အခန်း (၁၂)
Vol. 2 Ch. 12
အစကတည်းက ယွဲ့လင်း အားလုံးသိပြီးသားဖြစ်သည်။
လင်းချင်ချင်ဆိုတာ ယွဲ့ဟွာ၏အသုံးချခံ နယ်ရုပ်တစ်ရုပ်သာ။
ယွဲ့ဟွာ သူ့ကွယ်ရာမှာ အဆက်အသွယ်တွေ၊ မဟာမိတ်တွေ တည်ဆောက်ခဲ့သည်မှာ နှစ်အတော်ကြာပြီဖြစ်သည်။ ထို့ကြောင့် အာဏာကမသေးတော့ချေ။ လင်းချင်ချင်အား ယွဲ့လင်း သုတ်သင်လိုက်လျှင်ပင် နောက်ထပ် လီချင်ချင်တွေ၊ လျို့ချင်ချင်တွေ ထပ်ရှိလာပါလိမ့်မည်။
ထို့ကြောင့် မသိချင်ယောင်ဆောင်ပြီး ယွဲ့ဟွာ၏ကစားပွဲမှာ ဝင်ကစားပေးခဲ့သည်။ သူဖြစ်စေချင်သည့်အတိုင်း လင်းချင်ချင်အား အရူးအမူးစွဲလမ်းချင်ယောင်ဆောင်ပြခဲ့သည်။
ထိုသို့ဆိုပါက ယွဲ့ဟွာအား ယုံကြည်ချက်လွန်ကဲပြီး စိတ်လွတ်လက်လွတ်ဖြစ်သွားအောင် လုပ်နိုင်သလို ရံဖန်ရံခါ လင်းချင်ချင်မှတဆင့် သတင်းမှားတွေ ပေါက်ကြားအောင် လုပ်နိုင်ပါသေးသည်။
သို့သော် သူ့ညီတော်ကလည်း ပေါ့သေးသေးမဟုတ်သဖြင့် ယွဲ့လင်းအရာရာကို ပေါ့ပေါ့ဆဆ မလုပ်ရဲဘဲ ဂရုတစိုက် ကြံစည်နေခဲ့ရသည်။
ထို့အပြင် မိဖုရားကျန်းကျီမြောင်လည်း သံသယဖြစ်စရာ အလွန်ကောင်းနေပြန်သည်။
ယွဲ့ဟွာနှင့် လင်းချင်ချင်တို့အကြောင်းကို ယွဲ့လင်းသိနေရခြင်းက နှစ်တွေအကြာကြီး စုံစမ်းခဲ့ခြင်းဖြစ်သည်။ သို့ သော် နန်းတော်သို့ ကျန်းကျီမြောင်ရောက်လာသည်မှာ ၃ လခန့်သာ ရှိသေးသည်။ အဆိုပါလျှို့ဝှက်ချက်များအား သူမ သိနေစရာအကြောင်း လုံးဝမရှိချေ။
မိဖုရားသည်လည်း ယွဲ့ဟွာကဲ့သို့ ‘အသိပညာ’နှင့် မွေးဖွားလာသလိုနှယ်။
ယနေ့ကျန်းကျီမြောင်၏ လုပ်ရပ်များကိုတော့ ယွဲ့လင်း အတော်လေး သဘောကျကျေနပ်မိသည်။ ခိုင်လုံသည့် သက်သေမရရှိနိုင်လျှင်ပင် သူ့ကြင်ယာတော်တစ်ပါးနှင့်ညီတော်တို့ နန်းတော်တွင်းမှာ တိတ်တဆိတ်ခိုးတွေ့နေသည့် သတင်းက ပေါ့သေးသေးမဟုတ်ပေ။
မျက်မြင်သက်သေလည်း အများကြီးရှိနေသဖြင့် ကြင်ယာတော်များမှတဆင့် ထိုသတင်းပေါက်ကြားသွားပါက နန်းတော်ထဲ ယွဲ့လင်းအတွက် အကျိုးအမြတ်တွေအများကြီးရှိလာနိုင်သည်။
“လှိုဏ်ဂူကြီးက တိတ်ဆိတ်နေတာပဲ ? သဘာဝရဲ့ငြိမ်းချမ်း ဆိတ်ငြိမ်မှုကို မနှောင့်ယှက်ဖို့ တိုးတိုးတိတ်တိတ်နေကြရ အောင်နော်”
ကျန်းကျီမြောင် ညွှန်ကြားလိုက်သည်။ ထို့နောက် သူမရဲ့ ဝတ်ရုံကို မ,လျက် ဂူထဲသို့ ခြေဖျားထောက်ကာ ဝင်သွားလေတော့သည်။
ယွဲ့လင်းလည်း ကျန်းကျီမြောင်အားအတုခိုးပြီး ခိုးကြောင် ခိုးဝှက် လိုက်ဝင်သွားသည်။
သခင်တွေအားလုံးဂူထဲဝင်သွားသောအခါ ကျန်ခဲ့သည့် မိန်းမစိုးများနှင့်အခြွေအရံများမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ကြောင်တောင်တောင်ဖြစ်နေကြသည်။
“ဘာရပ်စောင့်နေကြတာလဲ! လိုက်သွားကြလေ!”
လီသဲ့ဟွိုက် တီးတိုးလေးအမိန့်ပေးလိုက်ပြီး ကျန်းကျီမြောင်တို့နောက်မှ လိုက်သွားခဲ့သည်။
မိဖုရားကြီး၏စိတ်မှာ အတော်လေးထူးဆန်းပြီး ခန့်မှန်းရခက်သည်ဟုလည်း လီသဲ့ဟွိုက်တွေးလိုက်မိသည်။ သို့ သော် ထို့ထက်ပိုအံ့ဩစရာကောင်းသည်မှာ မိဖုရားကြီးအပေါ်ထားသည့် ဧကရာဇ်မင်းကြီး၏သည်းခံစိတ်ပင်။
ဧကန္တကြင်ယာတော်လင်းရဲ့ ကံကောင်းတဲ့နေ့ရက်တွေ ကုန်ဆုံးတော့မှာများလား…
မည်သို့ပင်ဆိုစေကာမူ မိဖုရားကြီးအားနတ်ဘုရားတစ်ပါးနှယ် အလုပ်အကျွေးပြုကိုးကွယ်ရမည်ဟု လီသဲ့ဟွိုက် ဆုံးဖြတ်ချက်ချလိုက်ပါတော့သည်။
--- --- ---
ရှည်လျားသည့်လှိုဏ်ဂူကြီးထဲ ကျန်းကျီမြောင်တို့အဖွဲ့ အတန်ကြာအောင် တိတ်တဆိတ်လမ်းလျှောက်လာခဲ့သည်။
ထိုစဉ် အသံတစ်သံ ရုတ်တရက်ထွက်ပေါ်လာလေသည်။
“ခုတလော ချင်ချင် မတရားသဖြင့်ခံနေရတာတွေကို ကိုယ်သိပါတယ်ကွာ”
နူးညံ့သိမ်မွေ့ပြီး မေတ္တာတရားများဖြင့် ပြည့်နှက်နေသော ယွဲ့ဟွာ၏အသံကို အားလုံးကြားလိုက်ရသည်။
ကျန်းကျီမြောင် မျက်လုံးများအရောင်တောက်သွားတော့ သည်။
အချိန်ကိုက်ပဲဟ!
ကြင်ယာတော်သဲ့ : အံ့ဩတုန်လှုပ်မှုပမာဏ +1
ကြင်ယာတော်အန်းကျောက်ရီ : အံ့ဩတုန်လှုပ်မှုပမာဏ +2
ယွဲလင်း : အံ့ဩတုန်လှုပ်မှုပမာဏ +5
ယွဲလင်းတစ်ယောက်တည်းဖြင့်ပင် လူ သုံးလေးယောက်စာလောက်နှင့်ညီမျှနေသည်။
ယွဲ့လင်းထံ ကျန်းကျီမြောင် ခိုးကြည့်လိုက်သည်။
[အစ်ကိုလင်းရေ ရှင် သနားစရာကောင်းတာမှန်ပေမယ့် ဒီလိုအရေးကြီးတဲ့ အချိန်ကောင်းမျိုးမှာ ကျေးဇူးပြုပြီး အသံကျယ်ကျယ် မထွက်လိုက်ပါနဲ့နော်!]
ယွဲ့လင်း မျက်နှာအလွန်မှောင်မိုက်သွားရသည်။ သို့သော် သူ တိတ်ဆိတ်နေဆဲဖြစ်သည်။ သူစိတ်တိုနေတာ မှန် သည်။ သို့သော် ဖောက်ပြားမှုကြောင့် မဟုတ်ချေ။
ယွဲ့ဟွာဆိုတဲ့ကောင် ဒီလောက်သတိမဲ့ရလား!
အရင်ကတည်းက ဒီလောက်ပေါ့တီးပေါ့ဆနိုင်နေလျှင် သူ့အားလုပ်ကြံဖို့ရာ ယွဲ့လင်း နှစ်တွေအကြားကြီးအစီအစဉ် ဆွဲခဲ့ရမည် မဟုတ်ပေ။
[သနားစရာလေးပါလား… စိတ်ချောက်ချားလွန်းလို့ ဦးနှောက်ပါပျက်သွားပြီ ထင်တယ်]
ကျန်းကျီမြောင် စိတ်ထဲမှသက်ပြင်းချလိုက်ပြီး ရှေ့သို့ ခပ်ဖွဖွဆက်လှမ်းလာခဲ့ပါသည်။
ကြင်ယာတော်သဲ့ အူတူတူဖြစ်သွားပြီး မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။
ရှေ့ဆက်သွားကြဦးမှာလား…
သူတို့အားလုံး တိုးတိုးတိတ်တိတ်ဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစားထားရင်တောင် ဒီလောက်နီးနီးကပ်ကပ်အကွာအဝေးမှာ ယွဲ့ဟွာနဲ့ လင်းချင်ချင်တို့ တစ်ခုခုတော့ကြားသင့်နေပြီပင်။ ၎င်းတို့သည် နားပင်းသူတွေမဟုတ်ကြချေ။
အခုဆို ကျန်းကျီမြောင်သည် ထိုသူနှစ်ယောက် ချိန်းတွေ့နေသော အခန်းငယ်၏အဝနားသို့ ရောက်ရှိသွားပြီဖြစ် သည်။ ကျောက်သားနံရံနောက်မှာ ခန္ဓာကိုယ်ကိုကွယ်ပြီး ခေါင်းလေးတစ်လုံးတည်းသာ ပြူထွက်လျက်ချောင်း ကြည့်လိုက်သည်။
[ဝါး…!]
ကျန်းကျီမြောင် ဘာမြင်လိုက်သလဲ မသိသော်လည်း စိတ်ထဲမှ ဝါးတစ်လုံးတည်းသာရေရွတ်လိုက်နိုင်သည်။
ယွဲ့ဟွာနဲ့ လင်းချင်ချင်တို့ တကယ် နားပင်းနေကြတာပဲ!
ကြင်ယာတော်သဲ့လည်း စပ်စုချင်စိတ်ကိုမထိန်းနိုင်ဘဲ ကျန်းကျီမြောင်အနောက် အမြန်လိုက်လာကာ ခေါင်းပြူလျက်ချောင်းကြည့်လိုက်သည်။ ထို့နောက် နံရံနောက်မှ ခေါင်းတွေ တစ်လုံးပြီး တစ်လုံး ပြူထွက်လာခဲ့ကြသည်။
ယွဲ့လင်း အလွန်အမင်းဆွံ့အနေမိပြီဖြစ်သည်။
ဒီလောက်နီးကပ်နေတာတောင် သူ့ညီတော် သတိမထားမိသေးဘူးလား!
လီသဲ့ဟွိုက်တို့ မိန်းမစိုးအဖွဲ့နဲ့အခြွေအရံအဖွဲ့လည်း ရောက်ရှိလာကြပြီဖြစ်သည်။ အကုန်လုံးကြောက်ရွံ့မှုကြောင့် ခိုက်ခိုက်တုန်နေကြပြီး ဇောချွေးများပါ ပြန်နေကြသည်။ လှိုဏ်ဂူထဲ မိဖုရားကြီးသွေးရိုးသားရိုးဝင်လာတာဟု ထင်ခဲ့သော်လည်း ဂူထဲမှာလျှို့ဝှက်တွေ့ဆုံနေသည့် လူတွေ တကယ်ကြီးရှိနေကြသည်။
အစေခံတွေဖြစ်သည့် ၎င်းတို့သာ ယခုလိုလျှို့ဝှက်ချက်အားကို ကြားသိသွားရလျှင် နှုတ်ပိတ်ခံရလောက်သည်။
“အသံမထွက်နဲ့”
ယွဲလင်းက အသံတိုးတိုးဖြင့် အမိန့်ပေးလျက် သူလည်း ကျန်းကျီမြောင်နောက် လိုက်ပါသွားခဲ့သည်။
ထို့နောက် နံရံနောက်မှာ ခေါင်းကလေးများ သပ်သပ်ရပ်ရပ် စီတန်းသွားလေတော့သည်။
--- --- ---
တိတ်ဆိတ်ငြိမ်သက်နေသော လှိုဏ်ဂူကြီးထဲတွင်…
လင်းချင်ချင် ယွဲ့ဟွာရင်ခွင်ထဲတိုးဝင်နေပြီး မျက်နှာမှာလည်း ချစ်စိတ်မွှန်၍ပန်းရောင်သွေးလျက်ရှိသည်။
“အစ်ကိုဟွာအတွက် ဒီကြင်ယာတော် ဘာမဆိုလုပ်ပေးမှာပါ”
ယွဲဟွာ သူမ နဖူးလေးကို ကြင်ကြင်နာနာနမ်းရှိုက်လိုက်သဖြင့် လင်းချင်ချင် ရှက်သွေးပိုဖြာသွားခဲ့ရသည်။
နံရံနောက်စီတန်းနေသည့် ခေါင်းကလေးများက ယွဲလင်းအားတစ်ပြိုင်နက် လှည့်ကြည့်လိုက်ကြသည်။
[သနားစရာပဲ! သူ့ခေါင်းပေါ်က ဦးထုပ်စိမ်းက စိမ်းသထက် စိမ်းလာပြီ!]
ကျန်းကျီမြောင် ကရုဏာသက်စွာ တွေးလိုက်မိသည်။
“ချင်ချင်… ဒီတစ်ခေါက် မယ်တော်ကြီးကို ဂါဝရပြုမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ်နန်းတော်ထဲ ဝင်လာခဲ့တာ၊ မယ်တော်ကြီးက ကိုယ့်အတွက် ဖုံးကွယ်ပေးထားတာလေ၊ အခုချိန်ထိ မယ်တော်ကြီးရဲ့နန်းဆောင်မှာ ကိုယ်ရှိနေသေးတယ်လို့ ထုံထိုင်းတဲ့ အစ်ကိုတော်က ထင်နေတုန်းပဲ၊ ဒါပေမယ့် ကိုယ်အကြာကြီး နေလို့မဖြစ်ဘူး၊ သူတို့ အနှေးနဲ့အမြန်သိသွားကြလိမ့်မယ်”
ယွဲ့ဟွာ နွေးထွေးစွာပြောလိုက်သည်။
[ထုံထိုင်းတဲ့ အစ်ကိုတော်တဲ့…]
စီတန်းနေသည့် ခေါင်းကလေးများ ယွဲ့လင်းထံ ထပ်လှည့်ကြည့်လိုက်ကြပြန်သည်။
ယွဲ့လင်းတစ်ယောက် ကျောက်ရုပ်လို ဘာခံစားချက်မှ မရှိဘဲတည်ငြိမ်နေခဲ့သည်။ သို့သော် လီသဲ့ဟွိုက်ကတော့ တစ်ကိုယ်လုံး ဓာတ်လိုက်နေသကဲ့သို့ ပြင်းပြင်းထန်ထန်တုန် ယင်နေလေသည်။
ဘုရားသခင် ကယ်တင်ပေးပါ!
ငါတို့တော့ နှုတ်ပိတ်ခံရမှာ သေချာနေပြီ!
လီသဲ့ဟွိုက်: အံ့ဩတုန်လှုပ်မှုပမာဏ +10
အတင်းအဖျင်းအားကြည့်နေရင်းနဲ့ လီသဲ့ဟွိုက်အား ကျန်းကျီမြောင် လှည့်ကြည့်လိုက်သည်။
မိန်းမစိုးကြီးလီက အရမ်းအားကိုးရတာပဲ!
အံ့ဩတုန်လှုပ်မှုပမာဏ+10 ဆိုတာ လူတစ်ယောက်ဆီက အမြင့်ဆုံး ရနိုင်တဲ့ပမာဏပဲ!
“အဲ့ဘုရင်က အသိဉာဏ်မရှိသလို မောက်လည်း မောက်မာ သေးတယ်၊ အစ်ကိုဟွာလို လူမျိုးနဲ့ ယှဉ်နိုင်ပါ့မလား”
လင်းချင်ချင်က ကန်ရေပြင်လို တည်ငြိမ်အေးချမ်းသည့် အသံလေးဖြင့်ပြောလိုက်သည်။
“ဒီကြင်ယာတော်နှလုံးသားထဲမှာ အစ်ကိုဟွာတစ်ယောက်ပဲ အမြဲတမ်းရှိနေတယ်ဆိုတာ သိတယ်မလား”
“တကယ်လား” ယွဲဟွာ မေးလိုက်သည်။
“သုံးလလုံးလုံး တခြားကိုယ်လုပ်တော်တွေကို လှည့်တောင်မကြည့်ဘဲ ချင်ချင့် တစ်ယောက်တည်းကိုပဲ သူကြင်နာခဲ့တာလေ၊ အဲ့ဒီအတွက် ချင်ချင် နည်းနည်းလေးတောင်မကြည်နူးမိဘူးလား”
လင်းချင်ချင် အနည်းငယ်ပျာယာခတ်သွားသည်။
“ဒီကြင်ယာတော်အကြောင်း အစ်ကိုဟွာ မသိတာလည်း မဟုတ်ဘဲနဲ့၊ နှလုံးသားထဲမှာ အစ်ကိုဟွာတစ်ယောက် တည်းရှိတာ တကယ်ပါ”
လင်းချင်ချင် သစ္စာတောင်ဆိုပြလိုက်သေးသည်။
နံရံနောက်မှ ခေါင်းကလေးများက ရှေ့ကမြင်ကွင်းနှင့် ယွဲ့လင်းထံ တစ်ပြန်စီကြည့်ရင်း အတော်လေးစိတ်လှုပ်ရှားနေကြသည်။
ယွဲ့လင်း : “…”
သူ မည်သို့တုန့်ပြန်ရမှန်း မသိတော့ချေ။
“ချင်ချင် သစ္စာတွေလျှောက်ဆိုပြီး မကျိန်စမ်းပါနဲ့၊ ချင်ချင့်ကို ကိုယ်ယုံကြည်ပြီးသားပါ၊ ဒါပေမယ့် ကိုယ်သွားရတော့မယ်၊ စိတ်မပူနဲ့နော်၊ ရက်ပိုင်းလောက်နေရင် ထပ်လာတွေ့မှာပါ”
ယွဲ့ဟွာ လင်းချင်ချင်၏ဆံနွယ်များကို ပွတ်သပ်ပေးရင်း ပြောလိုက်သည်။
လင်းချင်ချင်ကမူ မခွဲခွာချင်သေးပေ။
“အစ်ကိုဟွာကို စောင့်မျှော်နေမယ်နော်”
“ကောင်းပါပြီ”
ယွဲ့ဟွာ ကြင်နာစွာ ခေါင်းညိတ်လိုက်သည်။
“ဒါဆို ကိုယ်သွားတော့မယ်နော်၊ ကိုယ် ထွက်သွားပြီး ခဏကြာမှ ချင်ချင် ထွက်လာခဲ့ ဟုတ်ပြီလား”
“နားလည်ပါပြီ”
ယွဲ့ဟွာ ပြန်ဖို့ မတ်တပ်ရပ်လိုက်သည်။ သူ့နှုတ်ခမ်းထက်မှာလည်း လှောင်ပြုံးတစ်ခုရှိနေခဲ့သည်။
ဉာဏ်မရှိတဲ့ သူ့အစ်ကိုကိုလှည့်စားနိုင်ခဲ့တဲ့ နောက်ထပ်နေ့လေး တစ်နေ့ပေါ့!
ယွဲ့ဟွာ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ကြက်သေ သေကာ ရပ်တန့်သွားရသည်။ မျက်လုံးများလည်း မယုံ ကြည်နိုင်အောင် ပြူးကျယ်သွားတော့သည်။
နံရံနောက်မှကျန်းကျီမြောင်သည် ယွဲ့ဟွာအား ရှက်ကိုး ရှက်ကန်းဖြင့် လက်ပြနှုတ်ဆက်လိုက်သည်။ အချိန် ၁၅ မိနစ် မပြည့်သေးသော်လည်း ဖုံးကွယ်ခြင်းအရှိန်အဝါမှာ သူတို့တစ်တွေအား သာမန်အာရုံနှင့် အလွယ်တကူ သတိမထားမိအောင် ဖုံးကွယ်ပေးထားရုံသာ။ ကိုယ်ပျောက်အောင် လုပ်ပေးခြင်းမဟုတ်ပေ။ ယခုလို မျက်နှာချင်းဆိုင် ဆုံရင်တော့ ကျိန်းသေပေါက်မြင်နိုင်မည်ဖြစ်သည်။
ယွဲ့ဟွာ တစ်ကိုယ်လုံးတောင့်တင်းသွားပြီး ဘေးဘက်သို့ လှည့်ကြည့်လိုက်သည်။
ကျန်းကျီမြောင်နောက်က ကိုယ်လုပ်တော်တွေကလည်း သူ့အားလက်ပြနှုတ်ဆက်နေသည်။ ထို့အပြင် သူအားရပါးရ နှုတ်ဖြင့် စော်ကားထားသည့် အစ်ကိုတော်ယွဲ့လင်းကိုပါ မြင်လိုက်ရလေသည်။
“ဒါ အိပ်မက်ပဲဖြစ်မယ်… ဟုတ်တယ် ကျိန်းသေပေါက် အိပ်မက်မက်နေတာပဲ ဖြစ်ရမယ်!”
ယွဲ့ဟွာ တတွတ်တွတ် ရေရွတ်လျက် သူ့ကိုယ် သူ ခပ်နာနာ ဆွဲဆိတ်ပစ်လိုက်လေသည်။