← Chapters

အခန်း (၇)

Vol. 1 Ch. 7

အခန်း (၇)

Vol. 1 Ch. 7

အတင်းအဖျင်းများကို ဖတ်ရှုပြီးနောက် ကျန်းကျီမြောင်တစ်ယောက် ကိုယ်လုပ်တော်များနှင့်အတူ အချိန်ဆက်ဖြုန်းချင်စိတ် မရှိတော့ပေ။

“ဒီနေ့တော့ ဒီလောက်နဲ့ပဲ ရပ်လိုက်ကြရအောင်! အားလုံး သွားလို့ရပြီ”ကျန်းကျီမြောင် ပြောလိုက်သည်။

ကိုယ်လုပ်တော်တွေ မပြန်ချင်ကြသေးသော်လည်း ကျန်းကျီမြောင်၏အမိန့်ဖြစ်သဖြင့် နာခံဖို့သာရှိတော့သည်။

[ရှယ်ပဲဟေ့! ဇာတ်လမ်းတွဲ ဆက်ကြည့်မယ်၊ ပြီးရင် နေ့လယ်စာစားမယ်၊ ပြီးရင် ခဏအိပ်မယ်၊ ပြီးတာနဲ့ ဥယျာဉ်တော်ထဲက ဒရမ်မာကိုလည်း သွားချောင်းကြည့်ရဦးမယ်!]

ပျော်စရာကောင်းတဲ့ နေ့လေးပဲ!

ဖုန့်ယီနန်းဆောင် အပြင်ဘက်တွင် ကိုယ်လုပ်တော်များ အချင်းချင်း တီးတိုးပြောနေကြသည်။

“အရှင်မက တကယ့် အံ့ဖွယ်လူသားပဲ”ကြင်ယာတော်ချန်ရှုယိ ရေရွတ်လိုက်သည်။

“ဒီလိုအရာမျိုး တစ်ခါမှ မကြားဖူး မကြုံဖူးဘူး”

အားလုံးလည်း ထောက်ခံကာ ခေါင်းညိတ်ကြသည်။

ခန်းဆောင်နီအိပ်မက်လို စိတ်ဝင်စားစရာကောင်းသည့် ဇာတ်လမ်းမျိုးကို လူတိုင်းရဲ့ အာရုံထဲမှာ ကွင်းကွင်းကွက်ကွက်မြင်လာအောင် ဖန်တီးနိုင်စွမ်းရှိသည်။

“အဲ့ဒီ…”

ကြင်ယာတော်အန်းကျောက်ရီမှ ခန်းဆောင်နီအိပ်မက်ဟု ပြောချင်သော်လည်း ထိုစကားလုံးကို နှုတ်မှ လုံးဝထုတ်မပြောနိုင်ပေ။ ထို့ကြောင့် သွယ်ဝိုက်၍သာ မေးလိုက်ရသည်။

“… နောက်အခန်းတွေကျရင် ဘာဆက်ဖြစ်မယ် ထင်လဲ”

နောက်အခန်းတွေတဲ့…

ကိုယ်လုပ်တော်တွေအားလုံး သိချင်စိတ်ပြင်းပြသွားကြသည်။

အပိုင်း နှစ်ပိုင်းသာကြည့်ရသေးသဖြင့် ဇာတ်လမ်းက စရုံသာရှိပါသေးသည်။ အရှင်မသည် ဇာတ်လမ်းတွဲအား တစ်ယောက်တည်း ဆက်ကြည့်နေလောက်သည်။ သို့သော် သူမတို့ကတော့ ဖုန့်ယီနန်းဆောင်မှထွက်ခွာလာပြီဖြစ်သဖြင့် ကြည့်နိုင်တော့မှာမဟုတ်ပေ။

အခုမှ ကောင်းခန်းရောက်တာကို!

သူမတို့ စကားပြောနေကြစဉ် ကြင်ယာတော်သဲ့၏ ခြေလှမ်းများ ရုတ်တရက်မြန်ဆန်သွားသည်။

ကြင်ယာတော်သဲ့မှာ စစ်သူကြီးတစ်ဦး၏သမီးဖြစ်ပြီး အဆင့်အတန်းအလွန်မြင့်မားသည်။ အရှင်မကျန်းကျီမြောင်ပြီးလျှင် ကြင်ယာတော်တွေထဲ သူမက ရာထူးအမြင့်မားဆုံးဟုဆိုနိုင်သည်။

“ကြင်ယာတော်သဲ့ တစ်ခုခုစဉ်းစားမိလို့လား”ကိုယ်လုပ်တော်တစ်ယောက်က မေးလိုက်သည်။

ကြင်ယာတော်သဲ့က တည်တည်ငြိမ်ငြိမ်သာ ပြန်ဖြေလိုက်သည်။

“အရှင်မက ဝန်ကြီးချုပ်ရဲ့ သမီးလေ၊ သူက လက်ရေးလှရေးနည်းမှာ အရမ်းထူးချွန်တာတဲ့၊ အရှင်မ ဆီမှာ ငါ လက်ရေးလှ ရေးနည်း သွားသင်မလို့၊ ဒါပေမယ့် လက်ဗလာချည်းသွားဖို့က မသင့်တော်လို့ လက်ဆောင်တစ်ခုခုသွားစီစဉ်မလို့လေ”

ပြောပြောဆိုဆိုနှင့် ကြင်ယာတော်သဲ့ ခြေလှမ်းများပိုမြန်ဆန်သွားခဲ့သည်။

တခြား ကိုယ်လုပ်တော်များလည်း အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

ကြင်ယာတော်သဲ့သည် ငယ်ငယ်လေးကတည်းက စာဖတ်ရခြင်း စာရေးရခြင်းအား အမုန်းဆုံးဖြစ်ပြီး လက်နက်များကိုင်ရခြင်းကိုသာ သဘောကျမှန်း နန်းတော်ထဲ မသိသူ မရှိသလောက်ပင်။

လက်ရေးအလှရေးနည်း သွားသင်ခိုင်းမလို့တဲ့လား…

လုံးဝ မဖြစ်နိုင်တာကြီး!

အရှင်မ နားကပ်ဖို့ အကြောင်းပြချက်ရှာနေတာပဲဖြစ်မှာ! အရှင်မသာ သူ့ကို ဖုန့်ယီနန်းဆောင်ထဲမှာ နေခွင့်ပြုလိုက်ရင် ဇာတ်လမ်းတွဲကို အတူတူဆက်ကြည့်နိုင်မှာ မဟုတ်ဘူးလား ?

ဉာဏ်နီ ဉာဏ်နက် များလိုက်ပုံများ!

အခုလောက်ဆို အရှင်မက အပိုင်း(၃) စကြည့်နေလောက်ပြီဖြစ်ရာ အချိန်က အဖိုးတန်လေသည်။ သူမတို့လည်း အမြန်ဆုံး လှုပ်ရှားရမည်။

အားလုံ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး စကားအရာဖြင့် ထုတ်မပြောသော်လည်း တစ်ယောက်အကြံ တစ်ယောက်နားလည်သွားကြကာ ခပ်သွက်သွက်လမ်းခွဲလိုက်ကြသည်။

--- --- ---

ကျန်းကျီမြောင်တစ်ယောက် သီချင်းလေးတငြီးငြီးနှင့် အတွင်းဘက် ဧည့်ခန်းဆောင်ထဲပြန်ဝင်လာခဲ့သည်။

လေကောင်းလေသန့်ရသည့် နေရာတစ်ခုမှာ သူမအတွက်လှဲလျောင်းအနားယူနိုင်သည့် အိပ်ခုံလေးတစ်လုံးချပေးဖို့ ယွင်ရှန်းကို ညွှန်ကြားလိုက်သည်။ ထို့နောက် ဘေးမှာ ရေခဲစိမ်ထားသည့် ဖရဲသီးတစ်ပန်းကန်ကိုလည်း တည်ခင်းခိုင်းခဲ့သည်။

ထို့နောက် အိပ်ခုံပေါ်မှာ ဇိမ်ကျကျလှဲလျောင်းလျက် ဖရဲသီးချိုချိုလေး စားရင်း ဇာတ်လမ်းတွဲကို ဆက်ကြည့်နေလိုက်သည်။ အလွန် ဇိမ်ကျum သက်တောင့်သက်သာရှိလှသည်။

အပိုင်း(၃) ကြည့်ရင်း တစ်ဝက်လောက်အရောက်တွင် အခြွေအရံတစ်ယောက် အစီရင်လာခံလေသည်။

“အရှင်မ … ကြင်ယာတော်သဲ့ ကြွလာပါတယ်”

ကျန်းကျီမြောင် ဖရဲသီးစားနေရင်း ရပ်တန့်သွားသည်။

ကြင်ယာတော်သဲ့ ဟုတ်လား…

သူ ဘာလာလုပ်တာလဲ ?

အနားယူရမယ့် အချိန်မှာ အလုပ်လုပ်ချင်နေသေးတာလား ?

ငါ့ကို ပါ အလုပ်လုပ်ခိုင်းမလို့လား ?

ကျန်းကျီမြောင် ဖရဲသီးကိုဆောင့်ကြီးအောင့်ကြီး ကိုက်စားကာ ပြောလိုက်သည်။

“ဝင်ခိုင်းလိုက်”

မကြာမီ…

အခြွေအရံနှစ်ယောက်နဲ့အတူ ကြင်ယာတော်သဲ့ နန်းဆောင်အတွင်းသို့ဝင်ရောက်လာခဲ့သည်။ လက်ထဲမှာလည်း စန္ဒကူးသေတ္တာလေး နှစ်လုံးအား သယ်လာခဲ့ကြသေးသည်။

ကြင်ယာတော်သဲ့ တစ်ခုခုပြောဖို့ပြင်လိုက်သည်။

ထိုစဉ် ရုတ်တရက်…

အခြွေအရံတစ်ယောက်ထပ်ဝင်လာပြီး အစီရင်ထပ်ခံလိုက်သည်။

“အရှင်မ၊ ကြင်ယာတော် ချန်ရှုယိ၊ ကြင်ယာတော် အန်းကျောက်ရီ၊ ကြင်ယာတော် စုကျဲယွီ၊ ကြင်ယာတော် ရှားကျဲယွီ…”

နာမည်ပေါင်းများစွာကို ရွတ်ဖတ်ပြလိုက်သည်။

“… တို့ အားလုံး ကြွရောက်လာပါတယ်”

ကြင်ယာတော်သဲ့ မျက်နှာအနည်းငယ်ပျက်သွား၏။

တော်တော် ခြေသွက်ကြပါလား!

ကျန်းကျီမြောင်လည်း စိတ်ထဲမှရေတွက်ကြည့်လိုက်သည်။

ကြင်ယာတော်လင်းကလွဲပြီး ကိုယ်လုပ်တော်တွေ အားလုံးပြန်ရောက်လာကြတာပဲ!

ဘယ်လိုဖြစ်ရတာလဲ!

ကျန်းကျီမြောင် ဇာတ်လမ်းတွဲကို ခေတ္တရပ်တန့်လိုက်ပြီး သက်ပြင်းချလိုက်သည်။

“အကုန် ဝင်ခိုင်းလိုက်!”

ကိုယ်လုပ်တော်တွေအားလုံးနဲ့ သူမတို့ ခေါ်လာကြသည့် အခြွေအရံများကြောင့် နန်းဆောင်တစ်ခုလုံးပြည့်ကြပ်သွားလေသည်။

ကျန်းကျီမြောင် ရုတ်တရက် ခေါင်းများပင်ကိုက်ခဲသွားရလေသည်။

“ဘာကိစ္စရှိကြလို့လဲ ညီမလေးတို့…”

“အရှင်မ!”

ကြင်ယာတော်သဲ့က အရင်ဆုံးလုပြောလိုက်ပါသည်။

“အရှင်မရဲ့ လက်ရေးအလှက ပြိုင်ဘက်ကင်းပြီး အလွန်တရာမှထူးချွန်ပြောင်မြောက်လှပါတယ်လို့ ဒီကြင်ယာတော် ကြားသိခဲ့ရ ပါတယ်၊ အဲ့တာကြောင့် အရှင်မ ဆီမှာ တပည့်အဖြစ်ခံယူဖို့အတွက် ကျွန်တော်မျိုးမ လက်ဆောင်တွေ အများကြီးဆက်သဖို့ပြင်ဆင် လာခဲ့ပါတယ်၊ နိမ့်ကျတဲ့ ဒီကြင်ယာတော်ကို အရှင်မက ထူးချွန်တဲ့ပညာတွေ သင်ကြားပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်”

ကြင်ယာတော်သဲ့ အနောက်မှလိုက်ပါလာသည့် အခြွေအရံနှစ်ယောက်မှ သေတ္တာများကိုဖွင့်ပြလိုက်သည်။ သေတ္တာတစ်လုံးထဲမှာ ပုလဲများရှိနေပြီး နောက်တစ်လုံးထဲမှာတော့ ကျောက်စိမ်းလည်ဆွဲများရှိနေခဲ့သည်။ နှစ်ခုစလုံး တန်ဖိုးအလွန်ကြီးမည့်ပုံပင်။

ကျန်းကျီမြောင် ကြက်သေသေသွားရသည်။

[ဒါဘာတွေလဲ ? ငါ့ကို ပေါ်တင်ကြီး လာဘ်လာထိုးနေတာလား! လက်ရေးအလှပညာဆိုတာ ဘာမှန်းတောင် ငါ မသိဘူးလေ!]

တစ်တိုင်းပြည်လုံးမှာ လက်ရေးအလှပညာရပ်ကြောင့် ကျော်ကြားလှသည့် ဝန်ကြီးချုပ်၏သမီးဖြစ်သူ ကျန်းကျီမြောင်က လက်ရေးအလှဆိုတာ ဘာမှန်း မသိဘူးတဲ့လား…

ကိုယ်လုပ်တော်များ မအံ့ဩခဲ့ကြပါ။

၎င်းတို့ ကောက်ချက်ချထားပြီးဖြစ်သည်။ ယခုလက်ရှိ အရှင်မမှာ ယခင်ကျန်းကျီမြောင်မဟုတ်တော့ဘဲ နတ်သမီးတစ်ပါး ဝင်စားနေ ခြင်းသာ ဖြစ်ပါလိမ့်မည်။

“အရှင်မရှင်၊ ကြင်ယာတော်သဲ့လို မဟုတ်ဘဲ ကျွန်တော်မျိုးမမှာတော့ ဘာလျှို့ဝှက်တဲ့ဘာအကြံအစည်မှမရှိရပါဘူး၊ အရှင်မကို လေးစားကြည်ညိုလွန်းတဲ့အတွက် လက်ဆောင်လာဆက်သရခြင်းသာဖြစ်ပါတယ်”ကြင်ယာတော်ချန်ရှုယိ ပြုံးကာ ပြောလိုက်ပြီး လက်ဆောင်တွေ ရှေ့ယူလာဖို့အချက်ပြလိုက်ပါသည်။

ကြင်ယာတော်သဲ့ကလည်း ကြင်ယာတော်ချန်ရှုယီအား ချက်ချင်းမျက်စောင်းထိုးလိုက်သည်။ သူ့အဖေက စစ်သူကြီး တစ်ဦးဖြစ် သော်လည်း အနည်းငယ်မောက်မာရိုင်းစိုင်းသဖြင့် ဘာသာရေးဝန်ကြီးချန်၏တိုင်ကြားမှုကို မကြာခဏခံခဲ့ရသည်။ ထို့ကြောင့် သူတို့ မိသားစု ၂ စုမှာ ပဋိပက္ခဖြစ်နေခဲ့ကြသည်မှာကြာပြီဖြစ်သည်။

ဟင်း!

အရှင်မထံမှ ကြားထားသည့် အတင်းအဖျင်းများကို အပြင်မှာလျှောက်ပြောလို့ မရခြင်းကြောင့်သာ မဟုတ်လျှင် ယောက်ျားအချင်း ချင်း သဘောကျတတ်ပြီး သူများသားမယားကိုလည်းပစ်မှားခဲ့သည့် ဝန်ကြီးချန်၏လျှို့ဝှက်ချက်များအကြောင်း လူသိရှင်ကြား ဖြစ်အောင် သူ့ဖခင်အား လုပ်ခိုင်းပစ်မည်ပင်။

ကျန်းကျီမြောင် ပူထူသွားခဲ့ရသည်…

[တကယ်ပါပဲ… ဘာတွေ လုပ်နေကြတာလဲ]

“အရှင်မရှင်၊ သူတို့လက်ဆောင်တွေက သေးသိမ်လွန်းပါတယ်၊ တန်ဖိုးအားဖြင့် မနည်းပေမယ့် စေတနာနည်းပါးနေတယ်၊ ကျွန်တော်မျိုးမကတော့ ခြားနားတယ်၊ ကျွန်တော်မျိုးမဘေးက အခြွေအရံက မုန့်ဖုတ်တဲ့နေရာမှာအရမ်းထူးချွန်တာ၊ ဒီနေ့ အရှင်မအတွက် သူ နာနတ်သီးကိတ်မုန့်လေးတွေလုပ်ပေးထားတယ်၊ မုန့်ဖိုထဲက ထွက်လာတာမကြာသေးတာမို့ ပူပူနွေးနွေးလေးနဲ့ သုံးဆောင်လို့အရမ်းကောင်းမှာပါ၊ အဲ့တာကြောင့် အရှင်မထံ ဒီကြင်ယာတော် ချက်ချင်းယူဆောင်ပေးလာတာပါ”ကြင်ယာတော် အန်းကျောက်ရီလည်း အားကျမခံဝင်ပြောလိုက်သည်။

“အရှင်မ၊ ကျွန်မလည်း လက်ဆောင်တွေပြင်ဆင်လာပါတယ်၊ ကျွန်မက ချည်ထိုးပန်းထိုးပညာမှာ ကျွမ်းကျင်ပါတယ်၊ ကျွန်တော်မျိုးမ နန်းတော်ကို စရောက်လာတဲ့နေ့ကတည်းက အရှင်မအတွက် အိတ်လေးတစ်လုံး ဖန်တီးပေးချင်ခဲ့တာ၊ ဒီနေ့တော့ ကျွန်တော်မျိုးမ ပေးချင်တဲ့ လက်ဆောင်ကိုပြီးမြောက်အောင်မြင်ခဲ့ပါပြီ”

“အရှင်မ“

“အရှင်မ--”

နန်းဆောင်တစ်ခုလုံး ဆူညံပွက်လောရိုက်ကာ ဗရုတ်သုတ်ခ ဖြစ်သွားတော့လေသည်။

ကျန်းကျီမြောင်၏အာရုံထဲ ‘အရှင်မဟူသည့် အော်သံများနှင့်ပြည့်နှက်နေတော့သည်။

“တိတ်ကြစမ်း!”

ကျန်းကျီမြောင် စိတ်မထိန်းနိုင်တော့ဘဲ ဟိန်းဟောက်လိုက်သည်။

ချက်ချင်းဆိုသလို အားလုံးငြိမ်ကျသွားပြီး ကျန်းကျီမြောင်ကို ကြောက်ရွံ့စွာကြည့်လာကြသည်။

ကျန်းကျီမြောင် အသက်ဝဝရှူလျက် ပြောလိုက်သည်။

“လက်ဆောင်တွေ ဘာတွေ မလိုအပ်ဘူး၊ ငါက ကိုယ်လုပ်တော်တွေ အားလုံးကို စီမံအုပ်ချုပ်နေရတာ၊ အားလုံးကို မျှမျှတတပဲ ဆုံးဖြတ်မယ်၊ ဘက်လိုက်မှုဆိုတာ မရှိစေရဘူး”

“အရှင်မရှင်! ဒီကြင်ယာတော်က အရှင်မကို စိတ်ရင်းအမှန်နဲ့ လေးစားကြည်ညိုစိတ်ပဲရှိတာပါ တခြား ဘာမှပြန်မတောင်းဆိုပါဘူး!”

တောက်ပနေသော မျက်လုံးများဖြင့် အရူးအမူး စွဲလမ်းနေသည့် ပရိတ်သတ်တစ်ယောက်လို ကြင်ယာတော် ချန်ရှုယိ အားကြိုးမာန်တက် ပြောလိုက်လေသည်။

ကြင်ယာတော်သဲ့ သည်းမခံနိုင်တော့ချေ။

ဒီကြင်ယာတော် ချန်ရှုယိကတော့ မျက်နှာနှစ်ဖက်နဲ့ ဝန်ကြီးချန်ရဲ့ သမီးပီသပါပေတယ်!

နှုတ်ခမ်းတွေစူပြီး ချစ်စရာကောင်းအောင်လုပ်ပြနေတာများ ရွံဖို့ကောင်းလိုက်တာ!

ကြင်ယာတော်သဲ့ ခေတ္တတွန့်ဆုတ်သွားပြီး ရုတ်တရက် အံကြိတ်လျက် ခြေထောက်ကိုဆောင့်လိုက်ပါတော့သည်။ သို့သော် အားနည်းနည်း ပါသွားသဖြင့် ကြမ်းပြင်ပေါ်မှာ ဖုန်များပင်ထသွားရသည်။

“အရှင်မ! ဒီကြင်ယာတော်ဆိုရင် အရှင်မ အနားက တစ်စက္ကန့်တောင်မခွဲခွာနိုင်တော့ပါဘူး!”

ကြင်ယာတော်သဲ့ခမျာ အသံကို အိညက်အိညက်ဖြစ်အောင် အတတ်နိုင်ဆုံး တမင်လုပ်ယူပြီးပြောလိုက်ရာ ကျန်းကျီမြောင် ကြက်သီးမွေးညှင်းများပင် ထသွားရသည်။

ဘာ… ဘာတုန်းဟ!!

“အရှင်မရှင်! ဒီကိုယ်လုပ်တော်လည်း အရှင်မအနားကနေ တဖဝါးမှ မခွာနိုင်တော့ပါဘူး~”

“ဒီကိုယ်လုပ်တော်က အရှင်မကို တစ်နေ့လုံး တစ်ညလုံး အဖော်ပြုပေးချင်တာပါ~”

“အရှင်မ~ ဒီကိုယ်လုပ်တော်အတွက် အရှင်မက နွေရာသီရဲ့ နေမင်းကြီးပမာ တောက်ပနွေးထွေးလွန်းလှပါတယ်!”

ကိုယ်လုပ်တော်များ၏အသံမှာ တစ်ဦးထက်တစ်ဦးပိုပြီး ချွဲပျစ်လာကြသည်။

ထို ချွဲချွဲပျစ်ပျစ် စူးစူးဝါးဝါးအသံတွေကြား ကျန်းကျီမြောင် တစ်ကိုယ်လုံးကြက်သီးမွေးညှင်းများထနေရ၏။

သူမ အသက်ဝဝရှူလျက် မေးလိုက်သည်။

“အဲ့တော့ နောက်ဆုံးပြောချင်တာက အားလုံး ဒီမှာနေချင်ကြတယ်ပေါ့”

“အမိန့်အတိုင်းပါ!”

အားလုံး တညီတညာတည်းဖြေလိုက်ကြပြီး အသံများမှာလည်း ချွဲပျစ်နေကြဆဲဖြစ်သည်။

ကျန်းကျစ်မြောင် နဖူးပွတ်လျက် ပြန်ပြောလိုက်ပါသည်။

“နေချင်သပဆိုလည်း နေကြတော့… ဒါပေမယ့် အဲ့လက်ဆောင်တွေ အခုချက်ချင်းပြန်ယူသွားကြ! ပြီးတော့ အကုန်လုံးစကားကို ကောင်းကောင်းပြောကြစမ်း! ချွဲပျစ်နေတဲ့ အသံတွေနဲ့ မပြောကြနဲ့!”

“အမိန့်အတိုင်းပါ!”

ဒီတစ်ခေါက် အသံတွေက ပိုကျယ်လောင်လာသည်။

ကိုယ်လုပ်တော်တွေ အားလုံး မျက်ရည်ဝဲလျက်…

အောင်မြင်သွားပြီ !!

နောက်ဆုံးတော့ အရှင်မဘေးမှာနေခွင့်ရပြီး ဇာတ်လမ်းတွဲကိုဆက်ကြည့်ခွင့်ရခဲ့ပြီပေါ့!

All Chapters