မထင်မှတ်သောနေရာမှ မထင်မှတ်စရာ ပါရမီရှင်
Vol. 20 Ch. 294
အကြီးအကဲလီ သက်ပြင်းချ၍
“ကျောက်စိမ်းဂိုဏ်းကနေ သတင်းရဖို့က သိပ်ခက်တာကိုးဗျ… ကျွန်တော်တို့ပို့တဲ့ သတင်းတွေတော့ လွယ်လွယ်ရောက်သားပဲ”
မူယုံးယွဲ့ ခေါင်းငြိမ့်ပြကာ
“ဟုတ်ပါ့… ကျွန်မတို့နဲ့က အဆင့်မြင့်နဲ့ လက်အောက်ခံ ဆက်ဆံရေး ဖြစ်နေတာကိုး”
ဝေ့ရှောင်းထီမှ
“ဒါနဲ့ ဗျိုင်းဖြူနယ်နဲ့ ကျန်းတီနယ်တွေကို နတ်ဆိုးတွေ ဝင်တိုက်တယ်ဆို… ကျွန်တော်တို့ ရွှမ်ကျန်းဆီကိုလည်း အနှေးနဲ့အမြန် ရောက်လာမယ်ထင်တယ်”
“ဟုတ်တယ် ခေါင်းဆောင်… ခေါင်းဆောင် ကျောက်စိမ်းဂိုဏ်းကို ရောက်ရင် ဒီကိစ္စ သေချာပြောပြပေးပါဦး”
အကြီးအကဲလီ စိုးရိမ်တကြီး ပြောလေ၏။
“စိတ်ချပါ… ကျွန်မ သေချာတင်ပြပေးပါမယ်”
မူယုံးယွဲ့ လေးလေးနက်နက် ပြန်ဖြေသည်။
ဝူယန်ဝေ့ပြုံးလျက်
“အားလုံးပဲ စိတ်အေးအေး ထားကြပါ… မူယုံးယွဲ့ ကျောက်စိမ်းဂိုဏ်း သွားရင်တောင် ကျွန်တော်က ချင်းရွှမ်မှာ ရှိနေဦးမှာပါ… အင်အားကြီး နတ်ဆိုးတွေ လာတာမျိုး မဟုတ်ရင်တော့ ဘာကိစ္စကြီးမှ မဖြစ်လောက်ပါဘူး”
ဝေ့ရှောင်းထီတို့ ထိုအခါမှ စိတ်အေးသွား၏။
“တော်သေးတာပေါ့ဗျာ”
ဝူယန်ဝေ့၏ အင်အားကိုတော့ အားလုံး ယုံကြည်ကြပါသည်။
ထိုအချိန်တွင် သွေးများအလိမ်းလိမ်းဖြင့် လူတစ်ယောက် လေ့ကျင့်ရေးကွင်းထဲ ပြေးဝင်လာပြီး အမောတကော ပြောလေ၏။
“ခြင်္သေ့နတ်ဆိုးတွေ… ခြင်္သေ့နတ်ဆိုးတွေ လာတိုက်ခိုက်နေပြီ…”
ထိုသို့ပြောပြီးနောက် အသက်လည်း ထွက်သွား၏။
တပည့်များမှာ မျက်လုံးပြူး၊ မျက်ဆံပြူးဖြင့် ထိတ်လန့်ပြေးလွှားနေကြသည်။
မူယုံးယွဲ့တို့လည်း လန့်ဖျပ်၍ စစ်ဆေးရန် ပြင်လေသည်။
“အဲ့ဒ့ အရှေ့ဘက်ဆေးပင်နယ်မြေကို စောင့်ကြပ်ပေးတဲ့ အကြီးအကဲစွန်းပဲ”
ဝေ့ရှောင်းထီမှ အလန့်တကြား ထအော်၏။
“ဘယ်လိုဖြစ်တာလဲ… နတ်ဆိုးတွေ စတိုက်ခိုက်ပြီလား”
မိုဟန်ရှန်လည်း မျက်နှ ပျက်သွားသည်။
“ကောင်းကင်ကို ကြည့်လိုက်ဦး”
ဝူယန်ဝေ့ အန္တရာယ်ကို ခံစားမိကာ မော့ကြည့်လိုက်ပြီး အရိပ်မည်းများ နေရောင်ခြည်ကို ကွယ်သည်အထိ တိုးလာသည်ကို တွေ့ရ၏။
ခြင်္သေ့နတ်ဆိုးတပ်ကြီး ဖြစ်သည်။
ဦးဆောင်လာသူသည် ရွှေရောင်လည်ဆံမွေးများ တောက်ပနေပြီး ပုံစံကြည့်ရုံဖြင့် ကြောက်စရာကောင်း၏။
သူ့သွေးစွမ်းအင်များမှာ ကောင်းကင်၌ မီးတောက်သဖွယ် ပျံ့လွင့်နေသည်။
သူ့ဘေးတွင် အခြားအင်အားကြီး နတ်ဆိုး (၄) ဦးလည်း ပါဝင်ပြီး အရှိန်အဝါများ ကြီးကြသည်။
ဝူယန်ဝေ့ပင် မျက်နှာပျက်သွား၏။
ထိုနတ်ဆိုးဘုရင်အဆင့်ကို တစ်ယောက်ချင်း ယှဉ်နိုင်သော်လည်း ဂိုဏ်းသားများအထိ ကယ်တင်ရန် မဖြစ်နိုင်ပေ။
“ဒါ ချင်းရွှမ်ဂိုဏ်းလား”
“ဘာမှလည်း အထင်ကြီးစရာ မရှိပါဘူး”
“ဒီလိုနေရာကနေ ပါရမီရှင် ရှန်မိုကို မွေးထုတ်ပေးတယ်ပေါ့”
မင်းသား (၉) မှာ ပတ်ဝန်းကျင်ကို လှမ်းကြည့်ရင်း မဲ့ပြုံး ပြုံးကာ ဆို၏။
“သူ… သူက ရှန်မို့ကို သိတာလား”
ဝေ့ရှောင်းထီ အံ့ဩနေသည်။
ဝူယန်ဝေ့မှ
“ခေါင်းဆောင်ငယ်က နာမည်ကြီးတယ်လေ… သူတို့ ယုကျောက်ဒေသကို ကျူးကျော်မယ်ဆိုရင် ကြိုပြီး လေ့လာထားမှာပေါ့”
“သူတို့ အစီအစဉ်ကို နားလည်ပြီ… ချင်းရွှမ်ဂိုဏ်းကို ဖမ်းပြီး ခေါင်းဆောင်ငယ်ရောက်လာအောင် မျှားခေါ်တာပဲ”
“ဗျိုင်းဖြူနဲဘ ကျန်းတီဂိုဏ်းတွေလည်း အထိနာထားတော့ အနီးအနားက ကျင့်ကြံသူတွေ အဲ့မှာ အလုပ်ရှုပ်နေကြမှာ”
“ငါတို့ကို လာကူပေးနိုင်တဲ့သူ မရှိဘူး… ကျောက်စိမ်းဂိုဏ်းက အဖွဲ့ကိုပဲ စောင့်ရမယ်”
မူယုံးယွဲ့အမူအရာမှာ အေးစက်နေသည်။
ရှန်မို့ကို လိုချင်လို့ ဒီလို ရက်စက်တဲ့အစီအစဉ် လုပ်တယ်ပေါ့။
“ငါက လူသတ်ရတာ ကြိုက်ပေမဲ့ မင်းတို့ အေးအေးဆေးဆေး အညံ့ခံရင် နည်းနည်းကြာကြာလေး အသက်ရှင်ခွင့်ပေးမယ်”
မင်းသား (၉) မှ လှမ်းပြော၏။
“လုံးဝပဲ… အဲ့လိုရှင်သန်မယ့်အစား သေလိုက်တာမှ ပိုကောင်းဦးမယ်”
မူယုံးယွဲ့ ရှေ့ထွက်လာပြီး ဆိုသည်။
“ခြေတည်ဝိညာဉ်အဆင့်လား… မင်းက ချင်းရွှမ်ရဲ့ ခေါင်းဆောင်ထင်တယ်”
“ခေါင်းမာလိုက်တာကွာ… နတ်ဆိုးဧကရာဇ်ရဲ့ အစေခံဖြစ်လာဖို့ ဆုတောင်းနေတဲ့ လူသားတွေ ဘယ်လောက်ရှိလဲ မသိဘူးလား”
မင်းသား (၉) မှ အထင်သေးစွာ ပြော၏။
မူယုံးယွဲ့ အသက်ဝအောင်ရှူ၍ မကျေမနပ် ထအော်လေသည်။
“ချင်းရွှမ်ဂိုဏ်းသားတွေ ပြေးကြတော့… ဝေ့ရှောင်းထီ၊ မိုဟန်ရှန် တပည့်တွေကို ကာကွယ်ပါ… အကြီးအကဲလီက တောင်တန်းအကာအကွယ် စလိုက်တော့”
“ဟုတ်ကဲ့ပါ”
အားလုံး ချက်ချင်း စလှုပ်ရှား၏။
ဂျစ် ဂျစ်!
ကြီးမားသော အကာအကွယ်ကြီးမှ တောင်တန်း တစ်လျှောက် ဖြန့်ကျက်၍ ကာကွယ်ထားသည်။
မင်းသား (၉) မှာ နှာခေါင်းရှုံ့၍
“မင်းတို့လူသားတွေက ဒီလိုဟာလေးတွေကို အရမ်း အားကိုးတာပဲ… ဒါပေမဲ့ မင်းတို့ မသိတာက အဲ့လောက်နဲ့ ဘာမှ မသက်ရောက်ဘူးဆိုတာလေ”
“ဖျက်ဆီးလိုက်ကြ”
သူ့အမိန့်ကိုရသည်နှင့် သူ့အနောက်မှ နတ်ဆိုးတပည့် (၄) ဦး ပြေးလာကာ စွမ်းအင်အပြည့်ဖြင့် တိုက်ခိုက်၏။
ဘုံး ဘုံး ဘုံး!
အကာအကွယ် မျက်နှာပြင်တွင် လှိုင်းများထ၍ ချက်ချင်း လှုပ်ခတ်တုန်ခါလာသည်။
“အကာအကွယ်က ထင်ထားတာထက် မာတာပဲ”
သူ ပြုံး၍ ဆက်ပြော၏။
“သွေးစွမ်းအင်လှံကို သုံးကြ”
“ဟုတ်ကဲ့”
ခြင်္သေ့နတ်ဆိုးတပ်ကြီးမှ အော်ဟစ်၍ တစ်ပြိုင်တည်ူ ပြေးလာ၏။
ထို့နောက် မီတာဆယ်ချီ၍ရှည်သော သွေးစွမ်းအင် လှံကြီးဖြင့် ထိုးစိုက်လိုက်သည်။
ထိုအခါ အကာအကွယ်ချက်ချင်း ပြိုကွဲ၍ တပည့်များ အော်ဟစ်ချိန်ပင် မရဘဲ ပျက်စီးကုန်ကြသည်။
မူယုံးယွဲ့တို့လည်း မျက်လုံးပြူးလျက် ထိတ်လန့်နေ၏။
ယခုလို အင်အားကြီး ရန်သူမျိုး ရုတ်တရက် ရောက်လာမည်ဟု မထင်ထားချေ။
ဝူယန်ဝေ့ မယုံနိုင်စွာငေးကြည့်ရင်း ရေရွတ်မိ၏။
“ဒီလောက် သွေးစွမ်းအင်နဲ့ဆိုရင် တော်ဝင်အစောင့်တွေ ဖြစ်မယ်”
“ဘာ… ဦးဆောင်လာတဲ့သူက နတ်ဆိုးတစ်သောင်းနယ်မြေက မင်းသားလား”
မူယုံးယွဲ့ ပိုလန့်သွားသည်။
ဝူယန်ဝေ့ ခေါင်းငြိမ့်ပြကာ
“သူတို့အားလုံးစုပြီး သွေးစွမ်းအင်နဲ့ လှံတည်ဆောက်နိုင်တယ်ဆိုတာ တော်ဝင်အထူးတပ်ဖွဲ့မို့လို့ပဲ… သေချာ အထူးကျင့်ကြံထားတာပေါ့”
“မယုံနိုင်ဘူး… အဲ့နတ်ဆိုးက မင်းသားပေါ့လေ”
မင်းသား (၉) မှာ သူတို့စကားကိုကြားပြီး ရယ်မောလျက်
“မင်းတို့လူသားတွေက လုံးဝ ငတုံးတွေတော့ မဟုတ်ဘူးပဲ… ငါ့သရုပ်ကို မှန်အောင် ပြောနိုင်တယ်”
“ကဲ အခုအားလုံးကို အရှင်ဖမ်းလိုက်တော့”
သူ အမိန့်ပေးလိုက်၏။
ထိုအခါ နတ်ဆိုးတပ်များ လျှပ်စီးကဲ့သို့ အရှိန်ဖြင့် ဝင်လာပြီး ဖမ်းလေသည်။
မူယုံးယွဲ့တို့ လက်မခံချင်သော်လည်း အင်အား မမျှသောကြောင့် ဒဏ်ရာများဖြင့် လက်လျှော့လိုက်ရ၏။
ဝူယန်ဝေ့မှာ အင်အားပိုကြီး၍ ပိုထိခိုက်အောင် ပြုလုပ်သောကြောင့် ဗိုက်ပွင့်ကာ အူများပင် ထွက်ကျနေသည်။
“အားလုံး အကျဉ်းချထားလိုက်”
“ပြီးရင် ဆက်သွယ်ရေးကျောက်စိမ်းပြား ယူပြီး ကျောက်စိမ်းဂိုဏ်းကို အကြောင်းကြားလိုက်”
မင်းသား (၉) အေးစက်စက် ရယ်မော၍ ဆက်ပြောလေသည်။
“ချင်းရွှမ်ဂိုဏ်းက နတ်ဆိုးတွေလက်ထဲ ရောက်သွားပြီ… ကယ်ချင်ရင် အကူတပ်ချက်ချင်း လွှတ်လိုက်ပါလို့”
“ရှန်မို့ကိုရရင် ဒီလူတွေကို မြူနှင်းဒေသဆီ ပြန်ခေါ်သွားရမယ်… လူသားကျွန်တွေနဲ့ ပျော်ချင်သေးတယ်လေ”