မင်းသားရဲ့ အထူးကိုယ်ရံတော်
Vol. 20 Ch. 298
နတ်ဆိုးများမှာ လက်နက်သုံးလေ့ မရှိပေ။
သူတို့၏ သံမဏိကဲ့သို့ မာကျောသော ခန္ဓာကိုယ်များမှာ အကောင်းဆုံး တိုက်ခိုက်နည်းဖြစ်၏။
ထို့အပြင် လက်နက်များ ထုတ်လုပ်ရန် သတ္ထုနှင့် အရင်းအမြစ်လည်း ရှားပါးသည်။
ထို့ကြောင့် နတ်ဆိုးအများစုမှာ သွေးစွမ်းအင် စုစည်း၍ လက်နက်အဖြစ် ရန်သူကို တိုက်ခိုက်ကြသည်။
ထိုအချိန်တွင် နတ်ဆိုးဘုရင် (၄) ဦးတို့ သွေးစွမ်းအင် စတင်၍ လက်နက်ကြီးများပုံစံ ပြောင်းလဲသည်။
ပုဆိန်၊ လှံ၊ ဓား၊ တင်းပုတ်စသဖြင့် ပေါ်လာပြီး ရှန်မိုအား တိုက်ခိုက်လေသည်။
သွေးစွမ်းအင်သည် ကောင်းကင်ယံအထိ ပျံ့နှံ့၍ သွေးရောင်လွှမ်းလာ၏။
“ဒီလောက် အင်အားကြီးတဲ့ သွေးစွမ်းအင်က… ငါ့အထင်တော့ ငွေရောင်အဆင့် နတ်ဆိုးဘုရင်တွေ ဖြစ်မယ်”
မူယုံးယွဲ့ ရေရွတ်မိသည်။
ဝူယန်ဝေ့လည်း သက်ပြင်းချ၍
“အမှန်ပဲ… ငွေရောင်နတ်ဆိုးဘုရင်ဆိုတာ လူသား ခြေတည်ဝိညာဉ်အဆင့်မြင့်နဲ့ ညီမျှတယ်… ဒါပေမဲ့ သူတို့ရဲ့ အင်အားကြီးခန္ဓာကိုယ်၊ အရှိန်တွေကြောင့် အနီးကပ် တိုက်ခိုက်ရင် လူသားထက်တောင် သာနိုင်တယ်”
“ဒါပေမဲ့ လူအင်အားပေါ် မူတည်ပြီး ပြောင်းလဲနိုင်တယ်”
“လူသားကျင့်ကြံသူတွေဘက်မှာ အချိန်ရလို့ ကျင့်စဉ်စုပြီး တိုက်ခိုက်ရင် ငွေရောင်အဆင့် နတ်ဆိုးလည်း သတ်နိုင်တယ်… နတ်ဆိုးတွေက အချိန်ကြာကြာ မတိုက်ခိုက်နိုင်ဘူးလေ”
မူယုံးယွဲ့ ခေါင်းငြိမ့်ပြသော်လည်း ကောင်းကင်ယံကိုသာ စိုးရိမ်စွာ ကြည့်နေ၏။
ရှန်မို အင်အားကြီးသည်ကို သူကိုယ်တိုင် ခံစားမိပါသည်။ သို့သော် မည်မျှ အင်အား ကြီးနိုင်မည်နည်း။ ထိုအဖြေအတွက် ယုံကြည်ချက် မရှိပါ။
ရှန်မို ထိုနတ်ဆိုး (၄) ဦးကို ခံနိုင်ရည် ရှိမည်လား။
သူ ရင်ထဲ မွန်းကြပ်လာ၏။
ရှန်မို တိုက်ပွဲထဲ သေဆုံးသွားမည်ကို ကြောက်လာသည်။
ထိုအခြေအနေသာ ဖြစ်လာခဲ့လျှင် သူ့ကိုယ်သူ ချက်ချင်း သတ်သေပစ်မိမည် ဖြစ်၏။
ရှန်မိုမှာတော့ နတ်ဆိုးဘုရင် (၄) ဦးကို ရင်ဆိုင်ရသော်လည်း တုန်လှုပ်ခြင်း မရှိပေ။
အမူအရာပင် မပျက်သွား။
တိုက်ခိုက်မှု အနီးကပ်လာသောအခါ သူ့ခန္ဓာကိုယ်မှ အပင်ငယ်များ ရုတ်တရက် ပေါက်လာ၏။
ထို့နောက် အပင်များ ကြီးထွားကာ အကိုင်းအခက်များသည် အမြှောက်ကဲ့သို့ဖြစ်၍ ဖြာနေသည်။
အဆင့်မြင့် ခုခံရေးကျင့်စဉ် အမြဲစိမ်းသစ်ပင်အစောင့်များ ဖြစ်၏။
ကျင့်စဉ်မှာ ထူးထူးခြားခြား စတင်စေရန် မလိုဘဲ ပုံရိပ်ငယ်ထဲ သိမ်းထားပြီး အန္တရာယ်ရှိချိန်တွင် အလိုအလျောက် ကာကွယ်ပေးလေသည်။
သစ်ပင်ကြီးများ အလွန်ကြီးထွားလာပြီး ယောက်ျား အယောက် (၂၀) ဖက်ခန့် ရှိလာ၏။
အကိုင်းအခက်၊ အရွက်များမှာ ဖြာဝေ၍ ကောင်းကင်ကြီးကိုပင် ဖုံးကွယ်ထားလေသည်။
သစ်ပင်ကြီးများသာ အလွန်ကြီးမားနေပြီး မိုင်တစ်ထောင်အကွာမှပင် လှမ်းမြင်နိုင်၏။
ဘုံး ဘုံး ဘုံး!
နတ်ဆိုးဘုရင်များ၏ တိုက်ခိုက်မှုမှာ သစ်ပင်ကြီးကိုသာ ထိသွားသည်။
ထိုတိုက်ခိုက်မှုကြောင့် စက္ကန့်ပိုင်းအတွင်း ပြိုကွဲ၍ သစ်စိတ်ဝိညာဉ်စွမ်းအင်အဖြစ် ပျံ့နှံ့သွားလေ၏။
သို့ရာတွင် ဒုတိယသစ်ပင်ကြီးမှာ မြဲမြံစွာ ရှိနေသေးသည်။ နောက်ထပ်တိုက်ခိုက်မှုလှိုင်းအားလုံးကို ကာပေး၏။
ထိုအချိန်တွင် ရှန်မိုမှ သူ့စိတ်ဝိညာဉ်စွမ်းအင် စီးဆင်းစေကာ နောက်ထပ်ခုခံရေးကျင့်စဉ် စတင်တော့သည်။
နဂါးဘုရင် လှုပ်ရှားမှုဖြစ်သည်။
ဟွန့်…
ခဏအကြာတွင် ရွှေရောင်အရိပ်တစ်ခု ရှန်မို့အနောက်တွင် ပေါ်လာပြီး မီတာဆယ်ချီ၍ မြင့်၏။
“မင်းတို့ သွေးစွမ်းအင် မြှင့်ကြ”
မင်းသား (၉) မှ လှမ်းအမိန့်ပေးသည်။
“ဟုတ်ကဲ့ပါ”
နတ်ဆိုးဘုရင် (၄) ဦးတို့ စူးရဲစွာစိုက်ကြည့်ရင်း စွမ်းအင် တိုးလိုက်၏။
ထိုအခါ လက်နက်ကြီးများ၏ အရွယ်အစား ပိုကြီးလာသည်။
ဘုံး!
ထိုအခါ ဒုတိယသစ်ပင်လည်း ခံနိုင်ရည်မရှိတော့ဘဲ ချက်ချင်း ပျက်စီးသွားတော့သည်။
နတ်ဆိုးများ၏ ဆက်လက်တိုက်ခိုက်မှုသည် နဂါးဘုရင် အကာအကွယ်ကိုသာ ဆက်လက်သက်ရောက်တော့၏။
ချွမ်!
သတ္ထုချင်းတိုက်ခတ်သံမျိုး ထွက်လာ၏။
နတ်ဆိုးဘုရင်များလည်း စွမ်းအင်အရှိန် မထိန်းနိုင်ဘဲ အနောက်သို့ လွင့်သွားသည်။
သူတို့ ရှန်မို့ကို မယုံနိုင်စွာ လှမ်းကြည့်မိ၏။
အပြာရောင်ဝတ်ရုံဖြင့် ထိုလူမှာ တည်ငြိမ်စွာ ရပ်နေဆဲပင်။
“သူ ရပ်သွားပြီလား”
ဝေ့ရှောင်းထီ အံ့ဩစွာ ရေရွတ်မိ၏။
“သူတို့က ငွေအဆင့်နတ်ဆိုးဘုရင်တွေကို… ခေါင်းဆောင်ငယ်ဘက်က ခုခံရေးကျင့်စဉ် (၂) ခုတည်းနဲ့ ကာကွယ်လိုက်ပြီ”
အကြီးအကဲလီ စွံ့အနေ၏။
မိုဟန်ရှန် ခေါင်းတငြိမ့်ငြိမ့်ဖြင့်
“ရှန်မို့ကို… မဟုတ်သေးဘူး ခေါင်းဆောင်ငယ်ကို ဒီလောက် အင်အားကြီးလိမ့်မယ်လို့ မထင်ထားဘူး”
ဝူယန်ဝေ့လည်း မျက်လုံးပြူးလျက်
“သူ့ကို နောက်ဆုံးတွေ့တုန်းကတောင် အဲ့လောက် အင်အားကြီးလာမယ်လို့ မထင်ရသေးပါဘူး… ဘယ်လိုလုပ် နှစ်အနည်းငယ်အတွင်း ပြောင်းလဲသွားတာလဲ”
လောင်ရှန်နန် ရုတ်တရက် ထအော်၏။
“ကြည့်လိုက်ဦး… ရှန်မို ပြန်တိုက်ခိုက်ဖို့ ပြင်နေပြီ”
နဂါးအကာအကွယ်အောက်တွင် ရှန်မိုမှ သူ့ အဖြူအနက် ဓားကိုဆွဲထုတ်လိုက်သည်။
ထိုလက်နက်မှာ သူ့အဖိုးတန်ဆုံး နှစ်ရောင်စပ်ဓားဖြစ်သည်။
ဓားစွမ်းအင်များ စုလာပြီး ကောင်းကင်အထိ တက်လာသည်။
နတ်ဆိုးဘုရင် (၄) ဦးတို့ ဓားစွမ်းအင်ကြောင့် ခန္ဓာကိုယ်တွင် နာကျင်မှုများ ခံစားလာရ၏။
သူတို့၏ ဂုဏ်ယူရသော ခန္ဓာကိုယ်သည် အန္တရာယ် ရှိနေလေပြီ။
“မပြေးနဲ့နော်… မင်းသား (၉) ကြည့်နေတယ်”
“ခြင်္သေ့နတ်ဆိုးတွေဆိုတာ ဘယ်တော့မှ ထွက်မပြေးဘူး… သူ့တိုက်ကွက်က အချိန်ယူရဦးမှာ”
“ငါတို့်မျိုးနွယ်က ထွက်ပြေးတယ်ဆိုတာ ဘာမှန်းတောင် မသိဘူး… သေတဲ့အထိ တိုက်ခိုက်မှာ… သူတစ်ယောက်တည်းနဲ့ ငါတို့ (၄) ယောက်ကို သတ်နိုင်မယ်များ တကယ်ထင်နေလား”
“အဲ ဒါပေမဲ့ ကျွန်တော်တို့မှာ အဘိဓာန်မရှိဘူးလေ”
နတ်ဆိုးဘုရင်များ အချင်းချင်း ပြောဆိုရင်း တွေဝေနေသည်။ အစပိုင်းတွင် သွေးစွမ်းအင်များစွာကို အပြင်းအထန် သုံးထား၍ ယခုစွမ်းအင် အတော်ကျနေလေပြီ။
သူတို့ဆက်၍ တိုက်ခိုက်နေသော်လည်း နဂါးအကာအကွယ်ကို အနည်းငယ်မျှ မသက်ရောက်တော့။
ရှန်မိုမှာ ရွှေရောင်အကာအကွယ်ကြား ရပ်၍ စွမ်းအင်များ တိတ်တဆိတ် စုဆောင်းနေသည်။
မီးခိုးရောင်ဓားစွမ်းအင်များ နဂါးအရိပ်ဘေးတွင် ပတ်၍ ပိုထင်ရှားလာသည်။
ခဏအကြာတွင် နှစ်ရောင်စပ်ဓား၌ စွမ်းအင်ပြည့်သွားတော့၏။
“တော်ပြီလား”
“ဒါဆို အခု ငါ့အလှည့်ပေါ့”
“နှစ်ရောင်စပ်ဓား… ခုတ်မယ်”
လျင်မြန်သောအရှိန်ဖြင့် ရှန်မို စတိုက်ခိုက်၏။
ဓားစွမ်းအင်သည် နတ်ဆိုးများကို လွှမ်းမိုး၍ ထိခိုက်မိသည်။
နတ်ဆိုးများမှာ စွမ်းအင်မရှိတော့သောကြောင့် လက်နှစ်ဖက်ဖြင့်သာ အကာအကွယ်ပြုလုပ်ရသည်။
“အား”
ခန္ဓာကိုယ်အား ဖောက်ထွင်းသွားသော ဓားချက်များကြောင့် အော်ဟစ်သံများ ဆူညံသွား၏။
မကြာမီ မီးခိုးရောင်ဓားစွမ်းအင် ပျောက်ဆုံးကာ ကောင်းကင်မှ သွေးမိုးများ ကျလာသည်။ ထို့နောက် အရိုးများ၊ အသားများပါ ပြုတ်ကျလာ၏။
ပတ်ဝန်းကျင်မှ နတ်ဆိုးများအားလုံး အလွန်လန့်သွားသည်။
ချင်းရွှမ်တပည့်များလည်း မျက်လုံးပြူးလျက် မယုံကြည်နိုင် ဖြစ်နေ၏။
“သူ… သူတို့ သေသွားပြီလား”
“ငွေအဆင့်နတ်ဆိုးဘုရင်တွေက… မင်းသားရဲ့ အထူးကိုယ်ရံတော်တွေလေ”
“သူတို့ကို လုံးဝအစမကျန်အောင် ရှင်းလိုက်တာလား”
မင်းသား (၉) လည်း မျက်နှာအလွန်ပျက်သွားသည်။
သူ့တပည့်များ ရှန်မို့လက်ချက်ဖြင့် အသက်ပျောက်သွားမည်ဟု တစ်ခါမှ မတွေးခဲ့ဖူးချေ။