အခန်း (၆)
Vol. 1 Ch. 6
ကွန်ပျူတာအထူးပြုလုပ်ချက်များနှင့် မျက်စိအသားကျနေသည့် ခေတ်သစ်လူတွေအဖို့တော့ ခန်းဆောင်နီအိပ်မက် 1987 သည် ဆွဲဆောင်မှု ရှိချင်မှ ရှိပါလိမ့်မည်။ သို့သော် ယခုလို ရှေးခတ်မှာတော့…
ရုပ်သံဇာတ်လမ်းတွဲတစ်ခုမှသည် ကြောက်စရာကောင်းသည့် လက်နက်တစ်ခုဖြစ်သွားနိုင်ပါသည်။
ဖုန့်ယီနန်းဆောင်အတွင်း
ကျန်းကျီမြောင် သစ်ကြားသီးတဂွပ်ဂွပ်ခွဲစားနေသည့် အသံကလွဲပြီး နန်းဆောင်အတွင်းတိတ်ဆိတ်လွန်းသဖြင့် ပင်အပ်ကျသံကိုပင် ကြားနိုင်ရလောက်သည်။
ခန်းဆောင်နီအိပ်မက် ပထမပိုင်းတစ်ဝက်ခန့် ပြီးဆုံးနေပြီဖြစ်သည်။
နောက်ဆုံး ဇာတ်လမ်းထဲ ညီမလင်းပေါ်လာပြီဖြစ်သည်။
ကျန်းကျီမြောင် ခါးမတ်သွားခဲ့သည်။
[1987 ဗားရှင်းထဲက ညီမလင်းက အကောင်းဆုံးပဲ!]
ကိုယ်လုပ်တော်များလည်း မှင်သက်နေကြသည်။
ရုပ်သံဇာတ်လမ်တွဲထဲမှ အမျိုးသမီးအား လင်းသိုက်ယွီဟုခေါ်သည်။
ဧကန္တ ကျောက်စိမ်းလိုအရိုးတွေ နှင်းလိုဖြူဖွေးတဲ့ အသားအရည်တွေ ရှိနေလို့များလား…
တစ်ချက်လောက်မြင်လိုက်ရုံနဲ့ ကြင်ကြင်နာနာ ကရုဏာသက်ချင်စရာပုံစံလေးဖြစ်သည်။
ကျားစံအိမ်ထဲ လင်းသိုက်ယွီ ဝင်ရောက်လာသောအခါ ဇာတ်ရှိန်တက်လာခဲ့ပြီး ဇာတ်ကောင်တွေ တစ်ယောက်ပြီး တစ်ယောက် ပေါ်လာခဲ့သည်။
ကိုယ်လုပ်တော်များလည်း စိတ်တွေ ပိုမိုလှုပ်ရှားလာခဲ့လေသည်။
အပိုင်း(၁) ပြီးဆုံးသွားပြီဟု စာတန်းထိုးသောအခါ ဇာတ်လမ်းထဲမျောပါနေသည့် ကိုယ်လုပ်တော်များ ရုတ်တရက် အသိစိတ်ပြန် ကပ်သွားခဲ့ကြသည်။
[အပိုင်း(၁) ပြီးသွားတာ မြန်ချက်ပဲ]
ကျန်းကျစ်မြောင် နောက်တစ်ပိုင်းကိုဖွင့်ရင်း ကိုယ်လုပ်တော်များထံ လှမ်းကြည့်လိုက်သည်။
သူမရဲ့ ဖုန့်ယွီနန်းဆောင်က ဘာတွေ ဆွဲဆောင်မှုရှိနေလို့လဲ မပြောတတ်ချေ။ ကိုယ်လုပ်တော်များအား လျစ်လျူရှု မသိချင်ယောင် ဆောင်ထားသော်လည်း အားလုံးစည်းကမ်းရှိရှိနှင့် တိတ်တိတ်ဆိတ်ဆိတ်ထိုင်နေခဲ့ကြသည်။
[မောင်းထုတ်လိုက်ရင် ကောင်းမလား ?]
ကိုယ်လုပ်တော်များအားလုံး စိတ်ပူပန်သွားကြရသည်။
မောင်းထုတ်မယ် ဟုတ်လား…
အဲ့လို လုပ်လို့ မရဘူးလေ!
ဧကရီမိဖုရားကြီး၏အတွေးတွေကို အနီးနားမှာရှိနေမှ သူမတို့ကြားနိုင်တာဖြစ်သည်။ အဝေးသို့ရောက်ရှိသွားပါက ကြားနိုင်တော့မည် မဟုတ်ပေ။
ခန်းဆောင်နီရုပ်သံဇာတ်လမ်းတွဲမှာလည်း ထိုနည်းလည်းကောင်းဖြစ်နိုင်သည်။ သူမတို့သာ ဖုန့်ယီနန်းဆောင်ထဲမှ ထွက်သွားပါက မြင်နိုင်လောက်မည် မဟုတ်ပေ။
စိတ်လှုပ်ရှားစရာကောင်းတဲ့ အခန်းကို ရောက်ကာမှ!
“ဧကရီမိဖုရားကြီးရှင်၊ ဒီက စားဖွယ်ရာတွေက အလွန်အမင်းအရသာရှိလှပါတယ်။ ဒီကြင်ယာတော်ကို ဆက်ပြီးသုံးဆောင်ခွင့် ပြုတော်မူပါ” ကြင်ယာတော်သဲ့က ဖက်ထုပ်တစ်ခုအား အမြန်ယူစားပြလိုက်သည်။
ထို့နောက် ခန်းမဆောင်ထဲ အားလုံးရုတ်ရုတ်သဲသဲ ပြန်ဖြစ်သွားခဲ့လေသည်။
“ဟုတ်တယ် ဟုတ်တယ်၊ လက်ဖက်ရည်လည်း အရသာရှိနေရောပဲ၊ ဒီကိုယ်လုပ်တော်ရဲ့ နန်းဆောင်မှာ ဒါမျိုး မရှိဘူး”
“သစ်သီးလေးတွေကလည်း အရမ်းချိုမြိန်နေတာပဲ”
အားလုံးတစ်ယောက်တစ်ပေါက် ပြောကုန်ကြလေရာ ကျန်းကျီမြောင် မှင်သက်သွားရလေသည်။
ငါ့နန်းဆောင်က အစားအသောက်တွေက အဲ့လောက် အရသာရှိတာလား ?
ဒါမှမဟုတ် မနက်စာ မစားရသေးလို့ ဗိုက်အရမ်း ဆာနေကြတာလား ?
ဘာပဲဖြစ်ဖြစ်ပါလေ ခဏလောက် ဆက်နေခွင့်ပေးလိုက်ပါ့မယ်။
ကိုယ်လုပ်တော်များအား သက်တောင့်သက်သာနေကြဖို့ ကျန်းကျီမြောင် ပြောလိုက်ပြီး အပိုင်း(၂)ကို ဆက်ကြည့်ခဲ့သည်။
အပိုင်း (၂) တွင် ပေါင်ချိုင်ပေါ်လာခဲ့သည်။ သူမ၏ပြည့်ပြည့်ဖြိုးဖြိုးအလှသည် သိုက်ယွီနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ပေါင်ချိုင်နှင့် သိုက်ယွီတို့ ပထမဆုံးအကြိမ်တွေ့ဆုံသည့် ဇာတ်ဝင်ခန်းမှာ အလွန်စိတ်ဝင်စားဖို့ကောင်းလှသည်။
အပိုင်း(၂) ပြီးသောအခါ ကျန်းကျီမြောင် ဗိုက်ပုတ်ရင်း ခန်းမဆောင်ထဲဝေ့ကြည့်လိုက်သည်။
မိဖုရားကြီး မောင်းထုတ်မည်စိုးသဖြင့် ကိုယ်လုပ်တော်များ ပျာယာခတ်သွားပြီး လက်ဘက်ရည်တွေသောက် စားဖွယ်ရာတွေ ဆက်စားပြလိုက်ကြပြန်သည်။
ကျန်းကျီမြောင် ဆွံ့အသွားခဲ့သည်။
ယွဲလင်းရဲ့ ကိုယ်လုပ်တော်တွေက အစားပုပ်တွေဆိုတာ မသိခဲ့ပါလား…
[ဟုတ်ပြီ ဟုတ်ပြီ အချိန်ကျပြီ၊ ဒီနေ့ ဘယ်လိုအတင်းအဖျင်းတွေ ဖတ်ရမလဲ ကြည့်ရအောင်!]
အတင်းအဖျင်းတွေက အချိန်တိတိကျကျပေါ်လာတတ်သည်။ ခန်းဆောင်နီ ၂ ပိုင်းလောက်ကြည့်ပြီးနောက် အတင်းအဖျင်းဖတ်ရှုချိန် ရောက်ရှိလာပြီဖြစ်သည်။
ကိုယ်လုပ်တော်များလည်း ခေါင်းများထောင်မတ်သွားခဲ့ကြပါသည်။
အတင်းအဖျင်းတွေကို နားထောင်ချင်လို့ပဲ ဒီကိုအစောကြီးရောက်လာခဲ့ကြခြင်း မဟုတ်ပါလား…
မနေ့က ကြားခဲ့ရသည့် အတင်းအဖျင်း ၃ ခုစလုံးက စိတ်လှုပ်ရှားဖွယ်ကောင်းသလု တုန်လှုပ်စရာကောင်းလွန်းသည်။
ဒီနေ့အတွက် အတင်းအဖျင်းတွေကကော ပိုပြီးစိတ်လှုပ်ရှားစရာကောင်းနေမလား ?
အားလုံး လက်ထဲကိုင်ထားသည့် စားစရာတွေကို အမြန်ချလိုက်ကြသည်။ မျက်လုံးတွေ ပြူး၊ နားရွက်တွေ ထောင်မတ်သွားခဲ့ကြသည်။
[ကြည့်ရအောင်…]
ကျန်းကျီမြောင် အတင်းအဖျင်းတွေကို စိတ်ဝင်တစားဖွင့်ဖတ်လိုက်သည်။
[ကြင်ယာတော် စုကျဲယွီ အမြဲတမ်းလိုလိုဝတ်ထားတတ်တဲ့ လက်ကောက်ကလေးကို သူ့ရဲ့ ဖအေတူမအေကွဲ ညီမလေး စုစစ်ယောင် လက်ဆောင်ပေးထားတာတဲ့]
ကြင်ယာတော်စုကျဲယွီက လက်ကောက်ကလေးကိုငုံ့ကြည့်ရင်း သိမ်သိမ်မွေ့မွေ့ ပြုံးလိုက်သည်။ ညီမဖြစ်သူအား အလွန်ချစ်မြတ်နိုး သဖြင့် ထိုလက်ကောက်လေးကိုလည်း အမြတ်တနိုးတန်ဖိုးထားခဲ့သည်။
[စုစစ်ယောင်က သူငယ်ငယ်လေးကတည်းက ကြင်ယာတော်စုကျဲယွီကို အသေမုန်းခဲ့တာ ? အဲ့ဒီလက်ကောက်မှာ စုစစ်ယောင် အဆိပ်တစ်မျိုး သုတ်ထားတယ်၊ လက်ကောက်ကို ကြာကြာဝတ်ထားရင် အဆိပ်က ကိုယ်တွင်းအင်္ဂါတွေထဲအထိရောက်သွားပြီး ဝတ်ထားတဲ့သူလည်း ၁၀ နှစ်အတွင်း အားပြတ်သေဆုံးသွားလိမ့်မယ်တဲ့…]
ကျန်းကျီမြောင် မျက်လုံးပြူးကာ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။
ရှေးခေတ်ကို ကူးပြောင်းလာသည့်အချိန်ကစလို့ ယခုလိုအန္တရာယ်များသည့် အတင်းအဖျင်းမျိုး သူ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။
ကြင်ယာတော် စုကျဲယွီ မျက်နှာ ချက်ချင်းဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်။ သူမသည် အမြဲတမ်း ဣန္ဒြေရှိရှိနေတတ်သူဖြစ်ကာ အစ်မကြီးတစ်ယောက်ပီသစွာ ညီမဖြစ်သူကိုလည်း လိုလေသေးမရှိအောင်ဂရုစိုက်ခဲ့သည်။
ဒါပေမယ့်… ညီမဖြစ်သူက သူ့ကို သေစေချင်သတဲ့လား…
လက်ကောက်အားဝတ်ထားသည့် လက်ပေါ်မှာ စူးစူးရှရှနာကျင်လာသလို ကြင်ယာတော် စုကျဲယွီခံစားလိုက်ရသည်။
“ကြင်ယာတော် စုကျဲယွီ”
ကျန်းကျီမြောင် ကရုဏာသက်သွားပြီး သူမကို လှမ်းခေါ်လိုက်သည်။
“ဝတ်ထားတဲ့ လက်ကောက်ကလေးက လှသားပဲ၊ ပန်ကုန်းကြည့်ချင်လို့ လာပြလှည့်ပါဦး”
ကြင်ယာတော် စုကျဲယွီတုန်ယင်သွားပြီး တွန့်ဆုတ်မှုမရှိဘဲ လက်ကောက်ကို ချက်ချင်းချွတ်ပစ်လိုက်သည်။
သူ့ စိတ်ထဲမှလည်း ကျေးဇူးတင်စကားလည်း တဖွဖွပြောနေမိသည်။
အရှင်မက သူ့ကို ကူညီနေတာပဲ!
ကြင်ယာတော် စုကျဲယွီ၏လက်ကောက်ကို ရရှိသောအခါ ကျန်းကျီမြောင် အပေါ်ယံအကဲခတ်လိုက်ပြီး ပြောလိုက်သည်။ “ဒီလက်ကောက်ကို ပန်ကုန်း သဘောကျတယ်၊ လက်ဆောင်အဖြစ် ဆက်သနိုင်မလား”
ဂုဏ်အဆင့်အတန်း မြင့်မားသူတစ်ယောက်အနေဖြင့် ယခုလိုစကားမျိုး ပြောရသည်မှာ ရှက်စရာကောင်းလှသည်။ သူ့အား ကြင်ယာတော်စုကျဲယွီ စိတ်ထဲမှကျိန်ဆဲနေလောက်သည်။
သို့သော်လည်း ကျန်းကျီမြောင် ဂရုမစိုက်ချေ။
[ဆဲချင်လည်း ဆဲပါစေလေ၊ အရှင်မင်းကြီးက အသုံးမကျတော့ နန်းတော်ထဲကကိုယ်လုပ်တော်တွေ အားလုံး သနားစရာကောင်းကြ တယ်၊ သေရေးရှင်ရေးကိစ္စလည်း ဖြစ်နေတော့ ငါ ကူညီပေးလိုက်ပါ့မယ်]
ကြင်ယာတော်စုကျဲယွီ ခေါင်းငုံ့သွားပြီး မျက်ဝန်းများနီရဲသွားခဲ့သည်။
မိဖုရားကြီး…
ကျွန်တော်မျိုးမ အသက်ကိုကယ်တင်ပေးဖို့ နာမည်ပျက်မှာကိုတောင် အရေးမစိုက်ဘူးပေါ့…
ကံကောင်းစွာနှင့် ကျန်းကျီမြောင်၏စေတနာကို ကိုယ်လုပ်တော်တွေ အားလုံးကြားနိုင်ကြသည်ပင်။
“ကျွန်တော်မျိုးမ ကြည်ကြည်ဖြူဖြူနဲ့ ဆက်သပါတယ်”
ကြင်ယာတော်စုကျဲယွီ တုန်ယင်နေသောအသံဖြင့် ပြောလိုက်သည်။
ကျန်းကျီမြောင်ကတော့ စုကျဲယွီဒေါသကြောင့် အသံတွေတုန်နေတာဖြစ်မည်ဟုထင်သွားသည်။ သို့သော် သူမ ဂရုမစိုက်ချေ။
လိပ်ပြာလုံရင် ပြီးတာပဲ မဟုတ်လား ?
ကြင်ယာတော်စုကျဲယွီ လက်ကောက်အားဆက်သပြီးနောက် မျက်ရည်များဝဲလျက် ပြန်ထိုင်နေလိုက်သည်။
ကိုယ်လုပ်တော်များအားလုံး ကျန်းကျီမြောင်ထံကြည်ညိုလေးစားစွာ မော့ကြည့်လိုက်ကြသည်။
အသုံးမကျတဲ့ ဧကရာဇ်တစ်ပါးကို ရထားတာ သူတို့အတွက် ကံဆိုးမှုဖြစ်သလို…
ဒီလိုဧကရီမိဖုရားကြီးကို ပိုင်ဆိုင်ထားရတာလည်း သူတို့အတွက် ကံကောင်းမှုပဲ
[ဘာအတင်းအဖျင်းတွေ ရှိသေးလဲ ကြည့်ရအောင်]
ကျန်းကျီမြောင် အတင်းအဖျင်းများကို ဆက်ဖတ်ရှုလိုက်သည်။
[ဟွားပေါင်လင်က ဗျပ်စောင်း တေးသံစဉ်တွေကို အရူးအမူးစွဲလမ်းနေတာတဲ့၊ သူအသည်းအသန်ရှာနေတဲ့ ရှေးဟောင်းတေးဂီတသံစဉ် စာရွက်ကို ချန်ဟွားစာအုပ်ဆိုင်မှာ ခြေထောက်ခုတဲ့ စက္ကူအဖြစ်သုံးထားတယ်တဲ့]
ဘာ…
ဒါကိုကြားပြီး ဟွားပေါင်လင် မျက်နှာမှာ တောင့်တင်းသွားရသည်။
သူ အချိန်အကြာကြီးရှာဖွေခဲ့ရတဲ့ ရတနာကို ခြေခုစက္ကူအဖြစ် သုံးထားသတဲ့လား!
လက်မခံနိုင်စရာပဲ!
ရတနာကို အမြန်ဆုံးသွားကယ်ထုတ်ရမယ်!
[ကဲ ကဲ… ဒီနေ့အတွက် နောက်ဆုံးအတင်းအဖျင်းကတော့…]
ကျန်းကျီမြောင် စာမျက်နှာတစ်ခုထပ်လှန်လိုက်သည်။
ထိုစဉ်…
သူမ မျက်လုံးများ ကျွတ်ကျမတတ် ပြူးကျယ်သွားခဲ့သည်။
ဘာ…
ဘာ!!!!!
ဒါ ဘယ်လို လှည့်ကွက်ကြီးလဲ!!!
[အား!!!]
ကျန်းကျီမြောင် စိတ်ထဲမှာ စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
[ကြင်ယာတော်လင်း အမြဲတမ်းဝတ်ထားတဲ့ ကျောက်စိမ်းလည်ဆွဲကို အရှင်မင်းကြီးရဲ့ညီ မင်းသားအန်းဟယ်ယွဲ့ဟွာက ပေးထား တာတဲ့! ကြင်ယာတော်လင်းကို အောက်ခြေလူတန်းစားဘဝကနေ မင်းသားအန်းဟယ်က မြေတောင်မြှောက်ပေးခဲ့ပြီး သူတို့နှစ် ယောက် ချစ်ကျွမ်းဝင်သွားခဲ့ကြတယ်၊ ဒါပေမယ့် အကြောင်းအရင်းတစ်ခုခုကြောင့် ကြင်ယာတော်လင်းကို အဲ့ဒီအချိန်တုန်းက အိမ်ရှေ့စံအဆင့်ပဲရှိသေးတဲ့ သူ့အစ်ကိုဆီ ယွဲလင်းကိုပို့ပေးခဲ့တယ်၊ အဲ့ဒီနောက်ပိုင်းလည်း ကြင်ယာတော်လင်းနဲ့ မင်းသားအန်းဟယ်တို့ ကမကြာခဏချိန်းတွေ့ခဲ့ကြတယ်တဲ့၊ လင်းချင်ချင် ယွဲလင်းရဲ့ ကြင်ယာတော်တစ်ယောက်ဖြစ်လာပြီးတာတောင် သူတို့နှစ်ယောက်က ခိုးတွေ့တာကို မရပ်တန့်ခဲ့ကြဘူးတဲ့…]
မနေ့ညကြည့်ခဲ့သည့်ဇာတ်လမ်းထဲ ဖုတ်ကောင်တစ်ကောင်ကြောင့် ဦးထုပ်စိမ်းဆောင်းခံလိုက်ရသည့် ဧကရာဇ်မင်းကြီးအား ကျန်းကျီမြောင် ပြန်မြင်ယောင်မိလာသည်။
ဒါ သတင်းထူးပဲ!
ယွဲလင်းတော့ ဦးထုပ်စိမ်းဆောင်းလိုက်ရပြီထင်ပါတယ်၊ သူ့ကို ဦးထုပ်စိမ်းဆောင်းပေးတဲ့သူကလည်း တခြားသူမဟုတ်ဘဲ သူ့ညီ ဖြစ်နေပြန်တယ်။
စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာ!
ရင်သပ်ရှုမောစရာပါလား!
[အဲ့ဒီ မင်းသားအန်းဟယ်ကလည်း ရက်စက်လိုက်တာနော်! ကိုယ့် ချစ်သူကိုတောင် အစ်ကိုဖြစ်သူဆီ ဆက်သရတယ်လို့၊ ပြီးတော့ အစ်ကိုလုပ်တဲ့လူကို ဦးထုပ်စိမ်းပါဆောင်းပေးခဲ့သေးတယ်! အဲ့ဒီအကြောင်းတွေ ယွဲလင်း သိကော သိရဲ့လား]
ကျန်းကျီမြောင် စိတ်ထဲမှ ကသုတ်ကရက်တွေးလိုက်မိသည်။
ကိုယ်လုပ်တော်အားလုံးလည်း ကြက်သေသေသွားကြသည်။
ပြည်သူတွေအကြား မင်းသားအန်းဟယ်သည် နာမည်ကောင်းရှိသူဖြစ်သည်။ ၎င်းသည် အလွန်ပါရမီရှိပြီး ပညာရည်ထူးချွန်ကာ မြင့်မြတ်၊ သိမ်မွေ့ပြီး သည်းခံစိတ်ရှိသူတစ်ယောက်ဖြစ်သည်။ ယခင်ဧကရာဇ်မင်းကြီးသာ မျက်နှာမလိုက်ဘဲ ဆုံးဖြတ်ချက်ချခဲ့ပါက ရာဇပလ္လင်အား မင်းသားအန်းဟယ် ပိုင်ဆိုင်သင့်သည်ပင်။
ယခုမူ…
မိမိချစ်သူအား အစ်ကိုဖြစ်သူထံ ဆက်သလိုက်ခြင်းမှာ အကြံအစည်တစ်ခုခုတော့ရှိလိမ့်မည်။ အားလုံးထင်မှတ်ထားသလိုမျိုး မင်းသားအန်းဟယ်သည် လူကောင်းတစ်ယောက် မဖြစ်နိုင်တော့ပေ။
[ဒီနေ့ နေ့လယ်ခင်း မွန်းလွဲချိန်မှာ မင်းသားအန်းဟယ် နန်းတော်ကိုရောက်လာလိမ့်မယ်၊ ပြီးရင် ဥယျာဉ်တော်ထဲမှာ ကြင်ယာတော် လင်းနဲ့ ခိုးတွေ့လိမ့်မယ်တဲ့!]
အတင်းအဖျင်းတစ်ခုလုံးကို ကျန်းကျီမြောင် ဖတ်ရှုလိုက်သည်။
သူ့ စိတ်ထဲ အတွေးတစ်ခုသာရှိတော့သည်။
[ဟင်း~ဟင်း~ မွန်းလွဲချိန်ပေါ့လေ… ဒီဒရမ်မာကို ကျိန်းသေပေါက် သွားကြည့်ရမှာပေါ့!]