ငါ့ရှေ့မှာ ဒူးထောက်တာကို စောင့်နေမယ်
Vol. 20 Ch. 296
ထိုအချိန်တွင် ယဲ့ယန် အလွန်ပျော်ရွှင်နေ၍ စိတ်ပြန်ငြိမ်အောင်ပင် မနည်း ထိန်းရ၏။
နတ်ဆိုးဧကရာဇ်လက်အောက်မှ အင်အားအကြီးဆုံး မင်းသား (၃) ဦးအကြောင်း သိထားပြီး အထူးသဖြင့် ရှန်မို မင်းသား (၉) ကို မယှဉ်နိုင်မှန်း နားလည်သည်။
ယခုတော့ မင်းသား (၉) အင်အားကြီးတပ်ကိုခေါ်ကာ ရောက်နေပြီဖြစ်၍ ရလဒ်မှာ သိသာလွန်းပါသည်။
ရှန်မို သေချာပေါက် အရှင် အဖမ်းခံရလိမ့်မည်။
“အရည်အချင်းရှိလွန်းတော့လည်း ဘာလုပ်လို့ရမှာလဲ”
“မင်း ဘက်ရွေးမှားတာကတော့ ပထမဆုံးအမှားပဲ”
“ဒုတိယက ဘဝင်မြင့်လွန်းတာ”
“ချင်းရွှမ်ဂိုဏ်းကနေ ကျောက်စိမ်းဂိုဏ်း ရောက်ပြီးနေပြီကို… ဒါကို ပြန်သွားကယ်တယ်ဆိုတော့ တော်တော် ရူးတာပဲ”
ယဲ့ယန် အော်ဟစ်၍ပင် ရယ်လိုက်ချင်၏။
“မင်းကို စောင့်နေပါမယ်… ငါ့ရှေ့မှာ ဒူးထောက်နေမယ့် မင်းကို စောင့်နေမယ်”
ကျောက်စိမ်းဂိုဏ်း၊ အကြီးအကဲအဆောင်။
ယဲ့ယန် သစ္စာဖောက်သွားသည့်သတင်း ထွက်ပြီးနောက် အကြီးအကဲ (၂) ယန်ချီယဲ့မှာ အဆောင်မှ ဖယ်ရှားခံလိုက်ရပြီး ရှက်ရွံ့မှုကြောင့် ကျန်းမာရေးလည်း မကောင်းတော့ပေ။ ဤသို့ဖြင့် အနားယူကာ သုံးသပ်ခြင်းဂူသို့ ထွက်သွားခဲ့၏။
လက်ရှိ အဆောင်ကို အကြီးအကဲ (၃) မှ တာဝန်ယူထားသည်။
ထိုအချိန်တွင် သူတစ်ယောက်တည်း စာရွက်စာတမ်းပုံကြီးထဲ ရောက်နေ၏။
ဝူကျောက်ကျဆုံး၍ နတ်ဆိုးများ နယ်စပ်အထိ ရောက်လာခြင်းကြောင့် အလုပ်များလည်း ပိုလာသည်။
အနီးအနားရှိအခန်းထဲတွင် တပည့်အချို့ မမောမပန်းနိုင် ဆက်သွယ်ရေးကျောက်စိမ်းပြားမှ ရသော အချက်အလက်များအား စုစည်းနေကြသည်။
ရုတ်တရက် တပည့်လေးတစ်ဦး အပြေးဝင်လာပြီး
“ရွှမ်ကျန်းက ချင်းရွှမ်ဂိုဏ်းက အကူအညီတောင်းလာပါတယ်… ခြင်္သေ့နတ်ဆိုးတွေ အလုံးအရင်းနဲ့ ဝင်တိုက်ခိုက်လို့ပါ… ဂိုဏ်းက အကာအကွယ်ချပြီး ခုခံဖို့ ကြိုးစားပေမဲ့ မတတ်နိုင်တော့ဘူး ပြောပါတယ်”
အကြီးအကဲ (၃) စာရွက်စာတမ်းများကြည့်နေရင်း မော့ကြည့်၍
“ချင်းရွှမ်ဂိုဏ်းလား… ငါ မှတ်မိသလောက် ခေါင်းဆောင်ငယ်ရဲ့ အရင်ဂိုဏ်းလေ”
“ဟုတ်ပါတယ်… ဂိုဏ်းခေါင်းဆောင်တောင် အကြီးအကဲ ဝူယန်ဝေ့ကို ကာကွယ်ရေးအတွက် လွှတ်လိုက်ပါသေးတယ်… ဒါပေမဲ့ အခြေအနေက ထိန်းလို့မရတော့ဘူး ထင်ပါတယ်”
အကြီးအကဲ (၃) မျက်မှောင်ကြုတ်၍
“ဒါပေမဲ့ ငါတို့လည်း လူအင်အား နည်းနေတယ်လေ… အကြီးအကဲတွေက ဗျိုင်းဖြူဒေသနဲ့ ကျန်းတီဘက် အများကြီး ရောက်နေတာ”
“ကျန်တဲ့သူတွေကလည်း အခန်းပိတ် ကျင့်ကြံတာနဲ့၊ တခြား အလုပ်တွေရှိတာနဲ့ဆိုတော့…”
တပည့်လေးမှ ရုတ်တရက် တစ်ခုခု တွေးမိကာ
“ဟုတ်သားပဲ အကြီးအကဲ (၃)… ခေါင်းဆောင်ငယ် ဟိုရက်ပိုင်းက ဂိုဏ်းက ထွက်သွားတယ်”
“အခုလောက်ဆိုရင် သူ ရောက်နေလောက်ပြီ”
“ခေါင်းဆောင်ငယ်နဲ့ အကြီးအကဲ ဝူယန်ဝေ့ (၂) ယောက်ဆိုရင်တော့ ဂိုဏ်းကို ကာကွယ်နိုင်လောက်မှာပါ”
အကြီးအကဲ (၃) ခေါင်းတငြိမ့်ငြိမ့်ဖြင့်
“ဒါပေမဲ့ နတ်ဆိုးတွေဘက်က ဘယ်လောက်အင်အား ရှိမှန်း မသိနိုင်ဘူးလေ”
“ဟီထျန်းချောင်ရော… သူ့ဒဏ်ရာတွေ အခုလောက်ဆို တော်တော်သက်သာနေပြီမလား… မြုတေဖွဲ့စည်းခြင်းတွေ စုပြီး ချင်းရွှမ်ဂိုဏ်းဆီ လွှတ်လိုက်ပါ”
“ခေါင်းဆောင်ငယ်ရဲ့ လုံခြုံရေးက ပိုအရေးကြီးတယ်… သူ ထိခိုက်လို့ မဖြစ်ဘူး”
တပည့်လေးမှ
“နားလည်ပါပြီ… ကျွန်တော် အခုပဲ အဆောင်သခင်ဟီကို သွားပြောလိုက်ပါမယ်”
ဝူကျောက်မြောက်ပိုင်း၊ ပျက်စီးနေသောမြို့။
သိမ်းငှက်နတ်ဆိုးကြီးမှာ ပျံသန်းရင်း အသက်ရှင်သူ ရှိမရှိ စူးရှစွာ လိုက်ကြည့်နေ၏။
အားလုံး တိတ်ဆိတ်ငြိမ်သက်နေသည်ကို တွေ့မှ စိတ်အေးကာ အခြားနေရာကို ဆက်သွားလေသည်။
သို့သော် ထိုအပျက်အစီးများအောက်တွင် မြေအောက်ခန်းရှိပြီး ကျင့်ကြံသူ (၁၀၀) ကျော်တို့ ပုန်းအောင်းနေကြ၏။
ဝတ်ရုံများကို ကြည့်ခြင်းအားဖြင့် ကျောက်စိမ်းဂိုဏ်းမှ ဖြစ်လေသည်။
ဂိုဏ်း (၃) ခုနှင့် ရုံးတော််မှ ပူးပေါင်းအဖွဲ့ ဖွဲ့ထားသော်လည်း မြို့ထဲသို့ လူခွဲ၍သာဝင်၏။
အချင်းချင်း သတင်းအချက်အလက် ကူညီခြင်းသာ အဓိက လုပ်ဆောင်ကြသည်။
မြေအောက်ခန်းအလယ်တွင် စားပွဲကြီးတစ်လုံးရှိပြီး ထိုအပေါ်တွင် ဝူကျောက်နှင့် ယုကျောက်ဒေသ မြေပုံများ တင်ကာ နတ်ဆိုးများရှိသည့်နေရာနှင့် တပ်ဖွဲ့များ လွှတ်ထားသည့်နေရာများ မှတ်သားနေကြ၏။
ကျောက်စိမ်းဂိုဏ်းအဖွဲ့မှာ စားပွဲတွင် ဝိုင်း၍ နောက်ထပ် လှုပ်ရှားမှုအတွက် တိုင်ပင်နေသည်။
သက်ရောက်မှုအရှိဆုံးနည်းမှာ ဓားစာခံဖမ်း၍ အရင်းအမြစ်များ ယူကာ ဘေးကင်းသော တောင်တန်းများ၊ ဂူများဆီ ရှောင်တိမ်းရမည်။
ဝူကျောက်သည် ဒေသတစ်ခုလုံးနီးပါး ကျဆုံးနေ၍ နတ်ဆိုးများ ဝိုင်းမိလျှင် သူတို့ပါ သေဆုံးနိုင်၏။
ဗလတောင့်တောင့်လူမှ
“မင်းသား (၉) ကို အရင်တိုက်ခိုက်သင့်တယ်နော်”
“ကျွန်တော်တို့ရဲ့ ခြေလျင်တပ်တွေ သွားစုံစမ်းပြီးပြီ… အဲ့မင်းသား (၉) က အရမ်းရည်မှန်းချက်ကြီးပြီး ပေါ့ဆတယ်… ထောင်ချောက်ဆင်ရ လွယ်တယ်”
“သူ့ကို ခေါ်ထုတ်ပြီး နတ်ဆိုးဧကရာဇ်ကို ထိန်းချုပ်ရမယ်”
အခြားကျင့်ကြံသူများမှလည်း ထောက်ခံကြ၏။
“ဟုတ်တယ်… အကြီးအကဲလုက အရမ်းထက်မြက်တာပဲ”
လုတုံရွှမ် ကျေနပ်စွာ ရယ်မောမိသည်။
ထိုအချိန်တွင် လူသေးသေးလေးတစ်ဦး ပြေးဝင်လာပြီး ထိုင်ခုံတစ်ခုတွင် နေရာယူလိုက်သည်။
ကျင့်ကြံသူများ ဘာမှမပြောနိုင်ဘဲ လေးစားစွာ ငေးကြည့်နေ၏။
ကျောက်စိမ်းဂိုဏ်းမှ ထွက်လာပြီးတည်းက နတ်ဆိုးများနှင့် ထိပ်တိုက်ရင်ဆိုင်ရသော အခြေအနေ များစွာရှိခဲ့သည်။
ထိုမိန်းကလေးမှာ လူကောင်သေးသော်လည်း အင်အားကြီးကြောင်း အားလုံး လက်ခံထားရ၏။
အဖွဲ့တစ်ခုလုံးကိုလည်း အကြိမ်ကြိမ် ကယ်ခဲ့ဖူးပါသည်။
ထိုလူမှာ ကျောက်ယောင်လုပင်။
“ငါ သွားကြည့်ပြီးပြီ”
သူ တည်ငြိမ်စွာ ဆက်ပြော၏။
“မင်းသား (၉) ရဲ့ခံတပ်မှာ ဘာမှမရှိဘူး… အားနည်း၊ အိုမင်း၊ ဒဏ်ရာရထားတဲ့သူတွေပဲ ကျန်ခဲ့တယ်”
ကျင့်ကြံသူများ အံ့ဩသွားကြသည်။
“ဒီသတင်းက ကောင်းတာပေါ့”
“အခွင့်အရေးရတုန်း ခံတပ်ထဲဝင်မွှေပြီး ရတာအကုန် ယူရမယ်”
ကျောက်ယောင်လုမှ ဆက်၍
“ဟိုတစ်လောကမှ မင်းသား (၉) ကိုယ်တိုင် ဦးဆောင်ပြီး နတ်ဆိုးတပ်ကြီးနဲ့အတူ ရွှမ်ကျန်းကို သွားတာတဲ့”
“အခုတော့ ချင်းရွှမ်ဂိုဏ်းကို ဖမ်းပြီးလောက်ပြီ”
ကျင့်ကြံသူများ မှင်တက်သွားကြပြန်သည်။
“ဘာ… အဲ့ဒါကို ဘာလို့ ဘာမှမသိရတာလဲ”
“နတ်ဆိုးတွေက ငါတို့ထက် အမှောင်ထဲမှာ အမြင် ပိုကောင်းတယ််… အမှောင်ကိုအားကိုးပြီး သွားကြတာ ထင်တယ်”
“ရွှမ်ကျန်းတော့ တော်တော် ထိခိုက်သွားလောက်ပြီ… ဒုက္ခပဲ”
“နေဦး… ချင်းရွှမ်ဂိုဏ်း… အဲ့ဒါ ခေါင်းဆောင်ငယ် အရင်နေခဲ့တဲ့ဂိုဏ်းမလား”
အသံတစ်ခု ထွက်လာသည်။
လုတုံရွှမ်ထံမှ ဖြစ်၏။
“ဟုတ်တယ်… အခုပြောမှ သတိရတယ်”
“နတ်ဆိုးတွေ ထောင်ချောက်ဆင်ထားတာ နေမယ်… တခြားဒေသတွေကို အရင်ဝင်တာက ငါတို့ကို အာရုံလွှဲတာပဲ”
“သွားပြီ… သူ့အဓိကပစ်မှတ်က ခေါင်းဆောင်ငယ်ပဲ”
ကျင့်ကြံသူများ ထိုအခါမှ သဘောပေါက်သွားကြ၏။
“ခေါင်းဆောင်ငယ်က အရမ်းသစ္စာရှိတဲ့သူဆိုတော့ ဂိုဏ်းမှာလည်း လူအင်အားမရှိရင် သူကိုယ်တိုင် သွားမှာပဲ”
“ထောင်ချောက်ထဲဝင်မှာ စိုးရိမ်ရတယ်နော်”
ကျောက်ယောင်လုမှ
“ငတုံးလေး ကိုယ့်အရင်အစီအစဉ်ကိုသာ အာရုံစိုက်… ဒီအဖွဲ့ကိုခေါ်ပြီး မင်းသား (၉) ခံတပ်ကို ဝင်စီး… အဖမ်းခံထားရတဲ့ ကျင့်ကြံသူတွေ၊ ပြည်သူတွေကိုလည်း ကယ်လိုက်”
“ငါတစ်ယောက်တည်း မြောက်ပိုင်း သွားမယ်”
လုတုံရွှမ် အံကြိတ်နေမိသည်။
သူလည်း ရှန်မို့ကို ကယ်ချင်သော်လည်း အစီအစဉ်မှာ လက်ခံနိုင်ဖွယ် ရှိပါသည်။
“ဟုတ်ကဲ့ပါ… ခေါင်းဆောင်ငယ်ကို သေချာ ကာကွယ်ပေးခဲ့ပါနော်”
“မစိုးရိမ်ပါနဲ့”
ကျောက်ယောင်လု ယုံကြည်ချက်အပြည့်ဖြင့်
“အခြေအနေ မကောင်းရင်လည်း… ငါ အဲ့အကွက်ကို သုံးမှာပေါ့… သူ့ကို ရအောင်ကယ်မှာပါ”