အစီအစဉ်က အခုတော့ အလကားပဲ”

ယဲ့ယန် မှင်တက်၍

“ဘယ်လို”

သူ့အစီအစဉ်ကို ထုတ်ပြကာ နတ်ဆိုးဧကရာဇ်၏ ယုံကြည်မှုရယူရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။

နတ်ဆိုးဧကရာဇ်မှ

“လွန်ခဲ့တဲ့ (၅) ရက်ကပဲ ဒေသတွင်း ပြန်လည်ထူထောင်ရေးနဉဘ အရင်းအမြစ် စုဆောင်းရေးတွေမှာ အာရုံစိုက်ဖို့ အမိန့်ချပြီးပြီ”

“ငါ့အမိန့်ထပ်မရဘဲ ယု-မြူနှင်းဒေသ နယ်စပ်ကို ဘယ်သူမှ မကျူးကျော်တော့ဘူး”

ယဲ့ယန် စွံ့အသွားသည်။

နတ်ဆိုးဧကရာဇ်တွင်လည်း ထိုအမြင်မျိုးရှိမည်ဟု မထင်ထားချေ။

ကောလာဟလများ မှန်နေ၏။

နတ်ဆိုးဧကရာဇ်သည် နဂိုမြင့်မြတ်သောသွေးမှ မွေးဖွားလာခြင်း မဟုတ်ဘဲ အဆင့်နိမ့် သာမာန် ဝံပုလွေနတ်ဆိုး အဖြစ်မှ အင်အားကြီးဘဝရောက်အောင် ကြိုးစားကုတ်တက်လာရသည်။

လက်ရှိနေရာကိုရရန် အခွင့်အရေးကံကြမ္မာများသာမက ဉာဏ်ပညာကိုလည်း အားကိုးခဲ့ရပါသည်။

ယဲ့ယန် မလေးစားဘဲ မနေနိုင်အောင် ဖြစ်ရသည်။

“ဒီကိစ္စကို ငါကိုယ်တိုင် လုပ်ပြီးပြီဆိုပေမဲ့ မင်းဘက်က ပြောပြလာတာတော့ ကျေနပ်တယ်ကွာ”

“ဆုချမယ်လို့ ကတိပေးထားတာဆိုတော့ အခုပေးရမှာပေါ့”

နတ်ဆိုးဧကရာဇ်သည် လက်အိတ်ကို ချွတ်လိုက်သောအခါ လူသားနှင့်ဆင်သော်လည်း ပိုရှည်၍ အဆစ်ကြီးသည့် လက်တစ်ဖက် ပေါ်လာ၏။

ထို့နောက် စိတ်ထဲမှ တစ်ချက်တွေးလိုက်သည်နှင့် လက်ညှိုးထိပ်မှ သွေးတစ်စက် ကျလာလေသည်။

ယဲ့ယန် မျက်လုံးပြူး၍ ကြည့်နေရင်းမှ ချက်ချင်း ကျောက်စိမ်းဘူးလေးဖြင့် သွေးစက်ကို ခံထားလိုက်၏။

“ဒီလိုမြင့်မြတ်တဲ့ဆုအတွက် ကျေးဇူးတင်ပါတယ်”

သူ ဦးညွှတ်၍ ပြောလိုက်သည်။

နတ်ဆိုးဧကရာဇ် ပြုံးလျက်

“ကဲပါ… သွေးကို ဂရုတစိုက် မွမ်းမံတော့… မင်းရဲ့ ပြောင်းလဲမှုကို မျှော်လင့်နေမိပြီ”

“ငါပြောတာတွေ မမေ့နဲ့နော်… ငါ တစ်လောကလုံးကို အုပ်စိုးနိုင်တဲ့အချိန် မင်းလည်း လူသားဧကရာဇ် ဖြစ်လိမ့်မယ်”

“ဟုတ်ကဲ့ပါ အရှင်”

…

နတ်ဆိုးဧကရာဇ်ရှိရာ ခံတပ်၏ မြောက်ဘက်တွင် ခံတပ်ငယ်များစွာ ဖြန့်ကျက်ထား၏။

မြောက်ဘက် မိုင် (၁၂၀၀) ဝန်းကျင်ရှိ ခံတပ်မှာ အရွယ်အစား မကြီးလှသော်လည်း ပင်ရင်းခံတပ်ကြီးမျှ ရက်စက်မှုအခိုးအငွေ့များ ပြည့်နေသည်။

ခံတပ်အပေါ်ဆုံးတွင် အရပ်ရှည်ရှည်၊ ရွှေရောင်အမွေးများဖုံးနေသည့် သူတစ်ယောက် ပလ္လင်ပေါ်တွင် လှဲလျောင်းနေလေ၏။

သူ့လက်ထဲတွင် သွေးနီရောင်အရည် ထည့်ထားသည့် ခွက်တစ်ခုကိုင်ထားပြီး အရှေ့တွင် မျက်ရည်များဖြင့် ဗျက်စောင်းတီးနေသည့် အမျိုးသမီးတစ်ဦး ဒူးထောက်လျက် ရှိ၏။

မိန်းကလေးမှာ အလွန်ကြောက်ရွံ့တုန်လှုပ်နေသောကြောင့် သံစဉ်အမှားများ မကြာခဏ ထွက်လာသည်။

“ဘယ်လို ပေါက်ကရတွေ တီးနေတာလဲ”

ရွှေရောင်အမွေးပိုင်ရှင်မှ ထအော်၏။

“သူ့ကိုခေါ်သွားပြီး ချက်လိုက်တော့”

သူ့စကားဆုံးသည်နှင့် ခြင်္သေ့နတ်ဆိုး (၂) ကောင် ရောက်လာပြီး မိန်းကလေး၏ လက်မောင်းတစ်ဖက်စီကို ဆွဲ၍ မလှမ်းမကမ်းရှိ ဆီပူအိုးကြီးဆီသို့ အကြမ်းပတမ်း ခေါ်သွားလေသည်။

မိန်းကလေးမှာ ကြောက်လန့်လွန်း၍ အော်ဟစ်နေသော်လည်း သာမာန် ခြေတည်အဆင့်ဖြစ်၍ လွတ်လမ်းမရှိနိုင်ပေ။

ခဏအကြာတွင် အော်ဟစ်သံ တိတ်ဆိတ်သွားပြီး ဆီပူအိုးထဲ၌ အမြှုပ်များ ထလာ၏။

“အရှင် ဗျက်စောင်းတီးခိုင်းဖို့ နောက်လူမတစ်ယောက် ရှာပေးရမလား”

တပည့်တစ်ဦးမှ လှမ်းမေးသည်။

မင်းသား (၉) သည် လက်ယမ်းပြကာ

“တော်ပြီ… နားမထောင်ချင်တော့ဘူး… သတ်ပဲ သတ်ချင်တယ်”

ညာဘက်မှ တပည့်သည်

“လွယ်လွယ်လေးပါ… လှောင်အိမ်ထဲက လူသားတွေ လွှတ်ပေးလိုက်မယ်လေ… စိတ်ကြိုက်သာ သတ်ပေတော့”

မင်းသား (၉) သူ့ကို စိုက်ကြည့်၍

“အရူးကောင်… ငါက စစ်ပွဲထဲမှာ သတ်ချင်တာကွ”

တပည့်များ ဇက်ကလေးပုကုန်ကြ၏။

“ဒါပေမဲ့ ဧကရာဇ်က နယ်စပ်ကို လုံးဝမကျော်ဖို့ အမိန့်ချထားတယ်လေ”

“တခြားမင်းသားတွေလည်း အကုန်ငြိမ်နေကြပြီ”

တပည့်တစ်ဦးမှ ထပ်ပြောသည်။

မင်းသား (၉) မျက်နှာပျက်၍ စိတ်ရှုပ်စွာဖြင့်

“အဖေက ဘာတွေတွေးနေတာလဲ… အရေးသာနေတာကို ဘာလို့ ဆက်မတိုက်တာလဲ”

“ဒီလူသားတွေလောက်က ဘာမှမဟုတ်ပါဘူး”

ဘေးမှ တပည့်လေး သူ့အနားကပ်လာပြီး

“အရှင် ကျွန်တော် အကြံတစ်ခုရပြီ”

“ပြော”

သူ ခပ်တိုးတိုးဖြင့် လူသားတွေကို နည်းနည်းလွှတ်ပေးလိုက်ပြီး ထွက်ပြေးခိုင်းမယ်… အဲ့အခါ ကိုယ်တိုင်လိုက်ဖမ်းရင်း သတ်လိုက်ပေါ့”

“ယုဒေသကို ဝင်ပြီး တိုက်ပွဲထဲ ပျော်နေရင်တောင် ဘယ်သူမှ သိမှာမဟုတ်တော့ဘူး”

“အရှင့်အင်အားကိုလည်း နတ်ဘုရားပြောင်းလဲအဆင့်က လွဲပြီး ဘယ်သူမှ မယှဉ်နိုင်ဘူး”

“ဧကရာဇ် နောက်ပိုင်းသိသွားရင်တောင် ထွက်ပြေးတဲ့သူတွေကို ဖမ်းတာပဲဆိုတော့ အပြစ်မပေးတဲ့အပြင် ရာထူးတိုးပေးနိုင်သေးတယ်”

“ဘာပဲဖြစ်ဖြစ် အရှင်က ဧကရာဇ်ရဲ့ သား (၃၀) မှာ အထူးချွန်ဆုံးလေ… မင်းသား (၁) ဆိုရင် အရှင့်ကို မနာလိုနေတာလို့တောင် ကြားဖူးတယ်”

မင်းသား (၉) စိတ်လှုပ်ရှားစွာဖြင့် မတ်တပ်ထရပ်၍

“ကောင်းတယ်… အဲ့အတိုင်း လုပ်ကြတာပေါ့”

“ယုဒေသမြေပုံ ပြစမ်း”

တပည့် (၂) ဦး မြေပုံတစ်ခု ယူလာ၏။

ထိုထဲတွင် မြူနှင်းဒေသမြောက်ပိုင်းနှင့် ယုဒေသတစ်ခုလုံး ပါဝင်သည်။

ထိုကဲ့သို့မြေပုံမှာ အလွန်ရှားပါးပြီး ဧကရာဇ်မှ မင်းသား (၁)၊ (၄)၊ (၉) တို့ကိုသာ အထူးဆုအနေဖြင့် ချီးမြှင့်ထားခြင်း ဖြစ်သည်။

မင်းသား (၉) သည် မြေပုံကို သေချာကြည့်၍

“ယုဒေသနဲ့ မြူနှင်းဒေက နယ်စပ်မှာ ဒေသကြီး (၃) ခု ရှိတာပဲ… ဗျိုင်းဖြူဒေသ၊ ကျန်းတီဒေသနဲ့ ရွှမ်ကျန်းဒေသ”

“ရွှမ်ကျန်းဒေသ…”

သူ ရေရွတ်ရင်း အကြည့်များ စူးရှလာ၏။

“မှတ်မိပြီ… ကျောက်စိမ်းဂိုဏ်းက ခေါင်းဆောင်ငယ် ရှန်မိုဆိုတာ အရင်က ရွှမ်ကျန်းဒေသရဲ့ ချင်းရွှမ်ဂိုဏ်းမှာ နေခဲ့တာမလား”

“ဒီအခွင့်အရေးမှာ အရှင်ဖမ်းဦးမှပဲ”

“အဖေသိရင်တောင် အပြစ်မပေးတဲ့အပြင် ချီးကျူးနေဦးမှာ”

သူ့အတွေးနှင့်သူ ကျေနပ်နေသည်။

“ငါ့လက်အောက်မှာ စစ်သည် (၃) သောင်း ရှိတယ်ဆိုတော့ ကွက်တိပဲ”

“(၅) ရက်နေရင် ရှီမုန့် မင်းက စစ်သူကြီး (၁၀) ယောက်နဲ့ စစ်သည် (၁) သောင်းကို ဦးဆောင်ပြီး ဗျိုင်းဖြူဒေသကို သွားသိမ်း”

“(၁၀) ရက်နေရင် ရှီချန်းက အဲ့အတိုင်းပဲ ကျန်းတီကို သိမ်းပြီး နှိပ်စက်ထား”

“အဲ့လိုဆို ဂိုဏ်းကြီး (၃) ခုနဲ့ ရုံးတော်လည်း သတိထားမိလာမယ်… သူတို့ဝင်လာရင် မင်းတို့က ရှောင်လိုက်တော့”

“အဲ့အချိန် ငါကိုယ်တိုင် ကျန်တဲ့စစ်သည်တွေကို ခေါ်ပြီး ရွှမ်ကျန်းကို အလစ်ဝင်တိုက်မယ်”

“ဒါဆိုရင် ကျောက်စိမ်းဂိုဏ်းရဲ့ ခေါင်းဆောင်ငယ် ရှန်မိုကိုလည်း သေချာပေါက် ဖမ်းနိုင်ပြီ”

“ဟုတ်ကဲ့ပါ အရှင် အမိန့်အတိုင်း ဆောင်ရွက်ပါမယ်”

မြွေနဂါးတောင်။

ရှန်မိုတစ်ယောက် ကွင်းပြင်ထဲတွင် ဓားသိုင်း လေ့ကျင့်လျက် ရှိ၏။

အဖြူအနက် ဓားစွမ်းအင်မှာ သူ့ခန္ဓာကိုယ်တွင် ရစ်ပတ်၍ ပတ်ဝန်းကျင်သို့ပါ ပျံ့နေသည်။

ထိုစဉ် အနောက်ဘက်မှ အလောတကြီးခြေသံတစ်စုံကို ကြားရသည်။

“ခေါင်းဆောင်ငယ် ပြဿနာတော့ တက်ပါပြီ”

All Chapters