← Chapters

အခန်း (၈)

Vol. 1 Ch. 8

အခန်း (၈)

Vol. 1 Ch. 8

ချူးရွှယ်နန်းဆောင်တွင်…

အခြွေအရံဟွေ့ရှင်း စိုးရိမ်ကြောင့်ကြစွာ အစီရင်ခံလိုက်သည်။

“သတင်းရလာပါပြီ သခင်မ၊ မနေ့ညက အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့ မင်္ဂလာအထမြောက်ခဲ့ကြပါတယ်တဲ့”

ဖြူဖပ်ဖြူရော်ဖြစ်နေသည့် လင်းချင်ချင် မျက်နှာတင်းမာသွားခဲ့သည်။

သို့သော် စိတ်ကို ချက်ချင်းပြန်ထိန်းပြီး ချောင်းနှစ်ချက်ခန့်ဆိုးကာ နူးနူးညံ့ညံ့ပြောလိုက်သည်။

“အရှင်မင်းကြီးနဲ့ အရှင်မတို့ မင်္ဂလာအထမြောက်တာ ဘာမှမဆန်းကြယ်ပါဘူး”

“ဒါပေမယ့် အထမြောက်သွားလည်း ဘာမှဂရုစိုက်စရာ မလိုဘူး၊ အရှင်မင်းကြီးရဲ့ နှလုံးသားက သခင်မဆီမှာပဲရှိနေတာ၊ အဲ့အနောက်ဆောင်က ကိုယ်လုပ်တော်တွေအားလုံး ဘာမှ မက်မောစရာမရှိဘူး၊ အရင်တုန်းကဆို သူတို့တွေလည်း မိဖုရားကြီးကို ဝန်ကျေတန်းကျေလောက်ပဲ ဂါဝရ ပြုခဲ့ကြတာ၊ ဒါပေမယ့် အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့ မင်္ဂလာအထမြောက်တယ်ဆိုတဲ့ သတင်းကိုကြားပြီး အဲ့ဒီကိုယ်လုပ်တော်တွေက မိဖုရားကြီးဆီလက်ဆောင်ပဏ္ဍာတွေ အများကြီးဆက်သခဲ့ကြတယ်လို့ ကြားမိတယ်၊ အခုထိတောင် အဲ့ဒီကိုယ်လုပ်တော်တွေ ဖုန့်ယီနန်းဆောင်မှာ မိဖုရားကြီးကို မျက်နှာလို မျက်နှာရလုပ်နေကြတုန်းပဲ”

“ဪ…”

လင်းချင်ချင် ခပ်သဲ့သဲ့ ပြုံးလိုက်သည်။

“သူတို့ သိတတ်လိမ္မာကြလို့နေမှာပါ၊ အဲ့ဒီ စကားတွေကို ဒီနန်းဆောင်မှာပဲ ပြောလို့ရမယ်နော် ဟွေ့ရှင်း၊ အပြင်မှာ သွားပြောလို့ မဖြစ်ဘူး၊ သူက ဒီနန်းတော်ရဲ့အရှင်မဆိုတာကို မေ့မသွာနဲ့”

ဟွေ့ရှင်း အမြန်ဦးညွှတ်တောင်းပန်လိုက်ပါသည်။

“ဒီအခြွေအရံ နားလည်ပါတယ် သခင်မ၊ ဒီအခြွေအရံက သခင်မကိုယ်စား ခံရခက်လို့ထုတ်ပြောမိတာပါ”

လင်းချင်ချင် ဘာမှမပြောတော့ဘဲ ပြုံးရုံသာ ပြုံးနေလိုက်သည်။ သူ့ မျက်ဝန်းထဲမှာတော့ တိတ်တခိုးကြံစည်မှုများနှင့် ပြည့်နှက်နေလေသည်။

ယွဲလင်း ဘယ်သူ့ကို ပိုပြီးအရေးပေးသလဲဆိုတာ သူ ဂရုမစိုက်ပေ။ သူ့ နှလုံးသားထဲ အစ်ကိုဟွာသာရှိသည်။

ဒီနှစ်တွေအတွင်း ယွဲ့လင်းအား သူမ အလုပ်အကျွေးပြုခဲ့သော်လည်း ကျန်းမာရေးမကောင်းသည့်ဆင်ခြေကိုအသုံး ပြုပြီး ယွဲလင်းနှင့်ထိတွေ့ဖို့အား အမြဲတမ်းငြင်းဆန်ခဲ့သည်။ ယွဲလင်းကလည်း သူမအား အလွန်ချစ်မြတ်နိုးပုံ ပေါ်သည်။ နေထိုင်မကောင်းကြောင်း သိလိုက်သည်နှင့် သူမကို တွန်းအားဆက်မပေးတော့ချေ။ တခြားနန်းဆောင်များကိုပင် မကြွမြန်းဘဲ သူမနန်းဆောင်မှာသာ စကားအတူပြောရင်း ညတာပေါင်းများစွာကိုကုန်ဆုံးစေခဲ့ပါသည်။

ဒီတစ်ခေါက်လည်း သူမကို ယွဲလင်း သေချာရှင်းပြထား သည်။ သူမ တစ်ယောက်တည်းကိုသာ ချစ်မြတ်နိုးတာမှန်သော်လည်း နန်းတော်၏ဖိအားပေးမှုကြီးမားလွန်းသဖြင့် မိဖုရားကြီးနှင့် တခြားကြင်ယာတော်မျကို စတင်ကြင်နာရတော့မည်ဟု ဆိုသည်။

နန်းတွင်းအရှုပ်တော်ပုံ ဒီ့ထက်ပိုကြီးထွားလာစေဖို့ လင်းချင်ချင် ဆုတောင်းမိသည်။ ဧကရာဇ်ယွဲ့လင်းအား မျက် မုန်းကျိုးသူ များလာလေလေ သူမရဲ့အစ်ကိုဟွာပိုပြီးနေရာရလာလေလေဖြစ်လိမ့်မည်။

သို့သော်လည်း ယွဲ့လင်းအား လင်းချင်ချင် မတားဆီးနိုင်ပေ။ အချိန်မည်မျှဆွဲထားပါစေ တစ်ချိန်ချိန်ကျ တခြားကြင်ယာတော်များကိုပါ ယွဲ့လင်း ကြင်နာမှုပြုရမည်ကို သူ သိထားပြီးဖြစ်သည်။

သို့သော် လင်းချင်ချင် စိတ်မပူပေ။

အချိန်တန်ပါက ယွဲလင်း၏အနောက်ဆောင် ဗရုတ်သုတ်ခဖြစ်သွားအောင်လုပ်ဖို့ သူမ နည်းလမ်းရှာဖွေရမည်။ အနောက်ဆောင် မတည်မငြိမ်ဖြစ်လာသောအခါ ညီလာခံမှလည်း ဒီတိုင်းလက်ပိုက်ကြည့်နေမည် မဟုတ်ပါလား ?

သူမ နန်းတော်အတွင်းဘက်မှာ လှုပ်ရှားပြီး အစ်ကိုဟွာက အပြင်ဘက်မှ လှုပ်ရှားလိမ့်မည်။ ယွဲလင်းကို ရာဇပလ္လင်ပေါ်မှ အနှေးနဲ့အမြန် ဆွဲချနိုင်လိမ့်မည်ဟု ယုံကြည်သည်။

ယခင် ဧကရာဇ်မင်းကြီး၏ ဦးစားပေးဘက်လိုက်မှုကြောင့်သာမဟုတ်ပါက ထီးနန်းအား အစ်ကိုဟွာ ပိုင်ဆိုင်ရမည်ဖြစ်ကြောင်း သူမ သိထားသည်။

ထို့ပြင် ယနေ့ အစ်ကိုဟွာနှင့်တွေ့ရမည်အား အမှတ်ရကာ လင်းချင်ချင် ရှက်သွေးဖြာသွားမိသည်။

အမှန်မှာ ဖုန့်ယီနန်းဆောင်၌ ကိုယ်လုပ်တော်များ စုစည်းပြီး ရုတ်ရုတ်သဲသဲဖြစ်နေရသည့် အကြောင်းအရင်းအား သွားစုံစမ်းရန် အစီအစဉ်ရှိခဲ့သည်။

သို့သော် ယနေ့တော့ အစ်ကိုဟွာနှင့်တွေ့ရဖို့က အဓိကဦးစားပေးဖြစ်ရာ ကျန်သည်များအား ရွှေ့ဆိုင်းထားလို့ရသည်။

--- --- ---

‌

တော်ဝင်ညီလာခံတွင်…

ဧကရာဇ်ယွဲလင်း ဝန်ကြီးချုပ်တချို့နှင့် စည်းဝေးတိုင်ပင်ပြီးသောအခါ လီသဲ့ဟွိုက်၏အစီရင်ခံမှုကို နားဆင်ဖို့ အချိန်ရသွားခဲ့သည်။

“အရှင်မင်းကြီးရဲ့ အမိန့်တော်အတိုင်း ဖုန့်ယီနန်းဆောင်ရဲ့ လှုပ်ရှားမှုတွေကို ကျွန်တော်မျိုး သေချာစောင့်ကြည့်ထားပါတယ်”

လီသဲ့ဟွိုက်က တိုးညှင်းစွာ အစီရင်ခံလိုက်လေသည်။

“ဒီနေ့ အရှင်မကို ဂါဝရပြုပြီးတဲ့နောက် ကြင်ယာတော်လင်းကလွဲပြီး ကျန်တဲ့ကိုယ်လုပ်တော်တွေအားလုံး လက် ဆောင်ပဏ္ဍာတွေသယ်လို့ ဖုန့်ယွီနန်းဆောင်ဆီ နောက် တစ်ဖန် ထပ်ကြွမြန်းသွားခဲ့ကြပါတယ်၊ အချိန်အတော်ကြာနေပြီဖြစ်ပေမယ့် အခုချိန်ထိ ကိုယ်လုပ်တော်တွေတစ်ယောက်မှ နန်းဆောင်ထဲက ပြန်ထွက်မလာကြသေးပါဘူး”

ယွဲလင်း မျက်မှောင်ကြုတ်သွားသည်။

“မိဖုရားကြီးကို… လက်ဆောင်ပဏ္ဍာတွေ ဆက်သတယ် ဟုတ်လား”

“ဟုတ်ပါတယ် အရှင်…”

လီသဲ့ဟွိုက် အတည်ပြုလိုက်သည်။

ယွဲ့လင်း လှောင်ရယ်ရယ်လျက်ပြောလိုက်သည်။

“ကြင်ယာတော်လင်းကလွဲပြီး ခုတလော ငါအရေးပေးထားတဲ့လူဆိုလို့ မိဖုရားကြီးတစ်ပါးတည်းရှိသေးတယ်၊ အဲ့ဒီ ကြင်ယာတော်တွေနဲ့ ကိုယ်လုပ်တော်တွေက မိဖုရားကြီးနားကပ်ပြီး အခွင့်အရေးရအောင် ကြိုးစားနေကြတာထင်တယ်”

လီသဲ့ဟွိုက် ခေါင်းငုံ့သွားပြီး ဘာမှပြန်မပြောရဲတော့ပေ။

“သူတို့ ရည်ရွယ်ချက်က နားလည်ရလွယ်ပါတယ်၊ ဒါပေမယ့် မိဖုရားကြီးက လာဘ်လို့ယူဆရတဲ့ လက်ဆောင်ပဏ္ဍာတွေကို အရှက်အကြောက်မရှိလက်ခံရဲတယ်ပေါ့၊ ဒါနန်းတော်ရဲ့ စည်းမျဉ်းစည်းကမ်းကို မလေးမစားစော်ကားနဲ့ အတူတူပဲ၊ ဖုန့်ယီ နန်းဆောင်ကို ကျန်းကြွမြန်းဖို့ ဝေါယာဉ်အမြန်ပြင်စမ်း!”

လီသဲ့ဟွိုက် အမိန့်ကို အမြန်နာခံလိုက်ပါသည်။

ဖုန့်ယီနန်းဆောင်သို့ ရောက်ရှိသောအခါ…

“ဧကရာဇ်မင်းကြီး ကြွမြန်းလာပါပြီ!” မိန်းမစိုးက ကြေညာလိုက်ရသည်။

ယွဲ့လင်း မျက်နှာကို ခပ်တည်တည် ထားလိုက်သည်။

သူ့ထံမှ ကြင်နာမှုကိုကိုယ်လုပ်တော်တွေအားလုံး လိုချင်နေကြခြင်းဖြစ်သဖြင့် သူ့ထက်ငါ အရင်ပြေးထွက်လာပြီး ကြိုဆိုကြလိမ့်မည်ဟု မျှော်လင့်ထားသည်။

ထိုအတွေးဖြင့် နန်းဆောင်ထဲတည်တည်ငြိမ်ငြိမ် ကြွမြန်းလာခဲ့သည်။

ထို့နောက် မျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားသည့် မိန်းမစိုးတချို့နဲ့ အခြွေအရံတချို့ကိုမြင်လိုက်ရသည်။

သို့သော် သူစိတ်ကူးယဉ်ထားသလိုမျိုး ထွက်ကြိုဆိုမည့် ကိုယ်လုပ်တော်များအား တစ်ယောက်မှမမြင်ခဲ့ရပေ။

ယွဲလင်း မျက်နှာထားတင်းမာသွားခဲ့သည်။ လေသံနက်နက်ဖြင့် သူမေးလိုက်၏။

“မိဖုရားကြီး ဘယ်မှာလဲ”

“အရှင်မင်းကြီး”

အခြွေအရံခေါင်းဆောင် ကျွေ့ယွဲ သုတ်သုတ်ပျာပျာ ရောက်ရှိလာပြီး ယွဲလင်းကို ဂါဝရပြုလိုက်ပါသည်။

“ဒီနေ့မနက်တုန်းက ဖုန့်ယီနန်းဆောင်ကို ကိုယ်လုပ်တော်တွေအားလုံး လာရောက်လည်ပတ်ခဲ့ကြပါတယ်၊ အခု အရှင်မက ကိုယ်လုပ်တော်တွေနဲ့ စကားပြောရင်း အတူရှိနေပါတယ်”

“ဟုတ်လား”

ယွဲလင်း မျက်ခုံးတစ်ဖက်ပင့်သွားသည်။

“ငါ့ကို လမ်းပြစမ်း”

မိဖုရားကြီး တဖြည်းဖြည်းအတင့်ရဲလာပါလား ဒီလောက် အချိန်အကြာကြီး ဘာတွေများ ပြောနေကြတာမို့လို့လဲ ?

လာဘ်ထိုးတာတွေကိုတော့ယူထားပြီး အကူအညီမပေးချင်လို့ ကိုယ်လုပ်တော်တွေကို ငါ့ဆီ မလွှတ်တာမလား ?

တော်တော် ရယ်ချင်စရာကောင်းတဲ့ ဉာဏ်ပဲ!

“အဲ့တာက…”

ကျွေ့ယွဲမျက်နှာ ရုတ်တရက် ဖြူရော်သွားသည်။

ယွဲ့လင်း၏လေသံကလည်း ချက်ချင်းအေးစက်သွားသည်။

“ဘာလဲ နန်းတော်မှာ ငါ့စကားလုံးတွေက အာဏာ‌မရှိတော့ဘူးလား”

ကျွေ့ယွဲ တုန်ယင်သွားပြီး တိုးညှင်းစွာပြောလိုက်သည်။ “ဒီအခြွေအရံ အခုချက်ချင်း လမ်းပြပေးပါ့မယ်”

သူမ ရင်ထဲမှာတော့ ခါးခါးသီးသီးအော်ဟစ်မြည်တမ်းနေမိပါပြီ။

အရှင်မ!

အရှင်မနဲ့ ဒီအခြွေအရံ စိတ်ချင်းဆက်နွယ်နေပါစေလို့ပဲ ဆုတောင်းမိပါတယ်!

အခု ဒီအခြွေအရံ ခံစားနေရတာတွေကို အရှင်မ အာရုံခံနိုင်ပါစေ!

သူ မမြင်အောင် မိဖုရားကြီးအား ခိုးကြောင်ခိုးဝှက် သတိသွားပေးဖို့ပြင်နေသည့် အခြွေအရံများအား ယွဲ့လင်း သတိ ထားမိသည်။

ယွဲ့လင်း လှောင်ပြုံးပြုံးကာ ထိုအခြွေအရံတွေကိုတားဆီးဖို့ သူ့လက်အောက်ငယ်သားများအား အမိန့်ပေးခဲ့သည်။

ကျန်းကျီမြောင် ဘယ်လို မဟုတ်တာတွေ လုပ်နေမလဲ သူ မြင်ချင်နေပါပြီ။

ခန်းဆောင်အနားကို ရောက်သောအခါ ကျွေ့ယွဲ အသံ ကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။

“အရှင်မင်းကြီး ကြွမြန်းလာပါပြီ အရှင်မ!”

ယွဲ့လင်းမှ ကြောက်စရာကောင်းစွာ စိုက်ကြည့်နေသဖြင့် ကျွေ့ယွဲ ခေါင်းငုံ့သွားပြီး ထပ်မအော်ရဲတော့ပေ။

ငါ အော်လိုက်တာ ကျယ်ပါတယ်နော်!

အရှင်မ ကြားလောက်တယ်မလား ?

ပြီးတော့ သတင်းပါးမယ့် အခြွေအရံတွေလည်း ရောက်နေလောက်ပြီ မဟုတ်လား ?

ယွဲ့လင်း သရော်ပြုံးပြုံးကာ ကျွေ့ယွဲဘေးမှ ကွေ့ပတ်သွားပြီး ခန်းဆောင်ဆီ တန်းတန်းမတ်မတ်လျှောက်လာခဲ့သည်။

အထဲပင် မရောက်သေးဘဲ ဆူညံပွက်လောရိုက်နေသည့် အသံများကို ယွဲလင်း ကြားလိုက်ရလေသည်။

“ဖမ်း!”

“ယောင်ကျီး!”

“နိုင်ပြီဟေ့!”

ယွဲလင်း မျက်မှောင်ကြုတ်သထက် ကြုတ်လာသည်။

ဘာတွေလဲ ? ဘာတွေဖြစ်နေကြတာလဲ!

ခန်းဆောင်ထဲကို ယွဲလင်း အမြန်ဝင်လာခဲ့ပါသည်။

ထိုအခါ…

ပုံမှန်ဆို ခက်ထန်နေသည့် ယွဲလင်း မျက်နှာမှာသိသိသာသာအံ့အားသင့် တုန်လှုပ်သွားခဲ့ရသည်။

သူ့ရဲ့နူးညံ့သိမ်မွေ့လှပါသည်ဟူသော ကိုယ်လုပ်တော်များမှာ စားပွဲနှစ်လုံးထက် ခွဲထိုင်ပြီး ထူးထူးဆန်းဆန်းပစ္စည်းများနှင့် ပျော်ပျော်ပါးပါးကစားနေကြသည်။

စားပွဲနှစ်လုံးမှာ လူရှစ်ယောက်ရှိနေပြီး ဘေးထွက်ထိုင်နေရသည့် လူသုံးယောက်လည်းရှိသေးသည်။ ဘေးထွက်ထိုင်နေရသည့်အထဲ ကြင်ယာတော်ရှားကျဲယွီမှ အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်နေလေသည်။ ကျန် နှစ်ယောက်ကတော့ ထောင့်တစ်နေရာမှာ အေးအေးလူလူ လက်ဘက်ရည်သောက်နေခဲ့ကြသည်။

“ကြင်ယာတော်အန်း အဲ့အတုံးကို မသုံးခဲ့သင့်ဘူး‌ ! တွေ့လား အခုတော့ ရှုံးသွားပြီ!”

အန်းကျောက်ရီက ဒေါသတကြီးပြန်ချေပလိုက်လေသည်။

“လူကြီးလူကောင်းဆိုတာ သူများတွေရဲ့ကစားပွဲကိုမနှောင့် ယှက်ရဘူးတဲ့၊ အဲ့လောက်တောင် နားမလည်ဘူးလား ကြင်ယာတော်ရှား”

ကြင်ယာတော်ရှားကျဲယွီက ဘာမှဂရုမစိုက်ပေ။

“ဒါစစ်တုရင်မှ မဟုတ်တာ၊ ဖယ် ဖယ်! ငါ့အလှည့် ရောက်ပြီ”

နှစ်ယောက်ထဲမှာ ကြင်ယာတော်အန်းကျောက်ရီက ရာထူးအဆင့်ပိုမြင့်သည်။ သို့သော် ကြင်ယာတော်ရှားကျဲယွီ ဖယ်ခိုင်းသောအခါ သူမ မဖယ်ချင်သော်လည်း နေရာဖယ်ပေး လိုက်ရသည်။

“အရှင်မင်းကြီး ဒါ… ဒါက…”

လီသဲ့ဟွိုက်လည်း ပြောစရာစကားများပင် ပျောက်ဆုံးသွားခဲ့သည်။

ဒါအနောက်ဆောင်ရဲ့ဣန္ဒြေကြီးမားလှတဲ့ ကိုယ်လုပ်တော်တွေကော ဟုတ်သေးရဲ့လား…

ယွဲလင်း အသက်ဝဝရှူလိုက်ရသည်။ သူ အခုချိန်ထိ မလှုပ် ရှားနိုင်သေးပေ။

ရှေ့မှာမြင်နေရသည့် မြင်ကွင်းက အလွန်ဆန်းကြယ်နေ သည်။

သို့သော် ထိုမြင်ကွင်းထက် ပိုဆန်းကြယ်သောအရာတစ်ခု ရှိနေသေးသည်။

သူ့အာရုံထဲ ထူးထူးဆန်းဆန်းပုံရိပ်တစ်ခု ထပ်မံထင်ဟပ်လာပြန်သည်။

အရင်တစ်ခေါက်ကဲ့သို့ ဖုတ်ကောင်ဇာတ်လမ်းမဟုတ်ဘဲ ဒီတစ်ခေါက် ပုံရိပ်တွေကတော့ သိသိသာသာပိုအေးချမ်းသည်။ ထို့အပြင် ဇာတ်ကောင်များမှာလည်း အလွန်ကျက် သရေရှိလှသည်။

အာရုံထဲပေါ်လာသည့် ဇာတ်လမ်းတွဲအပိုင်းကို နောက်ဆုံးမိနစ်အထိကြည့်ပြီးမှ ယွဲ့လင်း အသိစိတ်ပြန်ဝင်လာခဲ့သည်။

[အပိုင်း(၉)တောင် ပြီးသွားပြီ! ငါ ကြည့်တာ တော်တော်မြန်တာပဲ!]

ကျန်းကျီမြောင် ရေခဲစိမ်ထားသည့် ဖရဲသီးတစ်စိပ်ကို ယူပြီး ပျော်ပျော်ကြီးကိုက်စားလိုက်လေသည်။

[မာကျောက်ကစားဖို့ ကိုယ့်ဖာသာကိုယ် အတုံးလေးတွေ လုပ်ထားတာ အဆင်ပြေသွားတယ်၊ မာကျောက်လေး ကစားလိုက်၊ ခန်းဆောင်နီလေးကြည့်လိုက်နဲ့ အချိန်တွေကုန်တာ မြန်လိုက်တာ!]

မိဖုရားကြီးအတွေးကို ကိုယ်လုပ်တော်များလည်း ခေါင်း ညိတ်ထောက်ခံကြသည်။

ထိုစဉ် ကြင်ယာတော်အန်းကျောက်ရီ တစ်ဖက်သို့ခေါင်းလှည့်ကြည့်လိုက်ရာ ဘယ်ချိန်ကတည်းက ရောက်နေမှန်း မသိသည့် ယွဲ့လင်းအားမြင်လိုက်ရသဖြင့် ကြောက်လန့်တ ကြားအော်ဟစ်လိုက်တော့သည်။ တစ်ကိုယ်လုံးလည်း တုန်ယင်သွားခဲ့သည်။

“အရှင်မင်းကြီး!”

“ဘာ အရှင်မင်းကြီးလဲ! ဘယ်က အရှင်မင်းကြီးလဲ!”

မာကျောက်ကစားရင်း ကြင်ယာတော်သဲ့ ပေါ့တီးပေါ့ပျက် ပြောလိုက်လေသည်။

“အရှင်မင်းကြီး ဆယ်ယောက်လောက်ပေါင်းရင်တောင် ငါတို့ အရှင်မနဲ့ မထိုက်တန်ဘူး!”

ကြင်ယာတော်အန်းကျောက်ရီ၏ ခန္ဓာကိုယ်မှာပိုလို့ပင် တုန်ယင်သွားခဲ့လေသည်။

All Chapters