ရှန်မို့ကို ဖမ်းနိုင်တာက ကြီးမားတဲ့ အောင်မြင်မှုပဲ
Vol. 20 Ch. 295
မြူနှင်းဒေသ၊ နတ်ဆိုးဧကရာဇ် ခံတပ်။
နတ်ဆိုးဧကရာဇ်မှာ ကျောက်ခုံကြီးပေါ် တင်ပျဉ်ခွေထိုင်၍ တည်ငြိမ်စွာ ကျင့်ကြံနေ၏။
သူ့တစ်ကိုယ်လုံး သွေးစွမ်းအင်များကြွ၍ ဆူပွက်နေလေသည်။
မလှမ်းမကမ်းတွင် ယဲ့ယန်တစ်ယောက် သွေစွမ်းအင် လှိုင်းများအား သည်းခံ၍ မြဲမြံစွာ ရပ်နေ၏။
သူ့ခန္ဓာကိုယ်လည်း နတ်ဆိုးမျိုးနွယ်သွေးများ စီးဝင်လာပြီး ရွှေရောင်အမွေးများ၊ အကြေးခွံမာမာများ၊ လက်သည်းချွန်ချွန်များပေါ်ကာ မျက်ဝန်းများ စူးရှလာသည်။
“မဆိုးပါဘူး… မင်း သွေးခြင်ဆီကို ကောင်းကောင်း မွမ်းမံနိုင်သွားပြီပဲ”
နတ်ဆိုးဧကရာဇ်ပြုံး၍ ယဲ့ယန်အားကြည့်ကာ ကျေနပ်နေသည်။
ယဲ့ယန်လည်း ခေါင်းငြိမ့်ပြ၏။
သူ့ကျင့်ကြံမှုမှာ ခြေတည်ဝိညာဉ်အဆင့် ထိပ်ဆုံး ရောက်နေလေပြီ။
စိတ်ဝိညာဉ်စွမ်းအင် မသုံးလျှင်ပင် သွေးစွမ်းအင် သီးသန့်ဖြင့် ခြေတည်ဝိညာဉ် အစပိုင်းတစ်ဦးကို အေးဆေး အနိုင်ရနိုင်သည်။
“လူသားတွေက စိတ်ဝိညာဉ်စွမ်းအင်နဲ့ ကျင့်ကြံပြီး ငါတို့ နတ်ဆိုးတွေကတော့ သွေးစွမ်းအင်နဲ့ ကျင့်ကြံကြတယ်”
နတ်ဆိုးဧကရာဇ်မှ ပြော၏။
“ရာစုနှစ်နဲ့ချီပြီး ဒီ (၂) မျိုးလုံးကျင့်ကြံဖို့ ကြိုးစားကြတဲ့သူတွေလည်း ရှိတယ်… အဲ့ထဲမှာတော့ ငါက ပထမဆုံးနတ်ဆိုးပဲ”
“မင်းလည်း ပထမဆုံး လူသားဖြစ်လာမှာပေါ့လေ”
နတ်ဆိုးဧကရာဇ် ပြုံး၍ ပြော၏။
ယဲ့ယန် စိတ်လှုပ်ရှားစွာဖြင့် ဦးညွှတ်ကာ
“ချီးကျူးတာ ကျေးဇူးတင်ပါတယ် အရှင်”
ယခုအခါမှ နတ်ဆိုးဧကရာဇ် အဘယ်ကြောင့် အင်အားကြီးနေသည်ကို နားလည်သွားလေသည်။
ထိုစဉ် နဂါးသွေးသောက် စစ်သည်တစ်ဦး ဝင်လာပြီး ဒူးထောက်ကာ တစ်ခုခု တင်ပြရန် ပြင်၏။
သို့သော် ယဲ့ယန်ကိုတွေ့ပြီး တုံ့ဆိုင်းသွားသည်။
နတ်ဆိုးဧကရာဇ် ရယ်မောကာ
“ယဲ့ယန်က အခု ငါ့မင်းသားတွေထဲက တစ်ယောက် ဖြစ်နေပါပြီ… ရှောင်စရာ မလိုဘူး”
စစ်သည်လေးလည်း ထိုအခါမှ
“အရှင်… အရှေ့ပင်လယ်က ပစ္စည်းတွေ ရောက်လာပါပြီ”
နတ်ဆိုးဧကရာဇ် ခေါင်းငြိမ့်ပြ၍
“ဝင်ခိုင်းလိုက်”
ယဲ့ယန် မှင်တက်နေ၏။
အရှေ့ပင်လယ်လား။
နတ်ဆိုးတစ်သောင်းနယ်မြေ၏ အုပ်စိုးမှုမှာ အရှေ့ပင်လယ်အထိရောက်နေပြီလား။
နဂါးနန်းတော်နယ်မြေကို ပြောတာလား။
သူ့သိချင်စိတ်များကို ဖယ်ရှား၍ ငြိမ်နေလိုက်၏။
ခဏအကြာတွင် ခြေသံတစ်စုံကြားရပြီး အရပ်ရှည်ရှည် လူတစ်ယောက် ဝင်လာသည်။
သူ့ပုံစံမှာ နဂါးခေါင်းနှင့် လူခန္ဓာကိုယ်ဖြစ်ပြီး အရှိန်အဝါ ကြီး၏။
မျက်ဝန်းများသည် အေးစက်၍ လောကတွင် အမြင့်မြတ်ဆုံး မျိုးနွယ်သဖွယ် ယုံကြည်ချက် အပြည့်ရှိသည်။
ယဲ့ယန် လန့်သွား၏။
ထိုပုဂ္ဂိုလ်မှာ နဂါးမျိုးနွယ် ဖြစ်သည်။
“မင်္ဂလာပါ အောင်းဟိုင်ချောင်ကနေ နှုတ်ဆက်ပါတယ် အရှင်”
နဂါးလူသားမှ တည်ငြိမ်စွာပြော၍ ဦးညွှတ်လိုက်သည်။
နတ်ဆိုးဧကရာဇ် ခပ်အေးအေးသာ ပြန်ကြည့်၍
“ဒီတစ်ခါ ဘယ်လောက်ယူလာလဲ”
“နဂါးငယ်သွေး ဘူး (၃) သောင်း၊ နဂါးအိုသွေး (၁) သိန်း၊ ရွှေရည် (၁) ထောင်ပါ”
သူ သိုလှောင်လက်စွပ် (၃) ကွင်း လှမ်းပေးရင်း ပြော၏။
ထိုအခါ စစ်သည်လေးမှ လှမ်းယူပြီး နတ်ဆိုးဧကရာဇ်ထံ ပေးလိုက်သည်။
နတ်ဆိုးဧကရာဇ်မှာ စစ်ဆေးခြင်းမရှိဘဲ လက်ပြ၍
“နဂါးဧကရာဇ်ကို ကျေးဇူးတင်ကြောင်း ပြောလိုက်ပါ”
“ဟုတ်ကဲ့ပါ”
အောင်းဟိုင်ချောင် နှုတ်ဆက်ပြီးနောက် ဝံပုလွေနတ်ဆိုးများ အစောင့်အရှောက်ဖြင့် ထွက်သွားလေ၏။
ခဏငြိမ်နေပြီးမှ နတ်ဆိုးဧကရာဇ်သည်
“ယဲ့ယန် မေးချင်တာရှိရင် လွတ်လွတ်လပ်လပ် မေးနော်”
ယဲ့ယန် ခေါင်းယမ်းပြ၏။
“မလိုပါဘူး… နတ်ဆိုးတစ်သောင်းနယ်မြေ နှစ် (၅၀၀) အတွင်း အင်အားကြီးရတဲ့အကြောင်းအရင်းကို နားလည်သွားပါပြီ”
“လူသားနဲ့ နတ်ဆိုးကြား ဘယ်သူ့ဘက်မှမလိုက်ဘဲ မသိချင်ယောင်ဆောင်ခဲ့တဲ့ နဂါးနန်းတော်ကတောင် အခုတော့ ဒီဘက်ယိမ်းလာရပြီပဲ”
နတ်ဆိုးဧကရာဇ် ပြုံး၍
“လုံးဝကြီးတော့ မဟုတ်သေးပါဘူး… ဒါပေမဲ့ အချိန်တစ်ခုပဲ စောင့်ရတော့မှာပါ”
“ငါ့မှာသာ အင်အားအပြည့်ရှိလာရင် ယုကျောက်ကို အကုန်သိမ်းမယ်… နဂါးနန်းတော်က အခြေအနေလည်း ပြောင်းသွားလိမ့်မယ်”
ယဲ့ယန် ပို၍လေးစားလာမိ၏။
မြေပြင်တွင် မြောက်ပိုင်းကို လူသားမျိုးနွယ် ကျင်းဧကရာဇ်မှ ပိုင်ပြီး တောင်ပိုင်းကို နတ်ဆိုးတစ်သောင်းနယ်မြေဟု သတ်မှတ်သည်။
သို့သော် ပင်လယ်ပြင်ကိုမူ ရေနတ်ဆိုးများ အုပ်ချုပ်ကာ နဂါးမျိုးနွယ်သည် အမြင့်မြတ်ဆုံး ဖြစ်၏။
အရှေ့ပင်လယ်ရှိ ထိုနဂါးနန်းတော်ကို လူသားရော၊ နတ်ဆိုးများပါ လေးစားသမှုထားကြရသည်။
သူတို့ကိုယ်တိုင်လည်း ဘက်မလိုက်ဘဲ မျှတစွာ နေခဲ့၏။
ယခုတော့ ယဲ့ယန် သူ့ရွေးချယ်မှုမှန်ကန်သည်ဟု တွေးမိလေပြီ။
ထိုစဉ် နဂါးသွေးသောက်စစ်သည်လေး ပြန်ပြေးဝင်လာပြီး
“အရှင် ရှေ့တန်းက သတင်းရလို့ပါ… မင်းသား (၉) ရဲ့ တပည့်တွေဖြစ်တဲ့ ရှီမုန့်နဲ့ ရှီချန်းတို့ အမိန့် မနာခံဘဲ ဗျိုင်းဖြူနယ်နဲ့ ကျန်းတီနယ်တွေကို ဝင်တိုက်ခဲ့ပါတယ်”
“မင်းသား (၉) ကိုယ်တိုင်လည်း ဟိုရက်ပိုင်းကပဲ ရွှမ်ကျန်းဒေသကို ကျူးကျော်တယ်တဲ့”
“ဒီသတင်းတွေ ထွက်လာတော့ အရင်က ငြိမ်နေတဲ့ အိမ်ရှေ့စံနဲ့ မင်းသား (၄) လည်း ပြန်လှုပ်ရှားလာပါတယ်”
နတ်ဆိုးဧကရာဇ် ငြိမ်နေ၏။
ယဲ့ယန်မှာ မျက်ခုံးပင့်မိသည်။
မင်းသားများ မျက်နှာကောင်းရရန် အပြိုင်အဆိုင် ကြိုးစားနေခြင်း ဖြစ်သည်။
နတ်ဆိုးဧကရာဇ် အေးစက်စွာဖြင့်
“မင်းသား (၉) က ရာရာစစ ငါ့အမိန့်ကို မနာခံဘဲ ယုကျောက်ကို ဝင်တိုက်တယ်ပေါ့လေ… ပြန်လာမှ ကောင်းကောင်း အပြစ်ပေးဦးမယ်”
စစ်သည်လေးမှ ထပ်၍
“အရှင်… မင်းသား (၉) က ငယ်ရွယ်ပြီး ထက်မြက်လို့ သူ့လုပ်ရပ်တွေက နားလည်ပေးလို့တော့ ရပါတယ်… ကျွန်တော် သိထားသလောက်တော့ မင်းသား (၉) ယုကျောက်ကို ပစ်မှတ်ထားတာက ကျောက်စိမ်းဂိုဏ်းရဲ့ ခေါင်းဆောင်ငယ် ရှန်မိုရောက်လာအောင် မျှားခေါ်တာပါ”
“ဒီကိစ္စသာ အောင်မြင်သွားရင် ရှန်မို့လို ပါရမီရှင်ကို အရှင်ဖမ်းနိုင်ပါပြီ”
နတ်ဆိုးဧကရာဇ် မျက်မှောင်ကြုတ်သွားသည်။
သူ ရှန်မို့ကို ပြန်မှတ်မိသွား၏။
“ရှန်မိုက အရမ်းထူးချွန်ပြီး အလားအလာကောင်းတွေ ရှိတယ်… သူ့ကို လွယ်လွယ်တော့ ဖမ်းလို့ရမှာ မဟုတ်ဘူးနော်”
နတ်ဆိုးဧကရာဇ် ရေရွတ်မိသည်။
“ဒါပေမဲ့ သူက သွားပြီးပြီဆိုတော့လည်း အခုမှ လိုက်ခေါ်လို့ မမှီတော့ဘူး”
“ဘာပဲဖြစ်ဖြစ် ယုကျောက်ကို အဖွဲ့ထပ်လွှတ်လိုက်… မင်းသား (၉) ရှန်မို့ကို ဖမ်းနိုင်နိုင် မဖမ်းနိုင်နိုင် ငါ့ဆီ ပြန်ခေါ်ခဲ့”
“သူ စည်းကမ်းဖောက်ခဲ့တာတော့ မှန်နေတာပဲလေ”
စစ်သည်လေး အရိုအသေပေးကာ ပြန်ပြေးထွက်သွားသည်။
“ဟုတ်ကဲ့ပါ အရှင်”
နတ်ဆိုးဧကရာဇ် သက်ပြင်းချ၍
“မင်းသား (၉) ရဲ့ လုပ်ရပ်ကြောင့် ဂိုဏ်းကြီး (၃) ခုနဲ့ ရုံးတော်တို့ ပြန်ပေါင်းစည်းသွားနိုင်တယ်”
ထိုစဉ် ယဲ့ယန်မှဝင်၍
“အရှင် ကျွန်တော် ရှန်မို့ကို သိပါတယ်… သူက တကယ် ထူးချွန်လွန်းလို့ နတ်ဘုရားပြောင်းလဲအဆင့်သာ တက်နိုင်ရင် နတ်ဆိုးတစ်သောင်းနယ်မြေအတွက် ခြိမ်းခြောက်မှုကြီး ဖြစ်လာလိမ့်မယ်”
“မင်းသား (၉) က သူ့ကို အရှင်ဖမ်းနိုင်ရင်တော့ တကယ့် အောင်မြင်မှုကြီးပါပဲ”
“နောက်ပြီး မင်းသား (၉) ရဲ့ အင်အားနဲ့ဆိုရင် ရှန်မို့ကို ဖမ်းနိုင်မှာပါ”
နတ်ဆိုးဧကရာဇ် ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်နေသည်။
သူ မင်းသား (၉) ၏ မနာခံမှုကိုတော့ မကျေနပ်ပေ။
သာမာန်စစ်သည်ဖြစ်ပါက ချက်ချင်း ရှင်းခိုင်းမိလိမ့်မည်။
ယခုတော့ ချစ်ခင်ရသောသားဖြစ်နေ၍ အခွင့်အရေး ပေးလိုက်ရန် ပြန်တွေးမိလေ၏။