← Chapters

အခန်း (၂၄)

Vol. 3 Ch. 24

အခန်း (၂၄)

Vol. 3 Ch. 24

“ဒါ မင်းသားအန်းဟယ် ရေးသားထားတဲ့ ခန်းဆောင်နီအိပ်မက်ပဲဖြစ်မယ်၊ အနောက်နန်းဆောင်ထဲကိုပါရောက်နေမယ် ထင်မထားဘူး”

ယွဲ့လင်း ခံစားချက်မဲ့စွာ ပြောလိုက်သည်။

[ဟက် ! ကူးပြောင်းလာတဲ့ အဲ့ဒီအတုအယောင်က ခန်းဆောင်နီအိပ်မက်ရဲ့ စာရေးဆရာဖြစ်ထိုက်တယ် ထင်နေတယ်ပေါ့!]

ကျန်းကျီမြောင် မျက်စပစ်လျက်တွေးလိုက်သည်။

ယွဲ့လင်း သူငယ်အိမ်များ ကျုံ့ဝင်သွားလေသည်။

ထင်ထားတဲ့ အတိုင်းပါပဲလား…!

ကျန်းကျီမြောင်ဖွင့်ပြသော ဇာတ်လမ်းတွဲ၏အဖွင့်စာတန်း ထိုးတွင် ချောင်းရွှယ်ချင်ဟုခေါ်သည့် စာရေးဆရာအမည်ကိုယွဲ့လင်းလည်း မြင်ဖူးသည်။ ယွဲ့ဟွာ လုံးဝမဟုတ်ပါ။

“ရံရွေတော်လင်းကတော့ အဲ့လို လျှောက်တင်တာပဲ”

ကျန်းကျီမြောင် အပြုံးတုဖြင့် လျှောက်တင်လိုက်သည်။

အခွင့်အရေးကို အရယူကာ လင်းချင်ချင် ရှေ့ထွက်လာပြီး ယွဲ့လင်းအား မော်ကြည့်လိုက်သည်။

“အရှင်မင်းကြီး! ဒီရံရွေတော်ကို အထင်အမြင်လွဲနေတုန်းပဲလား ? ဒီရံရွေတော်က မင်းသားအန်းဟယ်ရဲ့ ပညာပါရမီကို တကယ်လေးစားကြည်ညိုတာပါ၊ ဒါကို အရှင်မင်းကြီးလည်း သိတယ်! သူ့ကို ဖြည်းဖြည်းချင်း မေ့နိုင်အောင် အရှင်မင်းကြီးပဲ ဒီရံရွေတော်ကို အချိန်ပေးမယ်ဆို၊ အခုတော့ သူနဲ့ တစ်ခါလောက်ဆုံမိတာနဲ့ ဒီရံရွေတော်ကို အခုလို အရှက်ခွဲတော့မှာလား!”

ယွဲ့လင်းအား မက်မွန်ပွင့်ပေါ်က မိုးရေစက်လို မျက်လုံးလေးများဖြင့် လင်းချင်ချင်ကြည့်လျက် ဆက်လျှောက်တင်လိုက်သည်။

“မှန်ပါတယ် ဒီခန်းဆောင်နီအိပ်မက်စာအုပ်ကို ဒီရံရွေတော် လာဆက်သခဲ့တာ၊ အရှင်မင်းကြီးလည်း အရှင်မနဲ့ သူ့ရဲ့အဆင့်မရှိတဲ့ အခြွေအရံလိုမျိုး ဒီရံရွေတော်ရဲ့ပါးကို ရိုက်ချင်သေးသလား”

ယွဲ့လင်း မျက်မှောင်ကြုတ်သွား၏။

ကျန်းကျီမြောင်လည်း မျက်လုံးများအေးစက်သွားသည်။ သို့သော် ဘာမှဝင်မပြောခဲ့ပေ။ ဘေးမှ တည်တည်ငြိမ်ငြိမ်သာ စောင့်ကြည့်နေခဲ့သည်။ လင်းချင်ချင်အပေါ်ထားသည့် ယွဲ့လင်း၏သဘောထားကို အခုထိ သူ ရှင်းရှင်းလင်းလင်း မသိသေးရပါ။ ယခုအချိန်က ထိုအဖြေကိုပြတ်ပြတ်သားသားသိနိုင်မည့် အချိန်ကောင်းဖြစ်သည်။

[ဇာတ်လမ်းအကျဉ်းချုပ်ထဲမှာတော့ သုံးနှစ်ကြာတဲ့အခါ ယွဲ့လင်း ရုတ်တရက်နတ်ရွာစံသွားတယ်လို့ပဲ ဖော်ပြထားတယ်၊ အသေးစိတ် ဘာမှမသိရဘူး၊ သူ့ဇာတ်ကောင်က ဇာတ်လိုက်မင်းသမီးကို မိုးမွှန်နေအောင်ချစ်ဖို့ပဲသိပြီး တခြားဘာမှ နားမလည်တဲ့ အရံဇာတ်လိုက်မျိုးဆိုရင်တော့ ငါ့ဖာသာ ငါ တခြားလွတ်လမ်း စောစောစီးစီးရှာထားတာ ပိုကောင်းမယ်၊ တဏှာမွှန်နေတဲ့ ဧကရာဇ်တစ်ပါးအပေါ်မှာ ကျန်းမိသားစုတစ်စုလုံးရဲ့အသက်တွေ ပုံအပ်မထားနိုင်ဘူး]

ကျန်းကျီမြောင် ညှာတာမှုမရှိဘဲတွေးလိုက်သည်။ရွေးချယ် စရာမရှိဘဲ ဒီကမ္ဘာထဲ သူ ရောက်နေပြီဖြစ်သဖြင့် ကောင်း မွန်သည့် ဘဝနဲ့နေထိုင်ချင်တာ သူမ အပြစ်မဟုတ်ပေ။ မူလကျန်းကျီမြောင်၏ မိသားစုကိုလည်း ကာကွယ်ပေးဖို့ တာဝန်ရှိသလို ခံစားမိသည်။ မူလဇာတ်လမ်းအတိုင်းသာဆို ကျန်းမိသားစုတစ်စုလုံး ကွပ်မျက်ခံရမှာဖြစ်ပြီး သူမလည်း နန်းတော်ထဲမှာပဲ အသေဆိုးနှင့်သေသွားရမည်ဖြစ်သည်။

ကြမ္မာဆိုးသည့် ဇာတ်သိမ်းကိုပြောင်းလဲဖို့ ကျန်းကျီမြောင် ကြိုးစားရမည်မှာ ကျိန်းသေသည်။ ထိုရလဒ်ကို ပြောင်းလဲဖို့အလွယ်ကူဆုံး နည်းလမ်းက ယွဲ့လင်း နတ်ရွာမစံအောင် တားဆီးဖို့ဖြစ်သည်။ သို့သော် ယွဲ့လင်းကလည်း ကယ်တင်ဖို့ ထိုက်တန်သည့်လူ ဖြစ်ရန်လိုအပ်သည်။

ယွဲ့လင်းနဲ့ လင်းချင်ချင်တို့ တကယ်ပဲ ခွဲခွာမရအောင် ချစ်ကြည်နူးနေကြတာဆိုလျှင် သူတို့ အေးချမ်းသည့် “တခြားတစ်နေရာရာမှာ” ချစ်ကြည်နူးနိုင်အောင် ကျန်းကျီမြောင် ဆောင်ရွက်ပေးရလိမ့်မည်။

[ဧကရာဇ်အစုတ်ပလုတ်က လင်းချင်ချင်ကို အဲ့လောက်ထိ ချစ်နေရင် ငှက်ကလေးတွေလို တစ်ခါတည်း ပျံသန်းခွင့် ပေးလိုက်မယ်! ဒါပေမယ့် ယွဲ့ဟွာလက်ထဲ ထီးနန်းရောက်သွားလို့တော့ လုံးဝမဖြစ်ဘူး၊ နန်းတော်အပြင်ဘက်ကနေ ကလေးတစ်ယောက် သွားခေါ်လာပြီး ဧကရာဇ်မင်းကြီးရဲ့ သားတော်ပါလို့ နန်းတော်ထဲကလူတွေ ယုံကြည်အောင် လုပ်ရမယ်၊ သုံးနှစ်ကြာလို့ ဧကရာဇ်အစုတ်ပလုတ် နတ်ရွာ စံသွားရင် အဲ့ဒီ ကလေးကိုနန်းတင်ပေးလိုက်မယ်]

[ငါ ဧကရီမယ်တော်ကြီးဖြစ်သွားတာနဲ့ အနောက်နန်းဆောင်ထဲက ညီအစ်မတွေအတွက် အရပ်ခြောက်ပေလောက်ရှည်တဲ့ မော်ဒယ်ချောချောလေးတွေချည်းရှာပေး လိုက်ဦးမယ်၊ ဒါဆို အားလုံးအတွက် ဇာတ်သိမ်းလှမသွားဘူးလား !]

ကျန်းကျီမြောင်၏အတွေးများက အလွန်ကြမ်းတမ်းသည်။ ထိုအတွေးများကို နားထောင်ရင်း ကိုယ်လုပ်တော်များ ခေါင်းတွေနိမ့်သထက် နိမ့်သွားကြလေသည်။ မိဖုရားကြီးရင်ထဲမှ သတင်းအချက်အလက်တွေအားလုံး စိတ်ဝင် စားဖို့ကောင်းသည်။ သို့သော်လည်း ထိုနောက်ဆုံးအတွေးက… သူမတို့အတွက် ထူးထူးဆန်းဆန်း ရင်ခုန်ဖို့ကောင်းနေလေသည်။

သို့သော်လည်း မိဖုရားကြီး၏အတွေးကို အရှင်မင်းကြီးလည်း ကြားနိုင်မှန်းသေချာနေလေသည်။ ထို့ကြောင့် သူမတို့ ဣန္ဒြေထိန်းထားရပေမည်။

ယွဲ့လင်းမျက်နှာ မှောင်မိုက်သွားခဲ့သည်။

ဒီမိန်းမကတော့!

သူ ဘာမှတောင် မမိန့်ကြားရသေးဘူး ဘယ်ကမှန်းမသိတဲ့ ကလေးကိုသွားခေါ်ပြီး နန်းတင်ဖို့အထိပါ စဉ်းစားနေပြီ!

မျက်နှာကြွက်သားများကို အတတ်နိုင်ဆုံးပြေလျော့အောင်ထိန်းထားဖို့ တစ်ကိုယ်လုံးရှိ ခွန်အားများကို ယွဲ့လင်းအသုံး ပြုလိုက်ရသည်။ ထို့နောက် ဖြည်းညှင်းစွာမိန့်ကြားလိုက် ၏။

“မိဖုရားကြီးက အနောက်နန်းဆောင်ကို အုပ်ချုပ်သူပဲ၊ မင်းကိုအပြစ်ပေးတယ်ဆိုတော့ မင်း အပြစ်တစ်ခုခု ကျူးလွန်ထားလို့ပဲဖြစ်မှာ၊ ရံရွေတော်လင်းကို သူ့နန်းဆောင်ဆီ ပြန်ခေါ်သွားပြီး နောက်ထပ် အကျယ်ချုပ်တစ်လကျခံစေ!”

ယွဲ့လင်းကို မျက်နှာကြောမာမာဖြင့် ကြည့်နေသည့် လင်းချင်ချင်တစ်ယောက် ထိုစကားလုံးများကြားရလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။ သူမ မျက်နှာထားချက်ချင်းပြောင်း လဲသွားပြီး ယွဲ့လင်းထံ မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

“အရှင်မင်းကြီး! ဘယ်လို မိန့်ကြားလိုက်တာလဲ”

“သူ့ကို အခုချက်ချင်း ခေါ်ဆောင်သွားကြစမ်း”

ယွဲ့လင်း ခံစားချက်မဲ့စွာ အမိန့််ပေးလိုက်သည်။

“ငါ့ကို လာမထိနဲ့!”

သူမထံ ချဉ်းကပ်လာသည့် မိန်းမစိုးတစ်ဦးကိုလင်းချင်ချင် တွန်းထုတ်ပစ်လိုက်သည်။ ထို့နောက် မခံမရပ်နိုင်ဖြစ်ကာ ဒေါသတကြီး ပြောလိုက်လေသည်။

“ယွဲ့လင်း! ဒီရံ‌ခြွေတော် အရမ်းစိတ်ပျက်သွားပြီနော်! ဒီဘဝမှာ လုံးဝခွင့်လွှတ်မပေးနိုင်ဘူး!”

ထို့နောက် ဆောင့်ကြီးအောင့်ကြီးဖြင့် လင်းချင်ချင် ထွက်ခွာသွားလေတော့သည်။

ထိုမြင်ကွင်းကြောင့် ကျန်းကျီမြောင်ပင် မှင်သက်သွားခဲ့ရသည်။

[ဒါရံရွေတော်တစ်ယောက်က ပြုမူသင့်တဲ့ အပြုအမူလား ? ငါတောင် ဧကရာဇ်အစုတ်ပလုတ်ကို ခေါင်းထဲမှာပဲ ဆဲရဲတာ!]

လင်းချင်ချင်၏အပြုအမူများကို ကြည့်ခြင်းအားဖြင့် ယခင်တုန်းက ယွဲ့လင်း၏အတိုင်းထက်အလွန် အလိုလိုက်မှုကို ခံထားရမှန်းသိသာသည်။

ထီးနန်းကို ငယ်ငယ်ရွယ်ရွယ်နဲ့ ပိုင်ဆိုင်ခဲ့ရသည့် ဧကရာဇ်မင်းကြီးအား ကျန်းကျီမြောင် မော်ကြည့်လိုက်သည်။ ယွဲ့လင်းကတော့ ဘာမှမပြောဘဲ တိတ်တဆိတ်သာ ထိုင်နေ သည်။ သူ့ခန္ဓာကိုယ်မှ အေးစက်စက် အရှိန်အဝါတွေထွက်နေသည်။ ဒီလိုလူမျိုးက ချစ်စိတ်မွှန်နေသည့် လူမျိုးဖြစ် လာလိမ့်မည်ဟု ဘယ်လိုမှမြင်ယောင်ကြည့်လို့မရပေ။

မူလဇာတ်လမ်းအကြောင်းကို ကျန်းကျီမြောင် ပိုပိုပြီးသိချင်လာသည်။ ယွဲ့လင်းမှာ စိတ်ဝင်စားစရာလျှို့ဝှက်ချက်တွေ ရှိနေနိုင်သည်ဟု သူ ခံစားမိသည်။

“အားလုံး ထွက်သွားကြ၊ မိဖုရားကြီးနဲ့ ကျန်း ဆွေးနွေးတိုင်ပင်စရာရှိတယ်”

ယွဲ့လင်း အမိန့်ပေးလိုက်သည်နှင့် ကိုယ်လုပ်တော်များ အားလုံးအမိန့်နာခံပြီး ချက်ချင်းထွက်သွားခဲ့ကြသည်။

“ဒီခန်းဆောင်နီအိပ်မက်ကို မိဖုရား ဘယ်လိုသဘောရလဲ” ယွဲ့လင်း ရုတ်တရက်မေးမြန်းလိုက်သည်။

ကျန်းကျီမြောင် တည်ငြိမ်စွာပြန်ဖြေလိုက်ပါသည်။

“ယွဲ့ဟွာရေးသားထားတာနဲ့ မတူဘူး၊ စာအုပ်ကို မိဖုရား အကြမ်းဖျင်း ဖတ်ကြည့်ပြီးပြီ၊ ဒါသာမန် ချစ်ရေးချစ်ရာဝတ္ထုတစ်ပုဒ်မဟုတ်ဘူး၊ လူသားတွေရဲ့ ဆန်းပြားတဲ့အကျင့်စရိုက်နဲ့ လောကီရေးရာတွေက ယွဲ့ဟွာ ရေးသားနိုင်မယ့်အရာတွေ မဟုတ်လောက်ဘူး”

ယွဲ့လင်း သတိပေးလိုက်သည်။

“ဒါပေမယ့် ဒီဝတ္ထုမှာ တခြားပိုင်ရှင်မရှိဘူးလေ။ ပြီးတော့ မင်းသားအန်းဟယ်ရဲ့လက်ရာတွေက ဟန်ပန်အမူအရာ အမြဲတမ်း ပြောင်းလဲနေတာ၊ ‘အရှေ့အရပ်က မြစ်မဟာ’နဲ့ ‘မပြောင်းလဲသော ကြွေပန်းပင်’တို့ကိုလည်း သူပဲရေးသားခဲ့တာနော်”

ကျန်းကျီမြောင် ပြုံးလိုက်သည်။

“အရှင်မင်းကြီး၊ အဲ့ဒီ မင်းသားအန်းဟယ်ဆိုတာ အစစ်အ မှန်မဟုတ်ကြောင်း သက်သေပြနိုင်မယ့်နည်းလမ်း ဒီမိဖုရားမှာ ရှိပါတယ်”

“ဘယ်လို နည်းလမ်းများလဲ”

“မင်းသားအန်းဟယ်က ဒီခန်းဆောင်နီအိပ်မက်စာအုပ်ကို အသုံးချပြီး အကျယ်ချုပ်ကနေလွတ်မြောက်အောင်ကြိုး စားနေတာ၊ အရှင်မင်းကြီး သူ့ကစားပွဲမှာ ဝင်ကစားပေးလိုက်ပါလား ? ဇာတ်သိမ်းအထိ ပြီးအောင်ရေးဖို့ သူ့ကို မိန့်ကြားလိုက်၊ စာအုပ်ဇာတ်သိမ်းတဲ့နေ့က အကျယ်ချုပ်ကနေ သူလွတ်မြောက်တဲ့နေ့ပဲလို့ မိန့်ကြားလိုက်ပါ”

ကျန်းကျီမြောင် မျက်မှောင်ကြုတ်သွားသည်။

“မင်းသားအန်းဟယ်က အရာရာကို လက်တန်းရေးသားနိုင်တဲ့ လူပဲ၊ သူသာ အားကြိုးမာန်တက်ရေးမယ်ဆို ခုနစ်ရက်အတွင်း ဇာတ်သိမ်းသွားနိုင်တယ်”

ကျန်းကျီမြောင် ရယ်မောလိုက်သည်။

“ကောင်းတာပေါ့၊ ဒါပေမယ့် ဇာတ်သိမ်းကို သေချာစစ် ဆေးကြည့်ဖို့ အရှင်မင်းကြီးမမေ့နဲ့နော်၊ အဲ့ဒီဇာတ်သိမ်းကို သူ တကယ် ရေးသားထားသရွေ့ လူထုကိုအမှန်တရားချပြဖို့ ဒီမိဖုရားမှာ နည်းလမ်းရှိပြီးသားပါ”

ကျန်းကျီမြောင်ကို ယွဲ့လင်း အချိန်ကြာမြင့်စွာစိုက်ကြည့်လိုက်သည်။

ဒီလမ်းကို သူတစ်ယောက်တည်း လျှောက်လှမ်းခဲ့တာကြာပါပြီ။

ယခု သူ့ရှေ့က မိဖုရားကြီးအား သူယုံကြည်နိုင်မှာ သေချာရဲ့လား ?

ကျန်းကျီမြောင် ဖြည်းညှင်းစွာ လျှောက်တင်လိုက်သည်။

“ဒီမိဖုရားကို အရှင်မင်းကြီး မယုံကြည်ရင်လည်း ရှိပါစေတော့”

ယွဲ့လင်း အဓိပ္ပာယ်ရှိစွာ ပြုံးလိုက်သည်။

“အရှင်မက မိဖုရားကြီးပဲလေ၊ ကျန်း ယုံကြည်ပြီးသားပါ”

ယွဲ့လင်းစကား၏အဓိပ္ပာယ်ကို ကျန်းကျီမြောင်နားလည် သည်။ သူမက မိဖုရားကြီးဖြစ်သဖြင့် ဘာတွေပဲဖြစ်လာဖြစ်လာ ယွဲ့လင်းနှင့်ကံကြမ္မာအား ဆိုးတူကောင်းဖက် ရင်ဆိုင်ရမှာဖြစ်သည်။

ကျန်းကျီမြောင် စိတ်မလှုပ်ရှားဘဲ ရယ်မောလိုက်သည်။

“ဒါဆို အရှင်မင်းကြီးကလည်း မီးလောင်ရာလေပင့်ပြီး မင်းသား အန်းဟယ်ကို နာမည်ကြီးလာအောင် ကူညီဆောင်မပေးလိုက်ပေါ့၊ ခန်းဆောင်နီအိပ်မက် နာမည်ကြီးလာလေလေ ရလဒ်က ပိုကောင်းလေလေပဲ၊ အမြင့်ဆုံးကိုရောက်နေတဲ့လူက ပြုတ်ကျရင် ပိုအထိနာတတ်တာ မဟုတ်ပါလား ?”

ယွဲ့လင်း ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ”

ကျန်းကျီမြောင်နဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ပြီးနောက် ယွဲ့လင်း မတွန့်ဆုတ်တော့ပေ။ မှောင်မိုက်လွန်းသည့် ဒီဘဝကြီးထဲ တစ်ကြိမ်တစ်ခါလောက်တော့ သူ့ဘေးမှာ အတူတူ ရပ် တည်ပေးမည့် လူတစ်ယောက်ရှိသင့်သည်။ ထိုလူက ကျန်းကျီမြောင် ဖြစ်ပါစေဟုလည်း သူ ဆုတောင်းမိသည်။

--- --- ---

ယွဲ့လင်း အပြောနှင့် အလုပ်ညီခဲ့သည်။ ဖုန့်ယီနန်းဆောင်မှ ပြန်ကြွလာပြီးနောက် ယွဲ့ဟွာထံ သတင်းပါးခဲ့သည်။ ခန်းဆောင်နီအိပ်မက်၏ဇာတ်သိမ်းကို ပြီးအောင်ရေးသားနိုင်သည့်နေ့က သူ အကျယ်ချုပ်မှ လွတ်မြောက်မည့် နေ့ဖြစ် သည်ဟု မိန့်ကြားခဲ့လေသည်။

ထိုအမိန့်ပြန်တမ်းကို ကြားသောအခါ ယွဲ့ဟွာ အံ့အားသင့်ခဲ့ရ၏။

ခန်းဆောင်နီအိပ်မက်ရဲ့ သက်ရောက်မှုက ဒီလောက်ထိ မြန်ဆန်တာလား…

ကိုယ်လုပ်တော်တွေက ဖိအားပေးလို့လား ဒါမှမဟုတ် လင်းချင်ချင်ရဲ့အကြံအစည် အောင်မြင်သွားလို့လား…

ယွဲ့ဟွာ လှောင်ရယ်ရယ်လိုက်သည်။ ဇာတ်သိမ်းကို ရေး သားဖို့ အချိန်အကြာကြီး ကြာမြင့်လိမ့်မည်ဟု အစ်ကိုတော် ယွဲ့လင်း ထင်နေလောက်သည်။

သို့သော် သူက ဒီကမ္ဘာကြီးကို 1GB လောက်ရှိသည့် .txt စာဖိုင်တွေနဲ့ ကူးပြောင်းလာခဲ့သူ ဖြစ်မှန်း မည်သူမှမသိခဲ့ကြချေ။

ခန်းဆောင်နီအိပ်မက်ကို ဇာတ်သိမ်းပေးရမယ် ဟုတ်လား

ဒီတိုင်း ကူးချပေးလိုက်ရုံပဲပေါ့!

ခုနစ်ရက်ခန့် ကြာပြီးနောက်…

သံသယဖြစ်စရာ မကောင်းစေဖို့ ခန်းဆောင်နီအိပ်မက်၏ ဇာတ်သိမ်းကို “ရေးသား”ရန် ယွဲ့ဟွာ အချိန်ခုနစ်ရက်ယူခဲ့သည်။

အနောက်နန်းဆောင်ထဲတွင် ကျန်းကျီမြောင်လည်း ခန်းဆောင်နီအိပ်မက် ဇာတ်လမ်းတွဲ နောက်ဆုံးပိုင်းကိုကြည့်ရှုပြီးသွားပြီဖြစ်သည်။

ပုံမှန်ဆို ဆူညံပွက်လောရိုက်နေတတ်သည့် ဘေးဘက်ခန်းဆောင်ထဲ ဒီနေ့တော့ ထူးထူးခြားခြားတိတ်ဆိတ်လို့နေ သည်။ ကိုယ်လုပ်တော်များအားလုံးနီးပါး ခေါင်းတွေကိုငုံ့ထားကြပြီး တစ်ခုခုကို ခက်ခက်ခဲခဲကြိတ်မှိတ်သည်းခံနေပုံရသည်။

သူတို့မျက်နှာတွေကို ကျန်းကျီမြောင်သတိမထားမိပေ။ ထိုစဉ် ယွဲ့လင်း၏သတင်းစကား ရောက်ရှိလာခဲ့သည်။

တကယ်ပဲ ခန်းဆောင်နီအိပ်မက် ဇာတ်သိမ်းကိုယွဲ့ဟွာ ရေးသား ပြီးသွားပါပြီ။

ကျန်းကျီမြောင် နှုတ်ခမ်းထက် အပြုံးတစ်ခုပေါ်လာလေသည်။

ဟုတ်ပြီ … ဇာတ်သိမ်းသွားပြီပေါ့လေ…

“ပြိုင်ဘက်ကင်းပါရမီရှင်ကြီး”ရဲ့ ကျဆုံးခန်းက ခန်းဆောင်နီအိပ်မက်ကနေ စတင်စေရမယ်!

ယွဲ့လင်း သတင်းထပ်ပါးခဲ့သည်။ မနက်ဖြန်ည ကြာပန်းကြည့်ညစာစားပွဲကို တော်ဝင်ဥယျာဉ်ထဲတွင် ကျင်းပမည်ဖြစ်သည်။ ကိုယ်လုပ်တော်များ၊ တော်ဝင်မိသားစုဝင်များ၊ အရာရှိ၊ ဝန်ကြီးမှူးမတ်များနဲ့ ၎င်းတို့၏ မိသားစုဝင်များအားလုံး တက်ရောက်ရမည်။

ကျန်းကျီမြောင် နားလည်သွားရသည်။ ဒါ သူမကို ယွဲ့လင်း အချက်ပြနေခြင်းပင်။ ယွဲ့ဟွာ၏အလိမ်အညာများကို ဖော်ထုတ်လိုလျှင် ထိုညစာစားပွဲက အကောင်းဆုံးအခွင့် အရေးဖြစ်ပါလိမ့်မည်။

ဒီဧကရာဇ်အစုတ်ပလုတ်က ဉာဏ်နီဉာဏ်နက်တော့ များသားပဲ…

အခြေအနေတွေကို ကျန်းကျီမြောင် အလွန်ကျေနပ်သည်။ ကံကြမ္မာပြောင်းလဲဖို့အတွက် ချစ်စိတ်မွှန်နေသည့်လူထက် ဉာဏ်နီဉာဏ်နက်များသူ တစ်ယောက်နှင့် ပူးပေါင်းရတာ ပိုပြီးအားတက်စရာကောင်းလှသည်။

နောက်တစ်နေ့ မှောင်ရီပျိုးသောအခါ တော်ဝင်ဥယျာဉ်ထဲတွင် မီးအိမ်အလင်းရောင်များကြောင့် နေ့ပမာ လင်းထိန်နေသည်။ အကျယ်ချုပ်မှ စောစောစီးစီးလွတ်လာသည့် ယွဲ့ဟွာလည်း မြောက်ကြွမြောက်ကြွဖြင့် ညစာစားပွဲသို့တက်ရောက်လာခဲ့လေသည်။

All Chapters