အခန်း (၂၃)
Vol. 3 Ch. 23
လင်းချင်ချင်ကို အားလုံး ဝိုင်းကြည့်လိုက်ကြသည်။
လင်းချင်ချင် ပဟေဠိဆန်ဆန် ပြန်ဖြေလိုက်လေသည်။ “စာရေးသူ တစ်ခါတုန်းက ပြောခဲ့ဖူးသလိုပဲ ကြက်ဥစားတဲ့လူက ဘယ်ကြက်မရဲ့ဥမှန်း သိစရာမှမလိုတာ၊ အရင်ဖတ်ကြည့်လိုက်ကြပါလား”
အစ်ကိုဟွာကို ပွဲထုတ်ရမည့် အချိန်မဟုတ်သေးပါ။ သူမရဲ့ အကြံအစည် သက်ရောက်မှု ပိုကြီးမားစေဖို့အတွက် ဒီကိုယ်လုပ်တော်တွေ စာအုပ်ကို ဖတ်ရှုမိပြီး စွဲလမ်းသွားသည့်အချိန်ကျမှ စာရေးသူ၏အမည်ကို ထုတ်ဖော်လိုက်မည်သာ။
လင်းချင်ချင်ကို ကျန်းကျီမြောင် ပြုံးတစ်ဝက် မဲ့တစ်ဝက်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် ခန်းဆောင်နီအိပ်မက် စာအုပ်ကို ယူလိုက်ပြီး စာရွက်တစ်ရွက်နှစ်ရွက်လောက် လှန်လိုက်သည်။ တခြား ကိုယ်လုပ်တော်တွေကိုလည်း တစ်အုပ်စီလိုက်ဝေပေးဖို့ ဟွေ့ရှင်းအား လင်းချင်ချင် ညွှန်ကြားလိုက်လေသည်။
ကျန်းကျီမြောင်စာအုပ်ဖတ်နေတာကိုမြင်သဖြင့် ကိုယ်လုပ် တော်တွေလည်း ဖွင့်ဖတ်ကြည့်လိုက်ကြသည်။ စာတန်းတွေ အများကြီးကို မြင်လိုက်ရတာနဲ့တစ်ပြိုင်နက် ကြင်ယာတော်သဲ့ သန်းဝေမိသွားပါသည်။ သူမအတွက် ဇာတ် လမ်းတွဲ ကြည့်ရတာက ပိုစိတ်ဝင်စားစရာကောင်းသည်။ စာဖတ်ရတာ မျက်လုံးညောင်းသည်။
သို့သော်လည်း ချန်ရှုယိ၊ စုကျဲယွီတို့ကဲ့သို့ စာပေပါရမီရှိသူများကတော့ ဖတ်ရှုပြီးတာနဲ့တစ်ပြိုင်နက် မျက်နှာတွေ ပြောင်းလဲသွားကြသည်။ သူမတို့ ဇာတ်လမ်းတွဲကြည့်ဖူးကြတာမှန်သည်။ သို့သော် စာကို ဖတ်ရှုကြည့်ပြန်တော့လည်း ခံစားချက်တစ်မျိုးတစ်ဖုံပေးစွမ်းနေလေသည်။ တချို့အရေးအသားများက ဇာတ်လမ်းတွဲထက်ပင် ဆွဲဆောင်မှုပိုရှိသည်ဟု ခံစားရလေသည်။
စာရေးဆရာကြီး ချောင်းရွှယ်ချင်က တကယ့်ပါရမီရှင်ပဲ!
စာရေးသူအစစ်အမှန်ကိုသာ ကြိုမသိထားလျှင် လင်းချင် ချင်၏ အလိမ်အညာများကို သူမတို့ ယုံကြည်မိလောက်သည်။
“တကယ်ကောင်းတဲ့ စာအုပ်လေးပါ”
လင်းချင်ချင်ကို ကြည့်လျက် ကျန်းကျီမြောင် ပြောလိုက်သည်။
“ဘာမှ ဖုံးကွယ်ထားစရာမလိုပါဘူး ရံရွေတော်လင်း၊ ဒီခန်းဆောင်နီအိပ်မက်ကို ယွဲ့ဟွာ ရေးသားထားတာလို့ ပြောချင်နေတာ မဟုတ်လား”
ကျန်းကျီမြောင် ပေါ်တင်မေးလိုက်သည်။
လင်းချင်ချင် ကြက်သေသေသွားခဲ့၏။
အဖြေတောင် ပြောမပြရသေးဘဲ ကျန်းကျီမြောင်က ဘာကြောင့် ကြိုသိနေရတာလဲ။
တခြားကိုယ်လုပ်တော်တွေကို ကြည့်လိုက်ပြန်တော့လည်း အားလုံးက အံ့အားသင့်သည့်ပုံစံ ပေါက်မနေကြပေ။
သို့သော် လင်းချင်ချင် နားလည်သွားသည်။ အစ်ကိုဟွာက နာမည်ကြီး ရေပန်းစားလွန်းတာကြောင့်ဖြစ်လိမ့်မည်။ ဒီလို ဂန္ထဝင်လက်ရာမျိုးကို အစ်ကိုဟွာမှအပ တခြားဘယ်သူက ရေးနိုင်မည်နည်း။ အစ်ကိုဟွာ တော်လွန်းသဖြင့် သူများတွေကို အံ့အားသင့်အောင်လုပ်ဖို့ပင် မအောင်မြင်ခဲ့ချေ။
လင်းချင်ချင် ဂုဏ်ယူဝံ့ကြွားမှုအပြည့်ဖြင့် ခေါင်းညိတ်လိုက်ပါသည်။
“အမှန်ပါပဲ! အစ်ကိုဟွာက လျှို့ဝှက်ထားဖို့ ပြောပေမယ့် သူ့လို စာပေပါရမီရှင်မျိုးကို ဘာမှ ဖုံးကွယ်ထားစရာမလိုဘူးလို့ ဒီရံရွေတော် ခံစားမိတယ်”
ကျန်းကျီမြောင် မဲ့ပြုံးပြုံးလျက် တည်တည်ငြိမ်ငြိမ်ပဲ ရုတ် တရက် မိန့်လိုက်သည်။
“ယွင်ရှန်း သူ့ကို ပါးရိုက်လိုက်စမ်း”
ယွင်ရှန်းလည်း အမိန့်ကိုသွက်သွက်လက်လက်နာခံလိုက်ပြီး လင်းချင်ချင်ထံ တန်းတန်းမတ်မတ် လျှောက်လာခဲ့သည်။
လင်းချင်ချင် မယုံကြည်နိုင်ဖြစ်ကာ ကြက်သေသေသွားလေသည်။
“အရှင်မ…”
သူမ စကားမဆုံးခင် ယွင်ရှန်းက ဖြန်းခနဲမြည်အောင် ပါးရိုက်လိုက်တော့သည်။
အရိုက်ခံလိုက်ရသော ပါးတစ်ဖက်ကိုကိုင်လျက် လင်းချင်ချင် စိတ်ကယောက်ကယက်ဖြစ်သွားကာ ချက်ချင်း မတ်တပ်ထရပ်လိုက်သည်။ ထို့နောက် စူးစူးဝါးဝါးအသံဖြင့် ပြောလေသည်။
“ဒါဘာအဓိပ္ပာယ်လဲ အရှင်မ! ဒီရံရွေတော်ကို အရှင်မင်း ကြီးကတောင် ဒီလို မပြုမူရဲဘူးနော်!”
လင်းချင်ချင် ဝမ်းနည်းဒေါသထွက်လွန်းသဖြင့် မျက်ရည်များပင် ဝဲလာရသည်။ ယွဲ့လင်းဘေးကိုရောက်ကတည်းက သူ ဒီလိုတစ်ခါမှ အဆက်ဆံ မခံခဲ့ရဖူးပေ။ ယခုမူ သူမကို ယွဲ့လင်း စိတ်ခုချိန် ဘာမဟုတ်သည့် မိဖုရားတစ်ပါးကပင် ယခုလို လာဆက်ဆံရဲသည်။
ကျန်းကျီမြောင် လက်ဘက်ရည်ကို သက်သောင့်သက်သာ သုံးဆောင်လျက် ပြောလိုက်ပါသည်။
“ရံရွေတော်လင်း ထပ်စဉ်းစားပါဦး၊ မင်းသားအန်းဟယ်ကို ဘယ်လိုခေါ်ဝေါ်သင့်သလဲဆိုတာ…”
လင်းချင်ချင် တွန့်ဆုတ်မှု မရှိဘဲ ပြန်ဖြေလိုက်သည်။
“အစ်ကိုဟွာ…”
ဖြန်း!
ယွင်ရှန်းကလည်း အခွင့်အရေးကို အရယူပြီး ပါးနောက်တစ်ချက် ဖြတ်ရိုက်လိုက်သည်။
လင်းချင်ချင် စိတ်လွတ်ကာ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
“အစ်ကိုဟွာနဲ့ ငါနဲ့ ရင်းနှီးတာ ကြာလှပြီ! ဧကရာဇ်မင်းကြီးကတောင် ဂရုမစိုက်တာကို ဘာလို့--…”
ဖြန်း!
အချိန်ကောင်းကိုစောင့်ကာ ယွင်ရှန်း ပါးတစ်ချက်ထပ်ရိုက်လိုက်ပြန်သည်။
လင်းချင်ချင်၏အခြွေအရံ ဟွေ့ရှင်းက သူမကို ကာကွယ်ပေးဖို့ အပြေးရောက်လာသော်လည်း မိန်းမစိုးများက ပြန်ဆွဲခေါ်သွားခဲ့ကြသည်။
လင်းချင်ချင်အား ကျန်းကျီမြောင် စိတ်မပါစွာ ကြည့်လိုက်သည်။ “အရှင်မင်းကြီးနဲ့နှစ်ပါးတည်းအတူရှိနေတဲ့အချိန် အရှင်မင်းကြီးက ခွင့်လွှတ်ပေးထားသရွေ့ နင်ဘယ် လောက်ပဲ ရိုင်းစိုင်းနေပါစေ ငါ ဂရုမစိုက်ဘူး၊ ဒါပေမယ့် လူတွေ အများကြီးရှေ့မှာ အခုလိုကရော်ကမည်နဲ့ လာရိုင်းစိုင်းနေမယ်ဆိုရင်တော့…”
ကျန်းကျီမြောင် စကားကိုခေတ္တရပ်တန့်လိုက်ပြီး အဓိပ္ပာယ် ပါစွာ ပြောလိုက်သည်။
“ဒီနေ့ ပါးချတာဆိုရင် မနက်ဖြန် ကြိမ်ဒဏ်ပဲ၊ အဲ့တာမှ နင်မပြောင်းလဲသေးဘူးဆိုရင်တော့ နေ့ကောင်းနေ့မြတ်တစ်ခုရွေးပြီး ခွေးစာကျွေးဖို့ နင့်ကို တောင်ပေါ် သွားပစ်ထားလိုက်မယ်”
“အတင့်ရဲလိုက်တာ!”
လင်းချင်ချင် စူးစူးဝါးဝါး အော်လိုက်ပြန်သည်။ သူမကိုယ်သူမ ယွဲ့လင်း၏ အချစ်စစ်ဟု လင်းချင်ချင် ယုံကြည်နေဆဲဖြစ်သည်။ ထို့ကြောင့် သူမက ကျန်းကျီမြောင်ထက် အခွင့် အာဏာပိုရှိသည်ဟုလည်း ခံစားနေရဆဲ ဖြစ်သည်။ ယွဲ့လင်း၏အချစ်စစ်ကို ဒီလိုရိုက်နှက်ရဲသဖြင့် ကျန်းကျီမြောင် အသက်ဆက်မရှင်ချင်တော့တာသာ ဖြစ်လိမ့်မည်။
“အတင့်ရဲ မရဲ သိရအောင် စမ်းကြည့်လိုက်လေ”
ကျန်းကျီမြောင် အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
လင်းချင်ချင် နှုတ်ခမ်းများတုန်ယင်သွားသည်။ သို့သော် ဘာမှ ဆက်မပြောရဲတော့ပေ။
“ပြီးတော့…”
ကျန်းကျီမြောင် ခန်းဆောင်နီအိပ်မက်စာအုပ်ကို မြှောက်ပြလိုက်သည်။
လင်းချင်ချင် ချက်ချင်း ထိတ်လန့်သွားလေသည်။
“အဲ့ဒါ ဒီရံရွေတော်ကို အစ်ကို--- မင်းသားအန်းဟယ် လက်ဆောင်ပေးထားတာ။ သူ့ ပညာပါရမီကို ဒီရံရွေတော်က အစကတည်းက လေးစားကြည်ညိုပြီးသား၊ ဒါကို အရှင်မင်းကြီးလည်း ကောင်းကောင်းသိတယ်”
ကျန်းကျီမြောင် မျက်ခုံးတစ်ဖက်ပင့်ကာ ပြောလိုက်သည်။
“ဒီမိဖုရား အဆုံးထိ လှန်ကြည့်ပြီးသွားပါပြီ၊ စာအုပ်က မပြီးပြတ်သေးသလိုပဲနော်”
ထိုစကားကြားတော့ လင်းချင်ချင် အနည်းငယ် စိတ်တည် ငြိမ်သွားပြီး အေးအေးဆေးဆေး ပြောလိုက်သည်။
“မင်းသားအန်းဟယ်က အကျယ်ချုပ်ကျနေလို့ စိတ်တွေ မကြည်မလင်ဖြစ်ပြီး ဆက်ရေးဖို့ အခက်တွေ့နေတာလေ! မဟုတ်ရင် မင်းသားရဲ့ပါရမီမျိုးနဲ့သာဆို အချိန်တိုအတွင်း ပြီးမြောက်အောင် ဆက်ရေးနိုင်မှာသေချာတယ်!”
အခြေအနေက မျှော်လင့်ထားတာနဲ့ အနည်းငယ်ခြားနားနေသော်လည်း လင်းချင်ချင် အခွင့်အရေးကို အရယူပြီး ပြောဖို့ကြံရွယ်ထားသည့်စကားလုံးများအား ပြောဖြစ်အောင် ပြောခဲ့သည်။
ယွဲ့ဟွာ အကျယ်ချုပ်ကျခံနေရသဖြင့် စိတ်ဓာတ်ကျပြီး စာအုပ်ကို ဆက်မရေးနိုင်ဖြစ်နေသည်။ ထို့ကြောင့် ဒီလူတွေ စာအုပ်ဆက်ဖတ်ချင်ပါက အစ်ကိုဟွာကိုယ်စား အသနားကူခံပေးရပါလိမ့်မည်။
ကျန်းကျီမြောင် နှုတ်ခမ်းထက် လှောင်ပြုံးတစ်ခုပေါ်လွင်လာသည်။
“စာအုပ်လေးကတော့ တကယ်ကောင်းမွန်ပါပေတယ်”
[ဒါပေမယ့် စာရေးသူရဲ့ မျိုးရိုးနာမည်က ချောင်းဟဲ့! ယွဲ့မဟုတ်ဘူး၊ ခန်းဆောင်နီအိပ်မက်ကို ဒီလိုနည်းလမ်းနဲ့ အသုံးချနေတာကိုသာသိရင် ဆရာကြီးချောင်း အခေါင်းထဲက ဒေါသတကြီးနဲ့ ပြန်ထွက်လာလောက်တယ်!]
လင်းချင်ချင် မျက်လုံးများအရောင်လက်သွားပြီး ဆက်ဖြောင်းဖြဖို့ ကြံလိုက်စဉ် ကျန်းကျီမြောင် လက်ပြတားလိုက်သည်။
“တော်လောက်ပြီ၊ ဆက်သချင်တဲ့ စာအုပ်ကို ဆက်သပြီးသွားပြီဆိုတော့ ပြန်လို့ရပြီ”
ကျန်းကျီမြောင် စကားအဆုံးတွင် ခံ့ညားထည်ဝါသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“ဘာ စာအုပ်ကို ဆက်သတာလဲ”
ကျန်းကျီမြောင် မျက်လုံးများ ဝိုင်းစက်သွားပြီး တခြားကိုယ်လုပ်တော်များနဲ့အတူ မတ်တပ်အမြန် ရပ်လိုက်ကြသည်။
“အရှင်မင်းကြီးကို ဂါဝရပြုပါတယ်”
လင်းချင်ချင်မျက်လုံးတွေ ဂနာမငြိမ်ဖြစ်သွားကာ အားလုံးနဲ့အတူ ဂါဝရလိုက်ပြုလိုက်သည်။ ဂါဝရပြုနေစဉ် ပါးပေါ်မှလက်ဝါးရာကြီးကိုမြင်သာစေရန် ခေါင်းကိုလည်း အနည်းငယ် စောင်းပြထားပါသည်။
သူမ အကျယ်ချုပ် သုံးရက်ကျခံခဲ့ရသော်လည်း ထိုသုံးရက်လုံးလုံး ယွဲ့လင်းတစ်ခါမှလာမတွေ့ခဲ့ပါ။ ယခင်က ထိုသို့ တစ်ခါမှမဖြစ်ခဲ့ဖူးပေ။ သူမကသာ ယွဲ့လင်း၏ အချစ်စစ်ဖြစ်သည်ဟု လင်းချင်ချင် ယုံကြည်သည်။ ယခင်တုန်းကဆို သူမ ဘယ်လောက်ပဲ စိတ်ဆိုးနေပါစေ ယွဲ့လင်းက ချက်ချင်းချော့မြူတတ်သည်။
ယွဲ့ဟွာနဲ့ ခိုးတွေ့ခဲ့သည့်ကိစ္စက တုန်လှုပ်စရာကောင်းလွန်းတာကြောင့်ပဲ လာမချော့ခဲ့တာလား ? ဒီလိုဆို သူမကို ချော့နိုင်မည့် အခွင့်အရေးတစ်ခုပေးလိုက်မည်သာ။ ခုလေးတင် နန်းဆောင်အခြွေအရံတစ်ယောက်၏အနိုင်ကျင့် ပါးရိုက်ခြင်းကို သူမ ခံခဲ့ရတာဖြစ်သည်။ မျက်နှာပေါ်က လက်ဝါးရာကိုသာတွေ့သွားလျှင် သူ့ဘက်မှ ယွဲ့လင်း ရပ်တည်ပေးမှာ သေချာသည်။
သူမကို ပါးရိုက်ခဲ့သည့် အခြွေအရံအား မသေမချင်းကြိမ် ဒဏ်ပေးရမည်။ အမိန့်ပေးခဲ့သည့် ကျန်းကျီမြောင်လည်း အကျယ်ချုပ်ကျခံရမည်။ ဒီလိုသာ လိုက်လျောပေးလျှင် သူမကို လျစ်လျူရှုထားခဲ့သည့် ယွဲ့လင်းအား လင်းချင်ချင် ခွင့်လွှတ်ပေးလိုက်မည်။
လင်းချင်ချင် အာရုံထဲ ထိုအတွေးများဖြင့် ပြည့်နှက်နေခဲ့သည်။
လင်းချင်ချင် မျက်နှာပေါ်မှ လက်ဝါးရာကို ယွဲ့လင်း တစ်ချက်လှမ်းကြည့်လိုက်သည်။ ထို့နောက် အားလုံးကို သက် သောင့်သက်သာနေဖို့ ယွဲ့လင်း လက်ဖြင့် အချက်ပြလိုက်ပြီး ပလ္လင်မှာထိုင်ကာ စားပွဲပေါ်ရှိ ခန်းဆောင်နီအိပ်မက်ကို ကောက်ယူလိုက်သည်။ သူ့မျက်လုံးများ မှောင်မိုက်သွားခဲ့ရသည်။
ခုတလော သူအမှန်တကယ် အလုပ်များနေခဲ့သည်။ ယွဲ့ဟွာ အကျယ်ချုပ်ကျခံနေရစဉ် သူ အရေးသာဖို့အတွက် နန်းတော်တွင်း ယွဲ့ဟွာ၏လွှမ်းမိုးမှုတွေကို ဖြိုလှဲဖို့ကြိုးစား နေရသည်။ ခန်းဆောင်နီအိပ်မက်ဟုခေါ်သည့် စာအုပ်တစ်အုပ်ကို ယွဲ့ဟွာရေးသားထားကြောင်းကိုလည်း ယွဲ့လင်း သိပြီးသားဖြစ်သည်။
ဒီစာအုပ်ကို အနောက်နန်းဆောင်ဆီကိုသာ ယွဲ့ဟွာပို့ခဲ့ခြင်း မဟုတ်ပါ။ ရာထူးမြင့် ဝန်ကြီးမှူးမတ်များ၏အိမ်တော်များထံသို့ပါ ပို့ဆောင်ပေးခဲ့သည်။ ထို့အပြင် ပြည်သူများ၏ စာအုပ်ဆိုင်တွေအထိပါ ရောက်ရှိအောင်ပို့ဆောင်ခဲ့သည်။ ညတွင်းချင်း လမ်းမ၊ လမ်းကြားတွေပေါ် ခန်းဆောင်နီအိပ်မက်အကြောင်း ပြောသံများဖြင့် စီစီညံသွားခဲ့သည်။။ ယွဲ့လင်း၏စာကြည့်ခုံပေါ်မှာလည်း တစ်အုပ်ရောက်နေပြီးသားဖြစ်သည်။
ယခင်တုန်းကသာဆို ယွဲ့ဟွာက တကယ့် စာပေပါရမီရှင်ဖြစ်သည်ဟု သူတွေးကောင်းတွေးမိနိုင်သည်။ သို့သော် လည်း အခုတော့ ထိုစာအုပ်ကို ဖတ်လိုက်သည်နှင့်တစ်ပြိုင် နက် ကျန်းကျီမြောင် မကြာခဏဖွင့်ပြနေသည့် ဇာတ်လမ်းတွဲကိုသာ ချက်ချင်းပြေးမြင်နေမိသည်။
ဇာတ်လမ်းတွေ၊ ဇာတ်ကောင်တွေအားလုံး ကျန်းကျီမြောင်ရဲ့ဇာတ်လမ်းတွဲနဲ့ တစ်ပုံစံတည်းတူနေတာ မဟုတ်ဖူးလား…