← Chapters

အခန်း (၁၀)

Vol. 1 Ch. 10

အခန်း (၁၀)

Vol. 1 Ch. 10

အိပ်ငိုက်နေရာမှ ကျန်းကျီမြောင် ချက်ချင်းလန်းဆန်းတက်ကြွသွားခဲ့သည်။

အချိန်အကန့်အသတ်ရှိတဲ့ အတင်းအဖျင်း မစ်ရှင်ဟုတ် လား…

အဲ့တာ ဘာလဲ!

စနစ်အသိပေးချက်ကို သူ အမြန်ဖွင့်ကြည့်လိုက်သည်။

“အချိန်အကန့်အသတ်ရှိ အတင်းအဖျင်းမစ်ရှင်တွေက အချိန်မရွေး ကျပန်းရရှိနိုင်တဲ့ တာဝန်တွေဖြစ်ပါတယ်၊ ဒီမစ်ရှင်တွေမှာ ပုံသေ ဆုလာဒ် မရှိပါဘူး”

“ဒီတစ်ခေါက် မစ်ရှင်အတွက် အချိန်အကန့်အသတ်က တော့ တစ်နာရီဖြစ်ပါတယ်။

အတင်းအဖျင်းအကြောင်းအရာ - လင်ချင်းချင်းနဲ့ ယွဲဟွာတို့ တော်ဝင်ဥယျာဉ်ထဲမှာ ချိန်းတွေ့နေကြတယ်!

မစ်ရှင် ပြုလုပ်နေစဉ်အတွင်း ထိုအတင်းအဖျင်းအား မြင်သွားတဲ့ လူတိုင်းရဲ့အံ့ဩတုန်လှုပ်မှု ပမာဏကို မှတ်သားထားရမှာ ဖြစ်ပါတယ်”

“တစ်နာရီပြည့်တဲ့အချိန် ထိုအံ့ဩတုန်လှုပ်မှု ပမာဏတွေကို ပုံသေအချိုးနဲ့အမှတ်တွေအဖြစ် ပြောင်းလဲချီးမြှင့်သွားမှာပါ”

“အကယ်၍ အံ့ဩတုန်လှုပ်မှုပမာဏက အရမ်းသေးငယ်နေရင် အမှတ်တစ်မှတ်မှ မရနိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်၊ ဒီလိုပဲ အံ့ဩတုန်လှုပ်မှု ပမာဏကကြောက်ဖို့ကောင်းအောင် များပြားလွန်းရင်လည်း တစ်ချီတည်းနဲ့ အမှတ်တွေ အများကြီးရသွားနိုင်ပါတယ်”

အရှေ့က ရှင်းလင်းချက်တွေအားလုံးကို ကျန်းကျီမြောင် သိပ်ဂရုမစိုက်သော်လည်း နောက်ဆုံးစာကြောင်းကို ရောက်ချိန် မျက်လုံးများပြူးကျယ်သွားခဲ့ရသည်။

တစ်ချီတည်းနဲ့ အမှတ်တွေအများကြီး ရမယ်တဲ့လား!

OMG !

အခု သူ့ဘဝမှာ အလိုအပ်ဆုံးကလည်း ဒီအမှတ်တွေပဲ!

အမှတ်တွေသာ လုံလုံလောက်လောက်ရှိပါက ကြည့်ချင်သည့် ဇာတ်လမ်းတွဲတွေကို သူ ကြိုက်သလောက်ကြည့်နိုင်သည်။

ယခင်တစ်ခေါက်က စနစ်စတိုးဆိုင်ကိုလှန်လှောကြည့်ရင်း ရှေးခေတ်ကို အခြေပြုထားသည့် အချစ်ရေးဗီဒီယိုဂိမ်းတစ်ခုကိုတောင်မြင်ခဲ့ရသည်။ ဗီဒီယိုဂိမ်း၏ ကာဗာအဖုံးအားကြည့်ရသလောက်တော့ ဇာတ်လိုက်မင်းသားများအားလုံး ယောက်ျားပီသပြီးချောမောကြသည်။

အမှတ်သာ လုံလုံလောက်လောက်ရှိလျှင်… ထိုဂိမ်းကိုပါ သူမ ဝယ်ယူနိုင်လိမ့်မည်။

နန်းဆောင်ထဲနေရတာ ငြီးငွေ့လာလျှင် ဂိမ်းထဲကအချောလေးများနှင့် ပလီပလာလုပ်လို့ရသည်။ စိတ်ကူးယဉ်ကြည့်ရုံနဲ့တင် ကျန်းကျီမြောင် စိတ်လှုပ်ရှားလာရပြီ။

ကျန်းကျီမြောင် စိတ်မထိန်းနိုင်တော့ဘဲ အိပ်ခုံပေါ်မှ ဆတ် ခနဲ ထထိုင်လိုက်သည်။

“အရှင်မ ဘာဖြစ်လို့လဲ!" ကျွေ့ယွဲ လန့်ဖျပ်သွားခဲ့သည်။

ကျန်းကျီမြောင်တစ်စုံတစ်ခုကို ရုတ်တရက်သတိရကာ စိတ်ထဲမှ စနစ်ကိုမေးမြန်းလိုက်ပါသည်။

“စနစ်! အတင်းအဖျင်းအကြောင်းအရာကိုမြင်သွားတဲ့ လူတိုင်းရဲ့ အံ့ဩတုန်လှုပ်မှုပမာဏကို စနစ်ကစုဆောင်းမယ်လို့ ပြောလိုက်တာနော် ဟုတ်တယ်မလား”

စနစ်က အတည်ပြုလိုက်သည်။

“မှန်ပါတယ်၊ အတင်းအဖျင်းအကြောင်းအရာကို မြင်တဲ့သူ များလေလေ အံ့ဩတုန်လှုပ်မှုပမာဏပိုပြီး များနိုင်လေလေပါ”

ကျန်းကျီမြောင် မျက်လုံးများအရောင်လက်သွားခဲ့သည်။ ထို့နောက် ကျွေ့ယွဲကို ဝမ်းပန်းတသာနဲ့ တစ်ခုခုလှည့်ပြောဖို့ ပြင်လိုက်သော်လည်း သူ ရုတ်တရက် မျက်နှာပြောင်းလဲသွားရသည်။

ကျန်းကျီမြောင် ဘယ်လောက်ပဲ ကြိုးစားကြိုးစားနှုတ်မှ ထိုစကားကို ထုတ်မပြောနိုင်ပေ။

စနစ်အသံ ထပ်မံထွက်ပေါ်လာသည်။

“အချိန်အကန့်အသတ်ရှိ အတင်းအဖျင်းမစ်ရှင် ဆောင် ရွက်နေစဉ်အတွင်း စနစ်ပိုင်ရှင်က တခြားပုဂ္ဂိုလ်တွေကို ရည်ရွယ်ချက်ရှိရှိ ဖိတ်ကြားလို့မရပါဘူး”

ကျန်းကျီမြောင် သိသိသာသာ စိတ်ဓာတ်ကျသွားရလေသည်။

ရည်ရွယ်ချက်ရှိရှိ ဖိတ်ကြားလို့ မရဘူးတဲ့လား…

အဲ့တာဆို ဘာထူးတော့မှာလဲ!

အစကအကြောင်းပြချက်တစ်ခုခုပေးပြီး ဖုန့်ယီနန်းဆောင်ထဲက လူတိုင်းကိုခေါ်သွားဖို့ ကြံနေခြင်းဖြစ်သည်။

သို့သော်လည်း ထိုအကြံကို စနစ်က ချက်ချင်းတားမြစ်ပိတ်ပင်ခဲ့သည်။

ကျန်းကျီမြောင် အလွန်စိတ်ဓာတ်ကျသွားခဲ့ရသည်။

အမှတ်တွေအများကြီးရနိုင်မယ့် အခွင့်အရေး မျက်စိရှေ့မှာရှိနေတာတောင် ဒီတိုင်းလက်လွှတ်လိုက်ရတော့မှာလား…

ရည်ရွယ်ချက်ရှိရှိ ဖိတ်ကြားလို့မရသဖြင့် တခြားသူတွေ တော်ဝင်ဥယျာဉ်ထဲကို ‘တိုက်တိုက်ဆိုင်ဆိုင်’ လမ်းလာလျှောက်ရင်း အတင်းအဖျင်းအကြောင်းအရာကို ‘မတော်တဆ’ မြင်သွားဖို့သာ ကျန်းကျီမြောင် ဆုတောင်းလို့ ရနိုင်သည်။

သို့သော် ပူပြင်းတောက်လောင်နေသည့် နေရောင်အောက်မှာ သူမလို အတင်းအဖျင်းဝါသနာအိုးကလွဲလို့ ဘယ်သူက တော်ဝင်ဥယျာဉ်ထဲ လမ်းလျှောက်ချင်စိတ်ရှိနိုင်မည်နည်း။

သူမ အမှတ်တွေ အများကြီး မရနိုင်အောင် စနစ်ကတမင် တကာ အကျင့်ယုတ်ခြင်းသာဖြစ်ရမည်။

ကျန်းကျီမြောင် ခေတ္တစိတ်ဓာတ်ကျသွားသော်လည်း ခပ်မြန်မြန်ပဲ စိတ်ကိုပြန်ထိန်းလိုက်သည်။

ဒီမစ်ရှင်မရှိရင်တောင် တော်ဝင်ဥယျာဉ်ကို သူ သွားဖို့စီစဉ်ထားပြီးသား မဟုတ်လား ?

အစကတည်းကသွားဖို့ စီစဉ်ထားပြီးသားဆိုတော့ အမှတ်တွေကို ရသလောက်ပဲ ယူလိုက်ပါမယ်လေ

“ကျွေ့ယွဲ” ကျန်းကျီမြောင် တည်ငြိမ်စွာ ပြောလိုက်သည်။

“တော်ဝင်ဥယျာဉ်ထဲက ရေကန်ထဲမှာ ကြာပန်းတွေပွင့်နေပြီလို့ ပန်ကုန်းကြားသိရတယ်၊ နင်ရယ် ယွင်ရှန်းရယ် တခြား အခြွေအရံ ခြောက်ယောက်လောက်ခေါ်ပြီး ကြာပန်းကြည့်ဖို့ တော်ဝင်ဥယျာဉ်ကို ငါနဲ့အတူတူ လိုက်ခဲ့ရမယ်”

ကျန်းကျီမြောင် စကားတစ်ခွန်းလုံးကို အောင်အောင်မြင်မြင်ပြောနိုင်ခဲ့သည်။ ထို့ကြောင့် သူ စိတ်အေးသွားပြီး သက်ပြင်းချလိုက်မိသည်။

အတင်းအဖျင်းကို သွားကြည့်ဖို့အတွက် သူများတွေကို ရည်ရွယ်ချက်ရှိရှိ ဖိတ်ကြား၍မရဟု စနစ်ကစည်းကမ်းချက် ထုတ်ပြန်ထားသည်။

သို့သော်…

တိုင်းပြည်တစ်ခု၏ ဧကရီမိဖုရားတစ်ပါးဖြစ်သည့်အလျောက် ဘယ်ကိုသွားသွား တစ်ယောက်တည်း သွားဖို့ မဖြစ်နိုင်ပေ။ ထို့ကြောင့် ကျန်းကျီမြောင်စကားသည် နန်းတွင်း စည်းမျဉ်းစည်းကမ်းနှင့်ကိုက်ညီမှုရှိသည်။ ထင်ထားသည့်အတိုင်းပဲ စနစ်ကလည်း မကန့်ကွက်ခဲ့ပေ။

အခြွေအရံခေါင်းဆောင်နှစ်ယောက်နှင့် တခြားအခြွေအရံ ခြောက်ယောက်တို့ကို အတူခေါ်သွားဖို့ စနစ်ကခွင့်ပြုပြီး ရည်ရွယ်ချက်ရှိရှိ ဖိတ်ကြားမှုဟု မသတ်မှတ်ခဲ့ချေ။

သိပ်မကြာလိုက်ဘဲ အသင်းအပင်းများခြွေရံလျက် ကျန်းကျီမြောင် တခမ်းတနားစတင်ကြွမြန်းလေတော့သည်။

“တီ တီ တီ တီ”

စနစ်ထံမှ အသိပေးသံထွက်ပေါ်လာသည်။

“တော်ဝင်ဥယျာဉ်ဆီ ပစ်မှတ်တွေ ဦးတည်နေပါပြီ”

ကျန်းကျီမြောင် အာရုံထဲ မြေပုံတစ်ခုပေါ်လာပြီး ယွဲ့ဟွာနှင့် လင်းချင်ချင်တို့အား ကိုယ်စားပြုသော အနီရောင်အစက်ကလေးနှစ်စက်လည်း ပေါ်လာခဲ့ပါသည်။

“မစ်ရှင် ဆောင်ရွက်နေစဉ်အတွင်း ပစ်မှတ်တွေရဲ့ တည်နေ ရာကို တိုက်ရိုက်ပြသပေးမှာဖြစ်ပါတယ်၊ စနစ်ပိုင်ရှင် အချိန်မရွေး စစ်ဆေးကြည့်ရှုနိုင်ပါတယ်”

ကျန်းကျီမြောင် ကျေနပ်သွားပြီး ခေါင်းညိတ်လိုက်သည်။ ဒီလုပ်ဆောင်ချက်က တကယ်အသုံးဝင်သည်ပင်။

တဖြည်းဖြည်းနီးကပ်လာသည့် အနီစက်လေးနှစ်စက်ကို ကြည့်ရင်း ကျန်းကျီမြောင် စတင်စဉ်းစားလိုက်သည်။

အတင်းအဖျင်းအားမြင်ရဖို့ဆိုလျှင် အရင်ဆုံး ထိုအတင်း အဖျင်းချောချောမွေ့မွေ့ ဖြစ်ပေါ်ဖို့လိုအပ်သည်။

‘ကြာပန်းကြည့်ဖို့’ ထွက်လာသည့် သူမတို့အဖွဲ့ကိုသာ ယွဲဟွာနဲ့ လင်းချင်ချင်တို့မြင်သွားလျှင် ချိန်းထားသည်အား ပယ်ဖျက်လိုက်နိုင်သည်။

ဒီလို လုံးဝဖြစ်လို့မရဘူး။

ကံကောင်းစွာဖြင့် ကျန်းကျီမြောင် မြေပုံကိုစစ်ဆေးကြည့်လိုက်သောအခါ ထိုနှစ်ယောက် ချိန်းတွေ့မည့်နေရာနှင့် သူမ ကြာပန်းသွားကြည့်မည့် ရေကန်တို့ကတခြားစီဖြစ်နေသည်ကို မြင်လိုက်ရသည်။

နည်းနည်းလောက် ကွေ့ပတ်ပြီးသွားလိုက်ပါက ထိပ်တိုက် မဆုံနိုင်လောက်ပေ။

အကောင်းဆုံးအစီအစဉ်ကတော့ သူတို့နှစ်ယောက်ကို အရင်ဆုံးတွေ့ခွင့်ပေးလိုက်ပြီး အချိန်အနည်းငယ်ကြာမှ သူမ ကိုယ်ထင်ပြသင့်ပါသည်။

ထို့နောက် အခြွေအရံများကိ ခေါ်ပြီး ရေကန်ဆီ ကျန်းကျီမြောင် ဆက်လက်ဦးတည်လာခဲ့သည်။ သို့သော် သိပ်ကြာကြာ မလျှောက်လိုက်ရဘဲ ကြင်ယာတော်သဲ့နှင့် ထိပ်တိုက် တိုးလေသည်။

[ကြင်ယာတော်သဲ့ပါလား! သူ ဒီမှာ ဘာလာလုပ်နေတာလဲ! ဒီကို သူ့စိတ်ကူးနဲ့သူ ရောက်လာတာမို့လို့ ငါ ရည်ရွယ်ချက်ရှိရှိဖိတ်ကြားတာလို့ သတ်မှတ်လို့မရဘူးမလား!]

ကျန်းကျီမြောင် မျက်လုံးများဝိုင်းစက်သွားခဲ့သည်။

စနစ်မှလည်း ကန့်ကွက်မှုမရှိပေ။

ကျန်းကျီမြောင်က ကြင်ယာတော်သဲ့အား ချက်ချင်းနွေးနွေးထွေးထွေးကြိုဆိုလိုက်သည်။

“ကြင်ယာတော် သဲ့ပါလား၊ ဒီအရှင်မ ကြာပန်းတွေ သွားကြည့်မလို့ လိုက်ခဲ့ဦးမလား”

နဂိုကတည်းက ရည်ရွယ်ချက်ရှိရှိစောင့်နေသည့် ကြင်ယာတော်သဲ့လည်း ချက်ချင်းခေါင်းညိတ်လိုက်သည်။

ကျန်းကျီမြောင် လမ်းဆက်လျှောက်ခဲ့သည်။ သို့သော် ခြေလှမ်းအနည်းငယ် လှမ်းလိုက်တိုင်း ကိုယ်လုပ်တော် တစ်ယောက်ပြီးတစ်ယောက်နဲ့ ဆုံနေသဖြင့် အတူခေါ်လာခဲ့ရသည်။

ဘာကြောင့် ဒီကိုရောက်နေကြသလဲဟု မေးမြန်းသော အခါ…

တချို့က လေကောင်းလေသန့်လာရှူတာဟု ဆိုသည်။ အချို့ကမူ အပျင်းပြေ လမ်းထွက်လျှောက်တာဟုဆိုကြသည်။

အဓိပ္ပာယ်အမဲ့ဆုံးက ကြင်ယာတော်အန်းကျောက်ရီပင်။ ခေါင်းတွေပူထူသွားပြီး ဆင်ခြေတစ်ခုအမြန်မစဉ်းစားနိုင်သဖြင့် ပုရွက်ဆိတ်လမ်းကြောင်းကြီး တစ်ခုနောက်ကို လိုက်ရင်း ရောက်လာခဲ့တာဟု ဆိုလေသည်။

[ကောင်းတယ် သိပ်ကောင်းတယ်! ဒီလောက်ဆို လူတွေ လုံလောက်ပြီ!]

ဆင်ခြေတွေအားလုံး ယုံကြည်ချင်စရာတစ်စက်မှမရှိသော် လည်း ကျန်းကျီမြောင် ဂရုမစိုက်ပေ။

အတင်းအဖျင်းအား မြင်သူများလေလေ အံ့ဩတုန်လှုပ်မှု ပမာဏ ပိုတိုးလေလေပင်။ ထိုအခါ သူလည်း အမှတ်တွေ အများကြီးရရှိမည်ဖြစ်သည်။

အမှတ်တွေရရှိဖို့ဆိုပါက ဘာမဆိုလုပ်နိုင်လေသည်။

ကျန်းကျီမြောင်တို့အဖွဲ့ ကြာပန်းတွေသွားကြည့်ဖို့ တခမ်း တနားချီတက်နေစဉ် ယွဲ့ဟွာနဲ့ လင်းချင်ချင်တို့အားကိုယ် စားပြုသည့် အနီစက်လေးနှစ်စက်သည် မြေပုံပေါ်ပေါင်း စည်းသွားကြပြီဖြစ်သည်။

ကျန်းကျီမြောင် တည်နေရာကိုကြည့်လိုက်သည်။

ဒီနှစ်ယောက် တော်တော်ကဲပါလား…

မြေပုံဝယ် ကျောက်သားဥယျာဉ်ထဲ အနီစက်လေးနှစ်စက်ကိုပြသနေသည်။

ဧကန္တ လျှို့ဝှက်လှိုဏ်ဂူတစ်ခုခုထဲ ဝင်သွားတာဖြစ်နိုင် သည်။

ကျန်းကျီမြောင် အနည်းငယ်မျက်မှောင်ကြုတ်သွားခဲ့သည်။

[ဒီလောက် အပြစ်အနာအဆာကင်းတဲ့ ကျောက်သားဥယျာဉ်ထဲ ဘယ်လိုဖြစ်ပြီး လျှို့ဝှက်လှိုဏ်ဂူတစ်ခုရှိနေရတာလဲ! သူတို့ အခု လှိုဏ်ဂူထဲဝင်သွားကြတော့ ငါက ဘယ်လို သွားကြည့်ရမှာလဲ!]

ကျောက်သားဥယျာဉ်…

လျှို့ဝှက်လှိုဏ်ဂူ…

ထိုစကားလုံးတွေကိုကြားပြီး ကိုယ်လုပ်တော်တွေ ပြုံးစိပြုံးစိဖြစ်လာရသည်။

ကြင်ယာတော်သဲ့ သက်ပြင်းချလျက် တိုးညှင်းစွာ ငြီးတွားလိုက်သည်။

“အရှင်မင်းကြီးသာ ဒီမှာရှိနေရင် ဘယ်လောက် ကောင်းလိုက်မလဲ”

ကိုယ်လုပ်တော်များလည်း ခေါင်းညိတ်ထောက်ခံကြသည်။

ကြင်ယာတော်သဲ့ စကားဆုံးပြီး သိပ်မကြာလိုက်ဘဲ ခေါင်းမော့ကြည့်လိုက်ရာ တော်ဝင်ရွှေရောင်ဆင်မြန်းထားသည့် ဧကရာဇ်မင်းကြီးကို မြင်လိုက်ရလေသည်။

“အ… အရှင်မင်းကြီး တကယ်ကြွလာပြီ…”

ကြင်ယာတော်အန်းကျောက်ရီ ကြက်သေသေသွားခဲ့သည်။

ထို့နောက် ကြင်ယာတော်သဲ့ကို သူ လှည့်ကြည့်လိုက်သည်။

ကြင်ယာတော်သဲ့မှာ ထူးထူးဆန်းဆန်း အစွမ်းများတွေရှိနေတာလား ?

သူ ပါးစပ်ဟလိုက်တိုင်း အရှင်မင်းကြီး ချက်ချင်းရောက်ချလာတာပဲ!

ကြင်ယာတော်သဲ့ ကိုယ်တိုင်လည်း အံ့အားသင့်နေမိသည်။

သူ့ ပါးစပ်က အဲ့လောက်‌တောင် အစွမ်းထက်တာလား…

[ဘုရားရေ! အရှင်မင်းကြီး ကြွလာပြီ! ဒီအတင်းအဖျင်းကို ငါ ဆက်ကြည့်သင့်လား မကြည့်သင့်ဘူးလား!]

ထို့နောက် ကျန်းကျီမြောင် မျက်နှာမှာ ပိုလို့တောင်ရွှင်လန်းသွားခဲ့သည်။

[နေပါဦး… ဒါဆို ကျိန်းသေပေါက်သွားကြည့်သင့်တာပေါ့! သူ့ကွယ်ရာမှာ သူ့အချစ်တော်လေးနဲ့ ညီတော်တို့ ချိန်းတွေ့ ပြီးဖောက်ပြန်နေကြတာ! အဲ့တာကိုမြင်ပြီး ဖြစ်ပျက်သွားမယ့် ယွဲ့လင်းမျက်နှာက လုံးဝကြည့်လို့ကောင်းနေမှာပဲ! အဲ့အဲ့အတွက် အံ့ဩတုန်လှုပ်မှုပမာဏတွေ ဘယ်လောက်တောင်ရလိုက်မလဲနော်!]

All Chapters