← Chapters

အခန်း (၁၄)

Vol. 2 Ch. 14

အခန်း (၁၄)

Vol. 2 Ch. 14

“ရရှိခဲ့သော အံ့ဩတုန်လှုပ်မှုပမာဏ စုစုပေါင်း : ၂,၀၀၁

အသေးစိတ် စာရင်း -

1. လီသဲ့ဟွိုက်: ၅၅ မှတ်

2. ကြင်ယာတော်အန်းကျောက်ရီ: ၄၃ မှတ်

3. …”

အတင်းအဖျင်းအဖွဲ့မှရရှိခဲ့သော အံ့ဩတုန်လှုပ်မှုပမာဏများကိုစနစ်က တစ်ဦးအလိုက်စာရင်းပြုစုပြခဲ့သည်။

ကျန်းကျီမြောင် တစ်ကြိမ်မက သက်ပြင်းချမိလေသည်။

ထိပ်ဆုံးက ‘အစ်ကိုကြီး’နဲ့ ဒုတိယနေရာက ‘အစ်မကြီး’တို့ တော်တော် လေးစားစရာကောင်းတာပဲ။

လီသဲ့ဟွိုက်‌ခေါင်းထဲမှာ ဘာတွေများ စိတ်ကူးယဉ်နေလို့ ဒီလောက် ကြောက်လန့်သွားရတာလဲ ?

ဘယ်လိုပဲဖြစ်ဖြစ် သူ့အကြောင်း ကျန်းကျီမြောင် သေချာ မှတ်သားခဲ့သည်။ နောက်တစ်ခါ အချိန်အကန့်အသတ်ရှိ မစ်ရှင်တစ်ခု ပေါ်လာခဲ့လျှင်လည်း မိန်းမစိုးခေါင်းဆောင်ကြီးအား သေချာပေါက်ခေါ်သွားရမည်။ ထို့အပြင် ကြင်ယာတော်အန်းကျောက်ရီကိုလည်း ကျိန်းသေခေါ်ဆောင် သွားရမည်သာ။

“အံ့ဩတုန်လှုပ်မှု ပမာဏ ၂,၀၀၁ မှတ်ကို ၁၀၀ : ၁ အချိုးဖြင့် ပြောင်းလဲရာ ၂၀ မှတ်ရရှိပါတယ်။ အစွန်းထွက် အံ့ဩတုန်လှုပ်မှု ပမာဏ ၁ မှတ်ကို နောက် မစ်ရှင်အတွက် သိမ်းဆည်းပေးထားပါမယ်”

စနစ်ကိုအကြွေးပေးစရာရှိသည့် အတိုးများကို တွက်ချက်ကာ ၈ မှတ်နုတ်ပြီးနောက် ကျန်းကျီမြောင်တွင် ၁၂ မှတ် ကျန်ရှိသည်။

ထို ၁၂ မှတ်နဲ့ ဇာတ်လမ်းတွဲ အပိုင်း ၆၀ လောက်ကို လဲလှယ်နိုင်ပြီဖြစ်သည်။

၁၅ မှတ်ပြည့်အောင် ဆက်စုလိုက်ပါက ဇာတ်လမ်းတွဲရှည်များဖြစ်ကြသော Legend of Zhen Huan, The Story of Minglan စသည်တို့ကို လဲလှယ်ဝယ်ယူနိုင်ပါလိမ့်မည်။

ခန်းဆောင်နီအိပ်မက်အားပြီးအောင် မကြည့်ရသေးသဖြင့် ကျန်းကျီမြောင် အလျှင်မလိုသေးချေ။ ထို့ကြောင့် ၁၂ မှတ်ကို လောလောဆယ် စုထားဖို့ဆုံးဖြတ်လိုက်သည်။

ထုံးစံအတိုင်း တစ်ယောက်တည်းရီဝေနေသည့် ကျန်းကျီမြောင်ကို ကြည့်ကာ ယွဲ့လင်း ဖြည်းညှင်းစွာပြောလိုက်သည်။

“ဒီနေ့ကိစ္စ ဒီမှာပဲပြီးပါစေ၊ အပြင်ကို ပေါက်ကြားသွားလို့မရဘူး၊ မင်းသားအန်းဟယ်ကို တစ်တိုင်းပြည်လုံးက လေး စားကြည်ညိုကြတယ်၊ သူ့ ဂုဏ်သိက္ခာထိခိုက်လို့မဖြစ်ဘူး၊ ဒီကိစ္စ ဘယ်လောက်လေးနက်သလဲဆိုတာ အရှင်မ နားလည်ပါစေ”

ကျန်းကျီမြောင် အချိန်မှီအသိစိတ်ပြန်ကပ်သွားပြီး ထိုစကားကိုကြားသွားသည်။

သို့ဖြစ်ရာ သူ့ စိတ်ထဲမှ အထွန့်တက်လိုက်လေသည်။

[အသုံးမကျတဲ့ အရှင်မင်းကြီး ဘာမှမပြောရင်အကောင်း သား၊ အခု ဒီလိုပြောလိုက်တော့ ယွဲ့ဟွာကို အနိုင်ယူဖို့အတွက် ကိုယ်လုပ်တော်တွေအားလုံးကို တော်ဝင်မိသားစုနဲ့ ပူးပေါင်းရမယ်လို့ အရိပ်အမြွက်ပေးနေသလိုဖြစ်မသွားဘူးလား ?]

ယွဲလင်း ဘာမှမကြားချင်ယောင်ဆောင်ကာ ထပ်သတိပေး လိုက်သည်။

“ကျန်းပြောတာ မမေ့ကြနဲ့!”

ကိုယ်လုပ်တော်များ မျက်လုံးအရောင်လက်သွားကြသည်။ အပေါ်ယံမှာတော့ အားလုံးအမိန့်နာခံခဲ့ကြသည်။

သူတို့အားလုံး လှိုဏ်ဂူထဲမှပြန်ထွက်လာစဉ် အထိန်းတော်ကြီးတစ်ယောက်ရောက်လာလေသည်။

ယွဲလင်း မျက်ခုံးပင့်ကာ မေးလိုက်သည်။

“အထိန်းတော်မင် ဘာကိစ္စရှိလို့လဲ”

အထိန်းတော်မင် ဦးညွှတ်ဂါဝရပြုကာ လျှောက်တင်လိုက်ပါသည်။

“မယ်တော်ကြီးက အရှင်မင်းကြီးကို ရှို့အန်းနန်းဆောင်မှာ စောင့်မျှော်နေပါတယ်”

ယွဲ့လင်း သရော်ပြုံး ပြုံးလိုက်လေသည်။

ယွဲ့ဟွာနှင့် လင်းချင်ချင်တို့ကို ပြစ်ဒဏ်ခတ်ထားသည်မှာ မကြာသေးသော်လည်း မယ်တော်ကြီးမှ ချက်ချင်းဆင့်ခေါ်လာလေသည်။

ယွဲ့လင်း ခံစားချက်မဲ့စွာ ပြောလိုက်ပါသည်။

“ကောင်းပြီ”

--- --- ---

ယွဲလင်းမရှိတော့သည့်အခိုက် ကိုယ်လုပ်တော်များအားလုံး ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြလေသည်။

“မယ်တော်ကြီးက သားအငယ်ကို ပိုလိုက်တယ်ဆိုတဲ့ ကောလဟာလတွေကြားဖူးတယ်နော်၊ အခုအခြေအနေကို ကြည့်ရသလောက်တော့ အမှန်ပဲထင်တယ်”

“ဒါပေမယ့် ဘက်လိုက်တာကြီးက အစွန်းရောက်လွန်းပါတယ်၊ ယွဲ့ဟွာနဲ့ လင်းချင်ချင်တို့ ခိုးတွေ့တာ တစ်ကြိမ်လည်း မဟုတ် နှစ်ကြိမ်လည်းမဟုတ်လောက်ဘူး၊ မယ် တော်ကြီးကိုယ်တိုင်က သိသိလျက်နဲ့ဖုံးကွယ်ပေးထားတာပဲ ဖြစ်မှာ၊ ဒါဆို သူ့အတွက် အရှင်မင်းကြီးက ဘာလဲ”

“ဒီလိုအချိန်မျိုးမှာ အရှင်မင်းကြီးကိုဆင့်ခေါ်တယ်ဆိုတော့ ကျိန်းသေပေါက် အဲ့ဒီယွဲ့ဟွာအတွက်ပဲ ဖြစ်မှာ!”

ကိုယ်လုပ်တော်များ အသံတိုးတိုးဖြင့် အတင်းပြောလိုက်ကြသည်။

ကျန်းကျီမြောင် နားထောင်ရင်း စိတ်ဝင်စားသွားပြီး မေးလိုက်သည်။

“မယ်တော်ကြီး ဒီလိုဘက်လိုက်ရတဲ့ အကြောင်းအရင်းရှိလား”

ဒီကမ္ဘာကို သူမ ကူးပြောင်းလာခဲ့သော်လည်း မူလကျန်းကျီမြောင်၏မှတ်ဉာဏ်တွေ သူ့ထံ ရှိမနေပေ။ ပထမတော့ လူတွေသိသွားမှာ သူ စိတ်ပူခဲ့သည်။ သို့သော် ကိုယ်လုပ်တော်များမှ နည်းနည်းလေးပင် သံသယမဖြစ်ခဲ့ပေ။ သို့တိုင် သူ မသိနားမလည်တာတွေတော့ အများကြီးကျန်ရှိနေသေးသည်။

ကြင်ယာတော်ချန်ရှုယိက အမြန်ရှင်းပြလိုက်သည်။

“အရှင်မတော့ မသိလောက်ဘူး၊ အဲ့ဒီ မင်းသားအန်းဟယ်ဆိုတာ ငယ်ငယ်လေးကတည်းက ပါရမီရှင်လေ၊ ၆ နှစ်သားအရွယ်မှာ ‘ဆိတ်ငြိမ်ညရဲ့ အတွေးများ’၊ ၈ နှစ်သားအရွယ်မှာ ‘လယ်သမားများအတွက် ကရုဏာ’ စတဲ့ ကဗျာတွေကို ရေးဖွဲ့ခဲ့တာ၊ ဆယ်ကျော်သက်အရွယ်ကို ရောက် လာတော့လည်း ‘လရောင်အောက်က သေရည်တစ်ခွက်’ လိုမျိုး ဂန္ထဝင်ကဗျာတွေကို တစ်ပုဒ်ပြီးတစ်ပုဒ်ရေးဖွဲ့ခဲ့ပြန်ရော”

ချန်ရှုယိသည် ကိုယ်ပိုင်ရတနာများကဲ့သို့ ဂုဏ်ယူဝံ့ကြွားစွာ ရှင်းပြလိုက်ပသည်။

တခြားကိစ္စတွေကို ဘေးဖယ်ထားလိုက်လျှင် ယွဲ့ဟွာ၏ ပါရမီက သံသယဖြစ်စရာမရှိပေ။ ငယ်ရွယ်သော်လည်း ပညာရေးလောကမှာ အသိအမှတ်ပြုခံထားရသည့် ခေါင်း ဆောင်ကောင်းတစ်ယောက်ဖြစ်သည်။ ပညာရေးဆိုင်ရာအမတ်များပင် သူ့အား လေးစားကြရသည်။

သူ ရေးဖွဲ့ထားသည့် ‘လယ်သမားများအတွက် ကရုဏာ’ ကဗျာကြောင့် ကမ္ဘာလောကကြီးအပေါ်ထားသည့် ယွဲ့ဟွာ၏ မေတ္တာတရား အလွန်ကြီးမားသည်ဟု ပညာရေးဆိုင်ရာအမတ်များအသိအမှတ်ခဲ့ကြသည်။ ယခင် ဧကရာဇ်မင်းကြီး နတ်ရွာမစံခင်တုန်းက ယွဲ့ဟွာအား အိမ်ရှေ့စံမင်းသားအဖြစ် ပြောင်းလဲပေးဖို့ ဝန်ကြီး၊ မှူးမတ်များစွာတောင်းဆိုခဲ့ကြဖူးသည်။

သို့တိုင် နှောင်းဧကရာဇ်သည် ဆုံးဖြတ်ချက်အားမပြောင်း လဲခဲ့ဘဲ ယွဲ့လင်းကိုသာ ထီးနန်းအပ်နှင်းခဲ့သည်။

ချန်ရှုယိ ကြည်ညိုလေးစားနေချိန် ကျန်းကျီမြောင်ကတော့ ပါးစပ်အဟောင်းသားဖြင့် ကြက်သေသေသွားရသည်။

[ဘာ… ဘာလဲဟ! ဆိတ်ငြိမ်ညရဲ့ အတွေးများ… လယ်သ မားများအတွက် ကရုဏာ… လရောင်အောက်က သေရည်တစ်ခွက်တဲ့လား… ဒီယွဲ့ဟွာကလည်း ကျိန်းသေပေါက် ကူးပြောင်းလာတဲ့သူပဲ ဖြစ်ရမယ်!!!]

ကူးပြောင်းလာတဲ့သူ ဟုတ်လား ??

ချန်ရှုယိနှင့် ကိုယ်လုပ်တော်များ မှင်သက်သွားကြသည်။

ကူးပြောင်းလာတဲ့သူဆိုတာ ဘာလဲ ?

“ဆိတ်ငြိမ်ညရဲ့ အတွေးများဆိုတာ ‘အိပ်ရာဝင်ချိန် စန္ဒာလမင်းဆီက သက်ဆင်းလာတဲ့ အလင်းရောင်ဖျော့ဖျော့’ဆိုတဲ့ စာသားနဲ့ စတဲ့ ကဗျာလား ?"

ကျန်းကျီမြောင် မေးလိုက်သည်။

ချန်ရှုယိလည်း ခေါင်းညိတ်ပြလာသည်။

“ပြီးတော့ လရောင်အောက်က သေရည်တစ်ခွက်ဆိုတာ ‘ကောင်းကင်ပေါ်က စီးဆင်းလာတဲ့ မြစ်ဝါ’ စာသားနဲ့ စတဲ့ကဗျာလား”

ကိုယ်လုပ်တော်များအားလုံး ပြိုင်တူခေါင်းညိတ်လိုက်ကြသည်။ အားလုံးက ပညာရေးနောက်ခံကောင်းကြသဖြင့် ထိုကဗျာတွေအားလုံးကို ဖတ်ရှုဖူးကြသည်သာ။

[ဘယ်က ‘ပါရမီရှင်’လဲ! အဲ့ဒီ ဂန္ထဝင်ကဗျာတွေကို ကဗျာ ဆရာကြီးလီပိုင် ရေးဖွဲ့ထားခဲ့တာ! အဲ့ဒီ ယွဲ့ဟွာဆိုတာ သေချာပေါက် ခိုးကူးသမားပဲဖြစ်မှာ!]

ကျန်းကျီမြောင် စိတ်ထဲ ထိန်းမနိုင်သိမ်းမရရေရွတ်လိုက် တော့သည်။

ဒီကမ္ဘာကြီးက အတော်လေးထူးဆန်းနေသည်ကိုလည်း နားလည်လိုက်ရသည်။

ကူးပြောင်းလာတဲ့ ဇာတ်လိုက်မင်းသား၊ ဇာတ်လိုက်မင်း သမီး ‘ကြာဖြူ’လေး၊ ကံမကောင်းလှတဲ့ ဒုတိယဇာတ်လိုက်မင်းသား ‘လိုသုံး’ အရှင်မင်းကြီး…

တော်တော်ထူးဆန်းတဲ့ ဇာတ်ကောင်တွေပါလား…

ဒီကမ္ဘာကြီး တစ်ခုခုမှားယွင်းနေတာ သေချာနေပါပြီ။

ကိုယ်လုပ်တော်တွေ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

လီပိုင်ဆိုတာ ဘယ်သူလဲ ? ခိုးကူးသမားဆိုတာ ဘာလဲ ?

သုံးလအတွင်း ဧကရီမိဖုရားကြီးရဲ့ ထူးထူးဆန်းဆန်း ဝေါဟာရတွေကို နားလည်နိုင်အောင် သူမတို့ကြိုးစားခဲ့ရသည်။ နားလည်ခါစပြုလာပြီဟု ထင်လိုက်တိုင်း ပိုထူး ဆန်းသည့် ဝေါဟာရအသစ်တွေကို အဆက်မပြတ်ထပ်ကြားနေရပြန်သည်။

“စနစ်ပိုင်ရှင် နောက်ဆုံးတော့ သတိပြုမိသွားပြီပေါ့”

ကျန်းကျီမြောင် အာရုံထဲ စနစ်၏ပြက်ရယ်ပြုသော အသံ ထွက်ပေါ်လာခဲ့သည်။

ကျန်းကျီမြောင် အံကြိတ်လျက်မေးလိုက်သည်။

“စနစ်! ဒါ ဘာအဓိပ္ပာယ်လဲ!”

စနစ်က ချောင်းနှစ်ချက်လောက် ဟန့်ကာဖြေလိုက်ပါသည်။

“ဘာအဓိပ္ပာယ်မှ မဟုတ်ပါဘူး၊ စနစ်စတိုင်းဆိုင်ထဲမှာ ‘ဇာတ်လမ်းအကျဉ်းချုပ်’ဆိုတဲ့ ပစ္စည်းလေးတစ်ခုကို ဝယ် ယူလို့ရတယ်ဆိုတဲ့အကြောင်း စနစ်ပိုင်ရှင်ကို သတိလာပေးတာပါ၊ အဲ့ဒီပစ္စည်းလေးကိုသုံးပြီးရင် စနစ်ပိုင်ရှင် သိချင်နေတာတွေကို နားလည်သွားပါလိမ့်မယ်”

ဇာတ်လမ်းအကျဉ်းချုပ်တဲ့လား!

ကျန်းကျီမြောင် မျက်နှာပျက်သွားသည်။

ဇာတ်လမ်းအကျဉ်းချုပ်ဆိုတာ ရှိနေရင် သူ ရောက်ရှိနေတဲ့ ကမ္ဘာကြီးက… စာအုပ်တစ်အုပ်ထဲက ကမ္ဘာကြီးလား ??

ကိုယ်လုပ်တော်များနဲ့ ယွဲဟွာ၊ လင်းချင်ချင်တို့အကြောင်း အတင်းပြောဖို့ ကျန်းကျီမြောင် စိတ်မပါတော့ချေ။

အကြောင်းပြချက်တစ်ခုပေးပြီး ဖုန့်ယီနန်းဆောင်ဆီအမြန်ပြန်လာခဲ့လိုက်သည်။

ဖုန့်ယီနန်းဆောင်ကို ရောက်သည်နှင့်အခြွေအရံများကို အပြင်စေလွှတ်လိုက်ပြီး တစ်ယောက်တည်းရှိခါမှ စနစ်စတိုးဆိုင်ကို ဖွင့်ကြည့်လိုက်သည်။

စနစ်စတိုးဆိုင်ထဲ ‘ဇာတ်လမ်းအကျဉ်းချုပ်’ ဟူသည့် ပစ္စည်းတကယ်ရှိနေသည်။ တန်ဖိုးမှာ ၁၀ မှတ် ဖြစ်သည်။

ထို ၁၀ မှတ်ကိုသာ အသုံးပြုလိုက်လျှင် သူမ စုဆောင်းထားတာလေး အကုန်ပြောင်သွားလိမ့်မည်။ သို့သော် ဒီကမ္ဘာကြီးထဲမှာ ကူးပြောင်းလာသူ နောက်တစ်ယောက်ရှိနေသည်ဟူသော အတွေးကြီးက သူမကို စိတ်မသက်မသာ ဖြစ်စေသည်။

ထို့ကြောင့် ကျန်းကျီမြောင် အံကြိတ်လျက် ၁၀ မှတ်ကို အသုံးပြုလိုက်တော့သည်။

ချက်ချင်းဆိုသလို သူမ အာရုံထဲ စာကြောင်းတချို့ပေါ်လာ ခဲ့သည်။ ထိုစာကြောင်းတွေကိုဖတ်ရင်း ကျန်းကျီမြောင် မှင်သက်သွားလေတော့သည်။

ဇာတ်လမ်းအကျဉ်းချုပ်တဲ့!

တော်တော် အသေးစိတ်ကျတဲ့ အကျဉ်းချုပ်ပဲ!

ဇာတ်လမ်းအကျဉ်းချုပ်ကို ဖတ်ကြည့်ခြင်းအားဖြင့် သူမ ဝတ္ထုစာအုပ်တစ်အုပ်ထဲ ကူးပြောင်းလာခဲ့ခြင်းအားအတည် ပြုနိုင်ခဲ့သည်။ တိတိကျကျပြောရလျှင် အာဏာလုသည့် အနောက်ဆောင်နန်းတွင်းဝတ္တု အမျိုးအစားဝတ္ထုဖြစ်ပြီး ဇာတ်လိုက်မင်းသားကမူ ယွဲ့ဟွာဖြစ်သည်။

ဇာတ်လမ်းထဲတွင် ယွဲ့ဟွာသည် ခေတ်သစ်မှ ရှေးခတ်သို့ ကူးပြောင်းလာသူတစ်ယောက်ဖြစ်သည်။ ခေတ်သစ်မှာ ကျော်ကြားပြီးသား ကဗျာလင်္ကာများကို ရှေးခေတ်တွင် ကူးယူရေးသားပြီးကျော်ကြားလာခဲ့သည်။ ထို့နောက် ဆပ် ပြာ၊ ဖန် စသည်တို့ကို လျှို့ဝှက်တီထွင်ခဲ့သည်။ ထို့ပြင် ယမ်းမှုန့်များကိုပင် လူသူမသိစေဘဲ လျှို့ဝှက်တီထွင်ခဲ့သေးသည်။

ဆယ်ကျော်သက်အရွယ်တွင် အမျိုးသမီးများစွာ၏ နှလုံး သားကို ယွဲ့ဟွာ ဖမ်းစားနိုင်ခဲ့သည်။ ထိုအမျိုးသမီးတွေထဲမှာ လင်းချင်ချင် တစ်ဦးအပါအဝင်ဖြစ်သည်။ လင်းချင် ချင်အပြင် ဖန့်မိသားစုမှ ကိုယ်လုပ်တော်သမီးများ၊ စစ်သူ ကြီးများ၏သမီးတော်များ၊ ရန်သူ့တိုင်းပြည်များမှ မင်းသမီးများ အစရှိသည်ဖြင့် အားလုံး ယွဲဟွာအား စွဲလမ်းတပ်မက်ခဲ့ကြသည်။

ယွဲ့ဟွာသည်လည်း ခေတ်သစ်အသိပညာများကို အသုံးချလျက် အမျိုးသမီးများစွာ၏နှလုံးသားတွေကို သိမ်းပိုက်ခဲ့သည်။ နောက်ဆုံးတော့ ‘မင်းဆိုးမင်းညစ်’ ယွဲ့လင်းအား တွန်းလှန်နိုင်ခဲ့ပြီး ထီးနန်းကိုပိုင်ဆိုင်သွားခဲ့သည်။

ကျန်းကျီမြောင် “…”

ဝတ္ထုစာအုပ်တစ်အုပ်ထဲကို ကူးပြောင်းလာတာနဲ့တင် ကြောက်စရာကောင်းနေပြီ!

အခုတော့ ဇာတ်လိုက်မင်းသား ရှယ်အစွမ်းထက်တဲ့ Harem ဝတ္ထုထဲ ရောက်နေသတဲ့လား!

အလုံးစုံပြည့်စုံလှပါပေ့ဆိုတဲ့ သူ့ ဧကရီမိဖုရားဘဝက သက်တမ်း ၃ နှစ်ပဲ ရှိတာပေါ့!

သုံးနှစ်အတွင်း

- နန်းတော်ထဲတွင် ယွဲ့လင်း ဆန်းကြယ်စွာ နတ်ရွာစံသွားလိမ့်မည်။

- ထိုအခါ ထီးနန်းကို ယွဲ့ဟွာ ပိုင်ဆိုင်သွားလိမ့်မည်။

- ယွဲလင်း၏ကြင်ယာတော်၊ ကိုယ်လုပ်တော်တိုင်းကမူ ဆိုးရွားသော ကံကြမ္မာနှင့် ဇာတ်သိမ်းရလိမ့်မည်။

ယွဲလင်း နတ်ရွာစံပြီးနောက် ကျန်းကျီမြောင်၏အဖေဖြစ်သူ ဝန်ကြီးချုပ်မှ အမှန်တရားကိုဖော်ထုတ်ဖို့ကြိုးစားလိမ့် မည်။ ထိုအခါ ယွဲ့ဟွာသည် ဝန်ကြီးချုပ်အား ပုန်ကန်သူဟု ခေါင်းစဉ်တပ်ကာ ဆွေစဉ်မျိုးဆက်ခုနှစ်ဆက်အားကွပ် မျက်ဖို့ ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ယခင် ဧကရီမိဖုရားကြီးဖြစ်ခဲ့သည့် ကျန်းကျီမြောင်သည်လည်း ညတစ်ညတွင် အိပ်ရာထဲ ခေါင်းအုံးဖြင့် ဖိသတ်ခံရလိမ့်မည်။

ယွဲ့ဟွာအား မထောက်ခံသည့် ကြင်ယာတော်သဲ့ မိသားစုမှာလည်း စစ်တပ်အာဏာလျော့ချခံရလိမ့်မည်။ ဒုစစ်သူ ကြီးတစ်ဦး၏သမီးဖြစ်သူမှာ ယွဲ့ဟွာ ကိုယ်လုပ်တော်ဖြစ် လာပြီး ယွဲဟွာနန်းတက်သည့်နေ့တွင် ကြင်ယာတော်သဲ့၏ နန်းဆောင်မှာ အာဏာပြနှိပ်စက်သဖြင့် ကြင်ယာတော်သဲ့ စိတ်ဓာတ်ကျကာ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားလိမ့် မည်။

ကြင်ယာတော်စုကျဲယွီကို အဆိပ်လက်ကောက် လက် ဆောင်ပေးခဲ့သည့် ဖအေတူမအေကွဲညီမဆိုသူကလည်း နတ်ဆေးသမားတော်ကြီးတစ်ပါး၏ ဆက်ခံသူဖြစ်ကာ ယွဲ့ဟွာ ကြင်ယာတော်များထဲမှတစ်ဦးဖြစ်လာလိမ့်မည်။ စုကျဲယွီလည်း အဆိပ်မိကာ နား၊ နှာခေါင်း၊ ပါးစပ် စသည်တို့မှ သွေးတွေစီးကျလျက် သေဆုံးရပေလိမ့်မည်။

ဇာတ်လမ်းအကျဉ်းချုပ်ကို ကျန်းကျီမြောင် ဖတ်ကြည့်လေလေ ခေါင်းတွေကျိန်းစပ်လာလေလေပင်။

သုံးနှစ်…

သုံးနှစ်ပဲ အချိန်ရှိတော့တယ်…

ဇာတ်လမ်းသာ ဒီအတိုင်းဆက်သွားလျှင် သူသည်လည်း စာအုပ်ထဲကအတိုင်း ဆိုးရွားသောသေဆုံးခြင်းနှင့် ဇာတ်သိမ်းရလိမ့်မည်သာ။

All Chapters