← Chapters

အခန်း (၂၁)

Vol. 3 Ch. 21

အခန်း (၂၁)

Vol. 3 Ch. 21

ညအချိန်…

ယနေ့ည ဖုန့်ယီနန်းဆောင်သို့ ယွဲ့လင်း ကြွမြန်းမလာခဲ့ပေ။ တခြား ကြင်ယာတော် နန်းဆောင်များထံသို့လည်း မကြွ မြန်းခဲ့ဘဲ ယန်ရှင်းခန်းမဆောင်မှာသာ ရှိနေခဲ့သည်။ ဒီရက်ပိုင်းထဲ နန်းတွင်းရေးရာကိစ္စများ ဆောင်ရွက်ဖို့ ရှိနေသဖြင့် အနောက်နန်းဆောင်သို့ ကြွမြန်းဖို့အချိန်ရှိမှာ မဟုတ်ကြောင်း လီသဲ့ဟွိုက်အား သတင်းပါးခိုင်းခဲ့သည်။

ယွဲ့လင်း ကြွမြန်းလာခြင်း၊ မလာခြင်းက ကျန်းကျီမြောင်အတွက် သိပ်အရေးမကြီးပါ။ သို့သော် ယွဲ့လင်းအား ဒုတိယမင်းသမီးကိစ္စကို လျှောက်တင်ဖို့ရက်ပိုင်းလောက် ထပ်စောင့်ရဦးမည်ထင်သည်။ သို့သော် ကိစ္စတော့ မရှိပေ ကျန်းကျစ်ဖျင်ကိုလည်း နန်းတွင်းအဖွဲ့မှ ‘အကဲဖြတ်နေဆဲ’ ဖြစ်သည်။ ဒုတိယမင်းသမီး လက်ဆက်ထိန်းမြှားမည့် ကိစ္စမှာ အချိန်လိုပါသေးသည်။

ကျန်းကျစ်ဖျင်ကို စုံစမ်းစစ်ဆေးဖို့အတွက် ခမည်းတော် ဝန်ကြီးချုပ်ထံ ကျန်းကျီမြောင် စာတစ်စောင်ပေးပို့ထား သည်။ သဲလွန်စတချို့ရလာမှ ဒီပြဿနာကို ဖော်ထုတ်တာ ပိုကောင်းသည်။ ယခုလိုကိစ္စမျိုးမှာ အတတ်နိုင်ဆုံး စိတ်ကို ရှည်ရှည်ထားသင့်သည်။

လောလောဆယ်တော့ ကျန်းကျီမြောင်ထံ တခြားစီစဉ်စရာတွေရှိနေပါသေးသည်။

“ကျွေ့ယွဲ့နဲ့ ယွင်ရှန်းတို့… အနောက်နန်းဆောင်ထဲက ကိုယ် လုပ်တော်တွေ အရမ်းအားလပ်နေကြတယ်ထို့ မထင်မိဘူးလား”

ကျန်းကျီမြောင် ဆင်ခြင်တွေးတောသည့်လေသံဖြင့် မေးလိုက်လေသည်။

သူမတို့မှာ စိတ်အပန်းဖြေစရာမရှိသလို အချင်းချင်း ရန်ပတ်ဖြစ်စရာအကြောင်းလည်း မရှိပေ။ ထို့ကြောင့် နေ့ရက်တွေက ငြီးငွေ့စရာကောင်းနေပါလိမ့်မည်။ မဟုတ်လျှင် ဖုန့်ယီနန်းဆောင်သို့ နေ့စဉ်ရက်ဆက် ဒီလို အစုလိုက်အပြုံ လိုက် ရောက်လာကြမည် မဟုတ်ပါ။

“ဧကန္တ အရှင်မကို ကြည်ညိုလေးစားပြီး ချစ်မြတ်နိုးလို့ ဖြစ်မှာပေါ့”

ကျွေ့ယွဲ့ နွေးထွေးစွာ လျှောက်တင်လိုက်သည်။ သူမလည်း မိဖုရားကြီး၏ဆွဲဆောင်မှုကို အံ့အားသင့်မိပါသည်။ ဧကရီမိဖုရားကြီးတစ်ပါး၏နန်းဆောင်သို့ ကိုယ်လုပ်တော်များ အလုအယက် ကြွမြန်းကြသည့်ဖြစ်ရပ်ကို ဘယ်မင်းဆက်ခေတ်မှာမှ မကြားဖူးခဲ့ပေ။

“သခင်မတွေက နေစရာ စားစရာ ဘာအပူအပင်မှမရှိဘူးလေ၊ အဲ့တာကြောင့် ပေါ့ပေါ့ပါးပါး နေထိုင်နေကြတာဖြစ်မှာပါ”

ယွင်ရှင်းကလည်း အပြုံးဖြင့် လျှောက်တင်လိုက်သည်။

ကျန်းကျီမြောင် အကြံရသွားသော မျက်နှာမျိုးဖြင့် ပြောလိုက်ပါသည်။

“အမှန်ပဲ! ဒါပစ္စည်းဥစ္စာပြည့်စုံပေမယ့် စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်ရှိနေတဲ့ သဘောပဲ!”

ကျွေ့ယွဲ့နဲ့ ယွင်ရှန်းတို့ မှင်သက်သွားကြသည်။

သို့သော် ကျန်းကျီမြောင်ကတော့ နားလည်သွားပါပြီ။ ဥစ္စာ ပစ္စည်းပြည့်စုံမှုကိုကော၊ စိတ်ပိုင်းဆိုင်ပြည့်စုံမှုကိုကော လက်နှက်ဖက်စလုံးဖြင့် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရမည်ဟု ဆိုရိုးရှိခဲ့သည်။ ကိုယ်လုပ်တော်များက နေစရာ စားစရာအတွက် ပူပင်စရာမလိုသော်လည်း စိတ်ပိုင်းဆိုင် ရာလိုအပ်ချက်တော့ ရှိနေပါသေးသည်။ ထို့ကြောင့်လည်း အမြဲလိုလို ပျင်းရိနေကြခြင်းဖြစ်နိုင်သည်။

ဒီရက်ပိုင်းထဲ ယွဲ့လင်းထံမှ ‘လစာ’တိုးတောင်းဖို့ ကျန်းကျီမြောင်ကြံရွယ်ထားတာဖြစ်သည်။ ဒီ ‘စိတ်ဓာတ်ဆောက် တည်မှု’ ပရောဂျက်ကိုသာ အောင်အောင်မြင်မြင်ရေးဆွဲနိုင်လျှင် လစာတိုးတောင်းသည့်အခါ ယုံကြည်ချက်ပိုရှိသွားနိုင်ပါသည်။

ကျန်းကျီမြောင် အစီအစဉ် စဆွဲလေတော့သည်။

အနောက်နန်းဆောင်ကို စိတ်ဓာတ်ဆောက်တည်ပေးဖို့အတွက် အရင်ဆုံးအချိန်ဇယားတစ်ခုလိုအပ်သည်။ ပညာ သင်ချိန်၊ အပန်းဖြေချိန်၊ အနားယူချိန် စသည်ဖြင့် အရာရာကို အစီအစဉ်ဖြင့် စနစ်တကျဆောင်ရွက်ရမည်။ အထူး သဖြင့် မနက်ခင်း ဂါဝရပြုချိန်တွေကို သေသေချာချာ ကြပ်မတ်ရမည်။ ပုံမှန်ကျောင်းတက်ချိန်ဖြစ်သော မနက် ၈ နာရီလောက်ဆိုအဆင်ပြေသည်။ ဒါဆို ကိုယ်လုပ်တော်တွေလည်း သူ့ထက် ငါ အရင် ကြိုရောက်အောင် အလုအ ယက် လာနိုင်မည်မဟုတ်တော့ပေ။ မနေ့ကဆို မနက် ၅ နာရီလောက်ကတည်းက နန်ဆောင်ရှေ့ရပ်စောင့်နေကြတာဖြစ်သည်။ သူမ အိပ်စက်အနားယူသည်အား အနှောင့် အယှက်ပေးနိုင်မည့် အရာမှန်သမျှအား ကျန်းကျီမြောင် သည်းခံနေမှာ မဟုတ်ချေ။

ထို့နောက် အချိန်ဇယားတစ်ခုကို ကျန်းကျီမြောင် စနစ်တ ကျ စတင်ဆွဲသားလေတော့သည်။

နောက်တစ်နေ့ ကိုယ်လုပ်တော်များ ဂါဝရလာပြုကြသော အခါ အချိန်ဇယားများကို ဝေငှပေးလိုက်သည်။

“အချိန်ဇယားဟုတ်လား ဘာကြီးလဲ”

ကိုယ်လုပ်တော်များ ဇဝေဇဝါဖြစ်သွားကြသည်။

ကိုယ်လုပ်တော်တိုင်းရဲ့လက်ထဲ အချိန်ဇယားတစ်ခုစီ ရောက်သွားမှ ကျန်းကျီမြောင် ရှင်းပြလိုက်လေသည်။

“အခု အားလုံးလက်ထဲမှာ အချိန်ဇယားတစ်ခု ရထားလောက်ပြီ၊ အခုချိန်ကစပြီး ‘ငါးရက်ဖွင့် နှစ်ရက်ပိတ်’ စနစ်ကို ကျင့်သုံးမယ်၊ မနက်ဖြန်ကစပြီး ဒီအချိန်ဇယားထဲကအတိုင်း စတင်လိုက်နာဆောင်ရွက်ကြမယ်”

ကျန်းကျီမြောင် လည်ချောင်းရှင်းလျက် ဆက်ရှင်းပြ သည်။

“ပထမဆုံးအနေနဲ့ ဂါဝရပြုချိန်ကို ချန်အချိန် (7:00AM – 9:00AM) ထိ ရွှေ့ဆိုင်းမယ်၊ အဲ့ဒီအချိန်မတိုင်မချင်း ဘယ်သူမှ ကျောင်းလာ-- အဲလေ ဂါဝရလာပြုလို့ မရဘူးနော်! မနက်ပိုင်းမှာ အနုပညာအတန်းနဲ့ စာပေအတန်းဆိုပြီး အတန်း နှစ်တန်းတက်ရမယ်”

ဟွားပေါင်လင်ထံ ကျန်းကျီမြောင် လှမ်းကြည့်လိုက်သည်။

“ကိုယ်လုပ်တော်ဟွားက ဗျပ်စောင်းပါရမီရှိတယ်လို့ ကြား သိရတယ်၊ အဲ့တာကြောင့် မနက်ခင်း အနုပညာအတန်းကို ကိုယ်လုပ်တော်ဟွား သင်ကြားပေးရမယ်”

အချိန်ဇယားကို အူတူတူကြည့်နေသည့် ဟွားပေါင်လင် အမည်ခေါ်ခံရသောအခါ ဆတ်ခနဲ ခေါင်းထောင်သွားလေသည်။

“အရှင်မ… ဒီကိုယ်လုပ်တော်ရဲ့မစို့စပို့ ပညာပါရမီလေးနဲ့ အားလုံးကို ဘယ်လိုလုပ်သင်ကြားပေးနိုင်မှာလဲ…”

ကျန်းကျီမြောင်က လက်ရမ်းပြကာ တားလိုက်သည်။

“အနောက်နန်းဆောင်ထဲကို အပြင်လူတွေ နေ့စဉ်ဝင်လာဖို့ မသင့်တော်ဘူး၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် မနှိမ့်ချပါနဲ့၊ ဒီညီအစ်မတွေထဲမှာ အနုပညာအတန်းကို ကိုယ်လုပ်တော်ဟွားမှ မသင်ပေးနိုင်ရင် ဘယ်သူက သင်ပေးနိုင်မှာလဲ”

ဟွားပေါင်လင် တွန့်ဆုတ်နေစဉ် ချန်ရှုယိဝင်ပြောလိုက်လေသည်။

“ကိုယ်လုပ်တော်ဟွား ဒီတာဝန်ကိုယူမှဖြစ်မယ်နော်၊ အ နောက်နန်းဆောင်က ညီအစ်မတွေ အတူတူရှိနေသရွေ့ ဘာမဆို ကျော်ဖြတ်နိုင်ပါတယ်၊ ဒီကြင်ယာတော်တွေကို စိတ်ချ လက်ချသာ ပညာသင်ကြားပေးပါ”

ဟွားပေါင်လင် ရုတ်တရက် နားလည်သွားလေသည်။ ဧကရီမိဖုရားကြီးနားမှာနေဖို့ အကြောင်းအရင်းတစ်ခု ရှာနိုင်လျှင် အတန်းချိန်မှာ သူမတို့ ဘာပဲလုပ်နေလုပ်နေအရေးမကြီးတော့ပေ။ ထို့ကြောင့် ဟွားပေါင်လင် အမြန်ခေါင်းညိတ်လိုက်လေသည်။

“စာပေအတန်းကိုတော့ ကိုယ်လုပ်တော်စုက သင်ကြားပေးပါလိမ့်မယ်”စုကျီယွဲ့အား ကျန်းကျီမြောင် လှမ်းကြည့်လိုက်သည်။

“ကိုယ်လုပ်တော်စုက စာပေပါရမီရှိတယ်လို့ ဂုဏ်သတင်း မွှေးတယ်၊ အဲ့တာကြောင့် စာပေသင်ခန်းစာတွေ သင်ကြားပေးဖို့ သင့်လျော်မှာပါ”

ဟွားပေါင်လင်လိုပဲ စုကျီယွဲ့လည်း ခေါင်းညိတ်နာခံလိုက်လေသည်။

“အတန်းနှစ်တန်းပြီးတဲ့အခါ ညီအစ်မတွေ အနားယူချိန်ရောက်ပြီ၊ အဲ့ဒီအချိန်မှာ နေ့လယ်စာသုံးဆောင်လို့ရတယ်၊ ပြီးရင်နေ့လယ်ခင်းမှာ နောက်ထပ် အတန်းနှစ်တန်းတက်ရမယ်၊ ကိုယ်ခန္ဓာကြံ့ခိုင်ရေးအတန်းကို ကြင်ယာတော်သဲ့က ဦးဆောင်သင်ကြားပေးလိမ့်မယ်၊ နောက်အတန်းကိုတော့ စွမ်းရည်တစ်မျိုးမျိုး ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်က ကိုယ်တတ်ထားတဲ့ပညာကို ဆန္ဒရှိသလိုသင်ကြားပေးနိုင်တယ်”

ကျန်းကျီမြောင် ရှင်းပြစရာရှိတာ အကုန်ရှင်းပြပြီးနောက် ကိုယ်လုပ်တော်များကို ကြည့်လျက်ပြောလိုက်သည်။

“ငါးရက်ဆက်တိုက် အတန်းတက်ပြီးတဲ့အခါ မဖြစ်မနေ နှစ်ရက်အနားယူရမယ်၊ ဒါပေမယ့် အဲ့ဒီ ငါးရက်ကတော့ မဖြစ်မနေ အတန်းတက်စရာမလိုဘူးနော်၊ ဆန္ဒရှိတဲ့အတိုင်း လာချင်လည်း လာ မလာချင်လည်း မလာလို့ရတယ်၊ ဒီအစီအစဉ်ကို ‘အနောက်နန်းဆောင် စိတ်ဓာတ်ဆောက် တည်မှု ပထမ ငါးနှစ်တာ စီမံကိန်း’လို့ အမည်ပေးထားတယ်၊ ဘယ်သူ ဘာ မေးချင်သေးလဲ”

စိတ်ဓာတ်ဆောက်တည်မှု ဟုတ်လား…

ပထမ ငါးနှစ်တာ စီမံကိန်းဟုတ်လား….

တစ်လုံးမှ နားမလည်ကြသော်လည်း ကိုယ်လုပ်တော်များ ခေါင်းတွေဆက်တိုက်ညိတ်လိုက်ကြသည်။ ဧကရီမိဖုရားကြီးနားမှာရှိလာသည်မှာ အချိန်တွေကြာလာပြီဖြစ်သဖြင့် သူမတို့ အရိပ်အကဲနားလည်နေကြပါပြီ။ တစ်စုံတစ်ခုကို ချက်ချင်း နားမလည်လည်းပြဿနာမရှိပေ။ နောက်မှ တွေးတောသုံးသပ်ရင်း တဖြည်းဖြည်းနားလည်လာပါလိမ့်မည်။

“ဒီနေ့ နန်းဆောင်မှာ ဆက်နေချင်သေးတဲ့သူရှိရင် လက်ဘက်ရည်လေး ဘာလေးသုံးဆောင် စကားလေးဘာလေးပြောပြီး တစ်ယောက်အကြောင်းတစ်ယောက် ရင်းနှီးအောင် အရင်လုပ်ကြမယ်။ မနက်ဖြန်မှ အချိန်ဇယားကို တရားဝင်လိုက်နာကြမယ်။ တခြားဆောင်ရွက်စရာ ကိစ္စတွေရှိသေးရင် ပြန်နိုင်ပါပြီ”

ထို့နောက် ကျန်းကျီမြောင် သတိထပ်ပေးလိုက်သည်။

“ဒီမိဖုရားက အပြောတစ်မျိုး အလုပ်တစ်မျိုး လုပ်တတ်တဲ့သူ မဟုတ်ဘူးနော်၊ ဆန္ဒရှိသလို သွားနိုင်လာနိုင်တယ်လို့ပြောတာက စိတ်ရင်းအမှန်နဲ့ တကယ်ပြောတာ၊ အတန်း လာမတက်လို့လည်း ကျောင်းတွင်း-- အဲလေ အနောက်နန်းဆောင်အတွင်းမှာ ခွဲခြားဆက်ဆံခံရမှာမဟုတ်ဘူး၊ အားလုံးကို အစကနေ အဆုံးအထိ တန်းတူညီမျှပဲ ဆက် ဆံသွားမယ်”

ကိုယ်လုပ်တော်များအားလုံး ကြည်နူးသွားကြသည်။

“ဘာပဲဖြစ်ဖြစ် အရှင်မကို ဒီကြင်ယာတော်တို့ ခွဲမသွားရက်ပါဘူး၊ ဖြစ်နိုင်မယ်ဆိုရင် အရှင်မ နားမှာပဲ နေ့နေ့ညည အတူရှိနေချင်တာပါ”

“အရှင်မက ဂုဏ်ကျက်သရေပေါင်း ထောင်နဲ့ချီ ပိုင်ဆိုင်ထားတဲ့ မိဖုရားတစ်ပါးပဲ၊ အရှင်မ နားမှာနေရတာ နွေခေါင် ခေါင် မိုးစက်ကလေးတွေကျလာသလို အေးချမ်းလွန်းလှပါတယ်”

ကိုယ်လုပ်တော်များ တစ်ယောက်ပြီးတစ်ယောက် ချီးမွမ်းထောပနာပြုခဲ့ကြသည်။

တခြားကိုယ်လုပ်တော်များ၏ စကားလုံးလှလှကလေးများကိုအချိန်အတော်ကြာအောင် အန်းကျောက်ရီ နားထောင်နေခဲ့သည်။ သူမ အလှည့်ရောက်သောအခါ ထစ်ထစ်ငေါ့ငေါ့ဖြင့် တိုးညှင်းစွာလျှောက်ထားလိုက်ပါသည်။

“ဒီ… ဒီကြင်ယာတော်လည်း ထိုနည်းလည်းကောင်းပါပဲ”

အား!!!

အန်းကျောက်ရီ ရင်ထဲ အော်ဟစ်ငိုကြွေးလိုက်လေသည်။

စကားလုံးလှလှလေးတွေ မတွေးတတ်တော့ဘူး!

စာကောင်းကောင်းမတတ်လို့ အားငယ်ရတယ်ဆိုတာ ဒါမျိုးလား…

ဒီတစ်ခါတော့ စာပေအတန်းကို သေသေချာချာတက်ရောက်မှ ဖြစ်မယ်!

ကိုယ်လုပ်တော် တစ်ဦးတစ်ယောက်မှ ပြန်ချင်စိတ်မရှိကြပေ။ ထို့ကြောင့် ကိုယ်လုပ်တော်တွေ စိတ်လွတ်လောက်အောင် ပျင်းရိနေကြမှန်း ကျန်းကျီမြောင် ပိုသေချာသွားခဲ့ပါသည်။

လင်းလင်းထင်းထင်းရှိသည့် ဘေးဘက်ခန်းဆောင်တစ်ခုကို စာသင်ခန်းအဖြစ်ပြောင်းလဲဖို့ ကျန်းကျီမြောင် စီစဉ်ထား သည်။ နေ့လယ်ခင်း လက်ဘက်ရည်သုံးဆောင်ဖို့၊ အနားယူဖို့ကိုလည်း နေရာတစ်ခု သတ်မှတ်ပေးထားသည်။ ဒီနေ့ ဘာမှဆက်လုပ်စရာမရှိတော့သဖြင့် ထိုနေရာသို့ အားလုံးကို ခေါ်သွားပြီး လက်ဘက်ရည်တွေ၊ မုန့်ပဲသရေ စာတွေ စီစဉ်ပေးလိုက်လေသည်။

“ဒီနေ့က စာသင်သားတွေ တစ်ယောက်အကြောင်းတစ်ယောက်ပိုသိပြီး ရင်းနှီးလာစေဖို့အတွက် ရည်ရွယ်တာ၊ ကိုယ့်အကြောင်း ကိုယ် မိတ်ဆက်လို့ရသလို တခြားအ ကြောင်းအရာတွေ အေးအေးဆေးဆေး ပြောချင်လည်း ပြောနိုင်တယ်”

ကျန်းကျီမြောင် အားလုံးကို သက်သက်သာသာနေဖို့ ပြောလိုက်သည်။ ထို့နောက် သက်သောင့်သက်သာအရှိဆုံး နေရာတစ်ခုကို ရွေးလိုက်ပြီး ပျင်းရိပျင်းတွဲထိုင်လျက် ဇာတ်လမ်းတွဲကို ပျော်ပျော်ကြီးဆက်ကြည့်နေလိုက်တော့သည်။

ပထမတော့ ကိုယ်လုပ်တော်တွေ ခါးမတ်မတ်ထားကာ ဣန္ဒြေရှိရှိ ထိုင်နေကြသော်လည်း ကျန်းကျီမြောင်၏ ကိုယ် တစ်ပိုင်းသေ ထိုင်ပုံ ထိုင်နည်းကိုမြင်ပြီး အလွန်သက်တောင့်သက်သာ ရှိလိမ့်မည်ဟု ခံစားလာကြရသည်။

ခန်းဆောင်နီအိပ်မက်ကို ဖွင့်ကြည့်နေစဉ် လက်ဘက်ရည်ပူပူ၊ သစ်သီးချိုချိုလေးများကိုလည်း ဘေးမှာ လာတည်ခင်းပေးခဲ့သည်။ အလွန်တိတ်ဆိတ်အေးချမ်းလွန်းလှသည်။

ဇာတ်လမ်းတွဲထဲတွင် မိဘများထံ ကြင်ယာတော်ယွမ် သွားရောက်သည့် အခန်းကိုရောက်ရှိနေပြီဖြစ်သည်။ ဒါကိုမြင်တော့ ကျန်းကျီမြောင် သက်ပြင်းချမိသည်။

[ကျားအိမ်တော် အမြင့်ဆုံးကိုရောက်သွားတဲ့အချိန်က သူ့ရဲ့ကျဆုံးခြင်း စတင်တဲ့အချိန်ဆိုလည်း ဟုတ်တယ်၊ နောက်ဆုံးကျတော့လည်း ဒီမိန်းမလှလေးတွေ ကြမ္မာဆိုးကို ရှောင်လွှဲနိုင်မှာ မဟုတ်ပါလား…]

[ခန်းဆောင်နီအိပ်မက်ထဲက ဇာတ်သိမ်းကို ပြောင်းလဲလို့ မရနိုင်ပေမယ့် အနောက်နန်းဆောင်ထဲက ညီအစ်မတွေရဲ့ ဇာတ်သိမ်းကိုတော့ ပြောင်းလဲပေးဖို့ ငါအစွမ်းကုန်ကြိုးစား မှဖြစ်မယ်]

ကျန်းကျီမြောင် စိတ်ထဲမှရေရွတ်လိုက်သည်။

ထိုအခါ ကိုယ်လုပ်တော်များ အနည်းငယ်ရင်တုန်သွားကြလေသည်။

အရှင်မ ဘာကို ဆိုလိုတာလဲ ?

ခန်းဆောင်နီအိပ်မက်က ဝမ်းနည်းစရာဇာတ်သိမ်းနဲ့လား ?

ပြီးတော့…

သူတို့တွေလည်း ဇာတ်လမ်းထဲက မိန်းမလှလေးတွေလိုပဲ ကြမ္မာဆိုးနဲ့ ဇာတ်သိမ်းရမှာတဲ့လား…

ကိုယ်လုပ်တော်အားလုံး၏ရင်ထဲ ထူးဆန်းသည့်ခံစားချက်ကြီးတစ်ခု ဖြစ်တည်လာခဲ့လေသည်။

All Chapters