နတ်ဆိုးမျိုးနွယ်မှာ မင်းလို ငကြောက်မျိုး ဘယ်လိုလုပ် ရှိနေတာလဲ
Vol. 20 Ch. 299
ရှန်မို မင်းသား (၉) အား စိုက်ကြည့်ရင်း
“ဆင်းလာခဲ့လေ… သေမင်းနဲ့ တွေ့ရအောင်”
မင်းသား (၉) ၏ ဒေါသများ ပေါက်ကွဲထွက်သွားသည်။
သူ့တပည့် (၄) ဦး ယခုလိုပျက်စီး၍ သူကိုယ်တိုင် ဝင်ပါရသည်မှာ အလွန်ရှက်စရာကောင်း၏။
ထို့နောက် ဒေါသကို ထိန်းကာ
“မင်းက တကယ့်ပါရမီရှင်ဆိုတဲ့အတိုင်း ပီသတာပဲ… ငါ့အဖေကတောင် ချီးကျူးရတယ်ဆိုတော့ တကယ် အရည်အချင်းရှိတာပေါ့”
“အဲ့ဒါ မင်း ဂုဏ်ယူသင့်တယ်နော်… ငါ့လိုမင်းသားက ဆင်းပြီး တိုက်ခိုက်ပေးတယ်ဆိုတာ”
ရှန်မိုမှာ ဂရုမစိုက်သလိုပင်
“ကျွန်တော်ဆီက အသတ်ခံရတာကိုလည်း ခင်ဗျား ဂုဏ်ယူသင့်တယ်”
မင်းသား (၉) ဒေါသများ ပြန်ထွက်လာ၏။
သူသည် အမြဲတမ်း သူ့ကိုယ်သူ ဂုဏ်ယူသဘောကျတတ်သည်။
မင်းသား (၁) နှင့် (၄) မှလွဲ၍ အခြားမင်းသားများ၊ နတ်ဆိုးဘုရင်များအား ရှိသည်ဟုပင် မတွေးခဲ့။ ယခု ရှန်မို့စကားမှာ သူ့ကို စော်ကားလွန်းနေ၏။
နှစ်ယောက်သား စိုက်ကြည့်နေကြရင်း မင်းသား (၉) မှ ရွှေရောင်လျှပ်စီးအလျင်ဖြင့် အရင်စ၍ တိုက်ခိုက်လာသည်။
သွေးစွမ်းအင်များ စိမ့်ထွက်၍ သွေးနီလှံ (၉) ချောင်းအဖြစ် ပေါ်လာ၏။
လှံတိုင်းသည် (၆၆) မီတာဝန်းကျင် ရှည်ကာ ဝိညာဉ်အရိပ်များစွာ ရစ်ဝဲနေ၏။
ကြောက်စရာငိုသံများကြောင့် ခေါင်းကိုက်စေပြီး စိတ်အာရုံကို ပျံ့လွင့်စေသည်။
“ဝိညာဉ်ဖျက်ဆီး သွေးလှံပဲ… ဒါ မင်းသား (၉) သုံးနေကျ တိုက်ကွက်”
“မင်းသားက ရှန်မို့ကို တစ်ချက်တည်းနဲ့ ထိခိုက်အောင်လုပ်ပြီး တပည့် (၄) ယောက်အတွက် လက်စားချေတော့မယ်”
“အရှင် သူ့ကို သတ်ပစ်… အခု သတ်လိုက်တော့”
ဘေးမှ ခြင်္သေ့နတ်ဆိုးများ စိတ်လှုပ်ရှားစွာ အော်ဟစ် အားပေးနေကြသည်။
မင်းသား (၉) ၏ သမိုင်းဝင်တိုက်ကွက်ကို မြင်ရမည်ဟု မထင်ထားကြ။
“အားနည်းလိုက်တာ”
ရှန်မို တည်ငြိမ်စွာပြော၍ လက်တစ်ဖက် မြှောက်လိုက်သည်။
ဘုံး!
မီးတောက်နီများ တောက်ပ၍ ကြီးမားသောဓားတွင် ရစ်ဝဲနေကြ၏။
သွေးလှံ (၉) ချောင်းအား ရှန်မို့ မီးတောက်နီဓားဖြင့် ခုတ်ချလိုက်သည်။
နေမင်း (၉) သွယ် နတ်ဇာမဏီကျင့်စဉ်၏ ဒုတိယပုံစံ ဖြစ်၏။
ဘုံး!
သွေးစွမ်းအင်နှင့် မီးတောက်များ လေထဲတွင် တိုက်မိပြီး ပေါက်ကွဲမှုကြီး ဖြစ်သွားသည်။
သွေးလှံများမှာ တစ်ခုပြီးတစ်ခု ပျက်စီး၍ လွင့်ပျယ်သွားကြ၏။
မင်းသား (၉) သူ့လှံများ ဖျက်ဆီးခံလိုက်ရသည်ကို အံ့ဩစွာ ငေးကြည့်နေသည်။
“ချီးပဲ… ဒီရှန်မိုက တကယ် အရည်အချင်း ရှိတာပဲ”
သူ အံကြိတ်လျက် တုံ့ဆိုင်းခြင်းမရှိ သွေးစွမ်းအင်များ ပို၍ စုစည်းလိုက်သည်။
ထို့နောက် လက်ကျန်သွေးလှံများ လုံးဝမပျောက်သွားမီ ပိုကြီးမားသည့် လှံတံကြီး ဖွဲ့စည်းလိုက်လေ၏။
ထိုလှံကြီးသည် အရှည်အားဖြင့် မီတာ (၃၀) ကျော်ပြီး မျက်နှာပြင်၌ အပြစ်မဲ့သောဝိညာဉ်များစွာ ကပ်ငြိနေသကဲ့သို့ အသေးစိတ်ကျလှသည်။
လှံတံပတ်လည်တွင် အော်ဟစ်ညည်းညူသံများ ပြည့်နှက်ကာ တစ်ဖက်စိတ်ဝိညာဉ်ကို ခြိမ်းခြောက်နေ၏။
“ဒီလို ဝိညာဉ်ဖျက်ဆီးသွေးလှံတံကြီးပဲ”
“အရှင်က ဒီကျင့်စဉ်ကို အထူးအဆင့်အထိ တတ်မြောက်ထားပြီ ထင်တယ်… မင်းသားတွေအားလုံးထဲမှာ တကယ် ယုံကြည်ရတာပဲ”
“ငါ ကြားတာတော့ ဝိညာဉ်ဖျက်ဆီးသွေးလှံက သတ်ဖြတ်မှုများလေ အင်အားကြီးလေပဲတဲ့… မကျွတ်လွတ်တဲ့ အငြှိုးကြီးဝိညာဉ်တွေကို စုထားတာလေ… အရှင့်မှာ ရန်သူတွေ အများကြီးရှိတော့ လှံကလည်း အင်အားကြီးတာပေါ့… ရှန်မို့ကို ကြည့်လိုက်ဦး… မလှုပ်မယှက်ဖြစ်နေပြီ… ဝိညာဉ်တွေ ညှို့ယူတာ ခံလိုက်ရပြီပဲ”
“ဒီအကွက်ကိုတော့ ရှန်မို ခုခံနိုင်မှာ မဟုတ်ဘူး… လုံးဝ ချောင်ပိတ်သွားပြီ”
ခြင်္သေ့နတ်ဆိုးအုပ်စုမှာ စိတ်လှုပ်ရှားစွာ ပြောဆိုရင်း ရှန်မို သေတော့မည်ဟု သေချာနေကြသည်။
မင်းသား (၉) မှာ အေးစက်စက် ရယ်မော၍
“ခံစားမိလား… မင်းခန္ဓာကိုယ်နဲ့ ဝိညာဉ်ပါ တိုက်ခိုက်ခံနေရတာကိုလေ”
ထို့နောက် ပို၍ဒေါသထွက်လာပြီး
“မဟုတ်သေးဘူး… ဒီအတိုင်း တိုက်ခိုက်ရုံတင် မကဘူး… ငါ့တပည့် (၄) ယောက်အတွက် မင်းကိုလည်း အပိုင်းပိုင်းစုတ်ဖြဲပစ်မယ်”
ရှန်မိုမှာတော့ တည်ငြိမ်နေဆဲပင်။
ထိုကဲ့သို့ အခြေအနေ၌ အချိန်ယူရသည့် ကြယ်ကြွေသိုင်းစဉ်မှာ မသင့်တော်ပေ။
အကောင်းဆုံးသည် နေမင်း (၉) သွယ် နတ်ဇာမဏီ ကျင့်စဉ်ဖြစ်၏။
“နေမင်း (၉) သွယ် နတ်ဇာမဏီကျင့်စဉ်ရဲ့ တတိယပုံစံကို အရမ်းမကျွမ်းသေးပေမဲ့ မင်းကိုသတ်ဖို့လောက်တော့ ရပါတယ်”
ရှန်မို ရုတ်တရက် သူ့စိတ်ဝိညာဉ်စွမ်းအင်များ ထုတ်လွှတ်လိုက်သည်။
ကြာနီမီးတောက်မှာ သူ့ပုခုံးမှ ထွက်လာပြီး မီးတောက် တောင်ပံများကဲ့သို့ ဖြစ်၏။
တောင်ပံကြီးများမှာ မီတာ (၃၀) ကျော်ပြီး ဖြန့်ထားပါက ကောင်းကင်တစ်ခုလုံး ကွယ်သွားလောက်သည်။
မီးတောင်ပံများမှလွဲ၍ နေရောင်ပင် မမြင်ရတော့။
“ဘုရားသခင်… ဒါ ဘယ်လိုသိုင်းစဉ်လဲ”
“အင်အားကြီးလိုက်တာ… ကောင်းကင်အဆင့် သိုင်းပဲ”
“နေမင်း (၉) သွယ် နတ်ဇာမဏီကျင့်စဉ်နဲ့ တူပေမဲ့ ခေါင်းဆောင်ငယ် အရင်သုံးဖူးတာမျိုး မဟုတ်ဘူး”
ဝေ့ရှောင်းထီ၊ မိုဟန်ရှန်နှင့် ချင်းရွှမ်းဂိုဏ်းသားများ မှင်တက်နေကြ၏။
“မီးတောင်ပံ ဖြန့်ကျက်မယ်”
ရှန်မို မင်းသား (၉) ကိုကြည့်ကာ ပြောလိုက်ပြီး သူ့အနောက်မှ မီးတောင်ပံကြီး ပြန့်ကားလာသည်။
ထိုအခါ မီးငှက်မွေးများ မင်းသား (၉) ထံသို့ မုန်တိုင်းသဖွယ် တိုက်ခိုက်လာလေ၏။
ဝှစ် ဝှစ် ဝှစ်!
လေထဲတွင် ပေါက်ကွဲမှုကြီးများလည်း ဆက်တိုက် ပေါ်ပေါက်လာသည်။
မီးငှက်မွေးများ အရှိန်မြင့်စွာဖြင့် တိုးထွက်လာကြ၏။
ရုတ်တရက် ရှန်မို့အနောက်တွင် ရှိရာမှ ချက်ချင်း မင်းသား (၉) အရှေ့သို့ ရောက်သွား၏။
မင်းသား (၉) မှာ တုန်လှုပ်လျက် ထိုသိုင်းကွက်၏ အန္တရာယ်ကိုလည်း ခံစားမိသည်။
သို့သော် ယခုအချိန်မှတော့ မရှောင်ပြေးနိုင်တော့ချေ။
သူ့အတွက် ထိပ်တိုက် ရင်ဆိုင်ရမည့် အခြေအနေတစ်ခုသာ ရှိသည်။
ဘုံး ဘုံး ဘုံး!
မီးငှက်မွေးများစွာမှာ ဝိညာဉ်ဖျက်ဆီးသွေးလှံ၏ မျက်နှာပြင်ကို ပြင်းထန်စွာ တိုက်စားသွားသည်။
အစပိုင်းတွင် လှံတံမှ ခုခံနေသော်လည်း ငှက်မွေးများ ရုတ်တရက် အရှိန်မြန်လာပြီး လေထဲတွင်တံ့ကာ မလှုပ်ရှားနိုင် ဖြစ်နေ၏။
ထို့နောက် သွေးစွမ်းအင် ကုန်ခမ်းလာပြီး အရွယ်အစား ကျုံ့သွားသည်။
ထိုမျှမကသေး။
မီးငှက်မွေးများ မြေပြင်သို့ ဦးတည်ကာ ခြင်္သေ့နတ်ဆိုးများကိုပါ တိုက်ခိုက်၏။
နတ်ဆိုးများ ကြောက်လန့်တကြား အော်ဟစ်ပြေးလွှားရလေသည်။
ထိုမြင်ကွင်းမှာ မင်းသား (၉) ရင်ထဲ တစ်စစီ စုတ်ဖြဲသကဲ့သို့ နာကျင်ရ၏။
ဤသည်မှာ သူ့ဝှက်ဖဲဖြစ်ပြီး အင်အားအကြီးဆုံး ဖြစ်လေသည်။
သို့သော် ရှန်မို့ကို မယှဉ်နိုင်သေးချေ။
“ငါ့သွေးစွမ်းအင်…”
ခန္ဓာကိုယ်ထဲမှ သွေးစွမ်းအင် လျော့လာသည်ကို ခံစားမိပြီး အံကြိတ်၍ ဒေါသထွက်လာသည်။
တိုက်ပွဲကို ဆက်လက်ထိန်းသိမ်းရန် မဖြစ်နိုင်တော့။
သူ့အတွက် နောက်ဆုံးလမ်းတစ်ခုသာ ကျန်လေ၏။
ထွက်ပြေးခြင်း။
“ရှန်မို မင်းကို ငါနဲ့အတူ ပျက်စီးစေရမယ်”
မင်းသား (၉) အော်ဟစ်၍ လက်ကျန်သွေးစွမ်းအင် သုံးဟန်ဆောင်ကာ တိုက်ခိုက်လေသည်။
ရှန်မိုမှာတော့ အမူအရာ မပြောင်းလဲဘဲ ကြိုခန့်မှန်းထားသကဲ့သို့ ဖြစ်သည်။
မင်းသား (၉) သည် ရုတ်တရက် အနောက်ပြန်လှည့်၍ အရှိန်မြှင့်ကာ ပြေးလေ၏။
မြေပြင်မှ ခြင်္သေ့နတ်ဆိုးများကိုပင် ဂရုမစိုက်ချေ။
“အရှင်… မင်းသား (၉)”
“ကျွန်တော်တို့ကို မထားခဲ့ပါနဲ့”
“မင်းသား (၉)… မင်းသား (၉)… နတ်ဆိုးမျိုးနွယ်မှာ ဒီလို ငကြောက်မျိုး ဘယ်လိုလုပ် ရှိနေတာလဲ”
နတ်ဆိုးများ အော်ဟစ်ငိုကြွေးနေလေသည်။
မင်းသား (၉) သူတို့ကိုပစ်ပယ်၍ ထွက်ပြေးသွားမည်ဟု မထင်ထားချေ။
ထိုမြင်ကွင်းကြောင့် မူယုံးယွဲ့၊ ဝူယန်ဝေ့တို့လည်း အတော်လေး မှင်တက်နေသည်။
မင်းသား (၉) ထွက်ပြေးသွားလေပြီ။